Pages

Wednesday, May 14, 2008

နာဂစ်မုန်တိုင်း(သို့)နှာကစ်မုန်တိုင်း

မီးလေးဆီကို သူငယ်ချင်းတယောက်က “မီးလေးရေ ဒီည၂နာရီဝန်းကျင်လောက် မုန်တိုင်းတိုက်လိမ့်မယ်… မီးမိန်းတွေ ချထားချည်၊ အပြင်မှာသိမ်းစရာရှိတာတွေ သိမ်းထား၊ အပြင်လည်း မထွက်နဲ့ တခုခုဆို ဖုန်းလှမ်းဆက်လိုက်”ဆိုပြီး ဖုန်းဆက်လာတယ်… မီးလေးက အေးဆေးပေါ့ အပြင်မှာက ပန်းအိုးတွေပဲရှိတာ လေတိုက်မယ်ဆိုတော့ တိုက်ပေါ့ မီးတွေတော့ မိန်းချထားလိုက်တယ်… ၈နာရီလောက်မှာ လျှပ်စစ်မီးတွေ ပျက်သွားပါတယ်… ၁၀နာရီ ပတ်ဝန်းကျင်လောက်တည်းက မိုးရွာရာကနေ လေနည်းနည်းပါလာပြီ… ၁၁နာရီလောက်ထိ အင်ဗက်တာနဲ့ MRTV4မှာ မုန်တိုင်းသတင်း တောက်လျှောက်ကြည့်နေလိုက်သေးတယ်… ခဏနေတော့ ၀င်အိပ်လိုက်ပြီး ၁နာရီခွဲကျော် ကျော်လောက်မှာ လေတိုက်နှုန်းက ကြမ်းနေပြီ တ၀ုန်းဝုန်းတဖြောင်းဖြောင်းနဲ့ အိပ်ယာထဲကလည်း ထမကြည့်ရဲ မထိုင်လည်း မထိုင်ရဲနဲ့ ဖုန်းတွေလျှောက်ခေါ်ကြည့်လိုက်သေးတယ်… ဖုန်းလိုင်းတွေရသေးတယ် အားလုံးကို ဘာမှစိတ်မပူဖို့ ဖုန်းဆက်ပြီး အိပ်လည်းမပျော်၊ တညလုံးအိပ်လို့လည်းမရ ဒါနဲ့ ၅နာရီလောက်ကျတော့ မထူးတော့ပါဘူးဆိုပြီး တအိမ်သားလုံး အိပ်ယာကထပြီး ဘုရားစာချည်း ရွတ်နေလိုက်တယ်…

ကိုယ့်ကိုကယ်ဖို့မပြောနဲ့ အနီးအနားက ကျိုက္ကဆံဘုရား၊ အာနန္ဒာဘုရားတွေ စိန်ဖူးတော်မြေခနေပြီ… စံပြဆေးရုံက လူနာတွေ ဘယ်လိုနေရတယ်မသိ… ခေါင်မိုးမရှိတော့ ဟောင်းလောင်းဖြစ်နေပြီ… သရက်ပင်က သရက်သီးတွေကလည်း ပန်းကြဲထားသလား အောက်မေ့ရတယ် တလမ်းလုံးကို ဖွေးလို့… ခဏလည်းနေရော အိမ်ရှေ့က အုန်းပင်ကလည်း အုန်းအခိုင်လိုက်ကြီး ပြုတ်ကျတယ်၊ အိမ်ခေါင်းရင်းက သရက်ပင်က တအိအိနဲ့ လှဲကျသွားပါလေရော၊ လေတွေကလည်း မနက်၅နာရီနောက်ပိုင်းမှာ ပိုပြီးကြမ်းလာတယ်၊ အိမ်ခေါင်မိုးတွေကလည်း တဗြန်းဗြန်းနဲ့ သံတွေ ဆွဲဆွဲချွတ်တဲ့အသံ တဖြောက်ဖြောက်နဲ့ ဘုရားကြီးတနေရတယ်… ဒီကြားထဲ လေတွေ ဒီလောက်ပြင်းထန်နေတာ ကိုယ့်အသက်အန္တရာယ်မှမကြောက် သရက်သီးကောက်တဲ့သူတွေ၊ ငှက်ကောက်တဲ့ သူတွေကလည်း မနည်း၊ ကုန်ပါပြီ သရက်သီးတွေပေါ့… နောက်ဆုံး ကိုယ့်အပင်ကပစ္စည်း မစားလိုက်ရမှာစိုးလို့ လေငြိမ်တဲ့အချိန် တလုံးရရ နှစ်လုံးရရ ပြေးကောက်၊ လေပြန်တိုက်လာရင် အိမ်ပေါ်တက်ပြေးနဲ့ ခြင်းနှစ်လုံးစာလောက်ရတော့ မကောက်တော့ဘူး…

လေတိုက်နေတာကို တံခါးဖွင့်ပြီး ရပ်ကြည့်နေလိုက်တယ်… လေအဝှေ့မှာ အမှိုက်တွေလွင့်ပါလာရင် တံခါးကို အတင်းဆွဲပိတ်၊ လေတိုက်နေတဲ့အချိန်မှာ ပြတင်းပေါက်တံခါးတောင် တယောက်တည်းအားနဲ့ မပိတ်နိုင်လောက်အောင် လေရှိန်က တအားကို ပြင်းထန်နေတယ်… ၁၀နာရီ-၁၁နာရီ ပတ်ဝန်းကျင် လောက်ကျတော့ မိုးစလေးတွေ ပါလာတယ်… မိုးရွာရင်တော့ လေအရှိန် နည်းနည်းလျော့သွားလောက်မယ် အောက်မေ့တာ မိုးရော လေရော သူများအိမ်တွေတော့ ခေါင်မိုးမရှိတော့ဘူး… မီးလေးတို့ အိမ်တော့ ခေါင်မိုးတော့မပါသွားဘူး… မိုးရွာမှ ရေတွေဝင်တာ အိပ်စရာတောင် နေရာမရှိဘူး… တော်တော်ကြာ သစ်ပင်လဲပြန်ပြီ၊ နောက်တပင် လဲပြန်ပြီနဲ့ အပင်ကြီးတွေ တပင်မှ မကျန်တော့ဘူး…

အိမ်ထဲကလည်း အိမ်ပြင်ထွက်မရတော့ဘူး… အိမ်ရှေ့အပေါက်တည့်တည့်မှာ အပင်တွေလဲပြီး ပိတ်နေလို့… ရှိသမျှ ပိန္နဲ၊ ဒန့်ဒလွန်၊ ပြည်ပန်းညို၊ သရက် အကုန် အမြစ်က ကျွတ်ထွက်ပြီး အနိစ္စသဘောနဲ့ ကိစ္စချောနေပြီ… မလဲတဲ့အပင်ကျတော့လည်း အရွက်တွေ မရှိတော့… အပင်တွေ ကတုံးတွေဖြစ်ကုန်ပြီ… ၁နာရီလောက်မှာ လေရောမိုးရော အားလုံးအေးအေးဆေးဆေးဖြစ်သွားပါပြီ… ဒါနဲ့ ဘာတွေဖြစ်သွားလည်း လိုက်စပ်စုရင်း ကျိုက္ကဆံဘုရားနားက ဘုန်းကြီးကျောင်းတကျောင်းကို ခွကျော်ပြီး ရောက်သွားခဲ့တယ်… တ၀န်းလုံး ရစရာမရှိအောင် ပျက်စီးနေပြီ… တကျောင်းလုံး ရှိသမျှ အပင်တွေလဲ၊ လဲတဲ့အပင်တွေက အုတ်နံရံတွေကို ပြိုကျစေခဲ့ပြီ၊ ဒါ့အပြင် သီလရှင်တွေ သီတင်းသုံးနေထိုင်တဲ့ ဇရပ်တွေကိုလည်း ပြားပြားဝပ်စေခဲ့ပြီ… ခေါင်မိုးတွေ ဆိုတာလည်း ဘယ်ဆီများမှာပါလိမ့်… တဆက်တည်း သတိရမိတာက ရန်ကုန်က ဘလော့ဂ်ဂါတွေရဲ့ အိမ်တွေရော ဘာတွေ ဖြစ်သွားကြသေးလဲလို့ တွေးပူနေမိတာတော့ အမှန်ပါ…

ဘုန်းကြီးကျောင်းလာတဲ့ ဘုရားလမ်းတလျှောက် ပြန်ကြည့်မယ်ဆိုရင်လည်း ဘုန်းကြီးကျောင်းတိုင်း ရှိသမျှ သံဃာတွေ အပင်တွေ ခုတ်နေကြရတယ်… ကိုယ်ထူကိုယ်ထ လမ်းမှာရှိတဲ့အပင်တွေ လမ်းသွားလို့ရအောင် ရပ်ကွက်က ၀ိုင်းဝန်းခုတ်သင် နေကြရတယ်… ဘုရားဝန်းကို ပိတ်ထားတဲ့ ကျိုက္ကဆံဘုရားကို ကြည့်ဦးမလား အုတ်နံရံတွေက ပြို၊ ဘုရားရင်ပြင်တော်ပေါ်က ခရေပင်ကြီးတွေ အားလုံးလဲ၊ ဘုရားတန်စောင်းတွေမှာ ခေါင်မိုးတွေ မရှိတာက မရှိ၊ သစ်ပင်တွေကြောင့် ပေါက်ပြဲတာက ပေါက်ပြဲလို့၊ တောင်ဘက်ကို ကြည့်ပြန်တော့ ခရေပင်ကြီးတွေက ဆိုင်ခန်းပေါ်လဲတာ ပြားပြားဝပ်၊ မြောက်ဘက်ကျပြန်တော့ စိန်ပန်းပင်၊ ကုက္ကိုလ်ပင်တွေက လဲကျနေတာ ကားလမ်းမှမှာပိတ်လို့…< ဒါနဲ့ ရတနာလမ်းတလျှောက်သွားကြည့်ကြည့်တယ်… တလမ်းလုံးလည်း အပင်တွေဆိုတာလည်း အတုံးအရုံး၊ အိမ်တွေဆိုတာလည်း လူတိုင်း ခေါင်မိုးပေါ်မှာ၊ ထပ်မြင့်တိုက်တွေရဲ့ ခေါင်မိုးမှာ ထောင်ထားတဲ့ စလောင်းဆိုတာ ရိုးတံလေးတွေပဲကျန်ခဲ့တယ်… အပင်တွေ၊ မီးကြိုးတွေကို ကွေ့ပတ်သွားနေကြတဲ့ကားတွေ၊ တချို့က နေလို့မရတော့လို့ တခြားအမျိုးတွေအိမ် ပြောင်းနေကြတယ်၊ ဆိုက်ကား ငှားသွားမလား အောက်မေ့တယ်၊ တစင်းမှမတွေ့၊ တွေ့ပြန်တော့လည်း ဘယ်ဆိုက်ကားကြည့်ကြည့် သွပ်ပြားတွေနဲ့၊ ကားတွေလည်း ကြည့်ဦးမလား၊ ကိုယ်ပိုင်ကားပေါ်လည်း သွပ်ပြား၊ တက္ကစီပေါ်လည်း သွပ်ပြား၊ လမ်းဘေးဓာတ်တိုင်တွေ ဆိုတာကလည်း ကျိုးကျ ဘယ်အငြိုးနဲ့များ တိုက်လိုက်လေသလဲ နှာကစ်ရယ်… လမ်းမှာ အသိတယောက်နဲ့တွေ့တော့ ဘယ်သွားမလို့လည်း မေးကြည့်တော့ သွပ်က တန်းစီဝယ်ရတယ်… သွပ်ရပြန်တော့ သွပ်သံ မရှိလို့ ခုဆယ်ရပ်ကွက်ဈေးသွားကြည့်မလို့တဲ့… သွပ်သံအသံကြားလိုက်တာနဲ့ အုံလာလိုက်တဲ့သူတွေ ဘယ်မှာရလဲ၊ ဘယ်မှာရလဲနဲ့ မီးလေးကလည်း မသိပါဘူးလို့ ပြန်ပြောပြီး ရှေ့ကို ဆက်ထွက်လာလိုက်တယ်… ၉၆၉၃နဲ့ သွားနေတာလေ… မြင်ရက်စရာ မရှိအောင် ပျက်စီးကုန်ရော၊ တချို့ဆို ရပ်ကွက်အသီးသီးမှာ ယာယီပေးထားတဲ့ ဒုက္ခသည်စခန်းမှာ နေကြရတယ်… ဈေးသည်တွေလည်းမရှိ၊ အိမ်ဆိုင်လေးတွေကလည်း တံခါးပိတ်၊ ဖွင့်တဲ့ဆိုင်ကြတော့လည်း အပေါက်ကလေး တပေါက်ပဲဖွင့်ရောင်းတယ် မတိုးနိုင်… အဲနေ့ကဆို တော်တော်များများ ထမင်းငတ်တယ်၊ မီးလေးကတော့ အိမ်မှာဆန်ရှိနေတော့ ထမင်းနဲ့ ရေခဲသေတ္တာထဲရှိတဲ့ ဟင်းရွက်တွေနဲ့ မနေ့က ဟင်းကျန်နဲ့ ဗိုက်ပြည့်ခဲ့ပြီ… မနက်ဖြန်ဆို ဆိုင်တွေဖွင့်မှာ မဟုတ်သေးတော့ ခေါက်ဆွဲထုပ်လေးများ ရလိုရငြားပေါ့… ကံကောင်းထောက်မစွာ ဟင်းရွက်သည် တသည်တွေ့တော့ အပြေးအလွား သွားဝယ်ရတာပေါ့… ဈေးသည်လေးက “ကျွန်မလေ ပြန်တောင်ပြန်ရောက်ပါ့မလားတောင် အောက်မေ့တာ… ဒီလောက်ဖြစ်မယ်မထင်လို့ ခါတိုင်းလို ဈေးသွားကြိုလိုက်တာ ည၁၁နာရီလောက် သီရိမင်္ဂလာဈေးရောက်နေပြီ… မနက်လည်းကျရော မြင်မကောင်းလောက်အောင်ပဲ သွပ်ပြားတွေကြောင့် လည်ပင်းတွေ ပြတ်လို့ပြတ်၊ အိမ်အလုံးလိုက်ကျွတ်ထွက်တာလည်း တွေ့ခဲ့ရတယ်… ကျွန်မတသက် မကြုံဖူးပါဘူး… ဒီတခါပဲ ပြန်မယ်ဆိုပြီး ကားငှားတော့လည်း ဘယ်ကားမှမလိုက်ဘူး… လူကို သေချင်စော်ကိုနံသွားတာပဲ”ဆိုပြီး သူမရဲ့ ပြောဆိုနေတာ ကြားပြီးနောက်မှာတော့ မီးလေးလည်း ဈေးဆစ်မနေတော့ပါဘူး သူမတောင် အသက်ရင်းပြီး ရှားရှားပါးပါးရခဲ့တဲ့ အသီးအနှံတွေကို ကိုယ်လိုချင်သလောက် ယူပြီး သူတောင်းသလောက် ပေးလိုက်ပါတယ်… မီးလေးတို့ ရန်ကုန်မှာ ထိုသို့သော ပျက်စီးခြင်းမျိုး(သို့) သဘာဝဘေးအန္တရာယ်နှင့် ကြုံရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့… သူတပါးနိုင်ငံတွေ ရေကြီးတယ်၊ မုန်တိုင်းတိုက်တယ်၊ ငလျင်လှုပ်တယ်ဆိုတာတွေ ကြားရတိုင်း မီးလေးပြောနေကျ စကားတခွန်း ရှိပါတယ်… မီးလေးတို့နိုင်ငံက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံ၊ အမျိုးဘာသာ သာသနာထွန်းကားတဲ့နိုင်ငံဖြစ်လို့ သဘာဝဘေးအန္တရာယ်တွေကို မခံစားရဘူးလို့ ပြောလေ့ရှိပါတယ်… တိုင်းပြည်တပြည်မှာ ဥတုသုံးပါးဖောက်ပြန်ရင် ဘာဖြစ်လို့ပါလိမ့်… မီးလေးက ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်လို့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တယ်… မိရိုးဖလာ ကိုးကွယ်တာမျိုး မဟုတ်ဘဲ လူမှန်းသိတတ်စ အရွယ်တည်းက ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်တယ်… ဒါကြောင့် ကံ ကံ၏အကျိုးကို ယုံကြည်တယ်… ခုဆို လူတော်တော်များများဟာ အကျင့်သီလတွေ ဖောက်ပြန်လာတယ်… မတရားမှုတွေ များလာတယ်… မကောင်းမှုဒုစရိုက်တွေလည်း များလာတယ်… အကျင့်စာရိတ္တတွေလည်း ပျက်ပြားလာတယ်… ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း၊ လူကြီးမှန်း၊ ဘာမှန်းမသိတဲ့သူတွေ အတော်များလာတယ်… မမှန်ကန်မှုတွေလည်း မှိုလိုပေါက်လာတယ်… ဒါကို သတိထားဆင်ခြင်နိုင်ဖို့ သတိပေးလိုက်တာပဲလို့ ယုံကြည်မိပါတယ်… လူတော်တော်များများလည်း သိပြီးဖြစ်မှာပါ တရုတ်လူမျိုးများကိုးကွယ်တဲ့ ကွမ်ရင်မယ်တော်ရဲ့ နောက်ခံသမိုင်းကို ကြည့်မယ်ဆိုရင် ဘုရားက သတ္တ၀ါတွေကို ကယ်တင်ဖို့ ရဟန်းတော်တပါးကို လူ့ပြည်ကို စေလွှတ်ခဲ့တယ်… ဘယ်လိုကယ်တင်ဖို့လဲ… လူတိုင်း မသိကျိုးကျွံ့ပြုနေတာတွေ သိလာအောင်၊ သတိရှိလာအောင် လမ်းညွှန်ပေးဖို့ပါပဲ… လူ့ပြည်မှာ လူဖြစ်ပြီး အပျိုဖော်ဝင်စအရွယ်မှာ မိန်းကလေးတို့ ဘာသာဘာဝ ချစ်သွေးကြွယ်လို့ ချစ်ခွင့်ပန်တဲ့ သူငယ်အပေါ် စိတ်ကစားမိစဉ်မှာပဲ ကောင်းကင်ကနေ အချိန်အခါမဟုတ် မိုးရွာ၊ မိုးကြိုးတွေပစ်ပြီး သတိပေးခဲ့ပါတယ်… ထိုအချိန်အတွင်းမှာပဲ မြတ်စွာဘုရားခိုင်းတဲ့အလုပ် မေ့တော့မလို့ပါလားဆိုပြီး ဆင်ခြင်နိုင်ခဲ့ တယ်… မြန်မာဘုရင်တွေလက်ထက်မှာလည်း ရှိခဲ့ပါတယ်… ဘုရားလက်ထက်မှာ ဘုရင်က မင်းကျင့်တရား ဖောက်ပြားတယ်၊ တိုင်းသူပြည်သား တွေကလည်း အကျင့်စာရိတ္တတွေပျက်ပြားလို့ မိုးခေါင်ရေရှားခဲ့တယ်… နောက်ဆုံးမှာ ကောင်းကင်ကနေ သိကြားမင်းနဲ့အပေါင်းပါတို့က မုဆိုးနဲ့ အဆမတန်ကြီးမားတဲ့ ခွေးနက်ကြီးယောင်ဖန်ဆင်းပြီး ဆုံးမတော်မူတဲ့ ဇာတ်တော်ရှိပါတယ်… အသေးစိတ်ကိုတော့ ပြန်လည် မဖော်ပြလိုတော့သဖြင့် အသေးစိတ်ဖတ်ရှုချင်ရင် ဘုရားလက်ထက် ငရဲမကြောက်သူများဆိုတဲ့ စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်… ထိုစာအုပ်များကိုလည်း ဘုရားစောင်းတန်းတွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်… အချုပ်အားဖြင့် ဗုဒ္ဓသာသနာထွန်းကားတဲ့ နိုင်ငံပီပီ ရတနာသုံးပါးကို အမြဲမပျက် ကိုးကွယ်ဆည်းကပ်သင့်ပါတယ်… အနည်းဆုံး သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံစွာ စောင့်ထိန်းပါ… အကျင့်သီလမပျက်ပြားရအောင် ထိန်းချုပ်ပါ… ထိုသို့သာ ရတနာသုံးပါးနှင့်တကွ အကျင့်သီလများ ပျက်ပြားခြင်း မရှိခဲ့ပါလျှင် နာဂစ်ဆိုသော မုန်တိုင်းသည်လည်း နှာကစ်ပြီး ၀င်နိုင်ပါမည်လား? အခြားခြားသော မုန်တိုင်းတို့သည် လာနိုင်ပါဦးမည်လား? သတိနဲ့ ဆင်ခြင်သင့်ပါသည် မဟုတ်ပါလား…

မီးလေး ခရီးသွားမှတ်တမ်း - ၂

လမ်းမှာ ရွှေရင်အေးအကြောင်း ပွစိပွစိပြောကြရင်း ကျောက်ဆည်-မန်းကားနဲ့ ကျောက်ဆည်ကို ပြန်လာကြပါတယ်… တလမ်းလုံးလည်း ဟာသတွေပြောရင်းပေါ့… မီးလေးသူငယ်ချင်းက ခရစ်ယာန်လေ… သူတို့ ဘုရားကျောင်းက ၁လသင်တန်းတက်တုန်းက အကြောင်းတွေ ပြောကြရင်း ကားပေါ်မှာ မသိရင် မီးလေးတို့ လေးယောက်ထဲရှိတဲ့အတိုင်းပဲ… ကားကလည်းချောင်တော့ အပြင်လူနှစ်ယောက်လောက်ပဲ ပါတယ်… သူတို့သင်တန်းမှာ အချိန်နဲ့စား၊ အချိန်နဲ့အိပ်ရတယ်တဲ့လေ အချိန်ကျော်သွားရင် ဘာမှမစားရဘူးတဲ့ စားတာမိရင် အပြစ်ပေး ခံရတယ်တဲ့… မီးလေးသူငယ်ချင်းက ဗိုက်ဆာတယ် ထမင်းစားရအောင်ဆိုတော့ ကျန်တဲ့သူတွေကလည်း စားမယ်ဆိုပြီး ထမင်းချိုင့်ထဲ ခိုးယူလာတာ မီးလေးသူငယ်ချင်းအပါအ၀င် လေးယောက်လွတ်သွားပီး ခုနစ်ယောက်မိသွားတယ်တဲ့လေ… မိသွားတဲ့သူတွေကို ဆရာက အပြစ်ပေးတယ်တဲ့… အဲ့အပြစ်ဘယ်လိုပေးတယ်ထင်လဲ… ချီး ပုံး၂၀သွန်ခိုင်းတယ်တဲ့… နင်တို့အပြင် ဘယ်သူပါသေးလဲ မေးတော့ မပါဘူး ဖြေပေးကြတော့ သူတို့လွတ်သွားလို့ တယောက်တပုံးစီ ၀ိုင်းကူပေးလိုက်ကြတယ်တဲ့…

နောက်တခါက တပတ်တခါ အသားဟင်းချက်ကျွေးတယ်တဲ့… အသားဟင်း မစားရတာကြာတော့ သူတို့ကို ကြက်သားဟင်း စားမလားဆို လာမေးတယ်တဲ့… သူတို့ကလည်း ငတ်ငတ်နဲ့စားမယ်ဆို ယူစားကြတယ်တဲ့… မစားရတာပဲ ကြာလို့လား၊ ချက်တဲ့သူပဲ အချက်တော်လို့လားမသိဘူး အတော်စားကောင်းတယ်ဆိုပဲ… နောက်နေ့လည်း မိုးလင်းရော ဆရာက မနေ့ညက ခွေးဘယ်သူသတ်လဲ အသံကြားတယ်ဆိုတော့ ကောင်လေးတွေက ကျွန်တော်တို့သတ်တာပါဆိုပြီး ၀န်ခံကြတယ်တဲ့၊ ဘယ်သူချက်လဲမေးတော့လဲ သူတို့ပဲတဲ့လေ… စားတဲ့သူ ဘယ်သူတွေပါလဲဆိုတော့ အယောက်၂၀လောက်ရှိမယ်တဲ့၊ စားတဲ့သူတွေတော့ တယောက်တချက်စီ ရိုက်ခံရတယ်တဲ့လေ…

မီးလေးသူငယ်ချင်းက အိမ်မှာလည်း လုပ်နေကျမဟုတ်တော့ ဘာမှမလုပ်တတ်ဘူးပေါ့… ဆရာကတံမြက်စည်း လှဲခိုင်းတာ အချိုးမကျလို့ သင်ပေးတယ်တဲ့ သူကလည်း ဆရာသင်ပေးတာကို ကြိုက်တယ်တဲ့… အမှန်က သူသက်သာလို့တဲ့လေ… လှဲခိုင်းပြန်ရင် မဟုတ်ရင် သင်ရင်းနဲ့ အကုန်ပြီးသွားပါရောတဲ့… နောက်ရက်လည်း ထပ်လှဲခိုင်းရော ဆရာ ပြန်သင်ပေးပါဦးလို့ သွားပြောတော့ ဟိုက အကြောင်းသိသွားပြီလေ… ကိုယ့်ဟာကိုယ် ရအောင်လှဲလို့ ပြောသွားတယ်တဲ့… ထမင်းစားချိန်ကျော်တဲ့အချိန်မှာ ဆရာ မုန့်စားခွင့်ရှိ မလားလို့ သွားမေးတော့ မုန့်ဝယ်ကျွေးတယ်တဲ့လေ… နောက်သူတို့ အားလုံးအပြစ်ဆင်ခြင်တဲ့အချိန်မှာ အချိန်ကျော်မှ မုန့်စားလို့ တယောက်တချက်စီရိုက်ပါတယ်တဲ့… သင်တန်းပြီးလို့ ပြန်လာပြီး ၃လလောက်အကြာမှာ သင်တန်းဆရာ အိမ်လာလည်လို့ သူ့အမေက အအေးသွားဝယ်ခိုင်းတာ မတိုက်နိုင်ဘူး ကျွန်တော့ကို သင်တန်းမှာ မုန့်လည်းဝယ်ကျွေးသေးတယ်၊ ရိုက်လည်းရိုက်တယ် ဘာမှ မကျွေးနဲ့လို့ ပြောလိုက်တာ သူ့အမေ ဆရာ့ကို တောင်းပန်လိုက်ရပါလေရောတဲ့…

တလမ်းလုံးစကားတွေများလာပြီး ၂နာရီကျော်လောက်မှာ ကျောက်ဆည်ကို ပြန်ရောက်ပါတယ်… ရန်ကုန်သူပေမဲ့ တုန်းတယ်ဗျာ… တခါမှ မစားဘူးတဲ့ မာလာဟင်းနဲ့ ထမင်းစားပြီး မနက်ဖြန် ဘွဲ့သွားယူရင် ပြင်ဖို့ဆင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ကြပါတယ်… ပြီးတော့ အရမ်းလှတဲ့ သစ်ခွခြံကိုလည်း ရောက်ခဲ့ရပါတယ်… ညပိုင်းရောက်တဲ့အချိန်မှာတော့ မီးဖိုချောင်ထဲ တခါမှ မ၀င်ဘူးတဲ့ မီးလေး လက်စွမ်းပြပါတော့တယ်… အိမ်ရှင်တွေက ကားငှားဖို့၊ ဘာဖို့၊ ညာဖို့ သောကများနေလို့ မီးဖိုချောင်ကို လှည့်မကြည့်နိုင်ပါဘူး… ဘွဲ့သွားယူတာ လိုက်ချင်တဲ့ သူတွေက ၁၅ယောက်လောက်ရှိတော့ ဘွဲ့ယူပြီးရင် မန်းလေးကို လည်ကြမှာဆိုတော့ ၀ယ်စားတာထက် ပျော်ပွဲစားသဘောမျိုးစားကြဖို့ စီစဉ်ရပါတယ်… မီးလေးက ရန်ကုန်က ရခိုင်ခြောက်လေးတွေ ၁ပိဿဝယ်သွားတယ်လေ… အဲငါးခြောက်ကို ငရုတ်သီးအကြမ်းဖတ်နဲ့ ခပ်စပ်စပ်လေးကြော်လိုက်တယ်… အဲနားက ပူတူးဆိုတဲ့ ကောင်လေးက မီးလေးသူငယ်ချင်းအိမ်က ကြက်လေးတွေ မွေးထားတယ်လေ… ဘယ်အချိန်က သတ်လိုက်မှန်းတောင် မသိလိုက်ဘူး ကြက်လာပေးတယ်… မီးဖိုချောင် မ၀င်ဖူးပါဘူးဆိုမှ အခက်ကိုတွေ့ရော ၀ိုင်းကူတဲ့ ကလေးတွေကလည်း မချက်ဘူးတဲ့သူတွေ နောက်တော့ သူငယ်ချင်းတယောက်နဲ့ ပူတူးပဲ ကြက်သား ခုတ်ပေးကြတယ်… ချက်တာတော့ မီးလေးကို ချက်ခိုင်းကြတယ်လေ…

ကိုယ်ကလည်း သိပ်ချက်တတ်တယ်မို့လား… အဲအချိန်မှာ ပြေးသတိရမိတာကတော့ မီးလေးတို့ရဲ့ အိမ်ရှင်မ မမလုလုကိုပါပဲ… တဆက်တည်း ကိုးနတ်ရှင်များရလိုက်ရ ပွဲသိမ်းပီလို့ စိတ်ထဲက ရေရွတ်မိပါတယ်… အဲကြက်ကာလသမီးချက်က ၇နာရီတည်းက တည်ထားတာ ည၁၂နာရီထိုးတဲ့အထိ မနူးသေးဘူးဗျာ… အခက်ကိုတွေ့ရော မနက်ကလည်း ငါးနာရီထရမှာ နောက်မထူးပါဘူး ဒီအတိုင်းသာ ပစ်ထားလိုက်တော့မယ်ဆိုပြီး မီးသွေးတွေထည့်ပြီး အိပ်ယာဝင်လိုက်တယ်… မီးနှစ်ဖိုသုံးလို့ တော်သေးတယ်… ဇာဇာဆိုတဲ့ ကောင်မလေးက စပ်ချဉ်ဟင်းဆိုပြီးချက်ပါတယ်… သူဆီသတ်တဲ့အချိန်မှာ ကြက်သည်းမြစ်တွေနဲ့ အူတွေက ပိုနေတယ် မထူးဘူး ရောချက်လိုက်ဆိုပြီး မီးလေးက နှုတ်နှုတ်စင်းပြီး အိုးထဲပစ်ထည့်လိုက်တယ်… သူက ချဉ်ပေါင်တို့ ငါးပိတို့ ငရုတ်သီးတို့ ထည့်ပြီး ဆူအောင်တည်ထားလိုက်တယ်… လက်စသိမ်းမယ်ဆိုပြီး အိုးတွေဆေးမယ်လုပ်တော့ မီးလေးသူငယ်ချင်းအဖေက သူ့သမီးချဉ်ပေါင် ဟင်းချိုကြိုက်တယ်ဆိုပြီး ချက်ထားတာတဲ့ ဘယ်သူမှမစားဖြစ်တော့ဘူးလေ ဒါနဲ့ မထူးပါဘူးဟာဆိုပြီး ဇာဇာစပ်ချဉ်ဟင်းထဲ ဟင်းချို တအိုးလုံး လောင်းထည့်လိုက်ပါတော့တယ်… မီးလေးတို့ ဟင်းတွေ ကိုယ့်ဘာသာကြည့်ပြီး အကုန်ပြုံးစိပြုံးစိလုပ်နေကြပါတော့တယ်…

မနက်၅နာရီထိုးတော့ မီးလေးထပြီး တအိမ်လုံးကို နှိုးရပါတယ်… အနှိုးရခက်ဆုံးက ဘွဲ့ယူမယ့် သူငယ်ချင်းပါပဲ သူ့နှိုးလိုက်တာ တအိမ်လုံးကို နှိုးပါလေရော… အလှပြင်မယ့်သူက ဇာဇာပါ မီးလေးက အကူပေါ့… ဇာဇာက အလှပြင်ဆိုင်မှာ လုပ်တော့ ပြင်တတ်တယ်… ဆံထုံးတော့ မထုံးတတ်ဘူးတဲ့… မီးလေးတယ်ရင်းကလည်း ဆံပင်တိုတော့ မထုံးတော့ဘူးဆိုပြီး ဒီတိုင်းကို သမလိုက်တာပေါ့… ပြင်ထားတာ အဆင်ပြေတယ်ဆိုပြီး အားလုံးက သဘောကျကြတယ်… မိဘနှစ်ပါးကတော့ ပျော်မဆုံး ပြုံးလို့ပေါ့… မီးလေး အရမ်းအားကျမိပါတယ်… မိရယ်၊ ဖရယ်နဲ့ဘွဲ့ယူခွင့်ရလို့ပေါ့… မီးလေးက ကံကောင်းတဲ့သူ မဟုတ်ပါဘူး… မီးလေး ဘွဲ့ယူမှ မဟုတ်ပါဘူး မူလတန်းမှာ ဆုရတိုင်း မီးလေးအဖေ မလိုက်နိုင်ခဲ့ပါဘူး… မီးလေးအဖေက မီးလေးငယ်ငယ်တည်းက ဆုံးသွားလို့ပါပဲ… ဒါကြောင့် မိစုံဖစုံနေရတဲ့ သူတွေကိုတွေ့ရင် အရမ်းအားကျခဲ့ရပါတယ်… မီးလေးတို့လည်း ၀ဋ်ကြွေးရှိလို့နေမှာပါ… ရတနာသုံးပါးကို ဦးထိပ်ထားတယ်တဲ့အတွက် ၀ဋ်ကြွေးတွေ ရှိနေဦးမယ်ဆိုရင် ဒီဘ၀မှာပဲ အပြီးဆပ်နိုင်ပါစေလို့ ဘုရားမှာ အမြဲဆုတောင်းမိပါတယ်…

ဒီလိုနဲ့ မီးလေးတို့ ကျောက်ဆည်ကနေ မန်းလေးကို ၇နာရီခွဲကျော်ကျော်မှာ ထွက်လာကြပါတယ်… ကားသမားက နောက်ကျနေလို့ ကားကို တလမ်းလုံးအမြန်မောင်းပေးပါတယ်… ကားပေါ်မှာ အားလုံး ၁၇ယောက်ပါတယ်… မန်းဘွဲ့နှင်းသဘင်ရှေ့ကို ၈နာရီခွဲမှာ ရောက်ပါတယ်… မီးလေးသူငယ်ချင်းက မီးလေးကို နှုတ်ခမ်းနီ ပြန်ဆိုးပေးပါဦးလို့ပြောတော့ နှုတ်ခမ်းနီဘူးက ဒါဇင်လိုက်ပါတာဆိုတော့ ဇာဇာကို ဒီအရောင်လားဆိုတော့ သူကလည်း ဟုတ်တယ်တဲ့ ဒါနဲ့မီးလေးလည်း ဆိုးပေးလိုက်တယ်… ဆိုးပြီးပြီးချင်းပဲ အေ ရာင်မှားသွားပြီ ဆိုတာသိလိုက်တယ်… ဒါပေမဲ့ အချိန်က မရတော့ဘူး ထားလိုက်တော့ဆိုပြီး ဒီအတိုင်းပဲ ၀င်ခိုင်းလိုက်တယ်… ကင်မရာပါပြီး ရိုက်ခွင့်မရလို့ မရိုက်ခဲ့ရပါဘူး… ကြုံ မကြုံဖူးပေါင် ကိုယ်ပိုင်ကင်မရာများ လုံးဝယူဆောင်ခွင့်မပြုဆိုပြီး ၀င်းထိပ်မှာ ကပ်ထားတာ… ယူခွင့်ပြုလိုက်ရင် ဓာတ်ပုံဆရာတွေ ထမင်းငတ်မှာဆိုးလို့ထင်ပါရဲ့… ဒီကြားထဲမှာ cream-up ဘူးပါလားဆိုတော့ ကိုယ်ကလည်း မကူညီရရင် မနေနိုင်တဲ့သူ cream-upရိုက်ဖို့မှတ်လို့ ဒိုယူးလေးထုတ်ပေးလိုက်တယ်… ပေးမိကာမှ ငါးပါးမှုတ်ဘူး၊ သံဃာစင်ပါမှောက်လေခြင်း၊ ကျေးဇူးရှင်မမက ပဲပေးပြီး ဗွီဒီယိုရိုက်ဖို့ ငှားတာ နည်းနည်းဟန်ဆိုတော်ရောပေါ့ ဘယ်ပြောင်းလိုက်၊ ညာပြောင်းလိုက်၊ ပြီးပြီလားဆိုတော့ မပြီးသေးဘူး နေရာတောင် ပြောင်းရိုက်သေး။ ကိုယ်ကလည်း သွားချင်နေပြီ အချိန်က ကပ်နေပြီ၊ မီးလေးက ဘွဲ့ယူပြီးသားဆိုတော့ သူတို့ကလည်း ကိုယ့်ပဲအကုန်လွဲထားတယ် ထိုင်ခုံပို ၀ယ်ဖို့လည်း ကိုယ့်ပဲစီစဉ်ခိုင်းထားတော့ ဒုက္ခရောက်ပြီ… ကျန်တဲ့သူတွေမှာထားခဲ့ရအောင်လည်း ဘယ်အမြီးဖမ်းရမှန်းမသိ… ဘွဲ့ရမောင်မယ်တွေ ခန်းမထဲဝင်ဖို့ ခေါ်နေပြီ ပဲမမက မပြီးသေးဘူး… တောင်းပြန်လည်း တွန့်တိုရာကျမယ်… တောင်းရအောင်လည်း အားနာနဲ့… ရွစိရွစိကို ဖြစ်နေရောပဲ…

ပဲမမက ဒါတောင်ပေးချင်ပုံပေါ်ဘူး… ယူပြီးသွားတော့မလို့ အားနာနာနဲ့ပဲ ပြီးရင် ညီမပြန်ယူသွားတော့မယ်နော်ပြောမှ ပြန်ပေးခဲ့တယ်… ကိုယ်က ရန်ကုန်ပဲကျွမ်းတာ၊ သူတို့အထာလည်း မသိတော့ ဟိုမေး၊ ဒီမေးပေါ့ နောက်တော့ ခုံဝယ်ချင်ရင် သူတို့သွားမေးပေးမယ်ဆိုပြီး ဓာတ်ပုံဆရာတယောက်က သွားမေးပေးတယ်… ၀ယ်လို့ရတယ် တစောင်သုံးထောင်တဲ့… ရန်ကုန်မှာက တခုံ၅၀၀တောင် ၀ယ်မဲ့သူ မရှိလို့ နှစ်ထောင်ဖိုး ငါးစောင်အော်ရောင်းနေတာ… မီးလေးတယ်ရင်းကလည်း မီးလေးတို့ သူငယ်ချင်းနှစ်ယောက်ကို လိုက်စေ ချင်တယ်… သူ့အဒေါ်ကလည်း လိုက်ရမယ် သုံးစောင်ဆိုတော့ ကိုးထောင် တော်ပြီ တယ်ရင်း မီးလေးတို့က ကိစ္စမရှိဘူး နင့်အဒေါ်သာ ခေါ်သွားဆိုပြီး တစောင်ဝယ်ပေးလိုက်တယ်… ကားဆရာက ထိုင်စောင့်နေရမယ့်အတူတူ သူတို့ဘွဲ့ယူနေတဲ့အချိန် မန်းတောင်နဲ့ တိရစ္ဆာန်ဥယျာဉ်လိုက်ပို့ပေးမယ် ၁၁နာရီခွဲအမီ ပြန်လာမယ်လို့ပြောပါတယ်… ဒါနဲ့ မီးလေးတို့တွေ ခြေစင်္ကြာ လှည့်ခဲ့ကြပါတော့တယ်…