Pages

Sunday, June 15, 2008

သံသရာ

“အူဝဲ…အူဝဲ”
လူ့လောကထဲကို ခေတ္တတဖြုတ်ရောက်ချိန်
ဖေဖေ၊ မေမေတို့ရဲ့ အိမ့်ဆည်းလည်းလေးဖြစ်ခဲ့တဲ့ ကျွန်တော်
ဘိုးဘိုး၊ ဘွားဘွားတို့ရဲ့ အသည်းကျော် ကျွန်တော်…

တဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့
ဥယျာဉ်မှူးနဲ့တူတဲ့ ဖေဖေ
ရေလောင်းပေါင်းသင်း ပြုစုရှာ
အိမ်မှုကိစ္စတွေကြား မငြီးငြူရှာ
အရိပ်တကြည့်ကြည့်နဲ့ မေမေပါ…

ထူးချွန်ထက်မြက် သားသမီးအနာဂတ်
မိဘနှစ်ဖြာရဲ့ အိပ်မက်
လူတကာထက် သာဖို့အရေး
အလုံးစုံကို ထောက်ပံ့ပေး…

ဤလောက၀ယ်
ကြီးမားမေတ္တာတုမမီတာ မာတာပီတု မိဘပါ
ကျွန်တော့်ဘ၀မှာ ပထမဆုံး
ဖေဖေ၊ မေမေ အချစ်ရဆုံး…
ပညာစုံခါ အတောင်ပေါက်လာ
ချစ်ရမဲ့သူ တွေ့သောအခါ
မိဘတားမြစ်သည်ကား အလေးအနက်မထား
ဆင်ကန်းတောတိုး မျက်ကန်းပါ…

မိဘစကား မြူမှုန်အလား
နားမထောင်ခဲ့တဲ့ သားမိုက်ဟာ
မိဘတို့ကို စွန့်ခွာ ထွက်ပြေးကာ
ကိုယ့်အိုးကိုယ့်အိမ် တည်ထောင်ခဲ့တဲ့ ကျွန်တော်…

ကျွန်တော့် ဘ၀မှာ ဇနီးသည်သာ ပထမ
မိဘတို့သည် ဒုတိယ
သားရလာသောအခါ ကျွန်တော့်မှာ
သားသည်သာ ပထမ…

ခုချိန်မှာ ကျွန်တော့ အားလုံးကို နားလည်ခဲ့ပါပြီ ဖေဖေနဲ့ မေမေ
ကလေးဘ၀မှာသာ ဖေဖေ၊ မေမေက အရေးကြီးဆုံးဖြစ်ပေမဲ့
အိမ်ထောင်ကျလာတဲ့အခါ အလိုလို နေရာရွေ့ခံခဲ့ရတာ ဖေဖေနဲ့ မေမေပါ
သားသမီးတို့ရသောအခါ ဖေဖေ၊ မေမေက နောက်ဆုံးနေရာ…

ကျွန်တော်လည်း မကြာခင်ဝဋ်လည်တော့မှာပါ
ဖေဖေ၊ မေမေတို့ ရောက်နေတဲ့ နောက်ဆုံးနေရာ
ကျွန်တော်လည်း မကြာခင် ရောက်ရတော့မှာပါ
အဲဒီ့နေရာအတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ရတော့မယ်ဗျာ….

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၃

သင်္ကြန်အတက်

မနက်စောစောမှာပဲ ဈေးသွား ထမင်းဟင်းချက်ဖို့ပြင်ပေး၊ မုန့်လက်ဆောင်းအတွက် ထန်းလျက်ရည်ကြိုနဲ့ အလုပ်တွေရှုပ်နေပါတယ်… ဒီနေ့သီလပေးမယ့် ဆရာတော်က သီလပွဲ သုံးပွဲဆက်တိုက် ပေးရမှာမို့ ၈နာရီခွဲမှာ ဓမ္မာရုံကို သွားရပါတယ်… မမတို့အိမ်နောက်က မုန့်လုံး ရေပေါ်လုပ်ပါတယ်… ဓမ္မရုံကို သီလတောင်းထဲ ဆန်လာလှူတဲ့သူတွေကို ဝေဖို့ ပို့ထားပါတယ်… တချို့က ကုလားပဲသုပ်၊ တချို့က ထန်းလျက်ခဲ၊ တချို့က အစာကြေ ဆေးစသဖြင့် ဝေကြတာကိုလည်း တွေ့ခဲ့ရပါတယ်…

သီလယူပြီး ပြန်လာချိန်မှာတော့ မုန့်လက်ဆောင်း ဥပုသ်သည်တွေ အချိုပွဲမီအောင် အမြန်ပြင်ဆင်ရပါတယ်… စာရေးသူနဲ့ မမယောက်မလေးက အိမ်တွေလိုက်ဝေဖို့ပြင်ပေးပြီး မမက တအိမ်တက်ဆင်း လိုက်ဝေပါတယ်… ကောင်းမှုကုသိုလ်မှန်သမျှ အနှောင့်အယှက်ရှိတယ်ဆိုတာ စာရေးသူ ကောင်းကောင်းသဘောပေါက်ခဲ့ ပါတယ်… စာဖတ်သူများလည်း ဝေဖန်သုံးသပ်ကြည့်ပါဦး… မုန့်လက်ဆောင်းအရောင်သည် မည်သည့်အရောင် ဖြစ်ပါသနည်း… မုန့်ဖတ်အရောင်ကို မဆိုလိုပါ… မုန့်ဖတ်အရောင်က ရန်ကုန်မှ အစိမ်းရောင်၊ တချို့နယ်တွေမှာ အဖြူရောင်လည်းရှိပါတယ်… ခုမန်းလေးမှာ အဖြူရောင်ရပါတယ် မုန့်လက်ဆောင်းဖတ်ကို ထန်းလျက်ရည်၊ အုန်းနို့အနည်းငယ်၊ အုန်းသီးဖတ်နဲ့ ရောသောက်တာကို မုန့်လက်ဆောင်းလို့ခေါ်ပါတယ်… ထန်းလျက်ခဲအရောင်က မုန့်လုပ်ထန်းလျက်ပဲ သုံးကြတာမို့ အညိုရောင်ရှိပါတယ်… စာရေးသူတို့က မီးဖိုချောင်မှာ ကမန်းကတန်းဝေဖို့ပြင်ဆင်ရ ကိုယ်တိုင်ကလည်း ဥပုသ်နဲ့ဖို့ ထမင်းစားဖို့ အချိန်ကျော်မှာစိုးလို့ အသည်းအသန်လုပ်နေရလို့ ချွေးတွေထွက်နေပေမဲ့ မမောမပန်းနိုင် လုပ်ကိုင်နေကြရပါတယ်… အဲ့အချိန် ကြားလိုက်ရတာက မုန့်လက်ဆောင်းက ဘာရောင်မှန်းလဲမသိဘူးလို့ ပြောလိုက်တဲ့ နောက်ဖေးအိမ်က အသံပါ… စာရေးသူလည်း ဒေါသထွက်သွားပြီး အတော်လေးလည်း စိတ်အနှောင့် အယှက်ဖြစ်မိပါတယ်…

တကယ်လည်း သဒ္ဓါပျက်ခဲ့ပါတယ် ဘာလို့ဒေါသထွက်ရလည်းဆိုတာက စာရေးသူဘက်က ရှင်းပါတယ်… မုန့်လက်ဆောင်းမလုပ်ခင် လိုက်ရောင်းတဲ့အန်တီကို မေးတယ်… သူ့ဆီကလည်း ၀ယ်စားတယ်… မုန့်လက် ဆောင်းဖတ်လည်း ထိုအန်တီကပဲ မှာပေးပြီး မနက်လည်း သူပဲလာပြီး ကြည့်ပေးသွားတယ်… ပြီးတော့ အဲ့ရပ်ကွက်မှာ မုန့်လက်ဆောင်းဆိုလို့ လာရောင်းတာ တသည်ပဲရှိတယ်… မုန့်သည်အန်တီက မမတို့ ရှေ့လမ်းမှာနေတာ သူတို့နေ့တိုင်း ၀ယ်စားနေကြတာလည်း ကိုယ်တွေအသိ… သူတို့ဒေသ၊ သူတို့ထုံးစံ အတိုင်း လုပ်ပေးတာတောင် အပြစ်ရှာတတ်တဲ့ သူတို့ကို မုန်းမိတာတော့အမှန်ပါ… စာရေးသူလည်း သူတို့လို ပြောတတ်တာပေါ့... မပြောတတ်တာမှ မဟုတ်တာ သူတို့ မုန့်လုံးရေပေါ် ကြည့်ဦးမလား မုန့်က မလုံးဘဲ ပြားနေပြီး ထန်းလျက်တွေ ပေါက်ပြဲပြီး အတွဲလိုက်ဖြစ်နေတာ ကြည့်လိုက်တာနဲ့တင် စားချင်စိတ် ပျောက်တယ်... ဒါက မန်းလေးမှ မဟုတ်ပါဘူး… လူတိုင်းဒီလိုပါပဲ ကြုံခဲ့ရတာ တင်ပြရုံသက်သက်ပါ… ဒါကြောင့်မို့ စာရေးသူအိမ်နားက အန်တီက သူအလှူလုပ်ရင် ဘယ်တော့မှ လူကြီးတွေကို ဖိတ်လည်းမဖိတ်ဘူး… ကျွေးလည်းမကျွေးဘူး ကလေးတွေပဲ ခေါ်ကျွေးတယ်… ဘာလို့လဲ မေးကြည့်တော့ အလှူလုပ်တယ်ဆိုတာ စိတ်ကြည်လင်နေမှ ကောင်းတာတဲ့ ကလေးတွေက ဂျီးလည်းမများဘူး၊ အပေါက်စလည်းမများသလို ချိုသည်ခါးသည်လည်း မပြောဘူးတဲ့ သူတို့တွေ အားရပါးရစားရတာ ကြည့်ပြီး ၀မ်းသာပီတိဖြစ်ရတယ်တဲ့… လူကြီးတွေကျ အဲ့လိုမဟုတ်ဘူးတဲ့ ပေါ့သလေး ငန်သလေး၊ ဘယ်လိုချက်ထားမှန်းလည်း မသိဘူးဆိုပြီး ပြောသံကြားရင် ဒေါသထွက်လို့ ကုသိုလ်တ၀က် ငရဲတပိဿတဲ့လေ… မနက်ဖြန် နှစ်ဆန်းတရက်နေ့ကို ရပ်ကွက်ဓမ္မာရုံမှာ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ပူဇော်မယ်ဆိုတာ သိရပြီး ယခင်ကဆို ၁၃ဦးရှိပြီး ယခုနှစ်မှာ ၉ဦးပဲရှိတော့တယ် ဆိုတာလည်း သိရပါတယ်... ငွေသားဖြစ်စေ၊ ပစ္စည်းဖြစ်စေ လာလှူရတယ်ဆိုပြီး တနေ့လုံး အလှူခံနေတာကို ကြားနေရပါတယ်... ည၈နာရီကျော်ချိန်မှာတော့ ပစ္စည်းတော်တော်များများနဲ့ တဦးကို ၈ထောင်ကျပ်နှုန်း ရနေပြီဆိုတဲ့ အကြောင်းကို ကြားလိုက်ရတယ်ဆိုရင်ပဲ စာရေးသူလည်း လှူချင်စိတ်တွေ ပေါ်ပေါက်လာပါတယ်... ဒါနဲ့ မမအားတဲ့အချိန်စောင့်ပြီး စာရေးသူမေမေရယ် မမနဲ့အတူ ဓမ္မာရုံကို ထွက်လာခဲ့ကြပါတယ်... ဘိုးဘွား ၉ဦးအတွက် ကိုးထောင်လှူဒါန်းချိန်မှာပဲ နောက်တဦးကလည်း ဘိုးဘွား၉ဦးအတွက် ကိုးထောင် လှူဒါန်းသွားတာ တွေ့လိုက်ရပါတယ်... အဲ့အချိန်မှာပဲ ဘိုးဘွားတွေ တဦးကို တသောင်းနှုန်းတောင် ရမှာဆိုတဲ့ စိတ်နဲ့ ၀မ်းသာကြည်နူးနေမိပါတယ်... အိမ်ကို ပျော်ရွှင်စွာ ပြန်လာချိန်မှာပဲ ကာလသားတသိုက်နဲ့ တိုးပါတယ်... ရေလောင်းမလို့တဲ့ ည၉နာရီရှိနေပြီ ဒီအချိန်ရေလောင်းမယ်ဆိုတော့ ထုံးစံအတိုင်း ဥပုသ်စောင့်ထားလို့ပါ တောင်းပန်လိုက်တယ်... မရဘူးလောင်းမှာပဲ ဒီရက်မှမလောင်းရင် မလောင်းရတော့ဘူးဆိုပြီး ပက်သွားသေးတယ်ရှင်... စာရေးသူလည်း ဒေါသထွက်ပြီး ကျန်နေခဲ့တော့တယ်... အဲလိုတွေဖြစ်မှာစိုးလို့ အပြင်တောင် မထွက်ဘဲ ရေမပက်တဲ့ အချိန်သွားတာတောင် အကုသိုလ်က ၀င်ချင်ရင် အဲလို... စာကြွင်း။ ။ရေပက် မခံနိုင်ရတဲ့အကြောင်းရင်းထဲမှာ ဥပုသ်စောင့်ထားလို့ ဆိုတာထက် နောက်တခု ရှိတယ်ရှင့်... ဆိုင်ကယ်ပေါ်က ပြုတ်ကျတုန်းက ခါးမှာရထားတဲ့ ဒဏ်ရာကြောင့်လည်း ပါပါတယ်... ရေချိုးရင်တောင် ရေ၀င်မှာစိုးလို့ သေချာပလတ်စတစ်နဲ့ အုပ်ပြီးမှ ရေချိုးရပါတယ်... ရေစိုသွားတဲ့အချိန်မှာ အနာက တအားစပ်ပြီး ရေစိုနေတဲ့အတွက် အနာကို Dressing ပြန်ပြန်လုပ်ရလို့ ပိုစိတ်တိုမိတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်... အနာ Dressingလုပ်၊ အ၀တ်တွေပြန်လဲ၊ အ၀တ်လဲရင်လည်း အနာနဲ့ အဆင်ပြေအောင် အ၀တ်အစားရွေးရ ခရီးသွားတာဆိုတော့ အကျီင်္ပွပွဖားဖားနဲ့ ထမီဘယ်လိုလုပ်ပါမှာလဲ... အမှန်အတိုင်း ၀န်ခံရရင် စာရေးသူအိတ်ထဲမှာ ဘောင်းဘီနဲ့ စကပ်ပဲပါတယ်... ထမီနဲ့တူတာဆိလို့ ထမီစကပ် နှစ်ထည်ပဲ ပါတယ်... သူတို့အပျော်တခုအတွက် သူတို့အတွက်လည်း အကျိုးမရှိ၊ ကာယကံရှင်အတွက်လည်း အကျိုးယုတ်စေပါတယ်...

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၂

သင်္ကြန်ဒုတိယအကြတ်

ဒီနေ့ ဥပုသ်စောင့်မှာမို့ မနက်စောစောအိပ်ယာထပြီး ရပ်ကွက်ဓမ္မာရုံသွားဖို့ ပြင်ဆင်လိုက်ပါတယ်… ၉နာရီမှာ သီလပေးမှာမို့ မေမေရယ်၊ ကြီးတော်ရယ်နဲ့ ဓမ္မာရုံကို ထွက်လာခဲ့ကြပါတယ်… ထိုရပ်ကွက်ရဲ့ လှပတဲ့ ပန်းချီကားတချပ်ကို တွေ့မြင်ခဲ့ရပါတယ်… ဓမ္မရုံသွားတဲ့အခါ သီလပွဲအဖြစ် ပန်းကန်ထဲမှာ ဆန်နဲ့ ပိုက်ဆံထည့်ပြီးယူလာကြပါတယ်... ရှေ့ဆုံး သီလတောင်းထဲမှာ ဆန်လောင်းထည့်ပြီး အလှူငွေကို ကန်တော့ထိုးပြီး ပြန်လှည့်လာချိန်မှာတော့ ပန်းကန်ထဲကို ထန်းလျက်ခဲထည့်ပေးတဲ့သူက ထည့်ပေးတယ်၊ ဆပ်ပြာမှုန့်ထုပ်ထည့်ပေးတဲ့သူက ထည့်ပေး၊ အချိုရည်ဗူးထည့်ပေးတဲ့သူက ထည့်ပေးနဲ့ ကိုယ်တတ်နိုင်တဲ့ အပိုင်းကို တပိုင်တနိုင်လှူဒါန်းကြတာကိုလည်း ကြည်နူးဖွယ်တွေ့ခဲ့ ရပါတယ်… သီလပေးတဲ့ ဆရာတော်ကို ဆွမ်းကပ်ဖို့အတွက် ရပ်ကွက်တွင်းမှာရှိတဲ့ လူငယ်တွေက ၈နာရီမှာစုဝေးကြပြီး တလမ်းဝင် တလမ်းထွက် ဆွမ်းခံကြပါတယ်… ရရှိလာတဲ့ ဆွမ်းနဲ့ဆွမ်းဟင်း တွေကို ဇလုံအကြီးကြီးထဲမှာ ဆွမ်းတွေစုထည့်ပြီး ဟင်းတူတာတွေ ပေါင်းပြီး စတီးပန်းကန်း အသေးတွေနဲ့ ထည့်ပြီး ဆွမ်းတွေပေါ်မှာ ပတ်ပတ်လည်စီထားပြီး ဆရာတော်ကို ကပ်လှူပါတယ်… ထိုသို့ပြုခြင်းအားဖြင့် ရပ်ကွက်လုံးအလှူလည်း ဖြစ်သွားတာပေါ့… မတတ်နိုင်တဲ့ သူတွေလည်း မလှူလိုက်ရ မရှိရအောင် အကွက်စေ့လှတဲ့ ဓမ္မာရုံလူကြီးတွေကိုလည်း လေးစားကြည်ညိုမိပါတယ်… သီလပေးဆရာတော်ဟာ ၉နာရီမှာ ကြွလာပြီး ၉နာရီ ၅၀မှာ သီလပေးခြင်း အစီအစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်…

သင်္ကြန်အတက်ဆိုအမြဲတမ်း စာရေးသူတို့ စတုဒိသာလှူနေကြဆိုတော့ ယခုနှစ် အတက်နေ့မှာလည်း ရောက်တဲ့နေရာမှာပဲ တခုခုစီစဉ်မယ်လို့ စီစဉ်လာခဲ့ပါတယ်… အားလုံး တိုင်ပင်လိုက်တာက မုန့်လုံးရေပေါ် လုံးကြမယ်လို့ပေါ့… မွန်းမလွဲခင် ထမင်းစားပြီး လိုအပ်တာတွေဝယ်ဖို့ စာရေးသူ အစ်မနဲ့ အစ်ကိုရယ် စာရေးသူရယ် လမ်းထိပ်ထွက်လာခဲ့ပါတယ်… မမတို့နေတဲ့အိမ်က ဓမ္မာရုံနဲ့ ရှေ့နောက်ဖို့ ဓမ္မာရုံကိုဖြတ်ပြီး ၆၅လမ်းကို သွားရပါတယ်… ဓမ္မာရုံမှာ လူငယ်တွေ သန့်ရှင်းရေးလုပ်နေကြပါတယ်… ဟိတ်ကောင်တွေ ရေပက်မယ် ရေအမြန်သွားယူဆိုပြီး ပြောလိုက်သံ စာရေးသူကြားလိုက်ရပါတယ်… စာရေးသူ ကောင်းကောင်း မွန်မွန်ပဲ ပြန်ပြောခဲ့ပါတယ်… ဥပုသ်စောင့်ထားလို့ ရေမပက်ပါနဲ့လို့ တောင်းပန်လိုက်တယ်… တယောက်က ဒါမျိုးတွေရိုးနေပြီ လာမပြောနဲ့တဲ့… စာရေးသူ မမက ကျွန်မတို့ကိုပက် သူကဟုတ်တယ် ဥပုသ်ယူထားလို့ မပက်ပါနဲ့လို့ ၀င်ပြောပါတယ်… မသိဘူး ပက်မှာပဲဆိုပြီး စာရေးသူကို ရေလှမ်းပက်လိုက်တယ်… စာရေးသူက မဟုတ်မခံနဲ့ စိတ်ဆက်သူတယောက်ဖြစ်ပါတယ်… စာရေးသူလည်း မန်းနေကသိတဲ့အတိုင်း ၁၂နာရီကျော်ရုံ ရှိသေးတယ် ခြစ်ခြစ်တောက်ပူနေတယ်လေ နေနဲ့အပြိုင် စာရေးသူရဲ့ ဒေါကလည်း မီးတောက်လို ၀ုန်းခနဲ ထတောက်လို့လာပါတယ်… နင်တို့တွေ ဗုဒ္ဓဘာသာ မဟုတ်ဘူးလား… ဗုဒ္ဓဘာသာဆို နားလည်ရမှာပေါ့… လူလိုပြောနေရင် လူလိုနားလည်ရမှာပေါ့… စာရေးသူအကိုက မီးမီးတော်တော့ လာလာဆိုပြီး ဆွဲခေါ် သွားပါတယ်…

စာရေးသူလည်း ဒေါသက အရှိန်မသေခဲ့ပါဘူး အတော့်ကို စိတ်ဆိုးခဲ့ပါတယ်… တလမ်းလုံး ဒေါသထွက် လွန်းလို့ စကားလည်း မပြောနိုင်ပါဘူး… ပြန်လာတော့ သူတို့တွေရှိနေကြပါတယ် သူတို့တွေ မြင်လေ ဒေါသတို့ချူပ်ထိန်းမရလေပါဘဲ… သူတို့ရှေ့ဖြတ်သွားစဉ်မှာတော့ ကိုကြီးတို့ မန်းလေးသားတွေက ဒီလိုပဲရိုင်းကြလား ဓမ္မရုံမှာ လုပ်နေပြီး ဒီလောက်တောင် ယဉ်ကျေးမှု မရှိကြဘူးလားလို့ ပြောတော့ စာရေးသူစိတ်ကို သိပြီးဖြစ်တဲ့ ကိုကြီးက ဘာမှမပြောပါဘူး… စာရေးသူဒေါသထွက်ရင် ငြိမ်ငြိမ်လေး တယောက်တည်း နေရင်နေ၊ နို့မဟုတ်ရင် earphone တပ်ပြီး သီချင်းအကျယ်ကြီး ဖွင့်နားထောင်တာမျိုးလုပ်ပြီး ဒေါသကိုဖြေတတ်တဲ့ အကျင့်ရှိတယ်… ခုက ဥပုသ်နဲ့ဆိုတော့ တယောက်တည်းနေပြီး ကောက်ညှင်းဆန်ရွေးရင်း ဒေါသတွေကို ကောက်ညှင်းဆန်တွေပေါ် ပုံချလိုက်ပါတယ်… တော်တော်လေးလည်း စိတ်အနှောင့် အယှက်ဖြစ်မိတယ်… ဥပုသ်ယူပြီး ဒေါသတွေထွက်နေရလို့ပေါ့ စာရေးသူ စိတ်အရမ်းဆတ်လို့ ထိန်းချူပ်နိုင်အောင် တရားထိုင်လေ့ရှိပါတယ်… မရင့်ကျက်သေးဘူး ပြောရမလားဘဲ စိတ်က ခုထိဆတ်တုန်းပဲ စာရေးသူက သည်းခံရင်လည်း သူများထက် ပိုသည်းခံတယ်၊ အားလည်းအားနာတတ်တယ်၊ ဒါပေမယ့် တောင်းပန်နေရင်း ကြားက ခုလိုပြုမူရင်တော့ ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့ဘူး… စာရေးသူမှာ ပြန်သုံးသပ်တတ်တဲ့ အကျင့်တခုတော့ရှိတယ်… ပြန်သုံးသပ်လို့ ကိုယ်ကမှားသွားတယ်ဆိုရင် ပြန်တောင်းပန်လိုက်တယ်… မမှားဘူး ထင်ရင်တော့ ဘယ်တော့မှ ပြန်လှည့်မကြည့်တတ်ဘူး… ခုကိစ္စမှာလည်း မလွန်ဘူးလို့ ထင်တာပဲ တခုပဲ တောင်းပန်ချင်တာက မန်းသားတွေ ဒီလိုပဲလားလို့ ဒေါသအလျောက် သုံးမိတဲ့စကားပါပဲ… ဒီစကား အတွက် စာရေးသူလွန်သွားတယ် ဆိုတာသိပါတယ်… အားလုံးကိုသိမ်းကျုံး ပြောလိုက်မိသလိုဖြစ်လို့ ထိုလူတစုမှလွဲ၍ အားလုံးကို ဒီပို့စ်လေးကတဆင့် တောင်းပန်ပါတယ်… နောက်ရက်တွေမှာလည်း ဒေါသထပ်ဖြစ်ရမှာစိုးလို့ နောက်နေ့ အပြင်မထွက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်… ဒါပေမယ့် အပြင်ထွက်ဖို့ အကြောင်းဖန်လာပါတယ်… မုန့်လုံးရေပေါ်ကနေ မနက်ဖြန် ၀ိုင်းကူမဲ့လူမရှိလို့ လွယ်လွယ်ကူကူ မုန့်လက်ဆောင်း လုပ်မယ်ပြောလို့ မုန့်လက်ဆောင်းဖတ် မမနဲ့ သွားမှာကြပါတယ်… အဆင်ပြေပြေနဲ့ မုန့်ဖတ်မှာလို့ ရခဲ့ပါတယ်... ဒီလိုနဲ့ ဒုတိယ အကြတ်နေ့လေး ကုန်ဆုံးခဲ့ပါတယ်…

Tuesday, June 10, 2008

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၁

၁၀ရက်နေ့ မနက်လေးနာရီခွဲမှာ အိမ်ကနေ စာရေးသူမိခင်၊ သူငယ်ချင်းနဲ့အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ထွက်လာခဲ့ပါတယ်… အမှန်ဆို လေယာဉ်ချိန်က ၇နာရီကျော်မှပါ… အကြောင်းကြောင်းကြောင့် လေယာဉ်ချိန်က ၆နာရီ ၄၅ဖြစ်သွားလို့ Check In ၅နာရီခွဲအရောက် လာခဲ့ပါတယ်… အဲလ်ပုဂံလေကြောင်းနဲ့ မန္တလေးကို ထွက်လာခဲ့ပါတယ်… ရန်ကုန်မှ ပုဂံလေဆိပ်ကို ၀င်ပြီးနောက် မန္တလေးကို ၈နာရီ ၁၅မှာ ရောက်ခဲ့ပါတယ်… မန္တလေးလေဆိပ်မှတဆင့် ပုလိပ်မြွေ ဘုရားကို အငှားကားနဲ့ ထွက်လာခဲ့ကြပါတယ်… မြွေဘုရားမှတဆင့် တည်းမဲ့ Mandalay City Hotelကို သွားခဲ့ ပါတယ်… ခဏနားပြီး ထမင်းစားဖို့ထွက် လာခဲ့ကြပါတယ်… ထမင်းစားပြီး နန်းတွင်းက မြနန်းစံကျော်ရွှေနန်းတော်ကြီးကို လာခဲ့ကြပါတယ်… အမှတ်တရ ပါပဲ ကင်မရာထည့်တဲ့အိတ်ကိုချပြီး ဓာတ်ပုံရိုက်ပြီး မေ့ပြီးထားခဲ့လိုက်တာ သတိရလို့ သွားပြန်ယူတဲ့အချိန်မှာ မရှိတော့ပါဘူး… အ၀င်ကလူတွေကို လာအပ်ထားတာများရှိမလားလို့ မေးကြည့်တော့ မရှိဘူးတဲ့… စာရေးသူတို့ နောက်မှာ ကျောင်းသား/သူအရွယ်တွေ ၄ ၅ ၆ယောက်လောက်၊ ကိုရင်တွေနဲ့ ကလေးတွေ ၂အုပ်စု ရှိနေပါတယ်… သူတို့လည်း ပြန်သွားပြီဖြစ်လို့ စိတ်နှလုံးဒုန်းဒုန်းချပြီး ရှေ့ကအအေးဆိုင်မှာ ကြံရည်အေးအေးနဲ့ ရင်ထဲကအပူကိုငြိမ်း လိုက်ပါတယ်… ထို့နောက် ဘုရင်တွေ စစ်တိုက်သွားခါနီး ၀င်ရောက်ဦးတိုက်သွားတဲ့ ဘုရားကို ၀င်ရောက်ဖူးမျှော်ကြပါတယ်… ထို့နောက်မှာတော့ ရွေနန်းတော်ကျောင်းကို သွားရောက်၍ ရှေးဟောင်းလက်ရာများကို လေ့လာခဲ့ရပါတယ်… ထိုကျောင်းမှာ ဇာတ်ကြီး ဆယ်ဖွဲ့ကို ထုဆစ်ထားသည်ကို ကြည့်ခြင်းဖြင့် ရှေးကလူတွေ၏ ပန်း၁၀မျိုးလက်ရာမှာ မည်မျှခက်ခဲနက်နဲကြောင်း သိနိုင်ပါသည်… ယခုခေတ်တွင်မူ ထိုလက်ရာမျိုး ထုဆစ်နိုင်သည့် ရှိလိမ့်မည်ဟု စာရေးသူမထင်ပါ… စာရေးသူမသိတဲ့နေရာမှာလည်း ရှိချင်လည်း ရှိနိုင်ပါလိမ့်မည်…

မန္တလေးတောင်ပေါ်ကို ဒုတိယမိ ပြန်လည်ရောက်ရှိခဲ့ပါတယ်… ဘုရားဖူးပြီး တောင်ပေါ်က ပြန်ဆင်းလာတော့ ညနေ၆နာရီထိုးနေပါပြီ… ရွှေဘဲမှာ ညနေစာဝင်စားပြီး ဟိုတယ်ကို ပြန်လာခဲ့ပါတယ်… ၇နာရီကိုရီးယားဇာတ်လမ်းတွဲ ကြည့်ပြီး ၈နာရီကျော်လောက်မှာတော့ ညဈေးပွဲတော်ရှိတယ်ဆိုလို့ လမ်းလျှောက်ထွက်ခဲ့ကြပါတယ်… စတိတ်ရှိုးတွေ ကြိတ်ကြိတ်တိုးနေတဲ့သူတွေကို တိုးဝှေ့ရင်း ဈေးပွဲတော်လျှောက်ခဲ့ကြပါတယ်… ည ၁၀နာရီမှာ ပြန်ရောက်ပြီး ဟိုတယ်ကို wake up call ခေါ်ခိုင်းပြီး အိပ်ယာဝင်လိုက်ကြပါတယ်… နံနက်၅နာရီမှာ အိပ်ယာထပြီး ၆နာရီမှာ မနက်စာဆင်းစား၍ အငှားကားလည်း ရောက်နေပြီဖြစ်လို့ မေမြို့ကို ထွက်ခဲ့ကြပါတယ်… ပထမဆုံး မဟာကံထူးကံသာဘုရားကို ၀င်ရောက်ဖူးမျှော်ခဲ့ကြပါတယ်… နောက်မှာတော့ ပိတ်ချင်းမြောင်ရှိ ရေတံခွန်ထဲမှ ဘုရားများကို ဖူးမျှော်ပြီး ပွဲကောက်ရေတံခွန်ကို သွားခဲ့ကြပြန်ပါတယ်… ထို့နောက် တရုတ် ဘုရားကျောင်းကို သွားရောက်ဖူးမျှော်ခဲ့ပြန်ပါတယ်… တရုတ်အစားအစာဆိုင်မှာ နေ့လည်စာဝင်စားပြီး အမျိုးသားကန်တော်ကြီးဥယျာဉ်ကို လာခဲ့ကြပါတယ်… ဆုန်သင်းပါလ်ဆိုတဲ့ ဆင်မလေးပေါ်မှာ ဆင်စီးပြီး ၀န်းတပတ်ပတ်ခဲ့ပါတယ်… ပြီးတော့ မန်းကို ပြန်ဆင်းခဲ့ပါတယ်… ညနေ၅နာရီမှာ ပြန်ရောက်ပြီး အကင်ဆိုင်မှာ ညနေစာစား၍ ဟိုတယ်ကို ပြန်လာခဲ့ပါတယ်…
ဒီနေ့က သင်္ကြန်အကြိုနေ့ပါ… တခါမှ မန်းသင်္ကြန်မလည်ဖူးလို့ လာခဲ့တဲ့ ကိုယ့်ကိုကိုယ် နောင်တရမိတာတော့ အမှန်ပါ… ဘာလို့လဲဆိုတော့ ဒီနှစ် ရန်ကုန်သင်္ကြန်က အရမ်းစည်မှာလေ ယခင်နှစ်က မဏ္ဏပ်ပေးမဆောက်တဲ့နေရာတွေပါ ဆောက်ခွင့်ပေးထားတဲ့အပြင် အင်ယားကန်ပတ်လည်မှာပဲ မဏ္ဏပ်ပေါင်း ၇၀ကျော်တယ်လို့ သတင်းကြားခဲ့ရလို့ပါပဲ… ကျုံးဘေးနားမှာပဲ မဏ္ဏပ်ရှိပြီး တနေကုန်တောင် ရေမစိုပါဘူး စိုလိုက်ခြောက်လိုက်နဲ့ ပျင်းစရာကြီးပါပဲ… မန်းလေးသင်္ကြန်က ပျော်စရာအကောင်းဆုံးလို့ ပြောတာ ဘာကိုပြောတာပါလိမ့်လို့ စာရေးသူမေးချင်လိုက်တာ… ဒါနဲ့ ကျုံးဘေးက မဏ္ဏပ်တခုမှာပဲ ရေကစားမယ်ဆိုပြီး အကျနေ့အတွက် စာရင်းပေးပြီး ပြန်လာခဲ့ပါတယ်… လူအများစုက Alpine မဏ္ဏပ်မှာပဲ စုနေကြပြီး ကားလည်း သွားမရ၊ လူလည်း အတင်းတိုးဝှေ့ပြီး ဟိုတယ်ကိုပဲ ပြန်လာကြပါတယ်… စာရေးသူအမေက ရေကြောက်လို့ စာရေးသူတို့နဲ့ မလိုက်ပါဘူး… စာရေးသူ အမေက နင်တို့ရေပက်ခံထွက်တာ ရေလည်းမစိုလာပါလားတဲ့… စာရေးသူအမေကို ပြန်ဖြေရင်း ရေမိုးချိုး၍ ညစာကိုတော့ ဟိုတယ်မှာပဲစားပြီး ဟိုတယ် reception မှာ emailသုံးဖို့ ထွက်လာခဲ့ပါတယ်… စာရေးသူရဲ့ သူငယ်ချင်းများ၊ ဘလော့ဂ်မောင်နှမတွေဆီ မှီသလောက် နှစ်သစ် ဆုတောင်းလေးပို့စ်ပြီး ပစ္စည်းတွေသိမ်းဖို့ အခန်းကို ပြန်လာခဲ့ပါတယ်… ဟိုတယ်ဝန်ထမ်းတွေရဲ့ ဧည့်ုဝတ်ကျေပွန်မှုကို အမှတ်ရရင်း နောက်တခါလာ ဖြစ်ခဲ့ရင် ဒီဟိုတယ်ကို လာတည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်…
သင်္ကြန်အကျနေ့
နံနက်စာစားပြီး ကျုံးပတ်လည် လမ်းမပိတ်ခင် ဆီဒိုးနားဟိုတယ်ကို နံနက် ၈နာရီလောက်မှာ ကူးခဲ့ပါတယ်… အခန်းဘိုကင် ကြိုပေးပြီးသားဖြစ်လို့ ရောက်တယ်ဆိုရင်ပဲ အထုပ်အပိုးတွေချပြီး ရေကစားဖို့ မဏ္ဏပ်ကို လာခဲ့ပါတယ်… စာရေးသူတို့မဏ္ဏပ်ကို အနဂ္ဂသီချင်းလာဆိုပါတယ်… ရေကစားရတာ ပျင်းလာလို့ ဟိုတယ်ကို ပြန်လာခဲ့ကြပါတယ်… ဟိုတယ်နဲ့ မဏ္ဏပ်ကနီးနီးလေးပါပဲ… ဟိုတယ်မှာ နေ့လည်စာစားပြီး ရေကစားရမှာလည်း ပျင်းလို့ ဟိုတယ်ရဲ့ အားကစားခန်းမထဲကို သွားခဲ့ပါတယ်… ဟိုတယ်မှာတည်းတဲ့သူဆိုရင် အခမဲ့ ကစားလို့ရတယ်ဆိုလို့ စာရေးသူတို့ ပြေးစက်နဲ့စက်ဘီးစက် ကစားပြီး ၄နာရီမှာ ပိုက်ဆံပေးထားရတာဆိုတော့ ခဏသွားဆော့ဦးမယ်ဆိုပြီး ပြန်ထွက်လာကြပါတယ်… ညနေ ၅နာရီခွဲမှာ ပြန်လာပြီး ကြေးအိုး သွားစားကြပါတယ်… ကြေးအိုးကြိုက်တဲ့ စာရေးသူတောင် တစွန်းနှစ်စွန်းပဲ စားနိုင်ပါတယ်… ဘယ်လိုအရသာမှန်းကို မသိတာ တခြားသူတွေကတော့ အားရပါးရစားနေလိုက်ကြတာ… စာရေးသူတို့ဝိုင်းကတော့ တ၀က်တောင် ဘယ်သူ့မှ မကုန်ဘဲ ပြန်ထွက်လာကြပါတယ်… ဟိုတယ်က လုံခြုံရေး ၀န်ထမ်းအပြောအရ မန်းလေးမှာ နာမည်ကြီး ကြေးအိုးဆိုင်တဲ့… ပြေးပြီး YKKOကြေးအိုးကို သတိရမိတာအမှန်ပါပဲ… အားကစားခန်းမထဲပြန်လာပြီး ချွေးထွက်အောင်ဆော့ပြီး ရေကူးဖို့ ရေကူးကန်ကို လာခဲ့ပါတယ်… စာရေးသူသယ်ရင်းက ရေကူးတက်တယ်လေ စာရေးသူကို သင်ပေးပါတယ်… ဒါပေမဲ့ စာရေးသူ ရေကူးလို့ မရပါဘူး… အကြောကပ်တတ်ပြီး ခြေထောက်ထဲ လေ၀င်ဝင်နေလို့ ခြေခတ်တာတောင် ဖြောင့်အောင် မသင်လိုက်ရပါဘူး… စာရေးသူလည်း သယ်ရင်း ရေကူးတာပဲ ထိုင်စောင့်နေလိုက်ပြီး ၉နာရီလောက်မှာ အခန်းထဲ ပြန်လာခဲ့ကြပါတယ်… မနက်ဖြန်ဆိုရင် စာရေးသူတို့က အမနေထိုင်ရာ အောင်ပင်လယ်မြို့သစ်၊ ခိုင်ရွှေဝါလမ်းကို သွားမှာဖြစ်ပြီး စာရေးသူသယ်ရင်းက ရန်ကုန်ကို ပြန်ရမှာမို့ ပစ္စည်းတွေ သိမ်းရပြန်ပါတယ်…

သင်္ကြန်အကြတ်(ပထမအကြတ်)
နံနက် ၅နာရီထပြီး မနက်စာစားပြီးချိန်မှာတော့ စာရေးသူသယ်ရင်းက check in ၇နာရီရောက်ရမှာမို့ ဟိုတယ်ကနေ ၆နာရီပြန်သွားခဲ့ပါတယ်… စာရေးသူတို့ သားအမိကတော့ အငှားကားချိန်းထားပြီးသားမို့ နံနက်၈နာရီမှာ အစ်မအိမ်ကို ထွက်လာခဲ့ကြပါတယ်… မမတို့အိမ်မှာ ပစ္စည်းတွေချပြီး အစ်ကိုဝမ်းကွဲဆီ ပြန်ရောက်ပြီဖြစ်တဲ့အကြောင်း ဖုန်းဆက်ပြီး မတွေ့တာကြာပြီဖြစ်လို့ စကားတွေဖောင်ဖွဲ့နေခဲ့ပါတယ်… စာရေးသူလည်း သင်္ကြန် မလည်တော့ဘူး ဆုံးဖြတ်ထားပေမဲ့ ခဏနေတော့ အစ်ကိုက လာခေါ်ပါတယ်… တကူးတကတောင် လာခေါ်ရတာဆိုတော့ စာရေးသူလည်း မငြင်းတော့ဘဲ လိုက်သွားခဲ့ပါတယ်… ရေခဏပဲဆော့ပြီး ထိုင်နေလိုက်တယ်… စာရေးသူကို ပျင်းနေပြီဆိုပြီး မန်းလေးကန်တော်ကြီးကို လိုက်ပို့ ပေးပါတယ်… တလမ်းလုံး ရေကစားမဏ္ဏပ်သုံးခုသာရှိပြီး ရေစိုတယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ မေးရလောက်အောင် ပက်မယ့်သူမရှိခြင်းပါဘဲ… အစ်ကိုက မြတ်မန္တလာဟိုတယ်မှာ အလုပ်လုပ်ပါတယ်… ပြန်လာပြီး ချမ်းတယ်ဆိုပြီး ဟိုတယ်ကရောင်းတဲ့ ဘီယာကို ၀ယ်သောက်ပါတယ်… မူးနေပြီဆိုပြီး ရေတွေလောင်း ချမ်းတယ်ဆိုပြီး ဘီယာသောက်နဲ့ ဘယ်လောက်တောင်သောက်လည်း စာရေးသူလည်း မသိပါဘူး ကိုယ့်ကိုကိုယ်တောင် မသယ်နိုင်တော့ပါဘူး… ဒီလောက်မူးနေတာ စာရေးသူကို အိမ်ပြန်ပို့ပေးမယ်ဆိုပြီး ဆိုင်ကယ်သွားယူပါတယ်… စာရေးသူလည်း အိမ်ပြန်ချင်တာက ကြာလှပြီ ဒါပေမယ့် သွားရမှာက ဆိုင်ကယ်နဲ့ လူကမူးနေတော့ မလိုက်ရဲဘူးပြောလိုက်တယ်… ဟိုတယ်က တာဝန်ခံတွေကလည်း ၀ိုင်းပြောကြ ပါတယ်… နောက်ဆုံးပြောမရတဲ့အဆုံး ဆိုင်ကယ်သော့ကို ဖွတ်ထားလိုက်ကြတယ်… စာရေးသူကလည်း မူးနေတဲ့သူတွေကို တအားမုန်းတာ အစ်ကိုကလည်း ဖြစ်နေပြန် ဘာလုပ်လို့လုပ်ရမှန်းလည်းမသိ ကားငှားပြန်ရအောင်ကလည်း ရန်ကုန်လိုမလွယ် ဈေးမသိရင်လည်း အနှက်ခံရဦးမယ်… ဒါနဲ့ မမဆီအကျိုးအကြောင်း ဖုန်းဆက်ပြန်တော့လည်း တခါမှ သောက်လေ့သောက်ထမရှိတော့ စာရေးသူကလည်း နောက်တတ်တော့ နောက်နေတယ် ထင်ပြီး သူတို့က မယုံ စိတ်ညစ်လိုက်တာ မပြောပါနဲ့… ခဏနေတော့ ရပြီ မမူးတော့ဘူးပြောတယ်… တာဝန်ခံအန်တီက လမ်းလျှောက်ပြပြောတော့ လမ်းလျှောက်ပြတယ်… မယိုင်တော့ဘူးဆိုပြီး ဆိုင်ကယ်သော့ထုတ်ပေးလိုက်တယ်… စာရေးသူကိုလည်း ဘုရားစာသာ ရွတ်သွားလို့ မှာလိုက်သေးတယ်… အစတည်းကမှ ကြောက်ပါတယ်ဆိုမှ သူတို့က ဖြဲခြောက်နေလိုက်သေးတယ်… တလမ်းလုံး စာရေးသူလည်း ကိုကြီး ဖြည်းဖြည်းပဲ မောင်း အိမ်ရောက်တာ နောက်ကျရင် ကျပါစေ ကြောက်လို့ ဖြည်းဖြည်းပဲမောင်းလို့ ပြောလာရတယ်… ဘာမှမဖြစ်ပါဘူးလို့ ကိုကြီးက ပြန်ပြောပေမယ့် ကြောက်စိတ်ကတော့ ရှိနေဆဲပါပဲ… သိပ္ပံလမ်းကို ကွေ့စဉ်မှာပဲ ဆိုင်ကယ်ဆလစ်ဖြစ်ပြီး စာရေးသူဆိုင်ကယ်ပေါ်က ပြုတ်ကျပါလေရော… ငါဘာဖြစ်ပြီလဲ အတွေးရယ်၊ ကြောက်စိတ်ရယ်အတွေးနဲ့ မျက်ရည်တွေဝိုင်းလို့လာပါတယ်… မူးနေတဲ့ စာရေးသူအစ်ကိုလည်း အမူးပြေသွားပါတော့တယ်… ထလိုက်ပြီး ခါးက တအားနာလာတယ်… စာရေးသူအစ်ကိုက ဘာဖြစ်သွားလဲမေးပေမယ့် ဘာမှမဖြစ်ဘူးသာ ပြောလိုက်တာ တအားကို နာနေပါတယ်… စာရေးသူ ပြုတ်ကျသွားပြီးမှပဲ ဆိုင်ကယ်မောင်းတာလည်း အဖြောင့်ဖြစ်သွားတော့တယ်… အိမ်လည်းရောက်ရော စာရေးသူမျက်နှာမဲ့ရှုံ့နေတာသိတဲ့ အမေက ဘာဖြစ်လာလဲပဲမေးရသေးတယ် အငိုသန်တဲ့ စာရေးသူက ငိုပါလေရော… စာရေးသူအကြောင်းသိပြီးဖြစ်တဲ့အမေက သွားအင်္ကျီအရင် သွားလဲလို့ လွတ်လိုက်တော့မှ ငိုတာရပ်သွားတော့တယ်… Emergency Box အသေးစားလေးက အမြဲပါနေကြမို့ ကိုယ့်ဘာသာ Dressingလုပ်လိုက်ပြီး ခဏ နားနေလိုက်ပါတယ်… ဂျင်းဘောင်းဘီဝတ်ထားလို့သာ ဒဏ်ရာကသိပ်မနက်တာ၊ ဆိုင်ကယ်အရှိန်နှေးတာလည်း ပါမှာပေါ့လေ… စာရေးသူက ကြောက်လို့ ခွစီးထားလို့ တစောင်းလိုက်ပြုတ်ကြတာ ပြီးတော့မှောက်ခုန်ဖြစ်သွားတော့ လက်နှစ်ဖက်နဲ့ ကတ္တရာလမ်းကို လှမ်းထောက်လိုက်ပေမယ့် လက်ဖ၀ါးတွေ ဖြစ်ဖြစ်ချင်းက ရဲသွားပေမယ့်… ဘာမှမဖြစ်ခဲ့ပါဘူး ဒါပေမဲ့ ကျန်ခဲ့တဲ့ အမာရွတ်ကတော့ လက်မတချောင်းအရွယ်ရှိပါတယ်… ခုချိန်ထိ ခါးရိုးက ထိရင် နာနေတုန်းပါပဲ… စာရေးသူရဲ့ သင်္ကြန်မလည်တော့တဲ့ ဆုံးဖြတ်ချက် ပိုပြီးခိုင်မာလာခဲ့ပါတယ်… ဒုအကြတ်၊ အတက်၊ နှစ်ဆန်းတရက် သုံးရက် ဥပုသ်စောင့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်…

ခြင်ထောင်ပက်လက်လှန်ထားရသူများ

နာမည်ကြားတာနဲ့ စာဖတ်ပရိသတ် ဘာများပါလိမ့်လို့ တွေးကောင်းတွေးကြပါလိမ့်မည်… ခြင်ထောင်ပက်လက်လှန်ထားတဲ့ သူတွေက တခြားတော့ မဟုတ်ပါဘူး နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ ဂုတ်သွေးစုပ် စီးပွားရေးသမား အများစုပါပဲ… မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခ ရောက်နေတဲ့ ပြည်သူအချင်းအချင်းအပေါ် ခေါင်းပုံဖြတ်မှုပါပဲ… အိမ်ခေါင်မိုးတွေ ကျွတ်ပါသွားခြင်းကြောင့် မိုးရွာသောအခါ တအိမ်လုံး စိုလို့ရွှဲခဲ့ရတာ အိမ်ခြေအများစုပါ… နောက်ထပ်မိုးမရွာခင် အမိုးပြန်မမိုးနိုင်ခဲ့ရင် ဘယ်နေရာမှာ သွားအိပ်ကြမည်နည်း… ထိုသို့ဒုက္ခ ရောက်နေကြသည်မှာ တအိမ်တည်းပါလား? တမြို့လုံးနည်းပါး ဒုက္ခရောက်နေကြခြင်းပါ… ရာသီဥတုက သွားလို့ရယုံဖြစ်သည်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်တွေကို အပြေးအလွှားသွားဝယ် ကြရပါတယ်… တန်းစီစနစ်နဲ့ သွပ်တချပ်ကို တသောင်းနှုန်း ၀ယ်ကျရပါတယ်…
သွပ်ရပြန်တော့ သွပ်သံလိုလာပါတယ်… သွပ်သံ၏ယခင်ပုံမှန်ဈေးမှာ တစ်ဆယ်သားကို လေးရာ့ငါးဆယ်၊ ယခုတရှိန်တည်း ထိုးတက်သွား လိုက်တာ တစ်ဆယ်သားတစ်ထောင်… မ၀ယ်လို့ရပါလား? မဖြစ်မနေ၀ယ်ရမယ့် ပစ္စည်းဖြစ်လို့ ၀ယ်ကြရပါတယ်… ခုလိုချက်ချင်း ၀ယ်နိုင်သူများက မည်သူများပါနည်း? ငွေကြေးချမ်းသာသူများနှင့် ငွေအတန်အသင့်ရှိသူများသာ ၀ယ်နိုင်ကြပါတယ်… မရှိ ဆင်းရဲသားများ၊ လစာမျှော်စားနေရတဲ့ ၀န်ထမ်းမိသားစုများ၊ တနေ့လုပ်မှ တနေ့စားရသည့် နေ့စားများက မည်သည့်ပိုက်ဆံနဲ့ ၀ယ်ရမည်နည်း… ထိုသို့သော ဆိုင်မျိုးရှိသလို ယခင်ဈေးအတိုင်း ရောင်းချပေးတဲ့ဆိုင်များလည်း ရှိခဲ့ပါတယ်… သူများ ဒီဈေးရောင်းနေတယ်… ဘာလို့တက်မရောင်းတာလည်းပြောတော့… ဘာလုပ်မှာလည်း သူများလည်း ဒုက္ခရောက်နေကြရတာ မရောင်းပါဘူးလို့ ပြောလိုက်တဲ့ သဘောထားပြည့်ဝတဲ့ ဆိုင်ရှင်ရဲ့အသံက သိပ်ကိုကြည်နူးစရာကောင်းလှပါတယ်…

ရေပိုက်နှင့် ရေပိုက်ပစ္စည်းအရောင်းဆိုင်တဆိုင်ကတော့ သွပ်ဝယ်တဲ့သူတိုင်းကို သွပ်သံတွေ အလကားပေး ပေးလိုက်ပါတယ်… ဟယ် သွပ်သံတွေ ဈေးကောင်းရနေတာ အလကားပေးတယ်ဟုတ်လားလို့ တအံ့တသြမေးလိုက်တာကို ပိုင်ရှင်က သူများတွေမှာ တကယ်လိုအပ်နေကြတာကို ကျွန်မက လှူတာပါတဲ့…ကဲ… ရေငတ်တဲ့သူကို ရေသောက်ဖို့ပေးတာ လိုအပ်တာကို လှူလိုက်တာဖြစ်လို့ အမွန်မြတ်ဆုံးကုသိုလ်ကို ရရှိပါတယ်… ထိုထိုသော စီးပွားရေး လုပ်ငန်းရှင်များကိုလည်း သာဓုခေါ်ပါတယ်…

မုန်တိုင်းတိုက်ပြီး နောက်နေ့မှာ ဈေးတွေထဲမှာ ရောင်းမယ့်သူက သိပ်မရှိ၊ ၀ယ်သူက ကြိတ်ကြိတ်တိုး၊ ဈေးတောင်မဆစ်နိုင်ဘဲ ပစ္စည်းကောင်းကောင်း မကောင်းကောင်း မတန်တဆပေးဝယ်နေကြတယ်… အခြေအနေကြည့်ပြီး ဈေးတောင်မသွားဘဲ ပြန်လာခဲ့ တယ်… ကြောက်စရာ လူအုပ်ကြီးပါတကား… (၄)ရက်နေ့မှာ သွပ်သံဈေးနှုန်းက ၁၅၀၀ဖြစ်သွားခဲ့ပါတယ်… အဲဒီ့ ၁၅၀၀ဈေးနှုန်းဆိုတာ မနက်ပိုင်းဈေးပါ ညနေပိုင်းမှာတော့ သွပ်သံ ၉ချောင်းကို ၁၀၀၀ကျပ်ဖြစ်သွားခဲ့ပါတယ်… လူထုရဲ့ မကျေနပ်သံများလည်း ဆူညံလာ ခဲ့ပါတယ်…

သူတို့ပြောလာကြသည်မှာ “လူတိုင်းဒုက္ခရောက်နေတာ ကိုယ့်မှာလည်း ပစ္စည်းရှိနေတာပဲ လက်ရှိဈေးနှုန်းတိုင်း မဟုတ်တောင် ၁၀၀၀လောက်ဆိုတော်ရောပေါ့… ခုတော့ နွားကွဲရင် ကျားဆွဲမယ်ဆိုတာချည်းပဲ… ကုန်သွားလို့ နောက်ထပ်ဝယ်လို့ဈေး တက်နေရင် တက်ဈေးနဲ့ရောင်း လက်ခံတယ်… ပစ္စည်းရှိရဲ့သားနဲ့ လှောင်ထားပြီး ဈေးကစားနေတယ်… ငါတို့ တန်းစီပြီး ၀ယ်ဖို့ မကောင်းဘူး ၀ိုင်းလုဖို့ပဲကောင်းတယ်…” “သူများတွေ ဒုက္ခရောက်နေတာ သူတို့က စီးပွားရှာကောင်းနေတယ်… သူတို့လည်း ပြည်သူထဲက ပြည်သူမဟုတ်ဘူးလား… ဒါလောက်တောင် ကိုယ်ချင်းစာတရားမရှိဘူးလား…” “ရှိတဲ့သူတွေကအကြောင်းလား ခု ၉ချောင်း ကို တစ်ထောင်ပေးခဲ့ရတယ်… အဲဒီ၉ချောင်းကကော အကုန်ကောင်းမယ်တဲ့လား… ရိုက်လိုက်တာနဲ့ ကွေးသွားတာရော၊ ကွင်းပြုတ်သွား တာရောနဲ့ ဘယ်နှချောင်းမှ အကောင်းမကျန်ဘူး… ပိုက်ဆံမရှိပါဘူးဆိုမှ ဒါမှမ၀ယ်ရင်လည်း မိုးရွာရင် ဒုက္ခဖြစ်ဦးမယ်… သိပ်မိုက်ရိုင်းတဲ့ဟာတွေ လိုသလောက်လည်း မပေးဘူး တယောက်တထောင်ဖိုးနဲ့ ဘာသွားလုပ်ရမှာလဲ… ဘယ်သူကကော လိုအပ်တာထက် ပိုယူမှာလဲ… ပိုယူရအောင်လည်း တခြားနေရာမှာ သုံးလို့ရတာမဟုတ် လူပါးကိုဝတယ်” ဒါကတော့ မီးလေးကြားရသလောက်ပါ… ထိုသို့သော ဆိုင်မျိုးမှာ မ၀ယ်မိဖို့ မီးလေးဆုံးဖြတ်ချက်ချလိုက်ပါတယ်… အားလုံးပြောနေကြသည်မှာ မှန်သင့်သလောက် မှန်နေသည်ကိုး… ထိုသို့သောဆိုင်မျိုးမှာ ၀ယ်နေသ၍ ထိုသို့ ဂုတ်သွေးစုပ်နေဦးမှာပဲ… ခုလိုဂုတ်သွေးစုတ်မခံရအောင် စာဖတ်သူများလည်း ထိုဆိုင်မျိုးမှာ မ၀ယ်မိဖို့ တိုက်တွန်းလိုပါတယ်… သို့မှသာ ဂုတ်သွေးစုပ်ချင်သော အရင်းရှင် စီးပွားရေးသမားများ လျော့နည်းလာမှာဖြစ်ပါတယ်… ထိုဆိုင်ကတော့ ရတနာလမ်းမှာရှိတဲ့ အိမ်ဆောက် ပစ္စည်းဆိုင်တဆိုင်ပဲ ဖြစ်ပါတယ်…

ကုန်ဈေးနှုန်းများလည်း အဆမတန်တက်လာပါတယ်… လမ်းပန်းဆက်သွယ်ရေးအတွက် ကားတွေအဆင်မပြေလို့ လမ်းလျှောက် လာကြတဲ့ ၀န်ထမ်းအများစုရှိပါတယ်… ဆန်ဈေးနှုန်းတွေလည်း အဆမတန်တက်လို့ စားဝတ်နေရေးအတွက် ပူပန်နေကြရပါတယ်… ထို့ထက်ပိုပြီး အရေးကြီးသော ပြဿနာမှာ မီးမရ၍ ရေပြတ်တောက်မှု ပြဿနာပဲ ဖြစ်ပါတယ်… ဆက်သွယ်ရေး ပြတ်တောက်ခြင်းထက် ရေမရှိခြင်းက ပို၍ဆိုးနေကြပါတယ်… ရေရရှိရန်အတွက် မီးစက်များငှား၍ ရေတင်ကြပါတယ်… တချို့က ရေတစည်ကို ၅၀၀နဲ့ရောင်းပါတယ်… တချို့က ရေလှူပါတယ်ဆိုပြီး အခမဲ့ဝေနေကြပါတယ်… ဟန်းဖုန်း၊ GSMဖုန်းတွေကတော့ သုံး၍ရပါတယ် ဒါပေမဲ့ ဖုန်းလိုင်းတွေ တအားကြပ်နေပါတယ်… ၆ရက်နေ့မှာတော့ သက်ဆိုင်ရာက ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းများ ပုံမှန်အတိုင်းရောင်းရန်၊ တင်ရောင်းသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကားနဲ့လှည့်လည်၍ ကြေညာပါတယ်… ဒါပေမဲ့ ဆီတပိဿာကို ၇ရက်နေ့မှာ တစ်သောင်းဖြစ်သွားပါတယ်… ကုန်သည်များမှာ ပစ္စည်းမရှိ၍ မဟုတ်ပါ… ပစ္စည်းရှိပါသည် စီးပွားရေးလောက၏ ပရိယာယ်အရ မကိုက်မရောင်းဘူးဆိုပြီး ကုန်သွားတယ်ပြော၍ နောက်ပိုင်းကျမှ တက်ဈေးနဲ့ ၀ယ်ရသလိုလို လှည့်ပတ်ပြီး ဈေးကစားနေကြသည့် ကုန်သည်များအား သက်ဆိုင်ရာမှလည်း ကြီးကြပ်၍ထိထိမိမိ အရေးယူဆောင်ရွက်စေလိုပါတယ်လို့ ဆန္ဒပြုရင်း…

မီးလေး ခရီးသွားမှတ်တမ်း - ၎

၎ရက်နေ့မှာတော့ မနက်ဖြန်မီးလေးတို့ပြန်မှာမို့ သယ်ရင်းအဒေါ်က ထမင်းစားဖိတ်ထားပါတယ်… နေ့လည် ၁၂နာရီလောက်မှာ ထမင်းလာစားလို့ ရပြီဆိုပြီး လာခေါ်လို့ စာရေးသူတို့သွားစားကြပါတယ်… ဟင်းတွေကလည်း စုံလို့ပါပဲ… ခံတွင်းအတွေ့ဆုံးက နှစ်ပြန်ကြော်နဲ့လက်ဘက်သုတ်ပါပဲ… ထမင်းစား ပြန်လာပြီးတော့ အဆောင်မှာနေတဲ့ ကောင်လေးတွေ အကူအညီတောင်းပြီး သူတို့ဆိုင်ကယ်သုံးစီးနဲ့ သူတို့နေထိုင်ရာ ရွာတွေကို လိုက်ပို့ခိုင်းပါတယ်… စာရေးသူ ရွာတွေကို တခါမှ မရောက်ဖူးပါဘူး… ကြမ်းတမ်းတဲ့လမ်းတွေပေါ်သွားရင်း ရွာတွေတရွာပြီးတရွာ ဖြတ်ရင်း ရှမ်းတောစု ဆိုတဲ့ ကျေးရွာလေးကို ရောက်ခဲ့ရပါတယ်… ရွာတွေရောက်တယ်ဆိုရင်ပဲ အိမ်တိုင်းက ဧည့်ခံတဲ့ ထန်းလျက်ခဲ၊ ရေနွေးကြမ်းနဲ့ ပဲကြမ်းကို နည်းနည်း တော့စားရပါတယ်… မစားမချင်းမပြန်ခိုင်းပါဘူး… ယခင်နှစ်တွေ အဆောင်လာတက်တဲ့ ကလေးတွေကလည်း အတင်းကို ခေါ်ကြလို့ ၀င်လည် ရပါတယ်… ရွာသူ/သားတွေရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို လက်တွေ့ တွေ့ကြုံခံစားခဲ့ရပါတယ်… ဟိုအိမ်က ခေါ်လိုက်၊ ဒီအိမ်က ခေါ်လိုက်၊ အထဲတောင် မထိုင်ရသေးဘူး နောက်တအိမ်က သူတို့အိမ်လာဖို့ လာစောင့်နေကြပြီ… ရွာထဲက ပြန်ထွက်လာတော့ ညနေ ၅နာရီ ထိုးတော့မယ်… ရွာခံကောင်လေး တွေက လမ်းကောင်းက သွားမယ်ဆိုပြီး အသစ်ဖောက်ထားတဲ့ မြေနီလမ်းကို ၁၀မိနစ်လောက်ဖြတ်ပြီးရင်ပဲ ကုမ္ပဏီတွေက ခင်းထားတဲ့ ကတ္တရာလမ်းကို ဖြတ်မောင်းခဲ့ပြီး ဆင်မင်း ဘိလပ်မြေစက်ရုံနဲ့ တခြား အထည်စက်ရုံတွေကို ဖြတ်လာပြီး ၆နာရီကျော်လောက်မှာ ကျောက်ဆည်မြို့ထဲ ပြန်ဝင်လာခဲ့ ကြပါတယ်…

စာရေးသူတို့ကို ညနေစာတအိမ်က ဖိတ်ထားပါသေးတယ်… သူတို့ကို ညနေ၄နာရီမှာ လာခေါ်ခိုင်း ထားတာပါ… စာရေးသူတို့လည်း အချိန်အတော် လင့်နေလို့ ဆိုင်ကယ်ကို ဒုန်းစိုင်းမောင်းလာခဲ့ကြပါတယ်… ဆိုင်ကယ်နဲ့လိုက်ပို့ပေးကြတယ် ဂျီတီစီကျောင်းသားတွေကလည်း သူတို့ကျောင်းကို ပြချင်သေးတယ်ဆိုပြီး အိမ်မပြန်ဖြစ်သေးဘဲ စက်မှုတက္ကသိုလ်ကို လာခဲ့ကြပါတယ်… စက်မှုတက္ကသိုလ်မှာ အမှတ်တရဓာတ်ပုံတွေ ရိုက်ပြီး ပြန်လာကြပါတယ်… အိမ်ပြန်ရောက်တော့ ၆နာရီ ၄၀ဖြစ်နေပြီ… လာခေါ်တဲ့သူတောင် ပြန်သွားပြီ နောက်မှ လာခေါ်မယ်ပြောပါတယ်… နောက်ကျ နေမှာစိုးလို့ စာရေးသူတို့ လာခေါ်တဲ့သူမစောင့်တော့ပဲ ဇရပ်ဖြူကျေးရွာကို လာခဲ့ကြပါတယ်… ရောက်ခါနီးမှာပဲ လာခေါ်တဲ့သူနဲ့တွေ့ပြီး အိမ်ရှာစရာ မလိုတော့ဘဲ ဇရပ်ဖြူကျေးရွာလေးကို ရောက်ခဲ့ပါတယ်… အဲဒီမှာ ခံတွင်းအတွေ့ဆုံးက ပြောင်းဖူးပြုတ်နဲ့ သဘောင်္သီးပါပဲ… ပြောင်းဖူးကလည်း တအားကို ချိုနေတာပဲ… သင်္ဘောသီးကတော့ သူတို့တောမှာ စိုက်ထားတဲ့အပင်က သီးတာတဲ့လေ… မနက်ဖြန်မပြန်ခင် တောကိုအလည် လာခေါ်မယ် ပြောတယ်… စာရေးသူတို့လည်း ဇရပ်ဖြူက ပြန်ထွက်လာတော့ လမ်းမှာ အသိတယောက်နဲ့တွေ့တော့ ဟိုဘက်ရွာမှာ အလှူအောင်ပွဲ ပွဲရှိတယ် တဲ့လေ… စာရေးသူတို့လည်း မရောက်ဘူးလို့ သွားကြည့်ရအောင်ဆိုပြီး ပွဲရှိတဲ့ရွာကို ဆိုင်ကယ်ဆီဖြည့်ပြီး ထွက်လာကြပါတယ်… ရွာပွဲခဏကြည့်မယ် ဆိုပြီး စောင့်လိုက်တာ ၈နာရီထိုးသွားပါပြီ ဒါပေမဲ့ ပွဲက မထွက်သေးဘူး… ပွဲခင်းထဲမှာ ပြဿနာတက်တာကတော့ စာရေးသူပါပဲ… စာရေးသူမှာက အစာအိမ်ရောဂါ ရှိတယ်လေ ဒီနေ့တနေကုန် မစားမဖြစ်စားရတဲ့ အားနာစာတွေနဲ့ ညနေစာစားတာတောင် အိမ်ရှင်တွေမသိအောင် ဘေးကနှစ်ယောက်ကို ထမင်းတွေထည့်ပေးပြီး နှစ်လုပ်ပဲစားခဲ့တာ… ခုချိန်မှာတော့ ချွေးစေးတွေ ထွက်ပြီး ဗိုက်တအားအောင့်နေပြီ… အရင်ဆို ဆေးက သွားလေရာပါပေမဲ့ ဆေးကတည်းတဲ့အိမ်မှာ ကျန်ခဲ့တယ်လေ… ပြေးဝယ်စရာဆိုင်ရယ်လို့လည်းမရှိ ချွေးစေးတွေထွက်လို့ သုတ်ဖို့ တစ်ရှုးတောင် မရောင်းကြဘူး… သယ်ရင်းကလည်း တအားကြည့်ချင်နေ နောက်ဘယ်လိုမှ မရတော့လို့ ၉နာရီလောက်မှာ ပြန်လာကြပါတယ်… အိမ်ပြန်ရောက်တယ် ဆိုရင်ပဲ ဆေးသောက်ပြီး ခဏနားနေလိုက်ပါတယ်… မနက်ဖြန် ၅နာရီကားနဲ့ပြန်မှာမို့ မနက်လည်း သွားစရာတွေကရှိပြန်တော့ အထုပ်အပိုးတွေကို ပြင်ဆင်ပြီးချိန်မှာတော့ မနက်တနာရီထိုးနေပြီ… ပင်ပန်းစွာနဲ့ပဲ အိပ်ပျော်သွားပါတော့တယ်…

မနက်၈နာရီမှာ အိပ်ယာထပြီး ရန်ကုန်ပြန်ဝယ်သွားဖို့ ပြောင်းဖူးတွေ ဈေးထဲကို ဆိုင်ကယ်နဲ့သွားဝယ်ပြီး ၁၀နာရီလောက်မှာ တောကိုလိုက်သွား ကြပါတယ်… လယ်ကွင်းစိမ်းစိမ်းတွေထဲကို ဖြတ်လျှောက်ပြီး စာရေးသူတို့သွားလိုတဲ့ တောကိုရောက်ခဲ့ပါတယ်… ကွမ်းခြံမှာ ကွမ်းရွက်ခူးနေတာကိုလည်း တွေ့ခဲ့ရတယ်… သင်္ဘောသီးတွေကို ရန်ကုန်လက်ဆောင်အဖြစ် အပင်က ခူးပေးလိုက်ပါတယ်… ၁၂နာရီထိုးခါနီးမှာ အိမ်ပြန်ရောက်ခဲ့ပြီး ခရစ်ယာန်ဝင်းက အသိအိမ်တွေကို လိုက်ပြီးနှုတ်ဆက်ကြပြီး အိမ်ကိုပြန်ရောက်လာ ကြပါတယ်… သယ်ရင်းအမေကလည်း ပြန်မှာမို့ ထမင်းမစားနိုင် စာရေးသူတို့လည်း ငိုချင်သလို ရယ်ချင်သလိုနဲ့ တမျိုးကြီးနဲ့မို့ ထမင်းမစားနိုင်ကြပါဘူး… တအိမ်လုံးလည်း တိတ်ဆိတ်လို့နေပါတယ်… စာရေးသူလည်း စိတ်ထဲမကောင်းပေမယ့် ရယ်စရာတွေ လျှောက်ပြောရင်း အချိန်တွေကို ကုန်ဆုံးလိုက် ပါတယ်… ကားဂိတ်ကို တနာရီကြိုရောက်ရမှာမို့ ညနေ၄နာရီမှာ ကားဂိတ်ကိုထွက်ခဲ့ကြပါတယ်… ကားဂိတ်မှာ ရွာကလူတွေလည်း လိုက်ပို့ကြတာမို့ ကားဂိတ်မှာ လူတွေများလို့နေပါတယ်… အားလုံးလည်း တိတ်ဆိတ်လို့ နေပါတယ်… တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာကတော့ “အမယ်လေး အေးလိုက်တာ” “အန်တီ သင်္ကြန်အကြို ရေလောင်းရင်း အားလုံးကို နှုတ်ဆက်တာပါ” စာရေးသူအစပြုရင်း သူလောင်းလိုက် ကိုယ်လောင်းလိုက်နဲ့ အသံတွေ ဆူညံသွားပါတော့တယ်…

ပြီးတော့ ပြန်လည်တိတ်ဆိတ်လို့သွားပါတယ်… ငြိမ်ကျသွားတဲ့ လူအုပ်ကြီးကို လှုပ်လှုပ်ရွရွဖြစ်စေတာက “မန္တလေး-ရန်ကုန် နယူးမန္တလာထွန်း ခရီးသည်များ မကြာမီအချိန်အတွင်း ကားရောက်တော့မည်ဖြစ်ပါ၍ ခရီးသည်များ သတ်မှတ်နေရာတွင် နေပေးကြပါရန် နှိုးဆော်အပ်ပါသည်”ဟု အော်လံနဲ့ အော်နေတဲ့ ဂိတ်မှူးကြီးရဲ့ အသံပါပဲ… ကားဝင်လာတယ်ဆိုရင်ပဲ ပစ္စည်းတွေတင် နေရာတွေချပြီး ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီး လိုက်ပို့တဲ့ သူတွေကို လက်ပြနှုတ်ဆတ်ရင်း တဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးလာခဲ့ပါတယ်… အလာတုန်းက ဆူညံနေကြတဲ့ စာရေးသူတို့အုပ်စုရဲ့အသံကလည်း တိတ်ဆိတ်လို့နေပါတယ်… အတွေးကိုယ်စီနဲ့ စကားမပြောနိုင်လောက်အောင် ၀မ်းနည်းနေမိပါတယ်… ရင်ထဲမှာ ပူလောင်နေသလို ကားကလည်း ပူလောင်နေပါတယ်… အဲလ်ကွန်းမရလို့ပါ… မိတ္ထီလာရောက်ချိန်မှာတော့ ချောင်ချိနေတဲ့ကားက လူပြည့်လုနီးပါးရှိနေပြီ… အဲလ်ကွန်းကလည်း တစက်မှမရ ကိုးရီးယားချွေးထုတ်ခန်းထဲ ပို့ထားသလိုပါပဲ… ဒါ့ပြင် နေပြည်တော်မှာ ကားပျက်ပါသေးတယ်… စာရေးသူတို့စီးလာတဲ့ကားက ပထမထွက်တဲ့ကားပါ… နောက်ဆုံး ကားတွေတောင် ကျော်တက်သွားပါပြီ… စာရေးသူတို့ကားက မရသေးဘူး… အတော်လေး စိတ်ညစ်သွား ခဲ့ပါတယ်… လာတုန်းက နယူးမန္တလာထွန်းက အဆင်ပြေလို့ လာတဲ့ကားနဲ့တင် ဘိုကင်တင်ထားလိုက်တာ… ဘယ်လိုဖြစ်တယ်မသိ တလမ်းလုံးကို အဆင်မပြေဘူး… ပိုက်ဆံပေးပြီး စီးရတာချင်းအတူတူ စိတ်ပျက်မိပါတယ်… ကားတုန်းက ကားဆရာနဲ့ ကားပျက်တဲ့နေရာမှာ တွေ့ပါတယ်… သူတို့က အချင်းချင်း ကူညီကြဖို့ ကားရပ်ပြီးမေးလို့တွေ့တာပါ… စာရေးသူလည်း သွားရန်တွေ့လိုက်ပါသေးတယ်… ဘိုကင်တင်ခိုင်းထားတာ ဘာလို့ မတင်ပေးထားတာလဲ၊ မတင်ရသေးဘူးပြောတယ်ဆိုတော့ တင်ပေးထားပါတယ်တဲ့ သူတို့ကားနဲ့ ပြန်ပါအောင် ပြင်ဦးလွင်-ရန်ကုန်နဲ့တဲ့လေ… စာရေးသူတို့မှ မသိတာ ပြောလက်စနဲ့ complaint တက်ခဲ့ပါ သေးတယ်… ရှင်တို့ဘော့စ်ကို ဒီလိုကားစုတ်တွေ မထားပါနဲ့လို့ ပိုက်ဆံပေးပြီး စိတ်ညစ်ရတယ်လို့… မိနစ်၄၀လောက်ကြာပြီးတော့ ကားပြန်ရပါတယ် စာရေးသူမှန်းလိုက်တာက ရန်ကုန်ကို ၈-၉လောက်မှ ရောက်မယ်ပေါ့… ဒါပေမယ့် လမ်းမှာ သုံးခါလောက်ရက်တဲ့ကားက တောက်လျှောက်မရပ်တော့ပါဘူး… ပဲခူးရောက်မှပဲ မျက်နှာသစ်ဖို့ ရပ်ပါတယ်… ပဲခူးရောက်တော့ ၆နာရီဝန်းကျင် ရန်ကုန်ကို ၇နာရီကျော်ကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်… ဘယ်တော့မှ ဒီခရီးလေးကို မေ့လို့ရတော့မှာ မဟုတ်ပါဘူး… တောရွာလေး တွေကို အမှတ်ရရင်း သူတို့တွေရဲ့ နွေးထွေးတဲ့မေတ္တာ၊ ရင်းနှီးဖော်ရွှေမှု၊ မြူမှုန်ကင်းတဲ့ မာန်မာန၊ အားလုံး အားလုံးကို နှလုံးသားထဲတွင် စွဲမှတ်ထင်လျက်…

မီးလေး ခရီးသွားမှတ်တမ်း - ၃

ပထမဆုံး မန်းဘွဲ့နှင်းသဘင်ကနေ မန်းလေးတောင်ကို ကားနဲ့တက်ခဲ့ကြပါတယ်… လမ်းတလျှောက် အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခိုဆိုတဲ့ စကားပုံကိုလည်း နားထဲပြန်လည် ကြားယောင်နေမိပါတယ်… တောင်ပေါ်ရောက်တော့ ဓာတ်လှေခါး မီးပျက်လို့မရပါဘူးတဲ့… ဒါနဲ့ လမ်းလျှောက်တက်ခဲ့ကြပါတယ်… ၃မိနစ်အမြန်ဆိုတဲ့ ဓာတ်ပုံဆရာတွေကလည်း တန်းစီလို့နေပါတယ်… ရင်ပြင်တော်ပေါ်ကို ဈေးတန်းတွေက ဖြတ်သွားရပါတယ်… ဆရာကြီး မင်းသိင်္ခ ကပ်ကင်းရိုက် ပေးထားတာပြောတဲ့ အုန်းသီးနဲ့လုပ်ထားတဲ့ မျောက်ရုပ်၊ ဘဲရုပ်လေးတွေကို ရောင်းနေတာတွေ့ ရပါတယ်… စာရေးသူရဲ့ ဂဏှာမငြိမ်နိုင်တဲ့လက်က အလိုအလျောက် ကင်မရာဆီရောက်သွားပြီး ဓာတ်ပုံတွေရိုက်ယူလာခဲ့ပါတယ်… သွားတဲ့သူ ဆယ်ယောက်မှာ ခရစ်ယာန်တွေများတော့ ရင်ပြင်တော်ပေါ် ဘုရားတက်ရှိခိုးဖို့ အရိပ်အယောင်တောင် မတွေ့ရပါဘူး… စာရေးသူလည်း ဗုဒ္ဓဘာသာထင်တဲ့ ကောင်လေးတယောက်ကို နင်ဘာသာလည်းလို့ မေးလိုက်ပါတယ်… အဆင်ပြေချင်တော့ သူလည်း ဗုဒ္ဓဘာသာဖြစ်လို့ အဖော်ရသွားတယ်… နောက်တော့မှ သေချာသိရတာက စာရေးသူရယ် ဂျီတီစီတက်နေတဲ့ ကောင်လေးနှစ်ယောက်ရယ်ပဲ ဗုဒ္ဓဘာသာပါမှန်းသိတယ်… ဘုရားရှိခိုးပြီးချိန်မှာတော့ ကျန်တဲ့သူတွေ ရင်ပြင်တော်ပေါ်တက်လာပြီး ဓာတ်ပုံတွေ အမှတ်တရရိုက်ခဲ့ကြပါတယ်… ဆယ်နာရီခွဲလောက်မှာ မန်းလေးတောင်ပေါ်က ပြန်ဆင်းခဲ့ကြပါတယ်…

မန်းတိရစ္ဆာန်ဥယျာဉ်ကို လာခဲ့ကြပါတယ်… ၀င်းပေါက်က ၀င်ဝင်ချင်းမှာ လှောင်အိမ်ထဲကနေ အစာလှမ်းတောင်းနေတဲ့ ၀က်ဝံလေးတွေကို တွေ့ရပါတယ်… မန်းတိရစ္ဆာန်ဥယျာဉ်မှာ ရန်ကုန်ကလောက် လူသွားလူလာသိပ်ရှိပုံမရပါဘူး… သိပ်မရှိလို့လည်း လူမြင်တာနဲ့ သနားစရာဟန်နဲ့ ကြည့်နေတဲ့ ၀က်ဝံလေးတွေကို သနားမိပါတယ်… လာတဲ့သူတွေကလည်း သားပိုက်ကောင်တွေလောက်ပဲ လာကြတာဆိုတော့ ကလေးသူငယ်ဆိုတာ သိပ်မတွေ့ရပါဘူး… ၀န်းထဲမှာ စာရေးသူတို့ အုပ်စုပဲရှိသလားထင်ရလောက်အောင် လူသိပ်မရှိပါဘူး… တိရစ္ဆာန်တွေဟာ သူတို့ဆီ လာကြည့်တဲ့ သူများမှ အစာကျွေးတဲ့သူ ပေါနိုင်တာမဟုတ်ပါလား… သူတို့လေးတွေကိုကြည့်ရင်း တိရစ္ဆာန်ချင်းတူတာတောင် ဘ၀ပေးအခြေအနေမတူတဲ့ သူတို့လေး တွေကို သနားမိပါတယ်… ရင်ထဲမှာလည်း တမျိုးခံစားရပါတယ်… စာရေးသူလည်း ရှေ့မှာ အစာရောင်းနေတဲ့ ဈေးသည်ဆီက ၀က်ဝံအစာ ကြည့်လိုက်ပါတယ်… ငလက်မ လက်တဆုပ်တောင် မရှိတဲ့ ပလူမွေး ပလူတောင် ကန်စွန်းရွက်စည်း သုံးစည်း ထည့်ထားတဲ့ခြင်းလေး… ဘယ်လောက်လဲ မေးတော့ တစ်ထောင်တဲ့ ဈေးမှာဝယ်ရင်တောင် အများကြီးရမှာ… မိန်းမတို့ထုံးစံအတိုင်း အကုန်ယူမယ် မလျော့တော့ဘူးလား မေးတော့ သူတို့ဆိုင်ခုံကပေးရလို့ပါတဲ့… တခါတလေ၀ယ်မယ့်သူ မရှိရင် မရောင်းရတဲ့နေတွေတောင်ရှိတယ်တဲ့… စာရေးသူလည်း မစစ်တော့ဘဲ အကုန်ဝယ်လိုက်ပါတယ်… ၀က်ဝံလေးတွေကျွေးတဲ့အခါမှာ ၀မ်းသာပီတိဖြစ်လွန်းလို့ မျက်ရည်များတောင် လည်လာမိပါတယ်… အလုအယက်ယူစား လိုက်ကြတာ တခြားလှောင်အိမ်တွေကပါ ၀ိုင်းတောင်းလို့ အကောင်စေ့အောင်ကျွေးလိုက်ရပေမယ့် သူတို့လေးတွေ မ၀ဘူးဆိုတာသိလို့ စိတ်မကောင်း များစွာဖြစ်ခဲ့ရပါတယ်… တိရစ္ဆာန်တွေ ကြည့်ရတာ စိတ်ထဲမကောင်းလို့ မကြည့်တော့ဘဲ ကျောက်ပုံတွေနားကို သွားပြီး ဓာတ်ပုံတွေရိုက်ကြပါတယ်… ပြီးတော့ ကစားကွင်းဘက်ကို သွားမယ်ဆိုပြီး ပတ်သွားလိုက်တာ တိရစ္ဆာန်ဥယျာဉ်ထဲမှာ လည်ပြီး လမ်းပျောက်သွားလို့ ရေခဲထုပ်ရောင်းတဲ့ ကလေးတွေကို လမ်းမေးပြီးသွားကြပါတယ်… ရေကန်ကို ဖြတ်ထားတဲ့ ကြိုးတံတားတခုကို ဖြတ်ခဲ့ကြပါတယ်… လှုပ်စိလှုပ်စိနဲ့ အသည်းယားစရာ ကောင်းတဲ့ ကြိုးတံတားပေါ်မှာ တယောက်နဲ့တယောက်စရင်း ကြောက်ကြောက်နဲ့ ဖြတ်ခဲ့ရပါတယ်… ၁၂နာရီထိုးတော့မှာဖြစ်လို့ တိရစ္ဆာန်ဥယျာဉ် ကနေ ပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်… ဘွဲ့နှင်းသဘင်ရှေ့ရောက်တဲ့အခါ လူတွေရှင်းကုန်ပြီ… အအေးဆိုင်မှာ ထိုင်စောင့်နေတဲ့ သူငယ်ချင်းကိုခေါ်ပြီး ၀တ်စုံပြန်အပ်ဖို့ စီစဉ်ရပါတယ်… ပြီးတဲ့အချိန်မှာတော့ မန်းလေး မြို့တော်ဥယျာဉ်ကို သွားပြီး ထမင်းစားကြပါတယ်… လူတွေအားလုံးစုမိတဲ့အချိန်မှာ ၁၇ယောက်လောက်မို့ ထမင်းဝိုင်းလေးဟာ စိုပြည်ပြီး အရမ်းပျော်စရာကောင်းခဲ့ပါတယ်… ထမင်းစားပြီးတဲ့အချိန်မှာ ရေလွှာမိချောင်းစီးကြပါတယ်… ပြီးတော့ တိုက်ကားလည်း ပြိုင်မောင်းကြတယ်…

စာရေးသူသယ်ရင်းအဖေက အပြင်ထွက်ခဲလို့ သရဲအိမ်သွားဖူးတယ်ရှိအောင် သွားခိုင်းတယ်လေ… သရဲအိမ်ထဲမှာ အော်ဟစ်သံတွေ ဒုန်းဒိုင်းအသံတွေ ကြားနေရတယ်… စာရေးသူတို့လည်း ထွက်ပေါက်နားကနေ စောင့်နေလိုက်တယ်… တဒုန်းဒုန်းနဲ့ပြေးလာတဲ့ သူတို့ကိုကြည့်ပြီး စာရေးသူတို့ ရီလိုက်ရတာ သေးတောင်ထွက်တယ်… သူငယ်ချင်းအဒေါ်က ထမီကျွတ်ပြီး လက်တဖက်ကကိုင်ထားပြီး ရှေ့ဆုံးက ပြေးဆင်းလာတယ်… နောက်ကနေ ၀ရုန်းသုန်းကားနဲ့ ပြေးဆင်းလာတဲ့သူတွေ နောက်ဆုံးမှာတော့ သူငယ်ချင်းရဲ့အဖေက မောကြီးပန်းကြီးနဲ့ စကားတောင် မပြောနိုင်ဘူး ပြေးဆင်းလာတယ်… နောက်မေးကြည့်တော့မှ လူငယ်တွေကကြောက်လို့ လူကြီးကို နောက်ဆုံးမှာ ထားတယ်တဲ့လေ… အနောက်က ဂေါ်ပြားကြီးနဲ့ သရဲလိုက်လာလို့ ရှေ့ကိုအမြန်သွားကြတာ ဖြစ်ချင်တော့ သူငယ်ချင်းအဖေက အင်္ကျီအဖြူဝတ်ထားတယ်လေ… ရှေ့က ကောင်လေးကို စောင့်ပါဦးဆိုပြီး ပြောတာ သရဲမှတ်လို့ နောက်ကဆွဲလာတဲ့လက်ကို ပုတ်ထုတ်ပြီး ထွက်ပြေးတယ်တဲ့လေ… အဲဒါနောက်မှာ ပက်လက်လှန်လဲပြီး ဂေါ်ပြားနဲ့ အရိုက်ခံခဲ့ရတယ်… နာတော့မနာပေမဲ့ ကြောက်တော့ကြောက်တယ်တဲ့လေ… တကိုယ်လုံးလည်း ချွေးတွေရွဲပြီး စကားတောင် သိပ်မပြောနိုင်ဘူး… အပြင်မှာကျန်တဲ့သူတွေက သူတို့ပြောတာတွေနားထောင်ပြီး သွားလည်းသွားချင် ကြောက်လည်းကြောက်ဖြစ်နေလို့ စာရေးသူကို အဖော်စပ်တယ်… မလိုက်ရဲဘူးလို့ စာရေးသူလည်း ငြင်းလိုက်တယ်… သယ်ရင်းအမေက သူလိုက်မယ်ပြောတယ် မိန်းကလေးနှစ်ယောက်တည်းလည်း မဖြစ်ပြန်ဘူးလေ… ဒါနဲ့စာရေးသူလည်း လိုက်ပေးမယ် ဒါပေမယ့် မသွားရသေးတဲ့ ယောက်ျားလေးတွေ လိုက်ခဲ့ပေးပြောတော့ လိုက်ပေးမယ်ပြောကြပါတယ်… ဒါနဲ့ရှေ့ဆုံးက ယောက်ျားလေးတယောက်၊ နောက်က စာရေးသူ၊ စာရေးသူနောက်က မိဇာ၊ မိဇာနောက်က၊ နော်မေလေး၊ ပြီးတော့ သယ်ရင်းအမေ၊ နောက်ဆုံးက ယောက်ျားလေးတယောက် အားလုံး ၇ယောက်ဝင်သွားကြတယ်… စာရေးသူတို့ရှေ့က စုံတွဲတတွဲ…

စာရေးသူ ဘယ်လောက်သတ္တိ ကောင်းတယ်မှတ်လဲ… အထဲဝင်ကတည်းက ရှေ့ကကောင်လေးအင်္ကျီကို လက်နှစ်ဖက်နဲ့ မလွတ်တမ်းစွဲထားပြီး မျက်လုံးစုံမှိတ်ပြီး နောက်ကလိုက်တော့တာပဲ… တော်တော်ကြာ သရဲအိမ်ထဲသွားပြီး ဘာတွေ့ခဲ့လဲမေးရင် ဖြေစရာမရှိဘူးဖြစ်မှာစိုးလို့ မျက်လုံး အသာလေး ဖွင့်ကြည့်လိုက်တယ်… အဲဘာမှလည်း ကြောက်စရာမရှိဘူးပေါ့… အရိုးခြောက်ရုပ်တွေ၊ ဆံပင်စုတ်ဖွားတွေ၊ သူဘာသာသူ နံရံမှာ ကပ်ထားတာ ဒီအရုပ်တွေလောက် ကြောက်စရာမရှိဘူးပေါ့… အလန့်တကြား စာရေးသူနောက်ကမိဇာက အမေရေဆိုပြီး အသားကုန်အော် တော့တာပဲ… စာရေးသူကလည်း နောက်က ကြောက်စရာကောင်းတာတွေ လိုက်လာတယ်ဆိုပြီး ရှေ့ကလူကလည်း အတင်းသွား၊ စာရေးသူကလည်း အတင်းလိုက် ရှေ့ကစုံတွဲကလည်း အော်ဟစ်နေတော့ ရှေ့မှာ ဘာတွေလည်းမသိဘူးပေါ့… စာရေးသူအနေနဲ့ကတော့ ကြောက်စရာဆိုလို့ ဘာမှ မတွေ့သေး သူတို့တွေက ၀ိုင်းအော်နေ တချို့အခန်းတွေက မီးရောင်လုံးဝမရှိလို့ ရှေ့ကလူတွေအော်လေ ကြောက်လေဖြစ် နေတော့တာပေါ့… ရှေ့စုံတွဲအမျိုးသမီးက အဖြူရောင်အင်္ကျီဝတ်ထားလို့ မှောင်နေပေမယ့် သူတို့သွားတဲ့နောက်လိုက်လို့ အပေါက်တွေ မရှာလိုက်ရပါဘူး… သူတို့ ကတော့ အပေါက်အစား နံရံတွေ သွားထိမိလို့ ပျော့စိပျော့စိတွေကိုင်မိလို့ အော်တယ်ထင်တယ်လို့ အပြင်ရောက်မှ တွေးနိုင်တာပါ… အထဲမှာတော့ အပြင်မရောက်နိုင်သေးဘူးလား စိတ်နဲ့ပဲ ဘာမှန်းကို မသိလိုက်ဘူး… အပြင်လဲရောက်ရော စာရေးသူရောဂါ ထပါလေရော… ရင်တွေ တဒိန်းဒိန်းနဲ့ ခုန်နေလိုက်တာ အာဖရနစ္စကန်မှာ ဗုံးကြဲတုန်းကတောင် အဲလောက် အသံမြည်မှာမဟုတ်ဘူး… စကားမပြောနိုင်ပဲ ဟောဟဲထနေတာ… သူငယ်ချင်း တွေက ၀ိုင်းပြုစုပေးကြပါတယ်… ရင်ဘတ်တွေအောင့်ပြီး အသံတောင်ပျောက်နေပြီ… အပြင်မှာကျန်တဲ့သူတွေက ၀ိုင်းမေးတယ် စာရေးသူလည်း ပြန် မဖြေနိုင်လို့ လက်ပဲကာပြလိုက်တယ်… နောက်တော့မှ ဘာမှကြောက်စရာတွေ့လို့တော့ မဟုတ်ဘူး ငယ်သံပါအောင် အော်နေကြတော့ ဘာများ ဖြစ်မလဲ၊ ဘာတွေထွက်လာပြီလည်းဆိုပြီး လန့်သွားတာ အရှေ့ကလူတွေပြောတဲ့ ဂေါ်ပြားနဲ့လိုက်တယ်ဆိုတာလည်း မတွေ့ခဲ့ပါဘူးပြောတော့… နောက်ကပါလာတဲ့လူက လိုက်လာတယ် နင်တို့ရှေ့ကမို့ မမြင်ရတာတဲ့လေ… နောက်ကလူတွေ ချှော်လဲကြသေးတယ်တဲ့… စာရေးသူက မိဇာနင်ဘာတွေ့လို့ ငယ်သံပါအောင် အော်တာလဲမေးတော့ ပျော့စိပျော့စိကို တက်နင်းမိလို့တဲ့ ပြီးတော့ လူသေကြီးက ထလိုက်လှဲလိုက် လုပ်နေလို့ တဲ့လေ…

အဲတော့မှ စာရေးသူလည်း ငါ့နှယ်ဖြစ်ရလေလို့ စာရေးသူက မ၀င်ခင်ထဲက ကြိုသိပြီးသား ရှေ့ကသွားတဲ့သူတွေ ပြောထားလို့ ဖော့တုံးတွေ ခင်းထားတယ်… ဖော့တုံးတွေနင်းရင် ရုပ်လောင်းက လှဲနေရာကနေ ထထိုင်တယ်လို့… ပြီးတော့ သူသေးထွက်တော့မယ်တဲ့လေ… ဒါနဲ့ အိမ်သာအမြန် ရှာရတာပေါ့… တကယ်လည်း အရမ်းပျော်ခဲ့ကြပါတယ်… မြို့တော်ကစားကွင်းကနေထွက်တော့ ဦးပိန်တံတားကို ၀င်ခဲ့ကြပါတယ်… ဦးပိန်တံတားရောက်တော့ အကုန်ဖလပ်ပြနေကြပါပြီ… တံတားထိပ်နားမှာပဲ ထိုင်နေလိုက်ကြတယ်… ကောင်လေးတွေကတော့ လှေသွားစီးကြတယ်… လှေသွားစီးတယ်ဆိုတာထက် လှေလှော်ချင်လို့ သွားကဲကြတာပါ… လှေသမား စိတ်ညစ်သွားပုံပဲ ရေလယ်မှာတင် အကြာကြီးပဲ လှေကရွေ့မရွေ့တော့မသိဘူး တပတ်ကိုလည်နေတာပဲ… လှေသမားလှော်မှ ကမ်းပြန် ရောက်တယ်… ဦးပိန်ကနေတဆင့် ကျောက်ဆည်ကို ပြန်လာကြပါတယ်… ကားပေါ်မှာ အတုန်းအရုန်း အိပ်ပြီးလိုက်လာကြပါတယ်… အိပ်ရေး ပျက်တာရော၊ ခရီးပန်းတာကောပေါ့… ကျောက်ဆည်ကို ညနေ ၅နာရီ ၅၅မှာပြန်ရောက်ခဲ့ကြပါတယ်…