Pages

Monday, October 27, 2008

WOT

စာဖတ်သူတွေနဲ့ မိတ်ဆက်ပေးချင်တာကတော့ Mozilla Firefox သုံးပြီး Website တွေကြည့်တဲ့အခါ Virus ပါလား Virus မပါလား အလွယ်တကူသိနိုင်အောင် လုပ်ပေးထားတဲ့ Feature လေးပါ။ သူကို WOT (Web of Trust) လို့်ခေါ်ပါတယ်။ သူ့ကို Add-on လေးမှာ install လုပ်ပြီးတဲ့အခါ Mozilla Firefox ကို restart လုပ်လိုက်ပါ ပြန်တက်လာတဲ့အခါ Site တွေ ဘေးမှာ မီးပွိုင့် အမှတ်အသားလို နီ၊ ၀ါ၊ စိမ်း comment တွေပြပေးပါလိမ့်မယ်။ အနီဆို လုံးဝ ဖွင့်မကြည့်ဘဲ အ၀ါ၊ အစိမ်းဆိုရင်တော့ စိတ်ချလက်ချ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

WOT ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။

Blogger အားလုံး Virus ကင်းဝေးနိုင်ကြပါစေ.....

Saturday, October 25, 2008

အချစ်နဲ့ အိမ်ထောင်ရေး

မီးလေး ဘလော့ဂ်အိမ်ကို မတက်ဖြစ်ခဲ့တာ ရက်ပိုင်း အတော်ကြာနေပါပြီ... မီးလေးရဲ့စက် format ချလိုက်တာရယ်၊ ကိုးနတ်ရှင်ရယ် (ခုတောင် connection ကျသွားမှာစိုးလို့ အသက်တောင်မရှုရဲဝူး... )ကြောင့် အိမ်လေးကို မလာဖြစ်ခဲ့ဘူး။ အိမ်ကို ပြစ်ထားရတာလည်း ကြာနေပြီ သွားကြည့်ဦးမှပဲလို့ဆိုပြီး အိမ်လေးကို တက်လိုက်တယ်ဆိုရင်ပဲ အားပါးပါးးးးးးး
ခွန်မြလှိုင်: တက်ဂ် ထားကြောင်း လာအကြောင်း ကြားပါတယ် ညီမရေ.. အချိန်ရရင် ရေးပေးပါနော့” ဆိုပြီး တက်ဂ်ဂိမ်းလေးက ဆီးကြိုနေပါတယ်။ ခုတလော တက်ဂ်ဂိမ်းတွေ ပြန်ခေတ်စားလာပါတယ်။ တီတီခွန်မြလှိုင် တက်ထားတာက အချစ်အကြောင်း မီးလေးက အချစ်ကိစ္စနဲ့ ပတ်သက်လို့ သိပ်ပြန်မပြောပြတတ်ဘူးရှင့်။ ခံစားလို့တော့ရတယ်။ :P

အချစ်ဆိုတာ တခါတရံ ချိုမြိန်မှုတွေ ပေးတယ်....
တခါတရံ ခါးသည်းမှုတွေ ပေးတယ်....

တခါတရံ လွမ်းဆွေးမှုတွေ ပေးတယ်...
တခါတရံ ပျော်ရွှင်မှုတွေ ပေးပြန်ရော...

တခါတရံ အထီးကျန်မှုကိုပေးတယ်...
မြှားနတ်မောင် ဘာလုပ်နေလဲ?????
သူအိပ်ပျော်နေတယ်....

သူ့ကို နိုးပြီး ပြောပေးစမ်းပါ...
တယောက်ယောက်နဲ့ ဆုံခွင့်ရမယ်ဆိုရင်
ကျွန်မ သူနဲ့ပဲ ဆုံတွေ့ချင်တယ်....

တယောက်ယောက်နဲ့ ပျော်ရွှင်ခွင့်ရမယ်ဆိုရင်
ကျွန်မ သူနဲ့ပဲ ပျော်ချင်တယ်...

တယောက်ယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်
ကျွန်မ သူကိုပဲ ထာဝရ ချစ်ချင်တယ်....

တယောက်ယောက်နဲ့ လမ်းခွဲရမယ်ဆိုရင်
ဆယ်ခါပြန်သာ သေလိုက်မယ်
အဲဒီတယောက်က သူမဖြစ်စေရဘူး...

ဒီကဗျာလေးက မီးလေးအရမ်းကြိုက်ခဲ့တဲ့ ဘာသာပြန်ကဗျာလေးကို မီးလေးစိတ်ကူးနဲ့ ပေါင်းစပ်ပြီး ရေးသားထားတဲ့ ကဗျာလေးပါ။ မီးလေး အချစ်ဆိုတာကို သေချာတော့ နားမလည်ပါဘူး။ ဒါပေမဲ့ ဖြူစင်အေးမြတဲ့ အချစ်က ၅၂၈၊ ပူလောင်လွမ်းဆွေးရတဲ့ အချစ်က ၁၅၀၀လို့ ထင်ပါတယ်။

တချို့က ချစ်ခြင်းရဲ့ ပန်းတိုင်က အိမ်ထောင်ပြုခြင်းလို့ ယူဆကြပါတယ်။ အဲဒီယူဆချက်က မှားပါတယ်။ အချစ်တို့မည်သည် အမြဲတမ်း ဖြူစင်ခိုင်မာပါတယ်။ အဲဒီနောက်ဆက်တွဲက တဦးနဲ့ တဦး မေတ္တာမျှလာပြီ ဆိုရင် ရန်ဖြစ်တာ၊ စကားများတာ၊ တဦးနဲ့တဦး စိတ်သဘောထား မတိုက်ဆိုင်တာတွေ အတော်များများ တွေ့လာတတ်ကြပါတယ်။ အဲဒီအပေါ်မှာ တဦးနဲ့တဦး နားလည်ပေးမယ်၊ ညှိနှိုင်းကြမယ်၊ ကိုယ်မကြိုက်တာကို သူပြင်၊ သူမကြိုက်တာကို ကိုယ်ပြင်ကြမယ် ဆိုရင်တော့ အဆုံးမှာ သာယာတဲ့ မိသားစုဘ၀ကို ရနိုင်ပါတယ်။

မကောင်းမှန်းသိရက် ဇွတ်ယူပြီး နောက်မှာ ဒုက္ခတွေ ရောက်နေကြရတာတွေ အများကြီးတွေ့နေရပါတယ်။ မီးလေးတို့ လူ့ပတ်ဝန်းကျင်မှာ ခုခေတ် ခုခါမှာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အိမ်ထောင်သည် အများစုကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် အိမ်ထောင်ရေး စဉ်းစားတော့မယ်ဆိုရင် ပထမဦးဆုံး ကိုယ့်က တသက်လုံးသူနဲ့အတူ နေထိုင်နိုင်ပါ့မလား။ အိမ်ထောင်ရေးကို သာယာနိုင်ပါ့မလားဆိုတာ အရင်ဆုံး စဉ်းစားသင့်ပါတယ်။ ပြီးတော့မှ နောက်ဆက်တွဲက အချစ်ပေါ့ ငါသူ့ကို ချစ်ရောချစ်ရဲ့လား၊ မချစ်ဘူးဆိုရင်တော့ ချစ်ရောချစ်လာနိုင်ပါ့မလား။ နောက်ဆုံးတခုက စီးပွားရေး ငါအိမ်ထောင်ပြုပြီးရင် ငါ့မိသားစုကို ရှာဖွေကျွေးနိုင်တဲ့ အရည်အချင်းရှိရဲ့လား။

ဒီအချက်တွေက အရေးကြီးပါတယ်။ အိမ်ထောင်ပြုတဲ့အခါ အချင်းချင်း ညှိနိုင်းဆွေးနွေးချင်းက အရမ်းကို အရေးကြီးပါတယ်။ တယောက်ယောက်က အနိုင်ကျင့်ပါများရင် သည်းမခံနိုင်တဲ့အဆုံး လင်မယားကွဲ တတ်ပါတယ်။ တဦးနဲ့တဦး ပွင့်ပွင့်လင်းလင်းမရှိခဲ့ရင်လည်း ကြာလာတဲ့အခါ ပေါက်ကွဲလာတတ်ကြပါတယ်။ တယောက်နဲ့ တယောက် ဘယ်လောက်ကြီးချစ်လို့ပဲ ယူထားယူထား ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အခါ ကိုယ်နဲ့ သဘောထား တိုက်ဆိုင်တဲ့သူ တွေ့လာရင် လင်ငယ်၊ မယားငယ်ယူတတ်ကြပါတယ်။ နောက်တခုက စီးပွားရေး မပြေလည်တဲ့အခါ ရုန်းထွက်ချင်လာကြပါတယ်။ စီးပွားရေး အဆင်မပြေတော့ လူမှုရေးလေး အဆင်မပြေနိုင် နောက်ဆုံး အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ကြတာပါပဲ။

ဒီပို့စ်လေးကနေ မေးနေတဲ့ ညီမလေး ၀င်္ကပါအတွက် “ဝင်္ကပါ: မမီးလေးလည်း ပျော်စရာ သီတင်းကျွတ် လပြည့်နေ့လေးဖြစ်ပါစေနော်။ သူများတွေကိုတော့ ပြောနေတယ်။ အစ်မကျတော့ကော :D ။”ပေါင်းပြီး ဖြေပေးလိုက်ပါတယ်။ အချစ်နဲ့ အိမ်ထောင်ရေးအကြား ကွာခြားနေသေးတာမို့ မီးလေးနဲ့ စိတ်သဘောထား တိုက်ဆိုင်မယ့်သူ၊ စိတ်ရှည်တဲ့သူ၊ ကိုယ့်အပေါ် သစ္စာရှိရှိနဲ့ ပေါင်းသင်းနိုင်မယ့်သူ တွေ့တဲ့တနေ့ စွံဦးမှာပေါ့... ဟီး ဟီး

Monday, October 13, 2008

သီတင်းကျွတ်

ဖောင်း...ဖောင်း...ဗျောင်း
ဗျောက်အိုးဖောက်သံတွေ လမ်းထဲမှာ ကြားနေရတယ်... ဗျောက်အိုးမဖောက်ရ ဆိုလည်း ဖောက်နေကြတာပါပဲ... ဗျောက်အိုး ဖောက်သံတွေနဲ့အတူ သီတင်းကျွတ်ရောက်ပြီဆိုတဲ့ အသိဝင်လာပါတယ်... မနက်ဖြန်ဆို သီတင်းကျွတ် လပြည့်နေ့ ရောက်ပြီလေ။ အိမ်ရှေ့မှာ မီးထွန်းဖို့ မီးဆိုင်းတွေ လိုက်ဆင်တယ်၊ မီးတော့ မီးပုံးလေးတွေ လိုက်ချိတ်တယ်။ မီးတွေ လိုက်ဆင်နေရင်း ယုဇနရဲ့ သီချင်းလေးကို သွားအမှတ်ရမိပါတယ်။

“သီတင်းကျွတ်ညလေးည စီပါတယ် လမ်းထဲမှာကွယ်.... မီးလေးတွေထွန်းတော့....” အသံမကောင်းဘူး မပြောနဲ့နော်။ အရင်တုန်းကတော့ ဒီသီချင်းလေးအတိုင်းပါပဲ ခုတော့ လမ်းထဲမှာ တချို့အိမ်တွေ မီးဆိုင်းတွေ၊ မီးပုံးတွေ ချိတ်ထားတာ တွေ့မြင်ရပါတယ်။ အရင်နှစ်တွေက လမ်းထဲမှာပါ စုပေါင်း မီးထွန်းပွဲတော်လုပ် ကြတယ်။ ဒီနှစ်မှာတော့ လမ်းတွေထဲကြည့်မယ်ဆိုရင် လမ်းပြည့်မဟုတ်တော့ဘဲ အချို့နေရာတွေသာ လမ်းမှာ ထွန်းကြတာ တွေ့ရပါတယ်။ ကြပ်တည်းလာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် အလှူငွေကောက်တဲ့အခါ အပိုအလုပ်တွေ မလုပ်နိုင်ကြတော့တာရယ်၊ ဦးဆောင်ဦးရွက်ပြုမယ့်သူ မရှိတာရယ်၊ ၀ယ်ဆင်ဖို့အတွက် မီးပစ္စည်းတွေ ဈေးကြီးတာရယ် ထိုထိုသော အကြောင်းတွေကြောင့် အရင်နှစ်တွေကလို မလုပ်နိုင်ကြ တော့ဘူးလို့ သိရပါတယ်။

ကျွန်မတို့ အရင်က သီတင်းကျွတ်ရောက်ပီဆို ပျော်ကြပါတယ် ကျောင်းတွေလည်းပိတ်တယ်၊ လမ်းထဲမှာ မီးတွေ လိုက်ထွန်းကြတယ်၊ မိဘတွေကို ကန်တော့တယ် (မုန့်ဖိုးရတာကိုး)။ ဘယ်လမ်းမီးထွန်းတာ လှလဲဆိုတာ သူငယ်ချင်းတွေစုပြီးသွားကြည့်ကြတယ်။ ခုတော့ ကြည့်စရာလည်း မရှိတော့ပါဘူး။ အရင်က မီးပုံးပျံတွေ ကောင်းကင်ယံ ပလူပျံနေကြတော့ မီးရေးထင်းရေး တွေးပူကြရတယ်။ ခုဒီနှစ်မှာတော့ ကောင်းကင်ထက်က မီးပုံးပျံတွေကို လိုက်ရှာယူနေရတယ်။

သြော်...ဒါနဲ့ စကားမစပ် ဘလော့ဂ်ဂါ မမအပျိုကြီးတွေရော သီတင်းကျွတ်ပြီ မစားရဘူးလား။ စားဖို့ရှိလည်း ပြောကြပါဦး။ မီးလေးချစ်တဲ့ ဘလော့ဂ်ဂါ ကိုကို၊ မမ၊ ညီမလေး၊ မောင်လေး၊ သူငယ်ချင်းများ အားလုံး မနက်ဖြန် မှာကျရောက်မယ့် သီတင်းကျွတ်လပြည့်နေ့မှာ ပျော်စရာ သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ပါစေလို့ ဆုတောင်းလျှက်...