Pages

Friday, January 30, 2009

လွတ်လပ်ရေးနေ့

ဒီပို့စ်လေးက လွတ်လပ်ရေးနေ့ထဲက တင်ပို့ရေးထားတဲ့ပို့စ်လေးပါ... ရေးပြီးတင်မရလို့ သိမ်းထားပြီး ခုမှတင်ရတာ ရက်တွေကို ရှေ့ပြန်လှည့်လိုက်တာပေါ့ ဟီ ဟိ... လွတ်လပ်ရေးနေ့ဆို ကလေးတွေအားလုံး ပျော်ရွှင်ကြရပါတယ်။ ဒီတခေါက် လွတ်လပ်ရေးနေ့မှာ ကစားတောင် မကစားလိုက်ရဘူး။ လွတ်လပ်ရေးနေ့ဆို မီးလေး အရင်တုန်းက နှစ်တွေကို အရမ်း သတိရမိပါတယ်။ အရင်ကဆို မီးလေးတို့ အဘိုး(အမေရဲ့ အဖေ)က လွတ်လပ်ရေးနေ့ မရောက်ခင် တရက်အလိုမှာ မြန်မာနိုင်ငံအလံကို ၀ါးလုံးမှာချီနေတဲ့ အဘိုးကို စပ်စုတဲ့မီးလေးက ဘိုးဘိုး ဘာလုပ်ဖို့တုန်း မေးတော့ မနက်ဖြန် လွတ်လပ်ရေးနေ့ အိမ်မှာ ထောင်ထားဖို့တဲ့လေ။ နောက်နေ့ လွတ်လပ်ရေးနေ့မှာတော့ ရပ်ကွက်ထဲက အိမ်တိုင်းအိမ်တိုင်း အလံတွေ လွှင့်ထူထားကြပါတယ်။ လမ်းပေါ်မှာလည်း ကားခေါင်းတွေမှာ လွှင့်ထူထားကြတာကို တွေ့ရပါတယ်။ အလံတွေ မြင်တိုင်းမြင်တိုင်း ဘာမှန်းမသိ စိတ်ထဲမှာ အရမ်းပဲ ဂုဏ်ယူနေမိပါတယ်။ ခုနောက်ပိုင်းတော့ အိမ်တွေမှာ အလံတွေ လွှင့်ထူတာ မတွေ့ရတော့ပါဘူး။ လွတ်လပ်ရေးနေ့ရောက်တိုင်း တခုတခုလိုနေသလို ခံစားရပါတယ်။

အဲ... နောက်တခုက လွတ်လပ်ရေးနေ့ ရောက်တိုင်း လမ်းတိုင်းလမ်းတိုင်း ပြိုင်ပွဲတွေ ကျင်းပပေးရတာပါပဲ။ မီးလေးတို့က ရွာဆော်လေ ထစ်ခနဲဆို မီးလေး မပါတာမရှိဘူး။ အော်... ကြုံတုန်းလေး ကြွားရဦးမယ် (ကြွားချင်နေတာ ကြာပြီ) ။ မီးလေး မူလတန်းအရွယ်က အပြေးချန်ပီယံလေ ကျောင်းပေါင်းစုံ ၂၄ကျောင်းပြိုင်တာ ပထမရတယ်၊ နောက်တော့ မြို့နယ်၊ မြို့နယ်အဆင့်မှာလဲ ပထမ၊ နောက် တိုင်းအဆင့်ပြိုင်ပွဲမှာ ဒုတိယ၊ နောက်ခရိုင်အဆင့်မှာမှ ပြုတ်သွားတော့တယ်... ဟီးးးး ။ ပြုတ်ဆိုလို့ ပြုတ်ရတဲ့ အကြောင်းအရင်း အတင်းတုတ်ရဦးမယ်။ အရင်ပွဲတွေမှာက မီးလေးတို့အသက်နဲ့ရွေးတယ်။ မီးလေးက အရွယ်ထက် ပိုပြီးထွားတယ်လေ အရပ်အမောင်းကောပေါ့။ အဲဒီ့တုန်းက မီးလေးက သုံးတန်း၊ နောက်ပြီး မီးလေးက အသက်မပြည့်ဘဲ ကျောင်းတက်တာဆိုတော့ လေးတန်းကလေးတွေနဲ့ ပြိုင်ရတာများတယ်။ ခရိုင်အဆင့်မှာ အရပ်နဲ့ ရွေးတယ် လူကလည်း ပိုစုံလာတယ်လေ။ အရပ်နဲ့ရွေးတော့ ပြဿနာက အဲဒီ့မှာစတာ။ မီးလေးနဲ့ ပြိုင်ရမယ့် သူတွေက လေးတန်း၊ ငါးတန်းတွေ၊ ပထမတော့ နည်းနည်းဖြုံသွားတယ်။ နောက်ယှဉ်ပြိုင်ချင်းသာ အဓိကပါပဲလေဆိုပြီး ပြိုင်ဖို့ နေရာအသင့်ယူလိုက်တယ်။

ဒိုင်လူကြီးရဲ့ ၀ီစီမှုတ်သံကြားပြီးနောက်မှာတော့ မီးလေးတို့ အသားကုန်ပြေးတော့တာပေါ့။ ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းထက်တောင် မြန်သေး (ကပ်ကြွားတာ)။ မီးလေးက ဒုတိယနေရာက ပြေးနေတယ်။ ပန်းဝင်ခါနီး ခြေနှစ်လှမ်းလောက်အလိုမှာ ရှေ့က တယောက်နဲ့ ယှဉ်လျက်ဖြစ်ပြီး ကျော်တက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာ မီးလေး လေထဲကို မြှောက်တက်သွားတယ်။ ပွဲကြည့်စင်က လူတွေကလည်း ဟင်ခနဲ၊ ဟာခနဲပေါ့။ မီးလေးတင်မဟုတ်ပါဘူး မီးလေးနဲ့ယှဉ်လျက်ကောင်မလေးပါ မြှောက်တက်သွားတာ။ နောက်မှာ သိလိုက်ရတာက ဒိုင်လူကြီးက မီးလေးတို့နောက်ကနေ ဂုတ်ကနေလှမ်းဆွဲထားတာပါ။ ဘယ်သူမှ ဘာမှန်း မသိဘဲနဲ့ ဒိုင်လူကြီးရဲ့ မညီမျှမှုကို ခါးဆီးခံလိုက်ရတာပါ။ အကုန်ပြန်ပြေးရမယ်တဲ့ ဘာအကြောင်းပြချက်မှ မပေးခဲ့ပါဘူး။

ပွဲကြည့်စင်မှာလည်း အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီ မီးလေးကလည်း အားကုန်ထုတ် သုံးထားတော့ နောက်တကြိမ် ၀ီစီမှုတ်တဲ့အချိန်မှာ ခြေကကျနေပြီလေ။ အဲတော့ တတိယနဲ့ ရှုံးခဲ့ရတယ်။ ပထမနဲ့ ဒုတိယရတဲ့သူကိုပဲ ခရိုင်က ရွေးချယ်ပါတယ်။ ရသွားတဲ့သူနှစ်ဦးက ဒိုင်လူကြီးရဲ့ ကျောင်းကဆိုတာ အားလုံးသိနေကြပါတယ်။ ဆရာ၊ ဆရာမတွေလည်း ကျောင်းက အားလုံးပါလာကြတော့ အကုန်ရုန်းရင်း ဆန်ခတ် ဖြစ်ကုန်တယ်။ မီးလေးအမေက ဆရာမတွေကို ထိန်းပြီး တော်ပါတော့ မပါသွားတော့လည်း ကျွန်မတို့ မပင်ပန်းတော့ဘူးပေါ့ လာပါဆိုပြီး ဆွဲခေါ်လာတယ်။ မီးလေးနဲ့အတူ ဂုတ်ဆွဲခံရတဲ့ ကောင်မလေး ကျောင်းကလည်း မကျေနပ်ကြဘူးပေါ့။ အဲတော့ မီးလေးတို့ကျောင်းက ဆရာမတွေကပဲ ၀င်ဆွဲပြီး ပြိုင်ပွဲလည်း တခန်းရပ်သွားပါတော့တယ်။ မာရသွန်ပြေးပွဲ ၀င်ပြိုင်ဖို့လုပ်တုန်းက ဖောင်တင်တာ နောက်ကျလို့ ၀င်မပြိုင်ခဲ့ ရဘူး။ နောက်နှစ်မှာ ၀င်ပြိုင်မယ်ဆိုပြီးလည်း အားခဲထားရော မီးလေး ဒီအရွယ်ရောက်တဲ့အထိ မာရသွန်ပြေးပွဲ မကျင်းပတော့ပါ။ အဲလောက်ထိ ပြေးတဲ့နေရာမှာ တော့ပ်ဖြစ်တာ။

အဲ... လွတ်လပ်ရေးနေ့ လမ်းကပြေးပွဲတွေမှာဆိုရင် ပရိသတ်က ဒိုင်လူကြီးတွေကို သွားပြီး ခုလိုသြဘာ ပေးကြပါတယ်။ မီးလေးကို ၀င်မပြိုင်ခိုင်းပါနဲ့ သူပါရင် ကျွန်တော်တို့တွေ ဆုရမှာ မဟုတ်တော့ဘူးလို့ ပြောကြတဲ့ အထဲမှာ ရှေ့ဆုံးကို မီးလေးအစ်ကိုပါပဲ။ မီးလေးကို အတော်ချစ်တာ ပြောပုံကိုလည်း ကြည့်ဦး။ မီးလေးပါမယ်ဆိုရင် သူ့ကို ကျွန်တော်တို့နဲ့ ယှဉ်မထားနဲ့ နောက်မှာထားပေးပါတဲ့ ... ဟွန်း။ ပြိုင်ပွဲစည်းရဲ့ ခြေငါးလှမ်းအကွာကနေပဲ ၀င်ပြိုင်ခွင့်ရပါတယ်။ သူတို့ပြောလည်း ပြောစရာပင် မီးလေးက သူတို့ကို ဘယ်လိုပင် အကြောပေးထားစေကာမူ ပထမချဉ်း ဆွတ်ခူးရရှိစမြဲပင်။ ထုတ်ဆီးတိုးပွဲဆိုရင်တော့ ဟိုဘက်ကလည်း မီးလေးခေါ်ချင်တယ်၊ ဒီဘက်ကလည်း မီးလေးခေါ်ချင်တယ်။ မီးလေးကို လုနေကြရောပဲ မီးလေးက လျင်လည်းလျင်တော့ မီးလေးပဲ အောာင်သူအောင် ကစားနိုင်တယ်။ မီးလေးပါတဲ့ဘက်က အမြဲနိုင်တယ် ဒါကြောင့် သူတို့လုနေကြတာလေ။

ခုတော့လည်း အလုပ်တွေဝင် မအားတာရယ်ကြောင့် လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့်မရတော့တာ ခုဆို လေးနှစ်ရှိပါပြီ။ လွတ်လပ်ရေးရအောင် ကြိုးပမ်းထမ်းဆောင် သွားကြတဲ့ ခေါင်းဆောင်ကြီးများနဲ့ ရဲဘော်တွေကြောင့် လွတ်လပ်ရေးရဲ့ အရသာကို မီးလေးတို့ အပြည့်အ၀ခံစားကြရပါတယ်... ခုလို လွတ်လပ်ရေး ရချိန်မှာ လွတ်လပ်ရေးအတွက် အသေခံ တိုက်ပွဲဝင်သွားကြတဲ့ ရဲဘော်များအားလုံးကို အတူရှိစေချင်ပါတယ်... ကိုယ်ကျိုးမဖက်ဘဲ လွတ်လပ်ရေးရအောင် အသက်စွန့်သွားကြတဲ့ နိုင်ငံခေါင်းဆောင်ကြီးများနှင့်တကွ ရဲဘော်များအား ပြန်ပြောင်း အောက်မေ့ရင်း ဂုဏ်ပြုလျက်....

4 comments:

ဒေါင်းမင်း said...

ဟားဟားဟားမီးလေးကအပြေးချန်ပီရန်ပေါ့လေ...
ဟီး..
စာအဆုံးလဲရောက်ရော..ကုန်ပြီရှိတော့ဘူးတဲ့..
ဟီးလန့်သွားတာပဲ.....
မီးလေးစာရေးတာကောင်းတယ်...အားပေးလျှက်

Welcome said...

ညီမငယ်
နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်၊
ပျော်ရွှင်အဆင်ပြေပါစေနော်။
နိုင်ငံတော်ရဲ့ အထိမ်းအမှတ်နေ့တွေလဲ ရည်ရွယ်ချက်တွေပျောက်ပါပြီ။
လွတ်လပ်ရေးဆိုတာနဲ့ ဒွန်တွဲပါလာမဲ့ သူတွေရဲ့ ဂုဏ်ပုဒ်ကို မဖော်ပြနိုင်တာနဲ့ပဲ အနှစ်သာရတွေ ပျောက်ခဲ့ရတာပါ။
ခင်မင်လျက်
ဝင်းဇော်

Anonymous said...

အော်.. အပြေးချံပီယံလေးပေါ့။ လွပ်လပ်ရေးနေ့ ပြိုင်ပွဲတွေကိုတော့ အစ်ကိုတို့လည်း သတိရမိတာပါပဲ။ အစ်ကိုကတော့ ပြေးရင်အမြဲနောက်ဆုံးကပဲ :P လွတ်လပ်ရေးနေ့သာမက ပြည်ထောင်စုနေ့ဆိုရင် ကျိုက္ကဆံကွင်းထဲမှာ ၀န်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ် ပြခန်းတွေနဲ့ စည်ကားခဲ့တာကို ကလေးဘ၀မှာ အမြဲအမှတ်ရနေတာပါ။ အခုတော့ လွတ်လပ်မှုနဲ့ စည်းလုံးညီညွတ်မှုကို ဖေါ်ဆောင်တဲ့ ပြပွဲပြိုင်ပွဲတွေ အားလုံးကွယ်ပျောက်ကုန်တာကို စိတ်မကောင်းဖြစ်မိပါတယ်။

အရုပ်ကလေး said...

လွတ်လပ်ရေးနေ့က အခုမှ ရောက်တာလားဟင် ..။
ဒါနဲ့ မကျော်မခွပဲ ပို့စ်တင်လို့ရတယ် ..။
https://www2.blogger.com
အဲကောင်နဲ့ တင်လို့ရတယ် ..။
Layout တော့ ပြင်မရဘူး .. အဲလင့်ခ်နဲ့ တင်ရင် ..။
အဆင်တော့ ပြေတယ် .. ကျော်မရရင် အဲလိုပဲ တင်လိုက်တာ ..။