Pages

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Tuesday, February 23, 2010

သံဝေဂ

သေရွာကာလ၊ ရောက်ကြသောအခါ
ကိုယ့်နောက်ကိုကား၊ ဘာများပါမှာ
ပစ္စည်းစုစု၊ တစ်ခုမပါ
ကိုယ်ပြုထား ကံများပါမည်သာ။

အထုပ်ကလေး တစ်ပြင်ပြင်
ကိုယ့်နောက်ပါမည်ထင်
အထုပ်ရှင် သေလို့သွား
ကျန်တဲ့သူတွေ ဝေလို့စား
အထုပ်ရှင်မှာ အလကား
ဘာကမှလည်း ပါမသွား
သေရွာကျတော့ အပါယ်လား
နိဗ္ဗာန်ရောက်ဖို့ အခက်သား။  ။
(တိပိဋကဓရဆရာတော် ဦးကောသလ္လ)

မှတ်ချက် - မေတ္တာရှင်(ရွှေပြည်သာ)၏ ထေရ၀ါဒမှတ်ကျောက် စာအုပ်မှ ကြိုက်နှစ်သက်သော သံဝေဂလင်္ကာ

Friday, November 23, 2007

ကထိန်အာနိသင်ငါးမျိုး...

ရှေ့မှာ ကထိန်အကြောင်းသိကောင်းစရာ ဆိုတဲ့ပို့စ်လေး အလွမ်းအိမ်အတွက် ရေးခဲ့ပေးဖူးပါတရ်။ ယခုကတော့ စာဖတ်သူတွေရဲ့ တောင်းဆိုချက်နဲ့ နောက်ဆက်တွဲ ကထိန်အာနိသင်ငါးပါးကို ဆက်လက်ရေးသား ဖော်ပြခြင်း ဖြစ်ပါတရ်။ ကထိန်ခင်းခြင်းကြောင့် ရရှိနိုင်သောအကျိုးတရားများကို “ကထိန်အာနိသင်”လို့ ခေါ်ပါတရ်။ ၄င်း အာနိသင်ကို ပုရိမ၀ါကပ်၍ ပထမ၀ါကျွတ်ပြီးတဲ့ ရဟန်းတိုင်း ကထိန်ခင်းပြီး ရရှိခံစားပိုင်ခွင့်ရှိပါတရ်။ ၄င်းအာနိသင် များကတော့ -
၁။ အနာမန္တစာရ
၂။ အသမာဒါနစာရ
၃။ ယာဝဒတ္ထစီဝရ
၎။ ဂဏ ဘောဇန
၅။ ယော စ တတ္ထ စီဝရုပ္ပါဒ တို့ပဲဖြစ်ပါတရ်။


၁။ အနာမန္တစာရ - ဒါယကာ၊ ဒါယိကာမတို့က ရဟန်း၊ သံဃာတော်တို့အား “ထမင်းစားကြွပါ၊ မုန့်စားကြွပါ” စသဖြင့် သာသနာတော်ဝေါဟာရနဲ့ မအပ်စပ်တဲ့စကားတို့ဖြင့် ဆွမ်းစားဖိတ်မန်ခဲ့သော် အနီးရှိ ရဟန်းတို့ကို မပန်ကြား၊ မပြောဆိုဘဲ၊ မြို့ထဲ၊ ရွာထဲသို့ ကြွသွားနိုင်ခြင်း။
(ကထိန်ခင်းပြီး၍သာ သွားနိုင်ခွင့်ရှိခြင်းဖြစ်ပါတရ်။ ကထိန်မခင်းရသေးပဲ အသိပေး၊ ပြောဆိုပန်ကြားခြင်း မရှိဘဲ ကြွသွားပါက ပါစိတ်အာပတ် သင့်ပါတရ်။ ကထိန်အာနိသင် ရလျှင် ပါစိတ်အာပတ် မသင့်တော့ပါ)

၂။ အသမာဒါနစာရ - တိစီဝရိတ် အဓိဠာန်တင်ထားသောသင်္ကန်းကို သွားလေရာ မယူဆောင်ဘဲ သွားလိုရာသို့ လှည့်ပတ်သွားလာနိုင်ခြင်း၊ ၄င်းသင်္ကန်းနှင့် ညစဉ် အနီးအနား၌ မဆောင်ထားဘဲ ညဥ့်ကင်း၍ နေနိုင်ခြင်း
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသင်္ကန်းနှင့် ညဥ့်ကင်း၍မရပါ။ ထိုသို့နေခဲ့လျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါ တရ်။ ကထိန်အာနိသင်ရလျှင် ညဥ့်ကင်းသော်လည်း အာပတ် မသင့်တော့ပါ)

၃။ ယာဝဒတ္ထစီဝရ - ရရှိသမျှ သင်္ကန်းတို့အား အဓိဌာန် ၀ကပ္ပနာမပြုဘဲ အလိုရှိသလို ထားရှိသုံးဆောင်နိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲပါက နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတရ်။ ကထိန် အာနိသင်ရလျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲသော်လည်း အာပတ်မသင့်တော့ပါ)

၎။ ဂဏဘောဇန - မအပ်စပ်သော တောင်းခံခြင်း၊ ဖိတ်မန်ခြင်းမျိုးဖြင့် တောင်းခံပင့်ဖိတ်အပ်သောဆွမ်းဖြစ် လျက် လေးပါးနှင့် အထက်လွန်၍ စုပေါင်းခံယူ စားသုံးနိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသို့ မအပ်စပ်သော ဆွမ်းကို စုပေါင်းခံယူ စားသုံးပါက သုဒ္ဓပါစိတ် အာပတ် သင့်ပါတရ်။ ကထိန် အာနိသင်ရသဖြင့် သုဒ္ဓပါစိတ် အာပတ်မသင့်တော့ပါ)

၅။ ယော စတတ္ထ စီဝရုပ္ပါဒ - ကထိန်ခင်းရာကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကိုကထိန်အာနိသင် ရသော ရဟန်း၊ သံဃာတော်တို့သာ သုံးစွဲခွင့်ရနိုင်ခြင်းတို့ ဖြစ်ပါတရ်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးငါးပါးတို့ကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက် သာဓု အနုမောဒနာပြုသော ရဟန်းတို့သာ ရယူခံစားခွင့်ရှိကြပါတရ်။ ခံစားနိုင်ခွင့်ကာလကတော့ ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်နေ့အထိဖြစ်ပါတရ်။

Monday, November 12, 2007

ကထိန်အကြောင်း တစေ့တစောင်း

ချစ်ညီမလေး အလွမ်းအိမ်က မီးလေး စီပုံးမှာ ကထိန်ခင်းလို့ မရဘူးဆိုတာ လာမေးထားတော့ မီးလေးသိသမျှ၊ ဖတ်သမျှတွေနဲ့ ဦးဏှောက်ထဲက ညစ်ထုတ်၊ စာအုပ်တွေရှာပြီး ရေးပေးလိုက်ပါတယ် ညီမရေ။ အရှင်အာစာရာ လင်္ကာရရေးသားတော်မူတဲ့ ကထိန်အကြောင်း သိကောင်းစရာများထဲစာအုပ်များထဲမှာ ကောက်နုတ်ရေးသားထားပါတယ်။

ဂေါတမဘုရားလက်ထက်တော်၌ ပါဝေယျတိုင်းသားဖြစ်ကြသော ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်တို့ကို အကြောင်းပြု၍ ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်တယ်လို့ သိရှိခဲ့ပါတယ်။ ထိုညီနောင်သုံးကျိပ်တို့သည် သာသနာ၌ ထင်ရှားသော စစ်ဘုရင် “ပသေနဒီ ကောသလ” မင်းကြီးနှင့် ညီအစ်ကို တော်စပ်ကြသူများ ဖြစ်ကြပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်တော်မူခါစ ဗာရာဏသီပြည်မှ “ဥရုဝေလ” တောအုပ်သို့ ကြွတော်မူရာ တစ်ခုသော တောအုပ်ဝယ် မိန်းမပျောက် ရှာဖွေစဉ် ဘုရားရှင်နှင့်တွေ့၍ ဧဟိဘိက္ခုရဟန်းဖြစ်ကာ တရားထူး ရခဲ့ကြသူများလည်း ဖြစ်ကြပါတယ်။

ထိုရဟန်းသုံးကျိပ်တို့သည် ပါဝါမြို့မှ သာဝတ္ထိမြို့သို့ ဘုရားရှင်အား ဖူးမြော်ရန်လာရာ ၀ါဆိုအမီ မရောက်နိုင်ခဲ့ကြသဖြင့် သာကေတမြို့၌ ၀ါကပ်ဝါဆိုခဲ့ကြရလေသည်။ ၀ါလကင်းလွတ် သီတင်းကျွတ်၍ ပ၀ါရဏာပြုပြီးသောအခါ သာဝတ္ထိသို့ ဆက်လက်ကြွချီတော် မူကြရာတွင် ၆ယူဇနာ(၄၂မိုင်ခန့်) ဝေးကွာပါတယ်။ လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် ရေ၊ ရွှံ့ညွှန်တို့ဖြင့် စိုစွတ်လျက် ဘုရားရှင်အား ဖူးမြော်ကြရပါတယ်။ ကထိန်အာနိသင်ငါးမျိုးအနက် “အသမာဒါန စာရ” အကျိုးဟုခေါ်သော သင်္ကန်းသုံးထည်လုံးကို ဆောင်ယူဖွယ်မလိုခြင်း လွတ်လပ်ခွင့်ရသဖြင့် ဘဒ္ဒ၀ဂ္ဂီရဟန်းများဟာ ခုလိုဒုက္ခမျိုးကို မတွေ့ကြုံနိုင်တော့ပေ။ မြတ်စွာဘုရားသည် ခွင့်မပြုရသေးသော ရဟန်းတော်များ ဆင်းရဲဒုက္ခရောက်ကြရ သည်ကို မြော်မြင်တော်မူကာ ပထမ၀ါ(ပုရိမ၀ါ)ကျွတ်ပြီးသော ရဟန်းတို့အား အကျိုးငါးမျိုးကိုပြ၍ ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ပါသည်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးအာနိသင်ငါးပါးကို ကထိန်ခင်းသောရဟန်းနှင့် နှုတ်မြွက် သာဓုအနုမောဒနာပြုသော ရဟန်းတို့သည် ကထိန်ခင်းသောနေ့မှစပြီး တပေါင်းလပြည့်နေ့တိုင်အောင် ရယူခံစားနိုင်ခွင့်ရှိကြပါတယ်။ ကထိန်ခင်းနိုင်ခွင့်ကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းသာ ခင်းခွင့် ရှိပါတယ်။ မီးလေးတို့ အခုအခါမှာ ကထိန် ခင်းတယ်လို့ ပြောဆိုနေကြသည်မှာ အမှန်မဟုတ်ပါ။ ဒါယိကာ၊ ဒါယိကာမတို့ အနေဖြင့် ကထိန်မခင်းနိုင်။ ကထိန်ခင်းဖို့အတွက် ရဟန်းတို့အား သင်္ကန်းကို ပေးလှူသူမျှသာ ဖြစ်နိုင်ကြပါတယ်။ ဒါပေမဲ့ အများစု ကတော့ ဒီနှစ်တော့ ဘယ်ကျောင်းမှာ ကထိန်ခင်းမှာ ဘယ်လောက်လောက်ကုန်မှာဟု ကြွားဝါသည်ဖြစ်စေ၊ သူတပါးအား ပြောပြသည်ဖြစ်စေ၊ ကိုယ်ကောင်းမှုကုသိုလ် ဘယ်လိုလုပ်ကြောင်း တခြားသူအား ပြောပြခဲ့ ပါလျှင် ကုသိုလ်အားလုံး ပျက်ပြယ်တတ်ပါတယ်။

အလွမ်းအိမ်မေးသလို ကထိန်မခင်းနိုင်သော ရဟန်း၊ သံဃာများဟာ
  • ပထမ၀ါမဆိုရသေးသူ
  • ၀ါကျိုးဝါပြတ်သူ
  • ပစ္ဆိမ၀ါကပ်သူ (ဒုတိယ၀ါဆို၊ ၀ါကပ်သူ)နှင့်
  • အခြား ကျောင်းတိုက်၌ နေသောသူများသာ ကထိန်အာနိသင်ငါးပါးကို မရရှိနိုင်ပါ။
ထိုသို့မဟုတ်လျှင် ကထိန်မခင်းသော်လည်း ကထိန်ကာလတွင် အာနိသင်ငါးပါးထဲမှ ဒုတိယမြောက်ဖြစ်သော “အသမာဒါန စာရ”မှ လွဲ၍ ကျန်လေးပါးကို ရရှိနိုင်စွမ်းရှိပါတယ်။ ရဟန်းများဟာ ၀ါဆိုသည့်ကျောင်းတိုက်မှ ၀ါကျွတ်ကာလအထိ ညအိပ်ညနေ အပြင်ထွက်ခွင့်မရှိပါဘူး။ အရမ်းအရေးကြီးသော ကိစ္စနှင့် မဖြစ်မနေ သွားရမည့် ဆိုခဲ့လျှင်ပင် ကျောင်းတိုက်၏ ခွင့်ပြုချက်ဖြင့် ၀ါပန်ပြီးမှသာ သွားခွင့်ရှိပါတယ်။ ၀ါပန်ပြီး ညအိပ် ညနေသွားခဲ့လျှင်လည်း အများဆုံး ၇ရက်သာ(မသေချာပါ) သွားခွင့်ရှိပြီး ထပ်ပြီးနေရမည်ဆိုလျှင် မိမိနေသော ကျောင်းတိုက်သို့ ပြန်၍မရသိ အရပ်ဖြစ်ခဲ့လျှင် နီးစပ်ရာ ကျောင်းတိုက်၌ ထပ်ပြီး ၀ါပန်ရပါတယ်။ ထိုသို့သော ရဟန်း၊ သံဃာများကို ၀ါကျိုးသည်ဟု မခေါ်ပါ။

ချစ်ညီမလေးရေ ဒီလောက်နဲ့ ခဏနားထားမယ်နော်... နောက်မှ ကထိန်အာနိသင် ငါးမျိုးကို ထပ်တင်ပေးပါမယ်...

Saturday, November 10, 2007

ကထိန်ပွဲကျင်းပကြရာဝယ်

သီတင်းကျွတ်ပြီးနောက် ယခုလမှာဆိုလျှင် လမ်းတိုင်း လမ်းတိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတွင် ပဒေသာပင်များ သီးခြင်းဖြင့် မဟာဘုံကထိန်ပွဲကျင်းပလျက် ကထိန်များခင်းလျက်ရှိပါသည်။ ပဒေသာပင် သီးကြရာဝယ် အဆိုးဝါးဆုံးတစ်ခုမှာ ၀တ္ထူ(ပိုက်ဆံ)များအား ပုံစံအမျိုးမျိုး ပုံဖော်၍ သီးကြခြင်းပဲ ဖြစ်ပါတယ်။ မီးလေးတို့ အပါအ၀င်ပေါ့ လမ်းတွေမှာ ၄င်းတို့ရဲ့ ပဒေသာပင်ကို လှစေချင်ကြတဲ့အတွက် ပုံအမျိုးမျိုး ဖော်ထားတဲ့ ပိုက်ဆံတွေကို ၀ယ်ကြ၊ ကိုယ်တိုင်ပြုလုပ်ကြ၍ သီးကြပါတယ်။
မီးလေးတို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို ကထိန်ခင်းပြီး နောက်နေ့ရောက်သွားချိန်မှာတော့ ဥူးပဇင်းများ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသားလေးများအားလုံး စားပွဲခုံတွေနဲ့ ပတ်ပတ်လည်ဝိုင်းထိုင်ကြပြီး ရေဇလုံ အကြီးကြီးထဲမှာ ခုနက ပြောခဲ့တဲ့ ပုံဖော်ထားတဲ့ ပိုက်ဆံတွေကို ရေစိမ်ထားပြီး ရေ၀သွားမှ ခွာနေကြရတာကို တွေ့ခဲ့ရပါတယ်။ မီးလေးတောင် လုပ်အားဝင်ပေးရင်းတွေးမိတာက နောင်ဆို ခုလိုမျိုးတွေ ၀ယ်မသီး တော့ဘူးလို့ သံဓိဌာန်ချခဲ့တယ်။ နီးစပ်ရာ လူတွေကိုလည်း ၀ယ်မသီးကြဖို့ အသိပေးနိုင်ခဲ့ပါတယ်။
ကိုယ်က အပြင်ပန်းအလှအတွက် ၀ယ်လှူလိုက်ပေမယ့် လက်ခံရရှိတဲ့ ကျောင်းတွေအဖို့ အလုပ်ပိုရှုပ်စေသလို ကရိကထလည်း အလွန်များတာကို တွေ့ခဲ့ရပါတယ်။ မီးလေးလည်း ထိုသို့ကိစ္စများရှောင်နိုင်ခဲ့တာ အလုပ်မ၀င်ခင်အထိပဲ ရှောင်နိုင်ခဲ့ပါတယ်။ အစကတော့ သူများလုပ်တာ ၀ိုင်းကူလုပ်ပေးရုံလောက်ပါပဲ။ ခုတော့ အဲဒီတာဝန်ဟာ လုံးလုံးလျားလျား မီးလေးအပေါ်ရောက်လာတာ ယခုနှစ်ပါနဲ့ဆို ၃နှစ်ရှိခဲ့ပါပြီ။ မလုပ်ချင်ပေမဲ့လည်း ကိုယ့်ကို တာဝန်ပေးထားတာမို့ တစ်နှစ်ထက်တစ်နှစ်ပိုပြီး လှစေဖို့ အရုပ်တွေကို တစ်မျိုးပြီးတစ်မျိုး ပြုလုပ်ခဲ့ ရပါတယ်။ ကော်ကိုတော့ မသုံးပါဘူး ရေစိမ်ခွာရမှာစိုးလို့ ဟီး။ Stapler ကိုတော့ သုံးရပါတယ်။ မသုံးမဖြစ်မို့ပါ မီးလေးတို့ သူငယ်ချင်းတစ်ယောက်ကဆို Stapler Remover လေးပါ ထည့်သီးပေးလိုက်ပါလားတဲ့လေ။

နောက်ရက်ဆိုရင် ပဒေသာပင်စသီးရတော့မယ် အဲဒီအချိန်ကို ရောက်လာမှာ ကြောက်နေမိတာတော့ အမှန်ပါ မလုပ်ချင်တာမဟုတ်ပေမဲ့ မလုပ်သင့်ဘူးထင်တာကို လုပ်နေရလို့ မလုပ်ချင်တာပါ။ တော်ပြီ စိတ်ညစ်စရာတွေ မီးလေးတို့ သီးထားတာ လှလားကြည့်ပေးဦး ....
ပြီးခဲ့တဲ့နှစ်ကပုံ အဆင်သင့်မရှိသေးလို့ လွန်ခဲ့တဲ့နှစ်နှစ်ကပုံတင်ပေးလိုက်တယ် ....

Friday, October 26, 2007

သီတင်းကျွတ်လပြည့်နေ့

ယနေ့ဟာဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ပဲဖြစ်ပါတယ်။ ယနေ့ အခါသမယသည် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ၀ါထွက်ပြီး ယခင်ဘ၀မှ မယ်တော် ဖြစ်ခဲ့သော မယ်တော်မိနတ်သားအား အဘိဓမ္မာတရား (ဘုရားတရားတော်များတွင် အခက်ခဲဆုံးတရား) ဟောကြားတော်မူပြီး လူ့ပြည်သို့ (ယခု အိန္ဒိယနိုင်ငံ၊ သင်္ဃဿနဂိုရ်ပြည်) ပြန်ကြွလာခြင်းကို ဆီမီးအလင်းတိုင် တို့ဖြင့် ကြိုဆိုပူဇော်သည့်ပွဲလည်း ဖြစ်ပါတယ်။

မနေ့ကမီးလေးအလုပ်က အပြန်မှာ မီးလေးအမေက ဘုန်းကြီးကျောင်းသွားဖို့ဆိုပြီး စောင့်နေပါတယ်။ ဒါနဲ့ မျက်နှာသစ် အ၀တ်အစားအမြန်လည်းပြီးတော့ မေမေနဲ့ ဘုန်းကြီးကျောင်းလိုက်သွားခဲ့ပါတယ်။ လမ်းမှာ မေမေကိုမေးကြည့်တော့ ဆွမ်းတော်ကြီးကပ်ဖို့ သစ်သီးသွားလှူမှာတဲ့လေ။ အဲတော့မှ သီတင်းကျွတ်လပြည့် မတိုင်မီ မြို့ဖိတ်နေ့မှာ ရပ်ကွက်အသီးသီးရဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ကွက်ဓမ္မရုံတွေမှာ အသီးမျိုးစုံနဲ့ ခဲဘွယ်ဘောဇဉ်မျိုးစုံတို့ကို သွားရောက်ပေးပို့ကြပြီး လပြည့်နေ့မှာတော့ ဆွမ်းတော်ကြီးကပ်ပွဲ ကျင်းပလေ့ရှိ ကြတာကို အမှတ်ရမိပါတယ်။ ဘုန်းကြီးကျောင်းက ပြန်လာတော့ လမ်းတွေ၊ အိမ်တွေမှာ ဆီမီးတွေထွန်းကြတာကို တွေ့ရပါတယ်။ အရင်ကဆို ဘာကြောင့်ထွန်းကြမှန်းမသိခဲ့ပါဘူး စပ်စပ်စုစုလည်း မမေးခဲ့ပါဘူး သီတင်းကျွတ်ရောက်ရင် ပျော်တယ်၊ ကျောင်း ၁၀ရက်ပိတ်လို့လည်းပါပါတယ်၊ မီးပန်းလွှတ်မယ်၊ ဆော့မယ်၊ မီပုံးပျံတွေကြည့်မယ်၊ လမ်းတွေမှာမီးထွန်းထားတာတွေ လျှောက်ကြည့်မယ် ဒီလောက်ပဲ စိတ်ဝင် စားခဲ့ကြတယ်။ ဆော့နေရင်း ဖယောင်းတိုင်ကုန်သွားရင် သူငယ်ချင်းတွေနဲ့ သူများအိမ်က ထွန်းထားတဲ့ ဖယောင်းတိုင်ကို သွားယူဆော့ခဲ့ကြတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ နားလည်သဘောပေါက်လာခဲ့ပါပြီ။ ခုလိုသဘောပေါက်နားလည်လာအောင် မေမေက မီးလေးကို ဓမ္မစကြာအသင်းထဲကို ၀င်ခွင့်ပြုလိုက်တဲ့အချိန်ကစပြီး တဖြည်းဖြည်းနားလည် သဘောပေါက်လာခဲ့ ရပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ အိမ်တိုင်းအိမ်တိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း၊ ဆီမီးထွန်းပြီး မြတ်စွာဘုရားကို “ပူဇာစ ပူဇနေယာနံ”ပူဇော်ခြင်းဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်ကြပါတယ်။ ထို့အပြင် အိမ် အတွင်းမှာရှိတဲ့ မီးဖိုချောင်မှ မီးဖို၊ ရေခဲသေတ္တာ၊ ကျောက်ပြင်၊ ဆန်အိုး၊ ရေတွင်း၊ ... အစရှိတဲ့ နေရာတွေမှာ လည်း မယ်တော်မိနတ်သားအား ဆီမီးထွန်းပြီး ပူဇော်ကြပါတယ်။ မီးဖိုဆိုရင်လည်း စားကောင်း၊ သောက်ကောင်းတွေ ချက်ပြုတ်နိုင်အောင်၊ ရေခဲသေတ္တာဆိုရင်လည်း ပစ္စည်းတွေပြည့်လျှံအောင် .... စသည် စသည်ဖြင့် ပူဇော်ကြတာဟာဆိုရင်ဖြင့် ထုံးတမ်းစဉ်လာအနေနဲ့ ယနေ့ထက်တိုင်အောင် ပြုလုပ်ကြတဲ့နေ့ပဲ ဖြစ်ပါတယ်။

နောက်ပြီး ဂါရဝေါစ နိဝါတောစဆိုတဲ့စကားအတိုင်း မိဘ၊ ဆရာသမားများနှင့် သက်ကြီးရွယ်အိုများအား ကန်တော့ကြတဲ့ ပွဲလေးလည်းဖြစ်ပါတယ်။ အရင်ကတော့ သွားကန်တော့ရင် မုန့်ဖိုးရတာပေါ့နော်။ ထို့အပြင် အချို့ရပ်ကွက်တွေမှာ စုပေါင်းပြီး နိဗ္ဗန်ဈေးကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ဘာသာတရားအရ ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ခြင်းအပြင် ကာလရွေ့လျားလာသည်နှင့်အမျှ ရိုးရာဓလေ့ပွဲတော်အဖြစ် ကျင်းပ လာခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

ဒီပို့စ်လေးဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးပူဇော်ဂါရ၀ပြုလိုက်ပါတယ် .....
သီတင်းကျွတ်လပြည့်နေ့ရဲ့ ညမှာ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ သီတင်းကျွတ်ညလေးပိုင်ဆိုင်ကြပါစေလို့ လာလည်ကြတဲ့ စာဖတ်သူများ၊ ဘလော့ဂ်ဂါမောင်နှမများအားလုံး ဆုမွန်ကောင်းတောင်းပေးလိုက်ရတယ် ...