Pages

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, October 13, 2010

ရန်ကုန်လေဆိပ်က 0207

 
ခံစားချက်ကို ချရေးတာမို့ သည်းခံဖတ်ပေးကြပါနော်..စက်တင်ဘာလ ၁၂ရက်နေ့မှာ TG 09:50 နဲ့ ဗန်ကောက်ကို သွားမှာမို့ အိမ်က ၈နာရီမှာ ထွက်ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလဆိပ်ကို ၈နာရီ၂၀လောက် ရောက်သွားပါတယ်... ရောက်တယ်ဆိုရင်ပဲ ပါလာတဲ့ အထုပ်တွေ တွန်းလှဲပေါ်တင်ပြီ လေဆိပ်အဆောက်အအုံဝင်းထဲသို့ ၀င်လာခဲ့ပါတယ်… Air Tax ပေး၊ X'Ray ဖြတ်၊ Check in ၀င်နဲ့  Immigration Counter ရောက်တော့ ၈နာရီ ၄၀မိနစ်လောက်ရှိပါပြီ… ကြည့်လိုက်တော့ Myanmar Passport Holder ရေးထားတဲ့ Counter တိုင်းမှာ တန်းစီနေကြတာ မနည်းပေလှဘူး… ကဲ လူနည်းမယ်ထင်တဲ့အတန်းကို တန်းစီတာပေါ့ဆိုပြီ ညာဘက်ထောင့်ဆုံးက ကောင်တာမှာ ၀င်တန်းစီလိုက်ပါတော့တယ်...

Friday, June 4, 2010

ဘ၀သစ်ပြင်ဆင်မှုအတွက် အမှတ်တရနေ့လေးများ

ကိုယ်တိုင် မင်္ဂလာပွဲလုပ်မှပဲ မင်္ဂလာပွဲဖြစ်မြောက်ဖို့(အချိန်ပိုင်း ၂နာရီ)အတွက် ဘယ်လောက်ထိ ပင်ပန်းရတယ်ဆိုတာ သိလာရပါတယ်... လူပင်ပန်းတယ် ဆိုတာထက် စိတ်ပင်ပန်းတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်... မင်္ဂလာပွဲနီးလာလေ လုပ်စရာတွေလည်း များလာလေပါပဲ... ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားခဲ့ပေမဲ့ အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ပျော်ရွှင်မှုနဲ့အတူ ဒွန်တွဲလို့ ပါလာခဲ့ပါတယ်... သတို့သား၊ သတို့သမီး ၀တ်စုံကိုတော့ သင်္ကြန်မတိုင်ခင် ကတည်းက ရွေးထားပြီးသားဖို့ အဲ့အလုပ်တော့ မရှိတော့ပေမဲ့ လက်ဖွဲ့ပြန်ကမ်းဖို့အတွက် စိတ်သောက များရပါသေးတယ်... (ပြန်ကမ်းတဲ့ လက်ဆောင် အတွက် လူပန်း စိတ်ပန်းခံပြီး ကူညီပေးခဲ့တဲ့ ဘလော့ဂါ အစ်ကိုတော် Breeze နှင့် မီးလေး လောသမျှကို စိတ်ညစ်ခံပြီး အချိန်ပေးပြီး ပစ္စည်းမှာတာက အစ ပစ္စည်းပို့ပေးတဲ့အထိ အပင်ပန်းခံပြီး ကူညီပေးခဲ့တဲ့ မမ မမီးလေးဇာကိုလည်း ကျေးဇူးတင်မိပါတယ်... )

Saturday, January 30, 2010

လက်မထပ်ခင် သွေးစစ်ပါ...

“လရိပ်... နင့်ကောင်လေးကို ယမင်း မနေ့က ကလပ်တစ်ခုက ထွက်လာတာ တွေ့လိုက်တယ်”
“ဟင်... ဟုတ်လို့လား၊ ယမင်း လူမှားတာ နေပါလိမ့်မယ်...”
“လရိပ်... နင် နင့်ကောင်လေးကို ယုံလွန်းအားကြီးတယ်ဟာ၊ ယမင်းမှ မဟုတ်ဘူး ဆွေနဲ့လည်း ဆုံဖူးတယ်... သူကတော့ ဆွေ့ကို မမြင်ဘူး... ကောင်မလေးတစ်ယောက်နဲ့ ပျော်လို့ မြူးလို့...”
“နင်တို့တွေပြောတာ ဟုတ်ရော ဟုတ်ရဲ့လား...”
“အော်... တကယ်ပါဆိုမှ နင်တို့က ယူကြတော့မှာ HIV လေး ဘာလေး စစ်ကြည့်ဦး...”

ကျွန်မ သူငယ်ချင်းတွေ ပြန်သွားကြပေမဲ့ သူတို့ ပြောသမျှ စကားအခွန်းတိုင်း အခွန်းတိုင်း ကျွန်မနားက မထွက်ပါဘူး... အိပ်ယာပေါ်မှာ လူးလှိမ့်နေခဲ့ပေမဲ့ တညလုံး အိပ်မပျော်ခဲ့ပါဘူး...  ကျွန်မတို့ရဲ့ မင်္ဂလာဆောင်ကလည်း နီးကပ်နေပြီမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး... ကျွန်မ ၀မ်းအနည်းဆုံးက မောင် ကျွန်မအပေါ် သစ္စာဖောက်ခြင်းပါပဲ... မောင်က ကျွန်မနဲ့ မတွဲခင် ခြေရှုပ်ခဲ့တာကို သိပေမဲ့ ကျွန်မနဲ့ တွဲပြီးနောက်ပိုင်း ခြေမရှုပ်တော့ပါဘူးလို့ ကတိပေးထားခဲ့ဖူးပါတယ်... ကျွန်မ မောင့်ကို စိတ်သန့်သန့်နဲ့ ချစ်နိုင်ပေမဲ့ သူ့မှာ HIV ပိုး ရှိနေမှာ ကြောက်နေမိတယ်... ဆွေပြောသလို သူ့ကို သွေးပဲ သွားစစ်ခိုင်းရမလားဆိုတာ ဝေခွဲမရသေးပါဘူး... အတွေးတွေနဲ့တင် မနက်မိုးလင်းခဲ့ပါတယ်...

“သမီး လရိပ်ရေ အောက်မှာ မောင်ဝဏ္ဏရောက်နေတယ်...”
“ဟုတ်ကဲ့ ... မေမေ”

ကမန်းကတန်း အင်္ကျီလဲပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်...

“မောင်. ကျွန်မနဲ့ အပြင်ခဏလိုက်ခဲ့ပေးပါ...”
“အိုခေ မောင်လိုက်ပို့ပေးမယ်၊ လရိပ် ဘယ်သွားမလဲ...”
“စကားအေးဆေးပြောလို့ ရမယ့် တစ်နေရာပေါ့..”
“အင်း သွားကြတာပေါ့...”

အိမ်ကထွက်လာတဲ့ အချိန်ကနေ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။  တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူကတော့...

“ခုတလော မောင် အရမ်းအလုပ်တွေ ရှုပ်နေလို့ ချစ်ဆီတောင် မရောက်ဖြစ်ဘူး... မောင် မလာလို့ မောင့်ကို စိတ်ကောက်နေတာလား...”

ကျွန်မ ဘာမှ ပြန်မဖြေဖြစ်၊ ကျွန်မက အဲ့လောက် သဘောထား သေးသိမ်တဲ့ သူမှ မဟုတ်ဘဲ မောင်ဘာကြောင့် ကျွန်မကို လိမ်နေရတာလဲ။ မောင် တခြားကောင်မလေးတွေနဲ့ တွဲနေတယ် ဆိုတာထက် ကျွန်မကို လိမ်ပြောခြင်းကို ပိုပြီး စိတ်တိုမိတယ်။ မောင့်ကို ကျွန်မ ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မောင်အသိ။ မောင့်ကို ဘယ်သူနဲ့တွဲနေနေ ကျွန်မကို ပေးသိပါ၊ ကျွန်မ နားလည်ပေးနိုင်ပါတယ်လို့ ပြောထားပါလျက် ကျွန်မကို လိမ်တာ ကျွန်မ ဘယ်လောက်ထိ ခံစားရသလဲ မောင် နားလည်နိုင်မှာ မဟုတ်ပါဘူးလေ။

“သေချာပြီ မောင့်ကို စိတ်ကောက်နေတာ မဟုတ်လား...”
“မောင် ကျွန်မ စိတ်ကောက်ရအောင် ကလေးမဟုတ်ဘူး...”

ကျွန်မအသံ အတော်လေး မာသွားတယ်ထင်တယ်၊ မောင်က ကျွန်မကို ကြောင်ပြီး ငေးကြည့်နေတယ်။

“မောင် ဒီရက်ပိုင်း ဘာတွေလုပ်နေတယ်ဆိုတာ မောင် မပြောပေမဲ့ လရိပ်သိနေတယ်... မောင်ဘာလုပ်လုပ် ကျွန်မ နားလည်ခွင့်လွှတ်တတ်အောင် ကျွန်မ ကြိုးစားနေခဲ့တယ်... မောင် ဘယ်သူတွေနဲ့ ဘယ်နှယောက်တွဲတွဲ ကျွန်မသည်းခံနိုင်တယ်... ဒါပေမဲ့ မောင် စည်းမစောင့်ခဲ့ဘူး... ခုတော့ သူများတွေပြောမှ သိရတယ်... နောက်ဆုံး ကုန်ကုန်ပြောမယ်  မောင်လူပျိုမဟုတ်တော့ဘူးဆိုတာကအစ ကျွန်မသိပြီးပြီ... ကျွန်မတို့ မင်္ဂလာပွဲကလည်း နီးနေပြီ ကျွန်မဘာလုပ်သင့်လဲ... ပြောပါဦး... ပြောဦးလေ မောင် ခုကျတော့ မောင့်ပါးစပ်က ဘာလို့ ပိတ်နေရတာလဲ...”
“မောင် မှားခဲ့တယ်ဆိုတာကို ၀န်ခံပါတယ်... ဒါပေမဲ့ ချစ်ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ချစ်အသိဆုံးပါ... မောင် ချစ်နဲ့ မခွဲနိုင်လို့လဲ လက်ထပ်ဖို့ အထိ ဖြစ်လာခဲ့တာပေါ့... မောင် ဘယ်သူတွေနဲ့ပဲ တွဲခဲ့ တွဲခဲ့ ချစ်တစ်ယောက်တည်းကိုပဲ နှလုံးသားနဲ့ ရင်းပြီးချစ်ခဲ့တာပါ... မောင် နောက်ဘယ်သူနဲ့မှ မပတ်သက်ဘဲ နေပါတော့မယ်... မောင့်ကို နောက်ဆုံးအနေနဲ့ အခွင့်အရေးတခါတော့ ပေးပါနော်... မောင် တောင်းပန်ပါတယ် ချစ်ရယ်... မောင် ချစ်ကို တကယ်ချစ်တာပါ...”

မောင်က ပြောရင်းနဲ့ ကျွန်မလက်ကလေးကို ညင်သာစွာ ဆုတ်ကိုင်လိုက်ချိန်မှာတော့ မျက်ဝန်းမှာ မိုးရွာခဲ့ရပါပြီ...

“ချစ် ဘယ်သွားချင်လဲ မောင်လိုက်ပို့ပေးမယ်လေ...”

“ကျွန်မ ဘယ်မှ မသွားချင်ဘူး မောင်၊ ကျွန်မကို ဆွေတို့အိမ်ပဲ လိုက်ပို့ပေးပါ... ကျွန်မ ဆွေတို့အိမ်ကနေပဲ ပြန်လိုက်မယ်...”

မောင် ကျွန်မကို ဆွေတို့အိမ် လိုက်ပို့ပေးပြီး ပြန်သွားတော့ ကျွန်မလည်း ဆွေတို့နေရာ တိုက်ခန်းပေါ်သို့ တက်လာခဲ့လေသည်။ ကျွန်မရဲ့ ခြေလှမ်းတွေကတော့ လေးလံနေဆဲ...

“ဟော...လရိပ်ပါလား လာ လာ...”
“လရိပ် ကိစ္စရှိလို့လား... သက်သက် အလည်ပဲလား...”
“ဆွေနဲ့ တိုင်ပင်စရာရှိလို့...”
“မေမေ... လရိပ်နဲ့ အခန်းထဲ သွားစကားပြောလိုက်ဦးမယ်...”
“အေး..အေး သမီးလရိပ် ထမင်းစားပြီးမှ ပြန်နော်...”
“ဟုတ်ကဲ့ အန်တီ၊ အန်တီ လက်ရာတောင် မစားရတာ ကြာပြီ...”
“အေးပါ... ကဲကဲ သူငယ်ချင်းတွေ အေးအေးဆေးဆေး စကားပြောကြဦး...”
“ကဲ ဆိုပါဦး..”
“ဆွေ လရိပ်ဘာလုပ်ရမှန်း မသိတော့ဘူး”
“ဘာကိစ္စနဲ့ ပတ်သက်လို့လဲ”
“မောင့်ကိစ္စပေါ့...”
“လရိပ်က ဘယ်လိုဖြစ်ချင်ပြီး ဘာလုပ်ချင်လို့လဲ... ဆွေ ဘာလုပ်ပေးရမလဲ...”
“လရိပ်စိုးရိမ်နေတယ် ဆွေရယ်... မောင်တွဲခဲ့တဲ့ သူတွေက CSWတွေ ဆိုတာလည်း သိရဲ့နဲ့... မောင့်မှာ သူတို့တွေဆီက ပိုးတွေကူးလာမှာ ကြောက်နေမိတယ်ဟ...”
“အဲ့တော့ လရိပ်က သွေးစစ်ကြည့်ချင်တယ် ဆိုပါတော့...”
“အင်း ဟုတ်တယ်... ဒါပေမဲ့ မောင့်ကိုလဲ ပြောမထွက်ဘူး...”
“ဒါဆို ဆွေ မေးမယ်နော်... လရိပ်စဉ်းစားပြီးမှ ဖြေနော်...”
“အင်း”

“သွေးစစ်လို့ HIV ပိုး တွေ့ခဲ့မယ် ဆိုရင် လရိပ်ဘာလုပ်မယ် စဉ်းစားလဲ...”
“မောင့်မှာသာ အဲ့ရောဂါပိုး ရှိမယ်ဆိုရင်တော့ လက်ထပ်ဖို့ကို ဖျက်သိမ်းရမှာပေါ့...”
“လရိပ်... သူငယ်ချင်း ဘယ်လောက်ခံစားနေရတယ် ဆိုတာကို ဆွေနားလည်ပါတယ်... HIV ပိုး စစ်တာနဲ့ ပတ်သက်ပြီး ဆွေသိသလောက် ပြောပြမယ်... လရိပ်သေချာ စဉ်းစားကြည့်ပေါ့... HIVပိုးတွေ့ရင် လမ်းခွဲမယ်လို့ စဉ်းစားထားရင် မစစ်ဘဲနဲ့ လမ်းခွဲလိုက်တာက ပိုသင့်တော်မယ်လို့ ဆွေတော့ထင်တယ်... လရိပ်လည်း သိပြီးသားနေမှာပါ... လက်မထပ်ခင် သွေးစစ်ပါဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်လေးလေ... အဲ့ဒါက HIVပိုးတွေ့ရင် ချစ်သူရည်းစားတွေ လမ်းခွဲဖို့ မဟုတ်ဘူး လရိပ်... ကိုယ်သာ တကယ်ချစ်ရင် သူဘာကြီးပဲ ဖြစ်နေနေ မျှဝေခံစားကြမှာပဲလေ...”

“ဆွေ ပြောတာ လရိပ်မရှင်းဘူး... ဒါဆို ဘာလို့ သွေးစစ်ခိုင်းရတာလဲ...”
“အဲ့ဒီရဲ့ နောက်ဆက်တွဲ ဆောင်ပုဒ်လေးတွေ ရှိသေးတယ် လရိပ်ရဲ့... သွေးမစစ်ခင် နှစ်သိမ့်ဆွေးနွေးမှု ခံယူပါ ဆိုတဲ့ ကဏ္ဏလေးပဲ... လရိပ်တို့ နှစ်ယောက်စစ်မယ် ဆိုရင် တစ်ယောက်ချင်းစီ နှစ်သိမ့်ဆွေးနွေးမှုခံယူပြီးမှ သွေးစစ်ရတယ်... သွေးအဖြေယူတဲ့အခါမှာလဲ တစ်ယောက်ချင်းစီ နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ သွေးအဖြေပေးတယ်... ပြီးတော့ နှစ်ယောက်လုံး နှစ်သိမ့်ဆွေးနွေးမှုခံယူရတယ်...”

“နှစ်သိမ့်ဆွေးနွေးမှုခံယူတယ်ဆိုတာက ဘာတွေပြောတာလဲဟင်...”
“ပြောတယ်ဆိုတာထက် သွေးစစ်မဲ့သူရဲ့ အကြောင်းတွေကို နားထောင်ပေးတယ်... ပြီးတော့ HIV အကြောင်း ဘယ်လောက်သိလဲ မေးတယ်... မသိသေးရင် ပြောပြတယ်၊ သိပြီးသားဆိုရင်တော့ လိုအပ်တာလေးတွေ ဖြည့်စွက် ပြောတယ်... သွေးအဖြေကို ဘာပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိတဲ့ အခြေအနေရှိမှ သွေးစစ်ပေးတယ်... ကိုယ်က သွေးအဖြေအပေါ် ခံနိုင်ရည်မရှိသေးရင် နှစ်ကြိမ် သုံးကြိမ် လိုအပ်ရင် လိုအပ်သလို နှစ်သိမ့်ဆွေးနွေးမှု ခံယူရတယ်... ကိုယ်က HIVပိုး ကူးနိုင်တဲ့ အမူအကျင့်တွေ ရှိခဲ့မယ်ဆိုရင် မကူးစက်နိုင်အောင် ဆောင်ရန် ရှောင်ရန်တွေကိုပြောပြတယ်... ဥပမာကွာ ယောင်္ကျားလေးမှာ HIV ပိုး ရှိနေတယ် ဆိုပါစို့... တစ်ဖက်သားက မပြောရင် ကိုယ်မှ မသိနိုင်တာပဲလေ... ကိုယ်နဲ့ လက်တွဲရမယ့် ဘ၀လက်တွဲဖော်မှာ HIV ပိုးရှိနေတာကို လက်မခံနိုင်တဲ့ သူတွေဆိုရင်တော့ ကာယကံရှင်က လွဲပြီး တခြားသူကို ပေးမသိဘဲ ထားလိုက်ရတာတွေရှိတယ်... ဒါပေမဲ့ ကိုယ့်လက်တွဲဖော်ကို မကူးစက်နိုင်အောင် ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာတွေကို သူတို့ကို သေချာရှင်းပြပေးရတာတွေရှိတယ်... အတူနေတာ ကလေးယူတာတွေက အစပေါ့... တစ်ယောက်ယောက်မှာ HIVရှိရင် ကလေးမယူတာက ပိုသင့်တော်တယ်လေ... ကလေးယူဖို့အတွက် နောက်တစ်ယောက်ကလည်း ကူးစက်မှုခံရနိုင်သလို မွေးလာမဲ့ ကလေးမှာလဲ ကူးစက်ခံရနိုင်တာမို့လေ.... တချို့ကတော့ ခံနိုင်ရည်ရှိတဲ့အတွက် နှစ်ယောက်လုံး တိုင်တိုင်ပင်ပင်နဲ့ ဘ၀ခရီးကို ဖြတ်သန်းကြတဲ့ သူတွေလည်း ရှိပါတယ်... လက်မထပ်ခင် သွေးစစ်ပါဆိုတဲ့ ကောင်းကျိုးက ကိုယ်တိုင်သိရှိနားလည်ပြီး ဆောင်ရန် ရှောင်ရန်တွေ သတိထားဖို့လေ... အဲ့ဒါကို သွေးစစ်လို့ HIVပိုး ရှိခဲ့ရင် လမ်းခွဲမယ်ဆိုတဲ့ လူတွေက ၁၀ယောက်မှာ ၈ယောက်လို့ ရှိကြတယ်... ဒါကြောင့်လည်း နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ သွေးစစ်သင့်တယ်လို ပြောကြတာပေါ့... လူတစ်ယောက်မှာ HIVပိုးရှိလို့ လူ့လောက အသိုင်းအ၀ိုင်းထဲက ဖယ်ထုတ်တယ်ဆိုတာ အရမ်းကို ခေတ်နောက်ကျနေပြီ...”

“လရိပ် သဘောပေါက်ပါပြီ... မောင့်မှာ  HIVပိုး ရှိနေနေ မရှိနေနေ လရိပ် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီ... မောင့်မှာ ရောဂါပိုးရှိနေခဲ့တယ် ဆိုရင်လည်း ခုနက ဆွေပြောသွားသလို ဆောင်ရန် ရှောင်ရန်တွေနဲ့ နေထိုင်သွားလို့ရတာပဲလေ... လရိပ်တို့ သွေးသွားစစ်တဲ့ နေ့ကျရင်လည်း ဆွေလိုက်ခဲ့ပေးဦးနော်... ဆွေပါတော့ အားရှိတာပေါ့...”
“ဒါပေါ့ လိုက်ပေးရမှာပေါ့ လရိပ်ရယ်...”
“သမီးတို့ရေ စကားကောင်းနေလိုက်ကြတာ ထမင်းစားချိန်ကျော်နေပြီ... ထမင်းလာစားကြဦး...”
“ဟော မေမေ လှမ်းခေါ်နေပြီ လာ ထမင်းသွားစားကြရအောင်...”

ဆွေတို့အိမ်မှာ နေ့လည်စာ စားပြီး ပြန်ထွက်လာချိန်မှာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံး လွတ်လပ်ပေါ့ပါးလို့ နေပါတော့တယ်... ကျွန်မ သွေးသွားစစ်ပြီး သွေးအဖြေ ဘာပဲဖြစ်နေနေ ကျွန်မမှာ ရင်ဆိုင်နိုင်တဲ့ ခွန်အားတစ်ခုလဲ ကပ်ပါလာခဲ့ပါတယ်... ကျွန်မရဲ့ အိမ်ပြန်လမ်းမှာတော့ မောင်နဲ့ အတူ ဘ၀ခရီးလမ်း ထာဝရ ဖြတ်သန်းရမှာကို စဉ်းစားရင်း....

ဆက်၍ကြိုးစားပါဦးမည်....

ကျေးဇူးတင်လျက်....

Monday, December 14, 2009

မမေ့နိုင်သော တစ်နေ့တာ

13.12.2009 (တနင်္ဂနွေနေ့)
ရာသီဥတုကြောင့် အလွမ်းဓာတ်ခံတိုးစေတဲ့ ဆောင်းလေအေးနဲ့အတူ လူလည်း ထိုင်းထိုင်းမိုင်းမိုင်း ဖြစ်နေတာကြောင့် သူငယ်ချင်းတွေနဲ့ လေသွားပေါပြီး ပြန်အလာ ခုနက ဘယ်သူလဲ မသိဘူး ဖုန်းလာတယ်... ပြီးမှ ပြန်ဆက်မယ်လို့ ပြောပြီး ချသွားတယ်လို့ မေမေက ပြောတော့ ဘယ်သူများပါလိမ့်ပေါ့၊ ဖုန်းနံပါတ်ကြည့်လိုက်တော့ 65နဲ့ စတဲ့ဖုန်းနံပါတ် ပြန်ခေါ်တော့ ဖုန်းလိုင်းကားမအားတော့ ဘယ်သူမှန်း မသိ...

ဖိုင်နယ်ဖြေရမယ့် စာမေးပွဲကလည်း ဖြေရန် ၂ပတ်သာလိုတော့တယ်... စာဆိုလို့ တလုံးမှ မရသေး... စာမကြည့်ချင်တာ ၃ပတ်လောက်ရှိပြီ... အတန်းမလစ်ဘဲတက်လာတာ ခုဆို မီးလေးတယောက် အတန်းလဲ လစ်တက်နေပီ ၃ပတ်အတွင်း အတန်းချိန် တော်တော်များများလဲ လစ်ခဲ့ပြီးပြီ... မဖြစ်ချေဘူး ကြည့်ချင်ချင် မကြည့်ချင်ချင် စာလေးတော့ လုပ်ဦးမှ ဆိုပြီး စာအုပ်စားပွဲပေါ် စာအုပ်ချရုံရှိသေး ဖုန်းဝင်လာပါတယ်... မီးလေး သုခရိပ်မြုံသွားမယ် လိုက်မလားဆိုပြီး အစ်ကိုတော် ဖော်သူထိုး ဖိုးသူတော် ဆက်လာပါတယ်... အစကမှ စာမလုပ်ချင်တာလေ နှစ်ခါမခေါ်လိုက်ရ (လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက သွားမယ်သိကတည်းက လိုက်မယ်လို့ ပြောထားပါသေးတယ်... :P)... အချိန်နဲ့ နေရာချိန်းလိုက်တော့ ၁၂နာရီခွဲ မြေနီကုန်းက ရွှေရည်လ္ဘက်ရည်ဆိုင်တဲ့... နာရီကြည့်တော့ ၁၂နာရီထိုးဖို့ ၁၀မိနစ် မီးလေးအိမ်ကနေ မြေနီကုန်းထိ ၁၂နာရီခွဲကို ဘယ်လိုမှ မရောက်နိုင်... ဒါနဲ့ ၁၂နာရီခွဲ ရောက်နိုင်မှာ မဟုတ်လို့ စောင့်နေပေးဖို့မှာပြီး ဖုန်းချပြီး သွားဖို့အတွက် ကမန်းကတန်း ပြင်ဆင်ရပါတယ်... ရေမြန်မြန်ချိုးပြီး ပြင်ဆင်ပြီးတော့ ၁၂နာရီ ၁၅မိနစ် သွားဖို့ လာခေါ်တဲ့ကားကလည်း အဆင်သင့် ရောက်ပြီဖို့ ထွက်လာခဲ့ပါတယ်... နေ့လည်စာ မစားရသေးဘူးမို့ ဗိုက်ဖြည့်တင်းရန် ထမင်းဝင်စားပြီး မြေနီကုန်း ရွှေရည်လ္ဘက်ရည်ဆိုင်ကို ၁နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်...

ဆိုင်ရှေ့ရောက်တော့ ဆိုင်တွင်းမှ လက်လှမ်းပြတဲ့ ကိုဖိုးသူတော်ကို တွေ့ပါတယ်... ကိုဖိုးသူတော် ရှေ့မှာတော့ မြန်မာဖြစ် ကောက်ညှင်းပေါင်းလေး တစ်ပွဲ ၀မ်းသွားနေလို့ လမ်းမှာ ဒုက္ခမရောက်အောင် ကောက်ညှင်းပေါင်း စားနေတာတဲ့၊ ဆေးမှီးတိုကောင်းပါပဲ... မီးလေးတို့ ၂နာရီလောက်မှာ ဒဂုံအရှေ့ပိုင်းမှာ တည်ရှိတဲ့ သုခရိပ်မြုံ ပရဟိတဂေဟာလေးကို ရောက်ခဲ့ပါတယ်... မီးလေးတို့ ဆိုတာက ကိုဖိုးသူတော် ဦးဆောင်ပြီး မီးလေးအပါအ၀င် ရဲဘော်ငါးကျိပ်ပါ... :P

ထိုဂေဟာလေးက HIVပိုးကူးစက်ခံရတဲ့ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဂေဟာလေး ဖြစ်ပါတယ်... ယခုလက်ရှိတွင် ကလေးငယ်ပေါင်း ၄၅ယောက်ရှိတယ်ဟုလည်း သိရပါသည်...  ဂေဟာလေးကို ရောက်တော့ စေတနာရှင်များ လှူဒါန်းတဲ့ အလှူငွေကို ဆရာမကြီးတစ်ဦးအား ပေးအပ်ပြီး ကလေးများအတွက် ကစားစရာများ စတစ်ကာများ ကိုဖိုးသူတော်က ဝေပေးဖို့ ၀ယ်လာခဲ့သည်မို့ ကလေးများ တီဗွီကြည့်နေသော နေရာသို့သွား၍ ကလေးများနှင့် တရင်းတနှီးနေပေးပြီး ပါလာသော စတစ်ကာများ၊ ကစားစရာများ၊ သကြားလုံးနှင့် ပီကေများကို ဝေပေးကြပါတယ်... သူတို့လေးတွေ ပျော်နေတာကို ကြည့်ပြီး ၄င်းတို့ဆီမှ အပျော်တွေ မီးလေးတို့ဆီ ကူးစက်လို့ လာခဲ့ပါတယ်... ထို့နောက် ကလေးများအား အုပ်စု သုံးစုခွဲ၍ ဇွန်းနှင့် ပင်ပေါင်သီးသယ်သော ကစားနည်းကို ကစားကြပါတယ်... ပထမရသော အဖွဲ့အား ဆုချီးမြှင့်ပေးသော စနစ်နှင့် ပျော်ပျော်ပါးပါးကစားကြပါတယ်...

ထိုကစားနည်း ပြီးဆုံးသောအခါ ပါဆယ်ဂိမ်းဆော့ဖို့ ၀ိုင်းထိုင်လိုက်ကြပြီး မီးလေးတို့က ကလေးတွေကြားထဲ ရောထိုင်ပြီး သူတို့လေးတွေနှင့် နွေးထွေးပျော်ရွှင်စွာ ကစားကြပါတယ်... သီချင်းရပ်သွားသည့်အချိန်တွင် ကိုင်ထားသော ကလေးအား ၀ိုင်းလည်သို့ ၀င်စေပြီး သူတို့ အချင်းချင်း ဘာလုပ်ခိုင်းစေချင်လဲ မေးသောအခါ ပဲပြုတ်ရောင်းခိုင်းခြင်း၊ မျောက်အက၊ မြန်မာအက ကခိုင်းခြင်း၊ သီချင်းဆိုခိုင်းခြင်းများကို တောင်းဆိုကြပါတယ်... ပါဆယ်ရသွားသော ကလေးမှလည်း သူငယ်ချင်းများ တောင်းဆိုသည့်အတိုင်း မရှက်မကြောက်နဲ့ ပဲပြုတ်ရောင်းပြ၊ ကပြ၊ သီချင်းဆိုပြကြပါတယ်... အသက် ၁၃နှစ်ခန့်အရွယ် ကလေးမလေးတဦး ပါဆယ်ရသောအခါ သူငယ်ချင်းများက သီချင်းဆိုပြရန် တောင်းဆိုကြပါတယ်... ၀ိုင်းစုခိုင်သိန်းရဲ့ အပြစ်မမြင်ပါဘူးဆိုတဲ့ သီချင်းကို အ၀င်အထွက်၊ အသံအနိမ့်အမြင့်နဲ့ ပီပီပြင်ပြင်ဆိုသွားနိုင်တာကို အံ့သြစွာတွေ့ရပါတယ်... မီးလေးတို့တောင် အဲ့လောက် ပြေပြေပြစ်ပြစ် မဆိုတတ်ပါဘူး...

ညနေ၃နာရီခွဲမှာ ကိုဖိုးသူတော်တို့ကို နှုတ်ဆက်ပြီး သုခရိပ်မြုံဂေဟာလေးမှ ပြန်ထွက်လာခဲ့ကြပါတယ်... ပြန်ခါနီးမှ ၃နှစ်အရွယ် ကလေးငယ်တစ်ဦးက ကားနာလာပြီး မနက်ဖြန်လဲ လာခဲ့ပါနော်ဆိုပြီး မျက်နှာငယ်လေးနဲ့ လာပြောပါတယ်... အဲ့ကလေးငယ်ရဲ့ မျက်နှာ ခုချိန်ထိ မျက်စိထဲက မထွက်ပါဘူး... သူပြောလိုက်တဲ့အချိန်မှာ ရင်ထဲမှာ ဘာမှန်းမသိတဲ့ ဝေဒနာတစ်ခု တိုးဝင်လို့လာပါတယ်... သူတို့နဲ့ ကစားတဲ့အချိန်မှာ သူတို့ ပျော်နေတာကြည့်ပြီး ၀မ်းသာပီတိဖြစ်ရသလို သူတို့ကို နှုတ်ဆက်ထွက်ခွာချိန်မှာလည်း သူတို့လေးတွေနဲ့အတူ ၀မ်းနည်းမှုက ထပ်တူ ခံစားမိပါတယ်... ဒီနေ့လေးက မီးလေးအတွက် ဘယ်တော့မှမေ့မရနိုင်တဲ့ နေ့လေးတနေ့ ဖြစ်ခဲ့ပါတယ်... HIV ကူးစက်ခံရသော ကလေးများအား စာနာထောက်ထား ဂရုဏာထားခြင်းဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုးကြစေလိုပါတယ်... သုခရိပ်မြုံဂေဟာ အကြောင်းကို ဒီနေရာမှာ အသေးစိတ်သွားရောက်ဖတ်ရှုနိုင်ပါတယ်...


ကလေးတွေ ဝေဖို့ စတစ်ကာတွေ စီနေပုံ



စတစ်ကာ ဘယ်လိုလုပ်ကတယ်ဆိုတာ ပြနေတုန်းမှာ


သကြားလုံး၊ ပီကေများ ဝေနေစဉ်
 

ကလေးများပါသည့်ပုံများအား ၄င်းတို့၏ အနာဂတ်အတွက် ကူးယူသုံးစွဲခြင်း မပြုပါရန် မေတ္တာရပ် ခံအပ်ပါသည်....
အားလုံးကို ကျေးဇူးတင်လျက်...

Tuesday, November 10, 2009

မိခင်ဆိုတာ...

မီးလေးခေါင်းထဲမှာ အဲ့ဒီမေးခွန်းရောက်နေတာ အတော်လေးကြာခဲ့ပါပြီ… မီးလေး သိသလောက် မိဘဆိုတာ အမြင့်မြတ်ဆုံးသော မြင့်မိုရ်တောင်နဲ့တောင် အနှိုင်းခံရတဲ့ သူတွေပါ… ခုနောက်ပိုင်း မိဘ၀တ်ပျက်လာတဲ့ လူအချို့ကို မြင်တွေ့နေရတာ မဆီမဆိုင် ရင်ထဲကို မီးစနဲ့ ထိုးခံရသလို ခံစားရပါတယ်… နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတာ မှန်ပါတယ်… လူတိုင်းလူတိုင်း အကောင်းချည်းပဲ ဖြစ်ချင်ကြမှာပါ… သူတို့ကို ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ပါဘူး… ဟိုရက်ပိုင်းက ရက်သားလေးအရွယ်ကို မီးလေးတို့နားက မှတ်တိုင်တစ်ခုမှာ လာပြစ်သွားခဲ့ပါတယ်… ရပ်ကွက်လူကြီးက ခေါ်ယူထိန်းသိမ်းပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်… နောက်ပိုင်းတော့ ဘာဆက်ဖြစ်သွားလဲ မသိတော့ပါဘူး… ဒါပေမဲ့ ကလေးတစ်ယောက် စွန့်ပြစ်သွားတယ်လို့ အသံကြားလိုက်တဲ့ အချိန်မှာတော့ ရင်ထဲ ဗလောင်ဆူသွားတာတော့ အမှန်ပါ… သူက ဘယ်လိုမိဘမျိုးလဲ၊ ဘာလို့ စွန့်ပစ်ရက်တာလဲနဲ့ လဲပေါင်းများစွာ မေးခွန်းတွေ တစ်ယောက်တည်း ထုတ်နေမိတယ်… သူတို့မှာ စီးပွားရေးကြပ်တည်းလို့ လာစွန့်ပြစ်တာလည်း ဖြစ်နိုင်သလို၊ တိတ်တိတ်ပုန်းရလို့ လာစွန့်ပြစ်တာလည်း ဖြစ်နိုင်တယ်… စီးပွားရေး မပြေလည်လို့ဆိုလဲ အစတည်းက ကလေးမယူနဲ့ပေါ့၊ မွေးပြီးမှတော့ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ယူသင့်ပါတယ်…


မီးလေး တူမလေး ကလေးဆေးရုံတက်တုန်းကလည်း ဆေးရုံမှာ စွန့်ပစ်ခံရတဲ့ ကလေး ငါးယောက်ကို တွေ့ခဲ့ရဖူးပါတယ်… အဲ့လို ကလေးတွေမြင်တိုင်း စိတ်မကောင်းဖြစ်ရပါတယ်… ဖြစ်နိုင်ရင် သူတို့လေးတွေရဲ့ မိဘတွေကို တွေ့ပြီး ဘာအခက်အခဲရှိလို့လဲ မေးပြီး တတ်နိုင်သလောက် ကူညီပေးတာမျိုးလုပ်ပြီး သူတို့ကလေးတွေကို သူတို့လက်ထဲမှာပဲ ကြီးပြင်းစေချင်တဲ့ ဆန္ဒဖြစ်ခဲ့ဖူးပါတယ်… ဒါပေမဲ့ မဖြစ်နိုင်တာကို စိတ်ကူးယဉ်တာမျိုး ဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုလည်း သိပါတယ်…

ကလေးမွေးပြီး ပြီးရောထားတဲ့ မိဘတွေကို တကယ်ပဲ အံ့သြမိပါတယ်… မီးလေးတို့ သွားလာနေတဲ့အခါ မွေးခါစကလေးလေးကို ချီပြီးတောင်းနေတဲ့ မီးနေသည်ပုံစံ တောင်းရမ်းနေတဲ့သူတွေကို အားလုံး မြင်ဖူးကြမှာပါ… မီးလေး အစက ကလေးကို အရမ်းသနားမိလို့ ပိုက်ဆံထည့်ခဲ့ဖူးပေမဲ့ ခုတော့ မထည့်တော့ပါဘူး… မထည့်ရတော့တဲ့အကြောင်းရင်းက အဲ့ကလေးတွေက သူတို့ကလေးတွေ မဟုတ်ဘဲ တခြားကနေ တစ်နေ့သုံးထောင်နဲ့ ငှားလာတာလို့ သိခဲ့ရတဲ့နေ့က စပြီး အားလုံးကို လစ်လျူရှုနိုင်အောင် ကြိုးစားခဲ့ပါတယ်… ကလေးမိဘတွေက ဈေးသည်တွေရဲ့ သားသမီးတွေဖြစ်ပြီး ဈေးသည်တွေက ဈေးရောင်းရင် ကလေးမထိန်းနိုင်ကြလို့ ကလေးကို မထိန်းရပြီးရော တစ်နေ့သုံးထောင်နဲ့ ငှားရက်တဲ့ မိဘတွေကိုလဲ အံသြမိပါတယ်…


တောင်းစားတဲ့သူတွေကလည်း သူတို့ ကလေးကို သုံးထောင်နဲ့ ငှားလာတာ အရင်းကြေဖို့အတွက် နေပူပူ မိုးရွာရွာ ဂရုမစိုက်ဘဲ လိုက်တောင်းနေတာ ကလေးက မိုးမိပြီး နှုတ်ခမ်းတွေကို ပြာနေပါပြီ… ကလေးနေမကောင်းရင် မိဘတွေက ဆေးမကုရဘူးလား… ရတဲ့ တစ်နေ့သုံးထောင်နဲ့ ဆေးဖိုးနဲ့ရော ကာမိကြရဲ့လား… ဆေးရောကုမှ ကုပေးပါ့မလားလို့ နေရင်းထိုင်ရင်း စိုးရိမ်နေမိတာ အမှန်ပါ… စိုးရိမ်မိလို့လဲ မနေနိုင် မထိုင်နိုင် ကိုယ့်ကလေး မဟုတ်တိုင်း ခိုင်းစားမနေနဲ့ ဟိုမှာ ကလေးက ဖျားပြီး သေတော့မယ်လို့ ပြောလိုက်မိသေးတယ်… ဘာဖြစ်လဲ ဒီနေ့စာအတွက်တောင် မကိုက်သေးဘူးလို့ ပြန်တောင်ပြောလိုက်သေး… အံ့ပါရဲ့ ဘယ်လိုမိဘတွေနဲ့များ သွားတွေ့ရပါလိမ့် ကလေးရယ်လို့ပဲ သက်ပြင်း အခါခါချမိပါတယ်… ကလေးက လူ့လောကထဲ ရောက်ခါစပဲ ရှိသေးတယ် ခိုင်းစားနေလိုက်ကြတာ အရွယ်နဲ့တောင် မမျှအောင်ပဲလားလို့ စဉ်းစားမိတိုင်း သူတို့လေးတွေရဲ့ အနာဂတ်အတွက် ရင်လေးမိပါတယ်…


နောက်တစ်ခုက ဒါမျိုးတွေ လျော့သွားအောင် ကလေးပိုက်ပြီး လိုက်တောင်းနေတာတွေ့ရင် ပိုက်ဆံမထည့်ကြပါနဲ့လို့ တိုက်တွန်းပါရစေ၊ တစ်ချို့က တကယ်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ အစစ်လား၊ အတုလားဆိုတာ ခွဲရခက်ပါတယ်… မီးလေးအမြင်ကတော့ တောင်းတဲ့သူအပြစ်မဟုတ်ဘူး၊ ထည့်တဲ့သူ အပြစ်လို့ ထင်ပါတယ်… ထည့်တဲ့သူရှိလို့ တောင်းတဲ့သူလည်း  ရှိလာတာပါ… ထည့်တဲ့သူ မရှိရင် တောင်းတဲ့သူလည်း တဖြည်းဖြည်းလျော့နည်းသွားပြီး အလုပ်လုပ်ချင်စိတ်လဲ ဖြစ်လာမယ်လို့ ထင်ပါတယ်… ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အလုပ်လက်မဲ့တွေကို အလုပ်ပေးထားတာ အားလုံးလဲ သိကြမှာပါ… တောင်းရမ်းစားသောက်နေကြတဲ့ သူအတော်များများ အလုပ်လုပ်နေကြပြီ ဖြစ်ပေမယ့်လဲ၊ အလုပ်လုပ်ရမှာ လက်ကြောမတင်းတဲ့သူတွေကတော့ တောင်းမြဲ တောင်းနေကြတာ တွေ့ရပါတယ်…


တကယ်မရှိလို့ တောင်းစားနေကြတာကို အပြစ်လို့ မဆိုချင်ပေမယ့် အချောင်ရလို့ဆိုတဲ့ စိတ်နဲ့ တောင်းတာမျိုး မဖြစ်ဖို့လိုပါတယ်… ခုဆို မီးပွိုင့်တစ်ချို့မှာ တောင်းရမ်းခဲ့ကြတဲ့ ကလေးတွေ ပန်းတွေရောင်းကြတယ်၊ ဂျာနယ်တွေရောင်းကြတယ်၊ ဆေးလိပ်၊ ကွမ်းယာတွေ ရောင်းကြတယ်၊ အဲလိုလေးတွေ မြင်ရတော့ တကယ့်ကို ပီတိဖြစ်စရာပါ… မီးပွိုင့်မိတဲ့အခါ အစ်မကြီးရယ် ကျွန်တော် ဈေးဦးမပေါက်သေးလို့ပါ ပန်းတွေ အားပေးသွားပါဦးလို့ ပြောလာခဲ့ရင် ည၇နာရီ ၈နာရီဖြစ်နေတဲ့အခါမျိုးကြရင် သူ့လက်ထဲ ရှိသမျှ ပန်းတွေအကုန် ၀ယ်ခဲ့တာမျိုး ရှိပေမယ့်… ၀ယ်ပြီးတိုင်းလဲ သူတို့ ဒီလိုမျိုးပြောလို့ ၀ယ်တာဆိုပြီး သူတို့ ခေါင်းထဲမှာ ငါဒီလိုပြောရောင်းရင် သနားပြီး ၀ယ်ကြတာပဲဆိုတဲ့ မဟုတ်တဲ့ အစွဲမျိုးရောက်သွားမှာလဲ စိုးရိမ်မိပါတယ်… မီးလေးစိုးရိမ်မှုက သိပ်မကြာလိုက်ပါဘူး… နောက်ပိုင်းကြုံတိုင်းလဲ အဲ့လိုပဲ ပြောရောင်းနေတာတွေ့တော့ ကိုယ့်ကြောင့် သူ့တိုကို အဆိပ်ပင်ရေလောင်းနေသလိုများ ဖြစ်သွားသလားလို့ နောင်တရမိတာလဲ အခါခါပါ…


အားလုံးကို ကိုယ်က ကောင်းစေချင်ပေမဲ့ သူတို့ကိုယ်တိုင်က မပြောင်းလဲနိုင်သ၍ ကောင်းလာမှာ မဟုတ်ပါဘူး… မီးလေးတို့ ဘာလုပ်ပေးရမလဲ၊ ဘာလုပ်ပေးသင့်လဲလို့ စဉ်းစားပေမဲ့ အဖြေက ထွက်မလာပါဘူး… အညှောင့်ထွက်စ အပင်တွေကို နည်းမှန်လမ်းမှန်နဲ့ ရေလောင်းပေါင်းသင်ဖို့ ဥယျာဉ်မှူးတိုင်းမှာ တာဝန်ရှိပါတယ်… ဥယျာဉ်မှူးဖြစ်ဖို့ လွယ်ပေမဲ့ ဥယျာဉ်မှူးကောင်းဖြစ်ဖို့တော့ အင်မတန်မှ ခက်ခဲလှပါတယ်… ဒီလိုပါပဲ မိဘဆိုတာ ဖြစ်ဖို့လွယ်ပေမဲ့ မိဘကောင်းဖြစ်ဖို့တော့ ခက်ခဲလွန်းလှပါတယ်… ဖြတ်သန်းရမယ့် ခရီးလမ်းက ကြမ်းတမ်းသလို ဇွဲရှိဖို့လဲ လိုပါတယ်… မိဘကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း….

Wednesday, October 7, 2009

Shrikittaya 2.0 ခရီးသွားခဲ့သည်... ဇာတ်သိမ်း

ဘောဘောကြီးဘုရားကို ပတ်ပြီး တောလမ်းမှတစ်ဆင့် ဘဲဘဲလေးဘုရားကို ရောက်ခဲ့ပါတယ်... ဘုရားတွေက ခေတ်အဆက်ဆက် ဖြတ်လာခဲ့ရလို့ ပျက်စီးယို့ယွင်းနေပါပြီ... ထိုဘုရားကနေ ပြန်ထွက်လာတော့ လမ်းခလယ်ကောင်မှာ ကုန်းကုန်းကွကွနဲ့ လူတစ်စု မြေကြီးထဲကို ဆွနေကြပါတယ်... အနီးရောက်လို့ ကြည့်လိုက်တော့ ကိုညီလင်းဆက်၊ ကိုသားဖြိုး၊ ကိုသီဟန်နဲ့ နောက်တစ်ယောက်တော့ မမှတ်မိတော့ပါဘူး... မြေကြီးထဲ မြုပ်နေတဲ့ ကျောက်တုံးတစ်တုံးကို သစ်ကိုင်းခြောက် သေးသေးလေးတွေနဲ့ ၀ိုင်းတူးနေကြတာ... ကြိုးစားပန်းစားနဲ့ တူးလာလိုက်တာ နောက်ဆုံးတော့ ထိုကျောက်တုံးကို ရပါပီ... ကျောက်တုံးကို ရပီဆိုရင်ပဲ ကိုသားဖြိုးတစ်ယောက် သူပဲကိုင်ထားပြီး ဒါငါတူးလို့ရတာဆိုပြီး ကြွားလုံးထုတ်ကာ သူ့လက်က မလွတ်တော့... မီးလေးတို့ကိုလည်း ဒီကျောက်တုံးကို နမ်းရင် စာမေးပွဲအောင်တယ်ဆိုပြီး လိုက်နမ်းခိုင်း နေပါသေးသည်၊ ပြီးတော့ ပြောလိုက်သေး အတည်ပြောနေတာဆိုပဲ...
ထိုကျောက်တုံးနဲ့ ကိုသားဖြိုး လူတကာကို လိုက်စနေ၏... ရှေ့က အုပ်စုတွေနဲ့လဲ မျက်ခြေပြတ်သွားခဲ့ပြီ မီးလေးတို့တွေပဲ ရှိတော့သည်၊ အနီးအနားက ဘုရားဘေးက တောင်ကုန်းပေါ်တက်ပြီး အဖွဲ့တွေ ရှိ/ မရှိ တက်ချောင်းသေး၏... နောက်တော့ ဗိဿနိုးသင်္ချိုင်း ရှိရာသို့ ခြေဦးလှည့်ခဲ့ကြလေသည်... ဗိဿနိုးသင်္ချိုင်းထဲမှာတော့ ငုတ်တုတ်ထိုင်တဲ့သူက ထိုင်၊ မတ်တတ်ရပ်တဲ့သူက ရပ်နဲ့၊ ကိုအောင်မျိုးဟန် တစ်ယောက်ကတော့ ဘာတွေပွားနေသည် မသိ.... ကိုသားဖြိုးကတော့ အလုပ်ရသွားပီလေ ကျောက်တုံးကို ကိုင်ပြီး ကျောက်တုံးကို နမ်းရင် ဘာဖြစ်သည်၊ ညာဖြစ်သည်ဆိုပြီး အယုံသွင်းနေသည်... သင်္ချိုင်းထဲမှာ ရေတွင်းဝလို တွင်းလေးတွေရှိပါတယ်... ရေတွင်းထဲက ပုပ်နံ့ ရတယ်ပြောလိုပြောနဲ့ အချင်းချင်း ပေါက်ကရတွေ ပြောပြီး စနောက်နေကြလေသည်... တအောင့်တနားနေပြီး အားလုံးလဲ ဗိုက်ဆာနေကြပြီလေ... ကားဆီသို့ တောလမ်းအတိုင်း ခြေလျှင်ပြန်လျှောက်ခဲ့ ကြလေသည်... လမ်းမှာ ခြေထောက်က မသယ်ချင်တော့ နေကပူ၊ ဗိုက်ကဆာ၊ ခြေထောက်ကလည်း ညောင်းဆိုတော့ ကိုရီးယားထဲကလို ကုန်းပိုးမယ့်လူရှိရင် ကောင်းမှာပဲလို့တောင် တွေးမိသေး(ဟေ့ ဟေး)...
ကားနားပြန်ရောက်တော့ အချို့က နေပူထဲကနေ အဲကွန်းထဲဝင်ရင် ဖျားမှာစိုးပြီး ဇရပ်တခုမှာ နားကြပါတယ်... မီးလေးကတော့ ကားပေါ်မှာပဲ အဲကွန်းအောက် သွားထိုင်နေလိုက်တယ်... တအောင့်ကြာတော့ သရေခေတ္တရာမြို့ဟောင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်... ဂိုက်ကောင်လေး လိုက်ပို့တဲ့ ထမင်းဆိုင်တန်းဆီ ဆင်းတယ်ဆိုရင်ပဲ သူ့အုပ်စုနဲ့သူ ဆိုင်အသီးသီးကို ၀င်ကြပါတယ်... ကံဆိုးသည်က မီးလေးတို့သာ ထိုင်မိတဲ့ထမင်းဆိုင်က ကုန်နေလို့ တခြားဆိုင် ပို့ပေးပါမယ်ဆိုပြီး နောက်တဆိုင်ပို့ပေးပါတယ်... ဘာဆို ဘာမှမရ ရတဲ့ဟင်းတွေကလည်း ဘာအရသာမှ မရှိ မီးလေးက သက်သက်လွတ်စားနေတာဆိုတော့ မျှစ်ကြော်ပဲရတယ်တဲ့... မီးလေးလည်း ရတဲ့ မျှစ်ကြော်ခြောက်ခြောက်ကိုပဲ ရေနဲ့ဖျော်ပြီး မော်လမြိုင်ထမင်းလုပ်စားရတော့တာပေါ့... ထမင်းသာ ပြောတယ် ဆန်အတိုင်းပဲ မာတောင့်နေတာပဲ... မီးလေးတသက် ထိုဆိုင်ကို မေ့တော့မည် မဟုတ်...
ထမင်းမစားကောင်းသောငြား၊ ကိုဂျူဝသန်ဈေးဆစ်တဲ့ပုံကြောင့် ရီခဲ့ရပါသေးတယ်... သမိုင်းဆရာ လို့တောင် မထင်ရ အတည်ပေါက်နဲ့နောက်နေတာ ဈေးရောင်းတဲ့ အန်တီကြီး စိတ်ညစ်မှာ ကျိန်းသေသည်... နောက်များမှ အသေးစိတ် ဖောက်သည်ချပါမည် (အဲ ဈေးဆစ်ဖို့ဆို ကိုဂျူဝသန်သာ ခေါ်သွား အလကားတောင် ရချင်ရမည်....:P) ကားပေါ်တက်ခါနီး ကိုအောင်မျိုးဟန်က ညီမလေး နင်ငါတို့ စားတဲ့ဆိုင် ဘာလို့မလာတာလဲဟာ အရမ်းစားကောင်းတာတဲ့... မီးလေးက ဟုတ်လားပေါ့ နောက်တော့မှ ကောင်းဆို ၀က်သာစားလည်း ဒီအရသာ၊ ကြက်သားစားလည်း ဒီအရသာ၊ ဆိတ်သားစားလည်း ဒီအရသာတဲ့လေ... ထမင်းစားပြီးနောက် ရွှေတောင်မြို့က ရွှေနတ်တောင်ဘုရားကို သွားရောက် ဖူးမျှော်ကြပါတယ်... လမ်းမှာ ထမင်းမနပ်တာ စားထားတဲ့အတွက် အစာအိမ်က ရောဂါထလာပါတော့သည်... :((
ဘုရားဆောင်းတန်းတွေ ပြင်နေတဲ့အတွက် ရွာက လုပ်အားပေးတဲ့သူတွေက ဘုရားရင်ပြင်မှာ အပြည့်ပါပဲ... လုပ်အားပေးကြတဲ့သူတွေကို သာကူတိုက်ပါတယ်... မီးလေးတို့လည်း ဘုရားကို ညာရစ်ဖူးမျှော်ပြီး ဆောင်းတန်းတစ်ခုမှာ ဓာတ်ပုံတွေ ရိုက်ကြပါတယ်... ချောင်ထဲမှာ ခွေခွေလေး အိပ်နေတာကတော့ မမပင့်ပါပဲ... အတော်ပင်ပန်းနေရှာတယ် မပင့်ဘေးနားမှာ ကိုဂျူဝသန် အမျိုးမျိုး ပို့စ်ပေးပြီး ဓာတ်ပုံဝိုင်းရိုက်နေကြတာတောင် မသိလိုက်၊ ခဏနေတော့ အသံချဲ့စက်မှ အသံတစ်သံထွက်လာပါသည်... ရန်ကုန်မြို့မှ ကျောင်းသားကျောာင်းသူများ သာကူလာသောက်ကြပါဆိုပြီး လှမ်းခေါ်ပါသည်... ထိုအသံလည်း ကြားရော ဘယ်တုန်းထဲက စားချင်နေကြသည်မသိ သာကူသွားသောက်ကြပါသည်... မီးလေးကတော့ ဗိုက်အောင့်လို့ ကားပေါ်မှာပဲ သွားနားနေ လိုက်ပါသည်... ခဏနေတော့ ကားကလေးသည် တဖြေးဖြေးရွှေတောင်မြို့ကို စွန့်ခွာလျှက်....
ကားပေါ်မှာ စောနေသေးတဲ့အတွက် ချောင်းသာကို ဆက်သွားကြဖို့ တိုင်ပင်ကြပါတယ်... အားလုံးက သွားမယ်ဆိုတာချည်းပဲ ၄ ၅ယောက်လောက်သာ အလုပ်တွေရှိတာကြောင့် မလိုက်နိုင် ရေပြာကို ၀င်မယ် ရေပြာရောက်မှ ဆက်ဆွေးနွေးမယ်ဆိုပြီး ကားပေါ်မှာ သီချင်းဆက်တိုင်း ကစားကြပါတယ်... ကားရှေ့ခြမ်း(အိမ်ရှေ့)ကတစ်ဖွဲ့ ကားနောက်ခြမ်း (နောက်ဖေးခြမ်း)က တစ်ဖွဲ့ ကစားကြတာ မီးလေးတိုက နောက်ခြမ်းက နိုင်ပါတယ်... ဟီ ဟိ။ ကားပေါ်မှာ ဆော့လာကြတာ ရေပြာ ဘယ်လိုရောက်လို့ ရောက်လာမှန်းတောင် မသိရောက်လာခဲ့၏... ကားပေါ်ကဆင်းတော့ အော်ဂနိုက်ဇာအချို့ ချောင်းသာကိစ္စ ဆက်ဆွေးနွေးကြ၏... နောက် လက်ဆောင်လဲဖို့ ပစ္စည်းတော်တော်များများက မပါလာကြ၍ ပါသလောက် မဲနိုက်ဖို့ ကိုဖိုးသူတော်နဲ့ မမဘာညာက ဦးဆောင်ပြီးလုပ်ကြပါသည်... ကံဆိုးစွာနဲ့ ပစ္စည်းထည့်ပြီး မပေါက်ဘူးဗျာ... ကံကိုကအဲလို ကောင်းတာ... ဟာ ဟ။ ထို့နောက် ရေချိုးတဲ့သူကချိုး၊ ဆိုက္ကားသမား ကိုစိုးကြီးကလည်း ရောက်ရာနေရာ တွေ့ရာ ဆိုက္ကားတက်နင်းတော့တာပဲ... ကိုအောင်မျိုးဟန်ကြီးကလဲ ခန့်ခန့်ကြီး ထိုင်စီးလို့ ပိုက်ဆံတော့ မပေး အလကားစီးတာ... :D။ နောက်တော့ သောက်တဲ့သူကသောက်၊ စကားပြောတဲ့သူကပြောကြနဲ့ ညနေစောင်းလို့ မှောင်ရီပျိုးခဲ့ပါပြီ... My Suboo က ကိုစိုးမိုးက မီးလေးတို့ကို ဒီဇင်ဘာ ကျိုက္ကထီးရိုးလိုက်ဖို့ ခေါ်ပါတယ်... အဝေးကြီးလိုသေးလို့ အနားနီးမှ ထပ်ပြောမယ်လို့ ပြောလိုက်ပါတယ်... ပြီးတော့ ကြေးနန်းရိုက်တိုင်း ဆော့ကြပါတယ်... တစ်ယောက်က တိုးတိုးလေးပြောတာကို တဆင့်ဆင့်ပြောရတာ နောက်ဆုံးတစ်ယောက်က ဘာဆိုတာကိုပြောပြီး မဟုတ်ရင် ဘယ်သူကစမှားလဲ ဆိုတာ မေးပြီး စမှားတဲ့သူကို ခိုင်းတာလုပ်ကြေးဆော့ကြပါတယ်... တဖြည်းဖြည်းနဲ့ ၀ိုင်းကကြီးလာတယ်၊ မှားတာတွေကလည်း သောက်သောက်လည်၊ ခိုင်းတာတွေကလည်း ပေါက်ကရတွေ ရီရလွန်းလို့ ဗိုက်ကြောတွေတောင် နာလာတယ်... နောက်အုပ်စုလိုက် ဓာတ်ပုံရိုက်ကြပါတယ်... ထို့နောက် ရေပြာကို နှုတ်ဆက်ထွက်ခွာရင်း ပေါင်းတည်ဘုရားပွဲကို ၀င်ကြပါတယ်...
ဘုရားပွဲကို လည်ဖို့ နာရီဝက်ပေးပါတယ်၊ လူစုကွဲမှာစိုးလို့ ရေချိုးပြီး အချို့က အင်္ကျီလဲထားလို့ MBS ၀တ်စုံ ပြန်ဝတ်ခိုင်းပါတယ်... မီးလေးကတော့ အပေါ်ကပဲ ထပ်ဝတ်လိုက်ပါတယ်.... ဘုရားပေါ်မှာ ဘုရားဖူးပြီးတော့ ကိုညီလင်းဆက်က ရှေ့သွားမယ့် ခရီးစဉ်အစီအစဉ်ကို ပြောပြပါတယ်... အားလုံးက ငြိမ်ပြီး နားထောင်နေကြတော့ ဘုရားလူကြီးတွေ မျက်စိနောက်သည်ထင်ပါ့ ခဏခဏပတ်လျှောက်ပြီး ရစ်သီရစ်သီကြည့်နေသေး၏... ပြီးတော့ လွတ်ကျခဲ့တဲ့မြို့တော် ဘလော့ဂါကြီးအတွက် ဆုတောင်းပေးကြပါတယ်... ထို့နောက် ပေးထားတဲ့ နာရီဝက်လည်း ပြည့်လို့ ပွဲဈေးမလည်ရဘဲ ကားရှိရာသို့ ခြေဦးတည့်ခဲ့ကြပါတယ်...
ကားပေါ်မှာ မိတ်ဆက်ကြပါတယ်... ပြီးတော့ တစ်ယောက်က အကြိုက်ဆုံး ဘလော့ဂါ ၅ခုကို ပြောရမယ်တဲ့... သေရော မီးလေးက အားလုံးကို ကြိုက်တော့ ပြောရခက်ပီလေ၊ အစ်ကိုတော် နှစ်ယောက်ဖြစ်တဲ့ ကိုအောင်မျိုးဟန်နဲ့ ကိုအရုပ်တမာ အဲလေ ကိုအရုပ်တော့ ပါအောင် ပြောရတယ်... တယောက်ပါပြီး တယောက်မပါရင် ရန်ကုန်တောင် မီးလေး ပြန်ရောက်မှာ မဟုတ် အရိုးတခြား အသားတခြား ဖြစ်သွားနိုင်သည်လေ... :P။ ထို့နောက် ခရီးစဉ်အဆုံးသတ်၍ ရန်ကုန်ကို ကားကြီးက ပြည်ကိုဖြတ်၊ အမှတ်တရတွေနဲ့အတူ ၄၁ယောက်ခွဲကို သယ်ဆောင်လာကြပါတယ်... တရိပ်ရိပ်နဲ့ ပြည်မြို့ကလည်း ကျန်ခဲ့ပြီ၊ ကားကမနားဘဲ တောက်လျှောက်မောင်းလာရာ လက်ပံတန်း အသွားတုန်းက ဆိုင်မှာ ၀င်နားပါတယ်... အသွားတုန်းက ဆီထမင်းဆိုင်နားမှာ ဆီထမင်းဝယ်စားတဲ့သူက အများသား၊ မီးလေးကတော့ ဘာမှ မစားတော့ဘဲ ထိုင်နေလိုက်တယ်၊ ခရီးလည်းပန်းနေပြီ၊ အိပ်လည်း အိပ်ချင်နေပီလေ... အစ်ကိုဇောင်းက မီးလေးကို ဟိုမှာ ကြည့်စမ်းဆိုပြီး ပြပါတယ်... အားလားလား ဂဏန်းကြော်ဗန်းမှာ လောက်တွေ တကောင် နှစ်ကောင်ထဲမှ မဟုတ်ဘဲ နဲတာမဟုတ်ဘူး... ကိုအောင်မျိုးဟန် လာတော့တောင် မစားနဲ့လို့ သတိပေးသေးတယ်... သွားတုန်းက သူတို့စားပြီး ဗိုက်တွေနာလို့တဲ့... မီးလေးလည်း ပြောမကောင်းလို့ ဒီအတိုင်းပဲ နေလိုက်တယ်... အဲ့ဗန်းကိုတော့ ဓာတ်ပုံရိုက်လာခဲ့သေးတယ်... အလင်းရောင်ကြောင့် အခွံတွေထဲကတောင် အကောင်တွေ ထွက်လာသေး... ခရီးသွားတဲ့သူများ လက်ပံတန်းရောက်ရင် သတိထားဖို့ပါ...
လက်ပံတန်းကနေ ဘယ်မှ မနားတော့ဘဲ ရန်ကုန်ကို မောင်းလာလိုက်တာ ရန်ကုန်နားဝင်ခါနီးမှာ ရင်ထဲကို ဟာတာတာခံစားမှုတခု ၀င်ရောက်ခဲ့ပါတယ်... တချိန်က အတူတူပျော်ရွှင်ခဲ့တဲ့သူတွေနဲ့ ရန်ကုန်ဝင်ရင် ခွဲခွာရတော့မှာပါလားဆိုတဲ့ အသိတခုကြောင့် အလိုလိုဝမ်းနည်းလာပါတယ်... ရန်ကုန်ကို ရောက်တဲ့အခါ သူတို့လဲ အလုပ်ကိုယ်စီ၊ ကျောင်းကိုယ်စီနဲ့ အကုန်စုံဖို့ဆိုတာလဲ မလွယ်တော့ပီ... အားလုံးကို ယခင်လို ဘလော့တွေမှာ ဖေ့ဘွတ်ခ်တွေမှာ ချက်တင်မှာမှလွဲ၍ တွေ့ဖြစ်ဖို့ဆိုတာ မီးလေးအနေနဲ့ မလွယ်ပီ.... ချက်တင်တောင် တွေ့ပီး မပြောဖြစ်တာများသည်လေ... ပျော်ရွှင်ခဲ့တဲ့ အပျော်တွေ၊ အမှတ်တရတွေနဲ့ လွမ်းစရာတွေထွေးပိုက်လို့ ရန်ကုန်မြို့ထဲကို ၀င်လာခဲ့ပါပြီ... ခရီးသွားတိုင်း ဘယ်လောက်ပဲ ပျော်ခဲ့ပျော်ခဲ့ ရန်ကုန်ဝင်ခါနီးတိုင်း ၀မ်းနည်းမှုက အမြဲရင်မှာအပြည့်နဲ့ အိမ်ပြန်လမ်းဟာလည်း တိတ်ဆိတ်လို့ နေခဲ့ပါတယ်...
ဖေ့ဘွတ်ခ်ပေါ်မှာ ပြည်က ဓာတ်ပုံတွေ တင်ထားပြန်တော့လည်း ဖေ့ဘွတ်ခ်ပွဲတော်ကြီး ကျနေတာပဲ ပျော်ရွှင်ခဲ့ရသေးပါသည်....

(စာကြွင်း။            ။ ကျောင်းစာတွေကြောင့် နောက်ကျသွားတာ နားလည် ခွင့်လွတ်ပေးကြပါနော်...)

Saturday, September 12, 2009

Shrikittaya 2.0 ခရီးသွားခဲ့သည်... အပိုင်း(၂)

ဘုရားမုခ်ဝထဲသို့ ၀င်ခဲ့ရင်ပဲ လမ်းတစ်ဘက်တစ်ခြမ်းစီမှာ ပန်းပင်တွေတန်းစီပြီး စိုက်ထားပါတယ်... ပန်းတွေလည်း ဝေေ၀ဆာဆာ ပွင့်လို့ပေါ့... ရွှေဘုံသာမုနိဘုရားကို လက်ယာရစ် ဖူးမျှော်ကြည်ညိုရင်း ကင်မရာလေးနဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေကလည်း နေရာတိုင်းမှာ ၀င်းခနဲ လက်ခနဲ၊ နောက်က ဘုရားတာဝန်ခံကလည်း နောက်က တကောက်ကောက် (ကင်မရာခွန် မပေးဘဲ ရိုက်လို့ လာတောင်းတာပါ)... နောက်တော့ ကိုစိုးကြီး(စိုးဇေယျ)က သူဆောင်လာပြီးပြီ သူတို့နဲ့ အတူတူလိုက်ခဲ့လို့ ပြောပါတယ်... အဲ...စာရေးသူလည်း ကင်မရာနဲ့ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်နဲ့ အခွန်ပြေစာ ကိုင်ထားတဲ့ ကိုသားဖြိုးကို ပြန်လိုက်ရှာနေရတာက အမော... :P သူ့မှာလဲ ကြည့်ဦးလေ ကိုစိုးကြီးကို ဆရာ...ဆရာ ခေါ်ပြီး ကိုစိုးကြီး ကင်မရာအိတ်လွယ်ပြီး တပည့်ခံမလို့ဆို တကောက်ကောက် လိုက်နေလေရဲ့...

ဘုရားကို လက်ယာရစ်ပတ်ပြီး ပြန်ထွက်လာတော့ ပန်းခင်းမှာ ဓာတ်ပုံဆရာတွေ ရုံးစုရုံးစုနဲ့ ပန်းခင်းကိုလည်း အပြိုင်အဆိုင် ရိုက်နေကြတယ်... စာရေးသူလည်း ဘာများလဲလို့ သွားကြည့်တာပေါ့... အနားရောက်မှ သေချာသိတော့တယ်... ပန်းခင်းမှာ ပျားလေးတွေ နားနေကြတာပါ... ပျားတွေက လူယဉ်နေသည် ထင်၏ လုံးဝမတုတ် တုတ်လျှင်လဲ ဘလော့ဂါတွေ တစ်ယောက်မှ လွတ်မည်မဟုတ်... အဘယ်ကြောင့်ဆိုသော် ပန်းပေါ်မှာ ပျားနားနေသည့်ပုံကို ဓာတ်ပုံဆရာ ကိုစိုးကြီးက သင်ပေးသဖြင့် အားလုံး လက်တည့်ဆန်း နေကြသည်မှာ စာရေးသူအပါအ၀င်ဖြစ်၏... ပန်းရိုက်ပုံ ရိုက်နည်းပါ သင်ပြသဖြင့် စာရေးသူ ခုဆို ပန်းမြင်တိုင်း ရိုက်ချင်သည့်ရောဂါ တက်နေ၏...
ပန်းပေါ်ပျားနားစဉ်

ပန်းတစ်ပွင့် ဖန်ဆင်းခြင်း .. ခွိ ခွိ

ဒါက ပန်းပေါ်မှာ ပျားနားနေတာ ( ကိုစိုးကြီး ရိုက်ချက်လောက်တော့ မကောင်းပါ..) သူတို့ကို ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်နေတာ မငြီးမငြူ မော်ဒယ်လုပ်ပေးတဲ့ ပျားလေးတွေရေ ကျေးဇူးပါ... :D (လိပ်ပြာနားတဲ့ပုံ ရိုက်ဖို့ လိပ်ပြာ ဟိုပန်းနားနိုး ဒီပန်းနားနိုးနဲ့ သူ့နောက်ပြေးလိုက် လိုက်ရတာ... နောက်ဆုံးကျတော့ အင်တာနက်မှာ နာမည်ကြီးမှာ စိုးလို့ထင်ရဲ့ အဝေးကို ပျံသွားလေ၏...


ဘုရားမုခ်ဝက ပြန်ထွက်လာတော့ ကမ်းနားမှာ အဖြူရောင်တွေ ဧရာဝတီမြစ်ကြီး နောက်ခံထားပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ခုံတန်းလျားမှာ ထိုင်နေတဲ့သူကထိုင်၊ အအေးဆိုင်မှာ အအေးသောက်သူက သောက်နဲ့ ဟိုနားတစ်စု ဒီနားတစ်စု  စုတ်ချက်မဲ့ ပန်းချီကားတစ်ချပ် လှချင်တိုင်း လှနေ၏... ကိုဖော်သူထိုး(ခ) ကိုဖိုးသူတော်က စာရေးသူနဲ့ မယမင်းတို့နှစ်ယောက် လမ်းလျှောက်လာတာကို သောက်လက်စ ကြံရည်ခွက်ကြီး မြောက်ပြီး သောက်ဦးလို့တိုက်တော့ ကြံရည်က ခွက်တစ်ဝက်ရောက်နေပြီ ... မယမင်းနဲ့ စာရေးသူ ကျန်တဲ့ တစ်ဝက်ကို တယောက်တစ်ဝက် သမလိုက်တာ ကုန်သွားပါရော... သနားစရာ ကိုဖော်သူထိုးတစ်ယောက် ပိုက်ကလေးကိုင်ပြီး သူများခွက်တွေ တောင်းသောက်ရန် တိုင်းခန်းလှည့်လည် ပါတော့သည်... (ရှူး...တိုးတိုး ကြားရင် မီးလေးပြောတယ် မပြောနဲ့ :P)

အအေးဆိုင်မှာ အအေးသောက်ကြရင်း အပြန်ခရီးအတွက် ချောင်းသာဝင်မည်ဟု အသံသဲ့သဲ့ကြား လိုက်ပါသည်... (မသေချာသေးပါ) ထို့နောက် ခရီးစဉ်၏လိုရင်းဖြစ်သော သရေခေတ္တရာသို့ ကားကြီးဖြင့် ဘီးစင်္ကြာလှည့်ပါတော့သည်... :P သရေခေတ္တရာသွားရင်း လမ်းတလျှောက်မှာ ကိုညီလင်းဆက်က သရေခေတ္တရာရဲ့ နောက်ခံသမိုင်းကြောင်း အကျဉ်းကို ပြောပြပါတယ်... ခဏလောက် သွားလိုက်တယ် ဆိုရင်ပဲ သရေခေတ္တရာပြတိုက်ကို ရောက်ပါတယ်... ပြတိုက်တို့ ထုံးစံအတိုင်း ဓာတ်ပုံမရိုက်ရဆိုပေမဲ့ ဓာတ်ပုံတွေ ခိုးရိုက်ကြတဲ့သူလည်း ရှိပါသေးတယ်... (မပင့်လို့ မပြောဘူးနော်...:D)
ပြတိုက်မှာ ရှေးဟောင်း ဆင်းတုတော်၊ ပုတီး၊ ရေအိုး၊ ကြေးပြား။ အုတ်ခွက်ဘုရား အစရှိတဲ့ ရှေးဟောင်းပစ္စည်း မြောက်များစွာကို တွေ့မြင်ခဲ့ရပါတယ်... ထိုပစ္စည်းများကို ကိုညီလင်းဆက်မှ သူသိသလောက်အား မမောနိုင် မပန်းနိုင်နဲ့ ကင်မရာကြီးလွယ်လို့ ရှင်းပြပေးခဲ့တာကို ကျေးဇူးတင်နေမိပါတယ်... နောက် ရှေးခေတ်က မကောင်းဆိုးဝါးများ မ၀င်နိုင်အောင် အိမ်တံခါးမကြီးရှေ့မှာ ရတနာသုတ်အား ရေးထားပူဇော်ခဲ့ကြတယ်လို့လည်း သိရပါတယ်.... ထိုတံခါးအပိုင်းအစလေးလည်း တွေ့ခဲ့ရပါတယ်... နောက်တော့ ရှေးခေတ်က လူတွေကိုင်ခဲ့တဲ့ သံချောင်းပြထားတဲ့ နေရာကို ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ရောက်သွားပါတယ်... အရင်က စာရေးသူတို့ကို ရှေးခေတ်လူတွေ အရပ်က ထန်းပင်လောက် ရှိတယ်ပြောတုန်းက ဒါတွေက အာပလာတွေပါလို့ ထင်ခဲ့တာ သူတို့ကိုင်ခဲ့တဲ့ သံချောင်းရဲ့ ထုက လက်ရှိ အားကောင်းမောင်းသန် ယောက်ျား ၁၀ယောက်လောက် ၀ိုင်းမရမယ်...

ပြတိုက်ကို ပတ်ကြည့်နေတုန်း ကိုကြီးကျော်က ရှေ့တွင် မြွေပေါသဖြင့် ပေါက်တောအား ဒီပြတိုက်မှာတင် အပြီးလုပ်ရန် လိုက်ပြောပါတယ်... အိမ်သာရှေ့တွင် ထိုင်စောင့်နေသူကတော့ ကိုစိတ်ထွက်ပေါက်(ခ) ကိုအောင်မျိုးဟန်ပဲ ဖြစ်ပါတယ်... တစ်ခြားတော့ မဟုတ် အိမ်သာဝင်တဲ့သူတိုင်း ဦးသုံးကြိမ် ကန်တော့ရမည် ဆိုပြီး ကန်တော့ခံရန် အိမ်သာရှေ့တွင် စောင့်နေလေ၏... :P တချို့က တကယ်ထင်၍ လိုက်မေးနေပါ သေးသည်၊ အဲလောက်ကို မျက်နှာပြောင်တာ... :)
ပြတိုက်ရှေ့က အပင်တွေမှာ ရန်ကုန်မှာ မမြင်ဘူးသေးတဲ့ ပင့်ကူ (ခြေထောက်က အ၀ါတစ်ဝက်၊ အမည်းတစ်ဝက်)တွေ အိမ်ဖွဲ့နေတာကို ဓာတ်ပုံဝိုင်းရိုက်ကြပါတယ်... စာရေးသူက အဲ့ပုံ မရိုက်တော့ဘဲ အရွက်ပေါ် နားနေတဲ့ပုံကို ရိုက်လိုက်ပါတယ်...

အရိုက်ကောင်းလို့ အင်္ကျီမှာ ပင့်ကူတစ်ကောင် ကပ်ပါလားသေး၏...
အဖွဲ့လိုက်ဓာတ်ပုံကို ပြတိုက်ရှေ့မှာ ပျော်ပျော်ပါးပါး စနောက်ကြရင်း ရိုက်ပြီး သကာလ ထိုပြတိုက်က ဂိုက်လုပ်ဖို့ ကလေးတစ်ယောက်အား ထည့်ပေးလိုက်ပါတယ်...
ပထမဆုံး ဘောဘောကြီး ဘုရားအား ၀င်ရောက်ဖူးမျှော်ပြီး ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်... ယောက်ျားလေးတွေက ဘုရားပေါ်မှာ မိန်းကလေးတွေကတော့ အောက်ကနေ တက်ချင်လို့ သွားရည် အဟောင်းသားနဲ့ မော်ကြည့်နေကြရပါတယ်..


ဆက်ရန်

Monday, September 7, 2009

Shrikittaya 2.0 ခရီးသွားခဲ့သည်... အပိုင်း(၁)

စာရေးသူအတွက် ဒီနေ့လောက် ကတိုက်ကရိုက်နိုင်တာမရှိ၊ အားလုံး လောလော, လောလောချည်းပဲ ... ယနေ့ည ၁၀နာရီ "BlogDay Excursion Trip" ပြည်မြို့သို့ ချစ်သောအမိမြေ ရန်ကုန်မှ ထွက်ခွာဖို့ ၉း၃၀မှာ မြေနီကုန်းရှိ ရွှေလက်ဘက်ရည်ဆိုင်တွင် လူစုကြမည်... စာရေးသူတယောက် ၇နာရီထိ ကျောင်းက မပြန်ရသေး... မိနစ်ကံ တဖြေးဖြေးရွေ့လျားလာလေ စိတ်တွေက ပိုမငြိမ် တော့လေ ရှေ့က ဆရာသင်တာလဲ ခေါင်းထဲ concept မမိတော့... မြန်မြန်ပြီးပါစေသာ စိတ်ထဲ အကြိမ်ကြိမ် ဆုတောင်းနေတာ အကြိမ်ပေါင်း မရေတွက်နိုင်ပါ... ၇နာရီခွဲဖို့ ၅မိနစ်အလိုမှာ ဆရာက သင်ခန်းစာ လက်စသတ်ပြီး Roll Call ခေါ်တယ်... စာရေးသူ နာမည်ခေါ်ပြီးတာနဲ့ စာသင်ခန်းအပြင်ကို အမြန်ထွက်လာလိုက်တယ်... အခန်းပြင်ရောက်တော့ ၇နာရီခွဲပြီး ၅မိနစ်ဖြစ်နေပြီ... ပထမဆုံး အခန်းပြင်ရောက်တာနဲ့ နှိပ်မိတဲ့ ဖုန်းနံပါတ်က စာရေးသူရဲ့ တစ်ဦးတည်းသော ချစ်သူဆီကိုပေါ့... (အကောင်းတော့ မဟုတ် ခိုင်းစားဖို့ :D) အတန်းပြီးပြီ ရောက်ပြီလားဆိုတော့ ရယ်ဒီပဲ ကျောင်းရှေ့ရောက်နေပြီတဲ့... ကျောင်းပေါ်က ကမန်းကတန်းပြေးဆင်း လှေကားထစ်တွေတောင် ကျော်ဆင်းလို့ ချော်ကျမလို ဖြစ်သေး....

ကားပေါ်တက်လိုက်ပြီး သိမ်ဖြူက သူငယ်ချင်းတယောက်ကို အိမ်ဝင်ပို့ပြီး အိမ်ကို ပြန်လာခဲ့တယ်... အိမ်ပြန်ရောက်တော့ အချိန်က ၈နာရီကျော်နေပြီ... ကျောပိုးအိတ်ထဲ လိုအပ်တဲ့ ပစ္စည်းတွေ ဟိုကောက်ထည့်၊ ဒီကောက်ထည့်လုပ်ပြီး ထွက်မယ်လုပ်တော့ မေမေက လှမ်းသတိပေးတယ် “ဖုန်းပါပီလား”တဲ့... ကျောပိုးအိတ်ပြန်စမ်းကြည့်တော့မတွေ့တာနဲ့ တအိမ်လုံး ပြန်ရောက်ထဲက သွားတဲ့နေရာမှန်သမျှ မြေလှန်ရှာ... ဘယ်လိုပဲရှာရှာ မတွေ့... ကားထဲမှာကျန်သလား မသိဘူးဆိုတော့ တစ်ယောက်သောသူက ကားထဲသွားပြန်ဝင်ရှာတယ်... မီးလေးအစ်ကိုက ဖုန်းနံပါတ် လှမ်းခေါ်တယ်... တစ်ယောက်ယောက် ဖုန်းကိုင်လိုက်တယ်... အသံတချို့လည်း ကြားနေရတယ်... “ငါခိုးတာမဟုတ်ဘူး”တဲ့ ပြီးတော့ ဖုန်းချသွားရော၊ နောက်တစ်ခါဖုန်းကို ပြန်ခေါ်တယ်... ကြားနေရပါပီ သူ့အသံ ဘယ်နားက ကြားနေရမှန်းမသိ အသံက တဖြည်းဖြည်း နီးကပ်လာပြီ... မျက်ရည်လွယ်တဲ့ စာရေးသူ ဘယ်အချိန်က ထွက်ချင်မှန်းမသိတဲ့ မျက်ရည်တွေ အလိုလို ထွက်ချင်နေပီ... နောက်တော့ အမှောင်တည်းကနေ ကလေးလေးတစ်ယောက် ထွက်လာပြီးပေးတယ်... ကားဘေးမှာကျနေလို့တဲ့ ကျေးဇူးတင်ကြောင်းပြောပြီး ကမန်းကတန်း ကားပေါ်တက်ပြီး ထွက်လာခဲ့ပါတယ်... တစ်ယောက်သောသူရဲ့ နားမီးပူတိုက်ခံရင်းပေါ့ စိုးရိမ်စိတ် များတတ်တဲ့ စာရေးသူအကျင့်ကိုလည်း သိနေတာကိုး...

နောက်လမ်းသွားရင်းစားဖို့ဆိုပြီး ရန်ကင်းက CityMart ကိုဝင်ပြီး ဆေးမှအစ မုန့်အဆုံး လိုအပ်တာမှန်သမျှ လိုလေးသေးမရှိအောင်လိုက်ဝယ်တဲ့ သူ့နောက် တကောက်ကောက်လိုက်ရင်း (လိုက်သာ လိုက်နေတယ် နောက်ကျမှာစိုး၍ နာရီက တကြည့်ကြည့်) သူပြောသမျှ ရမ်းသာ အင်းလိုက်နေ၏... ကြားထဲမှာ remind လုပ်ပေးတဲ့ ဇောင်းဖုန်းရတော့ ပိုလောပြီ... ဒါနဲ့ ဈေးဝယ်တာ လက်စသတ် Bill ရှင်းပြီး မြေနီကုန်းကို ထွက်လာခဲ့တယ်... မီးပွိုင့်တွေကလည်း အလျင်လိုလို့လားမသိ စိတ်မရှည်စွာ... ရင်တွေလည်း ခုန်နေတယ်... ကိုယ်မသိတဲ့သူတွေနဲ့ ခရီးအတူထွက်ရမှာမို့လို့ပေါ့၊ မသိဘူးဆိုတာက များသောအားဖြင့်တော့ အွန်လိုင်းမှာ သိကြပါတယ်၊ ဒါပေမယ့် အပြင်မှာ အသေအချာတွေ့ပြီး စကားပြောဖူးတဲ့သူတွေက စာရေးသူအတွက် လက်ချိုးရီတောင် လက်ဆယ်ချောင်း မပြည့်ပါဘူး... တခြားခရီးတော်တော် များများ သွားဖူးခဲ့ပေမဲ့ ဒီလို အွန်မှာ ရင်းနှီးပြီး အပြင်မှာ မရင်းနှီးတဲ့သူတွေနဲ့ သွားတာ ပထမဆုံး မို့ပါ....

ဟော တွေ့ပါပီ... ရွှေလက်ဘက်ရည်ဆိုင်ရှေ့မှာ စီးရမယ့်ကားကြီးနဲ့ Position အမျိုးမျိုးနဲ့ ဘလော့ဂါများ၊ တချို့ကတော့ ဘီယာဆိုင်မှာ ဆီဝင်ဖြည့်နေလေရဲ့... ခဏနေတော့ သူ့ကောင်မလေးက မလိုက်ခိုင်းတာလဲပါတယ်၊ ဒီခရီးက မသွားလဲဖြစ်တယ် အပျော်ခရီးပဲဟာ ဆိုပြီး အပြောကြီးတဲ့ စိတ်ထွက်ပေါက်(ခ)ရက်ရာဇာ(ခ)ကိုအောင်မျိုးဟန်ကြီးက MBS၀တ်စုံနဲ့ ၀င်လာပါတယ်... မလိုက်လို့ မရဘူးဆိုလို့ နောက်ဆုံးတော့ လိုက်ရတာပေါ့ဟာတဲ့ ... အစကတည်းကလည်း လိုက်ချင်ချင်လေ အင်တင်တင်နဲ့ ပဲများနေတာ... ဟာ ဟ

နောက်ကားပေါ် တက်လို့ရပြီပြောလို့ ကားပေါ်ကို တက်ခဲ့ပါတယ်... ကားပေါ်မှာ နေရာ အတော် များများက ပြည့်နေပြီ... ထိုင်နေကြတဲ့သူတွေရော၊ လူအစား အိတ်ကလေးတွေက ငုတ်တုတ်လေး တွေရော၊ နောက်နေရာမရှိတော့တာနဲ့ နောက်ဆုံးခုံမှာပဲ ၀င်ထိုင်လိုက်တယ်... စာရေးသူရဲ့ အစ်ကိုလည်းဖြစ်တဲ့ ကိုအရုပ်ကို မတွေ့သေးပါဘူး... မေးကြည့်တော့ သူတို့လည်း မတွေ့မိဘူး ပြောပါတယ်... ကားထွက်ခါနီး လူစုံပြီလားမေးတော့ ကိုအရုပ်ကျန်သေးကြောင်း ၀ိုင်းအော်ကြ ပါတယ်... ဟော... အပြေးအလွားတက်လာပါပြီ ကိုအရုပ်နဲ့ ကိုအချစ်မဲ့ဂီတာ ရောက်ရောက်ချင်း မူးနေတဲ့ကြားက အဆင်ပြေရဲ့လားလို့ မေးဖော်ရတဲ့ ကိုအရုပ်ကိုလည်း ကျေးဇူးတင်မိပါတယ်...

ကားကြီးက စာရေးသူအပါအ၀င် ထိုင်ခုံမရလို့ မတ်တတ်ရပ်သူက ရပ်နဲ့ လူ ၄၁ယောက်ကို အမိမြေ ရန်ကုန်မြို့ကြီးမှ ပြည်မြို့ဆီသို့ ခေါ်ဆောင်သွားပါတော့တယ်... ကားပေါ်မှာလည်း စရင်းနောက်ရင်း ရယ်မောသံတွေနဲ့ စည်ကားလို့ နေပါတယ်... ကားကြီးခေါ်ဆောင်သွားလို့ သိပ်မကြာခင်မှာပဲ အိမ်ရှေ့က စကားများသံ တစ်ခွန်းစ နှစ်ခွန်းစကြားနေရပါတယ်... ရယ်သံတွေ အားလုံးတိတ်ဆိတ်သွားပါတယ်... ကားကြီးလည်း လမ်းဘေးမှာ ထိုးရပါသွားပါတယ်... နောက်ဖေးက သူတွေကလည်း အိမ်ရှေ့ကို သွားပြီး စကားများကြပါတယ်... အဲ ကားသမားနဲ့ နောက်လိုက်နှစ်ယောက်နဲ့ အားလုံးသုံးယောက် စာရေးသူတို့ဘက်က ၄၁ယောက် ရန်ဖြစ် ရင်တော့ ပွဲကြီးပွဲကောင်းပဲ... ခွိ ခွိ

နောက်ခပ်သဲ့သဲ့ကြားလိုက်တာက Blogger တွေကို ဘာအောက်မေ့နေလဲတဲ့... :) ဘလော့ဂ်ဂါဆိုတာ ဘာမှန်းတောင် သိချင်မှသိမယ်၊ မသိချင်လည်း မသိဘူး... တော်တော် များများက ဘလော့ဂ်ဆိုတာတောင် ဘာမှန်းမသိကြဘူး... ဒါပေမဲ့ ဘလော့ဂ်ဂါတွေကို ဘာအောက်မေ့နေလဲလို့ ပြောလိုက်တာက ကိုယ့်လုပ်တဲ့အလုပ်ကို ဘယ်လောက်ထိ တန်ဖိုးထား မြတ်နိုးတယ်ဆိုတာ ပေါ်လွင်စေပါတယ်... နောက်တော့ ပြေလည်တယ်လို့ပဲ ဆိုရမည်ပေါ့ ကားကြီးက ဆက်ထွက်လာပါတော့တယ်... ဒါပေမဲ့ ကားကို ဆောင့်အောင့်ပြီး မောင်းနေတာ ဘုရားစာရွတ်နေရတယ်... ကားပေါ်မှာ ကိုမျက်လုံးရဲ့ အမျိုးသမီးလည်းပါပါတယ်... ထူးခြားတာက အပိုဆုလေးနဲ့ပါ နောက်လမှာ မွေးမည်လို့ သိရပါတယ် ... ကိုမျက်လုံးမိန်းမက နောက်လ မွေးတော့မှာ ကားကို ဒီလိုခပ်ကြမ်းကြမ်း မောင်းရပါ့မလား သွားချမယ်တကဲကဲ လုပ်နေတဲ့ ကိုအရုပ်ကိုလည်း ကိုဂျန်ဝသူနဲ့ အခြားဘလော့ဂ်ဂါတွေကလည်း ထိန်းလို့ပေါ့...

ခဏနေတော့ ဘီယာဆိုင် တဆိုင်ရှေ့ကို ကားကြီးက ထိုးရပ်လိုက်ပါတယ်... အဲမှာ ဘီယာသောက် သူကသောက်၊ မသောက်သူက အဆိုကျော်လေးတွေရဲ့ ဂီတကို ခံစားရင်း ခဏအကြာမှာ ကားပေါ်ကို ပြန်တက်ကြပါတယ်... မှတ်မှတ်ရရ နန်းညီက ဇွန်းတစ်ချောင်း ဘတ်လာခဲ့ပါတယ်... (ခွိ ခွိ) နောက်တော့ ကားကြီးက ဘီယာဆိုင်မှ ဆက်လက်ထွက်ခွာခဲ့ပါတယ်... မအိပ်ကြေး အိပ်တဲ့သူကို နှောက်ယှက်မယ်ဆိုပြီး စနောက်နေကြတာ ကိုသားဖြိုးတို့အဖွဲ့ပါပဲ...

သမိုင်းဆရာ ကိုဂျန်ဝသူကလည်း သမိုင်းကို ပြောင်းပြန်လှန်နေပါတယ်... သူ့လက်ထဲမှာတင် သမိုင်းက ပျက်ရော... အိပ်တဲ့သူတွေ ပုံကို ခိုးရိုက်ကြတာလဲ အမော... ကိုကြီးကျော် သီချင်းနဲ့ ကနေကြတဲ့ ဘလော့ဂ်ဂါအစ်ကိုတွေကလည်း မမောနိုင် မပန်းနိုင်.... စာရေးသူ Typeက ခရီးသွားရင်း အေးအေးဆေးဆေး သီချင်းနားထောင်ရင်း ပတ်ဝန်းကျင်နဲ့အတူ နစ်မျောနေတတ်တဲ့ အကျင့်လေးကလဲရှိတယ်... အွန်မှာသာ သူငယ်ချင်းတွေ များပေမဲ့ အပြင်မှာ သူငယ်ချင်း သိပ်ထားလေ့ မရှိဘူး... ထားပြီးရင်လည်း အရမ်းခင်တတ်ပြီး သူတို့နဲ့ ပတ်သက်သမျှကို ခံစားတတ်တဲ့ 'ဇ'လေးကလည်း ရှိ၊ လူများရင် စကားတွေရှုပ်လို့ မထားတာလဲ ပါတာပေါ့လေ... MP3နဲ့ ငြိမ့်နေတုန်း ကိုအရုပ်က အဲ့အကျင့်တွေ အားလုံးဖယ်ပြီး စိတ်လွတ်လက်လွတ်ပျော်ဖို့ ပြောပါတယ်... အဲလိုမဟုတ်ရင် မခေါ်တော့ဘူးဆိုပြီး ခြိမ်းခြောက်လဲ ခံရသေး :P ... စာရေးသူလည်း သူတို့အပျော်တွေကူးစက်ရင်း ပွဲကြည့်ပရိသတ်ကနေ ဇာတ်ထဲပါသွား ပါလေရော...

အချိန်လေး ရလာတာနဲ့အမျှ အိပ်ချင်နေကြပါပြီ... အိမ်ရှေ့ခြမ်းကတော့ ဇက်ကျိုးနေကြပေမဲ့ နောက်ဖေးခြမ်းကတော့ သောင်းကျန်းကောင်းနေတုန်းပါပဲ... လက်ပံတန်းရောက်တော့ ခေတ္တနား ပါတယ်... အောက်ဆင်းပြီး စားကြသောက်ကြပေါ့... လက်ပံတန်းက ပြန်ထွက်လာ ပြီးတော့ အကုန်ဇက်ကျိုးကုန်ကြပါပြီ... စာရေးသူလည်း စကားသံတွေ ကြားတစ်ချက် မကြားတစ်ချက်နဲ့ အိပ်ပျော်သွားပါတော့တယ်... ဘယ်လောက်ထိ အိပ်ပျော်သွားတယ်မသိ ပြည်မြို့ဝင်ခါနီးမှ နိုးပါတယ်.. :P

ပြည်မြို့ရဲ့ တန်ခိုးကြီးဘုရား ရွှေဆံတော်ခြေရင်းမှာ ကားရပ်ပြီးသကာလ မနက်ခင်းအလုပ် မျက်နှာသစ်ခြင်း အမှုကို ပြုလုပ်ကြပါတယ်... ထို့နောက် ပန်းတွေဝယ်၊ အားလုံးစုပြီးမှ ဘုရားရင်ပြင်တော်ပေါ်သို့ တက်လာခဲ့ကြပါတယ်... ဘုရားဖူးရင်း လှည့်ပတ်ပြီး လျှပ်စီးလက်သလို ကင်မရာတွေကလည်း တဖျက်ဖျက်ပေါ့... ထိုပုံတွေတော့ ဖေ့ဘွတ်ခ်တွင် ပွဲစည်ဦးမည်ဟု စိတ်ထဲထင်မိပါသည်... ဘုရားပေါ်မှာ ဆန္ဒပြလာတာက တခြားမဟုတ်ပါဘူး... ဟိုလူ့ကြည့်လဲ ဗိုက်ဆာလို့ ဒီလူ့ကြည့်လဲ ဗိုက်ဆာလို့နဲ့ ၀မ်းဗိုက်က ဆန္ဒပြလာပါတယ်... ရွှေဆံတော်ဘုရားမှာ ၀ါတွင်းဆို ဓမ္မာစကြာ နံနက် ၅နာရီဆို နေ့စဉ်ရွတ်လေ့ရှိပြီး ၆နာရီခွဲမှ ပြီးကြောင်းသိရပါတယ်...

နံနက် ၇နာရီလောက်မှာ စာရေးသူတို့အဖွဲ့ကို နံနက်စာစားဖို့ စီစဉ်ထားကြောင်းသိရပါတယ်... ဒါတောင် ဗိုက်ဆာလား မဆာလား သူများသနားအောင် ဂေါပကရုံးရှေ့ ရုံးစုရုံးစုလုပ်နေလို့ ရရင် လာခေါ်မယ်တောင်ပြောယူရသေး... :) စားလို့ရပြီလည်းဆိုရော ဘယ်အချိန်ထဲက စားချင်တယ်မသိ ကိုစိုးမိုးတစ်ယောက် ထိုင်နေရာကတောင် ထပြေးသွားတယ်... ဟီ ဟိ (ဖောက်သည် ချနေတာ) စားလို့ရပြီဆိုတော့ ထမင်းစားဆောင်ကို ချီတက်ကြပါတယ်... ဘုရားဂေါပက လူကြီးက ဘုရားသမိုင်းကြောင်းနဲ့ ပတ်သက်တာတွေကို အကျဉ်းပြောပြပါတယ်... စာရေးသူတို့ အမှုမဲ့အမှတ်မဲ့ ဘုရားဖူးခဲ့ကြတာ ဘုရားလူကြီးပြောတော့မှာ အော် ဒီလိုပါလားဆိုပြီး လက်ဘက်ရည်နဲ့ ဆမူဆာတစုစီ စားပြီး ပြန်ထွက်လာတော့ ဘုရားကို နောက်တစ်ခေါက် ထပ်ဖူးကြပါတယ်... တည့်ခင်းဧည့်ခံကျွေးမွေးတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်ပါတယ်...

ဘုရားအောက် ပြန်ဆင်းလာတော့ လက်ဆောင်ပစ္စည်းအချို့ဝယ်၊ တချို့ကတော့ လက်ဘက်ရည်ဆိုင်မှာ စားသောက်ကြပေါ့... ပြီးတော့ ဘုရားကြီးကနေ ထွက်လာပြီး ဧရာဝတီမြစ်ကို ဖြတ်ကာ ရွှေဘုံသာမုနိဘုရားကို ရောက်လာခဲ့ပါတော့တယ်...

ဆက်ရန်....

Friday, August 7, 2009

ဆေးစွဲခြင်း

ကြားရ ကြားရ မသက်သာလှ ဆိုသလို ကြားရတဲ့ သတင်းတိုင်းက အကောင်းတွေချည်းဆို သိပ်ကောင်းမှာပဲလို့ တခါတလေ တွေးမိပါတယ်… စက္ခုအာရုံလင်းတဲ့ မိုးသောက်ယံတိုင်းဟာ အမြဲသာယာလှပနေပေမဲ့ လူသားတိုင်းရဲ့ ဘ၀က အမြဲသာယာလှပ နေဖို့ မဖြစ်နိုင်ပါဘူး… ခုလက်ရှိ G.T.C က ကျောင်းသူလေးတွေကို အခြေခံပြီး ရေးထားတာပါ… တခြား နေရာတွေမှာလဲ ရှိချင်ရှိပါလိမ့်မယ်… ဆေးစွဲတယ်ဆိုတိုင်း ဘိန်းဖြူ၊ ဆေးခြောက်သုံးမှ ဆေးစွဲတယ် မဟုတ်ပါဘူး… ဆေးတိုင်းမှာ Side Effects ဆိုတာ ရှိပါတယ်… ဒါကြောင့်လည်း တန်ဆေး လွန်ဘေးလို့ ရှေးလူကြီးတွေက ဆိုကြပါတယ်…

စာရေးသူအသိ ညီမလေးတယောက်ရှိပါတယ်… သူ့သူငယ်ချင်းတွေက G.T.C ကျောင်းသူ တွေပါ… သူ့ပုံစံကြည့်ရတာ တနေ့နဲ့ တနေ့ အမူအရာတွေ ထူးခြားလာတာ စာရေးသူ သတိထား မိလိုက်တယ်… ဒါပေမဲ့ သူ့အိမ်မှာ စိတ်ညစ်စရာရှိလို့ နေမှာပဲလို့ ထင်မိတယ်… နောက်ပိုင်း ကျတော့ သူ့အမူအရာတွေ ပိုဆိုးလာတယ်… သူ့ကို ကြည့်လိုက်တိုင်း ကြောင်တောင်တောင်နဲ့ ငေါင်ငေါင်နေတာ တွေ့တယ်… သူ့ရဲ့ ရွှန်းလဲ့နေတဲ့ မျက်ဝန်း ၀ိုင်းဝိုင်းလေးတွေကလည်း မျက်ကြော စင်းကြီးနဲ့… သူ့ပုံစံမမှန်တော့ဘူးလို့ သိလိုက်တဲ့အချိန်မှာ စာရေးသူလည်း သူ့ကို စောင့်ကြည့် နေလိုက်တယ်… သူ့အိတ်ထဲမှာ ဆေးကပ်တချို့ကို တွေ့တယ်… ပုံမှန်အားဖြင့်တော့ အဲ့ဒီဆေးက Romilar လို့ ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးပါ… ချောင်းဆိုးရင် တနေ့ တစ်လုံး သုံးကြိမ်သောက် ပေးရပါတယ်… စာရေးသူလည်း သူ့ကို ချောင်းဆိုးနေလို့လား ဆိုတော့ အင်းလို့ပြောတယ်… စာရေးသူလည်း အမှုမဲ့ အမှတ်မဲ့ပဲ တနေ့မှာတော့ သူဆေးသောက်နေတာ တွေ့လိုက်တယ်…



အားပါးပါး အဲဒီ့ချောင်းဆိုးပျောက်ဆေး (Romilar) ကို တပြိုင်တည်း ၁၅လုံးသောက်နေတာ… စာရေးသူလည်း လှမ်းအော်လိုက်တယ်… သူလည်း အလန့်တကြားနဲ့ လက်ထဲကဆေးတွေလည်း ပြုတ်ကျကုန်တယ်… အဲဒါ ဘာလုပ်တာလဲ မေးတော့ ချောင်းဆိုးလို့တဲ့… စာရေးသူလည်း သူ့ကို အစ်အောက်ပြီး မေးရတာပေါ့… နောက်တော့ မျက်ရည်လေး စမ်းစမ်းနဲ့ သူ့အမေကို မပြောပါနဲ့တဲ့… သူဒီဆေးကို မသောက်ရရင် မနေနိုင်တော့လို့ပါတဲ့… စာရေးသူလည်း စဉ်းစားရ အတော်ကြပ်သွားတယ်… သူ့မိဘကို ပြောသင့် မပြောသင့်ဆိုတာ တကယ့်ကို ဆုံးဖြတ်ရခက်သွားတာပါ… တဒင်္ဂအတွင်း ခေါင်းထဲက ဘာမှကို ထွက်မလာဘူး… သူ့အတွက် စိုးရိမ်တဲ့ စိတ်ကြောင့်လည်း ပါတယ်… နောက်တော့ မီးလေး သူနဲ့ ညှိဖို့ ဆုံးဖြတ်လိုက်တယ်…

ပထမဆုံး မီးလေး အိမ်ကို ပြန်မပြောဘူးဆိုရင် ညီမ တစ်ခုတော့ လုပ်ပေးရလိမ့်မယ်လို့ပြောတော့ မီးလေးကို မော့ကြည့်တယ်… ပထမဆုံး ဆေးဖြတ်ပါ့မယ် ဆိုတဲ့ ကတိပေးရမယ်… နောက်ပြီးတော့ နောက်ထပ်လည်း ထပ်မလုပ်တော့ဘူးဆိုတာ ကိုယ့်ကိုကိုယ် အာမခံနိုင်ရမယ်လို့ ပြောလိုက်တော့… သူဆေးဖြတ် ပါ့မယ်တဲ့… ဒါနဲ့ မီးလေးလည်း သူ့ကို ကောင်ဆယ်လင်းလုပ်ပေးတယ်… ပထမဆုံး စသောက်ရတဲ့ အကြောင်းအရင်းကိုမေးတော့ သူ့သူငယ်ချင်းတွေက သောက်ဖို့ တိုက်တွန်းတာလို့ ပြောတယ်… အဲဒီ့သူငယ်ချင်းတွေ မီးလေးတွေ့လို့ရမလားပြောတော့ သူတို့နဲ့ ခုမတွေ့ဖြစ်တော့ဘူးတဲ့… သူတို့က G.T.C မှာ တက်နေတာတဲ့… အရင်ကတော့ အမြဲလိုတွေ့ဖြစ်ပေမဲ့ ခုသူတို့က အဆောင်မှာ နေတော့ အသွားအလာကျဲသွားတယ်လို့ ပြောတယ်… ဒါကလည်း မီးလေးကို မတွေ့စေချင်လို့ ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်… ပထမက ၁၀လုံးစသောက်တယ်တဲ့… နှစ်ပတ်လောက် သောက်ပီးသွားတဲ့ အချိန်မှာ သူ့ပိုက်ဆံလည်း အတော်ထိနေပီလေ ဒါနဲ့ မသောက်တော့ဘူးဆိုပြီး မသောက်ဘဲနေတာ မနေနိုင်တော့ဘူးတဲ့… ဒါနဲ့ ခုနောက်ဆုံး ၁၅လုံးသောက်တဲ့ အဆင့်ထိဖြစ်လာတယ်… အိမ်က ပိုက်ဆံအမျိုးမျိုးတောင်းတာ မရတော့ ဟိုကချီး၊ ဒီကချီးနဲ့ ပိုက်ဆံတွေလည်း အကြွေးဝိုင်းနေတာလဲ မနည်းဘူး…

တချို့က စိတ်ဓာတ်ကျလို့၊ တချို့က စိတ်ဖိစီးမှုတွေ များနေလို့၊ တချို့က သူတို့ အသိုင်းအ၀ိုင်းမှာ ပစ်ပယ်ခံရတယ်လို့ ယူဆကြလို့ အကြောင်းပြချက် အမျိုးမျိုးကြောင့် သူတို့တွေဟာ စိတ်ထွက်ပေါက်ရှာကြပါတယ် (ဘလော့ဂ်ဂါ စိတ်ထွက်ပေါက် မဟုတ်ပါ)… စိတ်ကို ထွက်ပေါက်ရှာကြတဲ့အခါ ကိုယ့်ကို အန္တာရာယ်ဖြစ်စေမဲ့ အပြုအမူမျိုးကို ရှောင်သင့်တယ်… စိတ်ဖြေတဲ့နည်း အမျိုးမျိုး ရှိကြပါတယ်… မီးလေးက အရမ်းစိတ်ထဲမှာ မွန်းကြပ်နေရင် တစ်ယောက်တည်း နေရတာကို ကြိုက်တယ်… အနားမှာ တစ်ယောက်ယောက်ရှိနေရင် ပိုစိတ်ကျဉ်း ကြပ်တယ်… မီးလေး ချစ်သူတောင် အနားမှာရှိနေရင် မကြိုက်ဘူး… တစ်ယောက် တည်း headphone ဖွင့်ပြီး အပြင်သံ ဘာမှမကြားရအောင် အကျယ်ကြီးဖွင့်ပီး သီချင်း နားထောင်ချင် နားထောင်တယ်… တစ်ခါတစ်လေ တယောက်တည်း ဘယ်သူ့မှ မသိအောင် ကြိတ်ငိုချင် ကြိတ်ငိုတတ်တယ်… စိတ်ဖြေတဲ့ နည်းတွေ အများကြီး ရှိပါတယ်… ဥပမာ- သီချင်း နားထောင်တာ၊ သီချင်း အော်ဆိုတာ၊ နောက် အားကစားတခုခု လုပ်နေတာမျိုး အများကြီး လုပ်လို့ရပါတယ်… ဒါပေမဲ့ ခုလို အကျိုးယုတ်စေတာမျိုးတော့ မလုပ်သင့်ဘူးပေါ့…

မိဘတွေကလည်း ခုချိန်က စားဝတ်နေရေး ကြပ်တည်းနေကြတော့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေလို့ သားသမီးကို သေချာ ဂရုမစိုက်နိုင်ကြတော့ သားသမီးတွေကလည်း ဖြစ်ချင်ရာဖြစ်နေကြတာပေါ့… သားသမီးတွေ ဒီလိုဖြစ်တာ မိဘတွေကိုချည်း အပြစ်တင်လို့တော့ မရပါဘူး… အရင်ကဆို တစ်အိမ်မှာ တစ်ယောက်အလုပ်လုပ်ရင် တစ်အိမ်လုံး ထိုင်စားလို့ရပေမဲ့ ခုခေတ်မှာတော့ စီးပွားရေး ကြပ်တည်းလာမှုကြောင့် အများစုက အပြင်မှာ အလုပ်ထွက်လုပ် ကြရပါတယ်… ဒါကို သားသမီးတွေကလည်း နားလည်မှုရှိပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းကြမယ်ဆိုရင် မိသားစုတိုင်း သာယာချမ်းမြေ့ကြရမှာ အမှန်ပင် ဖြစ်ပါတယ်… ကိုယ်တွေ အသက်အရွယ်မှာ ဒီလောက် စိတ်ဖိစီး မှုများနေမယ်ဆိုရင် ကိုယ့်မိဘတွေကော ဘယ်လောက် စိတ်သောက ရောက်ကြလိမ့်မလဲလို့ မလုပ်မိခင် အရင်စဉ်းစားကြစေချင်ပါတယ်…

ကိုယ်ပြုမိတဲ့ အလုပ်တစ်ခုက ကိုယ်လည်း ဒုက္ခရောက်ရမယ်… လူကြီးတွေလည်း စိုးရိမ် ပူပန်နေရမယ်ဆိုရင် နှစ်ဦး နှစ်ဖက် ကောင်းကျိုးမရှိလို့ ဘာကြောင့်စိတ်ညစ်နေရတယ်၊ ဘာတွေ စိတ်ဖိစီးမှုများနေတယ်ဆိုတာ သိပ်ခင်ပြီး နှုတ်လုံတဲ့သူ တစ်ယောက်ဆီ ရင်ဖွင့်ရင်လည်း သက်သာကောင်း သက်သာပါလိမ့်မယ်… ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့သလို သီချင်းနားထောင် တာမျိုးပဲဖြစ်ဖြစ်၊ အားကစား တစ်ခုခု လုပ်နေတာမျိုးပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာမှ မတွေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူခြင်း ကလည်း စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်… လူငယ်ဆိုတာ တိုင်းပြည်အတွက် လင်းလက်လာမယ့် ကြယ်ပွင့်လူတွေပါ… မလင်းလက်ခင် ကြွေလွင့်မသွားစေချင်တဲ့ စေတနာနဲ့ ဒီပို့စ်လေးကို ရေးသားခြင်းဖြစ်ပါတယ်…

(စာကြွင်း - သူမ ခုဆို ဆေးဖြတ်တာ အတော်လေးထိရောက်နေပါပီ… ဆေး ၁၅လုံးကနေ လျှော့လာတာ ၃လုံး ထိရောက်နေပါပီ… နောင်တစ်ချိန်မှာ သူမ ဒီလိုအဖြစ်မျိုးထပ်မဖြစ်အောင် အားလုံးအေးဆေးသွားတဲ့အချိန် သူမ မိဘတွေကို အသိပေးဖို့ စိတ်တွင်ရည်စူးလျှက်….)

Sunday, August 2, 2009

လူငယ်များနှင့်အချိန်

ခုတလော မီးလေးလည်း စာမေးပွဲပြီးတော့ ကျောင်းနှစ်ပတ်ပိတ်ထားတာရယ်၊ မီးနည်းနည်း ပြန်မှန်နေတာရယ်ကြောင့် အိမ်မှာရှိတဲ့အချိန် အွန်လိုင်းဖြစ်နေတာ များပါတယ်... အလုပ်မှာ တုန်းကတော့ နေ့လည်ပိုင်း အမြဲအွန်လိုင်းရှိတတ်တဲ့ မီးလေး ခုတော့ အွန်လိုင်း မတက်နိုင်တာ အတော်လေး ကြာသွားပါပီ... နှစ်တောင် ချီသွားပီ အလုပ်ချိန်မှာ အမြဲအွန်လိုင်းတွေ့နေကြ ဘလော့ဂ်ဂါ အစ်ကိုတွေကတောင် မီးလေး ပျောက်ချက်သားကောင်းလို့တဲ့... အမှန်က မီးလေးပျောက်တာ မဟုတ်ပါဘူး... ကျောင်းတက်နေရတာရယ်၊ မီးတွေ အလှည့်ကျ ပေးတာတွေရယ်ကြောင့် နေ့လည်ပိုင်း အွန်လိုင်း မတက်နိုင်တော့ဘဲ၊ ညဘက်ကျမှ သူငယ်ချင်းတွေနဲ့ Discussion လုပ်ဖို့ အွန်လိုင်းတက်ဖြစ်ရင်း တခြားဘလော့ဂ်ဂါတွေနဲ့တော့ တွေ့ဖြစ်ပါတယ်...

မီးလေးခု နေ့လည်ပိုင်း အွန်လိုင်းတက်တဲ့ ဒီနှစ်ပတ်အတွင်းမှာ မီးလေးရဲ့ ဂျီမေးလ်အကောင့်ထဲကို တနေ့ကို အနည်းဆုံး နှစ်ခု သုံးခုလောက် အက်တာရှိတယ်… အရင်က မီးလေးက ကိုယ်မသိရင် မအက်တတ်ပေမဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ စာတွေ Discussion လုပ်နေရတာမို့ မေးလ်အက်ဒရက်တွေ အက်ဖြစ်ပါတယ်… အဲဒီ့ထဲမှာ တချို့ကတော့ သူငယ်ချင်းလိုချင်လို့၊ တချို့ကတော့ ဘာရယ်မဟုတ်၊ တချို့က ကြူဖို့၊ အားလုံးကို မဆိုလိုပါဘူး… တချို့ဆို အတော်လေး ရိုင်းတာတွေ့ရတယ်… သူတို့ကလည်း အက်သေးတယ် စကားပြောတာ အရမ်းရိုင်းလို့ ဗန်းလိုက်တာတွေလည်း မနည်း… ဟိုတရက်က မီးလေး မောင်ဝမ်းကွဲတယောက်က အကောင့်နှစ်ခုဖွင့်ခိုင်းတယ်… မီးလေးလည်း စာမေးပွဲရှိနေတာနဲ့ စာမေးပွဲပြီးရင် လုပ်ပေးမယ်… လိုချင်တဲ့ အက်ဒရစ်ကို ပို့ပေးထားဆိုပြီး ပြောထားလိုက်တယ်… မီးလေး စာမေးပွဲပြီးလို့ ကြည့်လိုက်တော့ “ဗုဒ္ဓေါ” အကောင့်နိမ်းကို girlkiller နဲ့ loverkiller ဖွင့်ပေးပါတယ်…

မီးလေးမောင်လေးက နယ်မှာ GTC(ပထမနှစ်)တက်နေတာ သူနဲ့ ဆက်သွယ်ရဖို့က အွန်လိုင်းတက်လာမှပဲ တွေ့ရတယ်… သူ့ဆီဖုန်းဆက်ဖို့ကျ အဆောင်ဖုန်းက မမှတ်မိတော့ ဆက်မရဘူး… ဒါနဲ့ မကြာပါဘူး အွန်လိုင်းတက်လာတယ်… ငဖုန်း မကို ဖွင့်ခိုင်းတဲ့ အကောင့်တွေက ဘယ်သူ့အတွက်လဲ ဘာလုပ်ဖို့တုန်းဆိုတော့ သူ့အတွက်တဲ့ ကောင်မလေးတွေ ကြူဖို့တဲ့… “ဘုရား …ဘုရား……” မီးလေး တကယ်ပဲ စိတ်ပျက်မိပါတယ်… နောင်တလည်း ရမိတယ်… သူကျောင်းမတက်ခင် ရန်ကုန်မှာ လာနေတုန်းက မီးလေးက လူငယ်တယောက်အနေနဲ့ သိသင့် သိထိုက်တယ်… တတ်ထားသင့်တယ် ထင်လို့ သင်ပေးခဲ့တာတွေကို သူက တလွဲလုပ်နေပီဆိုတာ သိလိုက်တော့ စိတ်လည်း မကောင်းဖြစ်သွားတယ်…

ချက်တင်ထိုင်တယ် ဆိုတာ အမျိုးမျိုးရှိပါတယ်… တချို့က Knowledge တွေကို အချင်းချင်းမျှဝေကျတယ်… မီးလေး ဘာလို့ ခုချိန်ထိ ဘလော့ဆက်ရေးနေလဲ… ခုဆို မကြာမီအချိန်အတွင်းမှာ မီးလေးရဲ့ ဘလော့အိမ်သက်တန်းက သုံးနှစ်ပြည့်ပါတော့မယ်… ဘာကြောင့်ရေးနေတာလဲ? ဘာအတွက်ရေးနေတာလဲ? ဆိုတာမျိုး တွေးမိဖူးပါတယ်… မီးလေး ဘလော့ရေးတာက စိတ်ကူးပေါက်ရာ ဟိုခြစ် ဒီခြစ်ရေးနေတဲ့ ဒိုင်ယာရီ သက်သက်သာ ဖြစ်ပါတယ်… ဘလော့ဂါတစ်ယောက်တော့ မဟုတ်ပါဘူး…. အရင်က မီးလေး အားတဲ့အချိန်တွေဆို မဂ္ဂဇင်းတွေ၊ ၀တ္ထုတွေ ဖတ်လေ့ရှိပါတယ်… ဒါပေမယ့် အရင်ကလောက် စာအုပ်တွေက အတော်များများက ဖတ်လို့မကောင်းတော့ပါဘူး… တခါလာလည်း အချစ်ဝတ္ထု၊ အလွမ်းအဆွေးတွေ၊ မြန်မာဗွီဒီယိုတွေကလည်း အနှစ်သာရမရှိနဲ့ အချိန်တွေ အရမ်းနှမြောဖို့ကောင်းပါတယ်… တနေ့ ဂျာနယ်တစောင်မှာ မြလွှာရဲ့ ဒိုင်ယာရီဆိုတာလေး စတွေ့ပြီး အဲဒီ့ဆိုဒ်ကို သွားကြည့်တယ်… အဲဒီ့ဆိုဒ်ထဲမှာရှိတဲ့ လင့်တွေကို သွားကြည့်တော့ မီးလေးအတွက် ဗဟုသုတတွေ အများကြီးရပါတယ်… ဘလော့ဂ်ဂါတွေက သူတို့သိတဲ့ Knowledge တွေကို စာဖတ်သူတွေ မျှဝေပေးကြတယ်… သူတို့ရဲ့ အတွေးတွေ စိတ်ကူးတွေကို ဘလော့ဂ်တွေမှာ ချပြကြတယ်…

ဘလော့ဂ်ဂါ အတော်များများက (မီးလေးမပါ,ပါ) စာအရေးအသား ကောင်းကြတယ်… ပြီးတော့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းပေါ်မှာပဲ သိကြပေမဲ့ အချင်းချင်း ရိုင်းပင်းကူညီကြတယ်… အရမ်းလည်း ခင်ဖို့ကောင်းကြပါတယ်… တစ်ယောက် အခက်အခဲဖြစ်နေရင် ၀ိုင်းပြီး ကူညီဖြေရှင်းကြတယ်… တဦးကိုတဦး အပြန်အလှန်စောင့်ရှောက်ကြတယ်… ဒါကြောင့်လဲ ဘလော့ဂ်နဲ့ ဘလော့ဂ်ဂါ မောင်နှမတွေကို ခုချိန်ထိ မစွန့်ခွာနိုင်သေးတာပါ… နေရာတိုင်းမှာ စုန်းပြူးဆိုတာ ရှိစမြဲပါ… ဘလော့ဂ်ဂါနာမည်တပ်ပြီး သူများဘလော့ဂ်က ခိုးကူးတွေ၊ သူများ စီပုံးမှာ တခြား ဘလော့ဂ်ဂါနာမည်တွေ လင့်တွေ သုံးပြီး နှောင့်ယှက်နေကြတာ သူတို့အတွက် ဘာများ အကျိုးရှိပါသလဲ… မီးလေးကို ကိုအရုပ်ကလေးက ပြောဖူးပါတယ်…

သူ့တို့ ကောင်မလေးတွေ အထင်ကြီးအောင်တဲ့…. ဒါဆိုရင်တော့ လွဲမှားတဲ့ အယူအဆပါပဲ သူများဆီက ခိုးချတာ တစ်နေ့နေ့မှာ သိလာရင် အဲဒါက ပိုရှက်ဖို့ကောင်းပါတယ်… ကိုယ့်တတ်သလောက်ကိုပဲ ကြိုးစားပြီး ရသလောက်ရေးပါ၊ စာများများဖတ်ပါ၊ သူများ ဘယ်လိုရေးလဲ လေ့လာပါ… ဒါဆိုရင် ကိုယ့်အရည်အချင်းလည်း တက်လာမယ်… လူငယ်တွေ အနည်းစုက တော်ကြပါတယ်… အများစု ဘာလို့မတော်ကြလဲ ဆိုတော့ ကိုယ့်ဘာသာကိုယ် တုံးအောင် လုပ်နေ ကြတာပါ… ဦးဏှောက်ကို အမြဲ အလုပ်လုပ်ပေးရပါမယ်… ဦးဏှောက်ကို မသုံးတာများလာရင် တဖြည်းဖြည်းနဲ့ ငတုံးတယောက် ဖြစ်လာပါလိမ့်မယ်…

ပြောရင်းနဲ့ လမ်းချော်သွားပီ… :P ချက်တင်ထိုင်တဲ့ လူငယ်အများစုကို ပြောချင်တာ အယောင်ဆောင်သမားဘက် ရောက်သွားပီ… :Dဒီနေ့လူငယ်တွေကို ပြောချင်တာက ချက်တင်ထိုင်ရင်းနဲ့ ကြူတာ ကိုယ့်အတွက် ဘာအကျိုးအမြတ်ရလဲ ပြန်သုံးသပ်ကြဖို့ပါ… မီးလေး ခုတလော အတော်ခံရခတ်နေတယ် :( … မီးလေး ခံရခက်တဲ့ မေးခွန်းကို ခုရက်ပိုင်း ခဏခဏအမေးခံနေလို့ပါ… အဲဒီ မေးခွန်းက “ မ… ဘယ်သူနဲ့ ကြူနေတာလဲ” တဲ့… :( တကယ် ခံရခက်တဲ့ မေးခွန်းပါ… မီးလေး သူတို့အကောင့်တွေ အက်လုပ်တာ ဘာရည်ရွယ်ချက်မှ မပါဘဲ ဒီအတိုင်း အက်လိုက်တာပါ… ဒါပေမဲ့ သူတို့လေးတွေက ငယ်ပါသေးတယ် သူတို့ကို လမ်းမှန်ရောက်စေချင်တယ်… တချို့က အင်တာနက်ဆိုင်မှာ တစ်နာရီ သုံးလေးငါးရာပေးပြီး သုံးကြရတယ်… အိမ်မှာ သုံးနေတဲ့ သူတွေလည်း ဒီအတိုင်းပါပဲ… လစဉ်ကြေးပေးပြီး သုံးနေကြရတာ… ကိုယ်ကုန်လိုက်တဲ့ ပိုက်ဆံအတွက် ငါဘာတွေရလိုက်လဲ… ကုန်လိုက်တဲ့ ပိုက်ဆံနဲ့ တန်အောင် အကျိုးရှိမယ့်ဆိုဒ်တွေကြည့်မယ်၊ဥပမာ – language တွေလေ့လာမယ်၊ ကိုယ့်ဝါသနာပါတဲ့ ပညာရပ်တခုခုကို လေ့လာမယ်၊ ဒါကလည်း Free Education Web Siteတွေ တနေ့ထက် တနေ့ ပိုများလာလို့ နိုင်ငံရပ်ခြား သွားမှမဟုတ်ဘူး… ကိုယ့်နိုင်ငံမှာတင် တထိုင်တည်း လေ့လာနိုင်တယ်…

မီးလေးပြောချင်တာက ချက်တင်နဲ့ ကြူလို့ ကုန်မယ့်အချိန်အစား အကျိုးရှိတာလေးတွေ လုပ်စေချင်တယ်… ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာမျိုး လုပ်ပေးပါ… မီးလေးကို ဆရာလုပ်တယ်လို့ မထင်စေချင်ပါဘူး… ဆရာလုပ်တာ မဟုတ်ပါဘူး… သူတို့အချိန်တွေကို သူတို့အစား နှပြောမိလို့ပါ… ကိုယ်က ပိုက်ဆံဖြုန်းပြီး ဒီလိုအချိန်တွေ အလကားသုံးနေတဲ့ အချိန်မှာ တချို့လူတွေက သူတို့ ၀မ်းရေးအတွက် ကြိုးစားဖြေရှင်းနေကြတယ်ဆိုတာမျိုး ပြန်တွေးကြည့်ပါ… ကိုယ့်က မိဘပိုက်ဆံ အခန့်သင့် ထိုင်သုံးနေတဲ့အချိန်မှာ ကိုယ်ထမင်းစားဖို့အရေး နည်းအမျိုးမျိုးနဲ့ ရုန်းကန်နေကြရတဲ့ တချို့လူတွေရဲ့ ဘ၀ကို စာနာတတ်ပါစေ… ဒါဆိုကိုယ်က ဘယ်လောက် အသုံးဝင်နေတဲ့သူ၊ အသုံးမ၀င်တဲ့သူဆိုတာ သိလာပါလိမ့်မယ်… ဒီအချိန်မှာ ပြင်နိုင်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိမှာပါ… မီးလေး မောင်လေးတောင် ပြောတုန်း ဟုတ်ကဲ့… ဟုတ်ကဲ့နဲ့ ကိုယ့်မျက်စိရှေ့ မဟုတ်တော့ သူလုပ်ချင်တာ လုပ်မှာလေ… ဒါပေမဲ့ ငါဒီလိုနေ,နေတဲ့ အချိန်မှာ တချို့သူတွေက ဘ၀ကို ဘယ်လိုရုန်းကန်နေကြရပါလား… ကိုယ်သုံးနေတဲ့ ပိုက်ဆံကရော ကိုယ့်မိဘတွေ လွယ်လွယ်နဲ့ရတဲ့ ပိုက်ဆံမဟုတ်ပါလား… ကာယနဲ့မဟုတ်တောင် ဥာဏနဲ့ ရှာထားကြတာပါလားဆိုတဲ့ အသိလေး သိရင် မီးလေး လက်ကြွက်သားယောင်နေရင်းနဲ့ ရေးတဲ့ ပို့စ်လေးအတွက် ပင်ပန်းရ ကျိုးနပ်တာပေါ့….

နောက်တခုက ဂိမ်းဆော့တယ်… ဂိမ်းဆော့တာကို အပြစ်မပြောပါဘူး… ကလေးတွေကအစ ဂိမ်းဆော့သင့်တယ်… ဂိမ်းဆော့တဲ့ အခါမှာလည်း ရွှေးချယ်တတ်ဖို့ လိုပါတယ်… ခုခေတ်မှာ လူကြီးနဲ့ ကလေးကြား ဂိမ်းဆော့လို့ ဆိုပြီး ဆူပူသောင်းကျန်း နေတဲ့အသံ ကြားဖူးကြမှာပါ… အမှန်တော့ လူကြီးတွေ အနေနဲ့လည်း ကလေးတွေ ဂိမ်းဆော့သင့်တယ် ဆိုတာမျိုး နားလည်ပေးတတ်ဖို့ လိုပါတယ်… ပြီးတော့ ဂိမ်းတွေကိုလည်း ရွှေးချယ်ပေးတတ်ဖို့ လိုပါသေးတယ်… ဥပမာ – ဦးဏှောက်သုံးရတဲ့ ဂိမ်းမျိုး စစ်တိုက်တဲ့ ဂိမ်းဆို ရန်သူတွေ ရှာရတယ်… ရန်သူကို ကိုယ်က အရင်ပစ်မှ မပစ်နိုင်ရင် ကိုယ့်ဘက်က အကောင်တွေ ကျကုန်ဆိုတော့ သူတို့ မျက်လုံး၊ လက်၊ ဦးဏှောက်က အလုပ်လုပ်ပေးနေရတယ်… ဒါကြောင့် ဦးဏှောက်ကို အလုပ်လုပ်ပေးနေသလိုဖြစ်လို့ ဓားများလို များများသွေးလေ ထက်လေ ဖြစ်လာတယ်… အချိန်ပြည့် ဆော့တာမျိုး မဟုတ်ဘဲ အချိန်ကန့်သတ်ပြီး ဆော့ခိုင်းတာမျိုး လုပ်ပေးသင့်တယ်… ဒါက ငယ်ငယ်တည်းက Train လုပ်သင့်တာပါ…

ဒါပေမယ့်လည်း ဂိမ်းဆိုင်တွေပေါ်လာတဲ့အတွက် ကလေးအများစုက ဂိမ်းဆိုင်မှာချည်း အချိန်ကုန်နေကြပါတယ်… ဒါကိုလည်း အိမ်က မိဘတွေအနေနဲ့ လုံးဝ ဂိမ်းဆိုင်မသွားရဆိုတာမျိုး မတားမြစ်သင့်ပါဘူး… လူ့သဘာဝအရ မသွားနဲ့ဆို သွားချင်တယ်… မလုပ်နဲ့ဆို လုပ်ချင်တယ်… အချိန်သတ်မှတ်ပြီး လုပ်ခိုင်းတာမျိုးလုပ်ပေးသင့်ပါတယ်… လူကြီးနဲ့ လူငယ်တွေကြား သဘောထား ကွဲလွဲမှုတွေ ခုခေတ်မှာပိုများပါတယ်… လူကြီးတွေကလည်း သူတို့ ဖြတ်သန်းလာတဲ့ အသိကို ရှေ့တန်းတင်တတ်သလို လူငယ်တွေ ကလည်း အဖေ၊ အမေတို့ မသိပါဘူးဗျာလို့ ပြန်ပြောမယ့်အစား အချိန်ယူပြီး ရှင်းပြပြောပြတာမျိုး လုပ်ပေးပါ… အဖေ၊အမေတို့ ခေတ်မှာ ဒီလိုဟုတ်ပေမယ့်၊ သားတို့ သမီးတို့ခေတ်မှာ ဘယ်ဟာကဖြင့် ဘယ်လိုလုပ်မှရတော့မှာဆိုတာမျိုး ပြောပြပေးရင် လူကြီးတွေကလည်း ကိုယ့်ကို အားကိုးရတဲ့ သားသမီးတွေဆိုပြီး အထင်ကြီးလာပါလိမ့်မယ်… ကိုယ့်ရှေ့မှာ မဟုတ်တောင် တခြားသူတွေနဲ့ တွေ့တဲ့အခါ သားကလေ သမီးကလေနဲ့ ပီတိစကားသံတွေနဲ့ စကားဝိုင်းလေးက သာယာစိုပြည်နေမှာ အမှန်ပင် ဖြစ်ပါလိမ့်မယ်…

လူငယ်များ အချိန်ကို အကျိုးရှိစွာ သုံးတတ်သူများ ဖြစ်ပါစေလိုက ဆန္ဒပြုရင်း….

Saturday, July 18, 2009

အကြည်ညိုမပျက်စေချင်...

မီးလေး ဘလော့ကို စာမေးပွဲရှိလို့ မရောက်ဖြစ်တာ အတော်ကြာပီပေါ့... ဒီအတောအတွင်း မီးလေးဆီကို သတိတရနဲ့ လာစောင့်ရှောက်ပေးကြတဲ့ ဘလော့ဂါ ညီအစ်ကိုမောင်နှမများနှင့် စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်... ဒီအတောအတွင်း ကုန်ကြမ်းတော်တော်များများလည်း ရထားပေမဲ့ မအားတာရယ်၊ ကွန်မကောင်းတာရယ်၊ အပျင်းကြီးနေတာရယ်ကြောင့် ပို့စ်တင်တာလဲ အတော်လေးကျဲသွားခဲ့ပါတယ်...

ဒီနေ့ရေးချင်တဲ့ အကြောင်းအရာက ရင်ထဲမှာ အတော်လေး မကောင်းမိလို့ပါ... ဟိုတရက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်... ဘုရားရဲ့ ရင်ပြင်တော်ပေါ်မှာ မြင်တွေ့ခဲ့ရတာတွေက တခြားဘာသာဝင်တွေ ဗုဒ္ဓဘာသာကို အကြည်ညိုပျက်စေတဲ့ အပြုအမူမျိုးကို တွေ့ခဲ့ရပါတယ်... ဘုရားရင်ပြင်တော်ပေါ်မှာ အလှူခံနေကြတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေပါ... ဘုရားဝတ်ပြုတာတောင် ကောင်းကောင်း ၀တ်ပြုလို့ မရအောင် ဘေးနားက တောက်လျှောက် အလှူခံနေခြင်းပါပဲ... ထိုအပြုအမူက အရမ်းပဲ ဆိုးဝါးလှပါတယ် မီးလေးအမြင်ပြောတာပါ... တခြား လာလေ့ကြတဲ့ နိုင်ငံခြားသားတွေကရော ဘယ်လိုမြင်ကြမလဲ... ဘုရားဂေါပက လူကြီးတွေအနေနဲ့ ဒီလုပ်ရပ်မျိုးကို တားမြစ်သင့်ပါတယ်... အလှူခံပုံကလည်း အဆန်းရယ်၊ ဘယ်နှနာရီလဲမေးပြီး လက်ဘက်ရည်ဖိုးပေးခဲ့ဆိုပြီး တောင်းတယ်... မီးလေး အမြင်တော့ အတုအယောင်တွေလို့ ထင်ပါတယ်... သင်္ကန်းဗန်းပြပြီး ခုလိုတောင်းတာတော့ မကောင်းဘူးပေါ့... ဒါပေမဲ့ အရွယ်ပေါင်းစုံ တွေ့ခဲ့ရပါတယ်...
သီလရှင်အမေကြီး တစ်ပါးဆို အတော်ကို အသက်ကြီးနေပါပြီ... ဓာတ်လှေကားနားသွားတဲ့ စင်္ကြန်မှာ ၁၀နှစ်အရွယ် ကောင်လေး တစ်ယောက်က စောင့်နေပါတယ်... သီလရှင်အမေကြီးက ရသမျှပိုက်ဆံကို ထိုကောင်လေးကို ပေးထားပြီး လိုက်အလှူခံနေတာပါ... အသက်ကြီးနေတဲ့ သီလရှင်ဆိုတော့ လူတွေက လှူကြပါတယ်... ဒါပေမဲ့ ဆိုးရွားတဲ့အပြုအမူက သူ့ကို မလှူဘဲ မသိချင်ယောင်ဆောင်ပြီး ထွက်သွားတဲ့ သူတွေက အနောက်ကနေလိုက်ပြီး ရင်ပြင်တော်က မဆင်းမချင်း လိုက်ကျိန်ဆဲနေခြင်းပါပဲ... မီးလေးလှူဖို့ စိတ်ကူးထားတာတောင် သဒ္ဓါပျက်ပြီး မလှူခဲ့တော့ပါဘူး... အသက်ကြီးပေမဲ့ အသက်အရွယ်နဲ့ မလိုက်အောင် တရားမရှိခြင်းပဲ ၀မ်းရေးလွယ်ဖို့အတွက် သာ့သနာဘောင်ထဲ ၀င်တာလားလို့တောင် သံသယဖြစ်မိပါတယ်...
ရွှေတိဂုံဘုရားပေါ်က ဆင်းလာပြီး breakfast ကို Feel မှာ စားဖို့ မြို့မလမ်းထဲက Feel ဆိုင်ကို ထွက်လာခဲ့ပါတယ်... မုန့်တွေ ဘာတွေမှာပြီး ထိုင်ခုံနေရာ ယူလိုက်ပါတယ်... ထို Feel ဆိုင်မှာ ထိုင်းနိုင်ငံက ဘုရားဖူးအဖွဲ့ ဘုန်းကြီး၊ သီလရှင်၊ ယောဂီတွေ လာရောက်စားသောက်နေတာ တွေ့ခဲ့ရပါတယ်... တချို့ကတော့ ဆင်းမစားဘဲ ဘုရားဖူးယာဉ်ပေါ်မှာ ထိုင်နေကြပါတယ်.... ထိုအချိန်မှာ လမ်းမှာ ဖြတ်သွားတဲ့ သီလရှင်တစ်ပါးက နိုင်ငံခြားသားတွေမှန်းသိတယ်... ကားကို ကျော်ပြီးမှ ပြန်လှည့်လာပြီး ကားပေါ်မှာထိုင်နေတဲ့သူတွေကို အလှူခံတယ်... ကားပေါ်က နိုင်ငံခြားသားတွေက ဘယ်လောက်တောင် ကြည်ညိုကြလဲဆို ကားပေါ်ကလေတောင် လှမ်းထည့်တာမျိုး မလုပ်ဘဲ ကားပေါ်က ဆင်းလာပြီး လှူတာကို ၀မ်းသာဖွယ် တွေ့မြင်ရပေမဲ့ တခြားဘာသာဝင်တွေတောင် ဒီလောက်ရိုသေလေးစားကြတာ ကိုယ့်ဘာသာဝင်တွေက ဘာလို့ ရှုံ့ချစရာတွေ လုပ်နေကြရတာလဲလို့ စိတ်ထဲမှာ မနေနိုင်မထိုင်နိုင် မကျေမနပ်ဖြစ်နေမိပါတယ်... ထိုသီလရှင်ကလည်း လှူမှန်းသိတော့ဘယ်မှ မသွားတော့ဘဲ အထဲမှာထိုင်စားတဲ့သူတွေ ထွက်လာတဲ့အထိ ကားပေါ်တက်တဲ့ အပေါက်ကနေ စောင့်နေပါတယ်...
စားပြီးလို့ ဆိုင်ထဲက ထွက်လာကြတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေကလည်း အကုန်လုံးလိုလို လှူပြီးမှ ကားပေါ်ကို တက်ကြပါတယ်... သူတို့ရဲ့ သဒ္ဓါတရားထက်မြက်တာကို တွေ့ရလို့ ၀မ်းသာပါတယ်... တဆက်တည်းမှာပဲ အထင်သေးသွားမလားလို့ စိုးရိမ်ခဲ့ရပါတယ်... မီးလေး သိရသလောက် သီလရှင်တွေဟာ တောဖိတ်နဲ့ မြို့ဖိတ်ကလွဲလို့ အလှူခံထွက်လို့မရပါဘူး... ဟိုနေ့က မီးလေးတို့ကျောင်းရှေ့ကို ဥူးဇင်း သုံးပါးဖြတ်သွားပါတယ်... မီးလေးသူငယ်ချင်း တစ်ယောက်တည်း မီးလေးတို့ဆီ လာနေတဲ့အချိန် ထိုဥူးဇင်းများက မီးလေးသူငယ်ချင်းကို ပိတ်ရက်လိုက်ပြီး ပိုက်ဆံတောင်းပါတယ်... မီးလေးသူငယ်ချင်းက အကြွေမပါဘူး ဘုရားဆိုပြီး သူတို့ကို ဖြတ်သွားမယ်လုပ်တော့ လက်ကို ဆွဲထားပြီး မပါလည်း ပါတာပဲ ပေးခဲ့ဆိုပြီး ဆွဲထားပါတယ်... မီးလေးတို့က သူ့နဲ့သိတဲ့ ဥူးဇင်းတွေမှတ်လို့ ဒီအတိုင်းပဲ ကြည့်နေကြတာ... မီးလေး သူငယ်ချင်းကလည်း မပေးရင် သူ့ကို ဘာလုပ်ကြမလဲ မသိဘူးဆိုပြီး သူ့မှာပါတဲ့ 1000 တန်ပဲ ထုပ်ပေးလိုက်ရပါတယ်...
ပြီးတော့ ယောဂီဝတ်စုံတွေနဲ့ ဘယ်ကကျောင်းအတွက်ဆိုပြီး ခဏခဏလာတောင်းနေကြတဲ့ သူတွေကလည်း တပုံတပင်... သာသနာကို ခုတုံးလုပ်ပြီး အလှူခံနေခြင်းကို သာသနာရေး ၀န်ကြီးဌာနအနေနဲ့ ကြပ်မတ်ပေးစေချင်ပါတယ် (မီးလေး ဖြစ်စေချင်တာပါ).... ဗုဒ္ဓသာသနာကို တစ်ပါးသူတွေ အနေနဲ့ မငြိုငြင်စေချင်တဲ့ ဆန္ဒကြောင့်ပါ... မီးလေးတို့ ယုံကြည်ကိုးကွယ်ကြသလို တခြားဘာသာဝင်တွေကလည်း မယုံကြည် မကိုးကွယ်ချင်နေ အကြည်ညိုမပျက်စေချင်တဲ့ ဆန္ဒကြောင့်သာ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ...
မီးလေးအမြင်တွေ မှားချင်လည်း မှားနေနိုင်ပါတယ်... အတ္တကြီးတာလည်း ဖြစ်ချင်ဖြစ်မယ်... အများစုက စီးပွားရေးကျပ်တည်းကြတယ်ဆိုတာ နားလည်ပါတယ်... ဒါပေမဲ့ ခုလိုမျိုး ဘာသာရေးကို ခုတုံးလုပ်တာမျိုးကို လက်မခံနိုင်တာပါ... ကိုယ်လိုက်လုပ်ယုံနဲ့ ပြီးတဲ့ကိစ္စ မဟုတ်တော့လည်း စိတ်သာရှိပြီး xxxxxxxxxxxxxxxxxxxxxxxxxx

Saturday, February 28, 2009

GMail Offline

မီးလေး အွန်လိုင်းပေါ် မရောက်တာ အတော်ကို ကြာနေပါပြီ... မအားတာကို အကြောင်းအရင်းခံပြီး ပျင်းနေတာလေ... သူငယ်ချင်းတွေဆီ မရောက်တာကြာလို့ မေ့သွားပီလားတောင် မသိပါဘူး... ဒီနေ့ မီးလေး သူငယ်ချင်းတယောက်က သူ GMail Offline သုံးတာ အဆင်မပြေလို့ဆိုပြီး ပြောလာလို့ GMail Offline သုံးပုံကို သူငယ်ချင်းအားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်... သိပြီးသား သူများအတွက်တော့ သည်းခံဖတ်ပေးပြီး လိုအပ်တာများ ဖြည့်စွပ်ပေးကြပါနော်...

Offline သုံးမယ်ဆိုရင် ပထမဆုံးအနေနဲ့ Sign - In အရင်ဝင်ရပါမယ်... Sign - In ၀င်ပြီးပြီ ဆိုရင်တော့ ညာဘက် အပေါ်ဘက်က setting ကို ကလစ်နှိပ်ပြီး Labs tab ကို ရွေးပြီး Offline ကို ရှာရပါမယ်... Offline ကိုတွေ့ပြီ ဆိုရင်တော့ Enable ဆိုတဲ့ radio pattern ကို ရွေးရမှာ ဖြစ်ပါတယ်... ပြီးရင် Save Changes ကို ကလစ်နှိပ်လိုက်ပါ...

Save Changes လုပ်ပြီးရင် setting ရဲ့ ဘေးမှာ offline 0.2 ဆိုတဲ့ link တခုပေါ်လာပါလိမ့်မယ်... ထို link ကို ကလစ်နှိပ်ပါ... Install offline access for gmail ဆိုတဲ့ dialog box ကျလာပါလိမ့်မယ်... wizard အတိုင်း Next လုပ်ပါ... I trust this site. Allow it to use Gears. ဘေးမှ check box ကို အမှန်ခြစ် ခြစ်ပါ... Allow buttom ကို ကလစ်နှိပ်ပါ... Short Cut Icon ထားချင်တဲ့ နေရာ Desktop, Start Menu, Quick lunch bar ထဲက တခုခုကို ရွေးပါ... ထို့နောက် OK လုပ်ပါ...

လုပ်ပြီးပြီးချင်း အသုံးပြုလို့ရသေးမှာ မဟုတ်ပါဘူး... Finishing Offline installation အရင်လုပ် ပါတယ်... ပြီးရင် online ဖြစ်နေတဲ့ အချိန်မှာ mail တွေ၊ attachment တွေကို Synchronize လုပ်ပါတယ်... ကိုယ်ဖွင့်တဲ့အချိန် Synchronize လုပ်ပြီးသလောက်ပဲ အသုံးပြုလို့ ရဦးမှာ ဖြစ်ပါတယ်... online ဖြစ်နေတဲ့အချိန် auto Synchronize လုပ်ပေးတာမို့ ကျန်တာ ဘာမှလုပ်ဖို့ မလိုတော့ပါဘူး...

အရေးကြီးတဲ့ အချက်က Offline သုံးမယ့် user တွေဟာ Internet cafe လိုဆိုင်တွေမှာ အသုံးပြုလို့ အဆင်မပြေနိုင်ပါဘူး... စက်ထဲမှာ သိမ်းထားတာကြောင့် အခြား user တွေ ကိုယ့်မေးလ်ကို password မလိုဘဲ Double Click နှိပ်တာနဲ့ ၀င်နိုင်တာရယ်ကြောင့် GMail Offline ဟာ ကိုယ်ပိုင် Deskop, Laptopနဲ့ အင်တာနက်သုံးသူတွေ အတွက်သာ အဆင်ပြေနိုင်တာ တွေ့ရပါတယ်... မီးလေး မသိတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်...

သူငယ်ချင်းအားလုံး ကျန်းမာရွှင်လန်းကြပါစေ....

Saturday, February 14, 2009

Happy Valentine's Day!

ဒီနေ့ ချစ်သူများနေ့မှာ ချစ်သူတိုင်း ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ဒီနေ့ ချစ်သူများနေ့မှာ မီးလေးတို့ ဗဟန်း ၃လမ်း အ၀ိုင်းထိပ်က Signature မှာ Valentine's Set Menu သွားစားတယ်... (ဟီး... ကြွားတာ) ကြိုက်တဲ့သူတွေအတွက်ကတော့ တဦးကို $ 14 ဆိုတာ တန်ပါတယ်... မီးလေးတို့ကတော့ မြန်မာပါးစပ်ဆိုတော့ သိတဲ့အတိုင်း ခံတွင်းမလိုက်ချင်ဘူး... ငါးပိရည်၊ တို့စရာနဲ့မှ ခံတွင်းတွေ့တာ...

ဒီနေ့ စားလာသမျှ Set Menu ကို စာဖတ်သူတွေအတွက်လည်း ပါဆယ်ဆွဲလာခဲ့တယ်... လုတော့ မစားနဲ့နော်... ဖြည်းဖြည်းချင်း သုံးဆောင်သွားနော်...
ဒါလေးက တူနာနဲ့ လုပ်ထားတဲ့ ဖယောင်းတိုင်ပါ... သူတို့ကတော့ Romatic ဆန်ဆန်ပါပဲ ဖယောင်းတိုင်က အလယ်က အတိုင်တိုလေးပါပဲ... ဘေးက တူနာနဲ့ ဆော့စ်တွေနဲ့ကို ဖယောင်းတိုင်ပုံဖော်ထားတာ... မီးမှုတ်ပြီးရင် စားလို့ရပါပြီ...


ဒါလေးကတော့ main food ပါ... ဘာတွေမှန်းတော့ မသိဘူး စိမ်းစိမ်းတွေ စုံနေတာပဲ...


ရွှေဖရုံသီး soupပါ...

ဒါကတော့ ငါးပေါင်းစုံနဲ့ လုပ်ထားတဲ့ အရှေ့တိုင်း အစားအစာပေါ့... နှာခေါင်းထဲမှာတော့ ပူစီနံ့အနံ့ အတော်ရတယ်...

ကဲ...စားလို့ ၀ပြီဆိုရင်တော့ အချိုပွဲအနေနဲ့ ပထမဆုံး ရေခဲမုန့်

ပြီးတော့ စပါကလင်ဝိုင်ပါ ပါသေးတယ်... ပြီးရင် ချောကလက်နဲ့ ရေခဲချောင်း ဒါးလှီးမုန့် ပုံစံမျိုးနဲ့ ပန်းနဲ့ ချောကလက်တို့ပဲ ဖြစ်ပါတယ်...




ပြီးတော့ ကြွားလက်စနဲ့ ဆက်ကြွားလိုက်ဦးမယ်... ဒီနေ့ရထားတဲ့ လက်ဆောင်တွေက (ယူတော့ ယူတွားနဲ့နော်... :p)


အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း...

ICT Exhibition 2009

ပြည်ထောင်စုနေ့က ICT Exhibition 2009 ကို Myanmar Info-Tech ၀င်းထဲမှာ ကျင်းပခဲ့ပါတယ်... အဲဒီ့ပွဲမှာ ပြထားတဲ့ ပစ္စည်းတွေကို စာရေးသူ သွားရည်ပဲကျနိုင်ခဲ့ပါတယ်... အရင်လက ပစ္စည်းတွေ ၀ယ်တာနဲ့ ခုနဲ့ တအား ဈေးတွေကလည်း ဟကုန်တော့ စာရေးသူတို့ ရင်ခံနေတာပေါ့... စာဖတ်ပရိတ်သတ်ကြီးလည်း သွားရည် ကျနိုင်အောင် ဓာတ်ပုံတွေ တင်ပေးလိုက်ပါတယ်... အော် လိုချင်တာရှိလည်း အလကား ယူသွားလို့ ရတယ်နော်...




















ဒီပုံကတော့ ဂိမ်းပြိုင်ပွဲမှာ ဆုပေးမယ့် ဆုတွေပေါ့... အဲ့ဒီထဲမှာ မီးလေးအတွက် တခုမှ မပါတာတော့ သေချာတယ်... ဟီး

Friday, January 30, 2009

လွတ်လပ်ရေးနေ့

ဒီပို့စ်လေးက လွတ်လပ်ရေးနေ့ထဲက တင်ပို့ရေးထားတဲ့ပို့စ်လေးပါ... ရေးပြီးတင်မရလို့ သိမ်းထားပြီး ခုမှတင်ရတာ ရက်တွေကို ရှေ့ပြန်လှည့်လိုက်တာပေါ့ ဟီ ဟိ... လွတ်လပ်ရေးနေ့ဆို ကလေးတွေအားလုံး ပျော်ရွှင်ကြရပါတယ်။ ဒီတခေါက် လွတ်လပ်ရေးနေ့မှာ ကစားတောင် မကစားလိုက်ရဘူး။ လွတ်လပ်ရေးနေ့ဆို မီးလေး အရင်တုန်းက နှစ်တွေကို အရမ်း သတိရမိပါတယ်။ အရင်ကဆို မီးလေးတို့ အဘိုး(အမေရဲ့ အဖေ)က လွတ်လပ်ရေးနေ့ မရောက်ခင် တရက်အလိုမှာ မြန်မာနိုင်ငံအလံကို ၀ါးလုံးမှာချီနေတဲ့ အဘိုးကို စပ်စုတဲ့မီးလေးက ဘိုးဘိုး ဘာလုပ်ဖို့တုန်း မေးတော့ မနက်ဖြန် လွတ်လပ်ရေးနေ့ အိမ်မှာ ထောင်ထားဖို့တဲ့လေ။ နောက်နေ့ လွတ်လပ်ရေးနေ့မှာတော့ ရပ်ကွက်ထဲက အိမ်တိုင်းအိမ်တိုင်း အလံတွေ လွှင့်ထူထားကြပါတယ်။ လမ်းပေါ်မှာလည်း ကားခေါင်းတွေမှာ လွှင့်ထူထားကြတာကို တွေ့ရပါတယ်။ အလံတွေ မြင်တိုင်းမြင်တိုင်း ဘာမှန်းမသိ စိတ်ထဲမှာ အရမ်းပဲ ဂုဏ်ယူနေမိပါတယ်။ ခုနောက်ပိုင်းတော့ အိမ်တွေမှာ အလံတွေ လွှင့်ထူတာ မတွေ့ရတော့ပါဘူး။ လွတ်လပ်ရေးနေ့ရောက်တိုင်း တခုတခုလိုနေသလို ခံစားရပါတယ်။

အဲ... နောက်တခုက လွတ်လပ်ရေးနေ့ ရောက်တိုင်း လမ်းတိုင်းလမ်းတိုင်း ပြိုင်ပွဲတွေ ကျင်းပပေးရတာပါပဲ။ မီးလေးတို့က ရွာဆော်လေ ထစ်ခနဲဆို မီးလေး မပါတာမရှိဘူး။ အော်... ကြုံတုန်းလေး ကြွားရဦးမယ် (ကြွားချင်နေတာ ကြာပြီ) ။ မီးလေး မူလတန်းအရွယ်က အပြေးချန်ပီယံလေ ကျောင်းပေါင်းစုံ ၂၄ကျောင်းပြိုင်တာ ပထမရတယ်၊ နောက်တော့ မြို့နယ်၊ မြို့နယ်အဆင့်မှာလဲ ပထမ၊ နောက် တိုင်းအဆင့်ပြိုင်ပွဲမှာ ဒုတိယ၊ နောက်ခရိုင်အဆင့်မှာမှ ပြုတ်သွားတော့တယ်... ဟီးးးး ။ ပြုတ်ဆိုလို့ ပြုတ်ရတဲ့ အကြောင်းအရင်း အတင်းတုတ်ရဦးမယ်။ အရင်ပွဲတွေမှာက မီးလေးတို့အသက်နဲ့ရွေးတယ်။ မီးလေးက အရွယ်ထက် ပိုပြီးထွားတယ်လေ အရပ်အမောင်းကောပေါ့။ အဲဒီ့တုန်းက မီးလေးက သုံးတန်း၊ နောက်ပြီး မီးလေးက အသက်မပြည့်ဘဲ ကျောင်းတက်တာဆိုတော့ လေးတန်းကလေးတွေနဲ့ ပြိုင်ရတာများတယ်။ ခရိုင်အဆင့်မှာ အရပ်နဲ့ ရွေးတယ် လူကလည်း ပိုစုံလာတယ်လေ။ အရပ်နဲ့ရွေးတော့ ပြဿနာက အဲဒီ့မှာစတာ။ မီးလေးနဲ့ ပြိုင်ရမယ့် သူတွေက လေးတန်း၊ ငါးတန်းတွေ၊ ပထမတော့ နည်းနည်းဖြုံသွားတယ်။ နောက်ယှဉ်ပြိုင်ချင်းသာ အဓိကပါပဲလေဆိုပြီး ပြိုင်ဖို့ နေရာအသင့်ယူလိုက်တယ်။

ဒိုင်လူကြီးရဲ့ ၀ီစီမှုတ်သံကြားပြီးနောက်မှာတော့ မီးလေးတို့ အသားကုန်ပြေးတော့တာပေါ့။ ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းထက်တောင် မြန်သေး (ကပ်ကြွားတာ)။ မီးလေးက ဒုတိယနေရာက ပြေးနေတယ်။ ပန်းဝင်ခါနီး ခြေနှစ်လှမ်းလောက်အလိုမှာ ရှေ့က တယောက်နဲ့ ယှဉ်လျက်ဖြစ်ပြီး ကျော်တက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာ မီးလေး လေထဲကို မြှောက်တက်သွားတယ်။ ပွဲကြည့်စင်က လူတွေကလည်း ဟင်ခနဲ၊ ဟာခနဲပေါ့။ မီးလေးတင်မဟုတ်ပါဘူး မီးလေးနဲ့ယှဉ်လျက်ကောင်မလေးပါ မြှောက်တက်သွားတာ။ နောက်မှာ သိလိုက်ရတာက ဒိုင်လူကြီးက မီးလေးတို့နောက်ကနေ ဂုတ်ကနေလှမ်းဆွဲထားတာပါ။ ဘယ်သူမှ ဘာမှန်း မသိဘဲနဲ့ ဒိုင်လူကြီးရဲ့ မညီမျှမှုကို ခါးဆီးခံလိုက်ရတာပါ။ အကုန်ပြန်ပြေးရမယ်တဲ့ ဘာအကြောင်းပြချက်မှ မပေးခဲ့ပါဘူး။

ပွဲကြည့်စင်မှာလည်း အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီ မီးလေးကလည်း အားကုန်ထုတ် သုံးထားတော့ နောက်တကြိမ် ၀ီစီမှုတ်တဲ့အချိန်မှာ ခြေကကျနေပြီလေ။ အဲတော့ တတိယနဲ့ ရှုံးခဲ့ရတယ်။ ပထမနဲ့ ဒုတိယရတဲ့သူကိုပဲ ခရိုင်က ရွေးချယ်ပါတယ်။ ရသွားတဲ့သူနှစ်ဦးက ဒိုင်လူကြီးရဲ့ ကျောင်းကဆိုတာ အားလုံးသိနေကြပါတယ်။ ဆရာ၊ ဆရာမတွေလည်း ကျောင်းက အားလုံးပါလာကြတော့ အကုန်ရုန်းရင်း ဆန်ခတ် ဖြစ်ကုန်တယ်။ မီးလေးအမေက ဆရာမတွေကို ထိန်းပြီး တော်ပါတော့ မပါသွားတော့လည်း ကျွန်မတို့ မပင်ပန်းတော့ဘူးပေါ့ လာပါဆိုပြီး ဆွဲခေါ်လာတယ်။ မီးလေးနဲ့အတူ ဂုတ်ဆွဲခံရတဲ့ ကောင်မလေး ကျောင်းကလည်း မကျေနပ်ကြဘူးပေါ့။ အဲတော့ မီးလေးတို့ကျောင်းက ဆရာမတွေကပဲ ၀င်ဆွဲပြီး ပြိုင်ပွဲလည်း တခန်းရပ်သွားပါတော့တယ်။ မာရသွန်ပြေးပွဲ ၀င်ပြိုင်ဖို့လုပ်တုန်းက ဖောင်တင်တာ နောက်ကျလို့ ၀င်မပြိုင်ခဲ့ ရဘူး။ နောက်နှစ်မှာ ၀င်ပြိုင်မယ်ဆိုပြီးလည်း အားခဲထားရော မီးလေး ဒီအရွယ်ရောက်တဲ့အထိ မာရသွန်ပြေးပွဲ မကျင်းပတော့ပါ။ အဲလောက်ထိ ပြေးတဲ့နေရာမှာ တော့ပ်ဖြစ်တာ။

အဲ... လွတ်လပ်ရေးနေ့ လမ်းကပြေးပွဲတွေမှာဆိုရင် ပရိသတ်က ဒိုင်လူကြီးတွေကို သွားပြီး ခုလိုသြဘာ ပေးကြပါတယ်။ မီးလေးကို ၀င်မပြိုင်ခိုင်းပါနဲ့ သူပါရင် ကျွန်တော်တို့တွေ ဆုရမှာ မဟုတ်တော့ဘူးလို့ ပြောကြတဲ့ အထဲမှာ ရှေ့ဆုံးကို မီးလေးအစ်ကိုပါပဲ။ မီးလေးကို အတော်ချစ်တာ ပြောပုံကိုလည်း ကြည့်ဦး။ မီးလေးပါမယ်ဆိုရင် သူ့ကို ကျွန်တော်တို့နဲ့ ယှဉ်မထားနဲ့ နောက်မှာထားပေးပါတဲ့ ... ဟွန်း။ ပြိုင်ပွဲစည်းရဲ့ ခြေငါးလှမ်းအကွာကနေပဲ ၀င်ပြိုင်ခွင့်ရပါတယ်။ သူတို့ပြောလည်း ပြောစရာပင် မီးလေးက သူတို့ကို ဘယ်လိုပင် အကြောပေးထားစေကာမူ ပထမချဉ်း ဆွတ်ခူးရရှိစမြဲပင်။ ထုတ်ဆီးတိုးပွဲဆိုရင်တော့ ဟိုဘက်ကလည်း မီးလေးခေါ်ချင်တယ်၊ ဒီဘက်ကလည်း မီးလေးခေါ်ချင်တယ်။ မီးလေးကို လုနေကြရောပဲ မီးလေးက လျင်လည်းလျင်တော့ မီးလေးပဲ အောာင်သူအောင် ကစားနိုင်တယ်။ မီးလေးပါတဲ့ဘက်က အမြဲနိုင်တယ် ဒါကြောင့် သူတို့လုနေကြတာလေ။

ခုတော့လည်း အလုပ်တွေဝင် မအားတာရယ်ကြောင့် လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့်မရတော့တာ ခုဆို လေးနှစ်ရှိပါပြီ။ လွတ်လပ်ရေးရအောင် ကြိုးပမ်းထမ်းဆောင် သွားကြတဲ့ ခေါင်းဆောင်ကြီးများနဲ့ ရဲဘော်တွေကြောင့် လွတ်လပ်ရေးရဲ့ အရသာကို မီးလေးတို့ အပြည့်အ၀ခံစားကြရပါတယ်... ခုလို လွတ်လပ်ရေး ရချိန်မှာ လွတ်လပ်ရေးအတွက် အသေခံ တိုက်ပွဲဝင်သွားကြတဲ့ ရဲဘော်များအားလုံးကို အတူရှိစေချင်ပါတယ်... ကိုယ်ကျိုးမဖက်ဘဲ လွတ်လပ်ရေးရအောင် အသက်စွန့်သွားကြတဲ့ နိုင်ငံခေါင်းဆောင်ကြီးများနှင့်တကွ ရဲဘော်များအား ပြန်ပြောင်း အောက်မေ့ရင်း ဂုဏ်ပြုလျက်....

Thursday, December 25, 2008

အဆိပ်ပင် ရေလောင်းကြသူများ

မီးလေး ရင်ထဲ ခံစားနေရတာ တခုရှိတယ်... ကိုယ့်ကိုယ်ကိုလည်း ကျေနပ်အားရမှု မရှိဘူး၊ ကိုယ်တဦးတည်း လုပ်ရုံနဲ့လည်း ဖြစ်မလာနိုင်ဘူး... ကိုယ်တဦးတည်းသာ လုပ်လို့ရမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့လည်း တွေးမိတယ်... ဒါကြောင့် စာဖတ်သူတွေနဲ့ မီးလေး ဆွေးနွေးဖို့ ဒီပို့စ်လေးကို ရေးသားတင်ပြခြင်းဖြစ်ပါတယ်...

မီးလေး ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ hardware တွေ networking တွေ တက်ဖြစ်နေတော့ နေ့တိုင်းလို မြို့ထဲရောက် ဖြစ်နေပါတယ်... နေ့တိုင်းရောက်ဖြစ်လို့လည်း ဒီအဖြစ်တွေ မြင်နေရတာပေါ့... မီးပွိုင့်တွေ၊ ကားမှတ်တိုင်တွေ၊ လက်ဘက်ရည် ဆိုင်ရှေ့တွေမှာ ကလေးတွေ တောင်းရမ်းနေတဲ့ ကိစ္စပါ... ပြီးတော့ လူကြီးတွေ၊ ကလေးတွဲလောင်းနဲ့ မိခင်တွေ၊ ဘုန်းကြီး၊ သီလရှင်တွေ စုံလို့ပါပဲ... ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စတွေပါ... ပြီးတော့ မီးလေး တအားမုန်းတယ်... သူတို့ ဘ၀ပေးအခြေအနေ ဘယ်လိုပင် ရှိစေကာမူ အားမလျော့တန်း ရုန်းကန်မှသာ ဒီဘ၀က ကျွတ်မှာ မဟုတ်လား... ကြိုးစားချင်စိတ် မရှိတဲ့ လူငယ်တွေ မြင်ရတာ ၀မ်းနည်းစရာပါ....

သူတို့အရွယ် ငယ်ပါသေးတယ်... မီးပွိုင့်မှာ ကားရပ်တာနဲ့ ထိုင်ရှိခိုးပြီး တောင်းနေတာ အများဆုံးတွေ့ရတာက ရန်ကင်းစင်တာ ဈေးကွေ့မီးပွိုင့်နဲ့ တာမွေ အ၀ိုင်း မီးပွိုင့်မှာပါ... မီးလေး တခါမှ သူတို့ကို ပိုက်ဆံ မပေးဘူး... ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံ သူတို့ကို အဆိပ်ပင် ရေလောင်းသလို ဖြစ်လို့... ပေးတဲ့သူတွေမြင်ရင် အရမ်းဒေါသ ထွက်တယ်... ရမှန်းသိတော့ လုပ်ကိုင်စားသောက်ချင်စိတ် မရှိတော့ဘူး... ဘယ်သူ့ဘ၀ အညွှန့်တုံးလဲ... သူတို့ ဘ၀ပဲ အညွှန့်တုံးတာလေ... ပေးတဲ့သူတွေက သူတို့ပေးလိုက်လို့ ဘာမှမဖြစ်ဘူး ဆင်းလဲ မဆင်းရဲသွားဘူး... တကယ်တန်း ထိခိုက်နစ်နာသွားတာက သူတို့တွေရဲ့ စိတ်ဓာတ်... စိတ်ဓာတ် ပျက်စီးသွားရင် ဘာနဲ့မှ အစားထိုးလို့ မရဘူး...

တခါက မီးလေး သူငယ်ချင်းရဲ့အဖေ အပြင်သွားရင်း အဲလိုပဲ မီးပွိုင့်မှာကြုံတယ်... မီးလေး သူငယ်ချင်းအဖေက မင်းကို လုပ်ကိုင်စားသောက်ဖို့ ရင်းနှီးငွေပေးမယ်... ဒါပေမဲ့ ဘယ်တော့မှ မတောင်းရမ်းတော့နဲ့လို့ပြောတယ် အဲဒီ ကောင်လေးက ဘာပြန်ပြောသွားတယ်မှတ်လဲ... ဒါက ပိုမြတ်တယ်တဲ့လေ... ဘယ်လောက်တောင် ရိုက်ပစ်ဖို့ကောင်းလဲ...

တချို့ကြတော့လည်း ကြိုးစားချင်စိတ်ရှိကြပါတယ်... ရွှေဂုံတိုင်မီးပွိုင့်နားက ဗစ်တိုးရီးယားရှေ့ မီးပွိုင့်မှာ သူတို့လို အရွယ်တွေ ဂျာနယ်တို့၊ ကွမ်းယာ၊ ဆေးလိပ်တို့၊ ပန်းတို့ ရောင်းတာ တွေ့ဖူးပါတယ်... မီးလေး ဖြစ်စေချင်တာတော့ အများကြီးပဲ ပထမဆုံး သူတို့တွေ နေထိုင်ဖို့အတွက် မိဘမဲ့ဂေဟာတွေ များများ ရှိသင့်တယ်... ဒီမှာရှိတဲ့ မိဘမဲ့ဂေဟာ အများစုက တော်ရုံတန်ရုံ ၀င်ဖို့ မလွယ်ဘူးလို့ သိထားပါတယ်...

မီးလေး စိတ်ကူးယဉ်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့... မီးလေးတို့ ကိုရီယားကားတကား ကြည့်ဖူးပါတယ်... အဲဒီ့ကားထဲမှာ အသက်မပြည့်တဲ့ မိဘမဲ့ကလေးတွေ တောင်းရမ်းနေတာတွေ့ရင် ဖမ်းခေါ်သွားပြီး မိဘမဲ့ ဂေဟာကို ပို့တယ်... ဂေဟာမှာ စာသင်ပေးတယ်၊ လက်မှုပညာတွေ သင်ပေးတယ်... အသက် အပိုင်းအခြား တခုရောက်တော့မှ ဂေဟာက ထွက်ပြီး ကိုယ့်ဘ၀ကို ရုန်းကန်ကြတဲ့ ဇာတ်ကို ရိုက်ထားတာ... မီးလေးလည်း ဒီမှာ အဲဒိလိုမျိုးရှိစေချင်တယ်... သူတို့ ခုလိုတောင်းရမ်း စားသောက်နေတာကလေ သူတို့ ဘ၀ကို တုံးမသွား စေချင်တာ ရင်ထဲက စေတနာပါ...

ဒီ့ထက်ကြီးလာရင် ဘာဖြစ်မလဲ ပညာကမရှိ၊ အလုပ်လုပ်ချင် စိတ်ကလည်း နိုး၊ နောက်ဆုံးကျ ခါးပိုက်နှိုက်တွေ သူခိုးကြမ်းပိုးတွေ ဖြစ်လာရော... မီးလေးပြောတာ ဟုတ်တယ်ဟုတ် (ဆရာမကြီး ၀င်လုပ်တာ... :D) ...

အဲ ကလေးတွေအကြောင်းပြီးတော့ နောက်တခုက လူကြီးတွေ ခြေကောင်းလက်ကောင်းနဲ့ တောင်းစားနေတာ သူတို့မို့ မရှက်တယ်... သူတို့အစား မီးလေးတို့ ကြားကနေ ရှက်မိပါတယ်... အခြားနိုင်ငံသားတွေလည်း ရှိတဲ့အတွက် ဒီနိုင်ငံက လူတွေက လုပ်ကိုင်စားသောက်ချင်စိတ် မရှိကြဘူးလို့ ထင်သွားရင် ကိုယ်နိုင်ငံသား တွေပဲ အထင်သေးခံရတာ မဟုတ်လား... သူများ နိုင်ငံသွားတဲ့အခါ ဘာလူမျိုးလဲ... မြန်မာလို့သာ ပြောလိုက် နှာခေါင်းရှုံ့ကြတယ်၊ နှိမ်ချင်ကြတယ်...
ံ
သင်တန်းစတက်ခါစက ပန်းဆိုးတန်း မှတ်တိုင်မှာ အဒေါ်ကြီးတယောက် သူ့အိတ်ကို ဖွင့်ပြပြီး ပိုက်ဆံကျ ပျောက်သွားလို့ လမ်းစရိတ် ၁၀၀လောက် ပေးပါတဲ့... မီးလေးလည်း အဲဒီ့နေရာက ထွက်သွားလိုက်တယ်... မီးလေးဆီက မရတော့ နောက်တယောက်စီ သွားတောင်းတယ်... ဟိုကလည်း ပေးလိုက်တယ်ဗျာ... အဲ ပေးတဲ့ ပိုက်ဆံကိုကျ လက်မှာဆွဲထားတဲ့ ကျွတ်ကျွတ်အိတ်ထဲ ထည့်လိုက်ပြီး နောက်တယောက်ကို သွားတောင်း ပြန်ရော... လူတွေလည်း စီးပွားရေး မကောင်းတာ အကြောင်းပြပြီး တောင်းရမ်းနေကြရတယ်...

နောက်တခုက ဘုန်းကြီး၊ သီလရှင်တွေ မီးလေးအထင်တော့ အတုတွေ နေမှာပေါ့... ပန်းဆိုးတန်း အလယ်ဘလောက်မှာ နောက်ကနေ ဒကာမလေးလို့ လှမ်းအော်တော့ မီးလေးလည်း လန့်သွားပြီး ဘာဖြစ်လို့လဲ ဘုရားပေါ့... ဥပဓိရုပ်ကလည်း ကြည်ညိုစရာ ကောင်းတာကိုး... ဥုးဇင်း ရွှေတိဂုံဘုရားသွားမလို့ ဖိနပ်ပျက်သွားလို့ တက္ကစီငှားသွားချင်လို့ ပိုက်ဆံလေး လှူပါဆိုပြီး ဖိနပ်ကြီးထောင်ပြတယ်... မီးလေးလည်း ဒွိဟဖြစ်သွားတယ် သူတကယ် သံဃာသာဆို မီးလေးအလှူက ပိုပြီး မြင့်မြတ်တာပေါ့... သံဃာမဟုတ်ဘဲ ဒီလို တောင်းရမ်းနေတာဆိုရင်တော့ အဆိပ်ပင်တော့ ရေမလောင်းချင်ဘူးလေ... စဉ်းစားလွန်းလို့ လူက ချွေးတောင် ပြန်နေပြီ... နောက်ဆုံး မထူးဘူးဆိုပြီး တပည့်တော်တောင် တက္ကစီမငှားနိုင်လို့ လမ်းလျှောက်နေရ ပါတယ်ဘုရားလို့ ပြောပြီး ထွက်လာလိုက်တယ်... အဲ ကိုယ်တော်က ရှေ့ကြွတော် မမူဘဲ အနောက်ကလေ လိုက်လာတယ်ဗျာ... မီးလေးလည်း ဘယ်ရမလဲ အပြေးချန်ပီယံလေ သိတယ်မလား တချိုးထဲ ပြေးတော့တာပဲ...

အဲ နောက်တခုက ချစ်ချစ်ကြီးနဲ့ မုန့်ဟင်းခါးဆိုင်မှာပေါ့ (ဟီး ကြွားတာ)... မုန့်ဟင်းခါး စားနေတုန်း သီလရှင်တပါး အလှူလာခံတယ်... မျက်စိလျှင်တဲ့ မီးလေးက အဲ့ဒီဆရာလေး မီးလေးတို့ ဆိုင်ဝင်ကတည်းက ဆိုင်အပြင်ထောင့်လေးမှာ ရပ်နေတာ တွေ့လိုက်တယ်... မီးလေး ချစ်ချစ်ကြီးက ပိုက်ဆံနှိုက်တယ် လက်မြန်တဲ့ မီးလေးက ပေါင်ကို ဆွဲစိတ်ပြီး ကန်တော့ဆန်ပါ ဆရာလေးလို့ ပြောလိုက်တယ်... အဲတော့ ဘာပြောလဲ ဆိုတော့ ရေသန့်ဗူးလေး သောက်ပြီးရင် ဗူးခွံပေးပါတဲ့... မီးလေးရဲ့ အရွဲ့တိုက်ချင်တဲ့ စိတ်က ပေါ်လာရော... အော် အားနာပါတယ် ဆရာလေး ရေမကုန်သေးလို့ပါလို့ ပြောလိုက်တယ်... အဲဒီ့ဆရာလေး ဘာလုပ်တယ် မှတ်တုန်း... သူလာတုန်းက မီးလေးတို့ မုန့်ဟင်းခါးစားတာ ကုန်ခါနီးနေပြီလေ အဲတော့ ခပ်လှမ်းလှမ်းကနေ စောင့်နေတယ်ဗျာ... မီးလေး ချစ်ချစ်ကြီးကလည်း စောင့်နေမှန်းသိတော့ ရေဗူးတော့ ထားခဲ့လိုက်ပါတယ်... လျှာမရှည်နဲ့ လာဆိုပြီး လက်ဆွဲပြီး ဆိုင်အပြင်ကို ထွက်လာတယ်... သူလည်း မီးလေးအကြောင်း သိလို့ သိပ်မပြောပါဘူး...

မီးလေးက စိတ်တမျိုး ကိုယ်လှူချင်ရင် အိတ်ထဲ မကျန်တောင် လှူပစ်ချင် လှူပစ်တယ်... အဲလို တောင်းနေရင် စိတ်ထဲမှာ အရမ်း Sensitive ဖြစ်တယ်... ဟိုရက်က သူငယ်ချင်းတွေနဲ့ မိုးကောင်းဘုရားပွဲ သွားတယ်... ဘုရားပွဲမှာ ဗူးသီးကြော်(လုံးဝ လုံးဝ မကောင်းလို့ ဓာတ်ပုံတောင် မရိုက်ခဲ့ဘူး.. :D) ၀င်စားကြတယ်... ကောင်လေး တယောက်ပြီး တယောက်လာတောင်းတယ် မီးလေးလည်း ဖြေရတာ မောလွန်းလို့ မသိချင် ယောငဆောင်နေလိုက်တယ်... နောက်တယောက်က ဗိုက်ဆာလို့ မုန့်ဖိုးလေးပေးပါလို့ လာတောင်းတယ်... တကယ်ဗိုက်ဆာ နေတာလားလို့ မီးလေးမေးလိုက်တော့ ခေါင်းညိတ်တယ်... မီးလေးလည်း အကြော် ပန်းကန်ထဲက အကြော် ယူပြီးပေးလိုက်တယ်...

ခေါင်းခါပြတယ်၊ မီးလေးက ဗိုက်ဆာတယ်ဆို စားလေလို့ ပြောပြီး လက်ထဲ အတင်းထိုးပေးလိုက်တယ်... ကိုယ်တော်ချောက ပုတ်ထုတ်တယ်၊ ပြီးတော့ လက်နှစ်ဖက်ကို ပြန်ဖြန့်ထားတယ်... မီးလေးလည်း ကောင်းရာကနေ ဇက ပြလာတယ်... ဒီလောက်တောင် ဖြစ်လာတာ ဆိုပြီး နင်ဗိုက်ဆာတယ်ဆိုလို့ အကြော် ကျွေးတယ်... နင်မစားဘူးဆိုတော့ ငါလည်း မတတ်နိုင်ဘူး ပိုက်ဆံတော့ မရှိဘူး ကဲ ရော့ဆိုပြီး တစ်ရှုးဗူးထဲက တစ်ရှုးဖြတ်ပြီး လက်ထဲ ထည့်ပေးလိုက်တယ်... သူက အတင်းခါချတယ် ငါတော့ နင့်ပေးစရာ ပိုက်ဆံမရှိဘူးလို့ ပြောလိုက်တယ်... အဲဒါ အတင်းပဲ ထိုင်ကန်တော့ပါလေရော... မီးလေးလည်း ရင်ထဲကို အရမ်းဆို့သွားတယ်...

မီးလေး လုပ်ရပ် လွန်သွားတယ် ဆိုတာသိလိုက်တယ်... မီးလေးလည်း ပိုက်ဆံရှင်းပြီး ပြေးထွက်လာခဲ့တယ်... အရမ်းလည်း နောင်တရမိတယ်... အချိန်တွေသာ ပြန်ဆွဲလို့ရရင် တစ်ရှုးပေးမိမှာ မဟုတ်ဘူးလို့ တွေးမိတယ်... မီးလေးလုပ်ရပ်က သူ့ကို လှောင်သလို ဖြစ်သွားတာကိုး... ရင်ထဲမှာ ဝေဒနာတချို့ ရုတ်တရက် ရောက်လာတယ်... ငါသာ တနေ့ သူ့နေရာမျိုး ရောက်လိမ့်မယ်လို့ မပြောနိုင်ဘူး... အဲလို ရောက်သွားတဲ့ အခါကျရင် ငါရော သူ့လိုမျိုး ကြုံချင်ကြုံရလိမ့်မယ်... ဒါကို ဘယ်သူမှ တတ်အပ်မပြောနိုင်ဘူး... ငါခုလုပ်မိတဲ့ လုပ်ရပ်အတွက် တနေ့ ပြန်ခံရလိမ့်မှာပါလားလို့လည်း တွေးမိရင်း အဲဒီနေ့က ပြန်သာ ပြန်လာတယ် ရင်ထဲမှာ မကောင်းဘူး အဲ့ဒီညကလည်း မိုးသာလင်းသွားတယ် အိပ်မပျော်နိုင်ခဲ့ဘူး...

မီးလေးလည်း စိတ်ညစ်နေတဲ့ကြားက အားတင်းပြီး သူဒီဖြစ်ရပ်ကို စဉ်းစားတိုင်း ရှက်ပြီး သမာအာဇီဝနဲ့ အသက်မွေး ၀မ်းကြောင်းပြုပြီး တနေ့ ချမ်းသာရမယ်ဆိုပြီး ကြိုးစားချင်တဲ့စိတ်လေး ဖြစ်ပေါ်လာပါစေလို့ ဆုတောင်းမိတယ်... မီးလေးလည်း အဲဒီနေ့က စပြီး ဆုံးဖြတ်လိုက်တယ် တောင်းစားတဲ့ လူတွေနဲ့ ပတ်သတ်လို့ ကိုယ့်မှာ ဘယ်လိုပဲ Sensitive ရှိနေနေ မကြားသလိုနေပြီး ရှောင်ရင်သာ ရှောင်သွားမယ် ထိုအပြုအမူမျိုး နောက်ထပ်လုပ်မိမှာ မဟုတ်တော့ပါဘူး... မီးလေး ခုရေးနေရင်တောင် ရင်ထဲမှာ အလိုလို ၀မ်းနည်းနေမိတယ်...

ပြီးတော့ တောင်းစားတဲ့သူတွေကိုလည်း အမြန်ဆုံး ပပျောက်စေချင်တယ်... သူတို့လေးတွေရဲ့ အနာဂတ် သာယာလှပဖို့ သူတို့အတွက် နွေးထွေးတဲ့အိမ်ဆိုတာ ရှိသင့်တယ်... သူတို့တွေ အလုပ်လုပ်မှ စားရတယ်ဆိုတာ နားလည်သွားရင် အလုပ်လုပ်ချင်စိတ်တွေ ဖြစ်လာမှာပါ... သူတို့တွေမှာရော သူတို့ရဲ့ ရည်မှန်းချက်ဆိုတာ မရှိဘူးလား၊ အနာဂတ်ဆိုတာရော ... သူတို့တွေ လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် အလွယ်ရတဲ့နည်း မလိုက်အောင် မီးလေးတို့တွေ ကြိုးစားကြရမှာပါ... တချို့တွေက ရှက်ကြတယ် သူတို့ကို လာတောင်းရင် မပေးလိုက်ရင် လူအထင်သေးခံရမှာ စိုးတဲ့အတွက် လွယ်လင့်တကူ ထုတ်ပေးလိုက်ကြတယ်... အမှန်တော့ သူတို့ပေးလိုက်တာ အဆိပ်တွေ ဆိုတာ သူတို့ ကိုယ်တိုင် မသိကြဘူး... ဒါကြောင့် အဆိပ်ပင် ရေမလောင်းကြပါနဲ့လို့ တိုက်တွန်းရင်း....

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

Tuesday, December 16, 2008

အနောက်ရပ်က ထွက်တဲ့နေ... ဇာတ်သိမ်း

ပြာလဲ့ ကျွန်မတို့ အိမ်က ပြန်သွားပြီး နောက်နှစ်ရက်လောက်နေတော့ ပြာလဲ့ ဖေဖေနဲ့ မေမေကို လာကန်တော့ပြီး သူမ နယ်ပြန်တော့မယ် ဆိုတာလာပြီး နှုတ်ဆက်သွားတယ်... အဲ့ဒီနောက်ပိုင်း ပြာလဲ့နဲ့ ကျွန်မ မတွေ့ဖြစ်တော့တာ လေးငါးလလောက် ကြာသွားတယ်... သူမ သတင်းလည်း မကြားရဘူး... နောက်ငါးလလောက်နေတော့ ကျွန်မဆီ လာချင်တဲ့အကြောင်း ဖုန်းဆက်လာတယ်...
“ဆည်းဆာဆီ ပြာလဲ့ လာချင်တယ်...”
“လာခဲ့လေ ပြာလဲ့... ဒါနဲ့ ပြာလဲ့ သွေးထပ်စစ်ဖြစ်လား...”
“စစ်ဖြစ်တယ် ဆည်းဆာ... ဆောရီးပဲ ပြာလဲ့ မပြောဖြစ်လိုက်တာ ပြာလဲ့တို့ မြစ်ကြီးနားမှာပဲ စစ်လိုက်တယ်... အဖြေကတော့ Negative ဆည်းဆာ.. ပြာလဲ့ အဲ့ဒီအဖြေရတော့ အရမ်းဝမ်းသာသွားတယ်... ပြီးတော့ ဆည်းဆာကိုလည်း ကျေးဇူးတင်တယ်...”
“Congratulation ပြာလဲ့... ကိုယ်မင်းအတွက် အရမ်းဝမ်းသာတာပဲကွာ... ဒါနဲ့ မင်းကိုယ့်ဆီ လာချင်တယ် ဆိုတာက....”
“ဒီလို ဆည်းဆာရဲ့... ပြာလဲ့ အမှောင်ထုထဲ ရောက်နေချိန်မှာ ဆည်းဆာက အလင်းရောင်လေး ပေးခဲ့တယ်... အဲဒီ့အလင်းရောင်ကြောင့် ပြာလဲ့ရဲ့ ဘ၀က တောက်ပလာခဲ့ရတယ်... ”
“ကဲပါ.. ဒေါ်ပြာလဲ့ အဲလောက် အမွှန်းတင်စရာမလိုဘူး ကိုယ်ဘာကူညီရမလဲ ပြော...”
“ပြာလဲ့ချစ်သူ ခေါ်လာချင်တယ်... ပြီးတော့ ဆည်းဆာနဲ့ပေးတွေ့ချင်တယ်...”
“ပြာလဲ့ ဆိုလိုတာက...”
“ဟုတ်တယ် ဆည်းဆာ.. ပြာလဲ့ သူ့ကို သွေးစစ်ဖို့ တိုက်တွန်းတိုင်း သူအမြဲ ခါးခါးသီးသီးငြင်းတယ်... ဒါကြောင့် ပြာလဲ့ခေါ် လာချင်တယ် ပြောတာ...”
“အေးလေ ကိုယ်ကြိုးစားပေးပါ့မယ်...”
“ပြာလဲ့ ရန်ကုန်ရောက်ရင် ဆည်းဆာဆီ ဆက်သွယ်လိုက်မယ်...”
“အေး...အေး... ရောက်ရင်သာ ကိုယ့်ဆီ ဖုန်းဆက်လိုက်...”

ပြာလဲ့နဲ့ ဖုန်းပြောပြီး တပတ်လောက်အကြာမှာ ပြာလဲ့ အိမ်ကိုရောက်ချလာတယ်...
“ဆည်းဆာ... ပြာလဲ့ သူ့ကို တည်းခိုခန်းမှာ ထားခဲ့ပြီး ဆည်းဆာဆီ လာခဲ့တာ...”
“ပြာလဲ့ ကိုယ့်ကို သူနဲ့တွေ့ဖို့ စီစဉ်ပေးလေ... ပြီးတော့ ကိုယ် သူနဲ့ နှစ်ယောက်ထဲလည်း တွေ့ချင်တယ်...”
“ဒီလိုလုပ် မနက်ဖြန် ပြာလဲ့ သူနဲ့ အေးအေးဆေးဆေး စကားပြောလို့ ရတဲ့ ဆိုင် ခေါ်လာခဲ့မယ်... ဆည်းဆာနဲ့ မိတ်ဆက်ပေးပြီး ပြာလဲ့ အကြောင်းတခုခုရှာပြီး ထွက်သွားလိုက်မယ်... ဘယ်လိုလဲ ကောင်းလား...”
“အင်း... ကောင်းသားပဲ... မနက်ဖြန် ကိုယ်ရုံးက နေ့တ၀က်ဆင်းရမှာ ဆိုတော့ ကိုယ်တို့ ၁နာရီပတ်ဝန်းကျင်လောက် တွေ့တာပေါ့...”
“အေး...ဒါဆို ပြာလဲ့ သွားလိုက်ဦးမယ်... တော်ကြာ ထွက်လာတာကြာလို့ ဒေါသပုံ ထနေဦးမယ်...”
“အေး...အေး”

ပြာယာခတ်ပြီး ပြန်သွားတဲ့ ပြာလဲ့ကို ကြည့်ပြီး တော်တော်လည်း တရားရမိပါတယ်... သူ့ခဗျာလည်း ၀ဋ်ပဲ... အချစ်ကပေးတဲ့ ချစ်ဒုက္ခတွေပေါ့...

နောက်တနေ့ ရုံးဆင်းချိန်မှာ ပြာလဲ့နဲ့ သူ့ကောင်လေး ရုံးရှေ့မှာ လာစောင့်နေတယ်လေ...
“ဟေး...ဆည်းဆာ ပြာလဲ့ဒီမှာ...”
“ဘယ်တုန်းက ရောက်နေကြတာလဲ...”
“ခုပဲ... ဒါနဲ့ ဆည်းဆာ ဒါက ပြာလဲ့နဲ့ မကြာခင် လက်ထပ်တော့မယ် သတိုးသားလောင်း အောင်ချမ်းသာတဲ့... ကိုချမ်း ဒါက ပြာလဲ့ပြောပြောနေတဲ့ ပြာလဲ့အချစ်ဆုံး သူငယ်ချင်း နွေဆည်းဆာတဲ့...”
“ဟုတ်ကဲ့... နာမည်ကြားဖူးနေတာတော့ ကြာပြီ ခုလိုတွေ့ရတာ ၀မ်းသာပါတယ်ဗျာ...”
“ဆည်းဆာလည်း တွေ့ရတာ ၀မ်းသာပါတယ်... ပြာလဲ့က ကျွန်မ ဘယ်လောက်ဆိုးကြောင်း ပြောထားတယ်ထင်ပါ့...”
“မပြောရပါဘူး ဆည်းဆာရယ်...”
“ဟုတ်ပါတယ် ပြာလဲ့ပြောပြတာ အကုန်အကြောင်းချည်းပါပဲ...”
“ကဲပါ အဲလောက် ၀ိုင်းမြှောက် မနေကြပါနဲ့တော့ ဆည်းဆာပဲ ဒကာခံပါမယ့်...”
“ဟာ... ဒါဆို အ၀တီးလိုက်မှာနော်... တော်ကြာကြမှ ဒေါ်ဆည်းဆာ ထိုင်ငိုနေမယ်...”
“ဒီလောက်လည်း မမွဲသေးပါဘူး ပြာလဲ့ရယ်... စိတ်ကျကျွေးမယ် ဆိုင်ဝမှာလေ...”
“ဟား...ဟား...”
“ကဲ လာသွားကြစို့...”

ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်က အကြံနဲ့ဆိုတော့ လူရှင်ပြီး အခန်းရတဲ့ စားသောက်ဆိုင်ကို ရွေးလိုက်တယ်...
“ကဲ... စားချင်တာမှာ အားမနာနဲ့ ပြာလဲ့ရှင်းမယ်...”
“စိတ်ချ... အစားဟေ့ဆို ဆည်းဆာတို့ နောက်မကျစေရဘူး...”
“ယုံတယ်...ယုံတယ်... ဒါကြောင့် ဒီခန္ဓာကိုယ်က ဒီထက်ကို မကျဘူး...”

ကျွန်မတို့ ပျော်ပျော်ပါးပါး စားသောက်ကြ၊ စကားတွေ ပြောကြနဲ့ တက္ကသိုလ်တက်တုန်းက အချိန်တွေ ပြန်ရောက်သွား သိလိုပါပဲ... ခဏကြာတော့ ပြာလဲ့က မြေပဒေသာကျွန်းမှာ အပင်သွားဝယ်ချင်လို့ ဆိုပြီး ထွက်သွားတယ်... အပင် ၀ယ်ချင်တယ် ဆိုတာကလည်း သူ့ကောင်လေးက အပင်ဝယ်ရတာ စိတ်မ၀င်စားတာကြောင့် ဘယ်အချိန် ၀ယ်ဝယ် လိုက်သွား လေ့မရှိဘူးတဲ့လေ... ဒါကြောင့် သူအပင်သွားဝယ်တုန်း ကျွန်မနဲ့ စကားပြောနိုင်အောင် လုပ်ပေးခဲ့တယ်လေ...

ပြာလဲ့ဘက်ကတော့ တာဝန်ကျေသွားပြီ... ကျွန်မဘယ်က စပြောရမလဲဆိုတာ စကားစရှာနေမိတယ်... ကောင်ဆယ်လင်း ခန်းထဲကို ၀င်လာတဲ့ ကလိုင်းရင့်နဲ့ စကားပြောတာဆို ကျွန်မ စပြောဖြစ်တာ ကြာပြီ... ခုက အဲလိုမဟုတ်... သူ့ကို ဘယ်လို စကားစရမှန်း မသိလို့ ကျွန်မ လက်တွေမှာ ချွေးစေးတွေတောင် ပြန်လာတယ်... နောက်ဆုံး ကြာပါတယ် မထူးတော့ဘူး ဆိုပြီး စကားစ စလိုက်တယ်...
“ကိုအောင်ချမ်းသာ”
“ကျွန်တော့်ကို ပြာလဲ့ ကိုချမ်းလို့ ခေါ်နိုင်ပါတယ် ဆည်းဆာ...”
“ဟုတ်ကဲ့... ကိုအောင်ချမ်း အဲလေ ကိုချမ်း”

ကျွန်မစားပွဲပေါ်မှာ ရှိတဲ့ ရေခွက်ကို ယူပြီး သောက်လိုက်တယ်... ပြီးတော့ စကားပြန်ဆက်လိုက်တယ်...
“ကိုချမ်း... ကျွန်မက HIV/AIDS ကောင်ဆယ်လင်း သင်တန်းအောင်မြင်ထားတဲ့သူ တဦးဆိုတာ သိလားဟင်...”
“အင်း... ပြာလဲ့ ပြောလို့ သိထားပါတယ်...”
“ဒါဆို ကျွန်မ ကိုချမ်းနဲ့ စကားနဲနဲပြောချင်တယ်...”
“ပြောလေ ရပါတယ်...”
“ကိုချမ်းက ကျွန်မထက် ငယ်မယ်ထင်တယ်...”
“ပြာလဲ့နဲ့ ကျွန်တော် ၂နှစ်ကွာတယ်...”
“ဒါဆို မောင်လေးပဲပေါ့... ဆည်းဆာ ခုကိုချမ်းနဲ့ ပြောချင်တာက ကိုချမ်း အမျိုးသမီးတဦးနဲ့ ... ဟို တမျိုးတော့ မထင်စေချင်ဘူး ကိုချမ်း... ကျွန်မက ကိုချမ်းနဲ့ ပြာလဲ့ကို ကူညီချင်ရုံသက်သက်ပါ... ကျွန်မကြောင့် ကိုချမ်းနဲ့ ပြာလဲ့တို့ရဲ့ အိမ်ထောင်ရေးလည်း အနှောင့်အယှက် မဖြစ်စေရပါဘူးလို့ ကျွန်မ ဂတိပေးပါတယ်... ပြီးတော့လည်း ကိုချမ်းက ကျွန်မကို ပြာလဲ့ သူငယ်ချင်းလို မဟုတ်ဘဲ ကိုယ့်အစ်မရင်းတယောက်လို ပွင့်ပွင့် လင်းလင်း ပြောစေချင်တယ်ကွယ်... ကိုချမ်းပြောလိုက်လို့ ခုကိုချမ်းနဲ့ ကျွန်မပြောနေတဲ့ အကြောင်းအရာ တွေကို ပြာလဲ့ မပြောနဲ့ တခြား ဘယ်သူမှ မသိစေရပါဘူး... ဒါကြောင့် စိတ်ချလက်ချလည်း ပြောနိုင်ပါတယ်...”

သူ ခေတ္တစဉ်းစားနေတယ်... ကျွန်မကို သူပြောသင့်လား၊ မပြောသင့်လား၊ စဉ်းစားနေတယ် ထင်ပါရဲ့... သူ့ပုံစံ ကြည့်ရတာ အတော်လေး စိတ်ဖိစီးမှုဒဏ်ခံ နေရတယ်လို့ ကျွန်မ ခံစားမိတယ်...
“ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် မောင်လေး... ပြာလဲ့ဆီကနေ မ အထိုက်အလျောက် သိထားပါတယ်... ဘာမှ ရှက်စရာလည်း မလိုဘူး... တို့ မောင်နှမချင်းတွေပဲ... မောင်လေးသာ ဘယ်သူ့ကိုမှ ဘာမှမပြောရင် ဘယ်သူမှ သိလာနိုင်စရာ မရှိဘူး... မဆိုလိုတာက မဘက်ကတော့ လုံးဝ မပေါက် ကြားနိုင်ဘူး...”
ကျွန်မသူ့ကို ကိုယ့်မောင်ရင်း တယောက်လို သဘောထားကြောင်း ပြလိုက်တဲ့အချိန်မှာ သူ့မျက်ဝန်းမှာ အလင်းတန်းတခု လျှပ်ပြေးသွားတာ ကျွန်မတွေ့လိုက်တယ်...
“ကျွန်တော် မကို ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်... နားနဲ့မနာ ဖ၀ါးနဲ့သာနာ ပေးပါ...”
“ရတယ် မောင်လေး ကိစ္စမရှိဘူး... မောင်လေး ပြောပြမှ မက ဘယ်လို ကူညီလို့ရမယ်ဆိုတာ သိမှာလေ...”
“ကျွန်တော် မိန်းမပျက်တဦးနဲ့ အတူတူနေခဲ့ဖူးပါတယ်... အဲဒီအမျိုးသမီးမှာ HIV ပိုးရှိတယ်လို့ နောက်မှ ကျွန်တော် သိလိုက်ရတယ်... ပြာလဲ့နဲ့ ပြာလဲ့မိဘတွေ၊ ကျွန်တော့် မိဘတွေက ဒီအကြောင်းတွေ မသိဘဲ၊ ကျွန်တော်တို့ကို လက်ထပ်ဖို့ ပြောနေကြပါပြီ... ခုရန်ကုန်က ပြန်ရင် မင်္ဂလာရက် သတ်မှတ်ကျတော့ မှာပါ... တတ်နိုင်သလောက် အချိန်တွေ ဆွဲပေမယ့် ခုတော့ ဆွဲလို့ ရမှာ မဟုတ်တော့ဘူး... ပြီးတော့ ကျွန်တော် ပြာလဲ့ကို ချစ်တယ်... သူ့ကို ဒီရောဂါကြီးကို မပေးခဲ့ချင်ဘူး... ကျွန်တော်က သေနေ့ကို စောင့်နေတဲ့ လူပါ... ဒါကြောင့် ကျွန်တော် သူ့ကို လက်မထပ်နိုင်ဘူး...”
“မောင်လေး ဆိုလိုတာက မောင်လေးမှာ ရောဂါပိုးရှိနေပြီလို့ ဆိုလိုတာလား...”
သူ ကျွန်မကို ခေါင်းညိတ်ပြတယ်... သူ့မျက်ဝန်းမှာလည်း မိုးစက်တွေ တွဲလွဲခိုလျက်...
“မောင်လေး သွေးရော စစ်ပြီးပြီလား...”
“ဟုတ်ကဲ့... ကျွန်တော် သွေးစစ်ပြီးပါပြီ...”
“ဒါနဲ့ မတခုလောက် မေးပါရစေ... မောင်လေး လိင်ဆက်ဆံတုန်းက ကွန်ဒုံးမသုံးဘူးလား...”
“ဟုတ်... မသုံးခဲ့ဘူး...”
“ဘာလို့ မသုံးတာလဲ... သုံးရမှာ မသိလို့လား... ဒါမှမဟုတ် သိရဲ့နဲ့ မသုံးတာလား...”
“သုံးရမှာတော့ သိပါတယ်... ဒါပေမဲ့ ဟိုလေ...”
“အိုကေ... မသိပြီ... မောင်လေးမှာ ဒီရောဂါပိုး ရှိတာနဲ့ မိန်းမယူလို့ မရဘူးလို့ ဘာလို့ထင်နေရတာလဲ...”
“ကန်တော့နော် မ... လိင်ဆက်ဆံရာကနေ တဆင့် ကူးနိုင်တယ်လို့ သိထားလို့ပါ...”
“ဒီလောက် သိထားရင်ကို ရနေပါပြီ... ဒီရောဂါပိုးက အတူနေ၊ အတူစား၊ အတူဝတ်၊ အတူအိပ်လို့ ကူးနိုင်တဲ့ ရောဂါ မဟုတ်ဘူး ဆိုတာရော မောင်လေး သိလား...”
“ဟုတ်ကဲ့... သိပါတယ်...”
“အင်း... HIVပိုး ကူးစက်ခံရတာနဲ့ မသေနိုင်သေးပါဘူး... အိပ်ရေး ၀၀အိပ်မယ်... သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားမယ်... ဆေးလိပ်၊ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းတွေကို ရှောင်ကြဉ်ပြီး၊ ကိုယ့်ကျန်းမာရေးကို ဂရုပြုစောင့်ရှောက် သွားမယ်ဆိုရင် လူ့သက်တမ်းစေ့ နေနိုင်ပါတယ်... နောက်တခုက မင်းနဲ့ ပြာလဲ့တို့ လက်ထပ်ကြမယ်... အဲ မင်းမိန်းမကို မကူးနိုင်အောင် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို စနစ်တကျသုံးမယ်ဆိုရင် မင်း... ကူးပါဆိုတာတောင် မကူးနိုင်ဘူး... ကွန်ဒုံး သုံးသင့်တယ် ဆိုတာလည်း မင်းသိနေတာပဲ... ဒါပေမဲ့ ကလေးတော့ မယူသင့်ဘူးနော်...”
“အဲလို တကယ်လုပ်လို့ရလား မ...”
“မင်း တို့ ပြောတာတွေ လုပ်ကြံပြောတယ် ထင်လို့လား...”
“ဟို မထင်ပါဘူး... ကျွန်တော် မျှော်လင့်မထားတာတွေ ကြားရလို့ပါ...”
“မောင်လေးက ဘာတွေ မျှော်လင့်ထားလို့လဲ...”
“မကို ကျွန်တော် လေးစားပါတယ်ဗျာ... ကျွန်တော်ထင်တာက ပြာလဲ့နဲ့ ဝေးဝေးက ရှောင်ပေးဖို့ ပြောမယ် ထင်ခဲ့တာ...”
“ဟင်း...ဟင်း မက ဘာလို့ ပြောရမှာလဲ... သူများအိမ်ထောင်ရေးကို မတို့ကြောင့် ဘယ်တော့မှ အနှောင့်အယှက် မဖြစ်စေဘူးလို့ ပြောထားပြီးပြီပဲ... မောင်လေးကို လုပ်လို့ရတာတွေ ပြောပြတာ ကျန်တာက မင်းကိုယ်တိုင် ဆုံးဖြတ်ရမဲ့ အပိုင်းလေ...”
“ဒါဆို ကျွန်တော့်မှာ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတာပေါ့နော်...”
“ဒါပေါ့... ကိုယ့်ကိုယ်ကို စိတ်ဓာတ်မကျဘဲ... သာမာန်လူတယောက်လို အလုပ်တွေကိုလည်း အရင်လို ပုံမှန်အတိုင်း လုပ်နိုင်တယ်... ခုဆို တို့နိုင်ငံမှာတင် ရောဂါရှိရဲ့နဲ့ လုပ်ကိုင်စားသောက်နေကြတဲ့ လူတွေ နေရာတိုင်းမှာ တွေ့နိုင်တယ်လေ... ဒါပေမဲ့ သူတို့ကို ရောဂါရှိတဲ့ သူလို့ မထင်ရအောင် ကျန်းမာကြတယ်... သူ့တို့ရဲ့ မျက်နှာပေါ်မှာလည်း စိတ်ပျက် အားငယ်နေတာမျိုး မရှိကြဘူး...”
“ကျွန်တော် အမြင်မှန်ရပါပြီ မ... ပြာလဲ့ကို လက်ထပ်မယ်... ပြီးတော့ ကွန်ဒုံးသုံးဖြစ်အောင် သုံးမယ်... ပြီးတော့ အရင်လို ကျွန်တော် အလုပ်ပြန်လုပ်မယ်... မကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်... မကို ကန်တော့ပါရစေ...”
“အို... ရပါတယ်... မကန်တော့ပါနဲ့... ဒါ မတို့ လုပ်သင့်တဲ့ အလုပ်ပဲလေ... မကြောင့် မင်းတို့ဘ၀လေး လှပမယ် ဆိုရင်ပဲ မ၀မ်းသာလှပါပြီ...”
“အဲလိုလည်း ဘယ်ဟုတ်ပါ့မလဲ... မကြောင့် ကျွန်တော် ပျောက်ဆုံးခဲ့ရတဲ့ ဘ၀ကို ပြန်ရှာတွေ့ခဲ့တယ်... ကျွန်တော့်ဘ၀သေပြီလို့ ထင်ထားပြီးမှ နေ အနောက်အရပ်က ထွက်လာသလို ကျွန်တော့်ဘ၀ ပြန်လည် တောက်ပဖို့ အခွင့်အရေးတွေ ရခဲ့တယ်...”
“အဲဒီ့အတွက် မကို ဂတိတခုတော့ ပေးစေချင်တယ်...”
“မ ဘာဂတိလိုချင်လည်း ပြောပါမ ကျွန်တော်ပေးပါ့မယ်...”
“သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး... ပြာလဲ့ကို သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းပါမယ်လို့ပေါ့...”
“ကျွန်တော် အလေးအနက်ထားပြီး ဂတိပေးပါတယ်... ကျွန်တော် မိုက်ခဲ့ပြီးပါပြီ... နောက်ထပ် ဘယ်တော့မှ မမိုက်တော့ပါဘူး...”

“ဒေါက်...ဒေါက်”
“အေး... ၀င်လာခဲ့”
“ပြာလဲ့ ရောက်လာပြီလား...”
“အင်း... အပင်ဆိုင်တွေကလည်း ဈေးအရမ်းကြီးတာပဲကွာ...”
“ဒါနဲ့... ဘာမှ မ၀ယ်ခဲ့ဘူး ဆိုပါတော့...”
“ဟီး”
“ကဲ ဒါဆိုလည်း ပြန်ကြရအောင်...”
ပိုက်ဆံရှင်းပြီး စားသောက်ဆိုင် အပြင်ဘက်ကို ထွက်လာခဲ့တယ်... ပြာလဲ့က ကျွန်မနား တိုးတိုးလေးကပ်ပြီး
“ဘာတဲ့လဲ ဆည်းဆာ... သူသွေးစစ်မယ်တဲ့လား... သူ့မှာ ရောဂါပိုးရှိတယ်တဲ့လား...”
“မင်းသိချင် ကိုယ်တိုင်မေးကြည့်ပေါ့ကွာ...”
“ကဲ ကိုချမ်းရော ပြာလဲ့ရော ကိုယ်တို့ ဒီမှာ လမ်းခွဲကြတာပေါ့...”
“လိုက်ပို့ပေးမယ်လေ မ...”
“နေပါစေတော့ကွယ်... လမ်းက တောင်တလမ်း၊ မြောက်တလမ်း ဖြစ်နေတော့... ကိုချမ်းနဲ့ပြာလဲ့ မင်္ဂလာဆောင်ရင် တို့ကို ဖိတ်ဖို့ မမေ့နဲ့နော်... မင်းတို့အတွက် ဘ၀နဲ့ ဆန္ဒထပ်တူကျပြီး ပျော်ရွှင်နိုင်ပါစေလို့ ကိုယ်ဆုတောင်းပေးလိုက်ပါတယ်...”
“ကျွန်တော်တို့ မင်္ဂလာဆောင်ရင် လာဖြစ်အောင် လာရမယ်နော်...”
“လာနိုင်အောင် ကြိုးစားပါ့မယ်... ကဲ... မင်းတို့လည်း သွားကြတော့... ကိုယ်သွားပြီနော် ပြာလဲ့”
“အင်း... ပြာလဲ့ ဘယ်တော့မှ ဆည်းဆာကျေးဇူးမမေ့ပါဘူး...”
“မလိုပါဘူးကွာ... သွားပြီ...”
အပြန်လမ်းမှာတော့ ၀မ်းနည်းခြင်းတွေ၊ အိပ်မက်ဆိုးတွေ အားလုံး အဝေးမှာ ကျန်ခဲ့ပါပြီ.... စတွေ့တုန်းကလို မဟုတ်ဘဲ မျက်နှာ ကြည်ကြည်လင်လင်နဲ့ ပျော်ရွှင်စွာ လက်ချင်းယှက်လို့ အဝေးကို တဖြည်းဖြည်း ရွှေ့လျားသွားတဲ့ သူတို့ရဲ့ ပုံရိပ်ကို ကြည့်ပြီး ကျွန်မ အတိုင်းမသိ ၀မ်းသာကြည်နူးမိပါတယ်... သူတို့လိုပဲ ချစ်တဲ့ သူတိုင်း သောကကင်းဝေးနိုင်ပါစေလို့ ဆုတောင်းရင်း......

ပြီးပါပြီ...

World AIDS Day ကို ဤဆောင်းပါးမှ တဆင့် ဂုဏ်ပြုလိုက်ပါတယ်... အားငယ်သူကို အားပေးရင်း ဖေးမမယ့် လက်တွေ ကမ်းလင့်လို့ နေပါတယ်... HIV ပိုး ကူးစက်ခံနေရတဲ့ ဝေဒနာရှင်များအတွက် မီးလေးတို့ အားလုံး တွဲကူဖို့ အဆင်သင့် ရှိနေကြမှာပါ... စိတ်ဓာတ်မကျကြပါနဲ့.... လှဲနေသူကို ထူပေးမဲ့ စေတနာ့ ၀န်ထမ်းတွေလည်း အများကြီးလိုအပ်ပါတယ်... ကိုယ့်နီးစပ်ရာ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဝေဒနာရှင်တွေကို နိုင်သလောက်လေး ၀ိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းရင်း သင်ကြားပြသပေးခဲ့သော ဆရာမ ဒေါက်တာ ဒေါ်အေးမြတ်လွင်နှင့် တကွ MSIM မှ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးနှင့် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း...