Pages

Showing posts with label မှတ်စုများ. Show all posts
Showing posts with label မှတ်စုများ. Show all posts

Thursday, November 12, 2009

တွေးမိတွေးရာလေးများ...

စာရေးသူတို့နိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံဖြစ်ပါတယ်… ဗုဒ္ဓဘာသာ သာသနာထွန်းကားတဲ့ နိုင်ငံဖြစ်တဲ့အလျောက် နှစ်စဉ် ညောင်ရေသွန်းပွဲတော်၊ ၀ါဆိုသင်္ကန်း၊ ကထိန်ခင်းခြင်းစသည်ဖြင့် ဘာသာရေးနဲ့ ပတ်သတ်တဲ့ ပွဲလမ်းသဘင်တွေလဲ များလှပါတယ်... ၀ါတွင်းဆိုလျှင်လည်း ဥပုသ်နေ့တိုင်း သီတင်းသီလစောင့်တည်ဖို့ရန်အတွက် ရပ်ကွက်တွင်း ဓမ္မာရုံတွေမှာ စီစဉ်ပေးထားလို့ လွယ်လင့်တကူ ဥပုသ်သီလ သွားရောက်ယူနိုင်သလို အပြင်မထွက်နိုင်တဲ့ သက်ကြီးရွယ်အိုများအတွက် အိမ်မှာပဲ သီလယူနိုင်အောင် MRTV မှ ထုတ်လွှင့်ပေးပါသေးတယ်…

စာရေးသူ ဘယ်ဘာသာရေးကို မပုတ်ခတ်ပါ… စာရေးသူတို့ ဗုဒ္ဓဘာသာအကြောင်းကိုပဲ ပြောပါရစေ… စာရေးသူတို့ ဗုဒ္ဓမြတ်စွာဘုရားကို ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘုရားဝတ်ပြုလို့ ရပါတယ်… တစ်ချို့ဘာသာတွေလို တစ်ပတ်မှာ တစ်ရက် ၀တ်ပြုရတာ မဟုတ်ပါဘူး… အခြားဘာသာဝင်တွေက သူတို့ ၀တ်ပြုရမယ့်နေ့မှာ ဘယ်လိုအကြောင်းကြောင့်နဲ့မှ အပျက်မခံဘဲ ၀တ်တက်ကြပါတယ်… စာရေးသူတို့ ဗုဒ္ဓဘာသာအများစုက ဘယ်အချိန်ပဲ ရှိခိုးရှိခိုးရနေတဲ့အတွက် ပေါ့ပေါ့တန်တန်ပဲ ထားကြတာကို တွေ့ရပါတယ်… ဗုဒ္ဓဘာသာဝင်တိုင်းက ကိုယ့်အမျိုးဘာသာ သာသနာကို ပေါ့ပေါ့တန်တန်မထားဘဲ အလေးအနက်ထားစေချင်ပါတယ်…

နောက်တစ်ခုက ကိုယ်ဘာလုပ်နေလဲ ဆိုတာသိဖို့လိုပါတယ်… စာရေးသူ ဒီရက်ပိုင်း မြင်တွေ့နေရတာတွေက ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ အမြင်မတင့်တယ်တဲ့ ကိစ္စတွေပါပဲ… ကိုယ်ဘာလုပ်နေလဲ ဆိုတာတောင် မသိဘဲ လုပ်ချင်တာ လုပ်နေကြတာတွေက အများကဲ့ရဲ့စရာ ဖြစ်လာပါတယ်… လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိကို ပြန်ပြောရရင် ရှင်ပြုရဟန်းခံပဲဖြစ်ဖြစ်၊ အခြား မိဘမဲ့ကလေးတွေ အတွက်ပဲဖြစ်ဖြစ်၊ ကထိန်အတွက်ပဲ ဖြစ်ဖြစ်၊ အလှူခံမဏ္ဏပ်တွေမှာ အလှူခံလျှင် အလှူနဲ့ ပတ်သတ်တဲ့ တေးသီချင်းတွေ ဖွင့်ပြီး အလှူခံကြပါတယ်… အဲ့သီချင်းတွေထဲကမှ “စေတနာရှင်” ဆိုတဲ့ သီချင်းလေးက လူတွေရဲ့ သဒ္ဒါတရားကို လှုံ့ဆော်ပေးနိုင်တဲ့ သီချင်းတစ်ပုဒ်လို့ စာရေးသူမြင်ပါတယ်… နားထောင်လို့ကောင်းသလို ကြားရတဲ့သူတွေ အနေနဲ့လဲ ရင်ထဲမှာ ပီတိဖြစ်ကြရပါတယ်…

ယနေ့မှာတော့ အလှူခံမဏ္ဏပ်တွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့သီချင်းတွေ ဝေးလို့ DJတွေ စိုးမိုးလာပါတယ်… အဲဒါထိကို မပြောလိုသေးပါဘူး… စုပေါင်းဘုံကထိန်ပွဲတော် ကျင်းပလေ့ရှိတဲ့ ခုကထိန်ကာလ၌ လမ်းအသီးသီးမှာ ပဒေသာပင်သီးပြီး ရပ်ကွက်တွင်းကို လှည့်လည်ကြပါတယ်… သွားရင်းလာရင်း လမ်းမှာ ပဒေသာပင်လှည့်တာ ကြုံတွေ့ရ သလောက် ယခင်က အိုးစည်ဒိုးပတ်တွေအစား DJ သီချင်းနဲ့ လှည့်လည်တာ လူမြင်မကောင်းတဲ့ ဖြစ်ရပ်လို့ မြင်ပါတယ်… DJ သီချင်းက သင်္ကြန်လို ပျော်ပွဲရွှင်ပွဲမှာ ဖွင့်ကြကကြခုန်ကြတာ အမြင်သင့်တော်ပေမဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ ပွဲလမ်းသဘင်တွေမှာ အသုံးပြုတာတော့ မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်… ကိုယ်ဘာလုပ်နေလဲ ဆိုတာသိဖို့၊ ရည်ရွယ်ချက်မပျောက်ဖို့နဲ့ အမျိုးဘာသာ သာသနာရဲ့ ဂုဏ်ကို ထိန်းကြဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်...

အမျိုးဘာသာ သာသနာရဲ့ ဂုဏ်ကို ဆက်လက်ထိန်းသိမ်းကြပါစို့...

Sunday, November 8, 2009

သို့.....

တစ်ခါတစ်ရံမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတဲ့အခါ ပေးဆပ်ရမှုတွေကလည်း များလွန်းလှပါတယ်...
ပေးဆပ်မှုတွေ ခံနိုင်ရည်ရှိဖို့ ကြိုးစားရင်း ရင့်ကျက်မှုဆိုတာလည်း ဖြစ်လာရပါတယ်...
ရင့်ကျက်ဖို့ ဖြစ်မလာခင်မှာ ခံနိုင်ရည်ရှိဖို့ ကြိုးစားရပါဦးမယ်....

ဖြစ်ချင်တာ မလုပ်နိုင်ပေမယ့် ဖြစ်သင့်တာကို လုပ်ကြရတဲ့အခါ အဲ့အပေါ်မှာ အကောင်းဆုံး လုပ်ဆောင်သွားကြရမှာပါ....
အကောင်းဆုံး ဖြစ်မလာခဲ့ရင်တောင် အဆိုးဆုံး မဖြစ်ဖို့ ကြိုတင် ပြင်ဆင်ရပါဦးမယ်...
ဒါကလည်း လောကရဲ့ နိယာမပဲ ထင်ပါရဲ့....