Pages

Showing posts with label My Notes. Show all posts
Showing posts with label My Notes. Show all posts

Wednesday, May 9, 2012

သူတပါးထိခိုက်အောင် ဝေဖန်ခြင်း ကင်းဝေကြပါစေ...

Facebook ပေါ်မှာ သင်္ကြန်တုန်းက သရုပ်ဆောင် မင်းသမီးတယောက်ရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ ပတ်သက်လို့ တော်တော်လေး ပျံ့နှံ့ပြီး ရှုံ့ချခဲ့ကြပါတယ်... ထိုသရုပ်ဆောင် မင်းသမီးကလည်း မျက်စိပိတ် နားပိတ်မှ မဟုတ်တာ သူ့သတင်းတွေ ပျံ့နှံ့နေတာ သိမှာပါ... နောက်ဆုံး ရုပ်ရှင်အစည်းအရုံး  ဥက္ကဌ ဦးဇင်ဝိုင်းမှ ခေါ်ယူသတိပေးတယ်လို့ ဂျာနယ် တစောင်မှာ ဖော်ပြထားတာ တွေ့ရပါတယ်... ပြန်စဉ်းစားသုံးသပ်ကြည့်ရင် ထိုမင်းသမီးမှ မဟုတ်ပါဘူး တခြားအမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေဟာလည်း Facebook ပေါ်မှာ ပလူပျံနေတာကို တွေ့ကြရမှာပါ... သရုပ်ပျက် အ၀တ်အစားနဲ့ အမျိုးသမီးတွေ တော်တော်များများရဲ့ ဓာတ်ပုံကို ဘယ်လို Message ပေးချင်လို့ တင်လည်း ကျွန်မနားမလည်ပါ... အဲ့ဒီဓာတ်ပုံတွေ တင်တဲ့သူရဲ့ ဆွေမျိုး အသိုင်းအ၀ိုင်းထဲက အမျိုးသမီးတွေ အဲ့လိုများ ၀တ်စားထားရင် Facebook ပေါ်တင်ကြမှာပါလား... ဒါမှမဟုတ် သူများက ရိုက်ပြီး ဒီလို Social Networking Websiteဆိုဒ်တွေမှာ တင်ထားမယ်ဆို ဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာကြည့်စေချင်ပါတယ်... ကျွန်မ ကာယကံရှင်တွေအစား နာလို့ ဒီပို့စ်ကို ရေးရတာ မဟုတ်ဘူးဆိုတာ ပြောပြပါစေ... ဓာတ်ပုံရိုက်တဲ့သူက သရုပ်ပျက်ဝတ်စားထားတာကို ရွေးပြီးရိုက်မယ်ဆိုရင် သရုပ်ပျက်အ၀တ်အစားနဲ့ ပျော်ပါးနေတဲ့သူတွေပဲ တွေ့မှာပါ... သင်္ကြန်မှာ သရုပ်ပျက်အ၀တ်အစား မ၀တ်ဘဲ ပျော်ကြတဲ့သူတွေလည်း ရှိပါတယ်... အဲလိုပုံတွေကော ဘယ်ချောင်ရောက်နေသလဲ...  တရားစခန်းမှာ သင်္ကြန်တွင်း တရားဝင်ကြတဲ့ လူငယ်တွေ၊ ဥပုသ်သတင်းစောင့်တဲ့ လူငယ်တွေ၊ စတုဒီသာကျွေးတဲ့နေရာတွေမှာ ကူညီနေကြတဲ့ လူငယ်တွေ သွားကြည့်ပါ ဒုနဲ့ဒေး အများကြီးတွေ့ပါလိမ့်မယ်... သင်္ကြန်မဏ္ဏပ်မှာ သရုပ်ပျက်အ၀တ်အစားဝတ်ပြီး လူငယ်တွေ ပျော်နေကြတယ်လို့ မထင်လိုက်ပါနဲ့... ရေကစားမဏ္ဏပ်အချို့မှာ ပိုက်ဆံပေးငှားပြီး အဖော်အချွတ်ဝတ်ပြီး တက်ကခိုင်းတာတွေ ရှိပါတယ်... ဒါလေးတွေကိုလည်း သတိချပ်စေချင်တာပါ...

Monday, March 5, 2012

အပြန်အလှန် နားလည်နိုင်ကြပါစေ...

(ဤဘလော့ဂ်ပေါ်မှ စာများသည် ကျွန်မ၏ အတွေးအခေါ်မျှသာဖြစ်ပါသည်...)
မိဘတိုင်းက လောဘကြီးကြသည်...
ဟုတ်ပါတယ် မိဘတိုင်းက လောဘကြီးကြပါတယ်။ ဘယ်အပေါ်မှာ လောဘကြီးလည်းဆိုရင် သားသမီးတွေ အပေါ်ထားတဲ့ မေတ္တာ၊ စေတနာ၊ ဂရုဏာ စသည့်တို့ပဲ ဖြစ်ပါတယ်။ မိဘတွေဟာ သားသမီးကို ပေးဆပ်တဲ့သူတွေသာ ဖြစ်ပါတယ်။ သားသမီးတွေအပေါ် ထားတဲ့ စိတ်စေတနာ အမြဲတမ်း အားရကျေနပ်မှုမရှိကြတာ မိဘတွေပါပဲ။ သားသမီးတွေကို ထူးချွန်ထက်မြတ်ပြီး လိမ္မာယဉ်ကျေးတဲ့ သူလေးတွေ ဖြစ်လာစေချင်ကြပါတယ်။ မျှော်လင့်ချက် ကြီးကြီးမားမားထားကြပြီး သူတို့အတွက် တတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ ပံ့ပိုးကူညီကြတယ်။ မိဘတွေရဲ့ စိတ်စေတနာတွေဟာ စာနဲ့ ဖွဲ့မရနိုင်အောင် နက်ရှိုင်းလှပါတယ်။

အထူးသဖြင့် မိဘတွေဟာ သားသမီးတွေရဲ့ ပညာရေးမှာ အရမ်းလောဘကြီးကြပါတယ်။ တချို့ တတ်နိုင်တဲ့ မိသားစုတွေကလည်း တတ်နိုင်တဲ့အလျှောက် ပုဂ္ဂလိက ကျောင်းတွေမှာ ထားကြသည်။ တချို့မိဘတွေက နာမည်ကြီးကျောင်းတွေမှာ ထားကြသည်။ တချို့(အများစု)ကတော့ မြို့နယ်၊ ရပ်ကွက် စာသင်ကျောင်းများမှာပဲ ကျောင်းထားကြသည်။ တချို့က နိုင်ငံခြားမှာ ကျောင်းထားကြသည်။ မည်သည့်နေရာမှာပင်ထားထား အားလုံးမှာ သားသမီး ပညာတတ်ကြီးဖြစ်ဖို့အတွက် ရည်ရွယ်ချက် တခုတည်းသာ ဖြစ်သည်။

 ပြည်ပမှာ ကျောင်းထားတဲ့မိဘများမှာ အတူလိုက်နေနိုင်တာ ရှိသလို၊ အတူလိုက်မနေနိုင်တဲ့ မိဘ များလည်း ရှိပါသည်။ နောက်ဆက်တွဲ ပြဿနာများမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်သားသမီးများကို ကိုယ့်ရင်ခွင်ထဲမှ ခွဲထုတ်ပြီး ပြည်ပမှာ ပညာသင်ကြားစေသည်။ ကျောင်းပိတ်ရက်မှ သားသမီးက ပြန်လာလို့ တွေ့ရတာ (သို့) မိဘက လိုက်သွားမှသာ မိဘနှင့် သားသမီး ပြန်ဆုံကြရသည်။ ဘယ်ဆွေမျိုးသားချင်းနဲ့ပဲနေနေ မိဘနဲ့နေတာလောက်တော့ ဘယ်ကောင်းပါ့မလဲ။ ကျောင်းပြီးပြန်တော့ အမိမြေမှာ မိဘပိုင် လုပ်ငန်းရှိတဲ့သူကြ ပြန်လာပြီး ဦးစီးလုပ်ကြပေမဲ့ လုပ်ငန်းမရှိတဲ့ သူတွေကျ ပြန်လာဖို့ ဝေးသထက် ဝေးလာကြပြန်တယ်။ ရထားတဲ့ ဘွဲ့၊ ကိုယ့်ရဲ့ ပညာ အရည်အချင်းကြောင့် လက်ရှိ ကိုယ်ရှိနေတဲ့ နိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် အမိမြေမှာ အလုပ်ပြန်လုပ်တာထက် ပိုဝင်ငွေကောင်းတော့ အဲ့နိုင်ငံမှာပဲ အလုပ်လုပ်၊ အိမ်ထောင်ကျနဲ့ အမိမြေက အမေ့အိမ်ကို ပြန်လာနိုင်မဲ့ အခွင့်အလမ်းတွေ နည်းသွားကြတယ်။

နာမည်ကြီးကျောင်းတွေမှာ ထားတဲ့ မိဘတွေ(အများစု) ကျပြန်တော့ မိဘတွေအချင်းချင်း ၀တ်ထားတဲ့ အ၀တ်အစား၊ လက်ဝတ်ရတနာ၊ စီးလာတဲ့ ကား စတာတွေ ပြိုင်ဆိုင်နေတော့ ကလေးတွေကအစ အ၀တ်အစား၊ အစားအသောက်၊ အသုံးအဆောင်တွေ အချင်းချင်းပြိုင်နေကြပြန်တော့တယ်။ အဲ ကြားက ထောတာကတော့ ဈေးသည်တွေပါပဲ တခြားကျောင်းတွေမှာ ရောင်းတဲ့ဈေးထက် ဈေးတင်ထားကြသေးတယ်။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေလို့သာ အော်လိုက်ချင်တော့တယ်။ (အော်လည်း အော်ပြီးပြီနော်... :P)

နာမည်မရှိတရှိကျောင်းကျတော့ တမျိုး အမျိုးမျိုးပါပဲ။ ဒါပေမယ့် မိဘတွေ အနေနဲ့ သိထားရမှာက ကိုယ့်ကလေးတွေကို လမ်းကြောင်းမှားပေါ် လျှောက်မိအောင် မသင်ပေးမိစေဖို့ပါပဲ။ မိဘအများစုက သားသမီးတွေရဲ့ အဆင့်ဘယ်လောက်ရတယ်ဆိုတာ ကြွားဝါတတ်ကြပါတယ် (ကျွန်မအမေ အပါအ၀င်ပေါ့)။ ကျွန်မ သမီးပေါ့ အဆင့်ဘယ်လောက်ရတာ (မသိခင်ကတော့ အဲ့လို အမေပြောတိုင်း အရမ်းကို ပျော်ခဲ့ရပါတယ်)။ တနေ့ အခန်းမတူ သူငယ်ချင်းတစ်ယောက်ရဲ့အမေနဲ့ ဈေးမှာ ဆုံမိကြတဲ့အခါ အမေချင်း ဒီတပတ် အဆင့်ဘယ်လောက်ရတယ် ပြောကြတော့ ကျွန်မသူငယ်ချင်းက အဆင့် ၈ ရတယ်လို့ သိရတယ်။ အမှတ်ပေါင်း ဘယ်လောက်ရလဲ မေးမိတော့ သူ့အမှတ်က ကျွန်မနဲ့ သိပ်မကွာတာ သိလိုက်ရတယ်။ အဲ့တုန်းက ကျွန်မက အဆင့် ၃၊ သူနဲ့ကျွန်မ အမှတ်ပေါင်းကွာခြားချက်က ၃မှတ်လောက်ပဲ ကွာတယ်။ ကျွန်မတို့ အခန်းမှာဆို အဆင့် ၅အတွင်း ၀င်မှာ သေချာတယ်။

အဲ့အချိန်က စလို့ ကျွန်မနားလည်လိုက်တာက အဆင့်ဆိုတာ စံတခုပါပဲ။ ရမှတ်ကမှ ကိုယ်တကယ်တတ်ကျွမ်းမှုကို ဆိုလိုတယ်လို့ သဘောပေါက်နားလည်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ တကယ် တတ်ကျွမ်းခဲ့ပါသလား ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်တဲ့အခါ မတတ်ကျွမ်းဖူးဆိုတာ သိလာရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ ပညာသင်စနစ်က ဒီလပတ်မှာ သင်ခန်းစာ ဘယ်လောက်ကနေ ဘယ်လောက်ထိကျက်ရမယ်ဆိုပြီး ကျက်ခိုင်းတယ်။ အဲ့ဒီ သင်ခန်းစာတွေပဲ မေးတယ် ဖြေပြီးပြန်တော ဖြေပြီးသား သင်ခန်းစာတွေ လှည့်ကြည့်စရာတောင် မလိုတော့ဘူး။ အဲ့တော့ တတ်ကျွမ်းတဲ့သူက အနည်းစုဖြစ်လာတယ်။

နောက်တခု အဆင့်ဆိုလို့ အတန်းထဲမှာ အဆင့်ပေးတာကလည်း အတန်းပိုင်ဆရာမနဲ့ ဆိုင်တယ်။ ပြီးတော့ ဘာသာရပ်ဆိုင်ရာ ဆရာ/မနဲ့လည်း ဆိုင်တယ်။ သူတို့ဆီမှာ ကျူရှင်ယူတဲ့သူတွေက မယူတဲ့သူတွေထက် အမှတ်ပိုများတယ်။ ကျွန်မတို့ အလယ်တန်းလောက်က အတန်းပိုင်ဆရာမ ဦးစီးပြီး အိမ်မှာ ကျူရှင်ဝိုင်းသင်တယ်။ ၀ိုင်းမှာ သင်တဲ့ ဆရာ/မ အများစုက အတန်းထဲဝင်တဲ့ ဘာသာရပ်ဆိုင်ရာ ဆရာ/မတွေ အများစုပါတယ်။ မိဘတွေကလည်း အဲ့လိုဝိုင်းတွေမှာ ရွေးထားကြတယ်။ ဒါလည်း မိဘတွေ အပြစ်မဟုတ်ပါဘူး သားသမီးကို တော်စေချင်တဲ့ အတန်းထဲမှာ အဆင့်ဝင်စေချင်တဲ့ စိတ်ပါ။ အဲဒါက ကလေးတွေကို လမ်းလွဲစေပါတယ်။ အတန်းပိုင်ဆီမှာ ကျူရှင်တက်မှ အမှတ်ကောင်းကောင်းရမှာတို့၊ အဆင့်ဝင်မှာတို့ အဲသွားကန်တော့ရတာလည်း ရှိသေးတယ်။ သူငယ်ချင်းတွေက ဆရာမတွေဆီ ကျူရှင်ယူကြ သွားကန်တော့ကြနဲ့ သူတို့တွေထဲမှာ ကျွန်မ မပါတာတော့ သေချာပါတယ်။ အဲလို လုပ်ရမှာ ၀ါသနာလည်း မပါခဲ့ဘူး။ သူများ မိုးခါးရေ သောက်တဲ့အချိန် လိုက်မသောက်ခဲ့မိတဲ့ ကျွန်မကို အမေက လူ့ဂွစာလို့ ပြောပါတယ်။ :P

ကျောင်းက ဆရာကန်တော့ပွဲအပြင် အိမ်မှာ လိုက်ကန်တော့တာမျိုး အမေလုပ်ခိုင်းတာတောင် မလုပ်ခဲ့ပါဘူး။ အတန်းထဲမှာ အဆင့်ဝင်ရင် အတန်းဖော်အချင်းချင်း “ရမှာပေါ့ ဆရာမကို သွားကန်တော့ထားတာလေ”လို့ အပြောခံရတတ်ပါတယ်။ ကျွန်မက အဲ့လိုအပြောမခံနိုင်လို့ သီးသန့်ကန်တော့တာမျိုး မလုပ်ပါ။ ကျွန်မက တခုခုရချင်လိုစိတ်နဲ့ တခုလိုက်လုပ်တာမျိုး လုပ်ရတာကို ကိုယ့်ကိုယ်ကို အရမ်းကို ရှက်မိလို့ပါ။ လမ်းမှာတွေ့ရင် အာစရိယ ဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်တဲ့အတွက် ခြင်းတောင်းကူဆွဲပေးတာတို့၊ စာအုပ်တွေ ကူသယ်ပေးတာတို့၊ အတန်းထဲမှာ တခြားလုပ်စရာရှိတာတွေ ၀ိုင်းကူလုပ်ပေးပါတယ်။

ကျွန်မက အရွဲ့တိုက်တဲ့စိတ်တော့ နည်းနည်းမဟုတ်ဘူး တော်တော့်ကို ရှိပါတယ်။ ကျွန်မ ပထမတန်း ပညာသင်ကြားနေချိန်မှာ အတန်းပိုင်ဆရာမက အထက်တန်းကျောင်းကို ပြောင်းခဲ့ရပါတယ်။ ကျွန်မတို့ မူလတန်းကျောင်းမှာ သူငယ်တန်းကနေ လေးတန်းအထိ အတန်းပိုင် ဆရာမတဦးထဲ အတန်းကိုင်ပါတယ်။ နောက်ရောက်လာတဲ့ အတန်းပိုင်ဆရာမက ကျွန်မရဲ့ တ၀မ်းကွဲအဒေါ်ဖြစ်နေပါတယ်။ ဒုတိယတန်း ပညာသင်နှစ်ကစလို့ ကျွန်မ ပညာရည်ချွန်ဆုပေးပွဲမှာ ပထမ မရတော့ပါဘူး (ကြုံတုန်းလေး ကြော်ငြာဝင်တာ )။ ကျွန်မ ပထမဆု မရတာ ကျွန်မ ညံ့လို့ မဟုတ်ဘဲ အဒေါ်က သူ့ကို သူများပြောမှာ စိုးလို့ပါတဲ့လေ။ အဲ့ကတည်းက ကျွန်မစိတ်ထဲမှာ မှားတဲ့ အတွေးအခေါ်တွေ စ၀င်လာခဲ့ပါတယ်။ ငါကြိုးစားလည်း ဘာထူးမှာလဲ ပထမ မရမယ့်အတူတူ သူများတွေလိုပဲ ပုံမှန်လေးပဲ စာလုပ်တော့မယ် ဆိုပြီး အတွေးဝင်သွားတဲ့နောက်မှာတော့ နှစ်စဉ် တတိယနေရာကနေ မတက်တော့ပါဘူး။

အမှန်က ပထမ နေရာပဲပေးပေး ဘယ်နေရာပဲ ပေးပေး ကိုယ်စာရဖို့သာ အဓိကလို့ မတောက်တခေါက် ဥာဏ်နဲ့ မစဉ်းစားနိုင်ခဲ့ပါဘူး။ အမေကလည်း ကျွန်မဘာကြောင့် တတိယကနေ မတတ်တာလဲလို့ သေချာ အဖြေမရှာနိုင်ခဲ့ပါဘူး။ သူ့ခဗျာ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတာကိုး။ စာမလုပ်ဘဲ အဆော့မက်တယ်လို့ဘဲ အပြစ်တင်ခံခဲ့ရပါတယ်။ သားသမီးတွေ အပြောင်းအလဲကို မိဘတွေ သတိထားကြည့်စေချင်ပါတယ်။ တချို့မိဘတွေဆို သားသမီးကို လုံးဝကို လှည့်မကြည့်နိုင်တာပါ။ လှည့်ကြည့်ချင်ပေမယ့် လှည့်ကြည့်ဖို့ အခြေအနေမပေးတဲ့ မိဘတွေလည်း အများကြီးပါ။ စားဝတ်နေရေး၊ ကျောင်းစရိတ် စသည် စသည်တွေက ရှိသေးတယ်မို့လား။

နွေရာသီ ကျောင်းပိတ်ရက်ဆို ကျွန်မတို့ အရမ်းပျော်ခဲ့ရပါတယ်။ ခုများတော့ နွေရာသီ ကျောင်းပိတ်ရက် မရောက်ခင်ထဲက ကြိုနေကြတဲ့ သင်တန်းတွေ အားပါးပါး မနည်းမနောပါဘဲ။ ဒီနေရာမှာ ကျွန်မအမြင်က နွေကျောင်းပိတ်ရက်ကာလမှာ စိတ်ဖိစီးမှုမပါတဲ့ သူတို့ ၀ါသနာပါတဲ့ သင်တန်းတွေကိုပဲ မိဘတွေက ရွေးချယ်တတ်ခိုင်းသင့်တယ်လို့ ထင်ပါတယ်။ ဒီကျောင်းပိတ်ရက်ပဲ သူတို့ခမျာ နားရတာကိုး ကျောင်းဖွင့်တာနဲ့ ကျောင်းစာ၊ ကျူရှင်စာနဲ့ စိတ်ဖိစီးမှုတွေက မဖိတ်ခေါ်ဘဲ အလိုလို သူတို့ဆီ ရောက်လာနေကြမို့ပါ။

ဖြစ်နိုင်လျှင် မိဘတွေ ကိုယ့်သားသမီး ၀ါသနာပါတာ လေ့လာပါ၊ အားပေးပါ၊ ပံ့ပိုးကူညီပါ၊ ကိုယ်ဖြစ်ချင်တာကို မလုပ်ခိုင်းပါနဲ့။ အင်ဂျင်နီယာတတ်ချင်တဲ့ သားသမီးကို ဆေးကျောင်း အမှတ်မီတာပဲ ဆေးကျောင်းပဲ တတ်ပါလို့ အတင်းမတတ်ခိုင်းပါနဲ့။ မိဘတတ်ခိုင်းလို့ မလုပ်ချင်ဘဲ စိတ်ဖိစီးမှုနဲ့ လုပ်ရတဲ့ အလုပ်က သူတို့အတွက် မကောင်းပါဘူး။ သူတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ခွင့်ရရင် စိတ်ပျော်ရွှင်ပြီး အလုပ်ခွင်ဝင်ကြတဲ့အခါ အောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ကြမှာပါ။ မိဘက ဒါလုပ်လို့ ပြောလို့လုပ်တဲ့သူတွေထဲမှာလည်း အောင်မြင်တဲ့ သူတွေရှိပါတယ်။ မိဘကတော့ ဖြစ်ချင်ဇော ကြီးတာကိုး မိဘတဦးအနေနဲ့ ဒါလေးက သင့်တော်တယ် ထင်ပေမယ့် မိဘက လျှောက်လှမ်းရမှာ မဟုတ်ဘဲ သားသမီးက တဘ၀လုံး လျှောက်လှမ်းရမယ့် ဘ၀ခရီးပေကိုး စိတ်ချမ်းသာ ပျော်ရွှင်မှုကလည်း အဓိက ကျတာပေါ့။ မိဘလုပ်ခိုင်းလို့ လုပ်လုပ်ပါလို့ မပြောဘဲ ဒါလေး လုပ်ရင်ကော မကောင်းဘူးလား ၀ါသနာမပါဘူးလား။ သားသမီးနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ရင် မိဘရော သားသမီးပါ စိတ်ချမ်းသာရမှာ အမှန်ပဲ မဟုတ်ပါလား။

မိဘနဲ့ သားသမီး အပေးအယူမျှပြီး အားလုံးစိတ်ချမ်းသာ ပျော်ရွှင်ကြပါစေ။



Saturday, December 31, 2011

Bye Bye 2011

ပျော်ရွှင်ရသော ၂၀၁၁
ဇန်န၀ါရီလ- မီးလေးတို့မိသားစု ကျိုက်ထီးရိုးဘုရားသွားခဲ့ကြပါတယ်... နှစ်စမှာ အရမ်း ကို ပျော်ရွှင်ခဲ့ရပါတယ်... မကြာခင် ရင်သွေးလေးရလာမှာ ဖြစ်တဲ့အတွက် အရမ်းလည်း ရင်ခုန်ခဲ့ရပါတယ်... မွေးလာမယ့် ကလေးဟာ ဘယ်လိုပုံလေးဖြစ်မလဲ? ဘယ်သူနဲ့ တူမလဲ? စတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိတ်ကူးယဉ်နေခဲ့ပါတယ်...

မတ်လ - ၄ရက်နေ့ မီးလေးအတွက် ဘ၀မှာ အပျော်ဆုံးနေ့ထဲမှာ တရက် အပါအ၀င်ဖြစ်ခဲ့ပါတယ်... မီးလေးတို့ ဘ၀ထဲကို သားသားလေး စရောက်လာခဲ့လို့ပါပဲ...

Saturday, October 29, 2011

HOME - အိမ်

အိမ်ဆိုတာ ဘလော့ဂါ ကိုအိမ်ကို ပြောတာ မဟုတ်ဘူးနော်... မီးလေးတို့တွေ နေတဲ့ အိမ်ကိုပြောတာ... :)
 အိမ်ဆိုတာ “အ”လုံးကြီးတင် မသတ်“အိမ်” စကားလုံးက တလုံးတည်းရယ်ပါ... အိမ်ဆိုတာ ရသာမျိုးစုံတဲ့ ချို၊ ချဉ်၊ ဖန်၊ ခါး ဟင်းအိုးကြီးနဲ့ တူပါတယ်... ပျော်ရွှင်စရာ၊ ၀မ်းနည်းစရာ၊ စိတ်ချမ်းသာစရာ၊ စိတ်ညစ်စရာ စတဲ့ ခံစားချက်မျိုးစုံနဲ့ ပြည့်နှက်နေတာ အိမ်ပါ... အိမ်ထဲမှာ မိသားစုတွေ အတူတူ ပျော်ရွှင်ရယ်မောခဲ့ကြတယ်... စိတ်ညစ်စရာရှိရင်လည်း ၀ိုင်းပြီး စိတ်ညစ်ခံခဲ့ကြတယ် ... ပျော်ရွှင်သည် ဖြစ်စေ၊ ၀မ်းနည်းသည်ဖြစ်စေ မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ရှိခဲ့ကြတယ်...

Wednesday, September 21, 2011

Blogspot ပြန်ပွင့်ခြင်း အမှတ်တရ

7 days ဂျာနယ်မှာ ပိတ်ထားတဲ့ Website တွေ ပြန်ဖွင့်ပေးနေပြီဆိုတဲ့ သတင်း တပုဒ် ဖတ်လိုက်ရတော့ အသည်းအသန်ကြည့်မိတာက Blogspot များ ပါလေ မလားလို့ပေါ့...
Youtube, Yahoo mailနဲ့ နောက်ဆုံးမှာတော့ Blogspot ဆိုတာ ဖတ်လိုက် မိတော့ အပြေးေ လးရောက်မိတာက ကွန်ပျူတာနား...
အို- ငါ့ဆိုဒ်လေး ပွင့်နေပါလားဆိုတဲ့ စိတ်က အတိုင်းမသိ ၀မ်းသာမိသလို တချိန်က blog ခဲ့ကြတာကိုလဲ အောက်မေ့သတိရမိလေရဲ့....

Wednesday, October 13, 2010

Thanks you all...

လာလည်ကျတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်...
ဘလော့ဂ်မရေးဖြစ်တာ ကျော်ခွရေးရတာ အဆင်မပြေတာကြောင့် မရေးတာရယ်၊ G Mail က ရေးရင် Setting လုပ်မရ (လုပ်မတတ် :)) တာရယ်ကြောင့် စာရေးကျဲနေတာ ခွင့်လွတ်ကျဖို့နဲ့ ဒီနေရာကနေ တောင်းပန်ပါရစေ...

ကျော်စရာ ခွစရာမလိုတဲ့ ဗန်ကောက်ရောက်တဲ့အချိန်မှာ ရေးဖို့ ကြိုးစားပေမဲ့ အချိန်မပေးနိုင်တာရယ်ကြောင့် ကုန်ကြမ်းတွေရှိပြီး မချရေးနိုင်ခဲ့ပါဘူး...
နောက်များ အချိန်ရရင်ဖြင့် အိန္ဒိယကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေရော စင်္ကာပူ၊ မလေးသွားတုန်းက ပျော်ခဲ့ရတာတွေရော အကုန်ပေါင်းရေးပါ့မည်..

မငြီးမငြူလာဖတ်ကြတဲ့ စာဖတ်သူများကို လေးစားလျက်

မီးလေး