Pages

Monday, December 14, 2009

မမေ့နိုင်သော တစ်နေ့တာ

13.12.2009 (တနင်္ဂနွေနေ့)
ရာသီဥတုကြောင့် အလွမ်းဓာတ်ခံတိုးစေတဲ့ ဆောင်းလေအေးနဲ့အတူ လူလည်း ထိုင်းထိုင်းမိုင်းမိုင်း ဖြစ်နေတာကြောင့် သူငယ်ချင်းတွေနဲ့ လေသွားပေါပြီး ပြန်အလာ ခုနက ဘယ်သူလဲ မသိဘူး ဖုန်းလာတယ်... ပြီးမှ ပြန်ဆက်မယ်လို့ ပြောပြီး ချသွားတယ်လို့ မေမေက ပြောတော့ ဘယ်သူများပါလိမ့်ပေါ့၊ ဖုန်းနံပါတ်ကြည့်လိုက်တော့ 65နဲ့ စတဲ့ဖုန်းနံပါတ် ပြန်ခေါ်တော့ ဖုန်းလိုင်းကားမအားတော့ ဘယ်သူမှန်း မသိ...

ဖိုင်နယ်ဖြေရမယ့် စာမေးပွဲကလည်း ဖြေရန် ၂ပတ်သာလိုတော့တယ်... စာဆိုလို့ တလုံးမှ မရသေး... စာမကြည့်ချင်တာ ၃ပတ်လောက်ရှိပြီ... အတန်းမလစ်ဘဲတက်လာတာ ခုဆို မီးလေးတယောက် အတန်းလဲ လစ်တက်နေပီ ၃ပတ်အတွင်း အတန်းချိန် တော်တော်များများလဲ လစ်ခဲ့ပြီးပြီ... မဖြစ်ချေဘူး ကြည့်ချင်ချင် မကြည့်ချင်ချင် စာလေးတော့ လုပ်ဦးမှ ဆိုပြီး စာအုပ်စားပွဲပေါ် စာအုပ်ချရုံရှိသေး ဖုန်းဝင်လာပါတယ်... မီးလေး သုခရိပ်မြုံသွားမယ် လိုက်မလားဆိုပြီး အစ်ကိုတော် ဖော်သူထိုး ဖိုးသူတော် ဆက်လာပါတယ်... အစကမှ စာမလုပ်ချင်တာလေ နှစ်ခါမခေါ်လိုက်ရ (လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက သွားမယ်သိကတည်းက လိုက်မယ်လို့ ပြောထားပါသေးတယ်... :P)... အချိန်နဲ့ နေရာချိန်းလိုက်တော့ ၁၂နာရီခွဲ မြေနီကုန်းက ရွှေရည်လ္ဘက်ရည်ဆိုင်တဲ့... နာရီကြည့်တော့ ၁၂နာရီထိုးဖို့ ၁၀မိနစ် မီးလေးအိမ်ကနေ မြေနီကုန်းထိ ၁၂နာရီခွဲကို ဘယ်လိုမှ မရောက်နိုင်... ဒါနဲ့ ၁၂နာရီခွဲ ရောက်နိုင်မှာ မဟုတ်လို့ စောင့်နေပေးဖို့မှာပြီး ဖုန်းချပြီး သွားဖို့အတွက် ကမန်းကတန်း ပြင်ဆင်ရပါတယ်... ရေမြန်မြန်ချိုးပြီး ပြင်ဆင်ပြီးတော့ ၁၂နာရီ ၁၅မိနစ် သွားဖို့ လာခေါ်တဲ့ကားကလည်း အဆင်သင့် ရောက်ပြီဖို့ ထွက်လာခဲ့ပါတယ်... နေ့လည်စာ မစားရသေးဘူးမို့ ဗိုက်ဖြည့်တင်းရန် ထမင်းဝင်စားပြီး မြေနီကုန်း ရွှေရည်လ္ဘက်ရည်ဆိုင်ကို ၁နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်...

ဆိုင်ရှေ့ရောက်တော့ ဆိုင်တွင်းမှ လက်လှမ်းပြတဲ့ ကိုဖိုးသူတော်ကို တွေ့ပါတယ်... ကိုဖိုးသူတော် ရှေ့မှာတော့ မြန်မာဖြစ် ကောက်ညှင်းပေါင်းလေး တစ်ပွဲ ၀မ်းသွားနေလို့ လမ်းမှာ ဒုက္ခမရောက်အောင် ကောက်ညှင်းပေါင်း စားနေတာတဲ့၊ ဆေးမှီးတိုကောင်းပါပဲ... မီးလေးတို့ ၂နာရီလောက်မှာ ဒဂုံအရှေ့ပိုင်းမှာ တည်ရှိတဲ့ သုခရိပ်မြုံ ပရဟိတဂေဟာလေးကို ရောက်ခဲ့ပါတယ်... မီးလေးတို့ ဆိုတာက ကိုဖိုးသူတော် ဦးဆောင်ပြီး မီးလေးအပါအ၀င် ရဲဘော်ငါးကျိပ်ပါ... :P

ထိုဂေဟာလေးက HIVပိုးကူးစက်ခံရတဲ့ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဂေဟာလေး ဖြစ်ပါတယ်... ယခုလက်ရှိတွင် ကလေးငယ်ပေါင်း ၄၅ယောက်ရှိတယ်ဟုလည်း သိရပါသည်...  ဂေဟာလေးကို ရောက်တော့ စေတနာရှင်များ လှူဒါန်းတဲ့ အလှူငွေကို ဆရာမကြီးတစ်ဦးအား ပေးအပ်ပြီး ကလေးများအတွက် ကစားစရာများ စတစ်ကာများ ကိုဖိုးသူတော်က ဝေပေးဖို့ ၀ယ်လာခဲ့သည်မို့ ကလေးများ တီဗွီကြည့်နေသော နေရာသို့သွား၍ ကလေးများနှင့် တရင်းတနှီးနေပေးပြီး ပါလာသော စတစ်ကာများ၊ ကစားစရာများ၊ သကြားလုံးနှင့် ပီကေများကို ဝေပေးကြပါတယ်... သူတို့လေးတွေ ပျော်နေတာကို ကြည့်ပြီး ၄င်းတို့ဆီမှ အပျော်တွေ မီးလေးတို့ဆီ ကူးစက်လို့ လာခဲ့ပါတယ်... ထို့နောက် ကလေးများအား အုပ်စု သုံးစုခွဲ၍ ဇွန်းနှင့် ပင်ပေါင်သီးသယ်သော ကစားနည်းကို ကစားကြပါတယ်... ပထမရသော အဖွဲ့အား ဆုချီးမြှင့်ပေးသော စနစ်နှင့် ပျော်ပျော်ပါးပါးကစားကြပါတယ်...

ထိုကစားနည်း ပြီးဆုံးသောအခါ ပါဆယ်ဂိမ်းဆော့ဖို့ ၀ိုင်းထိုင်လိုက်ကြပြီး မီးလေးတို့က ကလေးတွေကြားထဲ ရောထိုင်ပြီး သူတို့လေးတွေနှင့် နွေးထွေးပျော်ရွှင်စွာ ကစားကြပါတယ်... သီချင်းရပ်သွားသည့်အချိန်တွင် ကိုင်ထားသော ကလေးအား ၀ိုင်းလည်သို့ ၀င်စေပြီး သူတို့ အချင်းချင်း ဘာလုပ်ခိုင်းစေချင်လဲ မေးသောအခါ ပဲပြုတ်ရောင်းခိုင်းခြင်း၊ မျောက်အက၊ မြန်မာအက ကခိုင်းခြင်း၊ သီချင်းဆိုခိုင်းခြင်းများကို တောင်းဆိုကြပါတယ်... ပါဆယ်ရသွားသော ကလေးမှလည်း သူငယ်ချင်းများ တောင်းဆိုသည့်အတိုင်း မရှက်မကြောက်နဲ့ ပဲပြုတ်ရောင်းပြ၊ ကပြ၊ သီချင်းဆိုပြကြပါတယ်... အသက် ၁၃နှစ်ခန့်အရွယ် ကလေးမလေးတဦး ပါဆယ်ရသောအခါ သူငယ်ချင်းများက သီချင်းဆိုပြရန် တောင်းဆိုကြပါတယ်... ၀ိုင်းစုခိုင်သိန်းရဲ့ အပြစ်မမြင်ပါဘူးဆိုတဲ့ သီချင်းကို အ၀င်အထွက်၊ အသံအနိမ့်အမြင့်နဲ့ ပီပီပြင်ပြင်ဆိုသွားနိုင်တာကို အံ့သြစွာတွေ့ရပါတယ်... မီးလေးတို့တောင် အဲ့လောက် ပြေပြေပြစ်ပြစ် မဆိုတတ်ပါဘူး...

ညနေ၃နာရီခွဲမှာ ကိုဖိုးသူတော်တို့ကို နှုတ်ဆက်ပြီး သုခရိပ်မြုံဂေဟာလေးမှ ပြန်ထွက်လာခဲ့ကြပါတယ်... ပြန်ခါနီးမှ ၃နှစ်အရွယ် ကလေးငယ်တစ်ဦးက ကားနာလာပြီး မနက်ဖြန်လဲ လာခဲ့ပါနော်ဆိုပြီး မျက်နှာငယ်လေးနဲ့ လာပြောပါတယ်... အဲ့ကလေးငယ်ရဲ့ မျက်နှာ ခုချိန်ထိ မျက်စိထဲက မထွက်ပါဘူး... သူပြောလိုက်တဲ့အချိန်မှာ ရင်ထဲမှာ ဘာမှန်းမသိတဲ့ ဝေဒနာတစ်ခု တိုးဝင်လို့လာပါတယ်... သူတို့နဲ့ ကစားတဲ့အချိန်မှာ သူတို့ ပျော်နေတာကြည့်ပြီး ၀မ်းသာပီတိဖြစ်ရသလို သူတို့ကို နှုတ်ဆက်ထွက်ခွာချိန်မှာလည်း သူတို့လေးတွေနဲ့အတူ ၀မ်းနည်းမှုက ထပ်တူ ခံစားမိပါတယ်... ဒီနေ့လေးက မီးလေးအတွက် ဘယ်တော့မှမေ့မရနိုင်တဲ့ နေ့လေးတနေ့ ဖြစ်ခဲ့ပါတယ်... HIV ကူးစက်ခံရသော ကလေးများအား စာနာထောက်ထား ဂရုဏာထားခြင်းဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုးကြစေလိုပါတယ်... သုခရိပ်မြုံဂေဟာ အကြောင်းကို ဒီနေရာမှာ အသေးစိတ်သွားရောက်ဖတ်ရှုနိုင်ပါတယ်...


ကလေးတွေ ဝေဖို့ စတစ်ကာတွေ စီနေပုံ



စတစ်ကာ ဘယ်လိုလုပ်ကတယ်ဆိုတာ ပြနေတုန်းမှာ


သကြားလုံး၊ ပီကေများ ဝေနေစဉ်
 

ကလေးများပါသည့်ပုံများအား ၄င်းတို့၏ အနာဂတ်အတွက် ကူးယူသုံးစွဲခြင်း မပြုပါရန် မေတ္တာရပ် ခံအပ်ပါသည်....
အားလုံးကို ကျေးဇူးတင်လျက်...

Saturday, November 28, 2009

GTalk တွင် ပုံများဖြင့် ချက်ခြင်း

GTalk ထဲမှာ Smiley ပုံလေးတွေနဲ့ ချက်ရအောင်...
ဒီပို့စ်လေးကို မသိသေးတဲ့ သူတွေကို အဓိကရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ်... သိပြီးသူများကတော့ မျက်စိနောက်ချင် နောက်မှာပေါ့နော်... :P
သူငယ်ချင်းတချို့က GTalkမှာ Smileys လေးတွေ ထည့်ချင်တယ်... ဘယ်လိုထည့်ရမလဲဆိုပြီး ခဏခဏလာမေးကြလို့ မသိသေးတဲ့ သူများအတွက် ပြန်လည် ဖြန့်ဝေပေးလိုက်ပါတယ်...


အဆင့်-၁
ပထမဆုံး MyTheme.exe ဖိုင်ကို Downlaod လုပ်ရမှာဖြစ်ပါတယ်...
( အဲ့ဆော့ဖ်ဝဲလ်လေးက Windows 2000, Windows XP, Windows Vista နဲ့ Windows 7တွေကို Support လုပ်ပါတယ်.... ဖိုင်ဆိုဒ်က 936MB ပဲရှိပြီး ဒီနေရာမှာ Download ဆွဲနိုင်ပါတယ်... )

အဆင့်-၂
Download ဆွဲထားတဲ့ MyTheme.exe ကို Install လုပ်ပေးရပါမယ်...

အဆင့်-၃
Install လုပ်ပြီးတဲ့နောက် GTalk ကို ဖွင့်ပါ.... GTalk ထဲမှ Setting ကို ကလစ်နှိပ်ပြီး ၀င်ပါ... ထို့နောက် Appearance ကို ကလစ်နှိပ်ပါ... Chat Theme Box တစ်ခုကို တွေ့ပါလိမ့်မယ်.... Chat Theme Box ဘေးက Down Arrow ကို ကလစ်နှိပ်ပြီး MyTheme ကို ရှာပါ... တွေ့လျှင် ကလစ်နှိပ်ပြီး ရွေးလိုက်ပါ... အားလုံးပြီးသွားပြီ ဆိုရင်တော့ OK ကို နှိပ်လိုက်ရုံပါပဲ...
အောက်ကပုံလေးအတိုင်း Background လေး ပေါ်လာပါလိမ့်မယ်...



Smileys ပုံလေးတွေ သုံးဖို့အတွက် Code လေးတွေ သိဖို့လိုပါသေးတယ်... Smiileys Code လေးတွေကို  Start ---> All Program ---> Dash ---> MyTheme ---> Help မှာ ကြည့်ပြီး အသုံးပြုနိုင်ပါတယ်...

Background ချိန်းချင်တယ်ဆိုရင် Start ---> All Program ---> Dash --->  Sample Inmages ထဲကို ၀င်ပြီး ကိုယ်ထည့်ချင်တဲ့ပုံကို အရင်ကူးထည့်ပါ... ပြီးလျှင် Start ---> All Program ---> Dash ---> Change Background ထဲဝင်ပြီး ပြောင်းလိုသောပုံပေါ် ကလစ်နှိပ်ပြီး Open လုပ်လိုက်ရင် နောက်ခံပြောင်းသွားပြီပေါ့...

Smileys ပုံလေးတွေနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

Friday, November 13, 2009

MCPA အသင်းဝင်များအတွက် သတင်းကောင်း


Japan- East Asia Network of Exchange for Students and Youths

အကြောင်းအရာ။               Japan နိုင်ငံသို့ (၁၀) ရက် လေ့လာရေးခရီးစဉ်


-       visit institutions and cities
-       home-stay, camping, school visit, debates, seminars.
ဦးရေ (၁၅) ဦး


လျှောက်ထားနိုင်သူများ


(၁)        မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း MCPA ၏ အသင်းဝင်ဖြစ်ရမည်။ မည်သည့် member အမျိုးအစား မဆို (Professional member, Associate member, Student member) လျှောက်ထားခွင့်ရှိသည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလအထိ အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးသွင်းပြီးသူ Active member များသာ လျှောက်ထားခွင့်ရှိသည်။


(၂)        အသက် (၃၅) နှစ်အောက်ဖြစ်ရမည်။ ပညာအရည်အချင်းကန့်သတ်မှုမရှိပါ။


(၃)        နိုင်ငံဝန်ထမ်းများ၊ ဂျပန်နိုင်ငံအပါအဝင်ဖွံ့ဖြိုးပြီးနိုင်ငံများမှ ရင်းနှီးမြှပ်နှံမှုပါဝင်သော ကုမ္ပဏီများ၊ အဖွဲ့အစည်း များတွင် လုပ်ကိုင်နေသော ဝန်ထမ်းများလျှောက်ထားခွင့်မရှိပါ။


(၄)        English Communication ကောင်းမွန်ရမည်။


(၅)        ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်


(၆)        ဂျပန်နိုင်ငံသို့ မရောက်ဖူးသူများသာ လျှောက်ထားနိုင်သည်။


(၇)        ၂၀၀၉ နိုဝင်ဘာလ (၃၀) နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်းသို့ လျှောက်ထား နိုင်ပါသည်။
(လာရောက်လျှောက်ထားချိန်တွင် ဓါတ်ပုံနှစ်ပုံနှင့် အသင်းဝင်ကဒ်ပြား ယူဆောင်လာရန်)
 လူတွေ့စစ်ဆေးမည့်အစီအစဉ်အား ထပ်မံကြေငြာပေးပါမည်။ အရွေူးချယ်ခံရသူများအတွက် နိုင်ငံကူးလက်မှတ်ရရှိ ရေး၊ ဗီဇာလျှောက်ထားရေးတို့အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကူညီဆောင်ရွက်ပေးပါမည်။

လေးစားစွာဖြင့်
MCPA office.

Thursday, November 12, 2009

တွေးမိတွေးရာလေးများ...

စာရေးသူတို့နိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံဖြစ်ပါတယ်… ဗုဒ္ဓဘာသာ သာသနာထွန်းကားတဲ့ နိုင်ငံဖြစ်တဲ့အလျောက် နှစ်စဉ် ညောင်ရေသွန်းပွဲတော်၊ ၀ါဆိုသင်္ကန်း၊ ကထိန်ခင်းခြင်းစသည်ဖြင့် ဘာသာရေးနဲ့ ပတ်သတ်တဲ့ ပွဲလမ်းသဘင်တွေလဲ များလှပါတယ်... ၀ါတွင်းဆိုလျှင်လည်း ဥပုသ်နေ့တိုင်း သီတင်းသီလစောင့်တည်ဖို့ရန်အတွက် ရပ်ကွက်တွင်း ဓမ္မာရုံတွေမှာ စီစဉ်ပေးထားလို့ လွယ်လင့်တကူ ဥပုသ်သီလ သွားရောက်ယူနိုင်သလို အပြင်မထွက်နိုင်တဲ့ သက်ကြီးရွယ်အိုများအတွက် အိမ်မှာပဲ သီလယူနိုင်အောင် MRTV မှ ထုတ်လွှင့်ပေးပါသေးတယ်…

စာရေးသူ ဘယ်ဘာသာရေးကို မပုတ်ခတ်ပါ… စာရေးသူတို့ ဗုဒ္ဓဘာသာအကြောင်းကိုပဲ ပြောပါရစေ… စာရေးသူတို့ ဗုဒ္ဓမြတ်စွာဘုရားကို ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘုရားဝတ်ပြုလို့ ရပါတယ်… တစ်ချို့ဘာသာတွေလို တစ်ပတ်မှာ တစ်ရက် ၀တ်ပြုရတာ မဟုတ်ပါဘူး… အခြားဘာသာဝင်တွေက သူတို့ ၀တ်ပြုရမယ့်နေ့မှာ ဘယ်လိုအကြောင်းကြောင့်နဲ့မှ အပျက်မခံဘဲ ၀တ်တက်ကြပါတယ်… စာရေးသူတို့ ဗုဒ္ဓဘာသာအများစုက ဘယ်အချိန်ပဲ ရှိခိုးရှိခိုးရနေတဲ့အတွက် ပေါ့ပေါ့တန်တန်ပဲ ထားကြတာကို တွေ့ရပါတယ်… ဗုဒ္ဓဘာသာဝင်တိုင်းက ကိုယ့်အမျိုးဘာသာ သာသနာကို ပေါ့ပေါ့တန်တန်မထားဘဲ အလေးအနက်ထားစေချင်ပါတယ်…

နောက်တစ်ခုက ကိုယ်ဘာလုပ်နေလဲ ဆိုတာသိဖို့လိုပါတယ်… စာရေးသူ ဒီရက်ပိုင်း မြင်တွေ့နေရတာတွေက ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ အမြင်မတင့်တယ်တဲ့ ကိစ္စတွေပါပဲ… ကိုယ်ဘာလုပ်နေလဲ ဆိုတာတောင် မသိဘဲ လုပ်ချင်တာ လုပ်နေကြတာတွေက အများကဲ့ရဲ့စရာ ဖြစ်လာပါတယ်… လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိကို ပြန်ပြောရရင် ရှင်ပြုရဟန်းခံပဲဖြစ်ဖြစ်၊ အခြား မိဘမဲ့ကလေးတွေ အတွက်ပဲဖြစ်ဖြစ်၊ ကထိန်အတွက်ပဲ ဖြစ်ဖြစ်၊ အလှူခံမဏ္ဏပ်တွေမှာ အလှူခံလျှင် အလှူနဲ့ ပတ်သတ်တဲ့ တေးသီချင်းတွေ ဖွင့်ပြီး အလှူခံကြပါတယ်… အဲ့သီချင်းတွေထဲကမှ “စေတနာရှင်” ဆိုတဲ့ သီချင်းလေးက လူတွေရဲ့ သဒ္ဒါတရားကို လှုံ့ဆော်ပေးနိုင်တဲ့ သီချင်းတစ်ပုဒ်လို့ စာရေးသူမြင်ပါတယ်… နားထောင်လို့ကောင်းသလို ကြားရတဲ့သူတွေ အနေနဲ့လဲ ရင်ထဲမှာ ပီတိဖြစ်ကြရပါတယ်…

ယနေ့မှာတော့ အလှူခံမဏ္ဏပ်တွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့သီချင်းတွေ ဝေးလို့ DJတွေ စိုးမိုးလာပါတယ်… အဲဒါထိကို မပြောလိုသေးပါဘူး… စုပေါင်းဘုံကထိန်ပွဲတော် ကျင်းပလေ့ရှိတဲ့ ခုကထိန်ကာလ၌ လမ်းအသီးသီးမှာ ပဒေသာပင်သီးပြီး ရပ်ကွက်တွင်းကို လှည့်လည်ကြပါတယ်… သွားရင်းလာရင်း လမ်းမှာ ပဒေသာပင်လှည့်တာ ကြုံတွေ့ရ သလောက် ယခင်က အိုးစည်ဒိုးပတ်တွေအစား DJ သီချင်းနဲ့ လှည့်လည်တာ လူမြင်မကောင်းတဲ့ ဖြစ်ရပ်လို့ မြင်ပါတယ်… DJ သီချင်းက သင်္ကြန်လို ပျော်ပွဲရွှင်ပွဲမှာ ဖွင့်ကြကကြခုန်ကြတာ အမြင်သင့်တော်ပေမဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ ပွဲလမ်းသဘင်တွေမှာ အသုံးပြုတာတော့ မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်… ကိုယ်ဘာလုပ်နေလဲ ဆိုတာသိဖို့၊ ရည်ရွယ်ချက်မပျောက်ဖို့နဲ့ အမျိုးဘာသာ သာသနာရဲ့ ဂုဏ်ကို ထိန်းကြဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်...

အမျိုးဘာသာ သာသနာရဲ့ ဂုဏ်ကို ဆက်လက်ထိန်းသိမ်းကြပါစို့...

Tuesday, November 10, 2009

You are not Alone

မိုက်ကယ်ဂျက်ဆင်ရဲ့ You are not aloneဆိုတဲ့ သီချင်းလေးကို ကြိုက်မိလို့ သူငယ်ချင်းတွေလည်း ကြိုက်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်...



You Tube ဖွင့်မရခဲ့လျှင် ဒီလင့်လေးကနေ တစ်ဆင့် နားဆင်နိုင်ပါတယ်...
သီချင်းစာသားလေးကတော့

You are not alone!!!!

Another day has gone
I'm still all alone
How could this be
You're not here with me
You never said goodbye
Someone tell me why
Did you have to go
And leave my world so cold

Everyday I sit and ask myself
How did love slip away
Something whispers in my ear and says
That you are not alone
For I am here with you
Though you're far away
I am here to stay

But you are not alone
For I am here with you
Though we're far apart
You're always in my heart
But you are not alone

'Lone, 'lone
Why, 'lone

Just the other night
I thought I heard you cry
Asking me to come
And hold you in my arms
I can hear your prayers
Your burdens I will bear
But first I need your hand
Then forever can begin

Everyday I sit and ask myself
How did love slip away
Something whispers in my ear and says
That you are not alone
For I am here with you
Though you're far away
I am here to stay

For you are not alone
For I am here with you
Though we're far apart
You're always in my heart
For you are not alone

Whisper three words and I'll come runnin'
And girl you know that I'll be there
I'll be there

You are not alone
For I am here with you
Though you're far away
I am here to stay
For you are not alone
For I am here with you
Though we're far apart
You're always in my heart

For you are not alone
For I am here with you
Though you're far away
I am here to stay

For you are not alone
For I am here with you
Though we're far apart
You're always in my heart

For you are not alone..

မိခင်ဆိုတာ...

မီးလေးခေါင်းထဲမှာ အဲ့ဒီမေးခွန်းရောက်နေတာ အတော်လေးကြာခဲ့ပါပြီ… မီးလေး သိသလောက် မိဘဆိုတာ အမြင့်မြတ်ဆုံးသော မြင့်မိုရ်တောင်နဲ့တောင် အနှိုင်းခံရတဲ့ သူတွေပါ… ခုနောက်ပိုင်း မိဘ၀တ်ပျက်လာတဲ့ လူအချို့ကို မြင်တွေ့နေရတာ မဆီမဆိုင် ရင်ထဲကို မီးစနဲ့ ထိုးခံရသလို ခံစားရပါတယ်… နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတာ မှန်ပါတယ်… လူတိုင်းလူတိုင်း အကောင်းချည်းပဲ ဖြစ်ချင်ကြမှာပါ… သူတို့ကို ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ပါဘူး… ဟိုရက်ပိုင်းက ရက်သားလေးအရွယ်ကို မီးလေးတို့နားက မှတ်တိုင်တစ်ခုမှာ လာပြစ်သွားခဲ့ပါတယ်… ရပ်ကွက်လူကြီးက ခေါ်ယူထိန်းသိမ်းပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်… နောက်ပိုင်းတော့ ဘာဆက်ဖြစ်သွားလဲ မသိတော့ပါဘူး… ဒါပေမဲ့ ကလေးတစ်ယောက် စွန့်ပြစ်သွားတယ်လို့ အသံကြားလိုက်တဲ့ အချိန်မှာတော့ ရင်ထဲ ဗလောင်ဆူသွားတာတော့ အမှန်ပါ… သူက ဘယ်လိုမိဘမျိုးလဲ၊ ဘာလို့ စွန့်ပစ်ရက်တာလဲနဲ့ လဲပေါင်းများစွာ မေးခွန်းတွေ တစ်ယောက်တည်း ထုတ်နေမိတယ်… သူတို့မှာ စီးပွားရေးကြပ်တည်းလို့ လာစွန့်ပြစ်တာလည်း ဖြစ်နိုင်သလို၊ တိတ်တိတ်ပုန်းရလို့ လာစွန့်ပြစ်တာလည်း ဖြစ်နိုင်တယ်… စီးပွားရေး မပြေလည်လို့ဆိုလဲ အစတည်းက ကလေးမယူနဲ့ပေါ့၊ မွေးပြီးမှတော့ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ယူသင့်ပါတယ်…


မီးလေး တူမလေး ကလေးဆေးရုံတက်တုန်းကလည်း ဆေးရုံမှာ စွန့်ပစ်ခံရတဲ့ ကလေး ငါးယောက်ကို တွေ့ခဲ့ရဖူးပါတယ်… အဲ့လို ကလေးတွေမြင်တိုင်း စိတ်မကောင်းဖြစ်ရပါတယ်… ဖြစ်နိုင်ရင် သူတို့လေးတွေရဲ့ မိဘတွေကို တွေ့ပြီး ဘာအခက်အခဲရှိလို့လဲ မေးပြီး တတ်နိုင်သလောက် ကူညီပေးတာမျိုးလုပ်ပြီး သူတို့ကလေးတွေကို သူတို့လက်ထဲမှာပဲ ကြီးပြင်းစေချင်တဲ့ ဆန္ဒဖြစ်ခဲ့ဖူးပါတယ်… ဒါပေမဲ့ မဖြစ်နိုင်တာကို စိတ်ကူးယဉ်တာမျိုး ဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုလည်း သိပါတယ်…

ကလေးမွေးပြီး ပြီးရောထားတဲ့ မိဘတွေကို တကယ်ပဲ အံ့သြမိပါတယ်… မီးလေးတို့ သွားလာနေတဲ့အခါ မွေးခါစကလေးလေးကို ချီပြီးတောင်းနေတဲ့ မီးနေသည်ပုံစံ တောင်းရမ်းနေတဲ့သူတွေကို အားလုံး မြင်ဖူးကြမှာပါ… မီးလေး အစက ကလေးကို အရမ်းသနားမိလို့ ပိုက်ဆံထည့်ခဲ့ဖူးပေမဲ့ ခုတော့ မထည့်တော့ပါဘူး… မထည့်ရတော့တဲ့အကြောင်းရင်းက အဲ့ကလေးတွေက သူတို့ကလေးတွေ မဟုတ်ဘဲ တခြားကနေ တစ်နေ့သုံးထောင်နဲ့ ငှားလာတာလို့ သိခဲ့ရတဲ့နေ့က စပြီး အားလုံးကို လစ်လျူရှုနိုင်အောင် ကြိုးစားခဲ့ပါတယ်… ကလေးမိဘတွေက ဈေးသည်တွေရဲ့ သားသမီးတွေဖြစ်ပြီး ဈေးသည်တွေက ဈေးရောင်းရင် ကလေးမထိန်းနိုင်ကြလို့ ကလေးကို မထိန်းရပြီးရော တစ်နေ့သုံးထောင်နဲ့ ငှားရက်တဲ့ မိဘတွေကိုလဲ အံသြမိပါတယ်…


တောင်းစားတဲ့သူတွေကလည်း သူတို့ ကလေးကို သုံးထောင်နဲ့ ငှားလာတာ အရင်းကြေဖို့အတွက် နေပူပူ မိုးရွာရွာ ဂရုမစိုက်ဘဲ လိုက်တောင်းနေတာ ကလေးက မိုးမိပြီး နှုတ်ခမ်းတွေကို ပြာနေပါပြီ… ကလေးနေမကောင်းရင် မိဘတွေက ဆေးမကုရဘူးလား… ရတဲ့ တစ်နေ့သုံးထောင်နဲ့ ဆေးဖိုးနဲ့ရော ကာမိကြရဲ့လား… ဆေးရောကုမှ ကုပေးပါ့မလားလို့ နေရင်းထိုင်ရင်း စိုးရိမ်နေမိတာ အမှန်ပါ… စိုးရိမ်မိလို့လဲ မနေနိုင် မထိုင်နိုင် ကိုယ့်ကလေး မဟုတ်တိုင်း ခိုင်းစားမနေနဲ့ ဟိုမှာ ကလေးက ဖျားပြီး သေတော့မယ်လို့ ပြောလိုက်မိသေးတယ်… ဘာဖြစ်လဲ ဒီနေ့စာအတွက်တောင် မကိုက်သေးဘူးလို့ ပြန်တောင်ပြောလိုက်သေး… အံ့ပါရဲ့ ဘယ်လိုမိဘတွေနဲ့များ သွားတွေ့ရပါလိမ့် ကလေးရယ်လို့ပဲ သက်ပြင်း အခါခါချမိပါတယ်… ကလေးက လူ့လောကထဲ ရောက်ခါစပဲ ရှိသေးတယ် ခိုင်းစားနေလိုက်ကြတာ အရွယ်နဲ့တောင် မမျှအောင်ပဲလားလို့ စဉ်းစားမိတိုင်း သူတို့လေးတွေရဲ့ အနာဂတ်အတွက် ရင်လေးမိပါတယ်…


နောက်တစ်ခုက ဒါမျိုးတွေ လျော့သွားအောင် ကလေးပိုက်ပြီး လိုက်တောင်းနေတာတွေ့ရင် ပိုက်ဆံမထည့်ကြပါနဲ့လို့ တိုက်တွန်းပါရစေ၊ တစ်ချို့က တကယ်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ အစစ်လား၊ အတုလားဆိုတာ ခွဲရခက်ပါတယ်… မီးလေးအမြင်ကတော့ တောင်းတဲ့သူအပြစ်မဟုတ်ဘူး၊ ထည့်တဲ့သူ အပြစ်လို့ ထင်ပါတယ်… ထည့်တဲ့သူရှိလို့ တောင်းတဲ့သူလည်း  ရှိလာတာပါ… ထည့်တဲ့သူ မရှိရင် တောင်းတဲ့သူလည်း တဖြည်းဖြည်းလျော့နည်းသွားပြီး အလုပ်လုပ်ချင်စိတ်လဲ ဖြစ်လာမယ်လို့ ထင်ပါတယ်… ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အလုပ်လက်မဲ့တွေကို အလုပ်ပေးထားတာ အားလုံးလဲ သိကြမှာပါ… တောင်းရမ်းစားသောက်နေကြတဲ့ သူအတော်များများ အလုပ်လုပ်နေကြပြီ ဖြစ်ပေမယ့်လဲ၊ အလုပ်လုပ်ရမှာ လက်ကြောမတင်းတဲ့သူတွေကတော့ တောင်းမြဲ တောင်းနေကြတာ တွေ့ရပါတယ်…


တကယ်မရှိလို့ တောင်းစားနေကြတာကို အပြစ်လို့ မဆိုချင်ပေမယ့် အချောင်ရလို့ဆိုတဲ့ စိတ်နဲ့ တောင်းတာမျိုး မဖြစ်ဖို့လိုပါတယ်… ခုဆို မီးပွိုင့်တစ်ချို့မှာ တောင်းရမ်းခဲ့ကြတဲ့ ကလေးတွေ ပန်းတွေရောင်းကြတယ်၊ ဂျာနယ်တွေရောင်းကြတယ်၊ ဆေးလိပ်၊ ကွမ်းယာတွေ ရောင်းကြတယ်၊ အဲလိုလေးတွေ မြင်ရတော့ တကယ့်ကို ပီတိဖြစ်စရာပါ… မီးပွိုင့်မိတဲ့အခါ အစ်မကြီးရယ် ကျွန်တော် ဈေးဦးမပေါက်သေးလို့ပါ ပန်းတွေ အားပေးသွားပါဦးလို့ ပြောလာခဲ့ရင် ည၇နာရီ ၈နာရီဖြစ်နေတဲ့အခါမျိုးကြရင် သူ့လက်ထဲ ရှိသမျှ ပန်းတွေအကုန် ၀ယ်ခဲ့တာမျိုး ရှိပေမယ့်… ၀ယ်ပြီးတိုင်းလဲ သူတို့ ဒီလိုမျိုးပြောလို့ ၀ယ်တာဆိုပြီး သူတို့ ခေါင်းထဲမှာ ငါဒီလိုပြောရောင်းရင် သနားပြီး ၀ယ်ကြတာပဲဆိုတဲ့ မဟုတ်တဲ့ အစွဲမျိုးရောက်သွားမှာလဲ စိုးရိမ်မိပါတယ်… မီးလေးစိုးရိမ်မှုက သိပ်မကြာလိုက်ပါဘူး… နောက်ပိုင်းကြုံတိုင်းလဲ အဲ့လိုပဲ ပြောရောင်းနေတာတွေ့တော့ ကိုယ့်ကြောင့် သူ့တိုကို အဆိပ်ပင်ရေလောင်းနေသလိုများ ဖြစ်သွားသလားလို့ နောင်တရမိတာလဲ အခါခါပါ…


အားလုံးကို ကိုယ်က ကောင်းစေချင်ပေမဲ့ သူတို့ကိုယ်တိုင်က မပြောင်းလဲနိုင်သ၍ ကောင်းလာမှာ မဟုတ်ပါဘူး… မီးလေးတို့ ဘာလုပ်ပေးရမလဲ၊ ဘာလုပ်ပေးသင့်လဲလို့ စဉ်းစားပေမဲ့ အဖြေက ထွက်မလာပါဘူး… အညှောင့်ထွက်စ အပင်တွေကို နည်းမှန်လမ်းမှန်နဲ့ ရေလောင်းပေါင်းသင်ဖို့ ဥယျာဉ်မှူးတိုင်းမှာ တာဝန်ရှိပါတယ်… ဥယျာဉ်မှူးဖြစ်ဖို့ လွယ်ပေမဲ့ ဥယျာဉ်မှူးကောင်းဖြစ်ဖို့တော့ အင်မတန်မှ ခက်ခဲလှပါတယ်… ဒီလိုပါပဲ မိဘဆိုတာ ဖြစ်ဖို့လွယ်ပေမဲ့ မိဘကောင်းဖြစ်ဖို့တော့ ခက်ခဲလွန်းလှပါတယ်… ဖြတ်သန်းရမယ့် ခရီးလမ်းက ကြမ်းတမ်းသလို ဇွဲရှိဖို့လဲ လိုပါတယ်… မိဘကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း….

Sunday, November 8, 2009

သို့.....

တစ်ခါတစ်ရံမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတဲ့အခါ ပေးဆပ်ရမှုတွေကလည်း များလွန်းလှပါတယ်...
ပေးဆပ်မှုတွေ ခံနိုင်ရည်ရှိဖို့ ကြိုးစားရင်း ရင့်ကျက်မှုဆိုတာလည်း ဖြစ်လာရပါတယ်...
ရင့်ကျက်ဖို့ ဖြစ်မလာခင်မှာ ခံနိုင်ရည်ရှိဖို့ ကြိုးစားရပါဦးမယ်....

ဖြစ်ချင်တာ မလုပ်နိုင်ပေမယ့် ဖြစ်သင့်တာကို လုပ်ကြရတဲ့အခါ အဲ့အပေါ်မှာ အကောင်းဆုံး လုပ်ဆောင်သွားကြရမှာပါ....
အကောင်းဆုံး ဖြစ်မလာခဲ့ရင်တောင် အဆိုးဆုံး မဖြစ်ဖို့ ကြိုတင် ပြင်ဆင်ရပါဦးမယ်...
ဒါကလည်း လောကရဲ့ နိယာမပဲ ထင်ပါရဲ့....

Thursday, October 22, 2009

နင်ရက်စက်တယ်

ကျောင်းဝင်းထဲမှာ ငါတို့နှစ်ဦး ပျော်ဖူးခဲ့တဲ့ နေ့တွေလဲ...
အတန်းသွားတက်ရင် အတူတူပဲ ငါလိုက်ပို့တဲ့အခါ နင်ပျော်တယ်...
ကျောင်းဆင်းတဲ့အချိန် ငါတို့နှစ်ဦး အတူစားခဲ့တဲ့ ထမင်းဆိုင်လဲ...
ခုတော့လဲလေ အိပ်မက်လား နင်က မေ့လို့ သွားပီထင်ပါတယ်...

(နင် ပုံပြင်လေးတွေ ပြောတယ်...
ငါ အိပ်မက်လေးရယ် ပျောက်ကွယ် ...
အချစ်ရယ် နင်ရက်စက်တယ်...
ရိုမီယို ဂျူးလိယက် မမှီနိုင်ဘူးဆို...
အာဒံ ဧ၀ထက် တို့ချစ်မယ်ဆို...
ခုတော့လဲလေ ပုံပြင်ထဲမှာ ချန်ထားခဲ့သူရေ...
ငါနဲ့ဝေးပြီးတော့ မနေနိုင်ဘူးဆို...
ငါတစ်ယောက်တည်းပဲ သိပ်ချစ်တယ်ဆို ...
ခုတော့လည်းလေ ငါနဲ့ အဝေးကို ထွက်သွားခဲ့သူရယ် ...
နင်ရက်စက်တယ်...)

လျှောက်ခဲ့ဘူးတဲ့ တောင်ပေါ်လမ်း ငါအရမ်းလွမ်းဆွတ်မိနေတယ် ...
ပခုံးလေးထက်မှာ နင်မှီရင်း ကျေနပ်ချော့ခဲ့ရတဲ့ အချိန်တွေရယ် ...
ငါ့လက်သည်းတွေ ရှည်လာတိုင်း နင်အမြဲဂရုစိုက်ခဲ့တော့လဲ...
ခုတော့လဲလေ အိပ်မက်လား နင်က မေ့လို့ သွားပီထင်ပါတယ်...

CHO2:
(နင် ပုံပြင်လေးတွေ ပြောတယ်...
ငါ အိပ်မက်လေးရယ် ပျောက်ကွယ် ...
အချစ်ရယ် နင်ရက်စက်တယ်...
ရိုမီယို ဂျူးလိယက် မမှီနိုင်ဘူးဆို...
အာဒံ ဧ၀ထက် တို့ချစ်မယ်ဆို...
ခုတော့လဲလေ ပုံပြင်ထဲမှာ ချန်ထားခဲ့သူရေ...
နင်ငါနဲ့ဝေးပြီးတော့ မနေနိုင်ဘူးဆို...
ငါတစ်ယောက်တည်းပဲ သိပ်ချစ်တယ်ဆို ...
ခုတော့လည်းလေ ငါနဲ့ အဝေးကို ထွက်သွားခဲ့သူရယ် ...
နင်ရက်စက်တယ်...)2

သီချင်းလေးကို နားထောင်ချင်တယ်ဆိုရင် ဒီမှာကလစ်နှိပ်ပါ...

(P.S - သီချင်းစာသားကို တောင်းဆိုထားတဲ့ ကိုဂျူဝသန်အတွက် လက်ညောင်းခံပြီး ရေးပေးလိုက်ပါတယ်... သူငယ်ချင်းများလည်း နားထောင်လို့ရအောင် သီချင်းကိုပါ ပြန်ဝေမျှလိုက်ပါတယ်... အဲ ထူးခြားချက်က သီချင်းစာသားစပ်တာရော သီချင်းဆိုတာရော မီးလေးမဟုတ်တာ တစ်ခုတည်း... ဟတ် ဟတ်။ ဈေးဝယ်တိုင်း ပြည်သွားတုန်းက ဈေးဆစ်ခဲ့တာကို အမြဲအမှတ်ရ နေမှာပါဗျာ... :P)

Monday, October 12, 2009

Microsoft Security Essential

Microsoft ကနေ Security Essentialဆိုတဲ့ Antivirus Softwareတစ်ခုကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ… ထိုဆော့ဝဲလ်က antivirus, spyware နဲ့ အခြား maleware တွေကို စစ်ဆေးပေးနိုင်ပါတယ်… ထို့အပြင် Schedules ပေးပြီးတော့လည်း စစ်နိုင်ပါသေးတယ်…
ဖိုင်ဆိုဒ်က 4386KBရှိပြီး အခမဲ့ Download လုပ်နိုင်တဲ့ ဆော့ဝဲလ် ဖြစ်ပါတယ်.. Microsoft Security Essentialကို အသုံးပြုမယ်ဆိုရင် Windows XP SP2, Windows Vista, Windows 7တို့ ရှိရပါမယ်…
ဒီဆော့ဝဲလ်လေးကို Downloadဆွဲချင်တယ် ဆိုရင်တော့ အောက်က Downloadဆိုတဲ့ စာတန်းလေးကို ကလိပ်နှိပ်ပြီး ဒေါင်းလုဆွဲသွားနိုင်ပါတယ်…
Download
Microsoft Security Essential ကို သုံးခြင်းဖြင့် သင့်၏ကွန်ပျူတာ လုံခြုံမှု ပိုမိုကောင်းမွန်နိုင်ပါစေလို့ ဆုတောင်းလျက်…. ( P.S  မီးလေးဆီမှာ အဆင်ပြေပေမယ့်... တချို့စက်တွေမှာ ကလုံးလိုင်စင်ဆို အဆင်မပြေဘူးလို့ သိရပါတယ်... စမ်းတော့ စမ်းကြည့်လိုက်ပါ... :P )

Wednesday, October 7, 2009

Shrikittaya 2.0 ခရီးသွားခဲ့သည်... ဇာတ်သိမ်း

ဘောဘောကြီးဘုရားကို ပတ်ပြီး တောလမ်းမှတစ်ဆင့် ဘဲဘဲလေးဘုရားကို ရောက်ခဲ့ပါတယ်... ဘုရားတွေက ခေတ်အဆက်ဆက် ဖြတ်လာခဲ့ရလို့ ပျက်စီးယို့ယွင်းနေပါပြီ... ထိုဘုရားကနေ ပြန်ထွက်လာတော့ လမ်းခလယ်ကောင်မှာ ကုန်းကုန်းကွကွနဲ့ လူတစ်စု မြေကြီးထဲကို ဆွနေကြပါတယ်... အနီးရောက်လို့ ကြည့်လိုက်တော့ ကိုညီလင်းဆက် ကိုသားဖြိုး ကိုသီဟန်နဲ့ နောက်တစ်ယောက်တော့ မမှတ်မိတော့ပါဘူး... မြေကြီးထဲ မြုပ်နေတဲ့ ကျောက်တုံးတစ်တုံးကို သစ်ကိုင်းခြောက် သေးသေးလေးတွေနဲ့ ၀ိုင်းတူးနေကြတာ... ကြိုးစားပန်းစားနဲ့ တူးလာလိုက်တာ နောက်ဆုံးတော့ ထိုကျောက်တုံးကို ရပါပီ... ကျောက်တုံးကို ရပီဆိုရင်ပဲ ကိုသားဖြိုးတစ်ယောက် သူပဲကိုင်ထားပြီး ဒါငါတူးလို့ရတာဆိုပြီး ကြွားလုံးထုတ်ကာ သူ့လက်က မလွတ်တော့... မီးလေးတို့ကိုလည်း ဒီကျောက်တုံးကို နမ်းရင် စာမေးပွဲအောင်တယ်ဆိုပြီး လိုက်နမ်းခိုင်း နေပါသေးသည်၊ ပြီးတော့ ပြောလိုက်သေး အတည်ပြောနေတာဆိုပဲ...
ထိုကျောက်တုံးနဲ့ ကိုသားဖြိုး လူတကာကို လိုက်စနေ၏... ရှေ့က အုပ်စုတွေနဲ့လဲ မျက်ခြေပြတ်သွားခဲ့ပြီ မီးလေးတို့တွေပဲ ရှိတော့သည်၊ အနီးအနားက ဘုရားဘေးက တောင်ကုန်းပေါ်တက်ပြီး အဖွဲ့တွေ ရှိ/ မရှိ တက်ချောင်းသေး၏... နောက်တော့ ဗိဿနိုးသင်္ချိုင်း ရှိရာသို့ ခြေဦးလှည့်ခဲ့ကြလေသည်... ဗိဿနိုးသင်္ချိုင်းထဲမှာတော့ ငုတ်တုတ်ထိုင်တဲ့သူက ထိုင်၊ မတ်တတ်ရပ်တဲ့သူက ရပ်နဲ့၊ ကိုအောင်မျိုးဟန် တစ်ယောက်ကတော့ ဘာတွေပွားနေသည် မသိ.... ကိုသားဖြိုးကတော့ အလုပ်ရသွားပီလေ ကျောက်တုံးကို ကိုင်ပြီး ကျောက်တုံးကို နမ်းရင် ဘာဖြစ်သည်၊ ညာဖြစ်သည်ဆိုပြီး အယုံသွင်းနေသည်... သင်္ချိုင်းထဲမှာ ရေတွင်းဝလို တွင်းလေးတွေရှိပါတယ်... ရေတွင်းထဲက ပုပ်နံ့ ရတယ်ပြောလိုပြောနဲ့ အချင်းချင်း ပေါက်ကရတွေ ပြောပြီး စနောက်နေကြလေသည်... တအောင့်တနားနေပြီး အားလုံးလဲ ဗိုက်ဆာနေကြပြီလေ... ကားဆီသို့ တောလမ်းအတိုင်း ခြေလျှင်ပြန်လျှောက်ခဲ့ ကြလေသည်... လမ်းမှာ ခြေထောက်က မသယ်ချင်တော့ နေကပူ၊ ဗိုက်ကဆာ၊ ခြေထောက်ကလည်း ညောင်းဆိုတော့ ကိုရီးယားထဲကလို ကုန်းပိုးမယ့်လူရှိရင် ကောင်းမှာပဲလို့တောင် တွေးမိသေး(ဟေ့ ဟေး)...
ကားနားပြန်ရောက်တော့ အချို့က နေပူထဲကနေ အဲကွန်းထဲဝင်ရင် ဖျားမှာစိုးပြီး ဇရပ်တခုမှာ နားကြပါတယ်... မီးလေးကတော့ ကားပေါ်မှာပဲ အဲကွန်းအောက် သွားထိုင်နေလိုက်တယ်... တအောင့်ကြာတော့ သရေခေတ္တရာမြို့ဟောင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်... ဂိုက်ကောင်လေး လိုက်ပို့တဲ့ ထမင်းဆိုင်တန်းဆီ ဆင်းတယ်ဆိုရင်ပဲ သူ့အုပ်စုနဲ့သူ ဆိုင်အသီးသီးကို ၀င်ကြပါတယ်... ကံဆိုးသည်က မီးလေးတို့သာ ထိုင်မိတဲ့ထမင်းဆိုင်က ကုန်နေလို့ တခြားဆိုင် ပို့ပေးပါမယ်ဆိုပြီး နောက်တဆိုင်ပို့ပေးပါတယ်... ဘာဆို ဘာမှမရ ရတဲ့ဟင်းတွေကလည်း ဘာအရသာမှ မရှိ မီးလေးက သက်သက်လွတ်စားနေတာဆိုတော့ မျှစ်ကြော်ပဲရတယ်တဲ့... မီးလေးလည်း ရတဲ့ မျှစ်ကြော်ခြောက်ခြောက်ကိုပဲ ရေနဲ့ဖျော်ပြီး မော်လမြိုင်ထမင်းလုပ်စားရတော့တာပေါ့... ထမင်းသာ ပြောတယ် ဆန်အတိုင်းပဲ မာတောင့်နေတာပဲ... မီးလေးတသက် ထိုဆိုင်ကို မေ့တော့မည် မဟုတ်...
ထမင်းမစားကောင်းသောငြား၊ ကိုဂျူဝသန်ဈေးဆစ်တဲ့ပုံကြောင့် ရီခဲ့ရပါသေးတယ်... သမိုင်းဆရာ လို့တောင် မထင်ရ အတည်ပေါက်နဲ့နောက်နေတာ ဈေးရောင်းတဲ့ အန်တီကြီး စိတ်ညစ်မှာ ကျိန်းသေသည်... နောက်များမှ အသေးစိတ် ဖောက်သည်ချပါမည် (အဲ ဈေးဆစ်ဖို့ဆို ကိုဂျူဝသန်သာ ခေါ်သွား အလကားတောင် ရချင်ရမည်....:P) ကားပေါ်တက်ခါနီး ကိုအောင်မျိုးဟန်က ညီမလေး နင်ငါတို့ စားတဲ့ဆိုင် ဘာလို့မလာတာလဲဟာ အရမ်းစားကောင်းတာတဲ့... မီးလေးက ဟုတ်လားပေါ့ နောက်တော့မှ ကောင်းဆို ၀က်သာစားလည်း ဒီအရသာ၊ ကြက်သားစားလည်း ဒီအရသာ၊ ဆိတ်သားစားလည်း ဒီအရသာတဲ့လေ... ထမင်းစားပြီးနောက် ရွှေတောင်မြို့က ရွှေနတ်တောင်ဘုရားကို သွားရောက် ဖူးမျှော်ကြပါတယ်... လမ်းမှာ ထမင်းမနပ်တာ စားထားတဲ့အတွက် အစာအိမ်က ရောဂါထလာပါတော့သည်... :((
ဘုရားဆောင်းတန်းတွေ ပြင်နေတဲ့အတွက် ရွာက လုပ်အားပေးတဲ့သူတွေက ဘုရားရင်ပြင်မှာ အပြည့်ပါပဲ... လုပ်အားပေးကြတဲ့သူတွေကို သာကူတိုက်ပါတယ်... မီးလေးတို့လည်း ဘုရားကို ညာရစ်ဖူးမျှော်ပြီး ဆောင်းတန်းတစ်ခုမှာ ဓာတ်ပုံတွေ ရိုက်ကြပါတယ်... ချောင်ထဲမှာ ခွေခွေလေး အိပ်နေတာကတော့ မမပင့်ပါပဲ... အတော်ပင်ပန်းနေရှာတယ် မပင့်ဘေးနားမှာ ကိုဂျူဝသန် အမျိုးမျိုး ပို့စ်ပေးပြီး ဓာတ်ပုံဝိုင်းရိုက်နေကြတာတောင် မသိလိုက်၊ ခဏနေတော့ အသံချဲ့စက်မှ အသံတစ်သံထွက်လာပါသည်... ရန်ကုန်မြို့မှ ကျောင်းသားကျောာင်းသူများ သာကူလာသောက်ကြပါဆိုပြီး လှမ်းခေါ်ပါသည်... ထိုအသံလည်း ကြားရော ဘယ်တုန်းထဲက စားချင်နေကြသည်မသိ သာကူသွားသောက်ကြပါသည်... မီးလေးကတော့ ဗိုက်အောင့်လို့ ကားပေါ်မှာပဲ သွားနားနေ လိုက်ပါသည်... ခဏနေတော့ ကားကလေးသည် တဖြေးဖြေးရွှေတောင်မြို့ကို စွန့်ခွာလျှက်....
ကားပေါ်မှာ စောနေသေးတဲ့အတွက် ချောင်းသာကို ဆက်သွားကြဖို့ တိုင်ပင်ကြပါတယ်... အားလုံးက သွားမယ်ဆိုတာချည်းပဲ ၄ ၅ယောက်လောက်သာ အလုပ်တွေရှိတာကြောင့် မလိုက်နိုင် ရေပြာကို ၀င်မယ် ရေပြာရောက်မှ ဆက်ဆွေးနွေးမယ်ဆိုပြီး ကားပေါ်မှာ သီချင်းဆက်တိုင်း ကစားကြပါတယ်... ကားရှေ့ခြမ်း(အိမ်ရှေ့)ကတစ်ဖွဲ့ ကားနောက်ခြမ်း (နောက်ဖေးခြမ်း)က တစ်ဖွဲ့ ကစားကြတာ မီးလေးတိုက နောက်ခြမ်းက နိုင်ပါတယ်... ဟီ ဟိ။ ကားပေါ်မှာ ဆော့လာကြတာ ရေပြာ ဘယ်လိုရောက်လို့ ရောက်လာမှန်းတောင် မသိရောက်လာခဲ့၏... ကားပေါ်ကဆင်းတော့ အော်ဂနိုက်ဇာအချို့ ချောင်းသာကိစ္စ ဆက်ဆွေးနွေးကြ၏... နောက် လက်ဆောင်လဲဖို့ ပစ္စည်းတော်တော်များများက မပါလာကြ၍ ပါသလောက် မဲနိုက်ဖို့ ကိုဖိုးသူတော်နဲ့ မမဘာညာက ဦးဆောင်ပြီးလုပ်ကြပါသည်... ကံဆိုးစွာနဲ့ ပစ္စည်းထည့်ပြီး မပေါက်ဘူးဗျာ... ကံကိုကအဲလို ကောင်းတာ... ဟာ ဟ။ ထို့နောက် ရေချိုးတဲ့သူကချိုး၊ ဆိုက္ကားသမား ကိုစိုးကြီးကလည်း ရောက်ရာနေရာ တွေ့ရာ ဆိုက္ကားတက်နင်းတော့တာပဲ... ကိုအောင်မျိုးဟန်ကြီးကလဲ ခန့်ခန့်ကြီး ထိုင်စီးလို့ ပိုက်ဆံတော့ မပေး အလကားစီးတာ... :D။ နောက်တော့ သောက်တဲ့သူကသောက်၊ စကားပြောတဲ့သူကပြောကြနဲ့ ညနေစောင်းလို့ မှောင်ရီပျိုးခဲ့ပါပြီ... My Suboo က ကိုစိုးမိုးက မီးလေးတို့ကို ဒီဇင်ဘာ ကျိုက္ကထီးရိုးလိုက်ဖို့ ခေါ်ပါတယ်... အဝေးကြီးလိုသေးလို့ အနားနီးမှ ထပ်ပြောမယ်လို့ ပြောလိုက်ပါတယ်... ပြီးတော့ ကြေးနန်းရိုက်တိုင်း ဆော့ကြပါတယ်... တစ်ယောက်က တိုးတိုးလေးပြောတာကို တဆင့်ဆင့်ပြောရတာ နောက်ဆုံးတစ်ယောက်က ဘာဆိုတာကိုပြောပြီး မဟုတ်ရင် ဘယ်သူကစမှားလဲ ဆိုတာ မေးပြီး စမှားတဲ့သူကို ခိုင်းတာလုပ်ကြေးဆော့ကြပါတယ်... တဖြည်းဖြည်းနဲ့ ၀ိုင်းကကြီးလာတယ်၊ မှားတာတွေကလည်း သောက်သောက်လည်၊ ခိုင်းတာတွေကလည်း ပေါက်ကရတွေ ရီရလွန်းလို့ ဗိုက်ကြောတွေတောင် နာလာတယ်... နောက်အုပ်စုလိုက် ဓာတ်ပုံရိုက်ကြပါတယ်... ထို့နောက် ရေပြာကို နှုတ်ဆက်ထွက်ခွာရင်း ပေါင်းတည်ဘုရားပွဲကို ၀င်ကြပါတယ်...
ဘုရားပွဲကို လည်ဖို့ နာရီဝက်ပေးပါတယ်၊ လူစုကွဲမှာစိုးလို့ ရေချိုးပြီး အချို့က အင်္ကျီလဲထားလို့ MBS ၀တ်စုံ ပြန်ဝတ်ခိုင်းပါတယ်... မီးလေးကတော့ အပေါ်ကပဲ ထပ်ဝတ်လိုက်ပါတယ်.... ဘုရားပေါ်မှာ ဘုရားဖူးပြီးတော့ ကိုညီလင်းဆက်က ရှေ့သွားမယ့် ခရီးစဉ်အစီအစဉ်ကို ပြောပြပါတယ်... အားလုံးက ငြိမ်ပြီး နားထောင်နေကြတော့ ဘုရားလူကြီးတွေ မျက်စိနောက်သည်ထင်ပါ့ ခဏခဏပတ်လျှောက်ပြီး ရစ်သီရစ်သီကြည့်နေသေး၏... ပြီးတော့ လွတ်ကျခဲ့တဲ့မြို့တော် ဘလော့ဂါကြီးအတွက် ဆုတောင်းပေးကြပါတယ်... ထို့နောက် ပေးထားတဲ့ နာရီဝက်လည်း ပြည့်လို့ ပွဲဈေးမလည်ရဘဲ ကားရှိရာသို့ ခြေဦးတည့်ခဲ့ကြပါတယ်...
ကားပေါ်မှာ မိတ်ဆက်ကြပါတယ်... ပြီးတော့ တစ်ယောက်က အကြိုက်ဆုံး ဘလော့ဂါ ၅ခုကို ပြောရမယ်တဲ့... သေရော မီးလေးက အားလုံးကို ကြိုက်တော့ ပြောရခက်ပီလေ၊ အစ်ကိုတော် နှစ်ယောက်ဖြစ်တဲ့ ကိုအောင်မျိုးဟန်နဲ့ ကိုအရုပ်တမာ အဲလေ ကိုအရုပ်တော့ ပါအောင် ပြောရတယ်... တယောက်ပါပြီး တယောက်မပါရင် ရန်ကုန်တောင် မီးလေး ပြန်ရောက်မှာ မဟုတ် အရိုးတခြား အသားတခြား ဖြစ်သွားနိုင်သည်လေ... :P။ ထို့နောက် ခရီးစဉ်အဆုံးသတ်၍ ရန်ကုန်ကို ကားကြီးက ပြည်ကိုဖြတ်၊ အမှတ်တရတွေနဲ့အတူ ၄၁ယောက်ခွဲကို သယ်ဆောင်လာကြပါတယ်... တရိပ်ရိပ်နဲ့ ပြည်မြို့ကလည်း ကျန်ခဲ့ပြီ၊ ကားကမနားဘဲ တောက်လျှောက်မောင်းလာရာ လက်ပံတန်း အသွားတုန်းက ဆိုင်မှာ ၀င်နားပါတယ်... အသွားတုန်းက ဆီထမင်းဆိုင်နားမှာ ဆီထမင်းဝယ်စားတဲ့သူက အများသား၊ မီးလေးကတော့ ဘာမှ မစားတော့ဘဲ ထိုင်နေလိုက်တယ်၊ ခရီးလည်းပန်းနေပြီ၊ အိပ်လည်း အိပ်ချင်နေပီလေ... အစ်ကိုဇောင်းက မီးလေးကို ဟိုမှာ ကြည့်စမ်းဆိုပြီး ပြပါတယ်... အားလားလား ဂဏန်းကြော်ဗန်းမှာ လောက်တွေ တကောင် နှစ်ကောင်ထဲမှ မဟုတ်ဘဲ နဲတာမဟုတ်ဘူး... ကိုအောင်မျိုးဟန် လာတော့တောင် မစားနဲ့လို့ သတိပေးသေးတယ်... သွားတုန်းက သူတို့စားပြီး ဗိုက်တွေနာလို့တဲ့... မီးလေးလည်း ပြောမကောင်းလို့ ဒီအတိုင်းပဲ နေလိုက်တယ်... အဲ့ဗန်းကိုတော့ ဓာတ်ပုံရိုက်လာခဲ့သေးတယ်... အလင်းရောင်ကြောင့် အခွံတွေထဲကတောင် အကောင်တွေ ထွက်လာသေး... ခရီးသွားတဲ့သူများ လက်ပံတန်းရောက်ရင် သတိထားဖို့ပါ...
လက်ပံတန်းကနေ ဘယ်မှ မနားတော့ဘဲ ရန်ကုန်ကို မောင်းလာလိုက်တာ ရန်ကုန်နားဝင်ခါနီးမှာ ရင်ထဲကို ဟာတာတာခံစားမှုတခု ၀င်ရောက်ခဲ့ပါတယ်... တချိန်က အတူတူပျော်ရွှင်ခဲ့တဲ့သူတွေနဲ့ ရန်ကုန်ဝင်ရင် ခွဲခွာရတော့မှာပါလားဆိုတဲ့ အသိတခုကြောင့် အလိုလိုဝမ်းနည်းလာပါတယ်... ရန်ကုန်ကို ရောက်တဲ့အခါ သူတို့လဲ အလုပ်ကိုယ်စီ၊ ကျောင်းကိုယ်စီနဲ့ အကုန်စုံဖို့ဆိုတာလဲ မလွယ်တော့ပီ... အားလုံးကို ယခင်လို ဘလော့တွေမှာ ဖေ့ဘွတ်ခ်တွေမှာ ချက်တင်မှာမှလွဲ၍ တွေ့ဖြစ်ဖို့ဆိုတာ မီးလေးအနေနဲ့ မလွယ်ပီ.... ချက်တင်တောင် တွေ့ပီး မပြောဖြစ်တာများသည်လေ... ပျော်ရွှင်ခဲ့တဲ့ အပျော်တွေ၊ အမှတ်တရတွေနဲ့ လွမ်းစရာတွေထွေးပိုက်လို့ ရန်ကုန်မြို့ထဲကို ၀င်လာခဲ့ပါပြီ... ခရီးသွားတိုင်း ဘယ်လောက်ပဲ ပျော်ခဲ့ပျော်ခဲ့ ရန်ကုန်ဝင်ခါနီးတိုင်း ၀မ်းနည်းမှုက အမြဲရင်မှာအပြည့်နဲ့ အိမ်ပြန်လမ်းဟာလည်း တိတ်ဆိတ်လို့ နေခဲ့ပါတယ်...
ဖေ့ဘွတ်ခ်ပေါ်မှာ ပြည်က ဓာတ်ပုံတွေ တင်ထားပြန်တော့လည်း ဖေ့ဘွတ်ခ်ပွဲတော်ကြီး ကျနေတာပဲ ပျော်ရွှင်ခဲ့ရသေးပါသည်....

(စာကြွင်း။            ။ ကျောင်းစာတွေကြောင့် နောက်ကျသွားတာ နားလည် ခွင့်လွတ်ပေးကြပါနော်...)

Wednesday, September 30, 2009

မြန်မာအဘိဓာန်

မြန်မာတွေ ဖြစ်ပြီး မြန်မာစကားလုံးသုံးတဲ့အခါမှာ ရေးတာပဲဖြစ်ဖြစ်၊ ပြောတာပဲဖြစ်ဖြစ်၊ ဖတ်တာပဲဖြစ်ဖြစ်၊ မှားဖတ်တာမျိုး၊ အဓိပ္ပာယ်လွဲကောက်တာမျိုး ကြုံခဲ့ဖူးကြမှာပါ... Language Schoolတွေမှာ အင်္ဂလိပ်စာ၊ တရုတ်၊ စပိန်၊ ထိုင်း ဘာသာစကား သင်တန်း ကျောင်းတွေ မြို့တော်ရန်ကုန်ကစလို့ နယ်မြို့လေးတွေအထိ သင်တန်းတွေအများကြီး တွေ့ရပေမယ့် မြန်မာဘာသာ စကားရယ်လို့ ဖွင့်တဲ့သင်တန်းကျောင်း မရှိသေးပါဘူး... U.F.L မှာသာ မြန်မာသာသာစကားကို ဒီပလိုမာတန်း၊ ဘွဲ့တန်းဆိုပြီး တစ်ခုတည်းသာ ရှိပါတယ်... တက်တဲ့သူတွေကလည်း နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေပါပဲ... တကယ်တော့ မြန်မာတွေကိုယ်တိုင် မြန်မာစကားကို မပြောတတ်တာ အများကြီးပါ၊ အများပြည်သူ သွားလာနေတဲ့ နေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ တွေ့ရပါလိမ့်မယ်... အများစုက သတ်ပုံမှားနေတာတွေ့ရပါတယ်...

မြန်မာဘာသာ၊ မြန်မာစကားလေ့လာနေကြတဲ့ နိုင်ငံခြားသားတွေအတွက် ရယ်စရာ ပြက်လုံးတွေ စီကာကုံးသလိုနှယ်... မှားကြတာတောာ့ မီးလေးအပါအ၀င် အားလုံးနည်းပါး ပါပဲ... ခုတော့ စာလုံးပေါင်း သတ်ပုံဖြေရှင်းဖို့အတွက် အတန်သင့်ပူစရာမလိုတော့ပါဘူး... ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ ဦးစီးဌာနမှာ ဒုတိယအကြိမ်ထုတ်ဝေတဲ့ မြန်မာအဘိဓာန်ဆိုတဲ့ စာအုပ်ကို စာပေဗိမာန်စာအုပ်ဆိုင်မှာ အမှတ်မထင်တွေ့ရင်း ဆော့ဝဲလ်စီဒီပါ,ပါလို့ ၀ယ်လာပြီး သူငယ်ချင်းများအတွက် ပြန်လည်မျှဝေ လိုက်ပါတယ်... မြန်မာအဘိဓာန်ကို လိုချင်ရင်တော့ ဒီမှာကလစ်နှိပ်ပြီး ဒေါင်းလုဝ်ဆွဲသွားနိုင်ပါတယ်ရှင့်...

Thursday, September 24, 2009

အဝေးသင်စာမေးပွဲ

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်
၂၀၀၉ ပညာသင်နှစ် ပထမအသုတ် အတန်းတင်စာမေးပွဲများကို ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (သိပ္ပံအထူးပြု) ကျောင်းသား ကျောင်းသူများ အောက်တိုဘာလ ၅ရက်မှ ၁၂ရက်ထိ ကျင်းပမည်ဟု သိရပါသည်။

Monday, September 21, 2009

အကြွားပြိုင်ပွဲ

ဘုမသိ ဘမသိနဲ့ ပြိုင်ပွဲထဲကို ရောက်လာတဲ့ ဖြစ်ရပ်.... မနက်ဖြန်မွေးနေ့ဆိုတော့ အလုပ်တွေ နည်းနည်းရှုပ်နေလို့ ဂျီတော့ပ်တောင် မ၀င်နိုင်ဘူး... မေးလ်ဝင်စစ်ဦးမှလေဆိုပြီး ၀င်လိုက်တယ်ဆိုရင်ပဲ အစ်ကိုတော် idulize ဆီက “တုန်”ဆိုတဲ့ အသံနဲ့အတူ မက်စေ့လေးတစ်စောင်ရောက်လာပါတယ်... “http://www.eainhome.co.cc ဖတ်ဖြစ်အောင် ဖတ်ပါ” တဲ့... ဒါအစ်ကိုတော် ကိုအိမ်ရဲ့လင့်ပဲ ဘာတွေများ အထူးအဆန်းတွေ လုပ်နေလဲ မသိဆိုပြီး ၀င်ကြည့်တော့ အကြွားပြိုင်ပွဲလုပ်မည်တဲ့လေ... ကြွားတတ်ဝူး အားပေးမယ်ဆိုပြန်တော့လေ ကိုအိမ်ဆီက မက်စေ့ ၀င်လာပြန်တယ်... အိမ်လာပြီး အကြွားပြိုင်တဲ့...

ဘာတွေ အကြံထုတ်နေသည်မသိ ကိုအိမ်ဆိုသူက မယုံရတဲ့ထဲမှာ ထိပ်ဆုံးကပါသည်လေ... ဒါပေမဲ့လည်း သေချာပြိုင် ပြီးရင်ပြောပြမယ်ဆိုတော့ ဘာရယ်ကလဲ သိချင်ပြန်... ဒါနဲ့ ဘာပြင်ဆင်မှုမှမရှိဘဲ နိုင်တာရှုံးတာပဓာန ယှဉ်ပြိုင်ချင်းသာ အဓိကပဲလေဆိုပြီး ရေးဖို့ ပြင်လိုက်ပါတယ်... (သိပ်တော့ မကြွားတတ်ရှာပါဝူး... ဟီ ဟိ)

မနက်ဖြန် မီးလေးရဲ့ ၂၃နှစ်မြောက်မွေးနေ့မှာ ရမယ့် လက်ဆောင်တွေကို အရင်ဆုံးကြွားမယ်... (ခွီ ခွိ... မကြွားချင်ရှာဘူးမို့လား )
၁. ROMANSON ရဲ့ ၂သိန်း သုံးသောင်းတန် နာရီလေးတစ်လုံး
 (အဲ... ကြွားတယ်လို့တော့ မထင်ပါနဲ့ အရှိကို အရှိတိုင်းပြောတာပါ... ဟတ် ဟတ်)

၂. LG Branded အ၀တ်လျှောက်စက် ၂သိန်းကိုးသောင်းတန်တစ်လုံး
 (ဘယ်အချိန်ထဲကများ ပြောချင်သည်မသိ... မယုံရင် ပုံပြင်လို့မှတ်... :P)

၃. MARK II ကားလေးတစ်စီး
 (ဒါကတော့ လိုချင်တာ.. ဘတ်စ်ကားစီးရတာ ပင်ပန်းလို့ TAXI စီးသွားနေရတာ ပိုက်ပိုက်ကုန်လို့... ဟာ ဟ)

၎. မီးလေးနေတဲ့ရပ်ကွက်
 (အဲဗားမီးကလည်း ၂၄နာရီလာတယ်... ရေဆိုတာလည်း ပြတ်ဖို့နေနေသာသာ ရေအားလျော့နည်း သွားခြင်းတောင် အလျင်းမရှိ... သြော.ချလောက်အောင် နေချင်စရာကောင်းတဲ့ ရပ်ကွက်လေးပေါ့... )

၅. မီးလေးသုံးနေတဲ့ အင်တာနက်
 (ကောင်းလိုက်တဲ့ ကော်နက်ရှင်... ကောင်းလွန်းလို့တောင် အင်တာနက်ဆိုင်တွေက မှိုလိုပေါက်နေ၏... ဂျီတော့ပ်ဆိုတာလဲ Automatic သာလုပ်ထား တုန် တုန်ဆိုပြီး ထထအော်မှာ အမှန်ပင်... အဲ ဘလော့စပေါ့ဆိုလည်း ကျော်စရာခွစရာမလို... YouTubeနဲ့ Movieကြည့်ရတာလည်း ကောင်းမှကောင်း...  Access deniedဆိုတာတောင် ဘာမှန်းမသိ... :P  Download, Uploadဆိုတာလဲ စိတ်ထက်တောင်မြန်သေး... ဟေ့ ဟေး)

၆. မီးလေးက တနေ့ကို ၁၀သန်းလောက် ၀င်တဲ့ သန်းကြွယ်သဌေးကြီးရှင့်... (မယုံရင် ဖေ့ဘွတ်ခ်မှာ သွားကြည့်... တစ်နေ့တစ်နေ့ တိုက်လိုက်ရတဲ့ ဓားမြ... ခိုးလိုက်ရတဲ့ အသီးတွေ... အဲဒါတွေနဲ့တင် တော်တော်ဟုတ်နေပြီ... :P )


တော်ပီ ဆက်မကြွားတတ်တော့ဘူး... မကြွားတတ်ပါဘူးဆိုမှ အတင်းကြွားခိုင်းနေတာကိုး... ဒီတော့လည်း ဦးဏှောက်တည်းက ဖျစ်ညှစ်ပြီးရေးလိုက်တယ်... :)))))

Sunday, September 20, 2009

ညဉ်းဖြစ်တဲ့ သီချင်းများ

ခုတလော Tagအကြွေး၊ ပို့စ်အကြွေးများနှင့် ကျောင်းမှ Assignment အကြွေးများ၊ Project အကြွေးများ ပတ်လည်ရိုက်နေ၏... တဖြည်းဖြည်းအကြွေးများကို ရှင်းမည်လုပ်လိုက် ကျောင်းက Assignmentတွေ ထပ်ပါလာလိုက်နှင့် ဒီကြားထဲ ရာသီဥတုကြောင့်လားတော့ မသိ ခေါင်းတွေကလည်း နေ့စဉ်ကိုက်နေ၏... ပိုဆိုးသည်မှာ စိတ်မ၀င်စားသော Programming (C++)အချိန်ဆို ပိုကိုက်၏... (:P) မသင်လို့လည်း မရ အဲဒါမှ မတတ်ရင် LINUXချိန် ပြဿနာတက်မည်လေ... ဘယ်သူ့မှပေးတဲ့ ၀န်ထုပ်မဟုတ် ကိုယ့်ဘာသာ ယူထားတဲ့ ၀န်ထုပ်၊ ယူထားမှတော့ အကောင်းဆုံးမဟုတ်တောင် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ရမည်ဟု စိတ်တွင်စွဲနေ၏... ညဉ်းနေ၍ကား မရပြီ စခဲ့တဲ့လမ်းတော့ ဘယ်လိုပဲ ဖြစ်နေပါစေ ဆုံးအောင်တော့ လျှောက်ရမည်သာ... ကြားထဲမှာ လက်ကစာရေးလို့ မရအောင် ရောင်နေပြီး နည်းနည်းလေး အလုပ်လုပ်လိုက်တာနဲ့ တဆစ်ဆစ်နဲ့ကိုက်နေပြန်၏... အဲ...အဓိကပြောချင်တာက Tagထားတဲ့ အစ်ကို၊အစ်မများ မီးလေးပြန်ရေးတာ နောက်ကျနေတာကို ခွင့်လွတ်စေချင်ပါသည်...

Tagထားတယ် ရေးဖို့သာပြင်ပေတော့ဆိုပြီး "ညဉ်းဖြစ်သော သီချင်းများ" ခေါင်းစဉ်နဲ့ ကိုဇောင်းက တပ်ထားပါတယ်... အဲဒါမှ ခက်ပြီ မီးလေးနေ့တိုင်း ညဉ်းနေတဲ့ သီချင်းက နည်းမှ မနည်းပဲ... တစ်ယောက်တည်း နေတာများတဲ့အကျင့်ကြောင့် တစ်ယောက်တည်း ရှိဖြစ်တဲ့အချိန်တိုင်း MP3က မီးလေးရဲ့ အကောင်းဆုံးအဖော်ပဲလေ... ဒီတော့ သီချင်းတော်တော်များများလည်း နားထောင်ဖြစ်သလို နားထဲမှာ နားထောင်လို့ကောင်းတဲ့ သီချင်းမျိုးတွေ၊ ခံစားလို့ရတဲ့ သီချင်းမှန်သမျှ အားလုံးကြိုက်၏...

ခုတလော ပါးစပ်ထဲမှာ စွဲနေတဲ့သီချင်းတွေကတော့
၁. ကောင်းမြတ်ရဲ့ ချစ်ခွင့်ရချင်ပြီ   : ဒီသီချင်းလေးကိုတော့ အစဦးဆုံး ၀င်လားတဲ့ကီးကို ကြိုက်တာလဲ ပါတယ်... ပြီးတော့ ကောင်းမြတ်ရဲ့ “မင်းရဲ့ဆံနွယ်တွေ လေမှာလွင့်နေတယ်...”ဆိုတဲ့ အသံလေးက နားထောင်လို့ကောင်းပြီး နားထဲမှာ စွဲကျန်နေလို့ ညဉ်းဖြစ်တဲ့ သီချင်းများရဲ့ ပထမနေရာရသွားပါတယ်...

၂. ဗီနိုထွန်းရဲ့ ပြန်မဆုံဖြစ်ကြရင် : ဒီသီချင်းလေးရဲ့ “လမ်းခွဲခြင်းက ပူလောင်လွန်းတယ်... ဒါအမုန်းမဟုတ်ဘူး မင်းအတွက် ပေးဆပ်ခြင်းပဲ... ငါသွားမဲ့လမ်း ကြမ်းတမ်းနေမယ်... မင်းနားလည်ပါ ချစ်တဲ့သူ... နင်ဟာ ငါ့ရဲ့ ကမ္ဘာ... နင်ဟာ ငါ့ရဲ့ အသည်း... နင်ဟာ ငါ့အိပ်မက်ပါ... နင်ဟာ ငါ့မျှော်လင့်ချက်... ငါတို့ဝေးသွားရင် ပြန်မဆုံဖြစ်ကြရင် မင်းနှလုံးသားမှာ ငါအမြဲတမ်းရှိပါစေ...”ဆိုတဲ့ အပိုဒ်လေးကို အရမ်းကြိုက်လို့ ညဉ်းဖြစ်တဲ့ သီချင်းများရဲ့ ဒုတိယနေရာရသွားပါတယ်...

၃.  Romeoရဲ့ နင်ရက်စက်တယ် : ဒီသီချင်းကို ဘာလို့ကြိုက်တာလဲဆို သီချင်းဆိုတဲ့သူကို သနားလို့ ကြိုက်တာ... ဟီ ဟိ။ “နင်ရက်စက်တယ်”ဆိုပြီး ဆိုတဲ့ နေရာမှာ တကယ်ကို သနားစရာကောင်းတဲ့ အသံလေးနဲ့ဆိုသွားတာ နားထောင်ရင်းနဲ့ သနားသွားလို့ ကြိုက်တာ... ပြီးတော့ “ရိုမီရို ဂျူးလိယက် မမီနိုင်ဘူးဆို... အာဒမ် ဧ၀ထက် တို့ချစ်မယ်ဆို ခုတော့လည်းလေ ပုံပြင်ထဲမှာ ချန်ထားခဲ့သူရေ... နင်ရက်စက်တယ်”ဆိုတဲ့ တပိုဒ်လုံးကို ကြိုက်တယ်... ဒါကြောင့် ဒီသီချင်းလေးကို တတိယညဉ်းဖြစ်တဲ့ သီချင်းများနေရာ ပေးလိုက်တယ်... ခွိ ခွိ

၎. ချစ်သုဝေရဲ့ အဖြူရောင်လေး : ဒီသီချင်းလေးက စာသားတွေကြိုက်လို့ ညဉ်းဖြစ်တဲ့သီချင်းလေး ဖြစ်ပါတယ်... ဒါကြောင့် စတုတ္ထနေရာ ပေးထားပါတယ်... :D

၅. NOရဲ့ ဘယ်သောအခါမှ : "ဘယ်သောအခါမှ ပြန်လည်ဆုံတွေ့ရမှာလဲ ဖြေဦးချစ်လေးရေ... ဘယ်သောအခါမှ တို့နှစ်ယောက်နီးစပ်ရမှာလဲ ပြန်တွေးကြည့်ဦးလေ... နင်ဟာ ငါ့ဘ၀ထဲက ထုတ်လို့မရတဲ့ အိပ်မက်လေးပါ... ငါကြိုးစားပြီးတော့ ပေးဆပ်ချစ်ခဲ့တာ... နှလုံးသားနဲ့ ရင်းပြီးတော့ မိုင်ပေါင်းကုဋေကုဋာ မင်းရှိတဲ့အရပ် ရွက်လွင့်လာဦးမှာ..." ဒီအပိုဒ်လေးက ဘယ်သူ့ကို ဆိုလိုမှန်းမသိ ... ဟိ ဟိ။ ပဉ္စမမြောက် ညဉ်းဖြစ်တဲ့ သီချင်းလေးပါ...

၆. NOရဲ့ မငြင်းပါနဲ့ : ဒီသီချင်းလေးက "မလာချင်ရင်နေပါ နင်ထွက်မပြေးပါနဲ့... မကြင်နာချင်ရင်နေပါ နာကြင်အောင် မလုပ်လိုက်နဲ့... မလိုချင်ရင်နေပါ နင်လေ မလွန့်ပစ်နဲ့...” မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို မချစ်ချင်နေပါ သူ့ကို နာကျင်အောင်မလုပ်ပါနဲ့လို့ ဆုတောင်းနေတဲ့ သနားစရာ မိန်းကလေးတစ်ယောက်အဖြစ် ခံစားလို့ ရလို့ ညဉ်းဖြစ်တဲ့ စာသားလေးပေါ့... သူကတော့ ခြောက်ပုဒ်မြောက် ညဉ်းဖြစ်တဲ့ သီချင်းလေးပေါ့... :P

၇. NOရဲ့ နှုတ်မဆက်နဲ့ : ဒီသီချင်းက သံစဉ်နဲ့ စာသားနဲ့ Matchဖြစ်လို့ ကြိုက်တာ စာသားဆိုတဲ့ အဆိုတော်ရဲ့ ဆိုတဲ့အသံက နားထဲကို မှတ်မှတ်ရရဆွဲထင်နေလို့ ညဉ်းဖြစ်တဲ့စာသားလေးပေါ့... “နှုတ်မဆက်နဲ့ ငိုမိလိမ့်မယ်... ရင်ခုန်သံတွေ မြန်လာခဲ့... နောက်ထပ်တို့ မဆုံရတော့မှာ ဒီရင်မှာ သိပ်ကြောက်နေခဲ့.............” “ လမ်းခွဲ ဒီလိုအချိန်ဆို တို့ဝေး... မင်းလက်ကလေးကို ဆုပ်ကိုင် အဝေးကို... အတူတူဖြတ်သန်းမရတော့ မင်းအရိပ်ကိုပဲ လွမ်းနေမယ်..."

၈. First Ladyရဲ့ never be replaced : ဒီသီချင်းရဲ့ အ၀င်သံစဉ်လေးက နှင်းလုံးအရုပ်တွေမှာ ပါနေကြ တီးလုံးလေးပေါ့... အဲ့တီးလုံးလေးကို အရမ်းကြိုက်ခဲ့တာ ခုသီးချင်းအစမှာ အဲ့တီးလုံးလေးနဲ့ စထားတာကို တွေ့ရပါတယ်... အစကြိုက်လို့ နေ့တိုင်း နားထောင်ဖြစ်ပြီး ညဉ်းဖြစ်တဲ့သီချင်းလေးပေါ့... အစမှာ “Baby I love you and i'll never let you go... But if I have to boy I think that you should know... All the love we make can never be erase ... And i promise you that you will never be replaced... Baby I love you and I'll never let you go...But if I have to boy I think that you should know... All the love we make can never be erase... And i promise you that you will never be replace...”

၉. Mouse Love Rice : "I love you, loving you, as the mouse love the rice... Even every day has storm, I will always by your side... I miss you, missing you... I don't care how hard it is... I just want you be happy... Everything, I do it for you" သီချင်းက အေးအေးလေးနဲ့ နားထောင်လို့ ကောင်းလို့ သံစဉ်ရော စာသားတွေရော ကြိုက်လို့ ညဉ်းဖြစ်တဲ့ နောက်ဆုံးသီချင်းအနေနဲ့ ရွေးလိုက်ပါတယ်...

ညဉ်းဖြစ်တဲ့သီချင်းတွေကတော့ တော်တော်များတယ်၊ ရေးရင် ပီးတော့မှာကို မဟုတ်ဘူး ဘာလို့ဆို အချိန်တိုင်း ညဉ်းနေတာကိုး... :) မီးလေးနဲ့ ညဉ်းဖြစ်တဲ့သီချင်းတွေ ထပ်တူကျပြီး သီချင်းတွေ မရှိဘူးဆိုရင် သီချင်းခေါင်းစဉ်တွေပေါ်မှာ ကလစ်နှိပ်ပြီး Download လုပ်သွားနိုင်ပါတယ်... အစ်ကိုတော်ရေ ကျေနပ်တော့နော်...

ထုံးစံအရ ဒီပို့စ်လေးကို ဖတ်တဲ့သူအားလုံး( နာမည်တပ်ရင် ကျန်နေမှာစိုးလို့... ဟီ ဟိ)အား ပြန်Tagလိုက် ပါ၏..... :))))
ရွှင်လန်းချမ်းမြေ့ကြပါစေ..

Wednesday, September 16, 2009

တစ်နှစ်အရွယ် ကလေးကိုယ်ဝန်ဆောင်

မနေ့က ရုပ်မြင်သံကြားထဲမှာ တရုတ်နိုင်ငံက တစ်နှစ်အရွယ် မိန်းခလေးဟာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ကြည့်လိုက်ရတယ်။ ဒါနဲ့ဘဲ အင်တာနက်ပေါ်မှာ တက်ပြီး ရှာဖွေကြည့်တော့ တွေ့လို့ ဖော်ပြလိုက်ပါတယ်။ Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမြွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ်။
Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွားပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့ သူမကိုယ်ဝန်ရှိတယ် ဆိုတာ သိလိုက်ရပါတယ်။ လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမြွှာပူး ဖြစ်နေပါတယ်။ ဆရာဝန်ကတော့ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ် မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်ပါ လူအယောက် ၅သိန်းမှာ တစ်ယောက်တောင် ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွေးဖွားမဲ့ အချိန်ကြရင်တော့ နာကျင်စွာနဲ့ ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။ 
 
ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားက ဆက်လက်ကြီးထွားနေလို့ပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေးနှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့သိရပါတယ်။

 
 
(ဒီသတင်းအား ဤနေရာမှ ကူးယူဖော်ပြသည်...)

Infinity ဆုံမှတ်

ခုတလော ရာသီဥတုကလဲ ပူလို့ထင်တယ်၊ ဘလော့ဂါတွေ  “ဂစ်... ဂစ်... ဂစ်”နဲ့ တက်ကုန်ကြပြီ... ခြေမချိုးသူကချိုး၊ နှိပ်ပေးသူက နှိပ်ပေး၊ ယပ်ခတ်ပေးတဲ့သူက ခတ်နဲ့ပေါ့... (ခွိ ခွိ) အဲ... ပုန်းနေလည်း ပြေးမလွက် အတက်ရောဂါက မီးလေးဆီရောက်လာလေပြီ... မေးလ်စစ်တော့ တပ်ထားပါတယ်ဗျို့ဆိုပြီး ကိုဂစ်တာက မေးလ်ပို့ထားတယ်... ဒါနဲ့ ဘာတွေတပ်ထားတာလဲ သွားကြည့်တော့ " 'infinity ဆုံမှတ် "တဲ့ ဘာရေးလို့ ရေးရမှန်းမသိတာက တစ်ရက်၊ စိတ်တိုပြီး နံရံကို လက်နဲ့ထိုးတာ ညာဘက်လက်တစ်ခုလုံး ရောင်ကိုင်းစုတ်ပြတ်သွားတာက တစ်ရက်၊ အကြွေးတင်နေတာနဲ့ ရေးတော့မှပဲလို့ ကြံကာရှိသေး နောက်အစ်ကိုတော် တစ်ယောက်က ရေးဖို့ပြင်ထား တပ်ထားတယ်ဆိုပြီး လာအော်သွားလေရဲ့... မဖြစ်တော့ဘူး အကြွေးတွေ တဖြည်းဖြည်းနဲ့ များလာလိမ့်မယ်ဆိုပြီး အရင်ဆုံးတပ်တဲ့ အစ်ကိုတော်အတွက် တပ်ဂိမ်းလေး ပြန်ရေးပေးလိုက်ပါတယ်...

အမှန်တော့ အဲ့ခေါင်းစဉ်အောက်မှ ဘာရေးလို့ ရေးရမှန်းမသိတာတော့ အမှန်ပင်... မီးလေးရေးတာ ခေါင်းစဉ်အောက် လွဲချော်သွားခဲ့ရင် သည်းခံပြီး ဖတ်ပေးကြပါလို့ ဦးစွာပထမ တောင်းပန်အပ်ပါ၏... infini ty ဆိုတာ "without ends or limits" အဆုံးမရှိတဲ့ ဆုံမှတ်၊ တမျိုးု အနန္တပေါ့လေ... အဲလို အဆုံးမရှိတဲ့ ဆုံမှတ်ဆိုရင် မီးလေးကတော့ ဆုန်ရေနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်... မိဘတွေပေါ့လေ မိဘတွေက ဘာနဲ့ တူလဲဆိုတော့ ကမ်းစပ်နဲ့တူပါတယ်... ဆုံမှတ်မှာ ဆုံကြတယ်ဆိုတာ ခွဲခွာဖို့ လမ်းစလေးတစ်ခုပါ... ပုံစံအမျိုးမျိုး ခွဲခွာကြပေမယ့် မတူတာက မိဘနဲ့ သားသမီး ခွဲခွာခြင်းပါ... ဆုံမှတ်တခုကနေ အဝေးကို ပြေးနိုင်ဖို့ရာ မိဘတွေက သားသမီးတွေကို အထောက်အပံ့ပေးကြပါတယ်...
သူတို့ ပံ့ပိုးပေးမှုက မျှော်လင့်ချက်တခုနဲ့ ပံ့ပိုးခြင်းမဟုတ်ဘဲ ငါတို့သားသမီးတွေ ကောင်းစားဖို့ဆိုတဲ့ ဦးတည်ချက်တခုတည်းကိုပဲ ပုံဖော်အသက်သွင်းကြပါတယ်... သားသမီးတွေက အချိန်တန်တော့လည်း ပညာလည်းစုံ၊ ကြင်ယာလည်းစုံတော့ အိမ်ထောင်ရက်သားကြလို့ မိဘဆိုတာကို အရင်ကလောက် ဂရုမစိုက်နိုင်ကြတော့ပါဘူး... ဒါပေမယ့် အပြုံးမပျက် ချစ်လျက်သာ... ကမ်းစပ်မှာ ရေတက်ရင် ပါလာတဲ့ ရေသတ္တ၀ါလေးတွေ လိုပါပဲ... ရေကျသွားတော့ ကမ်းစပ်မှာ ကျန်နေရစ်ကြတယ်... ကမ်းစပ်မှာ မြူးတူးပျော်ပါးလို့ပေါ့... ရေတက်လာတော့ ရေနဲ့အတူ ပြန်ပါသွားကြပြန်ပါရော... ကမ်းစပ်က သူတို့အတွက် တစ်ထောက်နားခိုရာ နေရာလေးတစ်ခုအဖြစ် သူတို့ကို အမြဲစောင့်ကြိုဆိုနေပါတယ်... ဘယ်အချိန်လာပြီး ဘယ်အချိန်ပြန်ပြန် တချက်ကလေးမှ ညီးညူခြင်း အလျင်းမရှိ (ဘယ်ရှိပါ့မလဲ သူက ကမ်းစပ်ကို စကားမှ မပြောနိုင်ဘဲ..)
မီးလေး ဆုန်ရေနဲ့ ပတ်သက်လို့ ရေးထားဖူးတဲ့ ကာရံမညီတဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်... အဲ့ဒီကဗျာလေး ရေးချိန်က မီးလေးရဲ့ အချစ်ရဆုံး တစ်ဦးတည်းသော အစ်ကို မိန်းမယူတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ရေးဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်ပါ... ကဗျာခေါင်းစဉ်ကို “ သံသရာ ” လို့ ပေးခဲ့ပါတယ်...


သံသရာ
“အူဝဲ…အူဝဲ”
လူ့လောကထဲကို ခေတ္တတဖြုတ်ရောက်ချိန်
ဖေဖေ၊ မေမေတို့ရဲ့ အိမ့်ဆည်းလည်းလေးဖြစ်ခဲ့တဲ့ ကျွန်တော်
ဘိုးဘိုး၊ ဘွားဘွားတို့ရဲ့ အသည်းကျော် ကျွန်တော်…

တဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့
ဥယျာဉ်မှူးနဲ့တူတဲ့ ဖေဖေ
ရေလောင်းပေါင်းသင်း ပြုစုရှာ
အိမ်မှုကိစ္စတွေကြား မငြီးငြူရှာ
အရိပ်တကြည့်ကြည့်နဲ့ မေမေပါ…

ထူးချွန်ထက်မြက် သားသမီးအနာဂတ်
မိဘနှစ်ဖြာရဲ့ အိပ်မက်
လူတကာထက် သာဖို့အရေး
အလုံးစုံကို ထောက်ပံ့ပေး…

ဤလောက၀ယ်
ကြီးမားမေတ္တာတုမမီတာ မာတာပီတု မိဘပါ
ကျွန်တော့်ဘ၀မှာ ပထမဆုံး
ဖေဖေ၊ မေမေ အချစ်ရဆုံး…
ပညာစုံခါ အတောင်ပေါက်လာ
ချစ်ရမဲ့သူ တွေ့သောအခါ
မိဘတားမြစ်သည်ကား အလေးအနက်မထား
ဆင်ကန်းတောတိုး မျက်ကန်းပါ…

မိဘစကား မြူမှုန်အလား
နားမထောင်ခဲ့တဲ့ သားမိုက်ဟာ
မိဘတို့ကို စွန့်ခွာ ထွက်ပြေးကာ
ကိုယ့်အိုးကိုယ့်အိမ် တည်ထောင်ခဲ့တဲ့ ကျွန်တော်…

ကျွန်တော့် ဘ၀မှာ ဇနီးသည်သာ ပထမ
မိဘတို့သည် ဒုတိယ
သားရလာသောအခါ ကျွန်တော့်မှာ
သားသည်သာ ပထမ…

ခုချိန်မှာ ကျွန်တော့ အားလုံးကို နားလည်ခဲ့ပါပြီ ဖေဖေနဲ့ မေမေ
ကလေးဘ၀မှာသာ ဖေဖေ၊ မေမေက အရေးကြီးဆုံးဖြစ်ပေမဲ့
အိမ်ထောင်ကျလာတဲ့အခါ အလိုလို နေရာရွေ့ခံခဲ့ရတာ ဖေဖေနဲ့ မေမေပါ
သားသမီးတို့ရသောအခါ ဖေဖေ၊ မေမေက နောက်ဆုံးနေရာ…

ကျွန်တော်လည်း မကြာခင်ဝဋ်လည်တော့မှာပါ
ဖေဖေ၊ မေမေတို့ ရောက်နေတဲ့ နောက်ဆုံးနေရာ
ကျွန်တော်လည်း မကြာခင် ရောက်ရတော့မှာပါ
အဲဒီ့နေရာအတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ရတော့မယ်ဗျာ….

ဒီပို့စ်ကို ဖတ်ပြီးရင်တော့ ဖတ်တဲ့သူအားလုံးကို ပြန်တပ်ပါ၏... နာမည်ရေးတပ်ရင် ရေးပြီးတဲ့သူတွေလည်း ရှိတာမို့ မထပ်ရလေအောင် ဖတ်တဲ့သူမှန်သမျှ (မရေးရသေးလျှင်) တပ်ပါ၏... :P


ရွှင်လန်းချမ်းမြေ့ပါစေ....

Saturday, September 12, 2009

Shrikittaya 2.0 ခရီးသွားခဲ့သည်... အပိုင်း(၂)

ဘုရားမုခ်ဝထဲသို့ ၀င်ခဲ့ရင်ပဲ လမ်းတစ်ဘက်တစ်ခြမ်းစီမှာ ပန်းပင်တွေတန်းစီပြီး စိုက်ထားပါတယ်... ပန်းတွေလည်း ဝေေ၀ဆာဆာ ပွင့်လို့ပေါ့... ရွှေဘုံသာမုနိဘုရားကို လက်ယာရစ် ဖူးမျှော်ကြည်ညိုရင်း ကင်မရာလေးနဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေကလည်း နေရာတိုင်းမှာ ၀င်းခနဲ လက်ခနဲ၊ နောက်က ဘုရားတာဝန်ခံကလည်း နောက်က တကောက်ကောက် (ကင်မရာခွန် မပေးဘဲ ရိုက်လို့ လာတောင်းတာပါ)... နောက်တော့ ကိုစိုးကြီး(စိုးဇေယျ)က သူဆောင်လာပြီးပြီ သူတို့နဲ့ အတူတူလိုက်ခဲ့လို့ ပြောပါတယ်... အဲ...စာရေးသူလည်း ကင်မရာနဲ့ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်နဲ့ အခွန်ပြေစာ ကိုင်ထားတဲ့ ကိုသားဖြိုးကို ပြန်လိုက်ရှာနေရတာက အမော... :P သူ့မှာလဲ ကြည့်ဦးလေ ကိုစိုးကြီးကို ဆရာ...ဆရာ ခေါ်ပြီး ကိုစိုးကြီး ကင်မရာအိတ်လွယ်ပြီး တပည့်ခံမလို့ဆို တကောက်ကောက် လိုက်နေလေရဲ့...

ဘုရားကို လက်ယာရစ်ပတ်ပြီး ပြန်ထွက်လာတော့ ပန်းခင်းမှာ ဓာတ်ပုံဆရာတွေ ရုံးစုရုံးစုနဲ့ ပန်းခင်းကိုလည်း အပြိုင်အဆိုင် ရိုက်နေကြတယ်... စာရေးသူလည်း ဘာများလဲလို့ သွားကြည့်တာပေါ့... အနားရောက်မှ သေချာသိတော့တယ်... ပန်းခင်းမှာ ပျားလေးတွေ နားနေကြတာပါ... ပျားတွေက လူယဉ်နေသည် ထင်၏ လုံးဝမတုတ် တုတ်လျှင်လဲ ဘလော့ဂါတွေ တစ်ယောက်မှ လွတ်မည်မဟုတ်... အဘယ်ကြောင့်ဆိုသော် ပန်းပေါ်မှာ ပျားနားနေသည့်ပုံကို ဓာတ်ပုံဆရာ ကိုစိုးကြီးက သင်ပေးသဖြင့် အားလုံး လက်တည့်ဆန်း နေကြသည်မှာ စာရေးသူအပါအ၀င်ဖြစ်၏... ပန်းရိုက်ပုံ ရိုက်နည်းပါ သင်ပြသဖြင့် စာရေးသူ ခုဆို ပန်းမြင်တိုင်း ရိုက်ချင်သည့်ရောဂါ တက်နေ၏...
ပန်းပေါ်ပျားနားစဉ်

ပန်းတစ်ပွင့် ဖန်ဆင်းခြင်း .. ခွိ ခွိ

ဒါက ပန်းပေါ်မှာ ပျားနားနေတာ ( ကိုစိုးကြီး ရိုက်ချက်လောက်တော့ မကောင်းပါ..) သူတို့ကို ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်နေတာ မငြီးမငြူ မော်ဒယ်လုပ်ပေးတဲ့ ပျားလေးတွေရေ ကျေးဇူးပါ... :D (လိပ်ပြာနားတဲ့ပုံ ရိုက်ဖို့ လိပ်ပြာ ဟိုပန်းနားနိုး ဒီပန်းနားနိုးနဲ့ သူ့နောက်ပြေးလိုက် လိုက်ရတာ... နောက်ဆုံးကျတော့ အင်တာနက်မှာ နာမည်ကြီးမှာ စိုးလို့ထင်ရဲ့ အဝေးကို ပျံသွားလေ၏...


ဘုရားမုခ်ဝက ပြန်ထွက်လာတော့ ကမ်းနားမှာ အဖြူရောင်တွေ ဧရာဝတီမြစ်ကြီး နောက်ခံထားပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ခုံတန်းလျားမှာ ထိုင်နေတဲ့သူကထိုင်၊ အအေးဆိုင်မှာ အအေးသောက်သူက သောက်နဲ့ ဟိုနားတစ်စု ဒီနားတစ်စု  စုတ်ချက်မဲ့ ပန်းချီကားတစ်ချပ် လှချင်တိုင်း လှနေ၏... ကိုဖော်သူထိုး(ခ) ကိုဖိုးသူတော်က စာရေးသူနဲ့ မယမင်းတို့နှစ်ယောက် လမ်းလျှောက်လာတာကို သောက်လက်စ ကြံရည်ခွက်ကြီး မြောက်ပြီး သောက်ဦးလို့တိုက်တော့ ကြံရည်က ခွက်တစ်ဝက်ရောက်နေပြီ ... မယမင်းနဲ့ စာရေးသူ ကျန်တဲ့ တစ်ဝက်ကို တယောက်တစ်ဝက် သမလိုက်တာ ကုန်သွားပါရော... သနားစရာ ကိုဖော်သူထိုးတစ်ယောက် ပိုက်ကလေးကိုင်ပြီး သူများခွက်တွေ တောင်းသောက်ရန် တိုင်းခန်းလှည့်လည် ပါတော့သည်... (ရှူး...တိုးတိုး ကြားရင် မီးလေးပြောတယ် မပြောနဲ့ :P)

အအေးဆိုင်မှာ အအေးသောက်ကြရင်း အပြန်ခရီးအတွက် ချောင်းသာဝင်မည်ဟု အသံသဲ့သဲ့ကြား လိုက်ပါသည်... (မသေချာသေးပါ) ထို့နောက် ခရီးစဉ်၏လိုရင်းဖြစ်သော သရေခေတ္တရာသို့ ကားကြီးဖြင့် ဘီးစင်္ကြာလှည့်ပါတော့သည်... :P သရေခေတ္တရာသွားရင်း လမ်းတလျှောက်မှာ ကိုညီလင်းဆက်က သရေခေတ္တရာရဲ့ နောက်ခံသမိုင်းကြောင်း အကျဉ်းကို ပြောပြပါတယ်... ခဏလောက် သွားလိုက်တယ် ဆိုရင်ပဲ သရေခေတ္တရာပြတိုက်ကို ရောက်ပါတယ်... ပြတိုက်တို့ ထုံးစံအတိုင်း ဓာတ်ပုံမရိုက်ရဆိုပေမဲ့ ဓာတ်ပုံတွေ ခိုးရိုက်ကြတဲ့သူလည်း ရှိပါသေးတယ်... (မပင့်လို့ မပြောဘူးနော်...:D)
ပြတိုက်မှာ ရှေးဟောင်း ဆင်းတုတော်၊ ပုတီး၊ ရေအိုး၊ ကြေးပြား။ အုတ်ခွက်ဘုရား အစရှိတဲ့ ရှေးဟောင်းပစ္စည်း မြောက်များစွာကို တွေ့မြင်ခဲ့ရပါတယ်... ထိုပစ္စည်းများကို ကိုညီလင်းဆက်မှ သူသိသလောက်အား မမောနိုင် မပန်းနိုင်နဲ့ ကင်မရာကြီးလွယ်လို့ ရှင်းပြပေးခဲ့တာကို ကျေးဇူးတင်နေမိပါတယ်... နောက် ရှေးခေတ်က မကောင်းဆိုးဝါးများ မ၀င်နိုင်အောင် အိမ်တံခါးမကြီးရှေ့မှာ ရတနာသုတ်အား ရေးထားပူဇော်ခဲ့ကြတယ်လို့လည်း သိရပါတယ်.... ထိုတံခါးအပိုင်းအစလေးလည်း တွေ့ခဲ့ရပါတယ်... နောက်တော့ ရှေးခေတ်က လူတွေကိုင်ခဲ့တဲ့ သံချောင်းပြထားတဲ့ နေရာကို ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ရောက်သွားပါတယ်... အရင်က စာရေးသူတို့ကို ရှေးခေတ်လူတွေ အရပ်က ထန်းပင်လောက် ရှိတယ်ပြောတုန်းက ဒါတွေက အာပလာတွေပါလို့ ထင်ခဲ့တာ သူတို့ကိုင်ခဲ့တဲ့ သံချောင်းရဲ့ ထုက လက်ရှိ အားကောင်းမောင်းသန် ယောက်ျား ၁၀ယောက်လောက် ၀ိုင်းမရမယ်...

ပြတိုက်ကို ပတ်ကြည့်နေတုန်း ကိုကြီးကျော်က ရှေ့တွင် မြွေပေါသဖြင့် ပေါက်တောအား ဒီပြတိုက်မှာတင် အပြီးလုပ်ရန် လိုက်ပြောပါတယ်... အိမ်သာရှေ့တွင် ထိုင်စောင့်နေသူကတော့ ကိုစိတ်ထွက်ပေါက်(ခ) ကိုအောင်မျိုးဟန်ပဲ ဖြစ်ပါတယ်... တစ်ခြားတော့ မဟုတ် အိမ်သာဝင်တဲ့သူတိုင်း ဦးသုံးကြိမ် ကန်တော့ရမည် ဆိုပြီး ကန်တော့ခံရန် အိမ်သာရှေ့တွင် စောင့်နေလေ၏... :P တချို့က တကယ်ထင်၍ လိုက်မေးနေပါ သေးသည်၊ အဲလောက်ကို မျက်နှာပြောင်တာ... :)
ပြတိုက်ရှေ့က အပင်တွေမှာ ရန်ကုန်မှာ မမြင်ဘူးသေးတဲ့ ပင့်ကူ (ခြေထောက်က အ၀ါတစ်ဝက်၊ အမည်းတစ်ဝက်)တွေ အိမ်ဖွဲ့နေတာကို ဓာတ်ပုံဝိုင်းရိုက်ကြပါတယ်... စာရေးသူက အဲ့ပုံ မရိုက်တော့ဘဲ အရွက်ပေါ် နားနေတဲ့ပုံကို ရိုက်လိုက်ပါတယ်...

အရိုက်ကောင်းလို့ အင်္ကျီမှာ ပင့်ကူတစ်ကောင် ကပ်ပါလားသေး၏...
အဖွဲ့လိုက်ဓာတ်ပုံကို ပြတိုက်ရှေ့မှာ ပျော်ပျော်ပါးပါး စနောက်ကြရင်း ရိုက်ပြီး သကာလ ထိုပြတိုက်က ဂိုက်လုပ်ဖို့ ကလေးတစ်ယောက်အား ထည့်ပေးလိုက်ပါတယ်...
ပထမဆုံး ဘောဘောကြီး ဘုရားအား ၀င်ရောက်ဖူးမျှော်ပြီး ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်... ယောက်ျားလေးတွေက ဘုရားပေါ်မှာ မိန်းကလေးတွေကတော့ အောက်ကနေ တက်ချင်လို့ သွားရည် အဟောင်းသားနဲ့ မော်ကြည့်နေကြရပါတယ်..


ဆက်ရန်

Monday, September 7, 2009

Shrikittaya 2.0 ခရီးသွားခဲ့သည်... အပိုင်း(၁)

စာရေးသူအတွက် ဒီနေ့လောက် ကတိုက်ကရိုက်နိုင်တာမရှိ၊ အားလုံး လောလော, လောလောချည်းပဲ ... ယနေ့ည ၁၀နာရီ "BlogDay Excursion Trip" ပြည်မြို့သို့ ချစ်သောအမိမြေ ရန်ကုန်မှ ထွက်ခွာဖို့ ၉း၃၀မှာ မြေနီကုန်းရှိ ရွှေလက်ဘက်ရည်ဆိုင်တွင် လူစုကြမည်... စာရေးသူတယောက် ၇နာရီထိ ကျောင်းက မပြန်ရသေး... မိနစ်ကံ တဖြေးဖြေးရွေ့လျားလာလေ စိတ်တွေက ပိုမငြိမ် တော့လေ ရှေ့က ဆရာသင်တာလဲ ခေါင်းထဲ concept မမိတော့... မြန်မြန်ပြီးပါစေသာ စိတ်ထဲ အကြိမ်ကြိမ် ဆုတောင်းနေတာ အကြိမ်ပေါင်း မရေတွက်နိုင်ပါ... ၇နာရီခွဲဖို့ ၅မိနစ်အလိုမှာ ဆရာက သင်ခန်းစာ လက်စသတ်ပြီး Roll Call ခေါ်တယ်... စာရေးသူ နာမည်ခေါ်ပြီးတာနဲ့ စာသင်ခန်းအပြင်ကို အမြန်ထွက်လာလိုက်တယ်... အခန်းပြင်ရောက်တော့ ၇နာရီခွဲပြီး ၅မိနစ်ဖြစ်နေပြီ... ပထမဆုံး အခန်းပြင်ရောက်တာနဲ့ နှိပ်မိတဲ့ ဖုန်းနံပါတ်က စာရေးသူရဲ့ တစ်ဦးတည်းသော ချစ်သူဆီကိုပေါ့... (အကောင်းတော့ မဟုတ် ခိုင်းစားဖို့ :D) အတန်းပြီးပြီ ရောက်ပြီလားဆိုတော့ ရယ်ဒီပဲ ကျောင်းရှေ့ရောက်နေပြီတဲ့... ကျောင်းပေါ်က ကမန်းကတန်းပြေးဆင်း လှေကားထစ်တွေတောင် ကျော်ဆင်းလို့ ချော်ကျမလို ဖြစ်သေး....

ကားပေါ်တက်လိုက်ပြီး သိမ်ဖြူက သူငယ်ချင်းတယောက်ကို အိမ်ဝင်ပို့ပြီး အိမ်ကို ပြန်လာခဲ့တယ်... အိမ်ပြန်ရောက်တော့ အချိန်က ၈နာရီကျော်နေပြီ... ကျောပိုးအိတ်ထဲ လိုအပ်တဲ့ ပစ္စည်းတွေ ဟိုကောက်ထည့်၊ ဒီကောက်ထည့်လုပ်ပြီး ထွက်မယ်လုပ်တော့ မေမေက လှမ်းသတိပေးတယ် “ဖုန်းပါပီလား”တဲ့... ကျောပိုးအိတ်ပြန်စမ်းကြည့်တော့မတွေ့တာနဲ့ တအိမ်လုံး ပြန်ရောက်ထဲက သွားတဲ့နေရာမှန်သမျှ မြေလှန်ရှာ... ဘယ်လိုပဲရှာရှာ မတွေ့... ကားထဲမှာကျန်သလား မသိဘူးဆိုတော့ တစ်ယောက်သောသူက ကားထဲသွားပြန်ဝင်ရှာတယ်... မီးလေးအစ်ကိုက ဖုန်းနံပါတ် လှမ်းခေါ်တယ်... တစ်ယောက်ယောက် ဖုန်းကိုင်လိုက်တယ်... အသံတချို့လည်း ကြားနေရတယ်... “ငါခိုးတာမဟုတ်ဘူး”တဲ့ ပြီးတော့ ဖုန်းချသွားရော၊ နောက်တစ်ခါဖုန်းကို ပြန်ခေါ်တယ်... ကြားနေရပါပီ သူ့အသံ ဘယ်နားက ကြားနေရမှန်းမသိ အသံက တဖြည်းဖြည်း နီးကပ်လာပြီ... မျက်ရည်လွယ်တဲ့ စာရေးသူ ဘယ်အချိန်က ထွက်ချင်မှန်းမသိတဲ့ မျက်ရည်တွေ အလိုလို ထွက်ချင်နေပီ... နောက်တော့ အမှောင်တည်းကနေ ကလေးလေးတစ်ယောက် ထွက်လာပြီးပေးတယ်... ကားဘေးမှာကျနေလို့တဲ့ ကျေးဇူးတင်ကြောင်းပြောပြီး ကမန်းကတန်း ကားပေါ်တက်ပြီး ထွက်လာခဲ့ပါတယ်... တစ်ယောက်သောသူရဲ့ နားမီးပူတိုက်ခံရင်းပေါ့ စိုးရိမ်စိတ် များတတ်တဲ့ စာရေးသူအကျင့်ကိုလည်း သိနေတာကိုး...

နောက်လမ်းသွားရင်းစားဖို့ဆိုပြီး ရန်ကင်းက CityMart ကိုဝင်ပြီး ဆေးမှအစ မုန့်အဆုံး လိုအပ်တာမှန်သမျှ လိုလေးသေးမရှိအောင်လိုက်ဝယ်တဲ့ သူ့နောက် တကောက်ကောက်လိုက်ရင်း (လိုက်သာ လိုက်နေတယ် နောက်ကျမှာစိုး၍ နာရီက တကြည့်ကြည့်) သူပြောသမျှ ရမ်းသာ အင်းလိုက်နေ၏... ကြားထဲမှာ remind လုပ်ပေးတဲ့ ဇောင်းဖုန်းရတော့ ပိုလောပြီ... ဒါနဲ့ ဈေးဝယ်တာ လက်စသတ် Bill ရှင်းပြီး မြေနီကုန်းကို ထွက်လာခဲ့တယ်... မီးပွိုင့်တွေကလည်း အလျင်လိုလို့လားမသိ စိတ်မရှည်စွာ... ရင်တွေလည်း ခုန်နေတယ်... ကိုယ်မသိတဲ့သူတွေနဲ့ ခရီးအတူထွက်ရမှာမို့လို့ပေါ့၊ မသိဘူးဆိုတာက များသောအားဖြင့်တော့ အွန်လိုင်းမှာ သိကြပါတယ်၊ ဒါပေမယ့် အပြင်မှာ အသေအချာတွေ့ပြီး စကားပြောဖူးတဲ့သူတွေက စာရေးသူအတွက် လက်ချိုးရီတောင် လက်ဆယ်ချောင်း မပြည့်ပါဘူး... တခြားခရီးတော်တော် များများ သွားဖူးခဲ့ပေမဲ့ ဒီလို အွန်မှာ ရင်းနှီးပြီး အပြင်မှာ မရင်းနှီးတဲ့သူတွေနဲ့ သွားတာ ပထမဆုံး မို့ပါ....

ဟော တွေ့ပါပီ... ရွှေလက်ဘက်ရည်ဆိုင်ရှေ့မှာ စီးရမယ့်ကားကြီးနဲ့ Position အမျိုးမျိုးနဲ့ ဘလော့ဂါများ၊ တချို့ကတော့ ဘီယာဆိုင်မှာ ဆီဝင်ဖြည့်နေလေရဲ့... ခဏနေတော့ သူ့ကောင်မလေးက မလိုက်ခိုင်းတာလဲပါတယ်၊ ဒီခရီးက မသွားလဲဖြစ်တယ် အပျော်ခရီးပဲဟာ ဆိုပြီး အပြောကြီးတဲ့ စိတ်ထွက်ပေါက်(ခ)ရက်ရာဇာ(ခ)ကိုအောင်မျိုးဟန်ကြီးက MBS၀တ်စုံနဲ့ ၀င်လာပါတယ်... မလိုက်လို့ မရဘူးဆိုလို့ နောက်ဆုံးတော့ လိုက်ရတာပေါ့ဟာတဲ့ ... အစကတည်းကလည်း လိုက်ချင်ချင်လေ အင်တင်တင်နဲ့ ပဲများနေတာ... ဟာ ဟ

နောက်ကားပေါ် တက်လို့ရပြီပြောလို့ ကားပေါ်ကို တက်ခဲ့ပါတယ်... ကားပေါ်မှာ နေရာ အတော် များများက ပြည့်နေပြီ... ထိုင်နေကြတဲ့သူတွေရော၊ လူအစား အိတ်ကလေးတွေက ငုတ်တုတ်လေး တွေရော၊ နောက်နေရာမရှိတော့တာနဲ့ နောက်ဆုံးခုံမှာပဲ ၀င်ထိုင်လိုက်တယ်... စာရေးသူရဲ့ အစ်ကိုလည်းဖြစ်တဲ့ ကိုအရုပ်ကို မတွေ့သေးပါဘူး... မေးကြည့်တော့ သူတို့လည်း မတွေ့မိဘူး ပြောပါတယ်... ကားထွက်ခါနီး လူစုံပြီလားမေးတော့ ကိုအရုပ်ကျန်သေးကြောင်း ၀ိုင်းအော်ကြ ပါတယ်... ဟော... အပြေးအလွားတက်လာပါပြီ ကိုအရုပ်နဲ့ ကိုအချစ်မဲ့ဂီတာ ရောက်ရောက်ချင်း မူးနေတဲ့ကြားက အဆင်ပြေရဲ့လားလို့ မေးဖော်ရတဲ့ ကိုအရုပ်ကိုလည်း ကျေးဇူးတင်မိပါတယ်...

ကားကြီးက စာရေးသူအပါအ၀င် ထိုင်ခုံမရလို့ မတ်တတ်ရပ်သူက ရပ်နဲ့ လူ ၄၁ယောက်ကို အမိမြေ ရန်ကုန်မြို့ကြီးမှ ပြည်မြို့ဆီသို့ ခေါ်ဆောင်သွားပါတော့တယ်... ကားပေါ်မှာလည်း စရင်းနောက်ရင်း ရယ်မောသံတွေနဲ့ စည်ကားလို့ နေပါတယ်... ကားကြီးခေါ်ဆောင်သွားလို့ သိပ်မကြာခင်မှာပဲ အိမ်ရှေ့က စကားများသံ တစ်ခွန်းစ နှစ်ခွန်းစကြားနေရပါတယ်... ရယ်သံတွေ အားလုံးတိတ်ဆိတ်သွားပါတယ်... ကားကြီးလည်း လမ်းဘေးမှာ ထိုးရပါသွားပါတယ်... နောက်ဖေးက သူတွေကလည်း အိမ်ရှေ့ကို သွားပြီး စကားများကြပါတယ်... အဲ ကားသမားနဲ့ နောက်လိုက်နှစ်ယောက်နဲ့ အားလုံးသုံးယောက် စာရေးသူတို့ဘက်က ၄၁ယောက် ရန်ဖြစ် ရင်တော့ ပွဲကြီးပွဲကောင်းပဲ... ခွိ ခွိ

နောက်ခပ်သဲ့သဲ့ကြားလိုက်တာက Blogger တွေကို ဘာအောက်မေ့နေလဲတဲ့... :) ဘလော့ဂ်ဂါဆိုတာ ဘာမှန်းတောင် သိချင်မှသိမယ်၊ မသိချင်လည်း မသိဘူး... တော်တော် များများက ဘလော့ဂ်ဆိုတာတောင် ဘာမှန်းမသိကြဘူး... ဒါပေမဲ့ ဘလော့ဂ်ဂါတွေကို ဘာအောက်မေ့နေလဲလို့ ပြောလိုက်တာက ကိုယ့်လုပ်တဲ့အလုပ်ကို ဘယ်လောက်ထိ တန်ဖိုးထား မြတ်နိုးတယ်ဆိုတာ ပေါ်လွင်စေပါတယ်... နောက်တော့ ပြေလည်တယ်လို့ပဲ ဆိုရမည်ပေါ့ ကားကြီးက ဆက်ထွက်လာပါတော့တယ်... ဒါပေမဲ့ ကားကို ဆောင့်အောင့်ပြီး မောင်းနေတာ ဘုရားစာရွတ်နေရတယ်... ကားပေါ်မှာ ကိုမျက်လုံးရဲ့ အမျိုးသမီးလည်းပါပါတယ်... ထူးခြားတာက အပိုဆုလေးနဲ့ပါ နောက်လမှာ မွေးမည်လို့ သိရပါတယ် ... ကိုမျက်လုံးမိန်းမက နောက်လ မွေးတော့မှာ ကားကို ဒီလိုခပ်ကြမ်းကြမ်း မောင်းရပါ့မလား သွားချမယ်တကဲကဲ လုပ်နေတဲ့ ကိုအရုပ်ကိုလည်း ကိုဂျန်ဝသူနဲ့ အခြားဘလော့ဂ်ဂါတွေကလည်း ထိန်းလို့ပေါ့...

ခဏနေတော့ ဘီယာဆိုင် တဆိုင်ရှေ့ကို ကားကြီးက ထိုးရပ်လိုက်ပါတယ်... အဲမှာ ဘီယာသောက် သူကသောက်၊ မသောက်သူက အဆိုကျော်လေးတွေရဲ့ ဂီတကို ခံစားရင်း ခဏအကြာမှာ ကားပေါ်ကို ပြန်တက်ကြပါတယ်... မှတ်မှတ်ရရ နန်းညီက ဇွန်းတစ်ချောင်း ဘတ်လာခဲ့ပါတယ်... (ခွိ ခွိ) နောက်တော့ ကားကြီးက ဘီယာဆိုင်မှ ဆက်လက်ထွက်ခွာခဲ့ပါတယ်... မအိပ်ကြေး အိပ်တဲ့သူကို နှောက်ယှက်မယ်ဆိုပြီး စနောက်နေကြတာ ကိုသားဖြိုးတို့အဖွဲ့ပါပဲ...

သမိုင်းဆရာ ကိုဂျန်ဝသူကလည်း သမိုင်းကို ပြောင်းပြန်လှန်နေပါတယ်... သူ့လက်ထဲမှာတင် သမိုင်းက ပျက်ရော... အိပ်တဲ့သူတွေ ပုံကို ခိုးရိုက်ကြတာလဲ အမော... ကိုကြီးကျော် သီချင်းနဲ့ ကနေကြတဲ့ ဘလော့ဂ်ဂါအစ်ကိုတွေကလည်း မမောနိုင် မပန်းနိုင်.... စာရေးသူ Typeက ခရီးသွားရင်း အေးအေးဆေးဆေး သီချင်းနားထောင်ရင်း ပတ်ဝန်းကျင်နဲ့အတူ နစ်မျောနေတတ်တဲ့ အကျင့်လေးကလဲရှိတယ်... အွန်မှာသာ သူငယ်ချင်းတွေ များပေမဲ့ အပြင်မှာ သူငယ်ချင်း သိပ်ထားလေ့ မရှိဘူး... ထားပြီးရင်လည်း အရမ်းခင်တတ်ပြီး သူတို့နဲ့ ပတ်သက်သမျှကို ခံစားတတ်တဲ့ 'ဇ'လေးကလည်း ရှိ၊ လူများရင် စကားတွေရှုပ်လို့ မထားတာလဲ ပါတာပေါ့လေ... MP3နဲ့ ငြိမ့်နေတုန်း ကိုအရုပ်က အဲ့အကျင့်တွေ အားလုံးဖယ်ပြီး စိတ်လွတ်လက်လွတ်ပျော်ဖို့ ပြောပါတယ်... အဲလိုမဟုတ်ရင် မခေါ်တော့ဘူးဆိုပြီး ခြိမ်းခြောက်လဲ ခံရသေး :P ... စာရေးသူလည်း သူတို့အပျော်တွေကူးစက်ရင်း ပွဲကြည့်ပရိသတ်ကနေ ဇာတ်ထဲပါသွား ပါလေရော...

အချိန်လေး ရလာတာနဲ့အမျှ အိပ်ချင်နေကြပါပြီ... အိမ်ရှေ့ခြမ်းကတော့ ဇက်ကျိုးနေကြပေမဲ့ နောက်ဖေးခြမ်းကတော့ သောင်းကျန်းကောင်းနေတုန်းပါပဲ... လက်ပံတန်းရောက်တော့ ခေတ္တနား ပါတယ်... အောက်ဆင်းပြီး စားကြသောက်ကြပေါ့... လက်ပံတန်းက ပြန်ထွက်လာ ပြီးတော့ အကုန်ဇက်ကျိုးကုန်ကြပါပြီ... စာရေးသူလည်း စကားသံတွေ ကြားတစ်ချက် မကြားတစ်ချက်နဲ့ အိပ်ပျော်သွားပါတော့တယ်... ဘယ်လောက်ထိ အိပ်ပျော်သွားတယ်မသိ ပြည်မြို့ဝင်ခါနီးမှ နိုးပါတယ်.. :P

ပြည်မြို့ရဲ့ တန်ခိုးကြီးဘုရား ရွှေဆံတော်ခြေရင်းမှာ ကားရပ်ပြီးသကာလ မနက်ခင်းအလုပ် မျက်နှာသစ်ခြင်း အမှုကို ပြုလုပ်ကြပါတယ်... ထို့နောက် ပန်းတွေဝယ်၊ အားလုံးစုပြီးမှ ဘုရားရင်ပြင်တော်ပေါ်သို့ တက်လာခဲ့ကြပါတယ်... ဘုရားဖူးရင်း လှည့်ပတ်ပြီး လျှပ်စီးလက်သလို ကင်မရာတွေကလည်း တဖျက်ဖျက်ပေါ့... ထိုပုံတွေတော့ ဖေ့ဘွတ်ခ်တွင် ပွဲစည်ဦးမည်ဟု စိတ်ထဲထင်မိပါသည်... ဘုရားပေါ်မှာ ဆန္ဒပြလာတာက တခြားမဟုတ်ပါဘူး... ဟိုလူ့ကြည့်လဲ ဗိုက်ဆာလို့ ဒီလူ့ကြည့်လဲ ဗိုက်ဆာလို့နဲ့ ၀မ်းဗိုက်က ဆန္ဒပြလာပါတယ်... ရွှေဆံတော်ဘုရားမှာ ၀ါတွင်းဆို ဓမ္မာစကြာ နံနက် ၅နာရီဆို နေ့စဉ်ရွတ်လေ့ရှိပြီး ၆နာရီခွဲမှ ပြီးကြောင်းသိရပါတယ်...

နံနက် ၇နာရီလောက်မှာ စာရေးသူတို့အဖွဲ့ကို နံနက်စာစားဖို့ စီစဉ်ထားကြောင်းသိရပါတယ်... ဒါတောင် ဗိုက်ဆာလား မဆာလား သူများသနားအောင် ဂေါပကရုံးရှေ့ ရုံးစုရုံးစုလုပ်နေလို့ ရရင် လာခေါ်မယ်တောင်ပြောယူရသေး... :) စားလို့ရပြီလည်းဆိုရော ဘယ်အချိန်ထဲက စားချင်တယ်မသိ ကိုစိုးမိုးတစ်ယောက် ထိုင်နေရာကတောင် ထပြေးသွားတယ်... ဟီ ဟိ (ဖောက်သည် ချနေတာ) စားလို့ရပြီဆိုတော့ ထမင်းစားဆောင်ကို ချီတက်ကြပါတယ်... ဘုရားဂေါပက လူကြီးက ဘုရားသမိုင်းကြောင်းနဲ့ ပတ်သက်တာတွေကို အကျဉ်းပြောပြပါတယ်... စာရေးသူတို့ အမှုမဲ့အမှတ်မဲ့ ဘုရားဖူးခဲ့ကြတာ ဘုရားလူကြီးပြောတော့မှာ အော် ဒီလိုပါလားဆိုပြီး လက်ဘက်ရည်နဲ့ ဆမူဆာတစုစီ စားပြီး ပြန်ထွက်လာတော့ ဘုရားကို နောက်တစ်ခေါက် ထပ်ဖူးကြပါတယ်... တည့်ခင်းဧည့်ခံကျွေးမွေးတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်ပါတယ်...

ဘုရားအောက် ပြန်ဆင်းလာတော့ လက်ဆောင်ပစ္စည်းအချို့ဝယ်၊ တချို့ကတော့ လက်ဘက်ရည်ဆိုင်မှာ စားသောက်ကြပေါ့... ပြီးတော့ ဘုရားကြီးကနေ ထွက်လာပြီး ဧရာဝတီမြစ်ကို ဖြတ်ကာ ရွှေဘုံသာမုနိဘုရားကို ရောက်လာခဲ့ပါတော့တယ်...

ဆက်ရန်....

Thursday, September 3, 2009

Shrikittaya 2.0

သြဂုတ်လ ၂၉ရက်နေ့မှာ မြန်မာဘလော့ဂါများ Gathering ကို ကန်တော်ကြီး ဥယျာဉ်တွင် ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။



ထိုမှသကာလ Shrikittaya 2.0 အစီအစဉ်ဖြင့် ပြည်မြို့သို့ ထိုနေ့ည ၁၀နာရီတွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပါသည်။ သြဂုတ်လ ၃၀ရက်နေ့ မိုးသောက်မှာတော့ ပြည်ရွှေဆံတော်ဘုရားကြီးသို့ ရောက်ရှိခဲ့ပါသည်။

ဘုရားပေါ်မှ အမှတ်တရ
သြဂုတ်လ ၃၁ရက်နေ့ နံနက် ၄နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာပါသည်။
ခရီးစဉ်အကျဉ်းကိုတော့ အချိန်ရတော့မှ တဖြည်းဖြည်းချင်း တင်ပါမည်။

အောက်မှာရှိတဲ့ မေးခွန်းများကတော့ ကိုဂစ်တာက မေးထားတဲ့ quiz တစ်ခုပါ...

Blogger Name ....... Meilay
မေး - MBS ရဲ့ ဒီခရီးစဉ်အပေါ်ဘယ်လိုခံစားရလဲ?
ဖြေ - အရမ်းပျော်ပြီး ဗဟုသုတတွေလည်း ရပါတယ်။

မေး - ဘာလို့အဲ့လိုခံစားရတာလဲ?
ဖြေ - သူငယ်ချင်းအသစ်တွေနဲ့ ပထမဆုံး ခရီးသွားရပြီး မရောက်ဖူးတဲ့နေရာတွေ ဗဟုသုတွေ ရလို့ အရမ်းပျော်ပါတယ်...

မေး - ခရီးစဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ - မသိတဲ့သူတွေနဲ့သိခဲ့၊ ရင်းနှီးခဲ့ရပြီး နွေးထွေးတဲ့ အသိုက်အမြုံတခုလို့ မြင်ပါတယ်... အချို့ကိစ္စတွေ အဆင်မပြေတာလေးတွေရှိပေမယ့် အားလုံးချုပ်လိုက်ရင် အကောင်းဆုံး မဟုတ်ခဲ့တောင် အကောင်းဆုံးဖြစ်ခဲ့ပါတယ်...

မေး - နောက်တစ်ခါသွားဖြစ်မယ်ဆိုရင်ရောလိုက်ဖြစ်ဦးမလား?
ဖြေ - အားရင်နဲ့ ပိုက်ဆံရှိရင် လိုက်မှာပေါ့... အဟိ

မေး - ဒီခရီးစဉ်မှာ ကိုယ့်အတွက် အကျိုးရှိလိုက်တာ တစ်ခုခု
ဖြေ - ကိုယ်ဘာသာဆို သွားဖြစ်မှာမဟုတ်တဲ့ သရေခေတ္တရာမြို့ဟောင်းကို သွားလေ့လာခွင့်ရပြီး မမြင်ဖူးတာတွေ မြင်ခဲ့ သိခဲ့ရတဲ့အတွက် ခရီးစီစဉ်တဲ့ စီနီယာ ဘလော့ဂါကြီးများအား ကျေးဇူးတင်မိပါတယ်....

မေး - ကိုယ့်စိတ်ထဲမှာ နောက်ထပ်သွားချင်တဲ့ နေရာတစ်ခု။
ဖြေ - သွားချင်တာတေါက အများကြီး ချရေးတောင် ကုန်မှာမဟုတ်ဘူး... ဟီး ဟီး

ဖတ်ပြီးတဲ့သူများအားလုံးကို တက်ပါတယ်... မိမိတို့ဘလော့ဂ်တွင် ရေးသားခြင်း သော်လည်းကောင်း၊ ကိုဂစ်တာထဲသို့ အီးမေးလ်ဖြင့် ပို့၍သော်လည်းကောင်း ပေးပို့နိုင်ကြ ပါတယ်လို့ သတင်းကောင်း ပါးလိုက်ပါတယ်...

ခရီးစဉ်တစ်လျှောက် လိုက်ပါကြတဲ့ သူငယ်ချင်းအားလုံးကို သတိရလျှက်...

Tuesday, September 1, 2009

စီပုံးခေတ္တပိတ်ထားခြင်း

လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာပါ... ဒီနေ့ မီးလေးဘလော့စီပုံးမှာ မသမာသူ တစ်ချို့၏ ညစ်ညမ်းစာသားများဖြင့် နှောက်ယှက်ခြင်း ခံရပါသဖြင့် စီပုံးအား ခေတ္တလော့ချ ထားပါသည်... ထိုသူမှာ နီးစပ်ရာ သတင်းရပ်ကွက်၏ စုံစမ်းချက်အရ မြန်မာပြည် ရန်ကုန်တွင်းမှ ဖြစ်ကြောင်းလည်း သိရှိရပါသည်... ကြောက်လန့်ပြီး စီပုံးပိတ်ထားခြင်း မဟုတ်ပါဟု သိစေ ချင်ပါသည်... ယောက်ျားလေးဖြစ်ပြီး သတ္တိမရှိဘဲ ခိုးကြောင်ခိုးဝှက် အော်နေမယ့်အစား ထမီပြောင်းဝတ်ပါလားဟု ပြောချင်ပါသည်... ဤစကားသည် မီးလေးဘ၀တစ်လျှောက် ပထမဆုံး အရိုင်းဆုံးစကားပါပဲ...

သူတို့လူဖြစ်လာတာ ဘယ်လိုမို့လို့လဲ ပြန်စဉ်းစားစေချင်ပါသည်... သူတို့မှာ နှမချင်း စာနာစိတ် မရှိရင်တောင် အမေတော့ရှိမှာပါ... သူတို့နဲ့ ပြိုင်ပြီး မရိုင်းချင်ပါဘူး... ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိဘဲ လက်သရမ်းပြီး ရေးနေတာ ဘာကြောင့်လဲ... မြန်မာနိုင်ငံမှာနေပြီး မြန်မာမိန်းကလေးတွေကို စော်ကားတာ လူမဆန်တဲ့ လုပ်ရပ်ပဲ...
မင်းက အမှောင်ကအော်နေတာ ငါက အလင်းမှာ မင်းပဲ ရေးနိုင်မလား?? ငါပဲ ဖြတ်နိုင်မလား?? စောင့်သာ ကြည့်နေ... တစ်ခုပဲ ငါဆန္ဒပြုပေးပါတယ်... မင်းမိသားစုထဲက အမျိုးသမီးတွေကို မင်းလို နှမချင်း မစာနာတတ်တဲ့ သူတွေနဲ့ မတွေ့ပါစေနဲ့လို့ တကယ်ကို ဆုတောင်းပေးပါတယ်...

Sunday, August 23, 2009

စိတ်ပျော်ရွှင်တဲ့ ကစားနည်း


ခုလတ်တလော မီးလေး ဖြစ်နေတာတွေနဲ့ တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတယောက်ပို့ပေးတဲ့ Forward မေးလ်ကို ပြန်လည်မျှဝေလိုက်ပါတယ်...

ထိုင်ဝမ်လေဒီယိုလိုင်း hinet က ထုတ်လွှင့်ခဲ့ဖူးတဲ့ "အကောင်းဖက်ကို တွေးပါ" ဆိုတဲ့ ကစားနည်း အစီအစဉ်ဖြစ်ပါတယ်။ ကစားနည်းက အောက်ပါအတိုင်းဖြစ်ပါတယ်။

မေမေ.... ဒီနေ့ကျောင်းတက်တော့ အိတ်ထဲက ပိုက်ဆံ(၁ဝ) မတွေ့တော့ဘူး။ အကောင်းဖက်ကို တွေးပါ။
သား...... တော်သေးတယ်.. ပိုက်ဆံ (၁ဝဝ) မဟုတ်လို့..
ဖေဖေ.... ကောက်ရတဲ့သူတော့ ပျော်နေမှာပဲ

မေမေ.... ကျောင်းဆင်းခါနီး မိုးကြီးကြီးရွာချလာတယ်။ အကောင်းဖက်ကို တွေးပါ
သား...... တော်သေးတယ်။ ဦးလေးအိမ်က ကျောင်းနဲ့နီးလို့

မေမေ.... စာတွေအသင့်ပြင်ပြီး ကြိုးစားဖြေခဲ့တဲ့ စာမေးပွဲက ထင်သလောက်
အမှတ်မကောင်းခဲ့ဘူး။ အကောင်းဖက်ကို တွေးပါ။

သား...... တော်သေးတယ်။ အတန်းတင် စာမေးပွဲ မဟုတ်ခဲ့လို့
ဒီကစားနည်းက စိတ်ဝင်စားစရာကောင်းသလို နားထောင်သူ ရင်ကိုလည်း ကြည်နူးစေတယ်။ အဖြစ်အပျက်တစ်ခုမှာ ကောင်မလေးတစ်ယောက် သူနှစ်သက်တဲ့ နာရီပျောက်သွားခဲ့လို့
မစားနိုင်၊ မအိပ်နိုင်၊ စိတ်ထဲတနုံနုံနဲ့ မပျော်နိုင်ဖြစ်ခဲ့တယ်။

အဲဒီမှာ ဖာသာတစ်ဦးက "တကယ်လို့ တနေ့မှာ မတော်တဆ ငွေ(၁)သိန်း ကျပျောက်သွားတယ် ဆိုပါစို့။ နောက်ထပ် (၂) သိန်း အပျောက်ခံဦးမလား"လို့ ကောင်မလေးကို မေးတော့ သူက "အပျောက်မခံတော့ပါဘူး"လို့ ဖြေတယ်။

ဖာသာက ဆက်ပြီး "ဒါနဲ့များ ဘာဖြစ်လို့ နာရီတစ်လုံးပျောက်တာနဲ့ ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို (၂)ပတ် အပျောက်ခံလိုက် ရသလဲ? ပြီးတော့ ကိုယ့်ကျန်းမာရေးပါ အဆစ်ပေးလိုက်ရသလဲ" လို့ မေးခဲ့တယ်။

အဲဒီအချိန်ကျမှ ကောင်မလေးက အိပ်မက်က လန့်နိုးလာသူတစ်ယောက်ကို ကုတင်ပေါ်က အမြန်ခုန်ချပြီး "ဟုတ်တယ်.. ကျွန်မထပ်နစ်နာလို့ မဖြစ်တော့ဘူး။
ပျော်ရွှင်ခြင်းတွေ၊ ကျန်းမာရေးတွေ အပျောက်ခံလို့ မရတော့ဘူး။ နာရီနောက်တစ်လုံး ထပ်ဝယ်နိုင်အောင် ကြိုးစားမယ်" လို့ ပြောခဲ့တယ်။

ဘဝက ဒီလိုပါပဲ!
ရှုံးတဲ့အချိန်ရှိသလို နိုင်တဲ့အချိန်လည်းရှိတယ်။ မှန်မှန်ကန်ကန်နဲ့ ရှင်သန်မယ်။
ဒါမှ ဘဝပီသတယ်။ လူတစ်ချို့က အမှန်တကယ် ဖြစ်ပျက်တာကို လက်မခံနိုင်တတ်ကြဘူး။
အဲတာကြောင့်ပဲ ရှုံးပြီးရင်း ရှုံးခဲ့ကြရတယ်။

Positive thinking က လူအများကို အပြစ်တင်စရာမလိုဘူး။
Positive thinking က စိုးရိမ်ကြောင့်ကျမှုတွေ မခံစားစေဘူး။
Positive thinking က ပျော်ရွှင်ခြင်းကို အနားကမခွါစေဘူး။
Positive thinking က ပူဆွေးသောကကို လမ်းကြောင်းလွဲပေးတယ်။
Positive thinking က ညှိုးနွမ်းတဲ့စိတ်ကို လန်းဆန်းမှုတွေပေးတယ်။
Positive thinking က ပြုံးရွှင်ဖော်ရွေတဲ့ အကျင့်စရိုက်ကိုပေးတယ်။
Positive thinking က အသစ်တစ်ဖန် ထရပ်ဖို့ အင်အားတွေပေးတယ်။
Positive thinking က အဆုံးမရှိတဲ့ မျှော်လင့်ချက်တွေပေးတယ်။

အားလုံးကို ကစားနည်းလေး ဝေမျှလိုက်ပါတယ်။ ကိုယ်နေထိုင်တဲ့ဘဝ၊ ရောက်နေတဲ့အရပ်က
အခက်အခဲတွေကို ဒီကစားနည်းကို ကစားရင်း နေ့သစ်များနဲ့ ပွေ့ဖက်နိုင်ပါစေလို့...

(စာကြွင်း.... မနိုင်းနိုင်းစနေထံမှ ကူးယူဖော်ပြပါသည်)

ခေတ္တခွဲခွာခြင်း

သြဂုတ်လ ၂၁ရက်နေ့မှာ မီးလေးဘလော့ဂ် သက်တမ်းလေး သုံးနှစ်ပြည့်ခဲ့ပါတယ်... အဲနေ့က အကြောင်းကြောင်းကြောင့် ပို့စ်မတင်နိုင်ခဲ့ပါဘူး... ခုမှပဲ တင်ဖြစ်တော့တယ်... အမျိုးမျိုးသော အခက်အခဲတွေကြားက သုံးနှစ်ပြည့်မှန်းမသိ ပြည့်ခဲ့ပါပြီ... ခုတော့ မီးလေး ဒီဘလော့ဂ်လေးနှင့် ခဏခွဲခွာရပေဦးမည်... အဘယ်ကြောင့်ဆိုသော် ကျောင်းစာများ၊ ပရောဂျက်များနှင့် အလုပ်ရှုပ်နေ ပါသောကြောင့် ပို့စ်များ တင်နိုင်မည် မဟုတ်သေးပါ... အားရင်အားသလိုတော့ ရေးတင်ပါမည်... လာလည်တဲ့ လူတွေကိုလည်း အားနာမိပါသည်...

မီးလေးအရင်ကလည်း ခေတ္တမျှ ခွဲခွာခဲ့ဖူးပါသည်... မီးလေးပြန်လာချိန်မှာ အတော်ပြောင်းလဲ ကုန်ပါပီ... လင့်တွေတော်တော်များများ မရှိကြတော့... ဘလော့ဂ်သစ်လေးများနှင့် ထပ်မံ ဆုံစည်းခဲ့ပြန်ပါသည်... ခုတော့ ပြန်လည်ခွဲခွာရဦးမည်... မီးလေး မရှိစဉ်မှာ မီးလေးအိမ်ကို စောင့်ရှောက် ပေးကြတဲ့ မောင်နှမများနှင့် လူမရှိပေမဲ့ လာလည်ပေးကြတဲ့ စာဖတ်ပရိတ်သတ်များ၊ မောင်နှမအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း....

Thursday, August 20, 2009

ဘုံဆိုင်ထဲမှ ဟာသများ

လမ်းတနေရာအရောက် သူငယ်ချင်းနှစ်ယောက် ဆုံတွေ့ကြရာ...
ပထမလူ ----- မင်းတွေ့တာနဲ့ အတော်ပဲကွာ ငါ့မိန်းမ ကလေးမွေးချင်နေလို့ အိမ်မှာလဲ ဘယ်သူ့မှ မကျန်ခဲ့ဘူး။ ငါ့ကို ကားသွားငှားပေးပါလားကွာ။

ဒုတိယလူ ----- ဆောရီးပဲ သူငယ်ချင်းရာ။ ငါဒီနေ့ ဥပုသ်စောင့်ထားလို့ ထမင်းစားချိန်ကျော်တော့မှာမို့ သွားတော့မယ်ကွာ။
ဒါနဲ့ ဒုတိယလူလဲ ကားငှားပီး သူ့မိန်းမအား ဆေးရုံပို့လိုက်လေသည်။ ညနေစောင်း၍ ဆေးရုံမှ အိမ်သို့ ပြန်လာစဉ် လမ်းထိပ်၌ ထိုသူငယ်ချင်းအား ဆိုင်တဆိုင်တွင် တွေ့လိုက်လေသည်။

ပထမလူ ----- သူငယ်ချင်း မင်းပြောတော့ ဥပုသ်စောင့်တယ်ဆို ခုတော့ ဘုံဆိုင်ရောက်နေပါလားကွ။
ဒုတိယလူ ----- အင်း... ဥပုသ်စောင့်ထားတယ်လေ။ စိတ်သာ အဓိကကွ ငါက ဒါကို ရေလို့စိတ်ထဲမှာ သဘောထားပြီး သောက်တော့ ဘာမှမဖြစ်ဘူးပေါ့ကွ။
တိန်

တွေးပြီးမှ ပြုံးပါ

Monday, August 17, 2009

မီးလေး ဆေးရုံတက်တော့မည်...

ခုတလော မီးလေးမှာ အပြင်းအထန် ရောဂါတစ်ခု စွဲကပ်နေပါသည်... ဆရာဝန်မှ ကုရာနတ္ထိ ဆေးမရှိဟု ပြောလိုက်ပါသဖြင့် အကြီးအကျယ် စိတ်ညစ်နေပါသည်.... ဆေးရုံတက်ပြီး ကုတောင် ရချင်မှ ရတော့မှာလို့ ဆရာဝန်က ပြောလိုက်ပါ၍ အစားအသောက်ပျက်နေပါသည် (တနေ့ ၅ ပန်းကန် :$)... ဆေးရုံတက်ဖို့ ဗေဒင်တွက်ရွှေးပြီးမှ တက်မည်ဟု ဆုံးဖြတ်ထားတယ်...

Process Addiction လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရောဂါ တစ်မျိုး ကူးစက်ခံနေရပါတယ်... ထိုဗိုင်းရပ်စ်ဟာ လူငယ်တော်တော်များများကို ကူးစက်ခံနေရပြီး ဖြစ်ပါတယ်... ပြန့်နှံ့နှုန်းက လေတိုက်နှုန်း ၂၀၀၀၀ ထက် အဆတစ်ရာ ပိုမြန်ပါတယ်... ခုချိန်ထိ ကာကွယ်ဆေး မပေါ်သေးပါဘူး... ထိုရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိ အောက်ပါရောဂါလက္ခဏာ (Symptoms) များကို ကြည့်၍ သိနိုင်ပါသည်...


၁။ tolerance - ယဉ်ပါးသွားခြင်း (ဆေးယဉ်သကဲ့သို့)
(အင်တာနက်သုံးတဲ့အချိန်များ နေပေမယ့် ဆက်ပြီးဆက်ပြီးသုံးချင်နေတာ၊ အချိန်နည်းတယ်လို့ ခံစားရ၊ စိတ်ကျေနပ်မှုမရတာ)

၂။ withdrawal symptoms- ဆေးဖြတ်လက္ခဏာများခံစားရခြင်း -
(အင်တာနက်သုံးတာလျှော့ချလိုက်ရရင်၊ စိတ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လာတာ၊ စိတ်ဓာတ် ကျသလိုခံစားရတာ၊ စိတ်အလိုမကျသလိုခံစားရတာ။ အင်တာနက်သုံးနေတုန်းမှာ အနှောင့် အယှက်ပေးသလိုဖြစ်ရင် ပုံမှန်ထက်ပိုပြီးစိတ်တိုလာတာ။ အင်တာနက်ကြည့်နေရမှ စိတ်ပျော်ရွှင် ကျေနပ်မှုရတာ)

၃။ ပုံမှန်အချိန်တွေမှာပါ အင်တာနက်နဲ့ပတ်သက်တာတွေးနေမိတာ၊
( ဥပမာ-ဘလော့ဂ်မှာ ဘာတင်လိုက်မယ်၊ ဘယ်သူ့ဆီသွားမလည်ရသေးဘူးစသဖြင့်
ဈေးသုံးနေရင်းစဉ်းစားနေမိတာမျိုး။)

၎။ အင်တာနက်နဲ့ပတ်သက်တဲ့အိပ်မက်မကြာခဏမက်တာ

၅။ type ရိုက်သလိုမျိုးလက်ဂနာမငြိမ်လှုပ်ရှားတတ်လာတာ

၆။ စိတ်ကူးထားတာထက်ပိုပြီးအင်တာနက်ကိုအချိန်ပေးနေမိတာ။
ဥပမာ-မအိပ်ခင် နာရီဝက်လောက်ကြည့်လိုက်ဦးမယ်ဆိုပြီး ၂-၃ နာရီဆက်မိတာ

၇။ အင်တာနက်နဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေမှာ အချိန်ပိုပေးနေမိတာ
(အင်တာနက်ကြည့်တာအပြင်) ဥပမာ- ဘလော့ဂ်မှာတင်ဖို့ စာအုပ်ရှာဖတ်တာမျိုး

၈။ အင်တာနက်ကို လျှော့ဖို့စိတ်ကူးပေမယ့် မအောင်မြင်တာ

၉။ တခြားလူမှုရေးနဲ့ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာတွေပျက်ကွက်လာတာ။ အထူးသဖြင့် မိသားစု ရှိသူတွေမှာ၊ ချက်ပြုတ်သန့်ရှင်း လိုစိတ်နည်းလာ၊ လင်မယား ဆက်ဆံရေး စိတ်ဝင်စားမှုလျော့လာ၊
သားသမီးပေါ် ၀တ္တရားပျက်လာတာ။ တစ်ဦးထဲသမားတွေမှာ အပြင်သူငယ်ချင်းတွေနဲ့ ထိတွေ့ ဆက်ဆံမှုနည်းလာတာ။ ကျောင်းသားတွေမှာ အဆင့်ကျလာတာ။ အလုပ်သမားတွေမှာ
အလုပ်ထဲ စိတ်ပါဝင်စားမှု နည်းလာတာ

၁၀။ ကိုယ်လက်လှုပ်ရှားမှု၊ အပြင်ထွက်အပမ်းဖြေခြင်း၊ တီဗီကြည့်ခြင်းစတာတွေ သိပ်မလုပ် တော့တာ။

၁၁။ အင်တာနက်အချိန်များလွန်းလို့ အိပ်ရေးပျက်ပြီး၊ နောက်နေ့မနက် စောစောမထနိုင်တာ၊ အိပ်ရေးပျက်မှုကြောင့် အင်တာနက်ထိုင်တာကလွဲပြီး ဘာမှလုပ်ချင်စိတ်မရှိတာ၊

၁၂။ အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေးဝတ္တရားပျက်နေမှန်းသိနေလျက်နဲ့
အင်တာနက်ကို မဖြတ်နိုင်ဘဲဖြစ်လာတာ။

၁၃။ Forming cyber relationships with strangers met online is also a
sign of internet addiction. - အွန်လိုင်းကတဆင့် မတွေ့ဘူးမမြင်ဘူးသူ
သူစိမ်းများနဲ့မိတ်ဆွေဖြစ်-ဆက်ဆံဖြစ်တာ
Extra-marrital relations - အိမ်ထောင်ဖက်ဇနီး၊ ခင်ပွန်းအပြင် ဆက်သွယ်မှုများ
ရောဂါဖြစ်လွယ်သူများ စိတ်ဓာတ်ရေးရာ အားနည်းချက်ရှိသူများမှာ ဒီရောဂါစွဲလွယ်ပါတယ်။ ငယ်ဘ၀က စိတ်အနာရဖူးသူများ (psychological trauma)၊ စိတ်ဓာတ်ကျလွယ်သူများ၊ အများနဲ့ မဆက်ဆံချင် တကိုယ်တည်းနေတတ်သူများ၊ အလုပ်ဒဏ်ကိုရှောင်တတ်သူများ၊ အင်တာနက်နဲ့ စိတ်ထွက်ပေါက်ရှာတတ်သူများ

Complications - ဆက်တွဲဆိုးကျိုးများ

၁။ ကျန်းမာရေးဆိုင်ရာပြဿနာများ-health problems

(၁) မျက်စိပြဿနာ
(၂) ကျောအောင့်ခါးနာ စသော အကြောဆိုင်ရာဝေဒနာများ
(၃) လက်မ၊လက်ညိုးနှင့်လက်ခလယ်လက်ချောင်းလေးများထုံကျင်ခြင်းရောဂါ -carpal
tunnel syndrome
(၄) အားအင်နည်းပါးခြင်း(fatigue)
(၅) အဆီတက်လာခြင်း-ထိုမှတဆင့် နှလုံးသွေးကြောရောဂါများ

၂။ မိသားစုပြဿနာများ-Familial problems
(၁) လင်မယားပြတ်စဲခြင်း
(အွန်လိုင်းမိတ်ဆွေအဆင့်မှ သံယောဇဉ်ပိုလာခြင်းကြောင့် အိမ်ထောင်ဖက်ကို စိတ်ဝင်စားမှု နည်းလာခြင်း၊ အင်တာနက်ကိုသာအလွန်အမင်းစွဲလမ်းနေမှုကြောင့် လင်မယားဆက်ဆံရေး နည်းပါးလာခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်)
(၂) သားသမီးစိတ်ဝေဒနာရခြင်း-မိဘသားသမီးဆက်ဆံရေးအေးစက်လာခြင်း

၃။ လူမှုရေးအကျိုးဆက်များ-Social problems
အလုပ်ပျက်ခြင်း၊ မိတ်ဆွေစစ်နည်းပါးလာခြင်း၊

Treatment - ကုသမှု ဆေးကိုတိကနဲဖြတ်ရင် ဆေးဖြတ်တဲ့ withdrawal symptoms တွေကြောင့် လူထိခိုက်တတ်သလို၊ နက်သမားကို နက်တိကနဲဖြတ်ခိုင်းရင် စိတ်ဓာတ်ကျတာ၊စတဲ့
ဝေဒနာတွေဝင်လာတတ်ပါတယ်။ ဒါကြောင့်မျှင်းပြီးဖြတ်စေရပါတယ်။

၁။ တနေ့တာအတွင်းနက်သုံးချိန်ကို မှတ်တမ်းပြုစုစေခြင်း
၂။ ပြင်ပလောကနဲ့ပိုဆက်ဆံစေခြင်း-ခရီးတိုထွက်ခြင်းစသည်
၃။ မိသားစုသမားများအတွက်၊ မိဘ၀တ်-သားသမီးဝတ်-လင်ဝတ်-မယားဝတ်
စသည်များပြန်လည်သတိရစေခြင်း
၎။ သင်တန်း-လက်မှုအတတ်ပညာစတာတက်စေခြင်း
၅။ တရားထိုင်စေခြင်း

Prognosis - ရောဂါပျောက်ကင်းနိုင်မှု
ခံယူချက်နဲ့ အမူအကျင့်ပြောင်းလဲနိုင်မှု attitude and behavioral change
ပေါ်မှာမူတည်ပါတယ်တဲ့...

Forward မေးလ်ထဲကပါ အတော်များများ တိုက်ဆိုင်လို့ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်...

ရယ်မောခြင်းဖြင့် အသက်ရှည်နိုင်ကြပါစေသော်......

Saturday, August 15, 2009

ဘလော့ဂါ အငြိမ့်

ကိုအိမ် ဦးစီးသည့် အငြိမ့်ပွဲ (ကိုအိမ်ဘလော့မှ ကူးယူဖော်ပြပါသည်...)
မီးလေးကို မင်းသမီးလုပ်ဖို့ဆို ခေါ်လွန်းလို့ အားနာပါးနာနဲ့ ကပေးလိုက်တာ... :P

ရွှေပွဲလာ ဧည့်ပရိတ်သတ်များခင်ဗျား ယခုအချိန်မှစပြီး ဘလော့ဂါ အငြိမ့်ပွဲကိုစတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရူစားတော်မူကြပါ......။
ကတ္တီပါ ကားလိပ်ဖွင့်သည်နှင့် ရွာစားကျော် ကိုဖိုးစိန်ကနေပြီး အရူးမီးဝိုင်း တီးလုံးနဲ့ စတင် တီးခတ်လိုက်ပါတယ်။ အတီးပြီးတော့ လူရွှင်တော်များဖြစ်ကြသော ပေါင်ပေါ်သား တဖြစ်နဲ့ ကိုတောင်ပေါ်သားအရုပ်တမာ အဖြစ်နဲ့ ကိုအရုပ်ကလေးကိုအရမ်းပန်းတယ် ပြောတဲ့ ကိုရမ်းသမ်း.. အဲလေ.. ကိုရမ်းဂန်းဘုစုခရုကလေး အဖြစ် ကိုပုလုကွေး ကိုခြေကျိုးခြင်း အဖြစ်နဲ့ ကိုမြစ်ကျိုးအင်း တို့ကနေပြီး ပရိတ်သတ်ကို လက်အုပ်ချီမိုး ကန်တော့ပြီးသကာလ စတင်ယုတ်မာပါတော့မယ်.... ဟုတ်ပေါင် ယောင်လို့ ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပါတော့မယ်....။
တစ်ရာ့တစ်ပါး ခစားကြစို့ စုံစုံညီညီ ဘလော့ဂါသည် ဝတ္တရားရယ်က ထားသင့်ပေသည်။ လာဖတ်သူ စိတ်ကြည်ရွှင်စေဖို့ ဂုဏ်ထူးဆောင် ခိုးချပါလို့ ပို့စ်တင်သည်။ လာသမျှလူ မေတ္တာပို့စေဖို့..... သူငယ်ချင်းတို့ရေ ဝေ...... အားစိုက်လို့နွှဲ...ဟဲ့ဟဲဟဲ...။

“မင်္ဂလာပါ ကိုပေါင်ပေါ်သားရေ....”
“ကိုရမ်းသမ်းရေ မင်္ဂလာပါဗျာ...”
“ဟိုဘက်က ကိုဘုစုခရုကလေးရေ မင်္ဂလာပါဗျာ....”
“မင်္ဂလာပါ ကိုရမ်းသမ်းရေ...”
“ညာဘက်က ကိုအရုပ်တမာလေးလားခင်ဗျ..”
“ဟုတ်ပါတယ် ကိုရမ်းသမ်းရေ မင်္ဂလာပါ ခင်ဗျာ...”
“ဘယ်ဘက်ဒေါင့်က ကိုမြစ်ကျိုးများလားခင်ဗျာ့ မင်္ဂလာပါဗျာ....”
“မ မင်္ဂလာဘူးဗျာ...”
“ဟ-ဘာဖြစ်တာလဲ ကိုယ့်ဆရာရဲ့ အလိုက်သင့်လေးတော့ ပြောမှပေါ့ဗျ။ ဘလော့ဂါသည်ဆိုတာ ကိုယ့်အပူတွေကို ပို့စ်တင်တဲ့နေရာ မယူလာရဘူးလေဗျာ စာဖတ်သူတွေ စိတ်ညစ်စရာ မပေးပါနဲ့လားဗျာ...”
“ဒီလိုပါ ကိုရမ်းသမ်းရာ ကျနော် အပြင်သွားခါနီးတိုင်း အိမ်က မိန်းမကို စိတ်မချလို့ အိမ်တံခါး အမြဲသော့ခတ်သွားလေ့ ရှိပါတယ်...”
“သြော်.. မိန်းမကို အတော် စိတ်ချပုံရတယ်နော်... ကဲ.. ဆက်ပြောပါဦးဗျ...”

“ပြီးတော့ ကျနော်က သတိမေ့တတ်တော့ သော့ကို ဟိုထား၊ ဒီထားနဲ့ ပျောက်ရှသွားမှာစိုးတာနဲ့ အိမ်ဘေးက လူပျိုးကြီးကို အပ်ပြီးမှ အပြင်သွားလေ့ရှိတယ်ဗျ။ လူပျိုးကြီးကလဲ စိတ်ချပါ ဒီအိမ်ကို အဖိုဆိုလို့ ယင်ဖိုတောင် မဝင်စေရဘူးတဲ့ မှဲ့တပေါက် မစွန်းစေရဘူးတဲ့.....”
“အင်း... လူကြီး၊လူကောင်း ပီသပါပေရဲ့ဗျာ ဆက်ပါဦးဗျ....”

“ဒီနေ့တော့ဗျာ... ကျနော်ဘလော့ဂါအငြိမ့်ပွဲမှာ လူရွှင်တော် အဖြစ်နဲ့ ပါဝင်ကပြရမယ်ဆိုလို့ အိမ်ကထွက် အလာ လမ်းထိပ်နားရောက်မှ လူပျိုကြီးက ကျနော့် အော်ခေါ်ပြီး အမောတကောနဲ့ အပြေးလိုက်လာပါလေရော အနားရောက်တော့ ကျနော်လဲ ဘာဖြစ်လို့လဲလို့ မေးတော့ ခင်ဗျားပေးတဲ့ အိမ်သော့မှားနေတယ်တဲ့ အရင်သော့တွေတုန်းက အဆင်ပြေပြေနဲ့ ဖွင့်လို့ရတယ် ဒီသော့က မရဘူးဗျ အဲဒါလာလဲတာတဲ့....”

ကိုမြစ်ကျိုးအင်း ခေါင်းကို ကျန်လူရွှင်တော်များက ဝိုင်းရိုက်လိုက်ကြသည်။

“ကျနော်ကျတော့ ခင်ဗျားလို မဟုတ်ဘူးဗျ...”
“လုပ်ပါဦး ကိုရမ်းသမ်းရဲ့....”
“ဒီလိုဗျ ကျနော်က ကျနော့်မိန်းမကို အရမ်းချစ်တာဗျ.. တနေ့ သူသွားနာနေတယ် ဆိုတာနဲ့ သွားဆရာဝန်ဆီသွားပြီး ဆရာဝန်ကို ကျနော်အရင်သွားတွေ့ပြီး.... ဆရာ.. သွားနှုတ်ချင်လို့ဗျာ ဆိုတော့ ရပါတယ်တဲ့ ဒါနဲ့ ကျနော်လဲ ထုံးဆေးလဲ မထိုးချင်ဘူး ဆရာ၊ မေ့ဆေးလဲ မသုံးချင်ဘူ၊ ဒီအတိုင်း အစိမ်းသာနှုတ်ပေးပေးဗျာ ရတယ် မဟုတ်လား ဆိုတော့ ဆရာဝန်က ခင်ဗျား အတော် သတ္တိကောင်းတဲ့သူပဲ.. ကဲကဲ ခုံပေါ်တက်လိုက်ပါဦး ကျနော် အရင် စစ်ဆေးကြည့်ပါဦးမယ်ဆိုတော့ မိန်းမရေ ဆရာဝန်က လာခဲ့တော့တဲ့...........”

ကိုရမ်းသမ်း ခေါင်းကို လူရွှင်တော်နှစ်ဦးမှ ဝိုင်းလိုက်ကြသည်။

“ကျနော့်မိန်းမကျတော့ တမျိုးဗျ...”
“လုပ်ပါဦး ကိုပေါင်ပေါ်သားရဲ့....”
“ကျနော့်မိန်းမကျတော့ ကျနော် ဘာလုပ်လုပ် တခွန်းမှကို မပြောတာ အရက်ပဲသောက် သောက်၊ ဖဲပဲ ကစား ကစား၊ တခွန်းမှကို မပြောတာ။ ခင်ဗျားယူထားတဲ့မိန်းမက အအမလားမှ မသိတာ။ ဘယ်နဲ့ဗျာ ပြောတတ်ပါတယ်ဗျ ခင်ဗျားနှယ်။ သြော်-ဒါဆိုတော့ သူ့ယောကျာင်္းကို အတော် ချစ်ပုံရတယ်နော် ယောကျာင်္းဘာလုပ်လုပ် ဘာမှမပြောဘူးဆိုတော့။ ဟုတ်တယ် တခွန်းမှမပြောပဲ တွေ့ရာနဲ့ ကောက်ပစ်ပြီဆော်တာတခုပဲဗျ...”

ကိုပေါင်ပေါ်သားခေါင်းကို လူရွှင်တော်များ ဝိုင်းရိုက်စေ..။

“ကျုပ်မိန်းမကျတော့ တမျိုးဗျ...”
“လုပ်ပါဦး ကြားဖူးတာပေါ့ ကိုဘုစုခရုကလေးရေ...”
“လင်ကိုလဲ အရမ်းရိုသေတယ်။ အချက်အပြုတ်ကလဲ ပထမတန်းပဲ။ ညအိပ်ခါနီးတိုင်းလဲ နင်းနှိပ်ပြီး လင်ကိုရှိခိုးပြီးမှ အိပ်တာ။ အလှအပအတွက်ဆိုလဲ လင်ကို မပူဆာဘူး သူ့ရှိတာလေးနဲ့ လှအောင် ဝတ်တတ်တယ်။ ကုန်ကုန်ပြောမယ်ဗျာ နေတာထိုင်တာကအစ ဗိုင်ကောင်ကျောက်ပိနေတာဗျ...”
“သြော်..... တော်လေးဝဝင် အမျိုးသမီးဆိုတာ အဲဒါမျိုး ထင်တယ်နော်...”
“အင်း.....ပြောစရာက တခုပဲရှိတယ်ဗျ...”
“ဟာဗျာ ဒီလောက် တော်တဲ့ကောင်းမွန်တဲ့ မိန်းမကိုဗျာ အပြစ်တခုလောက်နဲ့ စာဖွဲ့မနေပါနဲ့ဗျာ အင်္ဂလိပ်စကားတောင် ရှိသေးတာပဲ နိုးဘာဒီပါဖက် အိပ်ဆက်သည်ဂေါ့တဲ့ဗျ မြန်မာလို ကဗျာ ဆန်ဆန် စာဆန်ဆန်ပြောရရင်တော့ ခြောက်ပစ်ကင်း သဲလှဲစင် ဆိုတာမျိုးလို့ပဲ ပြောရမလားတော့ မသိဘူး...”
“ခင်ဗျားကလဲ ဇွတ်ချည်းပဲ သေချာနားမထောင်ဘူး ကာယကံရှင် ပြောတာလဲ နားထောင်ဦးမှ ပေါ့ဗျ....”
“လုပ်ပါဦး ကိုဘုစုခရုကလေးရဲ့ အဲဒီပြောစရာက ဘာများလဲဗျ......”

“သူ့အပြစ်က ကျုပ် ခရီးသွားတိုင်း လင်ငယ်ကို အိမ်ပေါ်ခေါ်တင်ထားတာပဲဗျ...”
ကိုဘုစုခရုကို ဝိုင်းရိုက်နေကြစေ..။

“ကိုအရုပ်တမာ မိန်းမအကြောင်းလေး ပရိတ်သတ်သိအောင် ပြောပြပါဦးဗျ...”
“ကျနော့်မိန်းမ အကြောင်းလား မပြောချင်တော့ပါဘူးဗျာ....”
“မပြောချင်လဲ နေတော့....”
“ဟုတ်ဘူးလေဗျာ ပြောချင်လွန်းလို့ စကားခံတာလေဗျာ အကိုတို့ကလဲ စိတ်ကြီးပဲ...”
“မသိဘူးလေဗျာ ခင်ဗျားက မပြောချင်တော့ပါဘူးဆိုလို့ မပြောချင်လဲ မပြောနဲ့လို့ စေတနာနဲ့ ပြောတာပါ...”

“ကိုင်း..ကိုင်း... ကျုပ်တို့ချည်းပဲလဲ မပြီးသေးဘူး ဆရာတို့ရေ ကျုပ်တို့ရဲ့ အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေးနဲ့ ပရိတ်သတ်ကြီးနဲ့ မိတ်လိုက်.. .အဲလေ ...မိတ်ဆက် ပေးရဦးမယ် မဟုတ်လားဗျာ... ကဲကဲ ဒီအထဲမှာ အကြီးဆုံး ဖြစ်တဲ့ ကိုရမ်းသမ်းရေ ခင်ဗျားပဲ ခေါ်ပါဗျာ...”
“ဟဲ့ ဘာကြီးတာလဲ မရှင်း၊ မရှင်းမလုပ်နဲ့နော်.....”
“အသက်ပြောတာပါဗျ ခင်ဗျားနှယ် အသက်ကြီးပြီး အချိန် မစီးဘူး...”
“အို... ခင်ဗျားကလဲ ကျုပ် အသက်က အခုမှ ၁၅နှစ်ကို နှစ်၂၀စွန်းရုံလေးပဲ ရှိသေးတာပါဗျ.....”

“ကဲ..ကိုယ့်ဆရာ စကားမရှည်နဲ့တော့ ခေါ်စရာ ရှိတာခေါ်ဗျာ ပရိတ်သတ်ကြီးက ရှေ့ထွက် မင်းသမီးလေး ကြည့်ချင် မြင်ချင်လှပြီ ခေါ်ပါတော့ဗျ...”
“ကဲဗျို့ မင်းသမီးချောလေးကို ပွဲထုတ်ဖို့ အချိန်တန်ပြီမို့ ဗိုက်ပူလို့ တင်ကား... အသားကမည်း၊ သွားကကျဲ၊ ဂုဏ်ရှိန်တွေ အသွင်ထူးပါတဲ့ မင်းသမီးလေး ဒွင်းဒွင်းစိန်..... ရေ......”

“အကိုတို့ရေ မင်္ဂလာပါရှင်..”
“မင်္ဂလာပါ ဒွင်းလေးရေ...။ အခုလို ဘလော့ဂါ အငြိမ့်ပွဲမှာ ခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေး အဖြစ်နဲ့ ကပြ အသုံးတော်ခံရတာ သမီးအနေနဲ့ အင်မတန်မှပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်ရှင်...”
“ဂုဏ်ယူစရာပါပဲ ဒွင်းလေးရေ။ ကျနော်တို့ အနေနဲ့ ဇာတ်ဆရာ ကိုအိမ့်ကိုလဲ ကျေးဇူးမမေ့ သင့်ပေဘူးဗျ သူစပွန်ဆာ ပေးလို့လဲ ကျုပ်တို့တွေ အခုလို ဘလော့ဂါ အငြိမ့်ဆိုပြီး ဖြစ်လာတာပဲ မဟုတ်လားဗျာ...”
“ဟုတ်ပါ့ဗျာ ကျုပ်တို့ အနေနဲ့ သူနဲ့ အပြင်မှာ တွေ့ခဲ့ရင် ဝိုင်းရိုက်ကြဖို့... ဟုတ်ပေါင်.. ဝိုင်းပြီးပြုစု ကြဖို့ မမေ့သင့်ပေဘူးဗျ။ မှန်ပါ့ဗျာ ကိုပေါင်ပေါ်သားရေ မြန်မာလူမျိုးတို့ရဲ့ ထုံးတမ်းစဉ်လာ အရ ကျေးဇူးရှိသူကို ကျေးဇူးကမ်းတာ ထုံးစံ မဟုတ်လားဗျ...”
“အာ.. ကိုအရုပ်တမာကတော့ လုပ်ပြီ ကျေးဇူးရှိသူကို ကျေးဇူးဆပ်တယ် လုပ်ပါဗျ ဘယ်နဲ့ ကျေးဇူးကမ်း ဖြစ်ရတာတုန်းဗျ...”
“ခင်ဗျား ခေတ်နောက်ကျနေပြီ ထင်တယ် ကိုဘုစုခရုကလေးရေ ခုခေတ်က ကျေးဇူးဆပ်တာ မဟုတ်ဘူး ကမ်းတဲ့ ခေတ်ဗျ...”

“ကဲကဲ... အကိုတို့ရေ သမီး ရွှေပွဲလာ ဧည့်ပရိတ်သတ်ကြီးကို သမီးရဲ့မျက်စေ့နောက်စရာ ကောင်းလှတဲ့ အကနဲ့ ဖျော်ဖြေချင်လှပါပြီ”
“ကဲ.... အသုံးတော် ခံစေဗျား...”
“ဒါနဲ့ ဘယ်လို အကကပြီး ဘာသီချင်းနဲ့များ အသုံးတော် ခံမှာတုန်းဗျ..။ ဟုတ်ကဲ့ သမီးကို ဇာတ်ဆရာ အူးအိမ်ကနေပြီး သေသေချာချာ လက်ထပ်သင်ပေး ထားတဲ့ ဆပ်ပြာသည်လင်ပျောက် အကနဲ့ ဖျော်ဖြေပါရစေလားရှင်...”

“ဘုရား..ဘုရား.... သေသေချာချာ လက်ထပ်သင်ပေးတယ် ဆိုပါလား...”
“အို....အကိုတို့ကလဲ အီးရဲ့သမူးကို ဟုတ်ပေါင် သမီးရဲ့ဦးကို အဲလို မပြောပါနဲ့ ဦးက သဘော ကောင်းပါတယ်၊ သေချာ လက်ထပ်သင်ပေးတယ်ဆိုတာက စည်းနဲ့ဝါး ကစပြီး လက်အယူအသိမ်း၊ အထိုင်အထ အလည်၊ မျက်နှာပေး အဆုံးသေချာသင်ပေးတာကိုပြောတာပါ...”
“အိမ်း.... တို့အကိုအိမ်ကိုလဲ ရွာမှာ သွားပြီး သင်ခိုင်းဦးမှပဲဗျာ ရွာက လူတွေက စည်းနဲ့မဝါးပဲ ကြုံသလိုဝါးနေတာတွေ၊ လက်အယူ အသိမ်းမြန်တာတွေ၊ ထိုင်ပြီးရင် ပြန်မထချင်တာတွေ မျက်နှာက တလောကလုံး သူတို့ လုပ်စာ ထိုင်စားနေတဲ့ ပုံစံတွေကို သေချာသင်ခိုင်းဦးမှပဲ... မကောင်းဘူးလား ကိုအရုပ်တမာရေ...”
“မလုပ်ခိုင်းပါနဲ့ဗျာ တော်ကြာ တို့ကိုကြီးအိမ်ပါ သူတို့သင်ပေးတာမှာ သူတို့က ပြန်သင်ပေးလိုက်လို့ ဓာတ်တွေ ကူးကုန်ပါ့မယ်ဗျာ နေပါစေတော့..”

“ကိုင်း..... စကားချည်းပြောနေလို့ မပြီးသေဘူးဗျို့ ရွှေပွဲလာ ဧည့်ပရိတ်သတ်ကြီးကတော့ မင်းသမီးလေးကို မြင်နေပြီ သူ့ရဲ့ ရင်သတ်ရူမောဖွယ် အကလေး၊ အသံလေးဖျော်ဖြေတာ မြင်ချင်လှပါပြီတဲ့ဗျာ ကဲ... ရွာစားကျော် ကိုဖိုးစိန်ရေ အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေး အကကို ပရိတ်သတ် ရှုစားနားဆင်ရအောင်... ရွာစားရေ ဖေးမလို့ ပေးပါဦး.....ဗျ...............”

ရွာစားကျော်ကိုဖိုးစိန်မှ ပွဲစမှာ တီးခဲ့တဲ့ အရူးမီးဝိုင်း တီးလုံးနဲ့ စတင် တီးခတ်လိုက်ရင်ကိုပဲ...။ “မြင်မြင်ချင်းပင် ဘာကြောင့်များ ရိုက်ချင်တယ် ဘဝဟောင်းက သူ့ရန်ကြွေးကြောင့် ထင်တယ်+++++ ယုံကြည်ပါနော်တကယ် ကျမမှာအစဉ်တကယ် ရှင့်ကိုသာကွယ် ရိုက်++သတ်ချင်တယ်+++++ +++++++++++++ သိကြားမင်း ဖျက်တောင် မပျက်နိုင်ပါဘူး ရှင်တခွက်လောက် သောက်ရင် ပုဆိုးစလွယ်သိုင်းချင် တစ်ပုလင်းသောက်တော့.... အရပ်ကိုလှည့်လို့ မေတ္တာတိုးအောင် အော်ဆဲသရှင်++++ ဖဲရိုက်တာ++ဂျင်ကစားတာတွေ အစုံအလင်++ ကြက်တိုက်တာ၊ကျားထိုးတာ တနေ့လုံးပင်++++ ညဘက်မှာတွက်ချက်တာလဲ မပျက်ပေါင်ရှင်++++ သူ့ကိုသာပင် စိတ်ထဲက အသည်းရော အူရောပင် သတ်မယ် ကြံသရှင် တနေ့ကိုးကြိမ်မကအောင် ပါပဲရှင်++++ ညအိပ်ယာထဲဝင်++++ ဘုရားရှိခိုးရင် သူ့ကိုရည်မှန်းကာ အသက်တိုပါစေ၊ အမှုပိုပါစေရှင်++++”
“အကိုတို့ရေ သီချင်းလေးက မကောင်းဘူးလားရှင်...”
“ကောင်းပါ့မင်းသမီးလေးရေ နားထောင်နေရတဲ့ ပရိတ်သတ်ကြီးတော့ မသိဘူး ကျုပ်တို့မှာတော့ ဘယ်သူများလဲလို့ အတွေးပွားနေရတယ်ဗျို့...”

“သမီးပရိတ်သတ်ကြီးကို နောက်သီချင်းတပုဒ်နဲ့ ထပ်ဖျော်ဖြေပါရစေလားရှင်...”
“ကဲ .... ရူစားနားဆင်ပါရစေဗျား...”
“အရက်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တခု+++ ဘယ်သူမပြုမိမိမှု +++ သောက်ကြည့်လိုက်ပါ အခု၊++ အရသာဟာ ခါးသီးလို့++ သောက်လိုက်မယ် ဂလု+++ ၄၁ထက်ဒီဂရီကျော်ရင် အန်ဖတ်တွေစု++++ ဇရပ်မင်းစည်းစိမ်++++ ဆိုတာကရော +++နောက်နေ့အတွက် ခေါင်းကိုက်စရာ+++++ အရက်သောက်မြစ်တခု....”

“ဖျောင်းဖျောင်းဖျောင်း.... လှလိုက်တဲ့ ကွက်တွေဗျာ ဘယ်လိုကသွားမှန်းတောင် မသိလိုက်ဘူး။ ခင်ဗျားနှယ် ဆပ်ပြာသည်လင်ပျောက် အကပါဆိုမှတော့ ဒီလောက်တော့ ရှိမှာပေါ့ဗျာ....”

“ကဲဗျို့ မင်းသမီးအလှည့်ပြီးတော့ ကျုပ်တို့ အလှည့်ရောက်လာပြီဗျ.. ဒီတော့ အလှည့်ကျရင် မနွဲ့ကြစတမ်းကိုးဗျ နော... ဒီတော့ ကျနော်က သံချပ်တိုင်မယ် ခင်ဗျားတို့က လိုက်ဆိုဗျာ ပျော်ပျော်ပါးပါးပေါ့ ဟုတ်ဘူးလား။”
“အိုကေဗျာ ကောင်းတယ်ဗျို့ ကိုခြေကျိုးခြင်းရေ လုပ်ဗျာ မြန်မြန်လေး ဆိုချင်လှပြီ....။ ကဲ..စလိုက်ကြရအောင်...” (ရွာစားကျော် ကိုဖိုးစိန်ကို လက်ဖြင့် အချက်ပြလိုက်သည်)

“မိုး..မိုး...မိုးလားမောင်တို့.. ကျုပ်အော်ရင် ခင်ဗျားတို့က လေ..လေ..လေ.လားမောင်တို့ ..လို့ ပြန်အော်ပေး အဲဒီလိုပဲ ကျုပ်လေ..လေ လေလားမောင်တို့ဆို ခင်ဗျားတို့က မိုး..မိုး..မိုးလားမောင်တို့ ပြန်အော်မယ် ဟုတ်ပြီလား...”
“အိုကေဗျာ စမယ်... ဝမ်း၊ နှစ်၊ သရီး..... မိုး...မိုး...မိုးလာမောင်တို့ ”
“လေ..လေ.. လေလားမောင်တို့..”
“လေ...လေ..လေလားမောင်တို့”
“မိုး...မိုး...မိုးလားမောင်တို့”
“နိုင်ငံ့အကျိုးသယ်ပိုးနေ .... လေ..လေ.. လေလားမောင်တို့...”
“ဟဲ့ဟဲ့ ဘယ်နဲ့လေ..ရမှာတုန်း အမှန်အကန် လုပ်နေကြတာ ခင်ဗျားတို့ အမြင်ပဲလေဗျာ အဲသလိုတော့ မစော်ကားပါနဲ့ မကူညီချင်နေ မနှောက်ယှက်ပါနဲ့။ ကဲ...ကျုပ် နိုင်ငံ့အကျိုးသယ်ပိုးနေ တို့ပြည်သူတွေ ကောင်းစားစေဘို့ အဲလိုဆိုပါဗျ ....”
“သိဘူးလေ ခင်ဗျားက အစကထဲကမှ မပြောတာပဲ ... ကဲပြန်ဆိုစေဗျာ စိတ်ကြိုက် ဖြစ်စေရမယ်...”
“နိုင်ငံ့အကျိုးသယ်ပိုးနေ.... တို့ပြည်သူတွေ ကောင်းစားစေဘို့”
“တို့ပြည်သူတွေ ကောင်းစားစေဘို့ ..... နိုင်ငံ့အကျိုးသယ်ပိုးနေ...........”

“တို့နိုင်ငံမှာ လာဘ်စားနေတာ .... တို့ပြည်သူတွေ ကောင်းစားစေဘို့.....”
“အာ ...လုပ်ပြန်ပြီ လာဘ်စားတာ ပြည်သူတွေ ဘယ်လိုကောင်းစားမှာလဲဗျ သူတို့ မိသားစုပဲ ကောင်းစားမှာပေါ့..ဟ..”
“ခင်ဗျားက အစကထဲကမှ မပြောတာပဲဟာ ဘယ်လိုသိမှာလဲ”
“ကဲ..ဒါဆိုရင် ကျုပ်က တို့နိုင်ငံမှာ လာဘ်စားတာ မကျေနပ်ရင် ဖုန်းဆက်တိုင်ကြလို့ ခင်ဗျားတို့က ပြန်ဆိုမယ် အိုကေ... ပြန်စမယ်...”
“တို့နိုင်ငံမှာ လာဘ်စားနေ....”
“မကျေနပ်ရင်ဖုန်းဆက်တိုင်ကြ ...”
“မကျေနပ်ရင် ဖုန်းဆက်တိုင်ကြ...”
“တို့နိုင်ငံမှာ လာဘ်စားနေ...”
“ဒါနဲ့ မသိလို့ မေးရဦးမယ် ကိုခြေကျိုးခြင်းရေ အဲလို ဖုန်းဆက်တော့ရော တကယ် အရေးယူလို့ လားဗျာ... ကျနော်တော့ တခါမှကို မကြားသေးဘူး လာဘ်စားလို့ အရေးယူတယ်ဆိုတာ...”
“ဟေ့... ဆရာတို့ သံချပ်တိုင်စရာ ရှိတာတိုင်ပါ နိုင်ငံရေးတွေ မပါကြေးနော်...”
“ပြန်စမယ်... ကျုပ်က ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေလို့ အော်ရင် ခင်ဗျားတို့က ထိုင်ခုံလုတာ ခဏ၊ခဏ ပါပဲလို့ ပြန်အော်မယ် ဟုတ်ပြီနော် ..”
“အိုကေ စမယ်ဗျာ... ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေ....”
“ထိုင်ခုံလုတာ ခဏ၊ခဏပါပဲ...”
“ထိုင်ခုံလုတာ ခဏ၊ခဏပါပဲ....”
“ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေ....”

“တို့နိုင်ငံက လူကြီးတွေ..... ထိုင်ခုံလုတာ ခဏ၊ခဏ ပါပဲ.....”
“ဟေ့ဟေ့.... အာ... ခင်ဗျားတို့ အဖမ်းခံရတာ့မှာပဲဗျာ..”
“သိဘူးလေ ခင်ဗျားက အစထဲကမှ မပြောတာ ဘယ်သိမလဲ...”
“ခင်ဗျားတို့ကလဲ ညံ့လိုက်တာဗျာ မြန်မာတွေ လုပ်နေပြီးတော့ ကျုပ်တို့ မြန်မာတွေ ဘယ်လောက်တောင် အရည်အချင်းရှိလဲဆိုရင်... အမှုတခု ဖြစ်ပြီဆိုရင် ဒီအမှုရဲ့ အဆုံးသတ်ကို သိပြီးသား၊ အဲဒီလိုပဲ ဇာတ်ကားတကား ကြည့်တယ်ဆိုရင် ဇာတ်လမ်း အဆုံးသတ်ကို သဘောပေါက်ပြီးသား သဘောကတော့ ဒီဇာတ်လမ်း ဘယ်လို အဆုံးသတ်မလဲဆိုတာ သိပြီးသားလေ... ဟဲဟဲဟဲ...။ အခုတော့ ခင်ဗျားတို့က နိုင်ငံက လူကြီးတွေရဲ့ စေတနာနဲ့ မေတ္တာကို စော်ကားလိုက်သလိုပဲဗျာ ..နောက်ကို အပြောအဆိုဆင်ခြင်ပါဗျာ...”
“မသိလို့ပါ အကိုခြေကျိုးခြင်းရယ် နောက်ဆို ဆင်ြခင်ပါ့မယ်ဗျာ..။ ကောင်းပြီ ပြန်စမယ်.. ကျုပ်က... တို့နိုင်ငံက လူကြီးတွေ လို့အော်ရင် ခင်ဗျားတို့က ကျန်းမာစေကြောင်း၊ မာစေကြောင်း.. ဒီလို ပြန်အော်ရမယ်..ဟုတ်ပြီနော်..”
“အိုကေ စပြီဗျာ တို့နိုင်ငံကလူကြီးတွေ... ကျန်းမာစေကြောင်း”
“မာစေကြောင်း...”

“ကိုင်း... ဆ၇ာတို့ရေ အချိန်လဲ စေ့တော့မယ်ဗျာ စာဖတ်သူတွေလဲ မျက်စေ့ညောင်းလောက် ရောပေါ့။ ကျုပ်တို့ရဲ့ နောက်ထွက် မင်းသမီးလေးကို ပွဲထုတ်ကြပါစို့လားဗျာ...”
“ဟ.. ရှေ့ထွက်မင်းသမီးနဲ့ ခေါင်းဆောင် မင်းသမီးပဲ ရှိပါတယ်ဗျာ...”
“အိုး... အဲဒါက အပြင်မှာ ကျုပ်တို့ ဘလော့မှာတော့ နောက်မှထွက်ရင် နောက်ထွက်ပဲ...”

“ဟုတ်ပါပြီ... ကဲ... နောက်ထွက်မင်းမီးချောလေးကို ပရိတ်သတ်ကြီးနဲ့ ပေးတွေ့လိုက်ကြရ အောင်လာဗျာ...”
“ကိုရမ်းသမ်းရေ ခင်ဗျားပဲ ခေါဗျာ ...”
“ခေါ်တယ် လုပ်ပါဗျာ.. ခင်ဗျားကလဲ...”
“ခေါ်ပြီဗျာ... အဟမ်း...အဟမ်း... နိုင်ငံတလွှားရှာမှရှားတဲ့ အသပြာမမက်ဘဲ ခါးချိအောင်ရေးနေ ပါတဲ့ ဘလော့ဂါသူလှပျိုဖြူလေးဖြစ်တဲ့ မင်းသမီးလေး ပြာကလပ်စိန်အဖြစ်နဲ့ မီးလေး.......ရေ...”

“အားလုံးပဲ မင်္ဂလာပါရှင် ...”
“မင်္ဂလာပါ ပြာကလပ်စိန်လေးရေ...”
“သမီးအနေနဲ့ အခုလို ဘလော့ဂါ အငြိမ့်မှာ ပါဝင်ကပြဖျော်ဖြေရတဲ့ အတွက် အတိုင်းမသိဝမ်းသာ ပျော်ရွှင်မိပါတယ်ရှင်....”
“ဟုတ်ပါ့ဗျာ ကျနော်တို့လဲပျော်ရွှင် မိပါတယ်ဗျာ”
“ကဲ... မင်းသမီးလေး ပြာကလပ်စိန်ရေ အချိန်ရှိခိုက် လုံ့လစိုက်လိုက်ကြရအောင်လားဗျာ...”
“သမီးကပြ အသုံးတော်ခံမှာကတော့ အူးအိမ်ကနေပြီး သေသေချာချာ ကိုယ်ဖိ၊ရင်ဖိ သင်ပပေးထားတဲ့ မျောက်မူးလဲ အကနဲ့ ကပြဖျော်ဖြေမှာပါရှင်...”
“ဘုရားဘုရား လာပြန်ပဟ နောက်တယောက် ပထမတယောက်တုန်းက သေချာ လက်ထပ်သင်ပေးတာတဲ့၊ ခုတယောက်ကျတော့ ကိုယ်ဖိ၊ရင်ဖိ ဆိုပဲ... ကျုပ် လူရွှင်တော် မလုပ်စားတော့ဘူးဗျာ ဇာတ်ဆရာပဲ လုပ်စားတော့မယ်...”
“အို.. အကိုကလဲ အူးကို အဲလိုမပြောပါနဲ့ အူးက သဘောကောင်း၊ မနောကောင်း၊ သဘောဖြူအူစင်းကြီးပါရှင့်..”
“သဘောကောင်း မနောကောင်းကတော့ ထားပါတော့ အူစင်း၊ မစင်း မင်းသမီးက ဘယ်လိုသိတာလဲ...”
“သိတာပေါ့ရှင့် လူတယောက်အကြောင်း ပေါင်းကြည့်တာနဲ့ သိသာပါတယ်...”
“မင်းတို့ကလဲကွာ တို့ကိုကြီး အိမ်ဆို မှိုချိုး၊မြှစ်ချိုး၊ ကန်ဇွန်းရွက်ချိုးသလို ပြောချင်နေကြတော့ သကိုး... တကယ်တော့ တို့ အကိုကြီးက ကြောင်းပါးကြီးပါကွ...”
“ဟေ့လူ... ကိုပေါင်ပေါ် ခင်ဗျားပြောမှပဲပိုဆိုးနေတယ် တော်ပါတော့ဗျာ သူ့ခမျာလဲ ခင်ဗျားတို့လုပ်မှ ခွေးလုံးလုံး ဖြစ်လိုက် ၊ ကြောင်းလုံးလုံး ဖြစ်လိုက်နဲ့...”
“ဟာ...ဟေ့လူ အဲလိုမပြောနဲ့ ကျုပ်က ကြောင်နဲ့ပဲ နှိုင်းသေးတာ ခွေးဝဲစားပါလို့ မပြောသေးဘူး...”
“ဟုတ်ပါတယ် မပြောသေးပါဘူး ဒါပေမဲ့ မင်းသမီးက ဦးလို့ခေါ်တာ အူး.. အူး ..အူး နဲ့ခေါ်နေတော့ ဟိုတယောက်လဲ ကြာရင် ခွေးလို ထအူဖို့ပဲ ကျန်တော့တယ်...”
“ခင်ဗျားလုပ်မှ ပိုဆိုးနေတယ်ဗျို့....”

“ကိုင်း... မင်းသမီးလေးရဲ့ ရူမငြီးတဲ့ ရုပ်ကလေးကို ခံစားကြည့်ရူရင်း၊ အကလေးနဲ့ အသံလေးပါ တွဲဖက်ကြည့်ရအောင် ရွာစားကိုဖိုးစိန်ရေ ဝိုင်းလို့မပါဦး.........ဗျ.....”

ကိုဖိုးစိန်မှ ကုလားသိုက် ကျားဝင်ကိုက်သလိုမျိုးအတီးလေးနဲ့ စတီးလိုက်ရင်ကိုပဲ...........။ “ကျနော့်ယောက္ခမ ဒေါ်စိန်ဖြူ ကျောမှာ၊ရင်မှာ အမွှေးတွေထူ++++ အများနဲ့မတူ၊ ကုလားနဲ့ယူ စံပယ်ကြည့် ကြည့်ရင် ရိုက်ချင်တယ်တမူ၊ အဲချင်စရာလဲ ကောင်းလှသူ ကျနော့် ယောက္ခမ၊ ယောက္ခမ ဒေါ်စိန်ဖြူ+++ ဂီတကိုလဲ မုန်းလေးသူ ယောက္ခဒေါ်စိန်ဖြူ၊ ကျန်းမာရေးလဲ မလိုက်စားသူ ယောက္ခမဒေါ်စိန်ဖြူ++++++ ပုသိမ်ထီးလေးနဲ့ ဈေးသွားဈေးပြန် အတင်းတုတ်သူ++++ ကျနော့် ယောက္ခမ၊ယောက္ခဒေါ်စိန်ဖြူ........”

“အကိုတို့ရေ သမီးနောက်တပုဒ်နဲ့ ဆက်လက်ဖျော်ဖြေချင်တာကတော့.. ဒီလိုပါတဲ့ရှင်..... ”
“တခန်းစီခြားပေမဲ့ အမှုတွဲထားသူ သူ့ကိုသာလေ ကျန်းမာတော်မူပါစ အချုပ်ခန်းကြားက ခွန်းဆင့်ခြွေရဲ့လေ ++++ ချစ်သူမောင်ရေ++++ အရင်တုန်းကလေ ညစဉ်၊ ညတိုင်းထွက်ကဲ တာတွေ အခုများတော့ လူသိရှင်ကြား ဖြစ်ပြီထင်ရဲ့လေ++++ ချစ်သူရေ++++ ထောင်ထဲမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ.. မောင်ရေ အခုများတော့+++ တခန်းစီခြား...... နေပြီ... မောင်..... ရေ..........”

အချိန်စေ့ပြီ ဖြစ်သောကြောင့် လူရွှင်တော်များနှင့် ရှေ့ထွက်မင်းသမီးနှင့်နောက်ထွက် မင်းသမီးတို့ကနေပြီး ပရိတ်သတ်ကြီးကို လက်အုပ် ချီမိုးရင်း... ကတ္တီပါ ကားလိပ်ကြီး ကျလာပါ တော့တယ် ....ခင်ဗျားးးးးး။

ကျနော်အခုရေးထားတာတွေက ဖတ်ဖူး၊ကြည့်ဖူးတဲ့ စာအုပ်၊ ဗီဒီယိုတွေထဲက စကားလုံးများကို မှတ်မိသလောက် ပြန်လည်ခိုးချ..အဲလေ ရေးပြလိုက်တာပါ တချို့ကတော့ ကိုယ်ပိုင် စကားလုံးများ ဖြစ်ပါကြောင်း... ဘလော့ဂါ အငြိမ့်ပွဲ ၂ ကိုတော့ ကိုမြစ်ကျိုးအင်းကနေပြီး ဆက်လက် ရေးသားပါမယ် ဆိုတဲ့ အကြောင်း ပြောကြားရင်း............။