Pages

Showing posts with label ၀တ္ထုရှည်. Show all posts
Showing posts with label ၀တ္ထုရှည်. Show all posts

Monday, October 22, 2007

မိုးထဲကအမှတ်တရ....... ဇာတ်သိမ်းပိုင်း

သူနဲ့ကျွန်မ ဘေးချင်းကပ်ထိုင်ရင်း နှစ်ဦးသား အကြာကြီး စကားမပြောဖြစ်ကြဘူး။
“မိုး” တိတ်ဆိတ်မှုကို သူက စတင်ဖြိုခွဲလိုက်တယ်။ သူ့အသံနဲ့အတူ ကျွန်မရင်တွေ အရမ်းကိုခုန်နေခဲ့တယ်။

“ဟုတ်ကဲ့” အသံတောင် သိပ်မထွက်ဘူး။ ရင်ခုန်လွန်းလို့ အသံတွေတောင်တုန်နေတယ်။
“မိုး.. ကိုနောက်နေ့တွေ မလာတော့ဘူး။ ကို စေ့စပ်တော့မယ်။” ကျွန်မနားကြားများမှားတာလား။ ကျွန်မ မျှော်လင့်ထားသလို ဖြစ်မလာတော့ ရှက်လည်းရှက်၊ ၀မ်းလည်း ၀မ်းနည်းမိတယ်။ ရင်ထဲမှာ လိမ့်လိမ့်တက်လာတယ် ဘယ်က ဘယ်လိုထွက်ချင်နေမှန်းမသိတဲ့ မျက်ရည်တွေကို သူ့ရှေ့မှာ မကျမိအောင် ထိန်းထားရင်း သူ့မျက်နှာကို လှမ်းကြည့်လိုက်တယ်။ ကြေကွဲဝမ်းနည်းနေတဲ့ မျက်နှာကို မြင်ရတော့ ကျွန်မရင်ထဲပိုပြီး မကောင်းဖြစ်သွားတယ်။

“ကိုသွားတော့မယ် မိုး” ကျွန်မကိုယ်ကျွန်မ ခေါင်းညိတ်မိလား၊ ခေါင်းခါမိလားတောင် မသိတော့ပါဘူး။ သူ့ကျောပြင်ကိုကြည့်ရင် ကျွန်မပါးပေါ်မှာ မျက်ရည်တွေ စီးကျလာတယ်။ ကျွန်မမျက်ရည်နဲ့အတူ ရုတ်တရက် ရွာချလာတယ်။ တော်ပါသေးရဲ့ ထီးပါလာခဲ့လို့။ မိုးရည်တွေက ကျွန်မမျက်ရည်ကို လှောင်ပြောင်နေသလို ခံစားရတယ်။

“မိုး ဘာဖြစ်လာတာလဲ” သူငယ်ချင်းတွေ ၀ိုင်းမေးကြတော့ ငိုချင်ရဲ့လက်တို့ဆိုသလို အားရပါးရ ငိုချလိုက် မိတယ်။
ကျွန်မ တောင်တွေးမြောက်တွေးတွေးရင်း မိုးစဲသွားတော့ ကျွန်မအတွေးတွေ ပျက်သွားတယ် ။ လွန်ခဲ့တဲ့ နှစ်နှစ်က အဖြစ်အပျက်လေးပါ။ ကျွန်မဘ၀ အတွက်တော့ မနေ့တနေ့ကလိုပဲ ခံစားရတဲ့ မေ့မရတဲ့ အဖြစ်အပျက်လေးပါ။ အင်တာဗျူးကတော့ မမှီတော့ပါဘူး ဒါပေမယ့် စာရေးမကိုပဲ အပူကပ်ရတော့မှာပဲ။ ကံကောင်းချင်တာလားတော့မသိ အင်တာဗျူးက မပြီးသေးဘူး ရှေ့ကလူတွေမှာကြာနေတယ်။ ကျွန်မရှေ့က မိန်းမတစ်ယောက်ဖြတ်သွားတာ သတိထားမိတယ်။ ဘေးကလူတွေပြောတာတော့ မန်နေဂျင်းရဲ့ဇနီးတဲ့။ အခန်းထဲက အင်တာဗျူးဖြေတဲ့လူ ထွက်လာတယ်။ နောက်ထပ်ဗျူးဖို့ စာရေးက နာမည်ခေါ်နေတယ်။ ကျွန်မ အင်တာဗျူးဖြေတဲ့အခန်းထဲကို လှမ်းကြည့်လိုက်မိတယ်။ ကျွန်မမျက်လုံးတွေ ပြာဝေသွားတယ်။ မန်နေဂျင်းနေရာမှာထိုင်နေတာ ကျွန်မချစ်ရတဲ့သူပါလား။ သူ့ဘေးမှာ စောစောက အမျိုးသမီးကို တွေ့လိုက်တယ်။ ကျွန်မဘာလုပ်ရမလဲ။

ကျွန်မကုမ္ပဏီကနေ ကိုယ်ရေးရာဇ၀င်တောင်းပြီး ပြန်ထွက်လာခဲ့တယ်။ စာရေးမက ကြောင်ပြီး ကျွန်မကိုကြည့်ရင်း ကျန်နေခဲ့တယ်။ ကျွန်မဘယ်လိုအင်အားမျိုးနဲ့ အဲဒီမှာ အလုပ်လုပ်နိုင်မှာလဲ။ ကျွန်မရဲ့ အပြန်ခြေလှမ်းတွေ နှေးကွေးပြီး လေးလံနေတယ်။ ဖြစ်နိုင်ရင် အဲနေရာမှာတွင် ပစ်လှဲချင်တဲ့စိတ်ပေါက် လာတယ်။ ကျွန်မချစ်ရတဲ့သူဘေးမှာ ကျွန်မမဟုတ်တဲ့မိန်းမတစ်ယောက်ရှိနေတာ ဘယ်လိုအင်အားမျိုးနဲ့ ရပ်တည်နိုင်ပါ့မလဲ။ ကျွန်မချစ်ရတဲ့သူကို ချစ်တယ်လို့တောင် ပြောခွင့်မရှိတဲ့ ဘ၀ကို နာကျင်နေမိတယ်။ ကျွန်မမှာ နောင်ဘ၀များရှိခဲ့မယ်ဆိုရင်လေ သူ့ကို ချစ်တယ်လို့ပြောနိုင်ပြီး သူနဲ့ထာဝရ လက်တွဲသွားချင် ပါတယ်။

ဘ၀များရှိခဲ့မယ်ဆိုရင် ဒီလိုအချစ်မျိုးနဲ့ မကြုံရအောင် ကျွန်မလို အချစ်မျိုး မကြုံရပါစေနဲ့လို့ ဆုတောင်းရင်း………

ဘ၀ဆိုတဲ့တိုက်ပွဲမှာ ချစ်တဲ့သူတိုင်း ပေါင်းသင်းနိုင်ကြပါစေ။

မိုးထဲကအမှတ်တရ....... အပိုင်း-၃

စာသင်ချိန်တွေကို ဖြတ်သန်းရင်း နေ့လည်ထမင်းစားချိန်ရောက်လာတော့ မိုးတို့သူငယ်ချင်းတွေ ထုံးစံအတိုင်း ကန်လ်တင်းကို လစ်ကြတာပေါ့။

“မိုး နင့်ခြေလှမ်းတွေ တက်ကြွနေပါလား” “သြော် လဲ့တို့ကလည်း နားလည်ပေးလိုက်ပါဟာ” “ဟဲ့ ဟဲ့ နင်တို့ ဘာသံကြားမိလဲ” “ဟင့်အင်း မကြားမိပါဘူး” “ဘာသံလဲ” “ဒုန်း ဒုန်းနဲ့လေဟာ ကုလားဘုရားလှည့်တဲ့ ဆိုင်းသံထက်တောင်ကျယ်သေးတယ်” “ငါပေါက်ပြီ ပုံ့ ဟုတ်တယ်ဟ” “ဘယ်နားလေးက လဲ့” “မိုးဆီကလေဟာ ဘာလဲ ချစ်ကောင်းသီချင်းတောင်ရှိသေးတယ်။ ရင်ခုန်သံမြန်မြန်ပဲ ငလျင်တုန်သလိုပဲ အချစ်ကြောင့်လေ….” ဟား… ဟား… ဟား…

“နင်တို့တွေနော် မိုးစိတ်ဆိုးလာပြီ မစကြနဲ့” “ဟောတော့ ဗျိုင်းတစ်ကောင် ကန်လ်တင်းမှာ နားနေတယ်” “မျှော်တော်ရောင် မျှော်တော်ရောင် ဘ၀ကကျွတ်ချင်ပြီ” “ကဲဟယ်… ကဲဟယ်… ကျွတ်ချင်ဦး”
“ရောက်နေတာကြာပြီလား” “မကြာသေးပါဘူး။ ခုလေးတင်ရောက်တာ” မိုးယူလာတဲ့စာအုပ်တွေ သူ့ကိုပေးလိုက်တယ်။ ထုံးစံအတိုင်း နောက်ပိုင်းမှာ မိုးတို့အုပ်စုနဲ့ အဖွဲ့ကျပြီး နေ့တိုင်းလိုလို တွေ့ဖြစ်တယ်။

သူနဲ့မတွေ့တဲ့နေ့တွေမှာ သူ့ကိုလွမ်းတတ်လာတယ်။ သူက ကျွန်မအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့သူ တစ်ယောက်ဖြစ်လာတယ်။ သူက မလုပ်နဲ့ဆိုတာမှန်သမျှ မလုပ်နဲ့ဆိုရင် လုပ်ရမှကျေနပ်တဲ့ကျွန်မ မလုပ်ဘဲနဲ့ နေတတ်လာတယ်။ သူစကားပြောသမျှကို အမြဲခေါင်းညိတ်ပြီး နားထောင်တတ်လာတယ်။ သူက မလုပ်စေချင်ရင် အကျိုးသင့်အကြောင်းသင့် ပြောပြရှင်းပြတတ်တယ်။ ကျွန်မရဲ့နှလုံးသားထဲမှာ တစတစတိုး၍ ၀င်ရောက်လာခဲ့တယ်။ သူငယ်ချင်းတွေ ၀ိုင်းနောက်ကျတဲ့အခါ သူကကျွန်မရှက်နေမှာစိုး၍ ရှောင်ပေးတတ်သလို ရှောင်မရခဲ့လျှင်လည်း ကျွန်မကို အားတုံ့အားနာပုံစံနဲ့ ပြန်ကြည့်တတ်ပါတယ်။

ကျွန်မသူ့ဆီက ထွက်လာမယ့်စကားကို မျှော်လင့်နေခဲ့ပါတယ်။ သူငယ်ချင်းတွေကလည်း ကျွန်မတို့နှစ်ဦးကို ဘယ်တော့ချစ်သူတွေဖြစ်မလဲဆိုတာ စောင့်ကြည့်နေခဲ့ကြပါတယ်။ သူ့မျက်ဝန်းတွေ၊ သူ့အကြည့်တွေ၊ သူ့အပြုံးတွေ … သူနဲ့ပတ်သက်သမျှအားလုံးဟာ ကျွန်မအတွက် မေ့လို့မရတဲ့ အမှတ်တရတွေပါ။ သူကျောင်းပြီးတာတောင် ကျွန်မနောက်ဆုံးနှစ်တက်သည်အထိ

ကျောင်းကိုအပို့အကြိုလုပ်ပေးပါတယ်။ ကျွန်မတို့ကြားက သံယောဇဉ်ကြိုးလေးဟာ ခိုင်မာပြီးသားလို့ ယုံကြည်တဲ့ကျွန်မ သူက ဘွဲ့နှင်းသဘင်ခန်းမရှေ့ လာခဲ့ဖို့ ချိန်းဆိုခဲ့တယ်။ ကျွန်မဘယ်လောက်များ ပျော်လိုက်သလဲ၊ အမြဲတွေ့နေကျ သီးသန့်ချိန်းတယ်ဆိုတော့ ကျွန်မရင်တွေ အရမ်းခုန်နေတယ်ဆိုတာ ကျွန်မထက် ဘယ်သူပိုသိနိုင်မှာလဲ။ သူကို အဝေးက လှမ်းမြင်လိုက်စဉ်မှာပဲ ကျွန်မကိုယ်ကျွန်မ မလုံမလဲဖြစ်နေမိတယ်။ အမြဲတွေ့နေပေမယ့် ချစ်သူအနေနဲ့ သူ့ရဲ့လက်ကိုတွဲပြီး သထုံလမ်းမှာ သူများတွေလို လျှောက်သွားချင်တယ်။

ဇာတ်သိမ်းပိုင်းကို ဆက်လက်ဖတ်ရှုပေးကြပါရန်နှင့် ဝေဖန်အကြံပြုစာများအား စီပုံးနှင့် ကွန်မန့်တွင် ထားခဲ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ….

မိုးထဲကအမှတ်တရ....... အပိုင်း-၂

“ဟောတော့ မိုးနဲ့ခုဏကတိုက်မိတာ သူပဲ” “ဟာ” “ဟင်” “ဟယ်”
“ဒီကို လာနေတာဟဲ့ ခတ်တည်တည်နေကြနော်” “အေးပါသိပါတယ်”
“မိုး ကျွန်တော်ကူးပေးရမယ့် စာတွေလာမေးတာပါ” “ရှင်ဘယ်သူလဲ” “ရှင်ဘာတွေအကြောင်လာရိုက်နေ တာလဲ” “ မိုး နင်သူ့ကို သိလို့လား”

“အင်း မနက်က မိုးအတန်းမတက်နိုင်တာ သူနဲ့တိုက်မိပြီး စာအုပ်တွေရေစိုကုန်လို့”
“ကျွန်တော့်နာမည် ညီမင်းအိမ်ပါ ဖိုင်နယ်အီးလ်မေဂျာ”
“ကျွန်မက ပုံ့ မိုးသူငယ်ချင်း” “တို့က လဲ့” “အိုင်က တုတ်တုတ်” “သူများကတော့ မြတ် အားလုံး ဒုတိယနှစ် ဓာတု”

“မိုး ကျွန်တော်စာအုပ်တွေ ဘယ်လိုလာယူပေးရမလဲ” “မနက်ဖြန်နေ့လည် ဒီကိုပဲလာခဲ့ မြတ်တို့စောင့်နေမယ်”
“ဟုတ်ကဲ့ ဒါဆိုခွင့်ပြုပါဦး ကျွန်တော်သွားတော့မယ် မိုး” “ဟုတ်” နှုတ်ဆက်ပြီး ပြန်သွားတဲ့ သူ့ကျောပြင်လေးကို မိုး ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူးဆိုတာ အဲအချိန်က သတိမထားမိခဲ့ဘူး။
“မိုး နင့်ပုံစံက ဘာလိုဖြစ်နေတာလဲ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဟိုကပြောသမျှ ဟုတ်တစ်လုံးနဲ့တင်ပြီးနေရော”

“မဟုတ်ပါဘူး လဲ့ရယ် မိုးကလည်းမှားသေးတယ် ပြီးတော့ မိုးစာတွေလည်း ကူးပေးရဦးမယ်ဆိုတော့.”
“သနားတယ်ပေါ့ ဟုတ်” တုတ် က မိုးစကားမဆုံးခင် ဖြတ်ပြောလိုက်ပါတယ်။
“မိုး နင်သနားရင် နင်ဘာသာနင် တယောက်တည်းကူး” “ဒကာပေါ်တုန်း ကူးပေးတာ ကူးပေးပါစေပေါ့ ပုံ့တို့ ကူးရသက်သာတယ် နို့မို့လို့ ပုံ့တို့ ကူးပေးနေရမှာ”
“တော်ပြီကွာ မိုးပြန်တော့မယ်” “နေပါဦးမိုးရဲ့ နင်အတန်းမတက်တော့ဘူးလား” “မတက်တော့ဘူး လစ်လက်စနဲ့ လစ်တော့မယ် ပုံ့လိုက်မှာလား” “အချင်းချင်းပဲမိုးရယ် လစ်မဲ့လစ် အတူတူလစ်ကြတာပေါ့” အဲလောက်ထိအတွဲညီကြတာ အတန်းတက်ဖို့သာ မညီချင်မညီတာ လစ်ဖို့ဆိုရင်တော့ အားလုံးက စိတ်တူကိုယ်တူတွေပဲလေ။

ဒီနေ့မနက်ကျောင်းစောစောသွားဖို့ အိပ်ယာစောစောထပြီး ပြင်ဆင်လိုက်တယ်။ မေမေဖျော်ပေးထားတဲ့ ကော်ဖီနဲ့ အီကြာကွေးစာပြီး ထွက်လာခဲ့တယ်။ လမ်းထိပ်လည်းရောက်ရော ကျောင်းကားမထွက်သေးဘူး။ မိုးကအမြဲ အိပ်ယာထနောက်ကျလို့ ကျောင်းကားမီလေ့မရှိဘူး။ ကျောင်းကို ဖယ်ရီကားနဲ့ ၈နာရီခွဲလောက် ရောက်သွားတယ်။

ဖယ်ရီဝန်းနဲ့အဆောင်က နည်းနည်းလှမ်းတယ်လေ မိုးတို့အဖွဲ့တွေက ဒီအချိန်ရောက်ဖို့ရှားတယ် ပျင်းပျင်းနဲ့တစ်ယောက်တည်းလျှောက်လာခဲ့တယ်။ တစ်လမ်းလုံး မနာလိုစရာဖြစ်လောက်အောင် စုံတွဲတွေ အတွဲတွေ အများကြီးပဲ မိုးတို့အုပ်စုက ဗရုတ်ကျလို့လားမသိ တစ်ယောက်မှရည်းစားမရှိ။ ဒါလည်းကောင်းပါတယ်လေ စိတ်မညစ်ရဘူးပေါ့။ အဆောင်ရှေ့ကို အရောက်

“မိုး” “သြော် ကိုညီမင်းအိမ် ဘယ်လာတာလဲ” “မိုးဆီပဲ စာအုပ်တွေလာယူတာ”
“မိုးသူငယ်ချင်းဆီက စာအုပ်မငှားရသေးဘူး နေ့လည်မှ အဆောင် ၃၇ ကန်တင်းမှာ ဆုံကြတာပေါ့”
“အိုကေ ဒါဆို ကိုသွားတော့မယ်” မိုးအတန်းထဲကို ၀င်လာခဲ့တယ်။
“မြင့်မြင့် မိုးစာအုပ်ရေတွေစိုပြီး ဖတ်မရဖြစ်နေလို့ စာတွေပြန်ကူးဖို့ စာအုပ်ခဏငှားပါ”
“အင်း အတန်းမရှိဘူးဆိုရင်တော့ ပေးမယ် သိပ်တော့ မကြာစေနဲ့နော်မိုး စာတွေပြန်ကြည့်ရမှာမို့”
“အေးပါ သိပ်မကြာပါဘူးကွာ မိုးနေ့လည်ကျရင်ယူမယ်နော်” စာအုပ်တော့ ငှားလို့ပြီးပြီ သူမကမိုးတို့ အတန်းထဲမှာ စာကြမ်းပိုးလေ ချီးလည်းချီးကျူးပါရဲ့ အတန်းချိန်တစ်ခါမှမပျက်ဘူးလေ။ သူ့လိုသာ မိုးတို့နေရင် Qတွေ ဘာတွေ ၀င်သွားဦးမှာစိုးရိမ်ရတယ်။ မိုးတို့ကလည်း မိုးတို့ Q၀င်ရင် သူများတွေအတွက် မကျန်မှာစိုးလို့ အနစ်နာခံပေးပြီး အတန်းလစ်တာလေ။

အပိုင်း (၃)ကို ဆက်လက်ဖတ်ရှုပေးကြပါရန်နှင့် ဝေဖန်အကြံပြုစာများအား စီပုံးနှင့် ကွန်မန့်တွင် ထားခဲ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ….

မိုးထဲကအမှတ်တရ....... အပိုင်း-၁

ဝေါ……ဝေါ
ရုတ်တရက် ရွာချလိုက်တဲ့မိုးကြောင့် မိုးခိုစရာရှိမဲ့နေရာကို အပြေးအလွှားသွားလိုက်တယ်… စိတ်ညစ်လိုက်တာ နော် ကျွန်မက ထီးယူရမှာ သိပ်ပျင်းတာ ထီးပါခဲ့မယ်ဆိုရင်တောင် ထီးဆောင်းရမှာစိုးလို့ ဒီအတိုင်းပဲ လျှောက်လိုက်တာ အဲလောက်ထိကို ပျင်းတာ….

ဒီနေ့မှ ဘာလို့မိုးက သည်းကြီးမည်းကြီးရွာလည်းမသိဘူး။ ဒီနေ့က ကျွန်မအင်တာဗျူးဖြေရမယ့်နေ့လေ။ အိမ်ယာထနောက်ကျလို့ အချိန်ကပ်ခါနီးမှ ကမန်းကတန်းထွက်ဖြစ်တဲ့ ကျွန်မကိုယ် ကျွန်မပဲ အပြစ်တင်ရမလား။ ဒါမှမဟုတ် ရုတ်တရက် ရွာချတဲ့မိုးကိုပဲ အပြစ်တင်ရမလား မသိတော့ပါဘူး။ မိုးခိုရင်း ဟိုတုန်းက အတိတ်ဆီကို ပြန်ရောက်သွားတယ်။
မိုးနဲ့ပတ်သက်ပြီး ဘယ်လောက်တိုက်ဆိုင်လဲဆို ကျွန်မကို မွေးတဲ့နေ့က မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ်။ အမေ ဗိုက်နာတော့ မိုးကသည်း၊ လေကလည်း ထန်နေတော့ ကားငှားမရဖြစ်နေတာ။ နောက်ဆုံး အဖေက ကိုယ်ပိုင်ကားရှိတဲ့အိမ်ကို အကူအညီ သွားတောင်းတဲ့အချိန်မှာပဲ ကျွန်မလူ့လောကကို စရောက်ခဲ့တာ။ သြော် ကျွန်မနာမည်က မိုးသည်းဖြူတဲ့။
ကျွန်မသိပ်ချစ်ရပြီး၊ မြတ်နိုးတန်ဖိုးထားရတဲ့သူနဲ့ စတွေ့တဲ့နေ့က မိုးတွေ ရွာနေတယ်။ ထီးယူဖို့ပျင်းတဲ့ကျွန်မ ထုံးစံအတိုင်း သထုံလမ်းကို လွယ်အိတ်ပိုက်ပြီး ပြေးရတော့တာပေါ့။

“၀ုန်း” “အွန့်” “အောင်မလေး”
“ရှင်ကလမ်းသွားတာ ကြည့်သွားမှပေါ့ လူတစ်ယောက်လုံးတောင်မမြင်ဘူးလား” ရှက်ဒေါသနဲ့ ပြောမိတာပါ အမှန်က ကျွန်မက ၀င်တိုက်တာ….
“တောင်းပန်ပါတယ်ဗျာ..ဘယ်ထိသွားသေးလဲ..ဘာကူညီရမလဲ”
“သွားပါပြီရှင်.. ပရယ်တီကယ်လ်နီးနေပါပြီဆိုမှ ကျွန်မစာအုပ်တွေအကုန်ရေစိုကုန်ပြီ” ဗွက်အိုင်ထဲက စာအုပ်တွေက ကျွန်မကို လှောင်နေသယောင်…
“ကျွန်တော် စာတွေပြန်ကူးပေးပါမယ်ခင်ဗျာ။ ကျွန်တော့်အဆောင် ၂၈ကပါ။ ကျွန်တော် ဘယ်လိုက်ပို့ပေးရမလဲ”

“ဒီပုံစံနဲ့ကျွန်မဘယ်လိုသွားတော့မလဲ။ အဆောင် ၃၇ရှေ့က ကန်တင်းလ်ကိုပဲ လိုက်ပို့ပေး။”
“ဟုတ်ကဲ့” “ကျွန်မစာအုပ်တွေ ၀ိုင်းကောက်ပေးဦးလေ” “သြော်..အင်း အင်း” ကျွန်မတို့နှစ်ယောက် ထီးတစ်ချောင်းတည်းနဲ့ဆိုတော့ သူကော ကျွန်မကော မိုးစိုတာပေါ့။ ကျွန်မကို ကန်လ်တင်းလိုက်ပို့သွားတယ်။ ကန်လ်တင်းကနေပြီး သူငယ်ချင်းတွေအလာကို စောင့်နေလိုက်တယ်။ ဟော…လာကြပါပြီ။

“မိုး..နင်အတန်းမတက်ပဲနဲ့ ဒီမှာဘာလုပ်နေတာလဲ ငါမှာတော့ နင်လက်မှတ်အတုထိုးပေးလိုက်ရတာ နင်ကတော့ ဒီမှာလာငြိမ့်နေတယ်”
“ပုံ့ နင်မမြင်ဘူးလား ဒီမှာ စိတ်တိုနေတယ် နင်ပါရောပါသွားမယ်”
“ဟုတ်သားပဲ ပုံ့ သူ့ပုံကြည့်ရတာ ဒဿဂီရိဘီလူး သံပရာသီးစားထားတဲ့ပုံပဲ”

“ကဲ တော်ကြပါတော့ ပုံ့ကော လဲ့ကောတော်တော့ မိုးနင်ဘာဖြစ်နေတာလဲ တစ်ကိုယ်လုံးလဲရွှဲနေတာပဲ”
“မေးနေစရာလိုသေးလား မြတ်ရယ် ထုံးစံအတိုင်း ထီးတော်ကို ယူဖို့ ပျင်းတော်မူတဲ့အတွက် မိုးမိလာတာပဲပေါ့”

“ကဲ နင်တို့တွေတော်ကြတော့ နင်တို့တွေလုပ်တာနဲ့ပဲ ပြောချင်စိတ်တောင်မရှိတော့ဘူး”
“ဒါဆိုလည်း မပြောနဲ့တော့ဟာ ငါတို့ဗိုက်ဆာနေပြီ၊ ဟေ့ တစ်ယောက်လောက် နင်တို့ဘာစားကြမလဲ”
“တုတ် နင်ဘယ်လိုဖြစ်နေတာလဲ အစားပဲစိတ်ဝင်စားနေတယ်”

“မိုးပဲ မပြောချင်တော့ဘူးဆို အဲဒေါ့ ဘာဆိုက်တော့ မှာတာပေါ့” အဲလောက်ထိကို မိုးသူငယ်ချင်းတွေက တအားဗရုတ်ကျတာ။ မိုးတို့အုပ်စု ကန်တင်းထဲဝင်လာရင် စားပွဲထိုးတွေ အရမ်းစိတ်ညစ်ကြတယ်။ ကဂျီကဂျောင်လည်း ကျတတ်ကြလို့။ အဆောင်၃၇ရှေ့က ကန်တင်းကတော့ အများဆုံးထိုင်ဖြစ်တယ်။ ဆိုင်ပိုင်ရှင်က မိုးတို့အုပ်စုမြင်ရင် ရောင်းရလို့ အမြဲသွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ကို ပြုံးပြတာ။
မိုးသူငယ်ချင်းတွေကို မနက်ကကိစ္စပြောပြဖြစ်တယ်။ ရောပြီး ဒေါပွလိုက်တာရောပေါ့။

“ဟယ်..နင့်အဖြစ်ကလည်း ဒါနဲ့နေစမ်းပါဦး သူ့နာမည်က ဘယ်သူတဲ့လဲ”
“မိုးမသိလိုက်ဘူး အဆောင် ၂၈ ပဲ သိတယ်”
“မိုးကတော့ လုပ်ချလိုက်ပြန်ပြီ နာမည်မသိဘဲနဲ့ ဘယ်လိုရှာမလဲ သထုံလမ်းမှာ ခလုတ်တိုက်မိတဲ့လူ ရှိလားဆိုပြီး အော်ရမလိုဖြစ်နေပြီ”

“ဟဲ့ ဟိုမှာလာနေတဲ့သူက ဖိုင်နယ်အင်္ဂလိပ်က တုတ်တို့အိမ်နားက အစ်မနဲ့ သူငယ်ချင်းလေ စာကြမ်းပိုးတဲ့၊ သူ့ကို စာလာလာရှင်းပြတယ် မထင်စရာဘဲနော်” လျှောက်လာတဲ့ပုံစံက စတိုင်မိုက်တယ်၊ ခေတ်မဆန်စွာ ၀တ်ဆင်ထားပေမယ့် သူ့ပုံစံက ခေတ်ဆန်သယောင်၊ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးထားပြီး လည်ကတုံးလက်တို အဖြူရောင်နဲ့ ပုဆိုးက အပြာကွက်စိတ်လို့ဝတ်ထားပြီး လွယ်အိတ်အနီရောင်လွယ်ထားတဲ့ပုံစံက မိန်းကလေးတိုင်း ကျလောက်တဲ့ပုံစံ။ ဘိုမဆန်ပေမယ့် စမတ်ကျတယ်။

အပိုင်း (၂)ကို ဆက်လက်ဖတ်ရှုပေးကြပါရန်နှင့် ဝေဖန်အကြံပြုစာများအား စီပုံးနှင့် ကွန်မန့်တွင် ထားခဲ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ….