Pages

Monday, October 22, 2007

မိုးထဲကအမှတ်တရ....... အပိုင်း-၁

ဝေါ……ဝေါ
ရုတ်တရက် ရွာချလိုက်တဲ့မိုးကြောင့် မိုးခိုစရာရှိမဲ့နေရာကို အပြေးအလွှားသွားလိုက်တယ်… စိတ်ညစ်လိုက်တာ နော် ကျွန်မက ထီးယူရမှာ သိပ်ပျင်းတာ ထီးပါခဲ့မယ်ဆိုရင်တောင် ထီးဆောင်းရမှာစိုးလို့ ဒီအတိုင်းပဲ လျှောက်လိုက်တာ အဲလောက်ထိကို ပျင်းတာ….

ဒီနေ့မှ ဘာလို့မိုးက သည်းကြီးမည်းကြီးရွာလည်းမသိဘူး။ ဒီနေ့က ကျွန်မအင်တာဗျူးဖြေရမယ့်နေ့လေ။ အိမ်ယာထနောက်ကျလို့ အချိန်ကပ်ခါနီးမှ ကမန်းကတန်းထွက်ဖြစ်တဲ့ ကျွန်မကိုယ် ကျွန်မပဲ အပြစ်တင်ရမလား။ ဒါမှမဟုတ် ရုတ်တရက် ရွာချတဲ့မိုးကိုပဲ အပြစ်တင်ရမလား မသိတော့ပါဘူး။ မိုးခိုရင်း ဟိုတုန်းက အတိတ်ဆီကို ပြန်ရောက်သွားတယ်။
မိုးနဲ့ပတ်သက်ပြီး ဘယ်လောက်တိုက်ဆိုင်လဲဆို ကျွန်မကို မွေးတဲ့နေ့က မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ်။ အမေ ဗိုက်နာတော့ မိုးကသည်း၊ လေကလည်း ထန်နေတော့ ကားငှားမရဖြစ်နေတာ။ နောက်ဆုံး အဖေက ကိုယ်ပိုင်ကားရှိတဲ့အိမ်ကို အကူအညီ သွားတောင်းတဲ့အချိန်မှာပဲ ကျွန်မလူ့လောကကို စရောက်ခဲ့တာ။ သြော် ကျွန်မနာမည်က မိုးသည်းဖြူတဲ့။
ကျွန်မသိပ်ချစ်ရပြီး၊ မြတ်နိုးတန်ဖိုးထားရတဲ့သူနဲ့ စတွေ့တဲ့နေ့က မိုးတွေ ရွာနေတယ်။ ထီးယူဖို့ပျင်းတဲ့ကျွန်မ ထုံးစံအတိုင်း သထုံလမ်းကို လွယ်အိတ်ပိုက်ပြီး ပြေးရတော့တာပေါ့။

“၀ုန်း” “အွန့်” “အောင်မလေး”
“ရှင်ကလမ်းသွားတာ ကြည့်သွားမှပေါ့ လူတစ်ယောက်လုံးတောင်မမြင်ဘူးလား” ရှက်ဒေါသနဲ့ ပြောမိတာပါ အမှန်က ကျွန်မက ၀င်တိုက်တာ….
“တောင်းပန်ပါတယ်ဗျာ..ဘယ်ထိသွားသေးလဲ..ဘာကူညီရမလဲ”
“သွားပါပြီရှင်.. ပရယ်တီကယ်လ်နီးနေပါပြီဆိုမှ ကျွန်မစာအုပ်တွေအကုန်ရေစိုကုန်ပြီ” ဗွက်အိုင်ထဲက စာအုပ်တွေက ကျွန်မကို လှောင်နေသယောင်…
“ကျွန်တော် စာတွေပြန်ကူးပေးပါမယ်ခင်ဗျာ။ ကျွန်တော့်အဆောင် ၂၈ကပါ။ ကျွန်တော် ဘယ်လိုက်ပို့ပေးရမလဲ”

“ဒီပုံစံနဲ့ကျွန်မဘယ်လိုသွားတော့မလဲ။ အဆောင် ၃၇ရှေ့က ကန်တင်းလ်ကိုပဲ လိုက်ပို့ပေး။”
“ဟုတ်ကဲ့” “ကျွန်မစာအုပ်တွေ ၀ိုင်းကောက်ပေးဦးလေ” “သြော်..အင်း အင်း” ကျွန်မတို့နှစ်ယောက် ထီးတစ်ချောင်းတည်းနဲ့ဆိုတော့ သူကော ကျွန်မကော မိုးစိုတာပေါ့။ ကျွန်မကို ကန်လ်တင်းလိုက်ပို့သွားတယ်။ ကန်လ်တင်းကနေပြီး သူငယ်ချင်းတွေအလာကို စောင့်နေလိုက်တယ်။ ဟော…လာကြပါပြီ။

“မိုး..နင်အတန်းမတက်ပဲနဲ့ ဒီမှာဘာလုပ်နေတာလဲ ငါမှာတော့ နင်လက်မှတ်အတုထိုးပေးလိုက်ရတာ နင်ကတော့ ဒီမှာလာငြိမ့်နေတယ်”
“ပုံ့ နင်မမြင်ဘူးလား ဒီမှာ စိတ်တိုနေတယ် နင်ပါရောပါသွားမယ်”
“ဟုတ်သားပဲ ပုံ့ သူ့ပုံကြည့်ရတာ ဒဿဂီရိဘီလူး သံပရာသီးစားထားတဲ့ပုံပဲ”

“ကဲ တော်ကြပါတော့ ပုံ့ကော လဲ့ကောတော်တော့ မိုးနင်ဘာဖြစ်နေတာလဲ တစ်ကိုယ်လုံးလဲရွှဲနေတာပဲ”
“မေးနေစရာလိုသေးလား မြတ်ရယ် ထုံးစံအတိုင်း ထီးတော်ကို ယူဖို့ ပျင်းတော်မူတဲ့အတွက် မိုးမိလာတာပဲပေါ့”

“ကဲ နင်တို့တွေတော်ကြတော့ နင်တို့တွေလုပ်တာနဲ့ပဲ ပြောချင်စိတ်တောင်မရှိတော့ဘူး”
“ဒါဆိုလည်း မပြောနဲ့တော့ဟာ ငါတို့ဗိုက်ဆာနေပြီ၊ ဟေ့ တစ်ယောက်လောက် နင်တို့ဘာစားကြမလဲ”
“တုတ် နင်ဘယ်လိုဖြစ်နေတာလဲ အစားပဲစိတ်ဝင်စားနေတယ်”

“မိုးပဲ မပြောချင်တော့ဘူးဆို အဲဒေါ့ ဘာဆိုက်တော့ မှာတာပေါ့” အဲလောက်ထိကို မိုးသူငယ်ချင်းတွေက တအားဗရုတ်ကျတာ။ မိုးတို့အုပ်စု ကန်တင်းထဲဝင်လာရင် စားပွဲထိုးတွေ အရမ်းစိတ်ညစ်ကြတယ်။ ကဂျီကဂျောင်လည်း ကျတတ်ကြလို့။ အဆောင်၃၇ရှေ့က ကန်တင်းကတော့ အများဆုံးထိုင်ဖြစ်တယ်။ ဆိုင်ပိုင်ရှင်က မိုးတို့အုပ်စုမြင်ရင် ရောင်းရလို့ အမြဲသွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ကို ပြုံးပြတာ။
မိုးသူငယ်ချင်းတွေကို မနက်ကကိစ္စပြောပြဖြစ်တယ်။ ရောပြီး ဒေါပွလိုက်တာရောပေါ့။

“ဟယ်..နင့်အဖြစ်ကလည်း ဒါနဲ့နေစမ်းပါဦး သူ့နာမည်က ဘယ်သူတဲ့လဲ”
“မိုးမသိလိုက်ဘူး အဆောင် ၂၈ ပဲ သိတယ်”
“မိုးကတော့ လုပ်ချလိုက်ပြန်ပြီ နာမည်မသိဘဲနဲ့ ဘယ်လိုရှာမလဲ သထုံလမ်းမှာ ခလုတ်တိုက်မိတဲ့လူ ရှိလားဆိုပြီး အော်ရမလိုဖြစ်နေပြီ”

“ဟဲ့ ဟိုမှာလာနေတဲ့သူက ဖိုင်နယ်အင်္ဂလိပ်က တုတ်တို့အိမ်နားက အစ်မနဲ့ သူငယ်ချင်းလေ စာကြမ်းပိုးတဲ့၊ သူ့ကို စာလာလာရှင်းပြတယ် မထင်စရာဘဲနော်” လျှောက်လာတဲ့ပုံစံက စတိုင်မိုက်တယ်၊ ခေတ်မဆန်စွာ ၀တ်ဆင်ထားပေမယ့် သူ့ပုံစံက ခေတ်ဆန်သယောင်၊ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးထားပြီး လည်ကတုံးလက်တို အဖြူရောင်နဲ့ ပုဆိုးက အပြာကွက်စိတ်လို့ဝတ်ထားပြီး လွယ်အိတ်အနီရောင်လွယ်ထားတဲ့ပုံစံက မိန်းကလေးတိုင်း ကျလောက်တဲ့ပုံစံ။ ဘိုမဆန်ပေမယ့် စမတ်ကျတယ်။

အပိုင်း (၂)ကို ဆက်လက်ဖတ်ရှုပေးကြပါရန်နှင့် ဝေဖန်အကြံပြုစာများအား စီပုံးနှင့် ကွန်မန့်တွင် ထားခဲ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ….

No comments: