"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။
"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။
"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"
ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။
"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။
ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။
"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"
မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။
ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။
"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"
ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။
"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။
အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။
"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။
"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"
ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။
"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...
သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။
ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင် ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။
ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...
"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။
"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။
"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲ ဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"
"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"
"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"
"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"
ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။
"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"
"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။
"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့... သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မ မြင်ယောင်ကြည့်မိ သည်။
"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"
စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။
"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"
"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"
တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။
"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"
ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"
"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"
"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"
"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"
ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....
"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"
သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။
"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"
"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"
သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။
"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"
ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။
"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"
"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။
"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"
ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။
"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"
မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။
"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"
"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"
ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။
"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"
နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစုံကို ရပ်လိုက်သည်။
"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။
သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။
"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"
ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။
"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"
သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။
"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"
ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။
နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။
မှတ်ချက်။ ။ ညီမလေးတယောက် Forward mail ပို့ပေးထားတာ ကြိုက်လို့ သူငယ်ချင်းများအား ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်... အားလုံး ခံစားချက်များစွာပေးမဲ့ ၀တ္ထုကောင်းလေး တပုဒ်ဖြစ်ပါစေလို့ ဆုတောင်းလျက်....
Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts
Wednesday, December 3, 2008
အင်တာနက် လေပြေ
Labels:
ဝတ္ထုတို
Friday, November 23, 2007
ပြန်လည်မရနိုင်သော နေ့စွဲများ...ဇာတ်သိမ်း
“ကိုဘုန်း ဒါကဘယ်လဲ နေလည်း ကောင်းတာမဟုတ်ဘဲနဲ့ ပြန်ဖျားနေဦးမယ်... သွား သွား အထဲဝင်နေ”
“ဟဲ့ သမီး ကျောင်းသွားတော့မလို့လား အစောကြီးရှိသေးတယ်”
“မတွေ့ချင်တဲ့လူ တွေ့နေရမှာစိုးလို့”
“ဟဲ့ သမီး ဘယ်လို ပြောလိုက်တာလဲ” “တော်ပါတော့ မိန်းမရယ် သမီး လွတ်လွတ်လပ်လပ်နေပါစေ”
“မိန်းမ မိန်းမနဲ့ နားခါးလိုက်တာ”
“ပုလဲ ပြောလေကဲလေပါလား ဟမ်”
“မမြရေ မမြ... သြော် ဧည့်သည်ရောက်နေတာကိုး”
“ဘာကိစ္စလဲ အစန်း”
“ကျွန်မသမီးလေး ၀မ်းသွားနေလို့ ဓာတ်ဆားထုပ်လေး ရောင်းပေးစမ်းပါဦး”
“သြော်... အေး... သားရေ မာမီ့ကို ဆိုင်သော့လေး ယူလာပေးပါဦး”
“ရော့...မာမီ”
“သား ဒက်ဒီ့အတွက် မနက်စာပြင်ပေးထားလိုက်...”
“ဒါမမြယောက်ျားလား...”
“ဟုတ်တယ် အစမ်း... လာ ဓာတ်ဆားထုပ်ပေးမယ်”
“မမြတို့က အိမ်ထောင်ကွဲနေတာလား... ကျွန်မက မမြကို မုဆိုးမအောက်မေ့နေတာ”
“ဟုတ်တယ်...အစမ်းရဲ့ ကလေးတို့အဖေပဲလေ”
“မှုတ်ဖူး... မှုတ်ဖူး... ကျွန်မအဖေမဟုတ်ဘူး”
“သမီး... သမီး...” ကျွန်မနောက်က ဘာလို့ ဒီလူကြီး ပြေးလိုက်လာတာလဲ။
“မလိုက်လာနဲ့... ကျွန်မနဲ့ ဘာမှမတော်ဘူး၊ ဘာမှမဆိုင်ဘူး မလာနဲ့”
“မလာနဲ့ဆို မလာပါဘူး သမီးရယ် မပြေးပါနဲ့တော့”
“သမီး”
“ကိုဘုန်း သတိထား”
“အွန့်”
“ကျွီ”
ကျွန်မမျက်လုံးတွေ ပြာဝေသွားတယ်။ ကျွန်မသေပြီထင်ပါရဲ့။
“လာကြပါဦးဟဲ့... ဒီမှာလူတယောက်ကားတိုက်သွားလို့”
“ကိုဘုန်း...ကိုဘုန်း...”
“ဒက်ဒီ...ဒက်ဒီ...”
“သ...သ...သမီး”
“ဟင့်...ဟင့် ဘာမှမဖြစ်ဘူး ကိုဘုန်း သမီးရှိတယ်”
“ခေါ...ခေါ်ပေးပါလား...မြရယ်” ပြောရင်း ကိုဘုန်းဝဏ္ဏ လောကကြီးထဲက ပျောက်ကွယ်သွားခဲ့ပါပြီ။
“သမီးမိုက်...ပုလဲ... နင့်မုန်းတဲ့ နင့်ဒက်ဒီက နင့်ကို အသက်နဲ့ရင်းပြီး ကယ်တင်သွားတာ...ငါ့မှာ နင့်လို သမီးမျိုး ရှိတာ ငါရင်နာတယ်...ငါ့မှာ ဒီလိုသမီးမျိုးမရှိဘူး နင်သွားချင်ရာ သွားတော့... သွား... ထွက်သွား” ကျွန်မရင်ထဲ အောင့်ခနဲဖြစ်သွားတယ်။ မာမီက ငါ့ကို သမီးမိုက်တဲ့ ငါတကယ်ပဲ မိုက်ခဲ့တာလား။ ဟင့်အင်း ငါမမိုက်ပါဘူး။ ဒါပေမဲ့ ငါမှားခဲ့တယ်။
“ပုလဲတောင်းပန်ပါတယ် မာမီရယ် ပုလဲမသွားပါရစေနဲ့။ ပုလဲမာမီကိုရော မောင်လေးကိုရော မခွဲနိုင်ဘူး မာမီရဲ့”
“သမီးကိုခွင့်လွတ်ပါ မာမီ။ သမီးမှားသွားပါတယ်။ သမီး ဒက်ဒီကိုလည်းတောင်းပန်ပါ့မယ်”
“စိတ်လျော့လိုက်ပါ မမြရယ်။ သမီးလည်း သူ့အမှားကို သိသွားပြီပဲ...”
“သမီးကို မနှင်ထုတ်ပါနဲ့ မာမီရယ်...နော်...နော်...ဟင့်...ဟင့်...ဟင့်”
“ဒက်ဒီအပေါ် ပြုမူပြောဆိုမိတာတွေ အားလုံးကို သမီးတောင်းပန်ပါတယ်။ သမီးကို ခွင့်လွတ်ပါနော်” ကျွန်မပြောနေပေမဲ့ အချိန်ကား နှောင်းသွားခဲ့ပါပြီ။ ကျွန်မပြောနေတာတွေ ဒက်ဒီ့မှ ကြားပါလေစ။ ဒက်ဒီ ကျွန်မအပေါ် ခွင့်လွတ်နိုင်ပါ့မလား။
အရင်က ကျွန်မတို့ မိသားစုပျော်ရွှင်ခဲ့ကြတယ်။ ဒက်ဒီက သူ့အမှားတွေသိလို့ ပြန်လည်ထူထောင်ဖို့လာ တောင်းပန်တုန်းက လက်ခံခဲ့ရင် ယခုလို ဆုံးသွားခဲ့မှာ မဟုတ်ဘူး။ အချိန်တွေကိုသာ ပြန်လှည့်လို့ ရမယ်ဆိုရင် ဒက်ဒီဟာ ကျွန်မတို့ အပေါ်မှာ ဘယ်လောက်ပဲ ဆိုးသည်ဖြစ်စေ ပြုစုစောင့်ရှောက်ချင်ပါတယ်။ ယခုဆိုလျှင် ကျွန်မလိုချင်တဲ့မိသားစုဘ၀မျိုး ဘယ်တော့မှ ပြန်လည်ရရှိမည် မဟုတ်တော့ပါ။ ပျော်ရွှင်နေခဲ့ကြ သည့်တိုင် ပြည့်စုံတော့မည်မဟုတ်တော့ပါ။ ကျွန်မကြောင့် ကွက်လပ်လေးဖြစ်ခဲ့တဲ့ ဒက်ဒီ့ရဲ့နေရာကို ဘယ်လိုမှ အစားထိုး ၍ မရနိုင်တော့ပါ။ ယခုအချိန်မှာ ကျွန်မရင်ထဲ၊ နှလုံးသားထဲမှာ နောင်တကြီးစွာ ရနေမိပါတယ်။ ကျွန်မရဲ့ ပြင်လို့မရတဲ့နောင်တတွေကို ထွေးပိုက်ရင်း မိသားစုပျော်ရွှင်စွာ နေထိုင်ခဲ့ကြတဲ့ ရက်တွေကို ပြန်လည်တမ်းတ ရင်း ကျွန်မရဲ့ အနာဂတ်လမ်းမှာ ဘာတွေဖြစ်ဦးမယ်ဆိုတာ၊ ဘာတွေကြုံဦးမယ်ဆိုတာ မသိနိုင်ပါ။ ဒက်ဒီအပေါ် တင်နေတဲ့ အကြွေး ကျွန်မဆက်ရဦးမည်ထင်ပါရဲ့။
မိဘတိုင်းဟာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မိဘဟာမိဘပါပဲ။ ကျွန်မလို အမှားမျိုး လူတိုင်းမမှားမိကြ စေဖို့ ဆုတောင်းရင်း....
စောင့်မျှော်ဖတ်ရှုပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတရ်... လိုအပ်သည်များရှိခဲ့ ရင်လည်း ဝေဖန်ပေးကြပါဦးလို့...
Labels:
ဝတ္ထုတို
ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၃
သူငယ်ချင်းတွေနဲ့ ကျောင်းကပြန်လာရင်း ကားမှတ်တိုင်မှာ လမ်းခွဲပြီးပြန်လာခဲ့တယ်။ ဒီနေ့တနေလုံး စိတ်တွေ လေးလံနေတယ် ဘယ်လိုဖြစ်လဲ မသိပါဘူး ငြီးစီစီနဲ့...
“တောက်” စိတ်ထဲမှာလေးလံနေပါတယ်ဆိုမှ မတွေ့ချင်တဲ့လူနဲ့ လာတွေ့နေတယ်။ ငါတို့လမ်းထိပ်ကို ဘာလာ လုပ်တာလဲ ဧကန်တ မာမီနဲ့တွေ့သွားပြီလား။ ငါတို့နေတဲ့အိမ်ကို သိသွားပြီလား။ ရင်ထဲမှာ လားမေးခွန်းပေါင်း များစွာနဲ့ ရင်ထဲမှာ တင်းကျပ်လို့လာပါတယ်။
“သမီး...ပုလဲ နေမကောင်းဘူးလား။ ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းဘူး”
“ပုလဲဘာမှမဖြစ်ပါဘူး မာမီ။ နေမကောင်းချင်သလို ဖြစ်နေလို့ ခဏနားလိုက်ရင် ကောင်းသွားမှာပါ”
“အေး..အေး သမီးနားလိုက် မာမီ ဆိုင်သွားစောင့်လိုက်ဦးမယ်နော်” မာမီဆိုင်ထိုင်နေတုန်းများ ဟိုလူကြီး လာရင် ဘယ်လိုလုပ်ရပါ့မလဲ... စဉ်းစားရင်း အိပ်ပျော်သွားပါတော့တယ်။ ဘယ်အချိန်ထိ အိပ်ပျော်သွားတယ် မသိ အသံတခုကြားမှပဲ ရုတ်တရက်လန့်နှိုးလာတော့တယ်။
“အိ..အိ” ဘာသံပါလိမ့်။ “မာမီ... မာမီရေ... မာမီ” “ဟေ သမီး ဘာလိုလို့လဲ မာမီဒီမှာလေ”
“မာမီ ခုဏက အသံတခုကြားလိုက်လို့ ဘာသံလည်းမသိဘူး မာမီကြားသေးလား”
“ကြားတော့ ကြားလိုက်မိတယ် သမီးရဲ့ မာမီက သမီးငြီးနေတာ မှတ်လို့”
“ဟော မာမီ အသံက ပိုကျယ်လာတယ် ကြားလား လိုက်ရှာလိုက်ဦးမယ်”
“အမေ့” အေးစက်စက်အထိအတွေ့ကြောင့် ကြောက်လန့်တကြားအော်ပြီး မာမီ့ဆီကို ပြေးသွားမိတယ်။
“သမီး ဘာဖြစ်တာလဲ”
“ဘာကြီးလဲ မသိဘူးမာမီ လှေကားအဆင်းနားမှာ အေးစက်စက်နဲ့ မီးကလည်း ပျက်သွားတော့ မမြင်ရဘူး ပုလဲလည်း ကြောက်လို့ ပြေးလာတာ”
“ကဲ ကဲ ရေတခွက်လောက်သောက်လိုက်ဦး အသည်းကလည်းငယ်ပါ့... မာမီသွားကြည့်လိုက်ဦးမယ်...”
“မာမီ ပုလဲလည်းလိုက်မယ်”
“မာမီနဲ့ မမ ဘာဖြစ်နေကြတာလဲဗျာ... စာကျက်လို့မရဘူး”
“နင့်ဘာသာ စာကျက်... သွားသွားသွား နင်စာညံ့လို့ မဖြစ်ဘူးနော် စားသွားကျက်ချေ”
“ကျက်မှာပါဗျာ အိမ်သာသွားမလို့ ဆင်းလာတာ”
“ကဲပါ သမီးရယ် လာပါ သားလည်း စာကြိုးစားတာပဲ ထားလိုက်ပါ မာမီ့ရဲ့ သမီးနဲ့သားက လိမ္မာကြလို့ မာမီ ၀မ်းသာတယ်၊ ကျေနပ်တယ်” မာမီက စကားတွေ တတွတ်တွတ်ပြောပြီး ဘေးက လိုက်လာတယ်။
“ရှင်ဘယ်သူလဲ... ဘာလို့ သူများအိမ်ထဲလာ လဲနေတာလဲ။ သွားသွား”
“မိန်း...မိန်း..မိန်းမ” ခေါင်းတဖြည်းဖြည်းနဲ့ မော့လာတယ်။
“ဟင်... ကိုဘုန်း... ရှင်... ရှင်ဘယ်လိုလုပ် ရောက် လာတာလဲ”
“ဦးဘုန်းဝဏ္ဏ ရှင်ဘာလာလုပ်တာလဲ ရှင်လာစရာမလိုဘူး ခုချက်ချင်း ကျွန်မတို့ ခြံထဲက ထွက်သွားပါ”
“သမီး ကိုယ့်ဒက်ဒီကို ဒီလိုမပြောရဘူးလေ မသိရင် မာမီ မဆုံးမထားဘူးလားလို့ သူများ အပြောခံရဦးမယ်”
“သမီးတို့ ဒက်ဒီမဖြစ်ထိုက်တဲ့သူကို ပုလဲ သဘောမထားနိုင်ဘူး မာမီ”
“ပုလဲ ပြောရင်း ပြောရင်း တော်တော်ရိုင်းလာပါလား... ဒီအကျင့်တွေ ဘယ်ကရလဲ... မာမီကတော့လေ ငါ့သမီး လေး တော်လှ တော်လှနဲ့ ငါ့သမီးလို့ ပြောရမှာတောင် ရှက်တယ်”
“ဟင် မာမီ... မာမီက သမီးတော်ရမှာရှက်တယ် ဟုတ်လား။ ဒီလူကြီးကျတော့ မရှက်ဘူးပေါ့”
“ဖြန်း” မာမီတခါမှ ကျွန်မကို မရိုက်ဘူးပါ။ ရိုက်ဖို့မပြောနဲ့ အော်တောင်မအော်ဖူးပါ။ ခုဒီလူကြီးနဲ့မှ ကျွန်မရဲ့ ပါးကို ရိုက်တယ်။ မာမီအမြတ်တနိုးနဲ့ နမ်းခဲ့တဲ့ပါးကို ရက်စက်စွာနဲ့ ရိုက်ရက်လေသလားမာမီရယ်။ အိမ်ခန်းထဲ ပြေးဝင်လာခဲ့တယ်။
“သားရေ...သား လာပါဦး မင်းတို့ဒက်ဒီ အဖျားတွေတက်ပြီး မထနိုင်ဘူး... မာမီ့ကို လာကူပါဦး”
“ဟုတ်ကဲ့ မာမီ... မမကော”
“ဒက်ဒီကို သယ်ဖို့လုပ်ပါဦး”
“ဘယ်ကို သယ်မှာလဲ” “ဘုရားခန်းထဲကို သယ်မယ် သားက ခြေရင်းကမှ ဟုတ်လား”
“ဟုတ်ကဲ့... မာမီ” ကျွန်မ ၀မ်းနည်းစွာနဲ့ ငိုနေမိတယ်။
“သမီး... သမီးပုလဲ... အိပ်ပြိလား” မာမီကျွန်မကို လှမ်းခေါ်နေတယ် ကျွန်မအိပ်ချင်ယောင်ဆောင်နေခဲ့ပါတယ်။ ဟိုလူကြီးကို ပြုစုလို့ အားမှ ကျွန်မကို လာမေးဖို့ သတိရတဲ့အတွက် ဟိုလူကြီးကို စိတ်တိုမိပါတယ်။ မာမီ ကျွန်မဘေးနားမှာ ကျွန်မမျက်နှာလေးကို ကြည့်ပြီး ငိုနေတယ်။ ကျွန်မ မသိချင်ယောင်ဆောင်နေလိုက်တယ်။
အိပ်ယာနိုးတော့ မိုးလင်းနေပြီ။
“သမီး” “ကျွန်မကို သမီးလို့ မခေါ်ပါနဲ့ ရှင်ပြန်ပါတော့ နောက်ဘယ်တော့မှ ဒီကိုမလာပါနဲ့”
“ဒက်ဒီမှားပါတယ်သမီးရယ်။ ဒက်ဒီအမှားတွေကို သိလို့ သမီးတို့ကို လိုက်ရှာပါသေးတယ်။ ဒက်ဒီအမှားတွေကို ခွင့်လွတ်ဖို့ မတောင်းဆိုပါဘူး။ ဒါပေမဲ့ သမီးတိုနဲ့ ပြန်နေပါရစေ။ ဒက်ဒီကို အချိန်ပဲ ပေးပါ။ ဒက်ဒီပြင်ပါ့မယ်”
“တော်ပါတော့ရှင်... ခုမှလာပြောမနေပါနဲ့ ကျွန်မကျောင်းက ပြန်လာရင် လုံးဝမတွေ့ချင်ဘူး။ ရှင်ပြန်ပါ”
“ဟို” “ဘာလဲ မာမီပြန်လာစောင့်နေတာလား ရှင့်ကို ဆွဲထားအောင်...မကြားပါရစေနဲ့တော့ နားခါးလို့ပါ” ကျွန်မ ကျောင်းသွားဖို့ ပြင်ဆင်လိုက်တယ်။ မာမီဈေးကပြန်မလာခင် ဒီလူကြီး ပြန်မှဖြစ်မယ်။
နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ သိမ်းတော့မှာပါ..ဟီး
Labels:
ဝတ္ထုတို
Wednesday, November 21, 2007
ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၂
“အူဝဲ...အူဝဲ”
လောကထဲကို လူသားတဦးမွေးဖွားလာခဲ့ပါတယ်။ ကျွန်မမှာ မောင်လေးတယောက် ရလာတဲ့အတွက် အရမ်း
ပျော်နေမိပါတယ်။ မပျော်နိုင်တဲ့သူကတော့ မာမီပါ။ မာမီမွေးခါနီး ဗိုက်နာတာတောင် ဒက်ဒီ့ပြန်မလာခဲ့ပါ။
တော်သေးတာက လွန်ခဲ့တဲ့ နှစ်ပတ် လောက်မှာ ဒရိုင်ဘာခန့်ထားလိုက်လို့သာ အချိန်မီ ဆေးရုံရောက်သွားနိုင်
ခဲ့တာပါ။ ခုဆို မာမီဆေးရုံတက်တဲ့ သုံးရက်အတွင်း တစ်ခေါက်မှ လာဖော်မရတဲ့ ဒက်ဒီ။ ဘာလေးမွေးလဲတောင်
ဖုန်းလေးတစ်ချက်ဆက်ပြီး မေးဖော်မရတဲ့ ဒက်ဒီ။ ကျွန်မရင်ထဲက အမုန်းမီးတွေကလည်း အရှိန်အဟုန်ကောင်း
လာဆဲပါပဲ။ မာမီဆေးရုံတက်နေစဉ်အတွင်း ဒက်ဒီသည် အပြင်မှာ သောက်ရုံမက အိမ်ထဲမှာပင် ပုလင်းထောင် တဲ့အဆင့်ကို ရောက်ခဲ့တယ်။
“ပုလဲ... ဟိုမှာ နင့်အဖေကားဖြတ်သွားတယ်” ပုလဲလှမ်းမကြည့်ချင်၍ သူငယ်ချင်းဘက် လှည့်လိုက်စဉ်မှာပဲ
“သူ့အဖေက မူးရင် သွေးဆိုးတယ်ဟ”လို့ လက်တို့ပြီး ပြောတာ တွေ့လိုက်ရတယ်။ ကျွန်မမကြားအောင်
တိုးတိုးပြောပေမဲ့ ကြားလိုက်ရတယ်။ ကျွန်မ မသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့တယ်။ ထိုစကားသံတွေ
ကြားတိုင်းတော့ အမုန်းမီးများက တောက်လောင်ဆဲပါပဲ။ ဒီလိုနဲ့ ကျွန်မမောင်လေး ကျောင်းတက်ရမဲ့အရွယ်
ရောက်လာခဲ့ပါတယ်။ ကျွန်မမောင်လေးကို သူများတွေနောက်တိုင်း ကျွန်မကတော့ ဂျက်မပေါ့။ မောင်လေး
ထူးဝဏ္ဏကို အနိုင်ကျင့်တဲ့သူတိုင်း ကျွန်မကို ကြောက်သဖြင့် နောက်ပိုင်း မည်သူမှ မစမနောက်ကျတော့ပါ။
ကျောင်းသွားအတူ၊ ကစားအတူ၊ စားအတူနှင့် ကျွန်မအပျော်ဆုံးကတော့ ကျွန်မမောင်လေးနဲ့ ကျွန်မမွေးနေ့ပွဲ
လုပ်တိုင်း ကျွန်မပျော်ခဲ့ပါတယ်။
ကျွန်မဆယ်တန်းနှစ်၊ မောင်လေးထူးဝဏ္ဏ လေးတန်းတုန်းက တညနေ ကျောင်းကပြန်လာမှာတော့-
“ဟင့် ဟင့် ဟင့်” ကျွန်မခြေလှမ်းတွေ မြန်လာပါတယ်။ ဒက်ဒီ့ မာမီကိုဘာလုပ်ပြန်ပြီလဲ ဒေါသနဲ့အတူ ခြေလှမ်း
ကျဲကြီးနဲ့ အိမ်ထဲဝင်လိုက်စဉ်မှာပဲ မာမီကြမ်းပြင်တွင် ပုံလျက်သားငိုနေတာကို တွေ့လိုက်ရတယ်။ မာမီက
ဒက်ဒီနဲ့ပြဿနာဖြစ်တိုင်း ကျွန်မတို့ကို အဝေးတွင် နေခိုင်းလေ့ရှိပါတယ်။ လူကြီးတွေကြောင့် ကလေးတွေကို
စိတ်မဆင်းရဲစေချင်သောကြောင့်ဖြစ်ပါတယ်။ ခုအခါမှာတော့ မာမီက ကျွန်မတို့မောင်နှမကို မြင်သည်နှင့်ဖက်
၍ ငိုပါသည်။ ကျွန်မစိတ်ထဲထင့်သွားသည်။ မာမီတခါမှ ယခုလို မပြုမူဖူးသောကြောင့်လည်းပါတယ်။ မာမီနဲ့
အတူ ကျွန်မတို့ ရောငိုမိကြပါသည်။ ပြဿနာအကြောင်းရင်းကိုတော့ မသိပါ။ သိလိုက်တဲ့အချိန်မှာတော့
ကျွန်မမငိုတော့ပါ။ ဒက်ဒီ့က မာမီကို ကွာရှင်းဖို့ပြောသည်တဲ့။ ကျွန်မမိဘတွေ ကွဲတာ ကျွန်မ ဘာကြောင့်ပျော်
ပျော်သလဲ၊ ကျွန်မမှာ အဖေရှိလျက်နှင့် ပညာရည်ချွန်ဆုပေးပွဲသွားတိုင်း ဒက်ဒီမလိုက်ခဲ့ပါ။ ကျွန်မလည်း သူများ
တွေလို မိဘနှစ်ပါးနဲ့အတူ ဆုပေးပွဲတက်ချင်ခဲ့ပါသည်။ ကျောင်းပိတ်ရက်တိုင်း မိသားစုနှင့် အတူ ပျော်ပျော်
ပါးပါး ခရီးထွက်ချင်ခဲ့ပါသည်။ ခုတော့ အဲလိုမဟုတ်သည့်အပြင် ဒက်ဒီ့ကြောင့် ကျွန်မတို့အရှက်ရကြရသည်၊
စိတ်ညစ်ရသည်။
ဒက်ဒီနဲ့မာမီကွဲပြီးနောက်ပိုင်းမှာတော့ မာမီ့၌ရှိသည့် ပိုက်ဆံလေးဖြင့် သင့်တော်သည့် အိမ်တလုံးဝယ်ပြီး အိမ်
ဆိုင်လေးဖွင့်ရင်း ကျွန်မတို့ဘ၀ကို စတင်ရုန်းကန်ခဲ့ရပါသည်။ ကျွန်မအဆင်မပြေမှုကြုံတိုင်း၊ အထည်ကြီးပျက်
တွေလို့ ပြောခံရတိုင်း ဦးဘုန်းဝဏ္ဏကို မုန်းတီးနာကြဉ်း စက်ဆုပ်မိပါသည်။ မာမီနဲ့ကွဲလိုက်ပေမယ့် ကျွန်မတို့
မောင်နှမအတွက် ဦးဘုန်းဝဏ္ဏကို အဖေဟု မသတ်မှတ်နိုင်ပါ။ လမ်းတွေ့ရင်တောင် မတွေ့အောင်ရှောင်သွားခဲ့
ပါသည်။ ဒီလိုနဲ့ ပုလဲဆယ်တန်းကို ဂုဏ်ထူး လေးဘာသာနှင့် အောင်မြင်ခဲ့ပါသည်။ မာမီက စီးပွားရေး
တက္ကသိုလ် တက်စေချင်၍ ကျွန်မ စီးပွားရေးတက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။
“ပုလဲ... နင့်နောက်က လူတယောက်လိုက်လာတယ်ဟ”
“ဟုတ်လား” ပြောရင်း လှည့်ကြည့်လိုက်စဉ်မှာတော့ “ဟင်...ဦးဘုန်းဝဏ္ဏ” “ပုလဲနင်အသိလား”
“မဟုတ်ပါဘူးဟာ... သူတို့က ဆင်းရဲတော့ ပိုက်ဆံလာတောင်းတာနေမှာပေါ့”
“အဲဒါဆိုလည်း ပိုက်ဆံပေးလိုက်လေဟာ”
“အိုး ဘာလို့ပေးရမှာလဲ သူ့မှာလည်း ခြေကောင်းလက်ကောင်းနဲ့ လာပါဟာ ဂရုစိုက်မနေစမ်းပါနဲ့” မမှတ်မိ
လောက်အောင် ပြောင်းလဲသွားခဲ့တဲ့ ဦးဘုန်းဝဏ္ဏပုံစံက ကျွန်မတွေးတောင် မတွေးမိတဲ့ ပုံစံမျိုးနဲ့ ကိုယ်ပေါ်က
အ၀တ်တွေကလည်း စုတ်ပြတ်လို့။ ကျွန်မယခင်နေခဲ့တဲ့ အိမ်လေးကို မာမီမသိအောင် သွားကြည့်ခဲ့တယ်။
အိမ်နီးနားချင်းတွေ ပြောပြချက်အရ နောက်မိန်းမယူပြီး အရင်လိုမူးရူးနေတော့ ယူထားတဲ့မိန်းမက မိန်းမလည်
ချူစားတဲ့ မိန်းမ၊ ယောက်ျားလုပ်တဲ့သူက မူးရူးပြီး ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်မိန်းမလုပ်တဲ့သူက ယောက်ျား
မရှိခင် အိမ်မှာတင် ဖောက်ပြန်၊ ဂေါ့(ဖ်)ရိုက်တာကလည်း ရှုံး၊ နောက်ဆုံးတော့ နောက်မိန်းမက အိမ်ပေါ်ကနှင်
ချလိုက်တယ်ဆိုပဲ။ ဂေါ့(ဖ်)ကြွေးတင်တာကလည်း နောက်မိန်းမရဲ့ လင်ငယ်ဆီမှာ အဲတော့စည်းစိမ်ဥစ္စာလည်း
ရှုံး မယားလည်းရှုံးတဲ့။ ကြားရတဲ့ သတင်းကတော့ အကောင်းဆို၍ ကုန်းကောက်စရာတောင်မရှိ။
“ခွမ်း” မာမီ့ကို ဦးဘုန်းဝဏ္ဏအကြောင်း ပြန်ပြောပြလိုက်တာ မာမီ့လက်ထဲမှာကိုင်ထားတဲ့ ပန်းကန်တောင်
လွတ်ကျတယ်။ မာမီ့ ဒက်ဒီ့ကို မမေ့နိုင်သေးဘူးကိုး။ ကိုယ့်အပေါ်သစ္စာမရှိတဲ့ ယောက်ျားတယောက်အပေါ်
မာမီမေ့ပစ်သင့်ပါသည်။ ကျွန်မနောက် ဘာလို့ တကောက်ကောက် လျှောက်လိုက်နေရတာလဲ။ရှက်ဖို့
ကောင်း လိုက်တာနော်။နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ စောင့်လက်စနဲ့ စောင့်ဦး (ထီးဆိုင် မဟုတ်ပါ)
Labels:
ဝတ္ထုတို
Friday, November 16, 2007
ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၁
ညနေခင်းတစ်ခုရဲ့ လှပတဲ့ နီယွန်မီးတွေ ဆင်မြန်းထားတဲ့ ခြံကြီးတစ်ခြံ၌ ဧည့်ပရိတ်သတ်တွေရဲ့ အလယ်မှာ ဂါဝန်အဖြူလေးကို ၀တ်ဆင်လျက် ခေါင်းတွင် သရဖူဆောင်းထားတဲ့ ကောင်မလေးတယောက် ...
မျက်နှာပေါ်မှာလည်း အပြုံးရိပ်တွေနဲ့ ပျော်ရွှင်နေတဲ့ ကောင်မလေး ...
ခြံထဲမှာရှိတဲ့ ဧည့်ပရိတ်သတ်တွေကလည်း ဂုဏ်သရေအသိုင်းအ၀ိုင်းမှ လူကုံတံတွေ... ခြံရှေ့ရပ်ထားတဲ့ ကားတွေကလည်း အကောင်းစားတွေ... ခြံရဲ့အလယ်ခေါင်တည့်တည့်မှာတော့ မွေးနေ့ကိတ်... ပျော်တပြုံးပြုံးနဲ့ ဧည့်ခံနေကြတဲ့ မွေးနေ့ရှင်ရဲ့ မိဘနှစ်ပါး... ပြီးတော့ ညီအစ်ကိုမောင်နှမတွေ...ကျွန်မသူ့မကို အားကျနေမိတရ်။ ကျွန်မလို ကိုယ့်ဘ၀ကို မသေချာတဲ့လူအဖို့ ယခုလိုပွဲမျိုး ကျွန်မရတော့မည် မဟုတ်တော့ဘူးဆိုတာ ကျွန်မမှလွဲ၍ မည်သူ့မှ မသိနိုင်ပါ။
မာမီက ကျွန်မကို ငယ်ငယ်က အသားဖြူပြီး အိမ်ရဲ့ဆည်းလည်းလည်းဖြစ်ပြီး ချစ်မြတ်နိုးတဲ့အတွက် ပုလဲဖြူလို့ နာမည်ပေးခဲ့ပါတရ်။ ပြီးတော့ ကျွန်မကို မွေးပြီးတဲ့နောက် ဒက်ဒီရဲ့ အလုပ်တွေ အဆင်ပြေပြီး မိသားစု စားဝတ်နေရေး ချောင်လည်တဲ့အပြင် ငွေပိုငွေလျှံရှိလာပါသဖြင့် မာမီ၌ ရွှေတွေဝင်းနေခဲ့ပါတရ်။ ထို့ကြောင့် ဒက်ဒီနဲ့မာမီက ကျွန်မကို ပို၍တိုး၍တိုး၍ ချစ်ကြပါတရ်။ကျွန်မသုံးနှစ်သမီးအရွယ်မှာတော့ လက်ရှိအိမ်ကနေ ပြောင်းပြီး ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ ဆောက်ထားပြီး လှပတဲ့တိုက်လေးမှာ ပြောင်းနေခဲ့ကြပါတရ်။ ကျွန်မရဲ့ မွေးနေ့ပွဲကိုလည်း ထိုခြံကြီးထဲမှာပင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတရ်။ကျွန်မငါးနှစ်သမီးအရွယ်မှာတော့ မာမီ့မှာ နောက်ထပ်ကိုယ်ဝန်ရှိခဲ့ပါတရ်။ တဦးတည်းသောဖြစ်တဲ့ ကျွန်မအဖို့ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ပါတရ်။ ကျွန်မအတွက် မောင်လေး ဒါမှမဟုတ် ညီမလေးရမှာ ပျော်ပေမဲ့ ဒက်ဒီနဲ့မာမီ ထံမှ အချစ်လျော့သွားမလားဆိုတဲ့ အတွေးနဲ့စိုးရိမ်ပြီး ၀မ်းနည်းမိခဲ့ပါသေးတရ်။ ဒါပေမဲ့ ကျွန်မအတွက် အဖော် ရမှာမို့ ၀မ်းသာမိပါတရ်။ကျွန်မ တခါမှမစဉ်းစားမိသော အရာတွေ၊ ၀မ်းနည်းစရာ ဖြစ်ရပ်တွေ ကျွန်မဘ၀ထဲကို ရောက်လာလိမ့်မည်ဟု မထင်ခဲ့ပါ။ ဒက်ဒီက စီးပွားရေးလည်း အဆင်ပြေ၊ လူကုံတံအသိုင်းအ၀ိုင်းထဲ ၀င်ဆံ့နိုင်ခဲ့တော့ လူကုံတံအများစု ထုံးစံအတိုင်း အစပိုင်းမှာတော့ ဘီယာလေးတမြမြ၊ နောက်ပိုင်းမှာတော့ အရက်လေးတမြမြ အလုပ်အကြောင်း ပြပြီး နေ့စဉ်လိုလို မူးပြီးမှ ပြန်လာတတ်နေခဲ့ပါပြီ။ အလုပ်အားနေခဲ့လျှင်လည်း အလုပ်ဗန်းပြပြီး ဂေါ့(ဖ်)သွား ရိုက်တတ်ပါတရ်။ ဂေါ့(ဖ်)ရိုက်တာ ပြဿနာမဟုတ်ပေမဲ့ လောင်းကြေးနဲ့ ရိုက်၊ ပြီးရင် ဘီယာဆိုင်သွား၊ အိမ်ကို ညဉ့်နက်သန်းခေါင်မှ မူးပြီးပြန်လာတတ်တရ်။“ကိုဘုန်းရယ်...ကျွန်မမှာလည်း မပေါ့မပါးကြီးနဲ့ ရှင့်မှာလဲ အိမ်ကိုကပ်တယ်မရှိဘူး။ အလုပ်အားတဲ့ ရက်လေး မိသားစုကို အချိန်ပေးမယ်ကိုမရှိဘူး”“အေ့... ငါအလကားသွားနေတာ မဟုတ်ဘူးကွ။ မင်းတို့တွေ ခုလိုနေနိုင်အောင်ရှာကျွေးနေတာ ဒီကောင်ပါကွ။ ခုမင်းတို့ ဘာလိုလဲ။ လိုလေသေးမရှိ ငါထားခဲ့တာပဲ။ အေ့... ငါ့ကို ဆရာလာလုပ်စရာ မလိုဘူးကွ အေ့”“ဒုန်း”အသံတွေ ဆူညံနေလို့ ကျွန်မ အိပ်ယာမှ လန့်နိုးသွားတရ်။ အိပ်ခန်းတံခါးကို ဖွင့်လိုက်စဉ်မှာပဲ ဒက်ဒီနဲ့မာမီ စကားများသံကို ကြားလိုက်ရတရ်။ ကျွန်မ မအံ့သြတော့ပါ။ ဒက်ဒီမူးလာတိုင်း မာမီနဲ့ တိုးတိုးဖြစ်စေ၊ အော်၍ ဖြစ်စေ စကားများ၊ ရန်ဖြစ်နေကြ။ ယခင်က ကျွန်မတို့ မိသားစုကို အားကျနေကြသော ပတ်ဝန်းကျင်ကို ကျွန်မ ရင်မဆိုင်ချင်ပါ။ သူများတွေက “အေးချမ်းလိုက်တာ စကားများသံတောင်မကြားရဘူး။ ဦးဘုန်းဝဏ္ဏတို့များ စီးပွားလည်း အရှာကောင်းပါရဲ့။ မိသားစုအပေါ်မှာလည်း သစ္စာရှိတယ် ဒေါ်မြသီတာတို့များ လင်ကံကောင်းလိုက်တာ။”ဆိုတဲ့ စကားသံများ ကျွန်မကို ခြောက်လှန့်လို့နေပါတယ်။“ပုလဲတောင်ကျောင်းက ပြန်လာပြီပဲ၊ သမီးရေသွားချိုး။ မာမီထမင်းစားဖို့ပြင်ထားလိုက်မယ်နော်” မာမီ ပြောပြီး ထမင်းစားခန်းထဲ ၀င်သွားပါသည်။ မာမီ မျက်ဝန်းထဲမှာ မျက်ရည်စတွေကို မြင်ရပါတယ်။ ဒက်ဒီနဲ့မာမီ စကားများကြပြီ ထင်ပါရဲ့။ မာမီက ကျွန်မမမြင်အောင် စိတ်ကို ချုပ်တီးထားပုံပါပဲ။ ဒါပေမဲ့ ကျွန်မ မြင်ခဲ့ရတရ်။“သမီး စာတွေလုပ်နေတာ သိပ်ညဥ့်မနက်စေနဲ့ဦး မာမီနွားနို့ ပူပူလေးလုပ်ပေးထားတယ် သောက်လိုက် ဦးနော်” “ဟုတ်ကဲ့ မာမီ”“ဒုန်း...ဒုန်း...ဒုန်း”“မိန်းမရေ...အေ့ မိန်းမ၊ ဒီမိန်းမ ဘယ်သွားသေနေလဲ”“ကိုဘုန်း ရှင်မူးလာလည်း အေးအေးနေပါ။ သမီးလေးစာကြည့်နေတုန်းရှိသေးတရ်။ မအိပ်သေးဘူး။ သမီး ကြားသွားရင် မကောင်းဘူး။ ကျွန်မသမီးကို စိတ်ဒဏ်ရာတွေ မပေးစမ်းပါနဲ့ရှင်။ သမီးကို သူ့အဖေက အရက်သမားလို့ မမြင်စေချင်ဘူး။”“ဒီမှာ ငါအိမ်ထောင်ဦးစီး မင်းဘာမှပြောစရာမလိုဘူး၊ မင်းထက် ငါပိုနားလည်ဆိုတာ မင်းခေါင်းထဲမှာ စွဲနေအောင် မှတ်ထားလိုက်စမ်းပါကွာ အေ့”“သမီးရေ သမီး...အေ့”“ပုလဲ...သမီးရေ အေ့”“ရှင် ဘာဖြစ်လို့ ကလေးကို ခေါ်နေတာလဲ။ ရှင်ဒီပုံစံမျိုးနဲ့ ကျွန်မသမီးနား မသွားပါနဲ့။ တခြားဟာတွေသာ ခွင့်လွတ်ချင် ခွင့်လွတ်မရ်။ သမီးနဲ့ ပတ်သက်လာရင်တော့ ရှင့်ကို လုံးဝခွင့်မလွတ်ဘူး”“မင်းက ဘာမို့လို့လဲကွ။ ငါ့သမီးဆီ ငါသွားတာ ဘာဖြစ်လဲကွ”“ကျွန်မတောင်းပန်ပါတယ်ရှင်။ ရှင်မသွားပါနဲ့ သမီးကို အရက်နံ့နဲ့ မရင်းနှီးစေချင်လို့ပါ။ တောင်းပန်ပါတယ်။ လာပါ ကျွန်မတို့ အခန်းကို ၀င်ရအောင်ပါ”ကျွန်မအခန်းထဲမှာ အံကြိတ်ပြီး ငိုနေမိပါတယ်။ မာမီ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မစိတ်ထဲမှာလည်း မလာပါ စေနဲ့လို့ ဆုတောင်းနေခဲ့တယ်။ ကျွန်မချစ်တဲ့ ဒက်ဒီက ယခုလို ပုံစံမျိုးနဲ့ မဟုတ်ပါ။ အရက်မူးပြီး ပြန်လာ၊ မိသားစုကို ပြဿနာရှာတတ်တဲ့သူ မဟုတ်ပါ။ ကျွန်မ ဒက်ဒီ့ကို ယနေ့ကစပြီး မချစ်တော့ပါဟု သံဓိဌာန် ချလိုက်ရ်။ ဟုတ်တရ် ဒက်ဒီ့ကို ကျွန်မ ဒက်ဒီပါလို့ သူငယ်ချင်းတွေရှေ့ပြောရမှာ ကျွန်မသိပ်ရှက်တယ်။နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်
Labels:
ဝတ္ထုတို
Tuesday, September 18, 2007
နှလုံးသားနှင့်ရင်း၍ …
ဒီနေ့ ရာသီဥတုက အရမ်းသာယာတယ်။ ရာသီဥတုသာယာ သလောက် ရင်ထဲမှာတော့ မိုးမှောင်ကျနေတယ်။ မိုးကြိုးတွေလည်း အခါတစ်ရာမကပစ်ခတ်လို့နေပါတော့တယ်။ နာရီလက်တံတွေကို ကြည့်နေခဲ့တယ်။ စကန့်တန်သွားနေတဲ့ `ချပ်…ချပ်´ ဆိုတဲ့အသံဟာ သူ့အတွက်တော့ ငှက်ဆိုးထိုးသံအလားပါပဲ။ `ဝေါ……´ ဒီအသံက သူ မကြားလိုတဲ့ အသံပါပဲ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လေယာဉ် တစ်စင်း တိမ်တွေကို အံတုရင်း တဖြည်းဖြည်း မြင့်သထက်မြင့်တက်ကာ မျက်စိထဲမှာ ကွယ်ပျောက်သွားသည်အထိ ကြည့်နေခဲ့မိပါတယ်။လေယာဉ် မျက်စိရှေ့က ပျောက်သွားသလို သူ့ရင်ထဲက အသည်းနှလုံးသည်လည်း ကြေမွ ပျက်စီးဆုံးရှုံးခဲ့ရပါပြီ။ ယောက်ျားလေးတန်မဲ့ အသိတရားကင်းမဲ့စွာ ဖင်ထိုင်ရက်ကျသွားပြီး မျက်ရည်တွေ စီးကျလာပါတော့တယ်။
လွန်ခဲ့တဲ့ ၁၀နှစ် ကောင်မလေးတစ်ယောက် ကျွန်တော်တို့အိမ် ခြေရင်းအိမ်ကို သူ့မိသားစုနှင့်အတူ ပြောင်းလာခဲ့ပါတယ်။ အဲဒီနေ့ ကတည်းက ဘာကိုမှ အလေးအနက်မထားတတ်တဲ့ကျွန်တော် သူမရဲ့ပတ်သက်တဲ့ ကိစအ၀၀ ကို အလေးထားတတ်လာတယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ကျွန်တော် အရာရာကိုဂရုစိုက် တတ်လာယ်၊ သူမကို ဘယ်တော့မှ မေ့ရ မည် မဟုတ်တော့ပါ။ သူမနဲ့ကျွန်တော် အရင်းနှီးဆုံးနဲ့ အခင်ဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ ဘာသာဘာဝထုံးစံအတိုင်း ချစ်သူ တွေလည်း ဖြစ်ခဲ့ ကြပါတယ်။ အဲဒီအချိန်တွေဟာ ကျွန်တော့်အတွက် အပျော်ရွှင်ရဆုံးအချိန်တွေပါပဲ။ အဲဒီမှာပဲ ပြသနာစတော့တာပဲ။ ဘာသာခြားပြသနာကစတာပါ။ သူမက ခရစ်ယာန်၊ ကျွန်တော်က ဗုဒ္ဓဘာသာ၊ ပိုဆိုးတာက ကျွန်တော်တို့ကလည်း ဗုဒ္ဓဘာသာစစ်စစ် သူမရဲ့အဖေက သင်းအုပ် ဆရာ၊ သူမအဖေကို အိမ်ပြောင်းလာ တည်းက တခါမှမမြင်ဘူးပါ။ သူမအဖေက နိုင်ငံတကာ လိုက်ပြီး သာသနာပြု နေတာတဲ့။ ကဲ ကျွန်တော်တို့ နှစ်ဖက်လုံးမှာမှ အခက်အခဲမရှိဘူးဆို ကျွန်တော်တို့လည်း ဘယ်စိတ်ဆင်းရဲပါ့မလဲ။ ကျွန်တော်တို့ကို ခွဲဖို့ အတွက် သူမရဲ့မိဘတွေက အဆောင်မှာနေပြီး လုပ်ရတဲ့အလုပ်ကို ထည့်လိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူမရဲ့ နားရက်ရှိတဲ့ နေ့တွေမှာ တွေ့ဖြစ်ခဲ့ကြပါတယ်။ ဒီလိုပဲ နေလာရင်း သူမကကျွန်တော်ကို လမ်းခွဲကြစို့လို့ဆိုပါတယ်။ ကျွန်တော်နားကြားများမှားသလား၊ ဒါမှ မဟုတ် အိပ်မက်များ မက်နေလားပေါ့၊ အိပ်မက်ဆိုလည်း မြန်မြန်နိုးထချင် ပါပြီ။ အိပ်မက်မဟုတ်ဘဲတကယ်ဖြစ် နေခဲ့တယ်။ ပြီးတော့ နှုတ်ဆက်ပါ တယ်လို့လည်းပြောသေးတယ်။ ဘာတွေလည်းပေါ့ သူမနိုင်ငံခြားကို အပြီးထွက်သွားတော့မယ်တဲ့ သူမအဖေက ဟိုမှာကျောင်းတက်ဖို့ လှမ်းခေါ် နေပြီတဲ့လေ။ သူမတို့မိသားတစုလုံး သွားမယ့်အစီအစဉ်ရှိ မှန်းတော့ သိပါတယ်။ ဒါပေမယ့် ဒီလောက်ထိမြန်မြန်ဆန်ဆန် ကျွန်တော်တို့ကို ခွဲလိမ့်မယ်လို့တော့ မထင်ဘူးပေါ့။ သူမက မြန်မာကျောင်း မတက်ပါဘူး။ ခရစ်ယာန်ကျောင်းမှာပဲ ဆယ်တန်း အောင်ထားတာပါ။ ဟိုမှာ ကျောင်းဆက်တက်ဖို့ပေါ့။ ကျွန်တော် သူမကို ဘာမှမပြောနိုင်ပဲ ဒီအတိုင်း ခေါင်းငိုက်စိုက်ချရင်း ပြန်လာခဲ့တယ်။ မျက်ရည်တွေလည်း စီးကျလို့ပေါ့။ သူမကို ဒီမနက်လှမ်းမြင်လိုက်တယ်။ သူမအမေနဲ့ သူမကို အလုပ်က ပြန်ခေါ်လာတဲ့ပုံပါပဲ။
သူမကိုတွေ့ဖို့ ကျွန်တော်ကြိုးစားတယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး။ ကျွန်တော်တို့ အိမ်နှစ်အိမ်ရဲ့ အခြေအနေကလည်း ကျွန်တော်တို့ကြောင့် တင်းမာနေ ခဲ့ပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲ၊ သူမကို အဆုံးအရှုံး မခံရအောင် ခိုးပြေးဖို့ နည်းလည်းပဲရှိပါတော့တယ်။ ကျွန်တော် သူငယ်ချင်း တစ်ယောက်စီ အကူအညီ တောင်းတယ်။ သူမဆီ သွားပြောတယ်၊ ဒါပေမယ့် သူမက မလိုက်နိုင်ဘူးတဲ့။ သူမဖခင်ဆီ သွားဖို့၊ သူမ ကျောင်းတက်ဖို့က သူမလေးနှစ်သမီးတည်းက ရည်မှန်းထားတဲ့ ရည်မှန်းချက်တဲ့ မိသားစုအကုန်သွားကြမှာ သူမတစ်ယောက်တည်း ဒီနိုင်ငံမှာနေခဲ့ဖို့က မဖြစ်နိုင်ပါဘူးတဲ့။ ကျွန်တော့်သူငယ်ချင်းဆီက တဆင့်ဒီစကားကို ကြားခဲ့ရပါတယ်။ ကျွန်တော် မယုံကြည်နိုင်ပါ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့သူမခွဲခွာရမှာလား။ ဒီနေ့မနက် သူမတို့အိမ်မှာ ရှုပ်ယှက်ခတ် နေကြတယ်။ ရယ်သံတွေလည်းကြားနေရတယ်။ သူမရယ်သံကြားတိုင်း ကျွန်တော့်ရင်မှာ တဆစ်ဆစ်နာကျင်ရပါတယ်။
ကားတစ်စီးသူမတို့အိမ်ရှေ့လာရပ်တာတွေ့လိုက်ပါတယ်။ သူမတို့မိသားစု ကားလေးပေါ်တက်ရင်း တဖြည်းဖြည်း ကျွန်တော်တို့ဝေးရာဆီကို ထွက်ခွာသွားကြပါပြီ။ ဘယ်တော့မှ ပြန်လာတော့မှာလည်း မဟုတ်တော့ပါဘူး။ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ကျွန်တော် သူမကို မေ့ဖျောက်နိုင်အောင် ကြိုးစားနေထိုင် ရပါဦးမည်။ သူမမရှိတဲ့နေ့တွေကို ကျွန်တော်ဖြတ်သန်းနေထိုင်ရဦးမည်။ စဉ်းစားရင်းစဉ်းစားရင်း ရင်ထဲမှာ မွန်းကြပ်လို့လာပါတော့တယ်။ သူမတစ်ယောက် သူမဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်း နိုင်ပါစေလို့ ကျွန်တော့်နှလုံးသားနဲ့ရင်းပြီး ဆုတောင်းပေးလိုက်ပါတယ်… သူမပျော်ရွှင်ပါစေ……
ဆက်လက်ကြိုးစားပါဦးမည်။
လွန်ခဲ့တဲ့ ၁၀နှစ် ကောင်မလေးတစ်ယောက် ကျွန်တော်တို့အိမ် ခြေရင်းအိမ်ကို သူ့မိသားစုနှင့်အတူ ပြောင်းလာခဲ့ပါတယ်။ အဲဒီနေ့ ကတည်းက ဘာကိုမှ အလေးအနက်မထားတတ်တဲ့ကျွန်တော် သူမရဲ့ပတ်သက်တဲ့ ကိစအ၀၀ ကို အလေးထားတတ်လာတယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ကျွန်တော် အရာရာကိုဂရုစိုက် တတ်လာယ်၊ သူမကို ဘယ်တော့မှ မေ့ရ မည် မဟုတ်တော့ပါ။ သူမနဲ့ကျွန်တော် အရင်းနှီးဆုံးနဲ့ အခင်ဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ ဘာသာဘာဝထုံးစံအတိုင်း ချစ်သူ တွေလည်း ဖြစ်ခဲ့ ကြပါတယ်။ အဲဒီအချိန်တွေဟာ ကျွန်တော့်အတွက် အပျော်ရွှင်ရဆုံးအချိန်တွေပါပဲ။ အဲဒီမှာပဲ ပြသနာစတော့တာပဲ။ ဘာသာခြားပြသနာကစတာပါ။ သူမက ခရစ်ယာန်၊ ကျွန်တော်က ဗုဒ္ဓဘာသာ၊ ပိုဆိုးတာက ကျွန်တော်တို့ကလည်း ဗုဒ္ဓဘာသာစစ်စစ် သူမရဲ့အဖေက သင်းအုပ် ဆရာ၊ သူမအဖေကို အိမ်ပြောင်းလာ တည်းက တခါမှမမြင်ဘူးပါ။ သူမအဖေက နိုင်ငံတကာ လိုက်ပြီး သာသနာပြု နေတာတဲ့။ ကဲ ကျွန်တော်တို့ နှစ်ဖက်လုံးမှာမှ အခက်အခဲမရှိဘူးဆို ကျွန်တော်တို့လည်း ဘယ်စိတ်ဆင်းရဲပါ့မလဲ။ ကျွန်တော်တို့ကို ခွဲဖို့ အတွက် သူမရဲ့မိဘတွေက အဆောင်မှာနေပြီး လုပ်ရတဲ့အလုပ်ကို ထည့်လိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူမရဲ့ နားရက်ရှိတဲ့ နေ့တွေမှာ တွေ့ဖြစ်ခဲ့ကြပါတယ်။ ဒီလိုပဲ နေလာရင်း သူမကကျွန်တော်ကို လမ်းခွဲကြစို့လို့ဆိုပါတယ်။ ကျွန်တော်နားကြားများမှားသလား၊ ဒါမှ မဟုတ် အိပ်မက်များ မက်နေလားပေါ့၊ အိပ်မက်ဆိုလည်း မြန်မြန်နိုးထချင် ပါပြီ။ အိပ်မက်မဟုတ်ဘဲတကယ်ဖြစ် နေခဲ့တယ်။ ပြီးတော့ နှုတ်ဆက်ပါ တယ်လို့လည်းပြောသေးတယ်။ ဘာတွေလည်းပေါ့ သူမနိုင်ငံခြားကို အပြီးထွက်သွားတော့မယ်တဲ့ သူမအဖေက ဟိုမှာကျောင်းတက်ဖို့ လှမ်းခေါ် နေပြီတဲ့လေ။ သူမတို့မိသားတစုလုံး သွားမယ့်အစီအစဉ်ရှိ မှန်းတော့ သိပါတယ်။ ဒါပေမယ့် ဒီလောက်ထိမြန်မြန်ဆန်ဆန် ကျွန်တော်တို့ကို ခွဲလိမ့်မယ်လို့တော့ မထင်ဘူးပေါ့။ သူမက မြန်မာကျောင်း မတက်ပါဘူး။ ခရစ်ယာန်ကျောင်းမှာပဲ ဆယ်တန်း အောင်ထားတာပါ။ ဟိုမှာ ကျောင်းဆက်တက်ဖို့ပေါ့။ ကျွန်တော် သူမကို ဘာမှမပြောနိုင်ပဲ ဒီအတိုင်း ခေါင်းငိုက်စိုက်ချရင်း ပြန်လာခဲ့တယ်။ မျက်ရည်တွေလည်း စီးကျလို့ပေါ့။ သူမကို ဒီမနက်လှမ်းမြင်လိုက်တယ်။ သူမအမေနဲ့ သူမကို အလုပ်က ပြန်ခေါ်လာတဲ့ပုံပါပဲ။
သူမကိုတွေ့ဖို့ ကျွန်တော်ကြိုးစားတယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး။ ကျွန်တော်တို့ အိမ်နှစ်အိမ်ရဲ့ အခြေအနေကလည်း ကျွန်တော်တို့ကြောင့် တင်းမာနေ ခဲ့ပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲ၊ သူမကို အဆုံးအရှုံး မခံရအောင် ခိုးပြေးဖို့ နည်းလည်းပဲရှိပါတော့တယ်။ ကျွန်တော် သူငယ်ချင်း တစ်ယောက်စီ အကူအညီ တောင်းတယ်။ သူမဆီ သွားပြောတယ်၊ ဒါပေမယ့် သူမက မလိုက်နိုင်ဘူးတဲ့။ သူမဖခင်ဆီ သွားဖို့၊ သူမ ကျောင်းတက်ဖို့က သူမလေးနှစ်သမီးတည်းက ရည်မှန်းထားတဲ့ ရည်မှန်းချက်တဲ့ မိသားစုအကုန်သွားကြမှာ သူမတစ်ယောက်တည်း ဒီနိုင်ငံမှာနေခဲ့ဖို့က မဖြစ်နိုင်ပါဘူးတဲ့။ ကျွန်တော့်သူငယ်ချင်းဆီက တဆင့်ဒီစကားကို ကြားခဲ့ရပါတယ်။ ကျွန်တော် မယုံကြည်နိုင်ပါ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့သူမခွဲခွာရမှာလား။ ဒီနေ့မနက် သူမတို့အိမ်မှာ ရှုပ်ယှက်ခတ် နေကြတယ်။ ရယ်သံတွေလည်းကြားနေရတယ်။ သူမရယ်သံကြားတိုင်း ကျွန်တော့်ရင်မှာ တဆစ်ဆစ်နာကျင်ရပါတယ်။
ကားတစ်စီးသူမတို့အိမ်ရှေ့လာရပ်တာတွေ့လိုက်ပါတယ်။ သူမတို့မိသားစု ကားလေးပေါ်တက်ရင်း တဖြည်းဖြည်း ကျွန်တော်တို့ဝေးရာဆီကို ထွက်ခွာသွားကြပါပြီ။ ဘယ်တော့မှ ပြန်လာတော့မှာလည်း မဟုတ်တော့ပါဘူး။ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ကျွန်တော် သူမကို မေ့ဖျောက်နိုင်အောင် ကြိုးစားနေထိုင် ရပါဦးမည်။ သူမမရှိတဲ့နေ့တွေကို ကျွန်တော်ဖြတ်သန်းနေထိုင်ရဦးမည်။ စဉ်းစားရင်းစဉ်းစားရင်း ရင်ထဲမှာ မွန်းကြပ်လို့လာပါတော့တယ်။ သူမတစ်ယောက် သူမဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်း နိုင်ပါစေလို့ ကျွန်တော့်နှလုံးသားနဲ့ရင်းပြီး ဆုတောင်းပေးလိုက်ပါတယ်… သူမပျော်ရွှင်ပါစေ……
ဆက်လက်ကြိုးစားပါဦးမည်။
Labels:
ဝတ္ထုတို
Saturday, September 15, 2007
အိပ်မက်တစ္ဆေ .....
ညတစ်ည အဲဒီညက ပိုမှောင်နေတယ်လို့ ခံစားရတယ်။ အရင်နေ့တွေထက်ကို ပိုမှောင်နေတယ်။ ၂နှစ်အရွယ် ကလေးလေးတစ်ယောက် လဲလျောင်းနေတဲ့လူတစ်ယောက်ကို သူ့ရဲ့မပီကလာ ပီကလာ အသံလေးနဲ့ “ဖေဖေ မီချွမ်ချားမရား။ ချန်ပြုတ်ချားမရား”လို့ မေးနေတယ်။ “မစားပါဘူး သမီးရယ်၊ ဖေဖေနေမကောင်းလို့ အိပ်လိုက်ဦးမယ်နော် သမီလေး”လို့ ပြန်ပြောလိုက်တယ်။ အဲဒီစကားက ကလေးလေးအတွက် နောက်ဆုံးကြားရတဲ့စကားလို့ ဘယ်သူထင်မှာလဲ။ အဲဒီအချိန်မှာပဲ မိန်းမကြီးတစ်ယောက်ရောက်လာတယ် “သမီးရေ ဖေဖေနေမကောင်းလို့ နားပစေနော်။ သမီးဒီမှာ ကိုကိုနဲ့လာဆော့” ပါးစပ်ကပြောရင်း လာခေါ်သွားတယ်။ ကစားရင်းနဲ့ အဲဒီကလေးလေး အိပ်ပျော်သွားခဲ့တယ်။
မနက်မိုးလင်းတော့ တစ်အိမ်လုံးရောက်ယှက်ခတ်နေကြတယ်။ “သမီးလေး နိုးပြီလား”လို့ မေးလိုက်တဲ့ မေမေ့ရဲ့အသံဟာ အရင်နေ့တွေနဲ့ မတူဘူး။ တမျိုးဖြစ်နေတယ်လို့ခံစားရတယ်။ မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့။ ဘာဖြစ်လို့ပါလိမ့်။ ငါမြန်မြန်လူကြီးဖြစ်ရင်ကောင်းမယ်။ မျက်နှာသစ်ဖို့ အခန်းထဲက ထွက်လာတော့ အိမ်မှာ လူတွေအများကြီး ငိုတဲ့သူကငို၊ ရီတဲ့သူကရီ၊ အလုပ်ရှုပ်နေတဲ့သူနဲ့ အိမ်ရှေ့မှာလည်း ၀ါးတွေနဲ့ ဘာတွေလုပ်နေကြလဲမသိပါဘူး။ အိမ်ပေါ် မှာလည်း လူအပြည့်နဲ့၊ အိမ်အောက်မှာလည်း လူအပြည့်။ ဟော... တွေ့ပါပြီ လူတစ်လျောက် အိပ်ပျော်နေတယ်။ သူ့ဘေးမှာလည်း လူတွေပတ်ပတ်လည် အနားနား ကပ်ကြည့်တယ်။ သြော် ဖေဖေအိပ်နေတာကို ၀ိုင်းကြည့်နေကြတာကိုး ဘာလို့ငါ့ကို သနားပါတယ်ဆိုတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတာလဲ။ အနားနားသွားပြီး ဖေဖေ့ကို လှုပ်နှိုးတယ် “ဖေဖေဘာရို့ မထသေးတာရဲ မိုးရင်းနေပီလေ ထထ ညက်နှာသစ် သွားကြိုက်ရအောင် ထ” ဘယ်လိုလှုပ်လှုပ် မလှုပ်တော့ပါဘူး။ မယုံကြည်နိုင်၊ လက်မခံနိုင်တဲ့ မျက်နှာငယ်လေးနဲ့ကြည့်ရင်း မျက်ရည်တွေ စီးကျလာပါတော့တယ်။ သူ့အတွက် မြင်းမိုရ်တောင်ကြီး ပြိုသွားခဲ့ပြီလေ။ သနားဖို့ကောင်းလိုက်တာ သူ့ကြည့်ရတာ နောင်တရနေပုံပါပဲ။ ငါသာ အိပ်မပျော်ခဲ့ရင်၊ ငါသာ ဖေဖေ့အနားက ထွက်မသွားခဲ့ရင် ဖေဖေက ထားသွားမှာ မဟုတ်ဘူး၊ ဒါမှမဟုတ် သု့ကိုမချစ်တော့လို့လား။
ဒီနေ့အိမ်မှာ အရင်နေ့ကထက် လူတွေပိုများနေတယ်။ သူတို့ ဖေဖေကို ထမ်းပြီးခေါ်သွားကြတယ်။ ဘယ်ကို ခေါ်သွားမှာပါလိမ့်။ မေမေက သားနဲ့ သမီးကို ပေါင်ပေါ်မှာ တင်ထားတရ်။ ဖေဖေ့ကို လေးထောင့်ပုံးရှည်ရှည်ထဲကို ထည့်နေတယ်။ မေမေက “သားနဲ့သမီး ဖေဖေ့ကို ကန်တော့ကြ” ပြောရင်း မေမေ့မျက်နှာမှာ နာကျင်မှုတွေနဲ့အတူ မျက်ရည်တွေ ဖြိုင်ဖြိုင်စီးကျနေတာ မိုးပြိုတဲ့ အလားပါပဲ။ ပြီးတော့ ဖေဖေ့ဝင်နေတဲ့ ပုံးကြီးကို အခန်းတစ်ခုထဲခေါ်သွားတယ်။ “ဂျိမ်း” တံခါးပိတ်လိုက်တဲ့အသံအဆုံးမှာ ရင်ထဲမှာ တစ်ဆို့ပြီး ဖေဖေ့ကို မရမကလှမ်းခေါ်တယ်။ မကြားဘူး။ အသံအကျယ်ကြီးနဲ့ခေါ်တယ်။ မရဘူး။ ပြန်ထွက်မလာဘူး။ ဖေဖေက ငါတို့ကို မချစ်တော့လို့လား။ ဒါလည်းမဟုတ်လောက်ဘူး။ “မလုပ်ကြပါနဲ့”လို့ အသံနက်ကြီးနဲ့ လှမ်းအော်တယ်။ အိပ်မက်က လန့်နိုးလာတယ်။ တစ်ကိုယ်လုံးလည်း ချွေးစေးတွေထွက်နေတယ်။ ဒါအိပ်မက်ပဲ စားပွဲပေါ်က ရေကိုလှမ်းယူလိုက်တယ်။ ရေခွက်ပြန်အထားမှာတော့ တစ်ခုခုကို သတိထားမိသလိုပဲ။ “အမယ်လေး လုပ်ကြပါဦး” အလုပ်နောက်ကျနေပြီ။ အလုပ်ရောက်ရင် တံခါးမဖွင့်ချင်၊ ဖွင့်ချင်နဲ့ ဖွင့်ပေးရလို့ စိတ်တိုတတ်တဲ့ ဂိတ်စောင့်ရယ်၊ စာအုပ်သိမ်းပြီးမှ ရောက်လာလို့ စူဆောင့်အောင့်နေတဲ့ စာရေးမရယ်။ အချိန်ကို မလေးစားရကောင်းလားဆိုပြီး ဆူဖို့စောင့်နေတဲ့ ကြီးကြပ်ရေးမှူးရယ်၊ လငပုတ်ဖမ်းတဲ့ မျက်နှာနဲ့ ကြည့်နေတဲ့ မန်နေဂျာရယ် အို အများကြီး ဘယ်လို ရင်ဆိုင်ရပါ့ “ကယ်ကြပါဦး”။
ဆက်၍ ကြိုးစားပါဦးမည်...
Labels:
ဝတ္ထုတို
Subscribe to:
Posts (Atom)