Pages

Saturday, September 15, 2007

အိပ်မက်တစ္ဆေ .....

ညတစ်ည အဲဒီညက ပိုမှောင်နေတယ်လို့ ခံစားရတယ်။ အရင်နေ့တွေထက်ကို ပိုမှောင်နေတယ်။ ၂နှစ်အရွယ် ကလေးလေးတစ်ယောက် လဲလျောင်းနေတဲ့လူတစ်ယောက်ကို သူ့ရဲ့မပီကလာ ပီကလာ အသံလေးနဲ့ “ဖေဖေ မီချွမ်ချားမရား။ ချန်ပြုတ်ချားမရား”လို့ မေးနေတယ်။ “မစားပါဘူး သမီးရယ်၊ ဖေဖေနေမကောင်းလို့ အိပ်လိုက်ဦးမယ်နော် သမီလေး”လို့ ပြန်ပြောလိုက်တယ်။ အဲဒီစကားက ကလေးလေးအတွက် နောက်ဆုံးကြားရတဲ့စကားလို့ ဘယ်သူထင်မှာလဲ။ အဲဒီအချိန်မှာပဲ မိန်းမကြီးတစ်ယောက်ရောက်လာတယ် “သမီးရေ ဖေဖေနေမကောင်းလို့ နားပစေနော်။ သမီးဒီမှာ ကိုကိုနဲ့လာဆော့” ပါးစပ်ကပြောရင်း လာခေါ်သွားတယ်။ ကစားရင်းနဲ့ အဲဒီကလေးလေး အိပ်ပျော်သွားခဲ့တယ်။
မနက်မိုးလင်းတော့ တစ်အိမ်လုံးရောက်ယှက်ခတ်နေကြတယ်။ “သမီးလေး နိုးပြီလား”လို့ မေးလိုက်တဲ့ မေမေ့ရဲ့အသံဟာ အရင်နေ့တွေနဲ့ မတူဘူး။ တမျိုးဖြစ်နေတယ်လို့ခံစားရတယ်။ မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့။ ဘာဖြစ်လို့ပါလိမ့်။ ငါမြန်မြန်လူကြီးဖြစ်ရင်ကောင်းမယ်။ မျက်နှာသစ်ဖို့ အခန်းထဲက ထွက်လာတော့ အိမ်မှာ လူတွေအများကြီး ငိုတဲ့သူကငို၊ ရီတဲ့သူကရီ၊ အလုပ်ရှုပ်နေတဲ့သူနဲ့ အိမ်ရှေ့မှာလည်း ၀ါးတွေနဲ့ ဘာတွေလုပ်နေကြလဲမသိပါဘူး။ အိမ်ပေါ် မှာလည်း လူအပြည့်နဲ့၊ အိမ်အောက်မှာလည်း လူအပြည့်။ ဟော... တွေ့ပါပြီ လူတစ်လျောက် အိပ်ပျော်နေတယ်။ သူ့ဘေးမှာလည်း လူတွေပတ်ပတ်လည် အနားနား ကပ်ကြည့်တယ်။ သြော် ဖေဖေအိပ်နေတာကို ၀ိုင်းကြည့်နေကြတာကိုး ဘာလို့ငါ့ကို သနားပါတယ်ဆိုတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတာလဲ။ အနားနားသွားပြီး ဖေဖေ့ကို လှုပ်နှိုးတယ် “ဖေဖေဘာရို့ မထသေးတာရဲ မိုးရင်းနေပီလေ ထထ ညက်နှာသစ် သွားကြိုက်ရအောင် ထ” ဘယ်လိုလှုပ်လှုပ် မလှုပ်တော့ပါဘူး။ မယုံကြည်နိုင်၊ လက်မခံနိုင်တဲ့ မျက်နှာငယ်လေးနဲ့ကြည့်ရင်း မျက်ရည်တွေ စီးကျလာပါတော့တယ်။ သူ့အတွက် မြင်းမိုရ်တောင်ကြီး ပြိုသွားခဲ့ပြီလေ။ သနားဖို့ကောင်းလိုက်တာ သူ့ကြည့်ရတာ နောင်တရနေပုံပါပဲ။ ငါသာ အိပ်မပျော်ခဲ့ရင်၊ ငါသာ ဖေဖေ့အနားက ထွက်မသွားခဲ့ရင် ဖေဖေက ထားသွားမှာ မဟုတ်ဘူး၊ ဒါမှမဟုတ် သု့ကိုမချစ်တော့လို့လား။
ဒီနေ့အိမ်မှာ အရင်နေ့ကထက် လူတွေပိုများနေတယ်။ သူတို့ ဖေဖေကို ထမ်းပြီးခေါ်သွားကြတယ်။ ဘယ်ကို ခေါ်သွားမှာပါလိမ့်။ မေမေက သားနဲ့ သမီးကို ပေါင်ပေါ်မှာ တင်ထားတရ်။ ဖေဖေ့ကို လေးထောင့်ပုံးရှည်ရှည်ထဲကို ထည့်နေတယ်။ မေမေက “သားနဲ့သမီး ဖေဖေ့ကို ကန်တော့ကြ” ပြောရင်း မေမေ့မျက်နှာမှာ နာကျင်မှုတွေနဲ့အတူ မျက်ရည်တွေ ဖြိုင်ဖြိုင်စီးကျနေတာ မိုးပြိုတဲ့ အလားပါပဲ။ ပြီးတော့ ဖေဖေ့ဝင်နေတဲ့ ပုံးကြီးကို အခန်းတစ်ခုထဲခေါ်သွားတယ်။ “ဂျိမ်း” တံခါးပိတ်လိုက်တဲ့အသံအဆုံးမှာ ရင်ထဲမှာ တစ်ဆို့ပြီး ဖေဖေ့ကို မရမကလှမ်းခေါ်တယ်။ မကြားဘူး။ အသံအကျယ်ကြီးနဲ့ခေါ်တယ်။ မရဘူး။ ပြန်ထွက်မလာဘူး။ ဖေဖေက ငါတို့ကို မချစ်တော့လို့လား။ ဒါလည်းမဟုတ်လောက်ဘူး။ “မလုပ်ကြပါနဲ့”လို့ အသံနက်ကြီးနဲ့ လှမ်းအော်တယ်။ အိပ်မက်က လန့်နိုးလာတယ်။ တစ်ကိုယ်လုံးလည်း ချွေးစေးတွေထွက်နေတယ်။ ဒါအိပ်မက်ပဲ စားပွဲပေါ်က ရေကိုလှမ်းယူလိုက်တယ်။ ရေခွက်ပြန်အထားမှာတော့ တစ်ခုခုကို သတိထားမိသလိုပဲ။ “အမယ်လေး လုပ်ကြပါဦး” အလုပ်နောက်ကျနေပြီ။ အလုပ်ရောက်ရင် တံခါးမဖွင့်ချင်၊ ဖွင့်ချင်နဲ့ ဖွင့်ပေးရလို့ စိတ်တိုတတ်တဲ့ ဂိတ်စောင့်ရယ်၊ စာအုပ်သိမ်းပြီးမှ ရောက်လာလို့ စူဆောင့်အောင့်နေတဲ့ စာရေးမရယ်။ အချိန်ကို မလေးစားရကောင်းလားဆိုပြီး ဆူဖို့စောင့်နေတဲ့ ကြီးကြပ်ရေးမှူးရယ်၊ လငပုတ်ဖမ်းတဲ့ မျက်နှာနဲ့ ကြည့်နေတဲ့ မန်နေဂျာရယ် အို အများကြီး ဘယ်လို ရင်ဆိုင်ရပါ့ “ကယ်ကြပါဦး”။

ဆက်၍ ကြိုးစားပါဦးမည်...

No comments: