Pages

Monday, October 29, 2007

မီးလေးနှင့် တစ္ဆေ

မီးလေး တနေကုန်အလုပ်မအားတဲ့အတွက် ဘလော့ဂ်အိမ်ရာကို မရောက်ဖြစ်ဘူး ဖြစ်နေတယ်။ အလုပ်တွေတော့ မပြတ်သေးပါဘူး။ လကုန်ခါနီးဆိုတော့ ဒီလိုပဲ မအားတော့ဘူး။ ရတဲ့အချိန်လေးမှာ ဘလော့ဂ်အိမ်လေးကိုလည်း သွားသွားကြည့်ရတာ အမော။ မအားတဲ့ကြားက ဘလော့ဂ်အိမ်ရာကို မြန်မြန်လေး လျှောက်လည်ရတာလည်းအမော။ ရေးရင်းနဲ့ တောင်မောလာပြီ။ အရင်ဆုံး စီဗုံးအပေါ်ဆုံးက ဘလော့ဂ်အိမ်လေးကို သွားလိုက်တယ်။ ဟိုက် ရှာလပတ်ရည်... ကိုရန်ရဲ့ ဘလော့ဂ်ပါ။ ဒီပို့စ်ကို ဖတ်ရင် tag လိုက်ပြီလို့သာ မှတ်တဲ့။ မှတ်ကရော... ဧကန်တ ကိုရန်က စာလုံးတွန့်တိုပုံရတယ်။
မနက်ဖြန်မှရေးမယ်ဆိုပြီးတော့ ၁၅မိနစ်လောက်အချိန်ရတာနဲ့ နည်းနည်းရေးမယ်လို့ စိတ်ကူးလိုက်တယ်။ နောက်နေ့မှပဲ ဆက်ရေးပေးမယ်။ ဒီနေ့တော့ အမြည်းပဲ ရေးလိုက်တော့မယ်နော်။ မီးလေးက သရဲကြောက်တတ်တယ်။ မီးလေးအိမ်နဲ့ မီးလေးအလုပ်က သိပ်မဝေးဘူး နှစ်လမ်းပဲကျော်တယ်။ လွန်ခဲ့တဲ့ ၅လလောက်က ထင်တယ်။ မီးလေးအလုပ်က အလုပ်အရမ်းများနေလို့ ည၉နာရီကျော်မှ ပြန်ဖြစ်တယ်။ မီးလေးဖြတ်ပြန်ရတယ့်လမ်းက နာရေးတစ်အိမ်ရှိနေတယ်။ အဲဒီအိမ်က ဘကြီးက ချွေးမနဲ့နေတာ အစာဝအောင် မကျွေးဘူး ပြောတာပဲ (အိမ်နီးနားချင်းတွေပြောတာကြားတာပါ)။ မီးလေးက အဲဒီနေ့က စက်ဘီးမပါလာဘူး။ ဖြစ်ချင်တော့ ငါးကင်နဲ့ အသားညှပ်ဆန်းဒ၀ခ်ျ ခြင်းထဲမှာပါလာတယ်။
အဲဒီအိမ်ရှေ့ဖြတ်လာထဲက ခွေးတွေက မီးလေးကို ကြည့်ပြီးတော့ အူနေတာ နည်းနည်းတော့ ဖြုံသွားတယ်။ ကြက်သီးမွေးညှင်းတွေလည်း ထလာတယ်။ ကြောက်ကြောက်နဲ့အမြန်လျှောက်တာပေါ့ ခွေးတွေကလည်း အူပြီးနောက်က လိုက်လာတယ်။ ဖြတ်လာတဲ့လမ်းမှာ ရှိသမျှခွေးတွေအကုန်လုံး အူနေတော့ ပိုကြောက်တာပေါ့။ လမ်းမှာလည်း လူသိပ်မရှိ ကိုယ်တယောက်တည်းဖြစ်နေတော့ ပါးစပ်ကတော့ ပဌာန်းရွတ်လာတယ်။ ပဌာန်းတောင် ကြောက်ကြောက်နဲ့ ဘယ်တွေရောက်မှန်း တောင် မသိတော့ဘူး။ ရောက်တဲ့နေရာကနေပဲ ရွတ်လိုက်တော့တယ်။ အရင်က ပဌာန်းကို လမ်းသွားရင်းပဲဖြစ်ဖြစ်၊ အိမ်မှာ ဘာမှလုပ်စရာမရှိတဲ့ အချိန်ပဲဖြစ်ဖြစ် စိတ်ထဲက အလိုလို ရွတ်နေတာ။ ခုတော့ကြောက်စိတ်နဲ့ ပဌာန်းတောင် မေ့ချင်ချင်ဖြစ်နေတယ်။
အိမ်ရှေ့လည်းရောက်ရော ဖွတ်...ဖွတ်...ဖွတ် ဆိုပြီး တံတွေးထွေးပြီး (ညမိုးချုပ်ရင် ဒီအတိုင်းလုပ်ပြီး ၀င်ရတယ်လို့ လူကြီးများပြောထား) အိမ်ထဲကို တစ်ချိုးတည်း ပြေးဝင်လိုက်တာပေါ့။ မေမေက ဘာဖြစ်လာတာလဲတဲ့။ ဘာမှကို ပြန်မဖြေနိုင်တာ ရင်တွေလည်း တဒိတ်ဒိတ်နဲ့။ နောက်မှ ပြောပြတော့ အမေက အစားတွေပါလာတာကိုးတဲ့။ မီးလေးရဲ့ ကြီးကြီးက သူတို့ ထမင်းထုပ် မတင်ထားရသေးဘူး ထင်တယ်တဲ့။ ထင်တဲ့အတိုင်းပါပဲ ထမင်းထုပ်မေ့နေတယ် ဆိုလားပဲ။ နောက်မှ သိရတာပါ...
နောက်နေ့တွေမှ တခြားအဖြစ်အပျက်တွေ ပြောပြမယ်နော် ... ဒီနေ့တော့ ဒီလောက်ပဲ ....

Saturday, October 27, 2007

သီတင်းကျွတ် ကန်တော့မယ်...

ဒီနှစ်သီတင်းကျွတ်က သစ်သီးတွေပေါတယ်ထင်တယ်။ တော်တော်များများ သစ်သီးခြင်းတွေ ကန်တော့ကြတယ်။ မီးလေးလည်း ကိုယ့်ရဲ့ စီနီယာကျတဲ့ ဘလော့ဂ်ဂါမောင်နှမတွေနဲ့ မီးလေးဘလော့ဂ် အတွက် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြတဲ့ မောင်နှမများနဲ့ ဘလော့ဂ်သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကိုလည်း သစ်သီးခြင်းတွေနဲ့ ဂါရ၀ပြုလိုက်ပါတယ်နော် ...


ဂုဏ်ယူဖွယ်ရာ

သီတင်းကျွတ်မို့လို့ မီးလေးဖတ်ဖူးတဲ့ ဟာသလေးတင်ပြလိုက်ပါတယ်။
မြို့လေးတစ်မြို့ရဲ့ ဈေးတစ်ခုမှာ ရွာကနေ နွားတစ်ကောင်ကိုဆွဲပြီး ဦးရိုးဆိုတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့နွားမကို ၄င်းဈေးမှာရောင်းသတဲ့။ ဈေးသာကွဲလာတယ် သူ့နွားမကို လာမေးမယ့်လူတောင် မရှိဘူးဖြစ်နေတယ်။ ဒီအဖြစ်အပျက်ကို အနီးအနားမှာရှိတဲ့ အဘိုးကြီးတစ်ယောက်က ကြည့်နေတယ်။ နောက်မနေနိုင်တဲ့အဆုံး မင်းနွား ငါရောင်းပေးမယ်လို့ပြောလိုက်တယ်။ ဒါနဲ့ အဲဒီ့အဘိုးကြီးက
“ဒီနွားမဟာ သခင်အပေါ် ပါးနပ်လိမ္မာသလို အလုပ်လည်း ကောင်းကောင်းခိုင်းလို့ရတယ်။ နို့လည်း ကောင်းကောင်းထွက်တယ်။ ကျွန်တော့်ပိုက်ဆံ လိုလို့သာ ရောင်းရတယ်။ နောက်သုံးလလောက် ဆိုရင် နွားသားလေးတစ်ကောင် မွေးပေးပါလိမ့်မယ်” လို့ အော်ပြောတဲ့အခါ အလုအယက်လာဝယ်ကြတယ်။ ဦးရိုးဟာ အဲအဘိုးကြီးပြောတဲ့ စကားတွေကို မှတ်ထား လိုက်တယ်။
နောက်နှစ်နှစ်ကြာတဲ့အခါမှာ ဦးရိုးရဲ့ တစ်ဦးတည်းသမီးလေး အရွယ်ရောက်လာလို့ အိမ်ထောင်ပြု ပေးရမယ့် အချိန်ရောက်လာတယ်။ အနီးအနားရွာနီးချူပ်စပ်က ရွာသားတွေကို သတို့သားအဖြစ် ရွေးဖို့ ကမ်းလှမ်းလိုက်သတဲ့။ ဒါနဲ့ပဲ ကာလသားလူပျိုတွေဟာ သူတို့တွေရဲ့ မိဘနဲ့အတူ ဦးရိုးအိမ် ကို လာခဲ့ကြတယ်။ လူလည်းစုံရော ဦးရိုးဟာ သူ့နွားမကိုရောင်းပေးတဲ့ အဘိုးကြီးရဲ့စကားကို မှတ်ထားပြီး ပြန်ပြောလိုက်တာက “ကျွန်တော့်သမီးဟာ လိမ္မာယဉ်ကျေးပြီး လင်သားအပေါ် သစ္စာရှိတဲ့ မိန်းကလေးပါ၊ နို့ထွက်လည်း အရမ်းကောင်းပြီး နောက်သုံးလကြာရင် ချစ်စရာကလေး တစ်ယောက်မွေးပေးပါလိမ့်မယ်” လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလိုက်တယ်။
ဦးရိုးရဲ့ စကားအဆုံးမှာ ဧည့်သည်အားလုံးပြန်သွားကြပြီး ဦးရိုးရဲ့ဇနီးနဲ့ သမီးခဗျာ ငိုပွဲဆင်ကြပါသတဲ့။

Let's use Zawgyi Myanmar Font easier

Most of the people encounter with difficulties in using myanmar font for all purposes regarding internet. But don't worry about that. You can use suitable myanmar (Zawgyi_One) font for both Mozilla Firefox and Internet Explorer. Click here to solve above for your easy way.
Reference: Ko Tay Zar Tay

Friday, October 26, 2007

မီးလေးနှင့် မုန့်ဟင်းခါး

အဲ အလွမ်းအိမ်က မီးလေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းမှုကုသိုလ်လုပ်နေလို့ အားကျတယ်လို့ စီဗုံးမှာ လာအော်ထားတယ် ဟုတ်ကဲ့ အလွမ်းအိမ် ကျေးဇူးကုဋေကုဋာပါ။ လှပါတယ်ဆိုမှ ရေမချိုးရသေးဘူးဆိုတဲ့ စကားပုံကို သွားပြေးမြင်မိလို့ပါ။ မီးလေးက နည်းနည်းလေးတော့ အရွှန်းဖောက်ချင်သား။ တော်တော်ကြာ အလွမ်းအိမ်က သူပြောထားတာလေး လာပြန်သိမ်းသွားဦးမယ် အလွမ်းအိမ်ကို သွားမပြောပြနဲ့နော် တိုးတိုး။
ဖြစ်ပုံကဒီလို မနေ့က မီးလေးရယ် မီးလေးအမေနဲ့ မီးလေးကြီးတော်တို့ ဘုန်းကြီးကျောင်းကို သစ်သီးသွားလှူတယ်။ သွားပို့တဲ့ကျောင်းက ထားဝယ်ကျောင်း ဆွမ်းကပ်ပို့လာပို့တဲ့လူအကုန်လုံးကို ထားဝယ်မုန့်ဟင်းခါးကျွေးတယ်။ မီးလေးက မကြိုက်လို့မစားခဲ့ဘူး။ မေမေတို့စားတာကို ဘေးကထိုင်စောင့် ဖြစ်ခဲ့တယ်။ ထိုင်စောင့်နေတော့လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့ ဟောတွေ့ပြီ ပို့စ်ရေးဖို့ကုန်ကြမ်း မီးလေးက မုန့်ဟင်းခါးကြိုက်တယ် ထားဝယ်ချက်ကို မကြိုက်လို့တမင်မစားတာ။

ထားဝယ်ချက်ဆိုတာက မုန့်ဟင်းခါးကို ငှက်ပျောခေါင်းတွေနဲ့ချက်ထားတာ ဟင်းရည်မမြင်ရဘူး ငှက်ပျောခေါင်းတွေချည်းပဲ မြင်ရတယ်။ မီးလေးက ငှက်ပျောအူတောင်မကြိုက်တာ၊ ငှက်ပျောခေါင်းဆိုတော့ ပိုဆိုးတာပေါ့။ အန်တီကြီးသုံးယောက် မီးလေးတို့ ထိုင်နေတဲ့ ၀ိုင်းမှာလာထိုင်တယ်။ ကျောင်းသားလေးက ဟင်းရည်လိုက်ပေးမယ်လုပ်တော့ နှစ်ယောက်က မထည့်ဘူးဆိုပြီး အတင်းလုပ်တယ်။ ဟင်းရည်ကို သူ့ပန်းကန်ထဲ မထည့်ပါနဲ့တဲ့ အလယ်တည်ပန်းကန်သာချပြီး အဲဒီပန်းကန်ထဲပဲ ထည့်ပေးပါတဲ့။ ကျောင်းသားလေးက လုပ်ပေးရှာပါတယ်။ ပြီးတော့ ဘာလုပ်တယ်မှတ်လဲ အလယ်တည်ပန်းကန်ထဲကလေ ဟင်းရည်တွေကြီး စစ်ခတ်နေတော့တာပဲ။ အစကမှ ဟင်းရည်သိပ်မရှိတော့ ဟင်းရည်လိုက်သမားကလည်း ထည့်မလောက်ပေါ့ တဖြည်းဖြည်းနဲ့ ပန်းကန်လုံးပြည့်လုနီးပါ ငှက်ပျောခေါင်းတွေချည်းဖြစ်လာတယ်။ နောက်တော့ သူတို့လည်း ထပ်မပြောရဲတော့တာနဲ့ မုန့်ဖတ်ကို အရည်စွတ်တယ်ဆိုရုံလောက်နဲ့ စားသွားကြတယ်။

သြော်…ဘုန်းကြီးကျောင်းလာပြီး ဘယ်လိုလူမျိုးနဲ့တွေ့ရပါလိမ့်လို့အောက်မေ့မိပါတယ်။ ကိုယ်တောင်မစားချင်တာ သူများတွေလည်း ကိုယ်လိုပဲနေမှာပဲလို့ စဉ်းစားမိကောင်းပါရဲ့ ခုတော့ အဲလိုမဟုတ်ဘူး ကိုယ်ကြောင့်သူများလည်း အလုပ်ရှုပ်ရတယ်။ အသက်တွေလည်း ကြီးနေကြပါပြီ တစ်ရာရသင့်ပါတယ် အဲလေ တရားရသင့်ပါတယ်။

ဒီနေ့မနက် မီးလေးအလုပ်ထွက်လာခဲ့တယ် အလုပ်မှာ မုန့်ဟင်းခါးအလှူလုပ်လို့ အားရပါးရစားမယ်ဆိုပြီး လာတာ ဒီရောက်တော့ လုပ်ဖော်ကိုင်ဖက် ညီမလေးတစ်ယောက်နဲ့ အတူစားမယ်ပေါ့။ မုန့်ဖတ်ထည့်တယ်၊ ဟင်းရည်ထည့်တယ်။ အဲအထိ လျောလို့ ဟင်းရည်က ငှက်ပျောအူထည့်မချက်ထားတော့ မီးလေးအကြိုက်ပေါ့။ အကြိုက်စားမယ်ဆိုပြီး ပါးစပ်ထဲလည်းထည့်လိုက်ရော အဲမှာ စတွေ့တာပဲ။ ပါးစပ်ထဲရောက်တာတောင် ဘေးကလူတွေအားနာလို့ မနည်းမျိုချလိုက်ရတယ်။ မုန့်ဟင်းခါးက တူးထားတယ်ထင်တယ် တူးနံ့နံ့ပြီး ခါးနေရောပဲ။ ခုပဲထည့်တယ် ခုထသွားတယ်ဆို အားနာလို့ မနည်းပန်းကန်ထဲက ပြင်ထားတာ လျော့အောင် ကြိတ်မိတ်စားနေရတယ်။ နောက်မနေနိုင်တဲ့အဆုံး ညီမရေ မရတော့ဘူး အစ်မပြေးတော့မယ်လို့ပြောတော့ သမီးလည်းမရတော့ဘူးအစ်မ သမီးလည်းလိုက်မယ်ဆိုလို့ နှစ်ယောက်သား ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ဗေဇင်နားပြေးပြီး အမှိုက်ပုံးထဲသွန်တည့်လိုက်တာပေါ့ အားပါး အမှိုက်ပုံးထဲမှာလည်း ကိုယ့်ရှေ့သွန် ထားတာတွေ အများကြီးပါလားလို့ နောက်မှ သိရတာက ဆန်မှုတွေ ပဲတွေ လုပ်တုန်းက တူးသွားတာတဲ့ အဲဒါကို ပြန်ပြင်ထားတာလို့ ပြောတယ်။ ကဲ …. မီးလေးရေ စားချင်အုန်းဟဲ့ မုန့်ဟင်းခါးဆိုပြီး ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတော့တယ် ….

သီတင်းကျွတ်လပြည့်နေ့

ယနေ့ဟာဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ပဲဖြစ်ပါတယ်။ ယနေ့ အခါသမယသည် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ၀ါထွက်ပြီး ယခင်ဘ၀မှ မယ်တော် ဖြစ်ခဲ့သော မယ်တော်မိနတ်သားအား အဘိဓမ္မာတရား (ဘုရားတရားတော်များတွင် အခက်ခဲဆုံးတရား) ဟောကြားတော်မူပြီး လူ့ပြည်သို့ (ယခု အိန္ဒိယနိုင်ငံ၊ သင်္ဃဿနဂိုရ်ပြည်) ပြန်ကြွလာခြင်းကို ဆီမီးအလင်းတိုင် တို့ဖြင့် ကြိုဆိုပူဇော်သည့်ပွဲလည်း ဖြစ်ပါတယ်။

မနေ့ကမီးလေးအလုပ်က အပြန်မှာ မီးလေးအမေက ဘုန်းကြီးကျောင်းသွားဖို့ဆိုပြီး စောင့်နေပါတယ်။ ဒါနဲ့ မျက်နှာသစ် အ၀တ်အစားအမြန်လည်းပြီးတော့ မေမေနဲ့ ဘုန်းကြီးကျောင်းလိုက်သွားခဲ့ပါတယ်။ လမ်းမှာ မေမေကိုမေးကြည့်တော့ ဆွမ်းတော်ကြီးကပ်ဖို့ သစ်သီးသွားလှူမှာတဲ့လေ။ အဲတော့မှ သီတင်းကျွတ်လပြည့် မတိုင်မီ မြို့ဖိတ်နေ့မှာ ရပ်ကွက်အသီးသီးရဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ကွက်ဓမ္မရုံတွေမှာ အသီးမျိုးစုံနဲ့ ခဲဘွယ်ဘောဇဉ်မျိုးစုံတို့ကို သွားရောက်ပေးပို့ကြပြီး လပြည့်နေ့မှာတော့ ဆွမ်းတော်ကြီးကပ်ပွဲ ကျင်းပလေ့ရှိ ကြတာကို အမှတ်ရမိပါတယ်။ ဘုန်းကြီးကျောင်းက ပြန်လာတော့ လမ်းတွေ၊ အိမ်တွေမှာ ဆီမီးတွေထွန်းကြတာကို တွေ့ရပါတယ်။ အရင်ကဆို ဘာကြောင့်ထွန်းကြမှန်းမသိခဲ့ပါဘူး စပ်စပ်စုစုလည်း မမေးခဲ့ပါဘူး သီတင်းကျွတ်ရောက်ရင် ပျော်တယ်၊ ကျောင်း ၁၀ရက်ပိတ်လို့လည်းပါပါတယ်၊ မီးပန်းလွှတ်မယ်၊ ဆော့မယ်၊ မီပုံးပျံတွေကြည့်မယ်၊ လမ်းတွေမှာမီးထွန်းထားတာတွေ လျှောက်ကြည့်မယ် ဒီလောက်ပဲ စိတ်ဝင် စားခဲ့ကြတယ်။ ဆော့နေရင်း ဖယောင်းတိုင်ကုန်သွားရင် သူငယ်ချင်းတွေနဲ့ သူများအိမ်က ထွန်းထားတဲ့ ဖယောင်းတိုင်ကို သွားယူဆော့ခဲ့ကြတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ နားလည်သဘောပေါက်လာခဲ့ပါပြီ။ ခုလိုသဘောပေါက်နားလည်လာအောင် မေမေက မီးလေးကို ဓမ္မစကြာအသင်းထဲကို ၀င်ခွင့်ပြုလိုက်တဲ့အချိန်ကစပြီး တဖြည်းဖြည်းနားလည် သဘောပေါက်လာခဲ့ ရပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ အိမ်တိုင်းအိမ်တိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း၊ ဆီမီးထွန်းပြီး မြတ်စွာဘုရားကို “ပူဇာစ ပူဇနေယာနံ”ပူဇော်ခြင်းဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်ကြပါတယ်။ ထို့အပြင် အိမ် အတွင်းမှာရှိတဲ့ မီးဖိုချောင်မှ မီးဖို၊ ရေခဲသေတ္တာ၊ ကျောက်ပြင်၊ ဆန်အိုး၊ ရေတွင်း၊ ... အစရှိတဲ့ နေရာတွေမှာ လည်း မယ်တော်မိနတ်သားအား ဆီမီးထွန်းပြီး ပူဇော်ကြပါတယ်။ မီးဖိုဆိုရင်လည်း စားကောင်း၊ သောက်ကောင်းတွေ ချက်ပြုတ်နိုင်အောင်၊ ရေခဲသေတ္တာဆိုရင်လည်း ပစ္စည်းတွေပြည့်လျှံအောင် .... စသည် စသည်ဖြင့် ပူဇော်ကြတာဟာဆိုရင်ဖြင့် ထုံးတမ်းစဉ်လာအနေနဲ့ ယနေ့ထက်တိုင်အောင် ပြုလုပ်ကြတဲ့နေ့ပဲ ဖြစ်ပါတယ်။

နောက်ပြီး ဂါရဝေါစ နိဝါတောစဆိုတဲ့စကားအတိုင်း မိဘ၊ ဆရာသမားများနှင့် သက်ကြီးရွယ်အိုများအား ကန်တော့ကြတဲ့ ပွဲလေးလည်းဖြစ်ပါတယ်။ အရင်ကတော့ သွားကန်တော့ရင် မုန့်ဖိုးရတာပေါ့နော်။ ထို့အပြင် အချို့ရပ်ကွက်တွေမှာ စုပေါင်းပြီး နိဗ္ဗန်ဈေးကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ဘာသာတရားအရ ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ခြင်းအပြင် ကာလရွေ့လျားလာသည်နှင့်အမျှ ရိုးရာဓလေ့ပွဲတော်အဖြစ် ကျင်းပ လာခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

ဒီပို့စ်လေးဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးပူဇော်ဂါရ၀ပြုလိုက်ပါတယ် .....
သီတင်းကျွတ်လပြည့်နေ့ရဲ့ ညမှာ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ သီတင်းကျွတ်ညလေးပိုင်ဆိုင်ကြပါစေလို့ လာလည်ကြတဲ့ စာဖတ်သူများ၊ ဘလော့ဂ်ဂါမောင်နှမများအားလုံး ဆုမွန်ကောင်းတောင်းပေးလိုက်ရတယ် ...

Wednesday, October 24, 2007

မီးလေးနှင့် ပတ်ဝန်းကျင် ....

ဒီနေ့ ကော်နက်ရှင်က ကောင်းကောင်းမရတာနဲ့ ဘလော့ဂ်မောင်နှမများဆီ လျှောက်လည်ရင်း မိုးရေထဲက ကောင်မလေးတစ်ယောက်ရဲ့ ကြောင်ပုံကိုရေးထားတာကို ကြည့်ပြီး ငယ်ငယ်ကအကြောင်း သွားသတိရမိတယ် ....
မီးလေးငယ်ငယ်တုန်းက အိမ်ရှေ့မှာ အိုးတိုက်ဖွဲပြာဆိုပြီး ဈေးသည်တသည် လာအော်ရောင်းတယ်။ ငယ်ကလည်း ငယ်သေးတော့ မေမေ့ကို အဲဒါစားမယ် ၀ယ်ပေးဆိုပြီး အတင်းပူဆာတယ်။ မ၀ယ်ကျွေးရကောင်း လားဆိုပြီး ငိုပါလေရောတဲ့လေ။ အဲဒါနဲ့မေမေက ဈေးသည်ခေါ်ပြီး ၀ယ်ပေးတယ်။ တွေ့လည်းတွေ့ရော စားလို့မရမှန်းသိလို့ အဲဒါဆို စားဘူးဆိုပြီးတော့ အငိုတိတ်သွားရော ....
အရင်ကပါ ခုတော့အဲလိုမဟုတ်တော့ဘူး။ ဈေးသည်တွေကိုက ပီအောင်မအော်နိုင်ကြတာ မီးလေးက နိုးနိုးချင်းအိပ်ယာမထတတ်ဘူး။ ထလိုက်ရင် ခေါင်းမူးပြီး တနေကုန် ခေါင်းမကြည်တော့ဘူးလေ။ အဲလိုအချိန်ဆို အိမ်ရှေ့မှာ ဈေးသည်တွေ တသည်ပြီး တသည်အော်ပြီး ဖြတ်သွားတတ်တယ်။ အမြဲအော်နေကြ အသံဆို ဒါဘာသည် ဆိုတာသိနေပြီ။ ခုတလော လာမရောင်းဘူးတဲ့ ဈေးသည်ထင်ပါတယ်။ “အိမ်မြှောင်” စာဖတ်တဲ့သူ တွေကော ဘာသည်လို့ထင်လဲ ....
မီးလေးက ခုဏဖြတ်သွားတာ ဘာသည်လဲ အမေလို့ မေးတော့ မသိပါဘူးဟယ်လို့ ပြန်ပြောတယ်။ နောက်နေ့လည်း ဒီလိုပဲသူ့အသံကို သေသေချာချာနားထောင်တယ် တလုံးချင်းစီ ဘာသံပြန်တယ် ဘယ်လိုမှ အဖြေထွက်မလာဘူး။ နောက်တော့မှ ပဲပြုတ်သည်မှန်းသိရတယ်။ ခုတစ်ပတ်လောက်ရှိသွားပြီဆိုတော့ သူအော်တာ “ပဲပြုတ်”ပါလားလို့ ....
ခုချိန်မှာ ပြန်စဉ်းစားရင် ရီစရာကောင်းတဲ့အဖြစ်အပျက်လေးတွေကို ဘလော့ဂ်မောင်နှမတွေကို tag လိုက်ပါတယ် ...

Tuesday, October 23, 2007

စကားပြောတတ်တယ်

လူတစ်ယောက်သည် ကြက်တူရွေးတစ်ကောင်ကိုင်ပြီး ဆိုင်တစ်ဆိုင်တွင်ထိုင်နေသည်။
“ ခင်ဗျား... ကြက်တူရွေးစကားပြောတတ်လား”
“ဟုတ်ကဲ့ ပြောတတ်ပါတယ်”
“ကျွန်တော့်ကို ဒီကြက်တူရွေးလေး ရောင်းပါ” ကြက်တူရွေးရောင်းပြီး နာရီဝက်ခန့်အကြာတွင်
“ဒီကြက်တူရွေးက စကားလည်းမပြောတတ်ဘဲနဲ့ ကျုပ်ကို လိမ်ရောင်းတယ်”
“ကျွန်တော် လိမ်မရောင်းပါဘူး”
“ခင်ဗျားပဲ ခင်ဗျားကြက်တူရွေးစကားပြောတတ်တယ်ဆို”
“ဟုတ်တယ်လေ ပြောတတ်တယ်”
“ဒီမှာ ဘာမှလည်း မပြောဘူး”
“အဲဒါ ကျွန်တော့်ကြက်တူရွေးမှ မဟုတ်တာ ကျွန်တော့်သူငယ်ချင်း ကြက်တူရွေး”

အမှိုက်မဲဆုံးလူ

တွေးခေါ်ပညာရှင်တစ်ဦးအား ဤသို့ မေးလေသည်။
“လောကမှာ အမိုက်မဲဆုံးသူဟာ ဘယ်လိုလူကို ခေါ်တာလဲ”
“နှစ်ခါပြန် အလိမ်ခံရတဲ့သူ”


Monday, October 22, 2007

မိုးထဲကအမှတ်တရ....... ဇာတ်သိမ်းပိုင်း

သူနဲ့ကျွန်မ ဘေးချင်းကပ်ထိုင်ရင်း နှစ်ဦးသား အကြာကြီး စကားမပြောဖြစ်ကြဘူး။
“မိုး” တိတ်ဆိတ်မှုကို သူက စတင်ဖြိုခွဲလိုက်တယ်။ သူ့အသံနဲ့အတူ ကျွန်မရင်တွေ အရမ်းကိုခုန်နေခဲ့တယ်။

“ဟုတ်ကဲ့” အသံတောင် သိပ်မထွက်ဘူး။ ရင်ခုန်လွန်းလို့ အသံတွေတောင်တုန်နေတယ်။
“မိုး.. ကိုနောက်နေ့တွေ မလာတော့ဘူး။ ကို စေ့စပ်တော့မယ်။” ကျွန်မနားကြားများမှားတာလား။ ကျွန်မ မျှော်လင့်ထားသလို ဖြစ်မလာတော့ ရှက်လည်းရှက်၊ ၀မ်းလည်း ၀မ်းနည်းမိတယ်။ ရင်ထဲမှာ လိမ့်လိမ့်တက်လာတယ် ဘယ်က ဘယ်လိုထွက်ချင်နေမှန်းမသိတဲ့ မျက်ရည်တွေကို သူ့ရှေ့မှာ မကျမိအောင် ထိန်းထားရင်း သူ့မျက်နှာကို လှမ်းကြည့်လိုက်တယ်။ ကြေကွဲဝမ်းနည်းနေတဲ့ မျက်နှာကို မြင်ရတော့ ကျွန်မရင်ထဲပိုပြီး မကောင်းဖြစ်သွားတယ်။

“ကိုသွားတော့မယ် မိုး” ကျွန်မကိုယ်ကျွန်မ ခေါင်းညိတ်မိလား၊ ခေါင်းခါမိလားတောင် မသိတော့ပါဘူး။ သူ့ကျောပြင်ကိုကြည့်ရင် ကျွန်မပါးပေါ်မှာ မျက်ရည်တွေ စီးကျလာတယ်။ ကျွန်မမျက်ရည်နဲ့အတူ ရုတ်တရက် ရွာချလာတယ်။ တော်ပါသေးရဲ့ ထီးပါလာခဲ့လို့။ မိုးရည်တွေက ကျွန်မမျက်ရည်ကို လှောင်ပြောင်နေသလို ခံစားရတယ်။

“မိုး ဘာဖြစ်လာတာလဲ” သူငယ်ချင်းတွေ ၀ိုင်းမေးကြတော့ ငိုချင်ရဲ့လက်တို့ဆိုသလို အားရပါးရ ငိုချလိုက် မိတယ်။
ကျွန်မ တောင်တွေးမြောက်တွေးတွေးရင်း မိုးစဲသွားတော့ ကျွန်မအတွေးတွေ ပျက်သွားတယ် ။ လွန်ခဲ့တဲ့ နှစ်နှစ်က အဖြစ်အပျက်လေးပါ။ ကျွန်မဘ၀ အတွက်တော့ မနေ့တနေ့ကလိုပဲ ခံစားရတဲ့ မေ့မရတဲ့ အဖြစ်အပျက်လေးပါ။ အင်တာဗျူးကတော့ မမှီတော့ပါဘူး ဒါပေမယ့် စာရေးမကိုပဲ အပူကပ်ရတော့မှာပဲ။ ကံကောင်းချင်တာလားတော့မသိ အင်တာဗျူးက မပြီးသေးဘူး ရှေ့ကလူတွေမှာကြာနေတယ်။ ကျွန်မရှေ့က မိန်းမတစ်ယောက်ဖြတ်သွားတာ သတိထားမိတယ်။ ဘေးကလူတွေပြောတာတော့ မန်နေဂျင်းရဲ့ဇနီးတဲ့။ အခန်းထဲက အင်တာဗျူးဖြေတဲ့လူ ထွက်လာတယ်။ နောက်ထပ်ဗျူးဖို့ စာရေးက နာမည်ခေါ်နေတယ်။ ကျွန်မ အင်တာဗျူးဖြေတဲ့အခန်းထဲကို လှမ်းကြည့်လိုက်မိတယ်။ ကျွန်မမျက်လုံးတွေ ပြာဝေသွားတယ်။ မန်နေဂျင်းနေရာမှာထိုင်နေတာ ကျွန်မချစ်ရတဲ့သူပါလား။ သူ့ဘေးမှာ စောစောက အမျိုးသမီးကို တွေ့လိုက်တယ်။ ကျွန်မဘာလုပ်ရမလဲ။

ကျွန်မကုမ္ပဏီကနေ ကိုယ်ရေးရာဇ၀င်တောင်းပြီး ပြန်ထွက်လာခဲ့တယ်။ စာရေးမက ကြောင်ပြီး ကျွန်မကိုကြည့်ရင်း ကျန်နေခဲ့တယ်။ ကျွန်မဘယ်လိုအင်အားမျိုးနဲ့ အဲဒီမှာ အလုပ်လုပ်နိုင်မှာလဲ။ ကျွန်မရဲ့ အပြန်ခြေလှမ်းတွေ နှေးကွေးပြီး လေးလံနေတယ်။ ဖြစ်နိုင်ရင် အဲနေရာမှာတွင် ပစ်လှဲချင်တဲ့စိတ်ပေါက် လာတယ်။ ကျွန်မချစ်ရတဲ့သူဘေးမှာ ကျွန်မမဟုတ်တဲ့မိန်းမတစ်ယောက်ရှိနေတာ ဘယ်လိုအင်အားမျိုးနဲ့ ရပ်တည်နိုင်ပါ့မလဲ။ ကျွန်မချစ်ရတဲ့သူကို ချစ်တယ်လို့တောင် ပြောခွင့်မရှိတဲ့ ဘ၀ကို နာကျင်နေမိတယ်။ ကျွန်မမှာ နောင်ဘ၀များရှိခဲ့မယ်ဆိုရင်လေ သူ့ကို ချစ်တယ်လို့ပြောနိုင်ပြီး သူနဲ့ထာဝရ လက်တွဲသွားချင် ပါတယ်။

ဘ၀များရှိခဲ့မယ်ဆိုရင် ဒီလိုအချစ်မျိုးနဲ့ မကြုံရအောင် ကျွန်မလို အချစ်မျိုး မကြုံရပါစေနဲ့လို့ ဆုတောင်းရင်း………

ဘ၀ဆိုတဲ့တိုက်ပွဲမှာ ချစ်တဲ့သူတိုင်း ပေါင်းသင်းနိုင်ကြပါစေ။

မိုးထဲကအမှတ်တရ....... အပိုင်း-၃

စာသင်ချိန်တွေကို ဖြတ်သန်းရင်း နေ့လည်ထမင်းစားချိန်ရောက်လာတော့ မိုးတို့သူငယ်ချင်းတွေ ထုံးစံအတိုင်း ကန်လ်တင်းကို လစ်ကြတာပေါ့။

“မိုး နင့်ခြေလှမ်းတွေ တက်ကြွနေပါလား” “သြော် လဲ့တို့ကလည်း နားလည်ပေးလိုက်ပါဟာ” “ဟဲ့ ဟဲ့ နင်တို့ ဘာသံကြားမိလဲ” “ဟင့်အင်း မကြားမိပါဘူး” “ဘာသံလဲ” “ဒုန်း ဒုန်းနဲ့လေဟာ ကုလားဘုရားလှည့်တဲ့ ဆိုင်းသံထက်တောင်ကျယ်သေးတယ်” “ငါပေါက်ပြီ ပုံ့ ဟုတ်တယ်ဟ” “ဘယ်နားလေးက လဲ့” “မိုးဆီကလေဟာ ဘာလဲ ချစ်ကောင်းသီချင်းတောင်ရှိသေးတယ်။ ရင်ခုန်သံမြန်မြန်ပဲ ငလျင်တုန်သလိုပဲ အချစ်ကြောင့်လေ….” ဟား… ဟား… ဟား…

“နင်တို့တွေနော် မိုးစိတ်ဆိုးလာပြီ မစကြနဲ့” “ဟောတော့ ဗျိုင်းတစ်ကောင် ကန်လ်တင်းမှာ နားနေတယ်” “မျှော်တော်ရောင် မျှော်တော်ရောင် ဘ၀ကကျွတ်ချင်ပြီ” “ကဲဟယ်… ကဲဟယ်… ကျွတ်ချင်ဦး”
“ရောက်နေတာကြာပြီလား” “မကြာသေးပါဘူး။ ခုလေးတင်ရောက်တာ” မိုးယူလာတဲ့စာအုပ်တွေ သူ့ကိုပေးလိုက်တယ်။ ထုံးစံအတိုင်း နောက်ပိုင်းမှာ မိုးတို့အုပ်စုနဲ့ အဖွဲ့ကျပြီး နေ့တိုင်းလိုလို တွေ့ဖြစ်တယ်။

သူနဲ့မတွေ့တဲ့နေ့တွေမှာ သူ့ကိုလွမ်းတတ်လာတယ်။ သူက ကျွန်မအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့သူ တစ်ယောက်ဖြစ်လာတယ်။ သူက မလုပ်နဲ့ဆိုတာမှန်သမျှ မလုပ်နဲ့ဆိုရင် လုပ်ရမှကျေနပ်တဲ့ကျွန်မ မလုပ်ဘဲနဲ့ နေတတ်လာတယ်။ သူစကားပြောသမျှကို အမြဲခေါင်းညိတ်ပြီး နားထောင်တတ်လာတယ်။ သူက မလုပ်စေချင်ရင် အကျိုးသင့်အကြောင်းသင့် ပြောပြရှင်းပြတတ်တယ်။ ကျွန်မရဲ့နှလုံးသားထဲမှာ တစတစတိုး၍ ၀င်ရောက်လာခဲ့တယ်။ သူငယ်ချင်းတွေ ၀ိုင်းနောက်ကျတဲ့အခါ သူကကျွန်မရှက်နေမှာစိုး၍ ရှောင်ပေးတတ်သလို ရှောင်မရခဲ့လျှင်လည်း ကျွန်မကို အားတုံ့အားနာပုံစံနဲ့ ပြန်ကြည့်တတ်ပါတယ်။

ကျွန်မသူ့ဆီက ထွက်လာမယ့်စကားကို မျှော်လင့်နေခဲ့ပါတယ်။ သူငယ်ချင်းတွေကလည်း ကျွန်မတို့နှစ်ဦးကို ဘယ်တော့ချစ်သူတွေဖြစ်မလဲဆိုတာ စောင့်ကြည့်နေခဲ့ကြပါတယ်။ သူ့မျက်ဝန်းတွေ၊ သူ့အကြည့်တွေ၊ သူ့အပြုံးတွေ … သူနဲ့ပတ်သက်သမျှအားလုံးဟာ ကျွန်မအတွက် မေ့လို့မရတဲ့ အမှတ်တရတွေပါ။ သူကျောင်းပြီးတာတောင် ကျွန်မနောက်ဆုံးနှစ်တက်သည်အထိ

ကျောင်းကိုအပို့အကြိုလုပ်ပေးပါတယ်။ ကျွန်မတို့ကြားက သံယောဇဉ်ကြိုးလေးဟာ ခိုင်မာပြီးသားလို့ ယုံကြည်တဲ့ကျွန်မ သူက ဘွဲ့နှင်းသဘင်ခန်းမရှေ့ လာခဲ့ဖို့ ချိန်းဆိုခဲ့တယ်။ ကျွန်မဘယ်လောက်များ ပျော်လိုက်သလဲ၊ အမြဲတွေ့နေကျ သီးသန့်ချိန်းတယ်ဆိုတော့ ကျွန်မရင်တွေ အရမ်းခုန်နေတယ်ဆိုတာ ကျွန်မထက် ဘယ်သူပိုသိနိုင်မှာလဲ။ သူကို အဝေးက လှမ်းမြင်လိုက်စဉ်မှာပဲ ကျွန်မကိုယ်ကျွန်မ မလုံမလဲဖြစ်နေမိတယ်။ အမြဲတွေ့နေပေမယ့် ချစ်သူအနေနဲ့ သူ့ရဲ့လက်ကိုတွဲပြီး သထုံလမ်းမှာ သူများတွေလို လျှောက်သွားချင်တယ်။

ဇာတ်သိမ်းပိုင်းကို ဆက်လက်ဖတ်ရှုပေးကြပါရန်နှင့် ဝေဖန်အကြံပြုစာများအား စီပုံးနှင့် ကွန်မန့်တွင် ထားခဲ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ….

မိုးထဲကအမှတ်တရ....... အပိုင်း-၂

“ဟောတော့ မိုးနဲ့ခုဏကတိုက်မိတာ သူပဲ” “ဟာ” “ဟင်” “ဟယ်”
“ဒီကို လာနေတာဟဲ့ ခတ်တည်တည်နေကြနော်” “အေးပါသိပါတယ်”
“မိုး ကျွန်တော်ကူးပေးရမယ့် စာတွေလာမေးတာပါ” “ရှင်ဘယ်သူလဲ” “ရှင်ဘာတွေအကြောင်လာရိုက်နေ တာလဲ” “ မိုး နင်သူ့ကို သိလို့လား”

“အင်း မနက်က မိုးအတန်းမတက်နိုင်တာ သူနဲ့တိုက်မိပြီး စာအုပ်တွေရေစိုကုန်လို့”
“ကျွန်တော့်နာမည် ညီမင်းအိမ်ပါ ဖိုင်နယ်အီးလ်မေဂျာ”
“ကျွန်မက ပုံ့ မိုးသူငယ်ချင်း” “တို့က လဲ့” “အိုင်က တုတ်တုတ်” “သူများကတော့ မြတ် အားလုံး ဒုတိယနှစ် ဓာတု”

“မိုး ကျွန်တော်စာအုပ်တွေ ဘယ်လိုလာယူပေးရမလဲ” “မနက်ဖြန်နေ့လည် ဒီကိုပဲလာခဲ့ မြတ်တို့စောင့်နေမယ်”
“ဟုတ်ကဲ့ ဒါဆိုခွင့်ပြုပါဦး ကျွန်တော်သွားတော့မယ် မိုး” “ဟုတ်” နှုတ်ဆက်ပြီး ပြန်သွားတဲ့ သူ့ကျောပြင်လေးကို မိုး ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူးဆိုတာ အဲအချိန်က သတိမထားမိခဲ့ဘူး။
“မိုး နင့်ပုံစံက ဘာလိုဖြစ်နေတာလဲ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဟိုကပြောသမျှ ဟုတ်တစ်လုံးနဲ့တင်ပြီးနေရော”

“မဟုတ်ပါဘူး လဲ့ရယ် မိုးကလည်းမှားသေးတယ် ပြီးတော့ မိုးစာတွေလည်း ကူးပေးရဦးမယ်ဆိုတော့.”
“သနားတယ်ပေါ့ ဟုတ်” တုတ် က မိုးစကားမဆုံးခင် ဖြတ်ပြောလိုက်ပါတယ်။
“မိုး နင်သနားရင် နင်ဘာသာနင် တယောက်တည်းကူး” “ဒကာပေါ်တုန်း ကူးပေးတာ ကူးပေးပါစေပေါ့ ပုံ့တို့ ကူးရသက်သာတယ် နို့မို့လို့ ပုံ့တို့ ကူးပေးနေရမှာ”
“တော်ပြီကွာ မိုးပြန်တော့မယ်” “နေပါဦးမိုးရဲ့ နင်အတန်းမတက်တော့ဘူးလား” “မတက်တော့ဘူး လစ်လက်စနဲ့ လစ်တော့မယ် ပုံ့လိုက်မှာလား” “အချင်းချင်းပဲမိုးရယ် လစ်မဲ့လစ် အတူတူလစ်ကြတာပေါ့” အဲလောက်ထိအတွဲညီကြတာ အတန်းတက်ဖို့သာ မညီချင်မညီတာ လစ်ဖို့ဆိုရင်တော့ အားလုံးက စိတ်တူကိုယ်တူတွေပဲလေ။

ဒီနေ့မနက်ကျောင်းစောစောသွားဖို့ အိပ်ယာစောစောထပြီး ပြင်ဆင်လိုက်တယ်။ မေမေဖျော်ပေးထားတဲ့ ကော်ဖီနဲ့ အီကြာကွေးစာပြီး ထွက်လာခဲ့တယ်။ လမ်းထိပ်လည်းရောက်ရော ကျောင်းကားမထွက်သေးဘူး။ မိုးကအမြဲ အိပ်ယာထနောက်ကျလို့ ကျောင်းကားမီလေ့မရှိဘူး။ ကျောင်းကို ဖယ်ရီကားနဲ့ ၈နာရီခွဲလောက် ရောက်သွားတယ်။

ဖယ်ရီဝန်းနဲ့အဆောင်က နည်းနည်းလှမ်းတယ်လေ မိုးတို့အဖွဲ့တွေက ဒီအချိန်ရောက်ဖို့ရှားတယ် ပျင်းပျင်းနဲ့တစ်ယောက်တည်းလျှောက်လာခဲ့တယ်။ တစ်လမ်းလုံး မနာလိုစရာဖြစ်လောက်အောင် စုံတွဲတွေ အတွဲတွေ အများကြီးပဲ မိုးတို့အုပ်စုက ဗရုတ်ကျလို့လားမသိ တစ်ယောက်မှရည်းစားမရှိ။ ဒါလည်းကောင်းပါတယ်လေ စိတ်မညစ်ရဘူးပေါ့။ အဆောင်ရှေ့ကို အရောက်

“မိုး” “သြော် ကိုညီမင်းအိမ် ဘယ်လာတာလဲ” “မိုးဆီပဲ စာအုပ်တွေလာယူတာ”
“မိုးသူငယ်ချင်းဆီက စာအုပ်မငှားရသေးဘူး နေ့လည်မှ အဆောင် ၃၇ ကန်တင်းမှာ ဆုံကြတာပေါ့”
“အိုကေ ဒါဆို ကိုသွားတော့မယ်” မိုးအတန်းထဲကို ၀င်လာခဲ့တယ်။
“မြင့်မြင့် မိုးစာအုပ်ရေတွေစိုပြီး ဖတ်မရဖြစ်နေလို့ စာတွေပြန်ကူးဖို့ စာအုပ်ခဏငှားပါ”
“အင်း အတန်းမရှိဘူးဆိုရင်တော့ ပေးမယ် သိပ်တော့ မကြာစေနဲ့နော်မိုး စာတွေပြန်ကြည့်ရမှာမို့”
“အေးပါ သိပ်မကြာပါဘူးကွာ မိုးနေ့လည်ကျရင်ယူမယ်နော်” စာအုပ်တော့ ငှားလို့ပြီးပြီ သူမကမိုးတို့ အတန်းထဲမှာ စာကြမ်းပိုးလေ ချီးလည်းချီးကျူးပါရဲ့ အတန်းချိန်တစ်ခါမှမပျက်ဘူးလေ။ သူ့လိုသာ မိုးတို့နေရင် Qတွေ ဘာတွေ ၀င်သွားဦးမှာစိုးရိမ်ရတယ်။ မိုးတို့ကလည်း မိုးတို့ Q၀င်ရင် သူများတွေအတွက် မကျန်မှာစိုးလို့ အနစ်နာခံပေးပြီး အတန်းလစ်တာလေ။

အပိုင်း (၃)ကို ဆက်လက်ဖတ်ရှုပေးကြပါရန်နှင့် ဝေဖန်အကြံပြုစာများအား စီပုံးနှင့် ကွန်မန့်တွင် ထားခဲ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ….

မိုးထဲကအမှတ်တရ....... အပိုင်း-၁

ဝေါ……ဝေါ
ရုတ်တရက် ရွာချလိုက်တဲ့မိုးကြောင့် မိုးခိုစရာရှိမဲ့နေရာကို အပြေးအလွှားသွားလိုက်တယ်… စိတ်ညစ်လိုက်တာ နော် ကျွန်မက ထီးယူရမှာ သိပ်ပျင်းတာ ထီးပါခဲ့မယ်ဆိုရင်တောင် ထီးဆောင်းရမှာစိုးလို့ ဒီအတိုင်းပဲ လျှောက်လိုက်တာ အဲလောက်ထိကို ပျင်းတာ….

ဒီနေ့မှ ဘာလို့မိုးက သည်းကြီးမည်းကြီးရွာလည်းမသိဘူး။ ဒီနေ့က ကျွန်မအင်တာဗျူးဖြေရမယ့်နေ့လေ။ အိမ်ယာထနောက်ကျလို့ အချိန်ကပ်ခါနီးမှ ကမန်းကတန်းထွက်ဖြစ်တဲ့ ကျွန်မကိုယ် ကျွန်မပဲ အပြစ်တင်ရမလား။ ဒါမှမဟုတ် ရုတ်တရက် ရွာချတဲ့မိုးကိုပဲ အပြစ်တင်ရမလား မသိတော့ပါဘူး။ မိုးခိုရင်း ဟိုတုန်းက အတိတ်ဆီကို ပြန်ရောက်သွားတယ်။
မိုးနဲ့ပတ်သက်ပြီး ဘယ်လောက်တိုက်ဆိုင်လဲဆို ကျွန်မကို မွေးတဲ့နေ့က မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ်။ အမေ ဗိုက်နာတော့ မိုးကသည်း၊ လေကလည်း ထန်နေတော့ ကားငှားမရဖြစ်နေတာ။ နောက်ဆုံး အဖေက ကိုယ်ပိုင်ကားရှိတဲ့အိမ်ကို အကူအညီ သွားတောင်းတဲ့အချိန်မှာပဲ ကျွန်မလူ့လောကကို စရောက်ခဲ့တာ။ သြော် ကျွန်မနာမည်က မိုးသည်းဖြူတဲ့။
ကျွန်မသိပ်ချစ်ရပြီး၊ မြတ်နိုးတန်ဖိုးထားရတဲ့သူနဲ့ စတွေ့တဲ့နေ့က မိုးတွေ ရွာနေတယ်။ ထီးယူဖို့ပျင်းတဲ့ကျွန်မ ထုံးစံအတိုင်း သထုံလမ်းကို လွယ်အိတ်ပိုက်ပြီး ပြေးရတော့တာပေါ့။

“၀ုန်း” “အွန့်” “အောင်မလေး”
“ရှင်ကလမ်းသွားတာ ကြည့်သွားမှပေါ့ လူတစ်ယောက်လုံးတောင်မမြင်ဘူးလား” ရှက်ဒေါသနဲ့ ပြောမိတာပါ အမှန်က ကျွန်မက ၀င်တိုက်တာ….
“တောင်းပန်ပါတယ်ဗျာ..ဘယ်ထိသွားသေးလဲ..ဘာကူညီရမလဲ”
“သွားပါပြီရှင်.. ပရယ်တီကယ်လ်နီးနေပါပြီဆိုမှ ကျွန်မစာအုပ်တွေအကုန်ရေစိုကုန်ပြီ” ဗွက်အိုင်ထဲက စာအုပ်တွေက ကျွန်မကို လှောင်နေသယောင်…
“ကျွန်တော် စာတွေပြန်ကူးပေးပါမယ်ခင်ဗျာ။ ကျွန်တော့်အဆောင် ၂၈ကပါ။ ကျွန်တော် ဘယ်လိုက်ပို့ပေးရမလဲ”

“ဒီပုံစံနဲ့ကျွန်မဘယ်လိုသွားတော့မလဲ။ အဆောင် ၃၇ရှေ့က ကန်တင်းလ်ကိုပဲ လိုက်ပို့ပေး။”
“ဟုတ်ကဲ့” “ကျွန်မစာအုပ်တွေ ၀ိုင်းကောက်ပေးဦးလေ” “သြော်..အင်း အင်း” ကျွန်မတို့နှစ်ယောက် ထီးတစ်ချောင်းတည်းနဲ့ဆိုတော့ သူကော ကျွန်မကော မိုးစိုတာပေါ့။ ကျွန်မကို ကန်လ်တင်းလိုက်ပို့သွားတယ်။ ကန်လ်တင်းကနေပြီး သူငယ်ချင်းတွေအလာကို စောင့်နေလိုက်တယ်။ ဟော…လာကြပါပြီ။

“မိုး..နင်အတန်းမတက်ပဲနဲ့ ဒီမှာဘာလုပ်နေတာလဲ ငါမှာတော့ နင်လက်မှတ်အတုထိုးပေးလိုက်ရတာ နင်ကတော့ ဒီမှာလာငြိမ့်နေတယ်”
“ပုံ့ နင်မမြင်ဘူးလား ဒီမှာ စိတ်တိုနေတယ် နင်ပါရောပါသွားမယ်”
“ဟုတ်သားပဲ ပုံ့ သူ့ပုံကြည့်ရတာ ဒဿဂီရိဘီလူး သံပရာသီးစားထားတဲ့ပုံပဲ”

“ကဲ တော်ကြပါတော့ ပုံ့ကော လဲ့ကောတော်တော့ မိုးနင်ဘာဖြစ်နေတာလဲ တစ်ကိုယ်လုံးလဲရွှဲနေတာပဲ”
“မေးနေစရာလိုသေးလား မြတ်ရယ် ထုံးစံအတိုင်း ထီးတော်ကို ယူဖို့ ပျင်းတော်မူတဲ့အတွက် မိုးမိလာတာပဲပေါ့”

“ကဲ နင်တို့တွေတော်ကြတော့ နင်တို့တွေလုပ်တာနဲ့ပဲ ပြောချင်စိတ်တောင်မရှိတော့ဘူး”
“ဒါဆိုလည်း မပြောနဲ့တော့ဟာ ငါတို့ဗိုက်ဆာနေပြီ၊ ဟေ့ တစ်ယောက်လောက် နင်တို့ဘာစားကြမလဲ”
“တုတ် နင်ဘယ်လိုဖြစ်နေတာလဲ အစားပဲစိတ်ဝင်စားနေတယ်”

“မိုးပဲ မပြောချင်တော့ဘူးဆို အဲဒေါ့ ဘာဆိုက်တော့ မှာတာပေါ့” အဲလောက်ထိကို မိုးသူငယ်ချင်းတွေက တအားဗရုတ်ကျတာ။ မိုးတို့အုပ်စု ကန်တင်းထဲဝင်လာရင် စားပွဲထိုးတွေ အရမ်းစိတ်ညစ်ကြတယ်။ ကဂျီကဂျောင်လည်း ကျတတ်ကြလို့။ အဆောင်၃၇ရှေ့က ကန်တင်းကတော့ အများဆုံးထိုင်ဖြစ်တယ်။ ဆိုင်ပိုင်ရှင်က မိုးတို့အုပ်စုမြင်ရင် ရောင်းရလို့ အမြဲသွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ကို ပြုံးပြတာ။
မိုးသူငယ်ချင်းတွေကို မနက်ကကိစ္စပြောပြဖြစ်တယ်။ ရောပြီး ဒေါပွလိုက်တာရောပေါ့။

“ဟယ်..နင့်အဖြစ်ကလည်း ဒါနဲ့နေစမ်းပါဦး သူ့နာမည်က ဘယ်သူတဲ့လဲ”
“မိုးမသိလိုက်ဘူး အဆောင် ၂၈ ပဲ သိတယ်”
“မိုးကတော့ လုပ်ချလိုက်ပြန်ပြီ နာမည်မသိဘဲနဲ့ ဘယ်လိုရှာမလဲ သထုံလမ်းမှာ ခလုတ်တိုက်မိတဲ့လူ ရှိလားဆိုပြီး အော်ရမလိုဖြစ်နေပြီ”

“ဟဲ့ ဟိုမှာလာနေတဲ့သူက ဖိုင်နယ်အင်္ဂလိပ်က တုတ်တို့အိမ်နားက အစ်မနဲ့ သူငယ်ချင်းလေ စာကြမ်းပိုးတဲ့၊ သူ့ကို စာလာလာရှင်းပြတယ် မထင်စရာဘဲနော်” လျှောက်လာတဲ့ပုံစံက စတိုင်မိုက်တယ်၊ ခေတ်မဆန်စွာ ၀တ်ဆင်ထားပေမယ့် သူ့ပုံစံက ခေတ်ဆန်သယောင်၊ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးထားပြီး လည်ကတုံးလက်တို အဖြူရောင်နဲ့ ပုဆိုးက အပြာကွက်စိတ်လို့ဝတ်ထားပြီး လွယ်အိတ်အနီရောင်လွယ်ထားတဲ့ပုံစံက မိန်းကလေးတိုင်း ကျလောက်တဲ့ပုံစံ။ ဘိုမဆန်ပေမယ့် စမတ်ကျတယ်။

အပိုင်း (၂)ကို ဆက်လက်ဖတ်ရှုပေးကြပါရန်နှင့် ဝေဖန်အကြံပြုစာများအား စီပုံးနှင့် ကွန်မန့်တွင် ထားခဲ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ….

Saturday, October 20, 2007

သတ္တိအရှိဆုံး ...

“ဖေဖေ သားတို့ ကျောင်းမှာ ဆရာမက မေးခွန်းတစ်ခုမေးတယ်...
ဘယ်သူ့မှ မဖြေနိုင်ကြဘူး... သားပဲထဖြေလိုက်တယ်...”
“ငါ့သားက တော်လိုက်တာ ဒါမှဖေ့သားကွ ဆရာမက ဘာမေးခွန်းမေးတာလဲ”
“စာသင်ခန်း ပြတင်းပေါက်မှန် ဘယ်သူခွဲတာလဲတဲ့”
“ဒါနဲ့ သားက ဘယ်လိုဖြေလိုက်တာလဲ”
“သားခွဲတာပါ ဆရာမလို့ ဖြေလိုက်တာပေါ့”

စိတ်အေးအေးထားပါ

ဆန်ဖရန်စစ္စကိုသို့သွားတဲ့ လေယာဉ်တစ်စင်းပေါ်တွင် ရုတ်တရက် စက်ချို့ယွင်းသွားသဖြင့် ခရီးသည်များ ပျာယာခတ်ပြီး ကြောက်ရွံ့ထိတ်လန့်နေကြသည်။ အော်ဟစ်သူကအော်ပြီး လေယာဉ်တစ်စင်းလုံး ဆူညံသွားသည်။ ထိုအချိန်တွင် လေယာဉ်မယ်တစ်ဦး ရေးကြီးသုတ်ပျာဝင်လာပြီး -
“ခရီးသည်များရှင့် အားလုံးစိတ်အေးအေးထားပြီး နားထောင်ကြပါ… ခုဆိုရင် လေယာဉ်စက်ချို့ယွင်းသွားတဲ့အတွက် ခုဆိုရင် အောက်ကို ထိုးဆင်းနေပါပြီ…
ခရီးသည်များအနေဖြင့် မိမိတို့၏ ပတ်စပို့စ်များကို ပါးစပ်တွင် သေသေချာချာကိုက်ထားကြပါရန် မေတ္တရပ်ခံအပ်ပါသည်ရှင့်… ထိုမှသာ အလောင်းများအား မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်မည် ဖြစ်ပါသည် … ကျေးဇူးတင်ပါတယ်ရှင်…” ဟု ပြောလိုက်သည်။
လေယာဉ်မယ်၏စကားအဆုံး အပ်ကျသံပင်မကြားရတော့ပေ။

Thursday, October 18, 2007

စိတ်ညစ်ရသောနေ့များ.....

မီးလေး စိတ်ညစ်နေတာ ဘလော့ဂ်တွေ ဘန်းခံရထဲက သုံးပတ်လောက်ရှိပြီ ...
ကိုယ့်ဘလော့ဂ်ကို သွားချင်ရင်တောင် ဟိုကကျော်ဝင် ဒီကကျော်ဝင်နဲ့ တော်တော်ကို သည်းခံပြီးသွားရတယ် ...
မီးလေးကိုယ်၌ကလည်း ကိုယ့်ဘလော့ဂ်ကိုသွားချင်တာကိုး သွားချင်ကြဦးဟဲ့ မှတ်ပြီလားလို့တော် လှောင်နေသယောင် ....
မီးလေးကလည်း ဘယ်ရမလဲ မမှတ်သေးလို့ဟေ့ဆိုပြီး ဟိုကခွ ဒီကကျော်နဲ့ မနေ့ကတော်တော်စိတ်ညစ်သွားတယ် ....
တကယ်ပါ အရူးကျနေတာပဲ ပို့စ်တင်ဖို့နာ Account ထဲဝင်လို့မရလို့ တော်တော်လေးလဲ စိတ်ဓာတ်ကျမိတယ် ....
မီးလေးကလည်း ကိုယ့်ကို မသွားနဲ့ဆိုသွားချင်၊ မလာနဲ့ဆိုလည်း လာချင်တာကိုး ....
နောက်ဆုံးမှလက်လျော့ပြီး Chat နဲ့ Gmail စစ်ပြီး ကျန်တဲ့ သူငယ်ချင်းတွေဆီ ပတ်လည်ပစ်လိုက်တာပေါ့ ....
ဒီနေ့တော့ ကံကောင်းထောက်မစွာနဲ့ ရလို့ ပို့စ်တင်ထားလိုက်တယ် ...

၁၈ အောက်တိုဘာလ ၂၀၀၇ - မီးလေးရဲ့ ဒိုင်ယာရီထဲက စိတ်ညစ်ရသောနေ့များအောက်မှာ မှင်နီနဲ့ကို မှတ်ထားလိုက်တာ ....

မီးလေး ၀တ္ထုရှည်ရေးနေပါတယ် ...
စာရေးဆရာမ မဟုတ်တော့ အဆင်မပြေတာလေးတွေရှိရင် သီးခံပြီးစောင့်ပေးဖတ်ပေးပါလို့ ....
part 1, part 2 နဲ့တင်ဖြစ်ခဲ့ရင်လည်း သည်းခံကြပါလို့ ...
ကိုယ်ချင်းစာလို့ပါ မြ၀တီက ကိုရီးယားကားတွေကြည့်ရင် ကောင်းခန်းရောက်မှ ဖြတ်ဖြတ်သွားတတ်လို့ ....

Tuesday, October 16, 2007

သက်ငယ်စကား သက်ကြီးကြား

ဟိုတယ်တစ်ခုအတွင်းတွင် အခန်းမရသေး၍ စောင့်နေသည် အဘိုးအိုတစ်ဦးသည် ဘေးနားက လူတစ်ယောက်ရဲ့ ဆေးလိပ်နံ့ကို မခံနိုင်တဲ့အတွက်
“လူလေး မင်းဆေးလိပ်တစ်လိပ်ကို ဘယ်လောက်ပေးရလဲ”
“$ ၁၀”
“မင်းတစ်နေ့ဘယ်နှလိပ်ကုန်လဲ”
“ ၇လိပ်”
“မင်းသောက်တာ ဘယ်နှနှစ်ရှိပြီလဲ”
“၁၀နှစ်”
“တစ်နေ့ကို $ ၇၀ စုမယ်ဆိုရင်၊ ၁၀နှစ်ကို မင်းဒီဟိုတယ်တောင် ၀ယ်လို့ရတယ်”
“ဒါကျွန်တော့်ဟိုတယ်လေ၊ ဆေးလိပ်မသောက်တဲ့ အဘိုးကရော ဘာလို့မ၀ယ်နိုင်တာလဲ”

မွေးနေ့လက်ဆောင်

အသက်ခုနှစ်ဆယ့်ရှစ်နှစ်ပြည့်မြောက်မယ့် ဇနီးသည်အတွက် ယောက်ျားဖြစ်သူက
“မိန်းမ မင်းမွေးနေ့အတွက် လက်ဆောင်ဘာယူမလဲ”
ဇနီးဖြစ်သူက
“ကျန်တာတွေ မလိုပါဘူးရှင် ကျွန်မအတွက် သုဿန်က မြေတစ်ကွက်သာ ခေါင်းချစရာဝယ်ထားပေးပါ”
ယောက်ျားဖြစ်သူကလည်း မွေးနေ့လက်ဆောင်အဖြစ် ၀ယ်ပေးတယ်…

နောက်တစ်နှစ်မွေးနေ့ရောက်တဲ့အခါမှာတော့ ဇနီးဖြစ်သူက
“ဒီမွေးနေ့မှာ ရှင်ကျွန်မကို ဘာဝယ်ပေးမှာလဲ”
“မင်းကို ဟိုနှစ်ကပေးထားတဲ့ လက်ဆောင်မှ မသုံးရသေးတာ”

ဟာသပို့စ်လေးတွေထဲမှာ ကြားဖူးပြီးသားဖြစ်ခဲ့ရင် ခွင့်လွတ်ပေးကြပါနော်

တရားစွဲမယ်…..

အချိန်မရတဲ့သူတွေ၊ အလုပ်မအားတဲ့သူတွေ အသင့်စားသောက်နိုင်တဲ့ ဆိုင်တန်းတွေရဲ့ ဆိုင်သစ်တစ်ဆိုင်ကို ဧည့်သည်လူကြီးတစ်ဦး လာစားတယ်….
စားပွဲထိုးကောင်မလေးကို ကော်ဖီတစ်ခွက်မှာလိုက်တယ်….
စားပွဲထိုးကောင်မလေးက မှာထားတဲ့ ကော်ဖီယူလာပေးရင်း ဧည့်သည်နဲ့တိုက်မိပြီး ကော်ဖီမှောက်သွားတယ်….
ဆိုင်ရှင်က ပြာပြာသလဲနဲ့ လာပြီး တောင်းပန်ရင်း ကော်ဖီနောက်တစ်ခွက်ဖျော်ပေးပါ့မယ် ခင်ဗျာ ခဏလေးစောင့်ပေးပါလို့ ပြောတယ်….
ဧည့်သည်လူကြီးက ကိစ္စမရှိပါဘူး ရပါတယ် သွားစရာရှိတဲ့အတွက် ကျွန်တော့်ကို ပေသွားတဲ့အကျီ င်္လေးသာ မြန်မြန်ပြန်လျှော်ပေးပါလို့ ပြန်ပြောလိုက်တယ်….
ဆိုင်ရှင်က ကောင်လေးတစ်ယောက်ကိုခေါ်ပြီး ပေသွားတဲ့နေရာ လျှော်ပြီးမီးပူအမြန်တိုက်ဖို့ မှာလိုက်တယ်။
အားလုံးပြီးတော့ ဧည့်သည်လူကြီးပြန်သွားတယ်….
ဆိုင်ရှင်က မကျေနပ်မှာစိုးလို့ ကားပေါ်တက်ခါနီးမှာ ဆိုင်ရဲ့Discountကဒ်လေး လက်ဆောင်ထည့်ပေးလိုက်တယ် …..
ဧည့်သည်ပြန်သွားပြီးနောက်မှာတော့ စားပွဲထိုးကောင်မလေးက သူမဒီနေ့ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကို တရားစွဲမယ်တဲ့
ဘာဖြစ်လို့လည်းသိချင်လား?

ဧည့်သည်သာ ကော်ဖီမမှာခဲ့ရင် သူလည်း ကော်ဖီခွက်မှောက်မှာ မဟုတ်ဘူးတဲ့…
တွေးပြီးမှပြုံးပါ

ဘာသာပြန်ဆိုသည်

Friday, October 12, 2007

အားနာတတ်တာ မကောင်းဘူး.....

မီးလေးစဉ်းစားမိတာတစ်ခုကို တင်ပြလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း ပြန်သုံးသပ်ရင်းပေါ့။ ပြီးတော့ ဘလော့ဂ်ညီအစ်ကိုမောင်နှမတွေရဲ့ အမြင်လေးတွေလည်း ဆွေးနွေးချင်တာပါတယ်။ လူတိုင်းလူတိုင်းက အားနာတတ်ကြပါတယ်။ အထူးသဖြင့် အားနာတတ်ကြတဲ့လူမျိုးကို ပြပါဆိုရင်တော့ မြန်မာလူမျိုးတွေကိုကို ပြမိကြပါလိမ့်မယ်။ မီးလေးကိုယ်တိုင်ကလည်း အရမ်းအားနာတတ်တယ်။ ဘယ်လောက်ထိအားနာသလည်းဆို ကိုယ်ပြန်ပြောလိုက်ရင် သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမလဲဆိုပြီးတော့ကို အားနာနေတာ။ ဒါပေမယ့် အရမ်းအားနာတတ်တာ မကောင်းဘူးဆိုတာ နားလည်လာတယ်။ လိုက်တော့ မလုပ်နိုင်သေးဘူးပေါ့နော်။ အရမ်းအားနာတတ်တာ မကောင်းသလို၊ အရမ်းအားမနာတတ်တာ လည်း မကောင်းဘူးပေါ့ရှင်။

အားနာတတ်ဆို မီးလေးတို့ အိမ်နားက အန်တီကြီးအကြောင်း ပြောပြဦးမယ် သူ့သားချော်လဲရင်းနဲ့ လက်ကို သံပြားရှသွားတယ်။ ဒါနဲ့အန်တီက အရမ်းစိုးရိမ် ပြီး ဆေးခန်းသွားပြတယ်။ ဆေးခန်းရောက်တော့ ကလေးကလည်း မေးလို့မရဘူး တအားငိုနေတာ လက်ကသွေးကလည်း အိမ်မှာတည်းက တိတ်သလောက်ဖြစ်နေပြီ။ ဆရာဝန်က နှုတ်ခမ်းယောင်နေတာပဲ တခြားအထွေအထူးမရှိပါဘူးတဲ့။ အန်တီကလည်း ဘာပြန်ပြောရမှန်းမသိဘူး ဖြစ်တာကလက် သားကမွေးကတည်းက နှုတ်ခမ်းက နည်းနည်းထော်ပြီး အပေါ်ကို လန်ချင်သလိုဖြစ်နေတာ။ ပြောရမှာလည်း အားနာ၊ ဆရာဝန်ဆို ပြန်တော့လည်း ရှက်သွားမှာဆိုးလို့ ဒီလိုနဲ့ပဲ ပြန်လာတယ်တဲ့။ ကဲ ဘယ်လို လုပ်ကြမလဲ။ နေရာတိုင်းသာ အားနာနေမယ်ဆိုရင် မဖြစ်ဘူးဆိုတာတော့ သိကြတယ်။ ဒါပေမယ့် လိုက်မလုပ်နိုင်ကြဘူး။ ဘလော့ဂ်ဂါသူငယ်ချင်းများကကော ဘယ်လိုလဲ? မည်သူမဆို ဆွေးနွေးတင်ပြနိုင်ပါတယ်။

Wednesday, October 10, 2007

ကြွားချင်ဦးဟဲ့ …

တခါက အကြွားသန်တဲ့ ကြက်တူရွေးသုံးကောင်သည် သစ်ကိုင်းတစ်ကိုင်းတွင် နားနေစဉ်-
ပထမကြက်တူရွေး -“ ငါ့မှာ နောက်ဆုံးပေါ် ဒီဂျစ်တယ်နာရီတစ်လုံးဝယ်ထားတယ်” လို့ စပြောလိုက်တယ်။
ဒုတိယကြက်တူရွေး-“ငါ့ကတော့ မနေ့က နွားမနှစ်ကောင် ၀ယ်လိုက်တယ် နို့ထွက်အရမ်းသန်တာပဲ” လို့ ပြန်ပြောလိုက်တယ်။
တတိယကြက်တူရွေးခင်ဗျာမှာ ဘာမှပြန်မပြောနိုင်ဘဲ ငိုင်နေတယ်။
နောက်တစ်နေ့မှာတော့
ပထမကြက်တူရွေး-“ငါ့နာရီလေး ဘယ်နားမှာကျပျောက်သွားလည်း မသိပါဘူးကွာ” ဆိုပြီး မျက်နှာရှုံ့မဲ့ပြီး ပြောတယ်။
ဒုတိယကြက်တူရွေး-“ငါ့နွားနှစ်ကောင်လည်း ဘယ်သူခိုးသွားလည်း မသိဘူး၊ ရှာလို့မတွေ့တော့ဘူး” ဆိုပြီး ငိုကြီးချက်မှနဲ့ ပြောတယ်။
တတိယကြက်တူရွေး-“အင်း… သုံးနာရီတောင်ထိုးပြီပဲ ငါနွားမနှစ်ကောင် နို့သွားညှစ်လိုက်ဦးမယ်”

တော်လိုက်ပုံကတော့....

ကျောင်းတစ်ကျောင်းတွင် ဆရာမတစ်ဦးသည် စာသင် နေစဉ် အိပ်ငိုက်နေသော ကျောင်းသားတစ်ဦးအား -
“ မောင်ပီတာ မတ်တပ်ရပ်ပါဦးကွယ်၊ ဆရာမမင်းကို မေးတဲ့မေးခွန်းတွေကို မှန်အောင်ဖြေနော်၊ မှားရင် ရိုက်ခံရမယ်”
“ ဟုတ်ကဲ့ပါ ဆရာမ”
“အပြေးပြိုင်ပွဲမှာ ဒုတိယနေရာပြေးနေတဲ့ လူကို ကျော်တက်နိုင်ရင် အဲဒီကျော်တက်တဲ့လူက ဘယ်နေရာဖြစ်မလဲ”
“ဒါလေးများလွယ်လွယ်လေး ပထမပါဆရာမ”
“အန်င်”

တိုးတိုးမပြောရ။

ဆရာဝန်တစ်ဦးသည် မိန်းမကြီးတစ်ဦးအားစမ်းသပ်ရန် ကုတင်ပေါ်လှဲခိုင်းလိုက်သည်။
ရောဂါစမ်းသပ်ရင်း လူနာအား-
ဆရာဝန် - ဘာဖြစ်တာပါလဲခင်ဗျာ
လူနာ - '---------'
ဆရာဝန် - ဘာဖြစ်တာပါလဲခင်ဗျာ
လူနာ - '---------'
ဆရာဝန် - ဘာဖြစ်တာပါလဲခင်ဗျာ
လူနာ - '---------'
.
.
.
.
ဆရာဝန်ခင်ဗျာ လူနာက ဘာမှမပြောဘဲ ခေါင်းပဲလှုပ်နေတဲ့အတွက် တော်တော်လေး စိတ်တိုသွားတယ်။ ဒါကြောင့် “ခင်ဗျားကို ကျွန်တော်ဆေးမကုတော့ဘူး ။ ပြန်တော့လို့ပြောလိုက်တယ်။”

အဲအခါမှာတော့ လူနာပြန်ပြောလိုက်ပုံမှာ- “ ဘယ်လိုဆရာဝန်လဲမသိဘူး။ လူနာတွေကို ခွဲခြားခွဲခြားဆက်ဆံတယ်”

ဘေးကနပ်စ်ကလေးက “ရှင်-ဆရာမေးတုန်းက ဘာလို့ ဘာမှပြန်မပြောတာလဲ”
ထိုအခါ လူနာက ဒေါနဲ့မောနဲ့ပြန်ပြောလိုက်တာက “ရှင်စာမတတ်ဘူးလား၊ ဟိုမှာ ချိတ်ထားတဲ့ဆိုင်းဘုတ်ကို ကြည့်လိုက်၊ တိုးတိုးမပြောရတဲ့။ ကျူပ်နာမည်က ဒေါ်တိုးတိုး”

သူလည်း မတုံးပါ

ရွာတစ်ရွာတွင် အလွန်ရိုးပြီး နာမည်နဲ့လိုက်အောင် ထုံသော ဦးထုံဆိုသူနေထိုင်လေသည်။
သူ့အကြောင်းသိသော ရွာသားများက မြို့သွားရန်ပြင်သော ဦးထုံကို သိသမျှ တတ်သမျှ ၀ိုင်းမှာကြလေသည်။
ရွာသားများ - ဘကြီးထုံ မြို့ရောက်ရင် မျဉ်းကြားကကူးသိလား။ မျဉ်းကြားက မကူးရင် ဒဏ်ငွေဆောင်ရလိမ့်မယ်။
ဘကြီးထုံ - အေးပါကွ၊ သိပါတယ်။
ရွာသားများ - ဘကြီးထုံ မြို့ရောက်လို့ ဘတ်စ်ကားစီးရင် သတိထားစီး ခါးပိုက်နှိုက်ရှိတယ်။
ပြီးတော့ တစ်နေရာထဲကို ပတ်မောင်းပြီး ပိုက်ဆံပိုတောင်းတတ်တယ်။ ကျွန်တော်တုံးက အ၀ိုင်းလေးကနေကျောက်ကုန်းကို ၅ကျပ်ပဲပေးရတယ်။ အဲဒါ သုံးမှတ်တိုင်လောက်ရှိတယ်
ဘကြီးထုံ - အေးပါကွ၊ ငါမတုံးပါဘူး။

ဒီလိုနဲ့ မြို့ကိုလည်းရောက်ရော ကားဂိတ်ကနေ တည်းမည့် ဘုန်းကြီးကျောင်းကို ဘတ်စ်ကားစီးပြီး သွားတယ်။ စပါယ်ယာက ကားခတောင်းတယ်။ ဘကြီးထုံက “ဘယ်လောက်လဲ” “ဟိုနားဒီနားငါးကျပ်” “အေး… ဆင်းတဲ့မှတ်တိုက်ကျရင်ပေးမယ်” ဒီလိုနဲ့ ဘကြီးထုံတစ်ယောက် မှတ်တိုင်တွေကို ကြည့်သွားတယ်။
ဆင်းရမယ့်မှတ်တိုင်လည်းကျရော သူ့ကို မြို့သားတွေ အထင်သေးမှာစိုးလို့ ဟန်နဲ့ပန်နဲ့ စပယ်ယာကို ပိုက်ဆံပေးလိုက်တာကတော့ “ဟေ့-ဒီမှာ ကားခ သုံးမှတ်တိုင်အတွက် ငါးကျပ်တစ်ခါ၊ ငါးကျပ်နှစ်ခါ၊ ငါးကျပ်သုံးခါ၊ ငါးကျပ်လေးခါ၊ ငါးကျပ်ငါးခါ၊ ငါးမှတ်တိုင်စာ” ပေးပြီး သူ့ကိုယ်သူ လည်လှပြီဆိုတဲ့ ပုံစံနဲ့ ဆင်းသွားပါတော့သည်။

ဘလော့ဂ်ပျောက်တဲ့နေ့

မီးလေးဘလော့ဂ်စရေးတဲ့နေ့ကစပြီး ဘလော့ဂ်အိမ်လေးကို နေ့တိုင်းရောက်ဖြစ်ပါတယ်။ အလုပ်အားပြီဆိုတာနဲ့ ဘလော့ဂ်တွေနဲ့ပဲ မီးလေးရဲ့
အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ ဘလော့ဂ်လေးဟာ မီးလေး စိတ်ညစ်/ရှုပ်၊ စိတ်တိုနေတဲ့ အခါမျိုးမှာ တစ်ဦးတည်းနေတတ်တဲ့ မီးလေးအတွက် အဖော် ဖြစ်ခဲ့ပါတယ်။ တစ်ရက်မှာ အင်တာနက်တွေ မရ တော့ဘူးလဲဆိုရော ဘာအလုပ်မှလုပ်စရာမရှိအောင် ပျင်းခြောက်လာပါတော့တယ်။

အင်တာနက်ရတုန်းကဆို ဒီအချိန်ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေရဲ့ ဘယ်သူ့ ဘလော့ဂ်ကို သွားလည်နေပြီ၊ ဒီအချိန်ဆို ဘယ်သူ့ ဘလော့ဂ်မှာ ဘာဖတ်နေပြီ၊ ဒီအချိန်ဆို မီးလေးဘလော့ဂ်ကို ဘယ်သူတွေ လာလည်နေပြီဆိုပြီး တမ်းတ နေတတ်ပါတယ်။ တကယ်ပါ အင်တာနက် မရလို့ ဘလော့ဂ်ပျောက်တဲ့နေ့ဟာ ဘာမှန်းမသိဘဲ ကုန်ဆုံးသွားတဲ့ နေ့တွေပါပဲ။

အဲလို ဘလော့ဂ်ပျောက်တဲ့နေ့မျိုး နောက်များမှာ မကြုံပါရစေနဲ့လို့ ဆုတောင်းမိပါတယ်။ ၀ိုင်းဆုတောင်းပေးကြပါဦးနော်…..

ဆေးလောက အလွဲများ-2

ဓာတ်ခွဲခန်းတစ်ခုသို့ လူနှစ်ဦး ၀င်လာလေသည်။
“သွေးစစ်မလို့ပါခင်ဗျာ”
“ထိုင်ပါခင်ဗျ - နံမည်လေးပြောပါဦး”
“ ဦးလှ”
“အသက်လေးပြောပါဦး”
“ ၅၆ နှစ်ပါ”
“ဟုတ်ကဲ့.. သွေးဖောက်ရအောင် လက်ကို ဒီခုံပေါ်တင်လိုက်ပါ”
“ ဟမ်…. သွေးဖောက်မှာ ဦးမဟုတ်ဘူး၊ ဦးရဲ့ညီစစ်မှာကွဲ့”

ဆေးလောက အလွဲများ-1

ဆေးခန်းတစ်ခုအတွင်းသို့ ဆေးခန်းပြရန် မိန်းမကြီးတစ်ဦးနှင့် လူလတ်ပိုင်းအရွယ်သမီးတစ်ဦး ဆေးခန်းထဲသို့ဝင်လာလေသည်။
သမီး - ဆရာ ဆေးခန်းပြမလို့ပါဆရာ
ဆရာဝန် - သြော် … ကုတင်ပေါ်လှဲအိပ်လိုက်ပါ
ဆရာဝန်ကစမ်းသပ်ရင်း
ဆရာဝန် - လူနာကို အားနည်းနေတယ် အားဆေးသွင်းရမယ်။
သမီး - ရှင်… ဆေးခန်းပြမှာ ကျွန်မမဟုတ်ဘူးဆရာ။ အမေ ပြမှာပါ။
ဆရာဝန် - ဟိုက်

နားမလေးပါ….

တစ်ခါက ဆရာဝန်တစ်ဦးထံ ဆေးခန်းလာပြသော လူနာတစ်ယောက်သည်
အသံတွေဆူညံနေတဲ့အတွက် သူပြောတာကို ဆရာဝန်မကြားမှာ ဆိုးတဲ့အတွက်
“ကျွန်တော် ဗိုက်အောင့်နေလို့ပါ ဆရာ” ဟု အော်ပြောလိုက်လေသည်။

ထိုအခါ ဆရာဝန်က အော်မပြောပါနဲ့ ကျွန်တော် နားကြားပါတယ်။
“ကဲ-ခင်ဗျားကိုက်တဲ့သွား ဘယ်အချောင်းလဲ သိရအောင် ပါးစပ်လေးဟပြပါဦး”