Pages

Monday, October 22, 2007

မိုးထဲကအမှတ်တရ....... အပိုင်း-၃

စာသင်ချိန်တွေကို ဖြတ်သန်းရင်း နေ့လည်ထမင်းစားချိန်ရောက်လာတော့ မိုးတို့သူငယ်ချင်းတွေ ထုံးစံအတိုင်း ကန်လ်တင်းကို လစ်ကြတာပေါ့။

“မိုး နင့်ခြေလှမ်းတွေ တက်ကြွနေပါလား” “သြော် လဲ့တို့ကလည်း နားလည်ပေးလိုက်ပါဟာ” “ဟဲ့ ဟဲ့ နင်တို့ ဘာသံကြားမိလဲ” “ဟင့်အင်း မကြားမိပါဘူး” “ဘာသံလဲ” “ဒုန်း ဒုန်းနဲ့လေဟာ ကုလားဘုရားလှည့်တဲ့ ဆိုင်းသံထက်တောင်ကျယ်သေးတယ်” “ငါပေါက်ပြီ ပုံ့ ဟုတ်တယ်ဟ” “ဘယ်နားလေးက လဲ့” “မိုးဆီကလေဟာ ဘာလဲ ချစ်ကောင်းသီချင်းတောင်ရှိသေးတယ်။ ရင်ခုန်သံမြန်မြန်ပဲ ငလျင်တုန်သလိုပဲ အချစ်ကြောင့်လေ….” ဟား… ဟား… ဟား…

“နင်တို့တွေနော် မိုးစိတ်ဆိုးလာပြီ မစကြနဲ့” “ဟောတော့ ဗျိုင်းတစ်ကောင် ကန်လ်တင်းမှာ နားနေတယ်” “မျှော်တော်ရောင် မျှော်တော်ရောင် ဘ၀ကကျွတ်ချင်ပြီ” “ကဲဟယ်… ကဲဟယ်… ကျွတ်ချင်ဦး”
“ရောက်နေတာကြာပြီလား” “မကြာသေးပါဘူး။ ခုလေးတင်ရောက်တာ” မိုးယူလာတဲ့စာအုပ်တွေ သူ့ကိုပေးလိုက်တယ်။ ထုံးစံအတိုင်း နောက်ပိုင်းမှာ မိုးတို့အုပ်စုနဲ့ အဖွဲ့ကျပြီး နေ့တိုင်းလိုလို တွေ့ဖြစ်တယ်။

သူနဲ့မတွေ့တဲ့နေ့တွေမှာ သူ့ကိုလွမ်းတတ်လာတယ်။ သူက ကျွန်မအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့သူ တစ်ယောက်ဖြစ်လာတယ်။ သူက မလုပ်နဲ့ဆိုတာမှန်သမျှ မလုပ်နဲ့ဆိုရင် လုပ်ရမှကျေနပ်တဲ့ကျွန်မ မလုပ်ဘဲနဲ့ နေတတ်လာတယ်။ သူစကားပြောသမျှကို အမြဲခေါင်းညိတ်ပြီး နားထောင်တတ်လာတယ်။ သူက မလုပ်စေချင်ရင် အကျိုးသင့်အကြောင်းသင့် ပြောပြရှင်းပြတတ်တယ်။ ကျွန်မရဲ့နှလုံးသားထဲမှာ တစတစတိုး၍ ၀င်ရောက်လာခဲ့တယ်။ သူငယ်ချင်းတွေ ၀ိုင်းနောက်ကျတဲ့အခါ သူကကျွန်မရှက်နေမှာစိုး၍ ရှောင်ပေးတတ်သလို ရှောင်မရခဲ့လျှင်လည်း ကျွန်မကို အားတုံ့အားနာပုံစံနဲ့ ပြန်ကြည့်တတ်ပါတယ်။

ကျွန်မသူ့ဆီက ထွက်လာမယ့်စကားကို မျှော်လင့်နေခဲ့ပါတယ်။ သူငယ်ချင်းတွေကလည်း ကျွန်မတို့နှစ်ဦးကို ဘယ်တော့ချစ်သူတွေဖြစ်မလဲဆိုတာ စောင့်ကြည့်နေခဲ့ကြပါတယ်။ သူ့မျက်ဝန်းတွေ၊ သူ့အကြည့်တွေ၊ သူ့အပြုံးတွေ … သူနဲ့ပတ်သက်သမျှအားလုံးဟာ ကျွန်မအတွက် မေ့လို့မရတဲ့ အမှတ်တရတွေပါ။ သူကျောင်းပြီးတာတောင် ကျွန်မနောက်ဆုံးနှစ်တက်သည်အထိ

ကျောင်းကိုအပို့အကြိုလုပ်ပေးပါတယ်။ ကျွန်မတို့ကြားက သံယောဇဉ်ကြိုးလေးဟာ ခိုင်မာပြီးသားလို့ ယုံကြည်တဲ့ကျွန်မ သူက ဘွဲ့နှင်းသဘင်ခန်းမရှေ့ လာခဲ့ဖို့ ချိန်းဆိုခဲ့တယ်။ ကျွန်မဘယ်လောက်များ ပျော်လိုက်သလဲ၊ အမြဲတွေ့နေကျ သီးသန့်ချိန်းတယ်ဆိုတော့ ကျွန်မရင်တွေ အရမ်းခုန်နေတယ်ဆိုတာ ကျွန်မထက် ဘယ်သူပိုသိနိုင်မှာလဲ။ သူကို အဝေးက လှမ်းမြင်လိုက်စဉ်မှာပဲ ကျွန်မကိုယ်ကျွန်မ မလုံမလဲဖြစ်နေမိတယ်။ အမြဲတွေ့နေပေမယ့် ချစ်သူအနေနဲ့ သူ့ရဲ့လက်ကိုတွဲပြီး သထုံလမ်းမှာ သူများတွေလို လျှောက်သွားချင်တယ်။

ဇာတ်သိမ်းပိုင်းကို ဆက်လက်ဖတ်ရှုပေးကြပါရန်နှင့် ဝေဖန်အကြံပြုစာများအား စီပုံးနှင့် ကွန်မန့်တွင် ထားခဲ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ….

No comments: