Pages

Monday, October 29, 2007

မီးလေးနှင့် တစ္ဆေ

မီးလေး တနေကုန်အလုပ်မအားတဲ့အတွက် ဘလော့ဂ်အိမ်ရာကို မရောက်ဖြစ်ဘူး ဖြစ်နေတယ်။ အလုပ်တွေတော့ မပြတ်သေးပါဘူး။ လကုန်ခါနီးဆိုတော့ ဒီလိုပဲ မအားတော့ဘူး။ ရတဲ့အချိန်လေးမှာ ဘလော့ဂ်အိမ်လေးကိုလည်း သွားသွားကြည့်ရတာ အမော။ မအားတဲ့ကြားက ဘလော့ဂ်အိမ်ရာကို မြန်မြန်လေး လျှောက်လည်ရတာလည်းအမော။ ရေးရင်းနဲ့ တောင်မောလာပြီ။ အရင်ဆုံး စီဗုံးအပေါ်ဆုံးက ဘလော့ဂ်အိမ်လေးကို သွားလိုက်တယ်။ ဟိုက် ရှာလပတ်ရည်... ကိုရန်ရဲ့ ဘလော့ဂ်ပါ။ ဒီပို့စ်ကို ဖတ်ရင် tag လိုက်ပြီလို့သာ မှတ်တဲ့။ မှတ်ကရော... ဧကန်တ ကိုရန်က စာလုံးတွန့်တိုပုံရတယ်။
မနက်ဖြန်မှရေးမယ်ဆိုပြီးတော့ ၁၅မိနစ်လောက်အချိန်ရတာနဲ့ နည်းနည်းရေးမယ်လို့ စိတ်ကူးလိုက်တယ်။ နောက်နေ့မှပဲ ဆက်ရေးပေးမယ်။ ဒီနေ့တော့ အမြည်းပဲ ရေးလိုက်တော့မယ်နော်။ မီးလေးက သရဲကြောက်တတ်တယ်။ မီးလေးအိမ်နဲ့ မီးလေးအလုပ်က သိပ်မဝေးဘူး နှစ်လမ်းပဲကျော်တယ်။ လွန်ခဲ့တဲ့ ၅လလောက်က ထင်တယ်။ မီးလေးအလုပ်က အလုပ်အရမ်းများနေလို့ ည၉နာရီကျော်မှ ပြန်ဖြစ်တယ်။ မီးလေးဖြတ်ပြန်ရတယ့်လမ်းက နာရေးတစ်အိမ်ရှိနေတယ်။ အဲဒီအိမ်က ဘကြီးက ချွေးမနဲ့နေတာ အစာဝအောင် မကျွေးဘူး ပြောတာပဲ (အိမ်နီးနားချင်းတွေပြောတာကြားတာပါ)။ မီးလေးက အဲဒီနေ့က စက်ဘီးမပါလာဘူး။ ဖြစ်ချင်တော့ ငါးကင်နဲ့ အသားညှပ်ဆန်းဒ၀ခ်ျ ခြင်းထဲမှာပါလာတယ်။
အဲဒီအိမ်ရှေ့ဖြတ်လာထဲက ခွေးတွေက မီးလေးကို ကြည့်ပြီးတော့ အူနေတာ နည်းနည်းတော့ ဖြုံသွားတယ်။ ကြက်သီးမွေးညှင်းတွေလည်း ထလာတယ်။ ကြောက်ကြောက်နဲ့အမြန်လျှောက်တာပေါ့ ခွေးတွေကလည်း အူပြီးနောက်က လိုက်လာတယ်။ ဖြတ်လာတဲ့လမ်းမှာ ရှိသမျှခွေးတွေအကုန်လုံး အူနေတော့ ပိုကြောက်တာပေါ့။ လမ်းမှာလည်း လူသိပ်မရှိ ကိုယ်တယောက်တည်းဖြစ်နေတော့ ပါးစပ်ကတော့ ပဌာန်းရွတ်လာတယ်။ ပဌာန်းတောင် ကြောက်ကြောက်နဲ့ ဘယ်တွေရောက်မှန်း တောင် မသိတော့ဘူး။ ရောက်တဲ့နေရာကနေပဲ ရွတ်လိုက်တော့တယ်။ အရင်က ပဌာန်းကို လမ်းသွားရင်းပဲဖြစ်ဖြစ်၊ အိမ်မှာ ဘာမှလုပ်စရာမရှိတဲ့ အချိန်ပဲဖြစ်ဖြစ် စိတ်ထဲက အလိုလို ရွတ်နေတာ။ ခုတော့ကြောက်စိတ်နဲ့ ပဌာန်းတောင် မေ့ချင်ချင်ဖြစ်နေတယ်။
အိမ်ရှေ့လည်းရောက်ရော ဖွတ်...ဖွတ်...ဖွတ် ဆိုပြီး တံတွေးထွေးပြီး (ညမိုးချုပ်ရင် ဒီအတိုင်းလုပ်ပြီး ၀င်ရတယ်လို့ လူကြီးများပြောထား) အိမ်ထဲကို တစ်ချိုးတည်း ပြေးဝင်လိုက်တာပေါ့။ မေမေက ဘာဖြစ်လာတာလဲတဲ့။ ဘာမှကို ပြန်မဖြေနိုင်တာ ရင်တွေလည်း တဒိတ်ဒိတ်နဲ့။ နောက်မှ ပြောပြတော့ အမေက အစားတွေပါလာတာကိုးတဲ့။ မီးလေးရဲ့ ကြီးကြီးက သူတို့ ထမင်းထုပ် မတင်ထားရသေးဘူး ထင်တယ်တဲ့။ ထင်တဲ့အတိုင်းပါပဲ ထမင်းထုပ်မေ့နေတယ် ဆိုလားပဲ။ နောက်မှ သိရတာပါ...
နောက်နေ့တွေမှ တခြားအဖြစ်အပျက်တွေ ပြောပြမယ်နော် ... ဒီနေ့တော့ ဒီလောက်ပဲ ....

No comments: