Pages

Monday, September 24, 2007

သိစေချင်တယ်

ဒီနေ့ကတော့ ဖြစ်ရပ်မှန်လေးရေးမလားစိတ်ကူးမိပါတယ်။ မီးလေးရဲ့ တူမလေး(၈ လ) နံနက် ၂နာရီကြီး အဖျားကြီးပြီး တက်လို့ အနီးအနားက ပုဂွလိကဆေးခန်းကြီး တစ်ခုကို သွားခဲ့ပါတယ်။ သူတို့က မရဘူး ကလေးဆေးရုံသွားရမယ်ဆိုပြီး ပြောပါတယ်။ လိုက်လည်း လုပ်ပေးရှာပါ တယ်။ ကလေးက အောက်ဆီဂျင်နဲ့သွားရမှာဆိုတော့ အဲဒီဆေးခန်းက ကားနဲ့ပဲ သူနာပြုဆရာမတစ်ဦး လိုက်ပို့ပေးခဲ့ပါတယ်။ ဟိုရောက်သွားတော့ ဆေးရုံကတာဝန်ကျတဲ့ ဆရာဝန်တွေ၊ ဆရာမတွေလည်း အရေးပေါ်လိုအပ် သည်များကို လိုက်လံလုပ်ဆောင်ပေးကြပါတယ်။ ဒါပေမယ့် သီးသန့်ခန်း မရလို့ Hall မှာပဲ တမနက်လုံးနေခဲ့ပြီး တခြားအခန်းက ဆင်းမှ အခန်းရ ပါတယ်။ ကလေးတွေလည်း အရမ်းသနားဖို့ကောင်းပါတယ်။ သွေးလွန်တုပ်ကွေး ရာသီဆိုတော့ ကလေးလူနာတွေတအားများနေတာ Hall မှာတောင် ကုတင်မရတော့လို့ သာမာန်ရောဂါနဲ့တက်ရောက်ကုသတဲ့ ကလေးတွေကို D/C ပေးပြီး ပြန်ခိုင်းပါတယ်။ တချို့ကလေးမိဘတွေဆို ကုတင်မရလို့ ကလေးကို ပေါင်ပေါ်မှာပဲ တင်ထားပြီး ဆေးကုသမှုခံ နေရတယ်။ နံနက်9နာရီလောက် မီးလေးတို့ ဆေးရုံလိုက်သွားတဲ့ အချိန် ကြတော့ တူမလေးအခန်းရလို့ အခန်းထဲကို ပြောင်းလိုက်ရတယ်။ ကလေးက ထူထူထောင်ထောင်နဲ့ ကျန်းကျန်းမာမာ ပုံစံဖြစ်နေပါပြီ။ ၈လ အရွယ် ဆိုပေမဲ့ မီးလေးရဲ့တူမလေးက အရမ်း လည်တယ်။ မျက်နှာလည်း အရမ်းချိုပါတယ်။ အခန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ ရီပြီးတော့ ကြိုဆိုနေ ပါတယ်။ နံနက်က သူမဟုတ်သလိုပါပဲ။ မီးလေးတူမနေတဲ့ အခန်းက နှစ်ယောက်နေရပါတယ်။ တော်သေးတာက သွေးလွန်တုပ်ကွေး မဟုတ်ဘဲ ရိုးရိုးရောဂါမို့လို့။ ဒါနဲ့ပဲ မီးလေး ယောက်မတွေကလည်း ကလေးကို ကူးစက်မှာစိုးလို့ စိုးရိမ်နေတဲ့အတွက် ဆေးရုံကဆင်းဖို့ သိတဲ့ ကလေး အထူးကုဆရာဝန်တွေဆီ သွားပြီး အကူအညီတောင်းရပါတယ်။ ဖြစ်ချင်တော့ ဆရာဝန်က စာမေးပွဲစောင့်ရမှာမို့ နေ့လည် 12နာရီ ထမင်းစားချိန်ကျမှ လုပ်ပေးမယ်ပြောပါတယ်။ ဒါနဲ့ တူမလေးနေတဲ့ အခန်းကို ပြန်လာခဲ့ပါတယ်။

တူမလေးနဲ့ အတူတူနေရတဲ့လူနာက ခြောက်နှစ်အရွယ် ကောင်မလေးပါ။ သွေးလွန်တုပ်ကွေးဖြစ်လို့ရောက်လာကြတာတဲ့။ ကလေးက ဘာမှလည်း မစားဘူး။ ဓာတ်ဆားရည်လည်း မသောက်ဘူး။ အိပ်ယာထဲပဲ မှိန်းနေပါ တယ်။ မိခင်ကတော့ စိုးရိမ်တာပေါ့ ဆရာဝန်က မှာထားတယ်။ မမှိန်းစေနဲ့ ဓာတ်ဆားဝင်အောင်တိုက်၊ အစားဝင်အောင်ကျွေး။ အဲလိုမှ မဟုတ်ရင် စိုးရိမ်ရတယ်ပြောထားလို့ပါ။ ဒါနဲ့ ကလေးလေးရဲ့ အဖွားနဲ့ မိခင်က ကလေးကို တစ်လှည့်စီ ချီပြီး လမ်းလျှောက်နေကြပါတယ်။ ကလေးရဲ့ အမေက မီးလေးနဲ့ စကားလက်ဆုံကျမိပါတော့တယ်။ သူက သူ့ကလေး ကို တအားဂရုစိုက်တာတဲ့။ စစဖျားခြင်းတုန်းက နံမည်ကြီး ကလေး အထူးကုဆရာဝန်ဆီသွားပြတယ်တဲ့။ ဒါနဲ့ ရိုးရိုးဖျားတာပါလို့ ပြောတယ် ။ နောက်နေ့ အဖျားမကျလို့ သွားပြတော့မှ ထပ်သွားပြတော့မှ သွေးလွန်တုပ်ကွေးတဲ့ ဓာတ်ဆားလုံးဝမတိုက်ပါနဲ့လို့ပြောတယ်။ ဒါနဲ့မတိုက်ဘူးပေါ့။ နောက်တော့ အဖျားမကျနိုင်တာနဲ့ နောက်နံမည်ကြီး ဆရာဝန်နဲ့ ထပ်ပြပါတယ်။ အဲဒီမှာပဲ ဆေးခန်းဆရာမက ရှင်တို့က ဓာတ်ဆားရည်မတိုက်ဘူးလား။ တိုက်ရမှာမတိုက်တော့ ကလေးက အဖျားမကျတာပေါ့။ ဒီမှာပဲ ကလေးအမေလည်း စိတ်မထိန်းနိုင်ပဲ ရှင်တို့တွေပဲ တယောက်ကတိုက်၊ တယောက်ကမတိုက်နဲ့ အမျိုးမျိုး လုပ်နေကြတာ။ ကျွန်မတို့က မသိလို့၊ မတတ်လို့ ဆေးခန်းလာပြတာ၊ ရှင်တို့ခိုင်းတဲ့အတိုင်းလုပ်ရတာပဲ၊ နောက်ဆုံးခံရတော့ ကျွန်မတို့လို လူနာရှင်နဲ့ လူနာပဲခံရတာပြောပြီး ကလေးလည်းမပြတော့ဘဲ ကလေး ချီပြီး ကလေးဆေးရုံကို ထွက်လာကြတာတဲ့။ ဆေးရုံရောက်တော့ပဲ ဒေးဖိုးလ်ဖြစ်နေပြီ။ ဒါကြောင့် နာမည်ကြီးတိုင်း ဘွဲ့တွေများတိုင်း အသုံး မ၀င်ပါဘူး။ Thinking ပေါ်မှာပဲမူတည်ပါတယ်။ ရောဂါပိုးတွေက တစ်နှစ်နဲ့ တစ်နှစ်မတူတဲ့အတွက် method တွေကလည်း အမျိုးမျိုး ပြောင်းလဲနေတတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ တွေးခေါ်မှုနဲ့ အယူအဆဟာ အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်အတွက် အကျိုးရှိမှု၊ အကျိုးယုတ်မှုမရှိပေမဲ့ ကိုယ့်အပေါ် ယုံကြည်အားထားတဲ့ လူနာနှင့် လူနာရှင်တွေအတွက် အကျိုးရှိမှု၊ အကျိုးယုတ်မှု အများကြီးသက်ရောက်နေတယ်ဆိုတာ သူတို့ကို သိစေချင်ပါတယ်...

ပိန်ဆေး

အရမ်းထိရောက်တဲ့ပိန်ဆေးပါ။ ယုံကြည်ဖို့တော့ လိုတယ်နော်။
ဘာလေ့ကျင့်ခန်းမှလည်း လုပ်ဖို့ မလိုပါဘူး။
ကဲ ပြောပြလိုက်မယ် သေသေချာချာမှတ်ထားနော်

သင့်ကို အစားစာဖို့ခေါ်တိုင်း ခေါင်းလေးကိုသာ “ခါ” လိုက်ပါ။ သင်လက်တွေ့ ပိန်တာကို ခံစားရပါလိမ့်မယ်။
စမ်းကြည့်ကြနော်။

သင့်အတွက် Best Friend! လိုအပ်နေပါသလား ?

သင့်အတွက် Best Friend! ဟာ ခွေးပဲဖြစ်ပါတယ်။ ဘာကြောင့်လဲသိချင်လား။

ဟဲဟဲ ရိုးရိုးရှင်းရှင်းလေးပါပဲ။ သူက သင့်ဆီမှာ ဘာအကြံမှလည်းတောင်းမှာ မဟုတ်သလို အကူအညီလည်းတောင်းမှာမဟုတ်ပါဘူး။

ပြီးတော့ အရေးအကြီးဆုံးက သင့်ဆီကလည်း ငွေချေးဖို့ မကြိုးစားပါဘူး။

Saturday, September 22, 2007

မွေးနေ့ပွဲ

ဒီနေ့ကမီးလေးရဲ့ မွေးနေ့လေးပါ။ မီးလေးရဲ့မွေးနေ့ပွဲကို သူငယ်ချင်းတွေပို့ပေးတဲ့(ပုံတွေမှာ တကယ့်ကိတ် က ခဏနေမှရောက်မယ် အချိန်မီရင် တင်ပေးမယ်နော်) ကိတ်တွေနဲ့ မွေးနေ့ပွဲလုပ်ထားပါတယ်။
တိုက်ဆိုင်တာလေးတစ်ခုပြောရဦးမယ်။ ဒီနေ့ဟာ မီးလေးရဲ့ နှစ်ဆယ့်တစ်နှစ်မြောက် မွေးနေ့ဖြစ်သလို၊ ဘောလုံးသမား ရောနယ်လ်ဒိုရဲ့ သုံးဆယ့်တစ်နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့က friendship day လည်းဖြစ်ပါတယ်။ ဒါကြောင့် ဘလော့ဂ်ညီအစ်ကို မောင်နှမများနဲ့ အတူတူ မွေးနေ့ပွဲကျင်းပဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ မွေးနေ့ပွဲကို တက်ရောက်ကြသော ညီအစ်ကို မောင်နှမများအား ကျေးဇူး အထူးပင်တင်ရှိပါသည်။ အချိန်မရ လိုက်ပါသဖြင့် ဖိတ်ကြားဖို့ ကျန်ခဲ့တဲ့သူများအားလည်း တောင်းပန်ပါတယ်။ အ၀စားကြနော်။ မလောက်ရင် ထပ်ကျွေးမယ်။ နင်နေမှာစိုးလို့ ရေခဲမုန့်လည်း စားသွား၊ အသီးတွေလည်း စားသွားကြနော်။ ပြီးရင် မကောင်းဘူးတော့ မပြောပါနဲ့နော်။ ဆုလည်းတောင်းပေးဦး။ ဟီး ..ဟီး

ဂါရ၀ပြုခြင်း

ဒီနေ့ကမီးလေးရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မီးလေးရဲ့မွေးနေ့မှာ မီးလေးကို မွေးဖွားပေးခဲ့တဲ့ ဖေဖေနဲ့မေမေကို ရိုသေစွာ ဒီပို့စ်လေးကနေ ဂါရ၀ပြုလိုက်ပါတယ်။ မီးလေးကို မွေးနေ့မှာ ကုသိုလ်ကောင်းမှုလုပ်ဖို့အတွက် ကူညီပံ့ပိုးပေးတဲ့ မေမေကို ကျေးဇူးတင်မိပါတယ်။ အထူးအားဖြင့် မနေ့က မိုးတွေရွာပြီး ရေတွေကြီးနေခဲ့ပါတယ်။ မီးလေး ဘုရားကို အသီးကပ်ချင်တယ်ပြောလို့ မိုးရွာချဉ်းထဲမှာ ခြေဖ၀ါးရောင်နေတဲ့ခြားက City Mart ကို စိတ်ရှည်ရှည်နဲ့ (မီးလေးကဂျီးများပြီး ကြာတတ်လို့) လိုက်ပေးတဲ့ မေမေကို အရမ်းပဲကျေးဇူးတင်ပါတယ်။ ဒီနေ့မီးလေးရဲ့ မွေးနေ့မှာ ပြုတဲ့ ကုသိုလ်ကောင်းမှုကို ညီအစ်ကို မောင်နှမ၊ မိတ်ဆွေအားလုံးကိုလည်း အမျှပေးဝေရင်း မီးလေးသိပ်ချစ်ရတဲ့ ဖေဖေနဲ့ မေမေကို ရိုသေစွာ ဂါရ၀ပြုလိုက်ပါတယ်။

Friday, September 21, 2007

Congratulation!

မီးလေးက ဘောလုံးပွဲကို ၀ါသနာမပါဘူး။ ကြည့်လည်းမကြည့်ဘူး။ နိုင်ငံခြားပွဲတွေဆိုပိုစိုးတယ်။ ကြည့်လည်း မကြည့်တတ်ခဲ့ပါဘူး။ ဒါပေမယ့် မီးလေးကြည့်တဲ့ပွဲစဉ်တွေက မြန်မာပါတဲ့ပွဲဆိုရင်တော့ ရှုံးသည်ပဲဖြစ်စေ၊ နိုင်သည်ပဲဖြစ်စေ ကြည့်တယ်ဆိုတာထက် အားပေးဖြစ်ခဲ့ပါတယ်။ မီးလေး အစ်ကိုနဲ့ သူငယ်ချင်းတွေဆို မီးလေးကို အမြဲပြောတယ် ကောင်းလည်း မကောင်းပဲ နင်မို့လို့ကြည့်တယ်တဲ့ နိုင်ငံခြားပွဲစဉ်တွေဆို ဘယ်လောက် ကောင်းလဲတဲ့။ ဘယ်သူဘာပြောပြော မီးလေးကတော့ မြန်မာပွဲစဉ်ကို အားပေးမြဲ အားပေးတယ်။ မြန်မာတွေချဉ်းကန်တဲ့ပွဲကို ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်နိုင်ငံနဲ့ သူများနိုင်ငံ ကန်တဲ့ပွဲကို ကြည့်တာ။

မီးလေးငယ်ငယ်တုန်းက ကြည့်တဲ့ပွဲစဉ်တွေကဆို မြန်မာတွေ ရှုံးတာ များတယ်။ ထိုင်းတို့၊ မလေးတို့ဆို မကန်ခင်ရှုံးဖို့ဘက်ကချဉ်း များတယ် ဟိုးအရင်ခေတ်က ဘောလုံးပွဲတွေဆို ထိုင်းတွေ မြန်မာကို ကြောက်ရတယ်။ အရမ်းလည်းအားမလို အားမရဖြစ်မိတယ်။ ဟိုတနှစ်က မြန်မာအမျိုးသား ဘောလုံးအသင်း နိုင်လာတော့ အရမ်းပျော်မိပါတယ်။
သူတို့တွေရဲ့ အပျော်က မီးလေးတို့ဆီကို ကူးစက်သွားလားမသိဘူး။ မြန်မာအမျိုးသမီး အသင်းကတော့ အများအားဖြင့် နိုင်တာများတယ်။

ယခုလည်း အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ထိုင်းအသင်းကို အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံဆုရတဲ့အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း ...

မေတ္တာရပ်ခံခြင်း...

မီးလေးထံလာလာလည်ကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်။ ပို့စ်တွေကို အားပေးကြတဲ့အတွက်လည်း ၀မ်းသာကြည်နူးမိပါတယ်။ အခြေအနေ အရပ်ရပ်ကြောင့် လင့်ပိတ်ထားခြင်းအား နားလည်ခွင့်လွတ်ပေးကြရန်နှင့် အလျင်းသင့်ရင်သင့်သလို ပြန်လည် ဖွင့်ပေးထားမှာ ဆိုတဲ့အကြောင်း မေတ္တာရပ်ခံလိုက်ပါတယ်ရှင်

သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်များသို့

ဒီပို့စ်လေးက မီးလေးရဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေအတွက် မွေးနေ့ဆုတောင်းလေးပါ...
လာလည်ကြတဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ စက်တင်ဘာဘွန်းများရှိခဲ့ရင် စီဘောက်မှာ လာအော်နိုင်ပါတယ်...
မနက်ဖြန်ခါလည်း မီးလေးရဲ့ ဘလော့ဂ်အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်...

မနေ့က သြစတေးလျရောက် သူငယ်ချင်းနဲ့ chat ဖြစ်တယ် သုမရဲ့ မွေးနေ့ကို မေ့နေခဲ့တဲ့ မီးလေး သူ့ကို တောင်းပန်တဲ့ အနေနဲ့ သူမအတွက်ရော၊ ကျန်တဲ့သူငယ်ချင်းတွေအတွက်ပါ မွေးနေ့ ဆုတောင်းလေးကို ရေးလိုက်ပါတယ်။ သူငယ်ချင်းကျေနပ်နိုင်ပါစေ

စက်တင်ဘာလ 4ရက်နေ့ - ဖြိုး

စက်တင်ဘာလ 11ရက်နေ့ - လုံးလုံး

စက်တင်ဘာလ 17ရက်နေ့ - သူသူ

ဘလော့ဂ်ညီအစ်ကိုမောင်နှမများ
စက်တင်ဘာလ 14ရက်နေ့ - နတ်သျှင်နောင်

စက်တင်ဘာလ 19ရက်နေ့ - တောအုပ်ထဲက ကိုနေသစ်


တို့ရဲ့ မွေးနေ့မှသည် ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။

စိတ်သွားတိုင်းကိုယ်ပါပြီး တစ်ဦးချင်းစီတိုင်း တစ်ဦးချင်းစီတိုင်း ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Thursday, September 20, 2007

ကူညီချင်လွန်းလို့...

လူနှစ်ယောက် လမ်းလျှောက်သွားရင်း စကားပြောကြရာဝယ်

ပထမလူ ။ ။ ငါ့အဖေက ဆရာဝန်ကွ.. ငါ့အဖေက လူနာတွေရဲ့အသက်ကိုအများကြီးကယ်ခဲ့လို့ လူနာရှင်တွေက လက်ဆောင်တွေ လာပေးကြတယ်ကွ။

ဒုတိယလူ ။ ။ ဟုတ်လား... ငါ့အဖေဒဏ်ရာရတုန်းက ဆရာဝန် သွားပြတာ ပိုက်ဆံမပါလို့ ဆေးမကုပေးဘူးလို့ ပြောလွတ်လိုက်တယ်ကွ... ငါ့ဦးလေးက လိုက်လာပြီး ပိုက်ဆံလည်း အထပ်လိုက်ပေးလိုက်ရော ကုပေး လိုက်တယ်ကွ။

ပထမလူ ။ ။ ငါ့အမေက ကျောင်းဆရာမကွ... သီတင်းကျွတ်ရင် အိမ်မှာ ကျောင်းသား/သူတွေ လာကန်တော့ကြတာနဲ့ အရမ်းပျော်ဖို့ကောင်းတာကွ

ဒုတိယလူ။ ။ ငါ့ညီတက်တဲ့ကျောင်းက ဆရာမက သူ့ကို မကန်တော့တဲ့သူတွေ မှတ်ထားပြီး စာမေးပွဲအောင်မပေးဘူးတဲ့ကွ... အဲဒါနဲ့ ငါ့အမေလည်း ပိုက်ဆံလေးခြစ်ကုတ်ပြီး ဆရာမကန်တော့ဖို့ ပစ္စည်းဝယ်ပေးလိုက်ရတယ်ကွ.. ဒါတောင် တန်ဖိုးနည်းတဲ့ပစ္စည်းမို့လို့ ကန်တော့တောင်မခံဘဲ ထားခဲ့လို့ အပြောခံလိုက်ရတယ်ကွ

ပထမလူ။ ။ ငါ့ဦးလေးက ရဲမှူးကွ။ သူ့လက်ထဲမှာ ဖမ်းမိတဲ့ အကျဉ်းသားတွေမနည်းဘူးကွ... ပြီးတော့ လူဆိုးဖမ်းတဲ့နေရာမှာ အရမ်းတော်တယ်... ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနဲ့ပတ်သက်လျှင် မျဉ်းကြားမကူးတာကအစ အရေးယူတယ်ကွ...

ဒုတိယလူ။ ။ငါ့အစ်ကို သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တုန်းက ရဲစခန်းရောက်သွားတာ ရဲမှူးကို အာမခံချက်ပေးဖို့အတွက် ပိုက်ဆံ ပေးလိုက်တာ ချက်ချင်းပြန်လွှတ်လိုက်တယ်ကွ....

ပထမလူ။ ။ နေပါဦးကွ.. မင်းမှာလဲ ဒုက္ခပေါင်းစုံနဲ့ပါလား.. ဒီတစ်ခါတစ်ခုခုဖြစ်ရင် ငါ့ကိုပြောကွာ... ငါကူညီမယ်...

ဒုတိယလူ။ ။ ကျေးဇူးတင်ပါတယ်ကွာ။ ဒါပေမယ့် မင်းမကူညီနိုင်ပါဘူး

ပထမလူ။ ။ ငါကူညီနိုင်မှာပါ... ပြောမှာသာ လာပြောစမ်း ပါကွာ

ဒုတိယလူ။ ။ မင်းမကူညီနိုင်ပါဘူးကွာ.. ငါတို့ကြုံခဲ့တာ မင်းအဖေ၊ အမေနဲ့ မင်းဦးလေးကွ

ပထမလူ။ ။ `အန်င်´

ငါမသေဘူး ရေကူးတတ်တယ်

တခါက ရေကူးတတ်တဲ့သူရယ်၊ ရေမကူးတတ်တဲ့သူရယ်၊ သူငယ်ချင်း နှစ်ယောက်ရှိသတဲ့။ တနေ့တော့ သူတို့ နှစ်ဦးဟာ အလောင်းအစားလုပ်ရင်း ရေကန်တစ်ကန်ထဲကို ပြိုင်တူ ခုန်ချကြဖို့ သဘောတူခဲ့တယ်။

ရေမကူးတတ်တဲ့သူကတော့ ငါရဲ့ဘ၀နောက်ဆုံးအချိန်ရောက်ပြီပေါ့။ ဒါပေမယ့် သူဟာ ရေမကူးတတ်တဲ့ အကြောင်း သူ့သူငယ်ချင်းကို ပြောရမှာ ရှက်တယ်တဲ့။ ဒါနဲ့ ခုန်ချလိုက်ရော ရေက ရင်ခေါင်းလောက်ပဲနက်တာကို ရေကူးတတ်တဲ့သူငယ်ချင်းက လာကူးနေကြမို့သိပြီးသားပေါ့။ ရေမကူးတတ်တဲ့ သူကတော့ သူအသက်မသေတဲ့ အတွက် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ကြုံးဝါးလိုက်တာက `ငါမသေဘူး ရေကူးတတ်တယ်ကွ´ တဲ့ကွယ်။ အန်င်

Tuesday, September 18, 2007

နှလုံးသားနှင့်ရင်း၍ …

ဒီနေ့ ရာသီဥတုက အရမ်းသာယာတယ်။ ရာသီဥတုသာယာ သလောက် ရင်ထဲမှာတော့ မိုးမှောင်ကျနေတယ်။ မိုးကြိုးတွေလည်း အခါတစ်ရာမကပစ်ခတ်လို့နေပါတော့တယ်။ နာရီလက်တံတွေကို ကြည့်နေခဲ့တယ်။ စကန့်တန်သွားနေတဲ့ `ချပ်…ချပ်´ ဆိုတဲ့အသံဟာ သူ့အတွက်တော့ ငှက်ဆိုးထိုးသံအလားပါပဲ။ `ဝေါ……´ ဒီအသံက သူ မကြားလိုတဲ့ အသံပါပဲ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လေယာဉ် တစ်စင်း တိမ်တွေကို အံတုရင်း တဖြည်းဖြည်း မြင့်သထက်မြင့်တက်ကာ မျက်စိထဲမှာ ကွယ်ပျောက်သွားသည်အထိ ကြည့်နေခဲ့မိပါတယ်။လေယာဉ် မျက်စိရှေ့က ပျောက်သွားသလို သူ့ရင်ထဲက အသည်းနှလုံးသည်လည်း ကြေမွ ပျက်စီးဆုံးရှုံးခဲ့ရပါပြီ။ ယောက်ျားလေးတန်မဲ့ အသိတရားကင်းမဲ့စွာ ဖင်ထိုင်ရက်ကျသွားပြီး မျက်ရည်တွေ စီးကျလာပါတော့တယ်။

လွန်ခဲ့တဲ့ ၁၀နှစ် ကောင်မလေးတစ်ယောက် ကျွန်တော်တို့အိမ် ခြေရင်းအိမ်ကို သူ့မိသားစုနှင့်အတူ ပြောင်းလာခဲ့ပါတယ်။ အဲဒီနေ့ ကတည်းက ဘာကိုမှ အလေးအနက်မထားတတ်တဲ့ကျွန်တော် သူမရဲ့ပတ်သက်တဲ့ ကိစအ၀၀ ကို အလေးထားတတ်လာတယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ကျွန်တော် အရာရာကိုဂရုစိုက် တတ်လာယ်၊ သူမကို ဘယ်တော့မှ မေ့ရ မည် မဟုတ်တော့ပါ။ သူမနဲ့ကျွန်တော် အရင်းနှီးဆုံးနဲ့ အခင်ဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ ဘာသာဘာဝထုံးစံအတိုင်း ချစ်သူ တွေလည်း ဖြစ်ခဲ့ ကြပါတယ်။ အဲဒီအချိန်တွေဟာ ကျွန်တော့်အတွက် အပျော်ရွှင်ရဆုံးအချိန်တွေပါပဲ။ အဲဒီမှာပဲ ပြသနာစတော့တာပဲ။ ဘာသာခြားပြသနာကစတာပါ။ သူမက ခရစ်ယာန်၊ ကျွန်တော်က ဗုဒ္ဓဘာသာ၊ ပိုဆိုးတာက ကျွန်တော်တို့ကလည်း ဗုဒ္ဓဘာသာစစ်စစ် သူမရဲ့အဖေက သင်းအုပ် ဆရာ၊ သူမအဖေကို အိမ်ပြောင်းလာ တည်းက တခါမှမမြင်ဘူးပါ။ သူမအဖေက နိုင်ငံတကာ လိုက်ပြီး သာသနာပြု နေတာတဲ့။ ကဲ ကျွန်တော်တို့ နှစ်ဖက်လုံးမှာမှ အခက်အခဲမရှိဘူးဆို ကျွန်တော်တို့လည်း ဘယ်စိတ်ဆင်းရဲပါ့မလဲ။ ကျွန်တော်တို့ကို ခွဲဖို့ အတွက် သူမရဲ့မိဘတွေက အဆောင်မှာနေပြီး လုပ်ရတဲ့အလုပ်ကို ထည့်လိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူမရဲ့ နားရက်ရှိတဲ့ နေ့တွေမှာ တွေ့ဖြစ်ခဲ့ကြပါတယ်။ ဒီလိုပဲ နေလာရင်း သူမကကျွန်တော်ကို လမ်းခွဲကြစို့လို့ဆိုပါတယ်။ ကျွန်တော်နားကြားများမှားသလား၊ ဒါမှ မဟုတ် အိပ်မက်များ မက်နေလားပေါ့၊ အိပ်မက်ဆိုလည်း မြန်မြန်နိုးထချင် ပါပြီ။ အိပ်မက်မဟုတ်ဘဲတကယ်ဖြစ် နေခဲ့တယ်။ ပြီးတော့ နှုတ်ဆက်ပါ တယ်လို့လည်းပြောသေးတယ်။ ဘာတွေလည်းပေါ့ သူမနိုင်ငံခြားကို အပြီးထွက်သွားတော့မယ်တဲ့ သူမအဖေက ဟိုမှာကျောင်းတက်ဖို့ လှမ်းခေါ် နေပြီတဲ့လေ။ သူမတို့မိသားတစုလုံး သွားမယ့်အစီအစဉ်ရှိ မှန်းတော့ သိပါတယ်။ ဒါပေမယ့် ဒီလောက်ထိမြန်မြန်ဆန်ဆန် ကျွန်တော်တို့ကို ခွဲလိမ့်မယ်လို့တော့ မထင်ဘူးပေါ့။ သူမက မြန်မာကျောင်း မတက်ပါဘူး။ ခရစ်ယာန်ကျောင်းမှာပဲ ဆယ်တန်း အောင်ထားတာပါ။ ဟိုမှာ ကျောင်းဆက်တက်ဖို့ပေါ့။ ကျွန်တော် သူမကို ဘာမှမပြောနိုင်ပဲ ဒီအတိုင်း ခေါင်းငိုက်စိုက်ချရင်း ပြန်လာခဲ့တယ်။ မျက်ရည်တွေလည်း စီးကျလို့ပေါ့။ သူမကို ဒီမနက်လှမ်းမြင်လိုက်တယ်။ သူမအမေနဲ့ သူမကို အလုပ်က ပြန်ခေါ်လာတဲ့ပုံပါပဲ။

သူမကိုတွေ့ဖို့ ကျွန်တော်ကြိုးစားတယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး။ ကျွန်တော်တို့ အိမ်နှစ်အိမ်ရဲ့ အခြေအနေကလည်း ကျွန်တော်တို့ကြောင့် တင်းမာနေ ခဲ့ပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲ၊ သူမကို အဆုံးအရှုံး မခံရအောင် ခိုးပြေးဖို့ နည်းလည်းပဲရှိပါတော့တယ်။ ကျွန်တော် သူငယ်ချင်း တစ်ယောက်စီ အကူအညီ တောင်းတယ်။ သူမဆီ သွားပြောတယ်၊ ဒါပေမယ့် သူမက မလိုက်နိုင်ဘူးတဲ့။ သူမဖခင်ဆီ သွားဖို့၊ သူမ ကျောင်းတက်ဖို့က သူမလေးနှစ်သမီးတည်းက ရည်မှန်းထားတဲ့ ရည်မှန်းချက်တဲ့ မိသားစုအကုန်သွားကြမှာ သူမတစ်ယောက်တည်း ဒီနိုင်ငံမှာနေခဲ့ဖို့က မဖြစ်နိုင်ပါဘူးတဲ့။ ကျွန်တော့်သူငယ်ချင်းဆီက တဆင့်ဒီစကားကို ကြားခဲ့ရပါတယ်။ ကျွန်တော် မယုံကြည်နိုင်ပါ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့သူမခွဲခွာရမှာလား။ ဒီနေ့မနက် သူမတို့အိမ်မှာ ရှုပ်ယှက်ခတ် နေကြတယ်။ ရယ်သံတွေလည်းကြားနေရတယ်။ သူမရယ်သံကြားတိုင်း ကျွန်တော့်ရင်မှာ တဆစ်ဆစ်နာကျင်ရပါတယ်။

ကားတစ်စီးသူမတို့အိမ်ရှေ့လာရပ်တာတွေ့လိုက်ပါတယ်။ သူမတို့မိသားစု ကားလေးပေါ်တက်ရင်း တဖြည်းဖြည်း ကျွန်တော်တို့ဝေးရာဆီကို ထွက်ခွာသွားကြပါပြီ။ ဘယ်တော့မှ ပြန်လာတော့မှာလည်း မဟုတ်တော့ပါဘူး။ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ကျွန်တော် သူမကို မေ့ဖျောက်နိုင်အောင် ကြိုးစားနေထိုင် ရပါဦးမည်။ သူမမရှိတဲ့နေ့တွေကို ကျွန်တော်ဖြတ်သန်းနေထိုင်ရဦးမည်။ စဉ်းစားရင်းစဉ်းစားရင်း ရင်ထဲမှာ မွန်းကြပ်လို့လာပါတော့တယ်။ သူမတစ်ယောက် သူမဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်း နိုင်ပါစေလို့ ကျွန်တော့်နှလုံးသားနဲ့ရင်းပြီး ဆုတောင်းပေးလိုက်ပါတယ်… သူမပျော်ရွှင်ပါစေ……

ဆက်လက်ကြိုးစားပါဦးမည်။

Monday, September 17, 2007

ကျောင်းသားဆင်ခြေ

ဧရာဝတီမြစ်ကမ်းဘေးက မြို့လေးတစ်မြို့ရှိသတဲ့ကွယ်။ အဲဒီမြို့လေးမှာ ကျောင်းကားရယ်လို့လည်း မရှိ လိုင်းကားရယ်လို့လည်းမရှိဘူးကွယ့်။ စက်ဘီး၊ ဆိုက်ကားနဲ့ မြင်းလှည်းတွေကိုပဲအားကိုးနေရတယ်။ မြစ်ကမ်းဘေးဆိုတော့ သင်္ဘောတော့ရှိတာပေါ့နော်။ အဲဒီ့မြို့ရဲ့ အလယ်တန်းကျောင်းမှာ ကျောင်းအမြဲ နောက်ကျတဲ့ ကျောင်းသားတစ်ယောက် ရှိသတဲ့။ သူ့အတွက် ကျောင်းတက် ခေါင်းလောင်းထိုးသံလေးဟာ မိုးကြိုးပစ်တာပဲတဲ့။ တစ်မျိုးတော့ အထင်နဲ့နော်။ မိုးကြိုးပစ်တယ်ဆိုတာ ဆရာမမေးရင် ပြန်ဖြေဖို့ဆင်ခြေကို စဉ်းစားရလို့တဲ့။ ဆရာမကလည်း သူပြောလာမယ့် ဆင်ခြေတွေကို ကြိုသိတယ်။ အိမ်အလုပ် ၀ိုင်းကူရလို့။ အမေနေမကောင်းလို့ ဆင်ခြေပေါင်းစုံပဲတဲ့။ ဒီနေ့လည်း ထပ်နောက်ကျပြန်ပြီ ဆရာမမေးရင် ဘယ်လို လှည့်ပတ်ပြောရမလဲပေါ့။ သူတွေးထားတဲ့အတိုင်းပဲ ဆရာမက မေးတယ် “ဒီနေ့လည်း အမေနေမကောင်း လို့လား”တဲ့ အဲတော့ မောင်ကျောင်းသား ဘယ်လိုဖြေလိုက်တယ်မှတ်လဲ “ အမေနေမကောင်းလို့ မဟုတ်ပါဘူး ဆရာမ၊ သင်္ဘောဘီးပေါက်နေလို့ပါ ဆရာမ”တဲ့ကွယ်။

သူငယ်ချင်းသို့… 2

သူငယ်ချင်း ငါတမ်းတတာ
မာယာမဟုတ်
ဖြူစင်တဲ့ မေတ္တာတရား

သူငယ်ချင်း ငါလိုချင်တာ
ကျောက်မျက်ရတနာမဟုတ်
စစ်မှန်တဲ့ ခင်မင်မှု

သူငယ်ချင်း ငါမက်မောတာ
စည်းစိမ်မဟုတ်
အကြင်နာနဲ့ ဂရုဏာ

သူငယ်ချင်း ငါလောဘကြီးတာ
ရွှေငွေမဟုတ်
အမှန်တရားနဲ့ သစ္စာတရား …

Saturday, September 15, 2007

အိပ်မက်တစ္ဆေ .....

ညတစ်ည အဲဒီညက ပိုမှောင်နေတယ်လို့ ခံစားရတယ်။ အရင်နေ့တွေထက်ကို ပိုမှောင်နေတယ်။ ၂နှစ်အရွယ် ကလေးလေးတစ်ယောက် လဲလျောင်းနေတဲ့လူတစ်ယောက်ကို သူ့ရဲ့မပီကလာ ပီကလာ အသံလေးနဲ့ “ဖေဖေ မီချွမ်ချားမရား။ ချန်ပြုတ်ချားမရား”လို့ မေးနေတယ်။ “မစားပါဘူး သမီးရယ်၊ ဖေဖေနေမကောင်းလို့ အိပ်လိုက်ဦးမယ်နော် သမီလေး”လို့ ပြန်ပြောလိုက်တယ်။ အဲဒီစကားက ကလေးလေးအတွက် နောက်ဆုံးကြားရတဲ့စကားလို့ ဘယ်သူထင်မှာလဲ။ အဲဒီအချိန်မှာပဲ မိန်းမကြီးတစ်ယောက်ရောက်လာတယ် “သမီးရေ ဖေဖေနေမကောင်းလို့ နားပစေနော်။ သမီးဒီမှာ ကိုကိုနဲ့လာဆော့” ပါးစပ်ကပြောရင်း လာခေါ်သွားတယ်။ ကစားရင်းနဲ့ အဲဒီကလေးလေး အိပ်ပျော်သွားခဲ့တယ်။
မနက်မိုးလင်းတော့ တစ်အိမ်လုံးရောက်ယှက်ခတ်နေကြတယ်။ “သမီးလေး နိုးပြီလား”လို့ မေးလိုက်တဲ့ မေမေ့ရဲ့အသံဟာ အရင်နေ့တွေနဲ့ မတူဘူး။ တမျိုးဖြစ်နေတယ်လို့ခံစားရတယ်။ မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့။ ဘာဖြစ်လို့ပါလိမ့်။ ငါမြန်မြန်လူကြီးဖြစ်ရင်ကောင်းမယ်။ မျက်နှာသစ်ဖို့ အခန်းထဲက ထွက်လာတော့ အိမ်မှာ လူတွေအများကြီး ငိုတဲ့သူကငို၊ ရီတဲ့သူကရီ၊ အလုပ်ရှုပ်နေတဲ့သူနဲ့ အိမ်ရှေ့မှာလည်း ၀ါးတွေနဲ့ ဘာတွေလုပ်နေကြလဲမသိပါဘူး။ အိမ်ပေါ် မှာလည်း လူအပြည့်နဲ့၊ အိမ်အောက်မှာလည်း လူအပြည့်။ ဟော... တွေ့ပါပြီ လူတစ်လျောက် အိပ်ပျော်နေတယ်။ သူ့ဘေးမှာလည်း လူတွေပတ်ပတ်လည် အနားနား ကပ်ကြည့်တယ်။ သြော် ဖေဖေအိပ်နေတာကို ၀ိုင်းကြည့်နေကြတာကိုး ဘာလို့ငါ့ကို သနားပါတယ်ဆိုတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတာလဲ။ အနားနားသွားပြီး ဖေဖေ့ကို လှုပ်နှိုးတယ် “ဖေဖေဘာရို့ မထသေးတာရဲ မိုးရင်းနေပီလေ ထထ ညက်နှာသစ် သွားကြိုက်ရအောင် ထ” ဘယ်လိုလှုပ်လှုပ် မလှုပ်တော့ပါဘူး။ မယုံကြည်နိုင်၊ လက်မခံနိုင်တဲ့ မျက်နှာငယ်လေးနဲ့ကြည့်ရင်း မျက်ရည်တွေ စီးကျလာပါတော့တယ်။ သူ့အတွက် မြင်းမိုရ်တောင်ကြီး ပြိုသွားခဲ့ပြီလေ။ သနားဖို့ကောင်းလိုက်တာ သူ့ကြည့်ရတာ နောင်တရနေပုံပါပဲ။ ငါသာ အိပ်မပျော်ခဲ့ရင်၊ ငါသာ ဖေဖေ့အနားက ထွက်မသွားခဲ့ရင် ဖေဖေက ထားသွားမှာ မဟုတ်ဘူး၊ ဒါမှမဟုတ် သု့ကိုမချစ်တော့လို့လား။
ဒီနေ့အိမ်မှာ အရင်နေ့ကထက် လူတွေပိုများနေတယ်။ သူတို့ ဖေဖေကို ထမ်းပြီးခေါ်သွားကြတယ်။ ဘယ်ကို ခေါ်သွားမှာပါလိမ့်။ မေမေက သားနဲ့ သမီးကို ပေါင်ပေါ်မှာ တင်ထားတရ်။ ဖေဖေ့ကို လေးထောင့်ပုံးရှည်ရှည်ထဲကို ထည့်နေတယ်။ မေမေက “သားနဲ့သမီး ဖေဖေ့ကို ကန်တော့ကြ” ပြောရင်း မေမေ့မျက်နှာမှာ နာကျင်မှုတွေနဲ့အတူ မျက်ရည်တွေ ဖြိုင်ဖြိုင်စီးကျနေတာ မိုးပြိုတဲ့ အလားပါပဲ။ ပြီးတော့ ဖေဖေ့ဝင်နေတဲ့ ပုံးကြီးကို အခန်းတစ်ခုထဲခေါ်သွားတယ်။ “ဂျိမ်း” တံခါးပိတ်လိုက်တဲ့အသံအဆုံးမှာ ရင်ထဲမှာ တစ်ဆို့ပြီး ဖေဖေ့ကို မရမကလှမ်းခေါ်တယ်။ မကြားဘူး။ အသံအကျယ်ကြီးနဲ့ခေါ်တယ်။ မရဘူး။ ပြန်ထွက်မလာဘူး။ ဖေဖေက ငါတို့ကို မချစ်တော့လို့လား။ ဒါလည်းမဟုတ်လောက်ဘူး။ “မလုပ်ကြပါနဲ့”လို့ အသံနက်ကြီးနဲ့ လှမ်းအော်တယ်။ အိပ်မက်က လန့်နိုးလာတယ်။ တစ်ကိုယ်လုံးလည်း ချွေးစေးတွေထွက်နေတယ်။ ဒါအိပ်မက်ပဲ စားပွဲပေါ်က ရေကိုလှမ်းယူလိုက်တယ်။ ရေခွက်ပြန်အထားမှာတော့ တစ်ခုခုကို သတိထားမိသလိုပဲ။ “အမယ်လေး လုပ်ကြပါဦး” အလုပ်နောက်ကျနေပြီ။ အလုပ်ရောက်ရင် တံခါးမဖွင့်ချင်၊ ဖွင့်ချင်နဲ့ ဖွင့်ပေးရလို့ စိတ်တိုတတ်တဲ့ ဂိတ်စောင့်ရယ်၊ စာအုပ်သိမ်းပြီးမှ ရောက်လာလို့ စူဆောင့်အောင့်နေတဲ့ စာရေးမရယ်။ အချိန်ကို မလေးစားရကောင်းလားဆိုပြီး ဆူဖို့စောင့်နေတဲ့ ကြီးကြပ်ရေးမှူးရယ်၊ လငပုတ်ဖမ်းတဲ့ မျက်နှာနဲ့ ကြည့်နေတဲ့ မန်နေဂျာရယ် အို အများကြီး ဘယ်လို ရင်ဆိုင်ရပါ့ “ကယ်ကြပါဦး”။

ဆက်၍ ကြိုးစားပါဦးမည်...

ပန်ကြားလွှာ...

လာရောက်လည်ပတ်ကြသော ညီအစ်ကို၊ မောင်နှမ၊ မိတ်ဆွေများနှင့် ဧည့်သည်အပေါင်းတို့အား မေတ္တာရပ်ခံအပ်ပါသည်။ မီးလေးက ကဗျာဆရာမဟုတ်သလို၊ စာရေးဆရာလည်းမဟုတ်ပါ။ သို့ပါသောကြောင့် မီးလေးရဲ့ ကဗျာများ ကာရံမညီခြင်း၊ ၀တ္ထုတိုများ ဇာတ်ကောင်စရိုက် မပီပြင်ခြင်း၊ ဇာတ်လမ်း ဇာတ်ကွက် မကျခြင်းများအား သည်းခံပြီးဖတ်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ မီးလေးရဲ့ စာတိုပေစ မတောက်တခေါက်စာများအား လာရောက်ဖတ်ရှုကြသော ဧည့်သည်တော် အပေါင်းတို့အား ကျေးဇူးအထူးတင်ရှိပါသည်။

သူငယ်ချင်းသို့... 1

သူငယ်ချင်း ငါသာတန်ခိုးရှင်ဖြစ်ရင်လေ
မင်းကို လိုတရဖန်မီးအိမ်လေး ဖန်ဆင်းပေးချင်တရ်
မင်းလိုအပ်တဲ့အခါ လိုချင်တဲ့အခါ အဆင်သင့်ဖြစ်စေဖို့ ...

သူငယ်ချင်း ငါသာဖန်ဆင်းရှင်ဖြစ်ရင်လေ
မင်းကို တောင်ပံလေးတစ်စုံ တပ်ပေးချင်တရ်
မင်းကောင်းကင်မှာ လွတ်လပ်စွာ ပျံနိုင်ဖို့ ...

သူငယ်ချင်း ငါသာမှော်ဆရာဖြစ်ရင်လေ
မင်းကြောက်တဲ့အကြောင်းအရာတွေ ဖျောက်ဖျက်ပေးချင်တရ်
မင်းလောကကြီးကို ကောင်းကောင်းရင်ဆိုင်နိုင်စေဖို့ ...

သူငယ်ချင်း ငါသာဂျိုကာဖြစ်ရင်လေ
မင်းအမြဲပြုံးနိုင်ဖို့ ရီစရာတွေပြောပေးချင်တရ်
မင်းအတွက် ပျော်ရွှင်မှုတွေ ထာဝရပေးနိုင်ဖို့ ...

သူငယ်ချင်း ငါတို့တွေ ခိုင်မြဲမှုတွေ၊ ကြံ့ကြံ့ခံမှုတွေ၊ အချစ်မေတ္တာတွေ၊
လုံ့လ၀ီရိယတွေ၊ သစ္စာရှိမှုတွေနဲ့ ဘ၀ကို ပျော်ရွှင်စွာ
ဖြတ်သန်းသွားကြပါစို့ ....

Friday, September 14, 2007

Difference

What's the difference between a good lawyer and a great lawyer?

A good lawyer knows the law. A great lawyer knows the judge.

A teacher, a thief and a lawyer

A teacher, a thief and a lawyer all die in the same freak accident. So when they reach the pearly gates, St. Peter tells them that, unfortunately, heaven is overcrowded, so they each have to answer a question correctly for admission.
The teacher is first, and St. Peter asks, “Name the famous ship that was sunk by an iceberg?”

“Phew, that one’s easy,” says the teacher, “The Titanic.”

“Alright,” said St.Peter, “you may pass.”

Then thief went second: “How many died on the Titanic?”

သူနဲ့သာဆိုရင်

ကြာတော့ ကြာခဲ့ပါပြီ သူငယ်ချင်းတွေနဲ့လျှောက်သွားကြတော့ သူငယ်ချင်းစုံတွဲတစ်တွဲပါလာတယ်။ အဲစုံတွဲထဲက ကောင်လေးက စကားဝဲတယ် မပီဘူး။ ပြန်လာကြတော့ အနီးစပ်ဆုံးနေရာမှာ သူငယ်ချင်းတွေလမ်းခွဲကြတော့ ကောင်လေးက သူ့ကောင်မလေးကို လိုက်ပို့ပေးမယ်တဲ့။ အဲအချိန်မိုးကရွာနေတယ်။ မီးလေးအပါအ၀င် ကျန်တဲ့ သူငယ်ချင်းတွေက “လမ်းလည်းမတူဘဲနဲ့ ထီးလည်းမပါဘူး။ ငါတို့နဲ့ပဲ လိုက်ပြန်” ပြောတော့ စကားကလည်းမပီ သူပြန်ပြောလိုက်တဲ့ စကားကိုလည်းကြားရော မီးလေးတို့ သူငယ်ချင်းအုပ်စု ၀ိုင်းရီလိုက်ကြတာ တစ်လမ်းလုံး ဆူညံသွားတာပဲ။ သူပြန်ပြောလိုက်တာက “အရှစ်နဲ့ရှို မိုးပဲရှိုရှို”တဲ့ ကဲမရီရဘူးလား။ မရီရင် ချိတ်ချိုးမှာနော်....

Wednesday, September 12, 2007

ကြောက်ပါပြီဗျ

မီးလေးသူငယ်ချင်း သွားဆေးရုံမှာ သွား,သွားပြတုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို မှီညမ်းပြီး ဟာသလေး အဖြစ် တင်ပြပေးလိုက်ပါတယ်။

တစ်နေ့ လူတစ်ဦးသည် သွားကိုက်ပါသဖြင့် သွားဆေးရုံသို့ သွားရောက်ပြသလေသည်။

အလုပ်သင်ဆရာဝန်တစ်ဦးက ဘယ်သွားနာတာလည်း ပါးစပ်ဟပြပါဦး။ လူနာက ပါးစပ်ဟပြတယ် စမ်းသပ် တယ်၊ ပြီးထွက်သွားတယ်။ နောက်အလုပ်သင်ဆရာဝန်တစ်ဦး ထပ်ရောက်လာတယ် ရှေ့ကဆရာဝန် အတိုင်း ပါးစပ်ဟခိုင်းတယ်၊ ကြည့်တယ်၊ ပြီးထွက်သွားတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက်လာလိုက်၊ ပါးစပ်ဟ ခိုင်းလိုက်၊ စမ်းသပ်လိုက်၊ ပြန်လိုက်နဲ့ ဘယ်နှယောက်လဲဆိုတာ မရည်တွက်နိုင်တော့ပါဘူး။ အချိန်က နှစ်နာရီ နီးပါးကြာသွားတယ်။ ပါးစပ်ဟရလွန်းလို့လည်း ပါးစောင်တွေလည်းညောင်းနေပြီ။ နောက်ဆုံး လက်ထောက် ဆရာဝန် ရောက်လာတော့မှပဲ ကိစ္စပြတ်တော့တယ်။

“လိုအပ်တာတွေ လုပ်ဖို့အတွက် မနက်ဖြန်ပြန်လာခဲ့ပါ”။

“အမယ်လေး၊ ကြောက်ပါပြီဗျ မလာပါရစေနဲ့တော့ နောက်လည်း သွားဆေးရုံဘယ်တော့မှ မလာတော့ပါဘူး။ မနက်ဖြန်သာ ထပ်ပြီးခုလိုမျိုး စမ်းသပ်ခံရမယ်ဆိုရင် သွားက ဘာမှမဖြစ်တော့ဘဲနဲ့ ပါးစပ်ပိတ်လို့မရတော့ဘူး ဖြစ်သွားပါလိမ့်မယ်”

တွေးပြီးမှ ပြုံးပါ….

တစ်ခါတုန်းက တက္ကသိုလ်မှာ ....

အဝေးသင်ကျောင်းတွေဖွင့်ပြီဆိုတော့ ကျောင်းတက်တုန်းကအချိန်လေးတွေ ပြန်သတိရမိပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အတူတူသွားခဲ့တဲ့ ဘွဲ့နှင်းသဘင်ရှေ့ဓာတ်ပုံရိုက်ခဲ့ကြတာတွေ ၊ မုခ်ဝနဲ့ ပတ္တမြားကြီးနား ရေပန်းမှာ ဓာတ်ပုံရိုက်ခဲ့ကြတာတွေ အမှတ်ရနေမိပါတော့တယ်။ မီးလေး တတိယနှစ်က စာတွေကလည်း ခက်တယ်လို့ အများကပြောတော့ ကြောက်ပြီး ကျူရှင်တက်ဖို့လုပ်ပြီးမှ အချိန်မရလို့ မတက်ဖြစ်လိုက်ဘူး။ အနီးကပ် ၁၀ရက်ပဲတက်ပြီး ဖြေဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ အနီးကပ်၁၀ရက်ဆိုတော့ သိတဲ့အတိုင်းပဲ တစ်ချို့ဆရာမတွေကလည်း သဘောကောင်းပြီး စာကို သေချာရှင်းပြတဲ့ဆရာမရှိသလို၊ ကျောင်းသားတွေကို ရှင်းပြတာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ရှင်းပြ/သင်ပြပြီးပြန်သွားတဲ့ ဆရာမလည်းရှိပါတယ်။ သူများတွေက ကျူရှင်တက်ထားကြတော့ လျှောက်သွားကြပါတယ်။ မီးလေးတို့သူငယ်ချင်းတွေကတော့ lectureတွေကို လွတ်မှာစိုးလို့ ဘယ်မှမသွားပဲ အမှတ်တရဓာတ်ပုံရိုက်ဖို့တောင် အချိန်လုပြီး ထွက်ရပါတယ်။ တစ်ခါတစ်လေရောက်ဖြစ်တဲ့ ကန်တင်း(မ်)ရယ်၊ ဘွဲ့နှင်းသဘင်ရယ်၊ ဒဂုံတက္ကသိုလ်ရှေ့ကျောင်းမုခ်ဝနဲ့ ပတ္တမြားရေပန်းနားရယ်ကို သတိရလျက်.....

Tuesday, September 11, 2007

သြော်..ဟုတ်သား၊ မေ့နေလို့

လူလတ်ပိုင်းအရွယ် မေ့တတ်တဲ့သူတစ်ယောက်ဟာ သူ့ကိုယ်သူ စိတ်ပျက်လို့နေပါတယ်။ ငါဘာလို့အမြဲမေ့တတ် တာလဲ။ မဖြစ်သေးပါဘူး ဆေးခန်းသွားဦးမှပဲ။
“ဒီမှာခင်ဗျာ ကျွန်တော်တစ်ခုလောက်စုံစမ်းချင်လို့။ မေ့တတ်တာကုတဲ့ ဆရာဝန်ရောက်ပြီလားလို့ပါ။”
“ခဏစောင့်ပါဦး ဟိုရှေ့ကဆရာမကို မေးလိုက်ဦးမယ်။ ဆရာမ...ဆရာမ မေ့တာကုတဲ့ဆရာဝန်ရောက်ပြီလားလို့ ဒီလူကမေးနေတယ်။”
“ဟောတော့...ဆရာက မေ့တာကုတဲ့ဆရာဝန်လေ”
“သြော်..ဟုတ်သား၊ မေ့နေလို့ ဆောရီးနော်”
“ဟိုက်”

သွေးလှူမယ်ဆိုရင်

ဒီခေါင်းစဉ်လေးကို ရွေးဖြစ်တာကတော့ RAVEN Blood Donor Club ကို မိတ်ဆက်ပေးချင်လို့ တင်ပြလိုက်ရပါတယ်။ ဒီclubကို မီးလေးအရမ်းသဘော ကျတယ်။ ကိုယ်ကဦးဆောင်ပြီးမလုပ်နိုင်တဲ့အတွက် သူများလုပ်နေတဲ့ အလုပ်ကို အားလည်းပေးတယ်။ ပရဟိတလုပ်ငန်းတွေကို ၀ါသနာပါပေမယ့် ကိုယ်ကမလုပ်နိုင်လို့ သူများလုပ်တာကို တဖက်တလမ်းက ဒီပို့စ်လေးကနေ ကူညီလိုတဲ့ ဆန္ဒနဲ့ ရေးသားတင်ပြလိုက်တာဖြစ်ပါတယ်။ လွဲချော်တာများရှိခဲ့ရင် RAVEN Blood Donor Clubအနေနဲ့ ခွင့်လွတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ဒီclubလေးက သွေးလိုတဲ့လူနာရှင်တွေအတွက် သွေးလှူရှင်တွေကို စုဆောင်းပေးနေတဲ့ အသင်းအဖွဲ့လေးတစ်ခုပါပဲ။ လောကမှာ အမွန်မြတ်ဆုံးအလှူဟာ သွေးလှူခြင်းပဲဖြစ်ပါတယ်။ ဒီဘလော့ဂ်လေးကို လာရောက်ဖတ်ရှုတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများ သွေးလှူချင်ကြတဲ့ဆိုရင် http://raven-bdc.blogspot.com/ ဒါမှမဟုတ် Raven.org@gmail.com မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ အမည်၊ သွေးအမျိုးအစား၊ ဆက်သွယ်ရန် နေရပ်လိပ်စာနှင့်ဖုန်းနံပါတ်တို့ကို ပေးထားနိုင်ပါတယ်။ သွေးလှူရှင် လိုအပ်ခဲ့မယ် သွေးအမျိုးအစား ကိုက်ညီမယ်ဆိုရင်တော့ သင့်ကို ဆက်သွယ်ပေးပါလိမ့်မည်။

သွေးလှူမယ်ဆိုရင် သွေးလှူရှင်ဟာ HIV(Retro), HBs Ag(B), Anti HCV(C) ရှိမရှိ အရင်ဦးဆုံးစစ်ရပါမယ်။ Blood Grouping(ABO), Blood Grouping(Rh), Haemoglobin တို့ကိုစစ်ရပါမယ်။ Haemoglobin နည်းမယ် ဆိုရင်တော့ သွေးလှူလို့မရသေးပါဘူး။ ဒါပေမယ့် စိတ်ဓာတ် မကျပါနဲ့။ ဟေမိုဂလိုဗင်နည်းတယ်ဆိုတာရောဂါမဟုတ်ပါဘူး။ အစားအသောက်၊ အအိပ်အနေအထိုင် နည်းတဲ့အခါ ဟေမိုဂလိုဗင် နည်းတတ်ပါတယ်။ သွေးလှူတန်းနိုင်တဲ့ ဟေမိုဂလိုဗင်ရနိုင်အောင် သံဓာတ်ပါတဲ့အစားအစာ များများစားပေးပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ပင်ကိုယ်က သွေးအားနည်းတတ်တဲ့သူဆိုရင်တော့ ဟေမိုဂလိုဗင် နည်းတတ်ပါတယ်။ သွေးမလှူသင့်ပါဘူး။ ဒါလေးတွေက မီးလေးသိသလောက်ကို ဝေမျှပေးလိုက်တာပါ။ အသေးစိတ်သိလိုလျှင် အပေါ်မှာပေးထားတဲ့ လိပ်စာအညွှန်းအတိုင်း စုံစမ်းမေးမြန်းနိုင်ပါတယ်။ သွေးလှူတန်းခြင်းဖြင့် မြတ်သောကုသိုလ်ယူနိုင်ကြပါစေ။

ကျွဲကောသီးအကြောင်းသိကောင်းစရာ

အသားအရေ လှပချောမွေ့စိုပြည်လိုသူတွေ၊ ကိုယ်အလေးချိန်လျှော့လိုသူတွေနဲ့ ခွဲစိတ်ပြီး မြန်မြန်အနာကျက်လိုသူတွေအတွက် ကယ်ရီဓာတ်နည်း၊ အဆီဓာတ်နည်း၊ ဗီတာမင်စီဓာတ်များတဲ့အတွက် ကျွဲကောသီးဟာ စားလို့သင့်တော်တဲ့ အသီးပဲဖြစ်ပါတယ်။

Monday, September 10, 2007

သစ်တော်သီးနှင့်အကျိုးကျေးဇူး

မီးလေး ဘာပို့စ်တင်ရင်ကောင်းမလဲလို့ စဉ်းစားရင်း ခေါင်းထဲမှာ အတွေးတစ်ခုဝင်လာပါတယ်... ခုရာသီက သစ်တော်သီးပေါ်တဲ့အချိန် သစ်တော်သီးနဲ့ပတ်သက်တဲ့ အကျိုးအပြစ်တွေကို စာစောင်တစ်ခုမှာ ဖတ်ခဲ့ဖူးပါတယ်။ အဲဒါကို မှတ်မိသလောက်လေး ပြန်လည်တင်ပြပေးလိုက်ပါတရ်ရှင်...

သစ်တော်သီးဟာ တရုတ်တိုင်းရင်းဆေးပညာအရလည်း ဆေးဘက်ဝင်အသီးတစ်မျိုးဖြစ်ပါတယ်။
သွေးတိုးရောဂါ၊ မူးဝေခြင်း အတွက် သစ်တော်သီး ၂၀ကျပ်သားကို အခွံခွာ၊ အစေ့ထုတ်ပြီးပါးပါးလှီးပါ။ တရုပ်နံနံ ခြောက်ကျပ်ခွဲသားကို သန့်စင်အောင် ရေနွေးဖျောပြီး နုပ်နုပ်စဉ်းထားပါ။ ပါးပါးလှီးထားတဲ့ သစ်တော်သီး နုပ်နုပ်စဉ်း ထားတဲ့ တရုတ်နံနံတို့ကို ပန်ကန်ကြီးမှာထည့်ပါ။ ဆားနည်းနည်း၊ ရှာလကာရည် နည်းနည်း၊ နှမ်းဆီသင့်ရုံစဉ်းထား တဲ့ မြန်မာနံနံပင်ဖြူးပြီး နှံ့အောင်နယ်ပါ။ ထမင်းနဲ့အတူ ဟင်းအဖြစ် ကြိုက်သလောက်စားနိုင်ပါတယ်။

အဆုတ်လေပြွန်ရောင်ခြင်း၊ အပူချောင်းဆိုးခြင်း အတွက်ကတော့ သစ်တော်သီးတစ်လုံးကို အခွံခွာအစေ့ထုတ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်မြိတ်အမြစ်ပါ အဖြူပိုင်းခုနစ်ပင်ကို ရေစင်စင်ဆေး၊ အပိုင်းတိုများအဖြစ် လှီးပါ။ သစ်တော်သီးနဲ့ ကြက်သွန်မြိတ်အပိုင်းတွေကို အိုးထဲထည့် သောက်ရေသန့်ဗူး တစ်ဝက်စာ (၅၀၀စီစီ)နဲ့ ထည့်ပြုတ်ပြီး ၃၀၀စီစီကျန်အောင်ပြုတ်ပါ။ ကြက်သွန်မြိတ်များကို ဖယ်ထုတ်ပြီး သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ဆူရင် နှစ်ကြိမ်အမျှခွဲပြီး အရည်သောက် သစ်တော်သီးကို စားပါက အပူကျစေပါတယ်။ သလိပ်ပျော်ပြီး ချေက်ဆိုးသက်သာစေမှာ အမှန်ဖြစ်ပါတယ်။ သုံးရက်ကနေ ငါးရက် ဆက်သောက်နိုင်ပါတယ်။

သစ်တော်သီးဟာ အအေးစာဖြစ်တဲ့အတွက် ၀မ်းလျှောလွယ်တဲ့လူ၊ အအေးလွန်ကဲလို့ ဗိုက်နာဗိုက်အောင့် တတ်တဲ့ အစာအိမ်ရောဂါရှိသူတွေ မစားသင့်ပါဘူး။ သွေးချို၊ ဆီးချိုရှိသူတွေနဲ့ မီးနေသည်များ၊ ဓမတာပေါ်ချိန်ကာလအတွင်း အမျိုးသမီးများလည်း မစားသင့်ပါဘူး။

ဗီတာမင်ချို့တဲ့သူများနဲ့ ပိုတက်စီယမ်များများ လိုအပ်သူများအတွက်တော့ အထူးသင့်လျော်တဲ့ အသီးပဲဖြစ်ပါတယ်။
လည်လည်လာတဲ့မိတ်ဆွေ၊ သူငယ်ချင်းများလည်း သစ်တော်သီးရဲ့ အကျိုးအပြစ်တွေကို ရှောင်သင့်ရှောင်ပြီး စားသင့်စားရအောင် မျှဝေပေးလိုက်ပါတယ်။

စိတ်ချပါ...

မဂ္ဂဇင်းတစ်ခုမှာပါတဲ့ ဟာသလေးတစ်ခုကို ကိုးကားပြီး ရေးသားတင်ပြလိုက်ပါတယ်..

ကလင်.... ကလင်........ကလင်(ဖုန်းမြည်သံ)
စက္ကထေရီ - ဟလို-မန်နေဂျာရုံးခန်းကပါရှင်။
ဖုန်းဆက်သူ - အစ်မက မန်နေဂျာရဲ့ ဇနီးပါကွယ်။ ခုတလော အိမ်ပြန်လာတာ အမြဲနောက်ကျပြီး ခြေလှမ်း ပျက်နေလို့ အစ်မယောကျာ်းကို သေချာကြည့်ပေးထားဖို့ အကူအညီတောင်းချင်လို့ပါကွယ်။
စက္ကထေရီ - အဲဒီအတွက် မစိုးရိမ်ပါနဲ့ရှင်။ သူကျွန်မမျက်စိရှေ့ကနေ ဘယ်မှမသွားရဲပါဘူး။
ဒုန်း................ (ဖုန်းလွတ်ကျသံ)

Saturday, September 8, 2007

ကျန်းမာရေးဆိုင်ရာဗဟုသုတ....

ကပ္ပတိန်တစ်ယောက်စီကလက်ကမ်းပေးပါဆိုပြီး ပို့လိုက်တဲ့ အီးမေးလ်လေးကို အားလုံးလက်ကမ်းနိုင်အောင် ဝေမျှလိုက်ပါတယ်….

Seven Don't after a Meal!(အစားစားပြီး ရှောင်ကျဉ်ရန် ၇ချက်)


1. Don't smoke after a meal!
Experiments from experts prove that smoking a cigarette after a meal is comparable to compare TEN cigarettes (Chances of Cancer are higher).
အစာစားပြီး ဆေးလိပ်မသောက်ပါနှင့်။ အစာစားပြီး ဆေးလိပ်တစ်လိပ်သောက်ခြင်းဟာ ပုံမှန်ဆေးလိပ်သောက်တာရဲ့ ဆေးလိပ်ဆယ်လိပ်နဲ့ညီမျှပါတယ်. ပြီးတော့ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း အမြင့်ဆုံးလည်းဖြစ်ပါတယ်။

2. Don't eat fruits immediately after meals!
It will bloat your stomach. Therefore have your fruits one or two hours before or after your meal.

အစာစားပြီးပြီးချင်း အသီးအနှံများ မစားပါနှင့်။ မင်းရဲ့အစာအိမ်ကို ပွလာစေလိမ့်မယ်။ ဒါကြောင့် မင်းအသီးတွေစားမယ်ဆိုရင် အစာမစားခင်ဖြစ်စေ၊ အစာစားပြီးဖြစ်စေ တစ်နာရီ ဒါမှမဟုတ် နှစ်နာရီခြားပြီးမှ စားပါ။

3. Don't drink tea after a meal as tea leaves contain a high content of acid.
This substance will cause the protein content in the food we consume to be hardened; making it difficult to digest.
အစာစားပြီးပြီးချင်း လက်ဘက်ရည်မသောက်ပါနှင့်။ လက်ဘက်ရွက်မှာ အက်ဆစ်ဓာတ်များ ပါဝင်ပါတယ်။ အဲဒီ အက်ဆစ်ဓာတ်တွေဟာ အသားဓာတ်ကို ဖြစ်စေတဲ့အတွက် ကျွန်ုပ်တို့ စားသုံးလိုက်တဲ့ အစားအစာတွေကို မာကြောစေလို့ အစာချေဖျက်ဖို့ ပိုပြီးခက်ခဲပါတယ်။

4. Don't loosen your belt after eating. Loosening the belt after a meal can cause intestinal problems.
အစာစားပြီးနောက် ပတ်ထားတဲ့ခါးပတ်ကို မလျော့ချပါနဲ့။ အစာစားပြီးနောက် ခါးပတ် လျော့ချလိုက်ခြင်းဟာ အစာအိမ်အတွင်းရှိ အူများကို အခက်အခဲဖြစ်စေနိုင်ပါတယ်။

5. Don't bathe after eating. Bathing will cause the increase of blood flow to the hands, legs and body thereby causing the amount of blood around the stomach to decrease. This will weaken the digestive system in our stomach.
အစာစားပြီး ရေမချိုးပါနှင့်။ အစာစားပြီးရေချိုးခြင်းဟာ လက်တွေ၊ ခြေထောက်တွေနဲ့ ခနကိုယ်ကို သွေးစီးဆင်းမှု တိုးစေတဲ့အတွက် ကျန်တဲ့ ခနကိုယ်အတွင်းပိုင်းနဲ့ အစာအိမ်ကို သွေးစီးဆင်းမှု နည်းစေပါတယ်။ အဲလို သွေးစီးဆင်းမှုနည်းရခြင်းဟာ ကျွန်ုပ်တို့ရဲ့ အစာအိမ် အစာချေဖျက်မှုကို အားနည်းစေပါတယ်။

6. Don't walk after a meal even though you have heard people say that after a meal, walking a hundred steps will make you live till 99. Walking immediately after a meal will make it difficult for the digestive system to absorb the nutrition from the food we eat. Wait at least an hour after your meal and then walk if you wanna.
အစာစားပြီး လမ်းမလျှောက်ပါနှင့်။ လူတွေက အစာစားပြီး လမ်းလျှောက်တာ ၁၀၀ရှိရင် အသက် ၉၉နှစ်ထိ နေနိုင်တယ်လို့ ပြောကြသော်လည်း လမ်းမလျှောက်ပါနဲ့။ အစားစားပြီး ပြီးချင်းလမ်းလျှောက်မယ်ဆိုရင် ကျွန်ုပ်တို့စားထားတဲ့အစာအဟာရတွေကို စုပ်ယူမှုနဲ့ အစာချေဖျက်မှုအတွက် အခက်အခဲဖြစ်ပါလိမ့်မယ်။ မင်းလျှောက်ချင်တယ်ဆိုရင် အနည်းဆုံး တစ်နာရီစောင့်ပြီးမှလျှောက်ပါ။

7. Don't sleep immediately!
The intake of food will not be able to digest properly thereby leading to gastro-intestinal problems.
အစာစားပြီးပြီးချင်း မအိပ်ပါနှင့်။ စားထားတဲ့အစာတွေကို အလွယ်တကူမချေဖျက်နိုင်တော့လို့ အစာအိမ်အတွင်းမှာ ပြသနာတွေဖြစ်နိုင်ပါတယ်။

Wednesday, September 5, 2007

စိုးရိမ်လို့ပါ.....

နှစ်ဆယ်ရာစု မိသားစု
ဟဲ့.. ခုပဲထမင်းစားရသေးတရ်. ရေမချိုးနဲ့လေ ရေဖျဉ်းဆွဲလိမ့်မယ်... လို့အော်ပြောတဲ့အမေ့ရဲ့အသံပါ
အဲဒီအသံကြားတော့ကလေးခဗျာ မျက်နှာကြီးဆူပုတ်ပြီး အ၀တ်အစားပြန်ဝတ်လိုက်ရသတဲ့...

ယနေ့ခေတ် မိသားစု

အမေ - ဟဲ့.. ခုပဲထမင်းစားရသေးတရ်. ရေမချိုးနဲ့လေ ရေဖျဉ်းဆွဲလိမ့်မယ်...
ကလေး - အမေတို့က မသိလည်းမသိဘဲနဲ့ ရေဖျဉ်းဆွဲတာ အသည်းကြီးတဲ့သူမှ ထမင်းစားပြီးရေချိုးရင် ဘာမှမဖြစ်ဘူး..
အမေ - မသိလို့မဟုတ်ဘူးဟေ့.. နင်တို့ရေချိုးပြီးအစာကြေသွားရင် ငါ့ထမင်းတွေကုန်မှာစိုးလို့....

Tuesday, September 4, 2007

မုန့်မုန့်လာစားကြနော်....


Glitter Graphics - GlitterLive.com

ဆေးထိုးကြရအောင်....

ဒီခေါင်းစဉ်လေးကိုရွေးဖြစ်တာကတော့ လူတိုင်းလူတိုင်းဟာ ပြင်ပအစားအစာတွေကို သွားရင်းလာရင်း စားသောက်ကြပါတယ်...
လမ်းဘေးဈေးသည်တွေဆို လူတွေအုံနေတာကို အမြဲတစေတွေ့ရတတ်ပါတယ်...
ဒီလိုစားသောက်ကြတဲ့အခါမှာ မမြင်ရတဲ့ရောဂါပိုးတွေကူး စက်တတ်ပါတယ်....
လူတိုင်းနီးပါး မုန့်ဟင်းခါးတို့၊ အသုပ်တို့မစားတဲ့သူနည်းပါတယ်... ဒါတွေစားရင်းနဲ့ ဈေးရောင်းတဲ့သူမှတဆင့် အသည်းရောင်ရောဂါ `ဘီ´ပိုးနှင့် `စီ´ပိုးကူးစက်နိုင်ပါတယ်... အနီးစပ်ဆုံးကူးစက်နိုင်တဲ့နည်းကို ရေးထားတာပါ ချွေးမှတစ်ဆင့်လည်း ကူးနိုင်သလို လူခန္ဓာကိုယ်ရဲ့ နေရာပေါင်းစုံကလည်း ကူးနိုင်ပါတယ်...
အသည်းရောင်အသားဝါ`ဘီ´ပိုးဟာ အသည်းရောဂါ၊ အသည်းကင်ဆာတွေ ဖြစ်တတ်ပါတယ်... အသည်းကင်ဆာ မဖြစ်အောင်ကာကွယ်ဖို့အတွက် `ဘီ´ပိုးကာကွယ်ဆေးကို ကလေးဘ၀ကစထိုးကြဖို့ လိုပါတယ်... ဒါပေမယ့်လောလောဆယ် ကြုံတွေ့နေရတဲ့အခက်အခဲကတော့ လူကြီးအများစုဟာ `ဘီ´ပိုးထိုးဖို့ အတွက် လက်မခံချင်ကြသေးပါဘူး... ဒီလိုပဲစားလာတာကြာလှပြီ ဖြစ်မယ်ဆိုရင် ငါတို့ဖြင့် သေလောက်ပြီလို့ ပြောလေ့ရှိကြပါတယ်... ခုလိုခေတ်ကြီးထဲမှာ ခေတ်နဲ့အပြိုင်ရောဂါပိုးတွေကလည်း တိုးတက်နေကြပါတယ်... ကာကွယ်လို့ရတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်သင့်ပါတယ်... ကာကွယ်ဆေးထိုးထားသူဟာ အသည်းကင်ဆာကို 95% ကာကွယ်နိုင်တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်`စီ´ပိုးဆို ကာကွယ်ဆေး မပေါ်သေးပါဘူး.. ကူးစက်တာလည်း တအားမြန်ပါတယ်...
အခုဆို ဆေးရုံဆေးခန်းတွေမှာ ကလေးမွေးတယ်ဆိုကတည်းက မွေးပြီးပြီးချင်း ခွဲစိတ်ခန်းထဲမှာတင် `ဘီ´ပိုးကာကွယ်ဆေးကို တစ်ခါတည်းထိုးပေးလိုက်တာကို တွေ့မြင်နေရပြီဖြစ်ပါတယ်... ဒါကြောင့် `ဘီ´ပိုးကာကွယ်ဆေးကို လူတိုင်းထိုးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်... လည်လည်လာတဲ့ ဧည့်သည်တော်များလည်း နီးစပ်ရာ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို `ဘီ´ပိုးကာကွယ်ဆေးထိုးဖို့ တိုက်တွန်းပေးကြပါလို့ မီးလေးက ဒီပို့စ်လေးကနေ မေတ္တာရပ်ခံလိုက်ပါတယ်...

ခေတ်မှီသူတိုင်း ကာကွယ်ဆေးထိုးကြစို့....

Monday, September 3, 2007

ကိုယ်ချင်းစာတရား...

တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖြစ်တရ်... မျက်နှာလည်းမကောင်းဘူး... မီးလေးက စပ်စပ်စုစု စပ်စုကြည့်တရ်... မေးတာနှစ်ခုတောင် မပြည့်သေးဘူး မျက်ရည်တွေ စီးကျလာတယ်... ငိုချင်ရဲ့လက်တို့လေ... အလုပ်သမားနဲ့အလုပ်ရှင်ဆက်ဆံရေးပါ.... ကိုယ်ကပိုင်ရှင်ဖြစ်ခဲ့ရင်ကော အဲလိုမျိုးလုပ်မှာလားဆိုတာပေါ့.. လူတိုင်းလူတိုင်းကိုယ်ချင်းစာတရားလေး ထားသင့်ပါတယ်... အလုပ်သမားပဲဖြစ်ဖြစ်၊ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ်၊ အားလုံးအားလုံးဟာ လူဆိုတဲ့ လူတွေချဉ်းပါပဲ.. အဲဒီအပေါ်မှာ လူတိုင်းအမှားမကင်းကြပါဘူး... ဒါပေမယ့် ဘာမှားလဲ၊ ဘာလွဲလဲ၊ ဖြစ်သင့်တယ့်အရာလား၊ မဖြစ်သင့်တယ့်အရာလား ပိုင်းခြားဝေဖန်သင့်ပါတရ်...

မီးလေးရဲ့သူငယ်ချင်းဟာ တာဝန်ခံအနေနဲ့တာဝန်ထမ်းဆောင်ရတာပါ... မှားတာက အငယ်တွေ အဆူအပြော ခံရတော့အကြီး အဲအထိလက်ခံတယ်... မီးလေးသူငယ်ချင်းက အဲဒီအလုပ်က အဆောင်မှာ နေတယ်... သူတို့ ဂျူတီထွက်ပြီးမှ ထမင်းသွားစားရတာ ဂျူတီထွက်ချိန်က ညပိုင်း၊ အလုပ်လွဲ/မှား လို့ဆို ဆူတာက ၂နာရီလောက် ကြာတယ် တော်ပြီ ပေါ့ လူတွေလည်း အဲလောက်ဆိုအူနေပြီ ပြီးလားဆိုတော့ မပြီးဘူး ထမင်းစားနေတဲ့နေရာ အထိလိုက်ပြီး ဆူတယ်ဆိုတာကတော့ လွန်တာပေါ့... ထမင်းပန်းကန်စားလက်စတန်းလန်းနဲ့ စားတာပဲရပ်ရ မလိုလို ထမင်းစားနေတဲ့နေရာအထိလာဆူတော့ ထမင်းက ၃လုပ်လောက်ပဲစားရသေးတယ်တဲ့... အဲဒီနေရာမှာ ဆူတာ ၁နာရီကြာတယ်... လည်လည်လာတဲ့ဧည့်သည်တွေစဉ်းစားကြည့် အဲဒီအချိန်လောက်ဆို လက်ကလည်း ခြောက်နေပြီ ဆက်လည်းစားလို့ရပါတော့မလား.... သူတို့မှာ အဲဒီညကထမင်း ဆက်မစားနိုင်တော့ဘဲ အိပ် လိုက်ကြရတယ်... မီးလေးရဲ့သူငယ်ချင်း အလုပ်ပိုင်ရှင်မှာ သားသမီးတွေလည်းအများကြီးရှိတယ်... သူ့သားသမီး တွေ ထမင်းစားတဲ့အချိန် မှာ ခုလိုမျိုးပြောရက်လား ပြောထွက်မလား... အဲဒီလူက ၀န်ထမ်းတွေနဲ့ Customer တွေရှိ တာတောင် မီးအားကျလို့(သို့) မီးပျက်လို့ဆိုပြီး Air_Con တွေပိတ်ခိုင်းတာ ကျန်တဲ့လူတွေမှာတော့ ပူ လောင်အိုက်စပ်လို့ သူ့သား အင်တာနက်ကို အလုပ်မှာလာသုံးရော သူ့သားထိုင်နေတဲ့နေရာကို Air_Con ဖွင့်ခိုင်း တယ်.. လုပ်နေတဲ့အလုပ်က ၀န်ဆောင်မှုလုပ်ငန်း လာတရ့်ထဲမှာ သက်ကြီးရွယ်အိုတွေ အများကြီးပါ တယ် (လုပ် ငန်းမဖော်ပြလိုလို့ မပြောတော့ဘူးနော်).... သူ့သားက အလယ်တန်းကျောင်းသားအရွယ်၊ အဲလို ဆိုတော့ ငွေရဖို့ဘဲ လုပ်နေတာလို့ တောင်မေးရမယ့် အဲလိုလူမျိုး၊ ဒီအဖြစ်အပျက်လေးကို မီးလေးသူငယ်ချင်း ကိုယ်စားရေးသား တင်ပြရခြင်းသာ ဖြစ်ပါတယ်... ဒီပို့စ်လေး ဖတ်ခြင်းဖြင့် လူတိုင်းလူတိုင်း ကိုယ်ချင်းစာ တရားလေးထားနိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းရင်း Global မှာရှိကြတဲ့ ၀န်ထမ်းတိုင်းအတွက် ယခုလို လူမျိုးနဲ့ မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်...