Pages

Friday, November 23, 2007

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၃

သူငယ်ချင်းတွေနဲ့ ကျောင်းကပြန်လာရင်း ကားမှတ်တိုင်မှာ လမ်းခွဲပြီးပြန်လာခဲ့တယ်။ ဒီနေ့တနေလုံး စိတ်တွေ လေးလံနေတယ် ဘယ်လိုဖြစ်လဲ မသိပါဘူး ငြီးစီစီနဲ့...
“တောက်” စိတ်ထဲမှာလေးလံနေပါတယ်ဆိုမှ မတွေ့ချင်တဲ့လူနဲ့ လာတွေ့နေတယ်။ ငါတို့လမ်းထိပ်ကို ဘာလာ လုပ်တာလဲ ဧကန်တ မာမီနဲ့တွေ့သွားပြီလား။ ငါတို့နေတဲ့အိမ်ကို သိသွားပြီလား။ ရင်ထဲမှာ လားမေးခွန်းပေါင်း များစွာနဲ့ ရင်ထဲမှာ တင်းကျပ်လို့လာပါတယ်။

“သမီး...ပုလဲ နေမကောင်းဘူးလား။ ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းဘူး”
“ပုလဲဘာမှမဖြစ်ပါဘူး မာမီ။ နေမကောင်းချင်သလို ဖြစ်နေလို့ ခဏနားလိုက်ရင် ကောင်းသွားမှာပါ”
“အေး..အေး သမီးနားလိုက် မာမီ ဆိုင်သွားစောင့်လိုက်ဦးမယ်နော်” မာမီဆိုင်ထိုင်နေတုန်းများ ဟိုလူကြီး လာရင် ဘယ်လိုလုပ်ရပါ့မလဲ... စဉ်းစားရင်း အိပ်ပျော်သွားပါတော့တယ်။ ဘယ်အချိန်ထိ အိပ်ပျော်သွားတယ် မသိ အသံတခုကြားမှပဲ ရုတ်တရက်လန့်နှိုးလာတော့တယ်။

“အိ..အိ” ဘာသံပါလိမ့်။ “မာမီ... မာမီရေ... မာမီ” “ဟေ သမီး ဘာလိုလို့လဲ မာမီဒီမှာလေ”
“မာမီ ခုဏက အသံတခုကြားလိုက်လို့ ဘာသံလည်းမသိဘူး မာမီကြားသေးလား”
“ကြားတော့ ကြားလိုက်မိတယ် သမီးရဲ့ မာမီက သမီးငြီးနေတာ မှတ်လို့”
“ဟော မာမီ အသံက ပိုကျယ်လာတယ် ကြားလား လိုက်ရှာလိုက်ဦးမယ်”
“အမေ့” အေးစက်စက်အထိအတွေ့ကြောင့် ကြောက်လန့်တကြားအော်ပြီး မာမီ့ဆီကို ပြေးသွားမိတယ်။
“သမီး ဘာဖြစ်တာလဲ”
“ဘာကြီးလဲ မသိဘူးမာမီ လှေကားအဆင်းနားမှာ အေးစက်စက်နဲ့ မီးကလည်း ပျက်သွားတော့ မမြင်ရဘူး ပုလဲလည်း ကြောက်လို့ ပြေးလာတာ”
“ကဲ ကဲ ရေတခွက်လောက်သောက်လိုက်ဦး အသည်းကလည်းငယ်ပါ့... မာမီသွားကြည့်လိုက်ဦးမယ်...”
“မာမီ ပုလဲလည်းလိုက်မယ်”
“မာမီနဲ့ မမ ဘာဖြစ်နေကြတာလဲဗျာ... စာကျက်လို့မရဘူး”
“နင့်ဘာသာ စာကျက်... သွားသွားသွား နင်စာညံ့လို့ မဖြစ်ဘူးနော် စားသွားကျက်ချေ”
“ကျက်မှာပါဗျာ အိမ်သာသွားမလို့ ဆင်းလာတာ”
“ကဲပါ သမီးရယ် လာပါ သားလည်း စာကြိုးစားတာပဲ ထားလိုက်ပါ မာမီ့ရဲ့ သမီးနဲ့သားက လိမ္မာကြလို့ မာမီ ၀မ်းသာတယ်၊ ကျေနပ်တယ်” မာမီက စကားတွေ တတွတ်တွတ်ပြောပြီး ဘေးက လိုက်လာတယ်။

“ရှင်ဘယ်သူလဲ... ဘာလို့ သူများအိမ်ထဲလာ လဲနေတာလဲ။ သွားသွား”
“မိန်း...မိန်း..မိန်းမ” ခေါင်းတဖြည်းဖြည်းနဲ့ မော့လာတယ်။
“ဟင်... ကိုဘုန်း... ရှင်... ရှင်ဘယ်လိုလုပ် ရောက် လာတာလဲ”
“ဦးဘုန်းဝဏ္ဏ ရှင်ဘာလာလုပ်တာလဲ ရှင်လာစရာမလိုဘူး ခုချက်ချင်း ကျွန်မတို့ ခြံထဲက ထွက်သွားပါ”
“သမီး ကိုယ့်ဒက်ဒီကို ဒီလိုမပြောရဘူးလေ မသိရင် မာမီ မဆုံးမထားဘူးလားလို့ သူများ အပြောခံရဦးမယ်”
“သမီးတို့ ဒက်ဒီမဖြစ်ထိုက်တဲ့သူကို ပုလဲ သဘောမထားနိုင်ဘူး မာမီ”
“ပုလဲ ပြောရင်း ပြောရင်း တော်တော်ရိုင်းလာပါလား... ဒီအကျင့်တွေ ဘယ်ကရလဲ... မာမီကတော့လေ ငါ့သမီး လေး တော်လှ တော်လှနဲ့ ငါ့သမီးလို့ ပြောရမှာတောင် ရှက်တယ်”
“ဟင် မာမီ... မာမီက သမီးတော်ရမှာရှက်တယ် ဟုတ်လား။ ဒီလူကြီးကျတော့ မရှက်ဘူးပေါ့”
“ဖြန်း” မာမီတခါမှ ကျွန်မကို မရိုက်ဘူးပါ။ ရိုက်ဖို့မပြောနဲ့ အော်တောင်မအော်ဖူးပါ။ ခုဒီလူကြီးနဲ့မှ ကျွန်မရဲ့ ပါးကို ရိုက်တယ်။ မာမီအမြတ်တနိုးနဲ့ နမ်းခဲ့တဲ့ပါးကို ရက်စက်စွာနဲ့ ရိုက်ရက်လေသလားမာမီရယ်။ အိမ်ခန်းထဲ ပြေးဝင်လာခဲ့တယ်။

“သားရေ...သား လာပါဦး မင်းတို့ဒက်ဒီ အဖျားတွေတက်ပြီး မထနိုင်ဘူး... မာမီ့ကို လာကူပါဦး”
“ဟုတ်ကဲ့ မာမီ... မမကော”
“ဒက်ဒီကို သယ်ဖို့လုပ်ပါဦး”
“ဘယ်ကို သယ်မှာလဲ” “ဘုရားခန်းထဲကို သယ်မယ် သားက ခြေရင်းကမှ ဟုတ်လား”
“ဟုတ်ကဲ့... မာမီ” ကျွန်မ ၀မ်းနည်းစွာနဲ့ ငိုနေမိတယ်။
“သမီး... သမီးပုလဲ... အိပ်ပြိလား” မာမီကျွန်မကို လှမ်းခေါ်နေတယ် ကျွန်မအိပ်ချင်ယောင်ဆောင်နေခဲ့ပါတယ်။ ဟိုလူကြီးကို ပြုစုလို့ အားမှ ကျွန်မကို လာမေးဖို့ သတိရတဲ့အတွက် ဟိုလူကြီးကို စိတ်တိုမိပါတယ်။ မာမီ ကျွန်မဘေးနားမှာ ကျွန်မမျက်နှာလေးကို ကြည့်ပြီး ငိုနေတယ်။ ကျွန်မ မသိချင်ယောင်ဆောင်နေလိုက်တယ်။

အိပ်ယာနိုးတော့ မိုးလင်းနေပြီ။
“သမီး” “ကျွန်မကို သမီးလို့ မခေါ်ပါနဲ့ ရှင်ပြန်ပါတော့ နောက်ဘယ်တော့မှ ဒီကိုမလာပါနဲ့”
“ဒက်ဒီမှားပါတယ်သမီးရယ်။ ဒက်ဒီအမှားတွေကို သိလို့ သမီးတို့ကို လိုက်ရှာပါသေးတယ်။ ဒက်ဒီအမှားတွေကို ခွင့်လွတ်ဖို့ မတောင်းဆိုပါဘူး။ ဒါပေမဲ့ သမီးတိုနဲ့ ပြန်နေပါရစေ။ ဒက်ဒီကို အချိန်ပဲ ပေးပါ။ ဒက်ဒီပြင်ပါ့မယ်”
“တော်ပါတော့ရှင်... ခုမှလာပြောမနေပါနဲ့ ကျွန်မကျောင်းက ပြန်လာရင် လုံးဝမတွေ့ချင်ဘူး။ ရှင်ပြန်ပါ”
“ဟို” “ဘာလဲ မာမီပြန်လာစောင့်နေတာလား ရှင့်ကို ဆွဲထားအောင်...မကြားပါရစေနဲ့တော့ နားခါးလို့ပါ” ကျွန်မ ကျောင်းသွားဖို့ ပြင်ဆင်လိုက်တယ်။ မာမီဈေးကပြန်မလာခင် ဒီလူကြီး ပြန်မှဖြစ်မယ်။

နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ သိမ်းတော့မှာပါ..ဟီး

No comments: