Pages

Saturday, November 10, 2007

ကထိန်ပွဲကျင်းပကြရာဝယ်

သီတင်းကျွတ်ပြီးနောက် ယခုလမှာဆိုလျှင် လမ်းတိုင်း လမ်းတိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတွင် ပဒေသာပင်များ သီးခြင်းဖြင့် မဟာဘုံကထိန်ပွဲကျင်းပလျက် ကထိန်များခင်းလျက်ရှိပါသည်။ ပဒေသာပင် သီးကြရာဝယ် အဆိုးဝါးဆုံးတစ်ခုမှာ ၀တ္ထူ(ပိုက်ဆံ)များအား ပုံစံအမျိုးမျိုး ပုံဖော်၍ သီးကြခြင်းပဲ ဖြစ်ပါတယ်။ မီးလေးတို့ အပါအ၀င်ပေါ့ လမ်းတွေမှာ ၄င်းတို့ရဲ့ ပဒေသာပင်ကို လှစေချင်ကြတဲ့အတွက် ပုံအမျိုးမျိုး ဖော်ထားတဲ့ ပိုက်ဆံတွေကို ၀ယ်ကြ၊ ကိုယ်တိုင်ပြုလုပ်ကြ၍ သီးကြပါတယ်။
မီးလေးတို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို ကထိန်ခင်းပြီး နောက်နေ့ရောက်သွားချိန်မှာတော့ ဥူးပဇင်းများ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသားလေးများအားလုံး စားပွဲခုံတွေနဲ့ ပတ်ပတ်လည်ဝိုင်းထိုင်ကြပြီး ရေဇလုံ အကြီးကြီးထဲမှာ ခုနက ပြောခဲ့တဲ့ ပုံဖော်ထားတဲ့ ပိုက်ဆံတွေကို ရေစိမ်ထားပြီး ရေ၀သွားမှ ခွာနေကြရတာကို တွေ့ခဲ့ရပါတယ်။ မီးလေးတောင် လုပ်အားဝင်ပေးရင်းတွေးမိတာက နောင်ဆို ခုလိုမျိုးတွေ ၀ယ်မသီး တော့ဘူးလို့ သံဓိဌာန်ချခဲ့တယ်။ နီးစပ်ရာ လူတွေကိုလည်း ၀ယ်မသီးကြဖို့ အသိပေးနိုင်ခဲ့ပါတယ်။
ကိုယ်က အပြင်ပန်းအလှအတွက် ၀ယ်လှူလိုက်ပေမယ့် လက်ခံရရှိတဲ့ ကျောင်းတွေအဖို့ အလုပ်ပိုရှုပ်စေသလို ကရိကထလည်း အလွန်များတာကို တွေ့ခဲ့ရပါတယ်။ မီးလေးလည်း ထိုသို့ကိစ္စများရှောင်နိုင်ခဲ့တာ အလုပ်မ၀င်ခင်အထိပဲ ရှောင်နိုင်ခဲ့ပါတယ်။ အစကတော့ သူများလုပ်တာ ၀ိုင်းကူလုပ်ပေးရုံလောက်ပါပဲ။ ခုတော့ အဲဒီတာဝန်ဟာ လုံးလုံးလျားလျား မီးလေးအပေါ်ရောက်လာတာ ယခုနှစ်ပါနဲ့ဆို ၃နှစ်ရှိခဲ့ပါပြီ။ မလုပ်ချင်ပေမဲ့လည်း ကိုယ့်ကို တာဝန်ပေးထားတာမို့ တစ်နှစ်ထက်တစ်နှစ်ပိုပြီး လှစေဖို့ အရုပ်တွေကို တစ်မျိုးပြီးတစ်မျိုး ပြုလုပ်ခဲ့ ရပါတယ်။ ကော်ကိုတော့ မသုံးပါဘူး ရေစိမ်ခွာရမှာစိုးလို့ ဟီး။ Stapler ကိုတော့ သုံးရပါတယ်။ မသုံးမဖြစ်မို့ပါ မီးလေးတို့ သူငယ်ချင်းတစ်ယောက်ကဆို Stapler Remover လေးပါ ထည့်သီးပေးလိုက်ပါလားတဲ့လေ။

နောက်ရက်ဆိုရင် ပဒေသာပင်စသီးရတော့မယ် အဲဒီအချိန်ကို ရောက်လာမှာ ကြောက်နေမိတာတော့ အမှန်ပါ မလုပ်ချင်တာမဟုတ်ပေမဲ့ မလုပ်သင့်ဘူးထင်တာကို လုပ်နေရလို့ မလုပ်ချင်တာပါ။ တော်ပြီ စိတ်ညစ်စရာတွေ မီးလေးတို့ သီးထားတာ လှလားကြည့်ပေးဦး ....
ပြီးခဲ့တဲ့နှစ်ကပုံ အဆင်သင့်မရှိသေးလို့ လွန်ခဲ့တဲ့နှစ်နှစ်ကပုံတင်ပေးလိုက်တယ် ....

1 comment:

နေမိုးဝေ said...

မီးလေးပြောတာ ကျွန်တော်လည်းလက်ခံပါတယ်။
ကျွန်တော်တို့ မြန်မာတွေဟာ သဒ္ဒါတရား ထက်သန်သလောက်
အဲဒီ သဒ္ဒါ ကို ပကာသန နဲ့ ရောထွေးပစ်လေ့ရှိပါတယ်။
အဲဒီလို ပဒေသာပင်တွေလှသွားတော့ သံဃာတော်တွေအတွက်ဘာမှ အကျိုးမထူးသလို
ကိုယ်လည်း ကုသိုလ်ပိုမရပါဘူး။