Pages

Tuesday, November 10, 2009

မိခင်ဆိုတာ...

မီးလေးခေါင်းထဲမှာ အဲ့ဒီမေးခွန်းရောက်နေတာ အတော်လေးကြာခဲ့ပါပြီ… မီးလေး သိသလောက် မိဘဆိုတာ အမြင့်မြတ်ဆုံးသော မြင့်မိုရ်တောင်နဲ့တောင် အနှိုင်းခံရတဲ့ သူတွေပါ… ခုနောက်ပိုင်း မိဘ၀တ်ပျက်လာတဲ့ လူအချို့ကို မြင်တွေ့နေရတာ မဆီမဆိုင် ရင်ထဲကို မီးစနဲ့ ထိုးခံရသလို ခံစားရပါတယ်… နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတာ မှန်ပါတယ်… လူတိုင်းလူတိုင်း အကောင်းချည်းပဲ ဖြစ်ချင်ကြမှာပါ… သူတို့ကို ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ပါဘူး… ဟိုရက်ပိုင်းက ရက်သားလေးအရွယ်ကို မီးလေးတို့နားက မှတ်တိုင်တစ်ခုမှာ လာပြစ်သွားခဲ့ပါတယ်… ရပ်ကွက်လူကြီးက ခေါ်ယူထိန်းသိမ်းပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်… နောက်ပိုင်းတော့ ဘာဆက်ဖြစ်သွားလဲ မသိတော့ပါဘူး… ဒါပေမဲ့ ကလေးတစ်ယောက် စွန့်ပြစ်သွားတယ်လို့ အသံကြားလိုက်တဲ့ အချိန်မှာတော့ ရင်ထဲ ဗလောင်ဆူသွားတာတော့ အမှန်ပါ… သူက ဘယ်လိုမိဘမျိုးလဲ၊ ဘာလို့ စွန့်ပစ်ရက်တာလဲနဲ့ လဲပေါင်းများစွာ မေးခွန်းတွေ တစ်ယောက်တည်း ထုတ်နေမိတယ်… သူတို့မှာ စီးပွားရေးကြပ်တည်းလို့ လာစွန့်ပြစ်တာလည်း ဖြစ်နိုင်သလို၊ တိတ်တိတ်ပုန်းရလို့ လာစွန့်ပြစ်တာလည်း ဖြစ်နိုင်တယ်… စီးပွားရေး မပြေလည်လို့ဆိုလဲ အစတည်းက ကလေးမယူနဲ့ပေါ့၊ မွေးပြီးမှတော့ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ယူသင့်ပါတယ်…


မီးလေး တူမလေး ကလေးဆေးရုံတက်တုန်းကလည်း ဆေးရုံမှာ စွန့်ပစ်ခံရတဲ့ ကလေး ငါးယောက်ကို တွေ့ခဲ့ရဖူးပါတယ်… အဲ့လို ကလေးတွေမြင်တိုင်း စိတ်မကောင်းဖြစ်ရပါတယ်… ဖြစ်နိုင်ရင် သူတို့လေးတွေရဲ့ မိဘတွေကို တွေ့ပြီး ဘာအခက်အခဲရှိလို့လဲ မေးပြီး တတ်နိုင်သလောက် ကူညီပေးတာမျိုးလုပ်ပြီး သူတို့ကလေးတွေကို သူတို့လက်ထဲမှာပဲ ကြီးပြင်းစေချင်တဲ့ ဆန္ဒဖြစ်ခဲ့ဖူးပါတယ်… ဒါပေမဲ့ မဖြစ်နိုင်တာကို စိတ်ကူးယဉ်တာမျိုး ဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုလည်း သိပါတယ်…

ကလေးမွေးပြီး ပြီးရောထားတဲ့ မိဘတွေကို တကယ်ပဲ အံ့သြမိပါတယ်… မီးလေးတို့ သွားလာနေတဲ့အခါ မွေးခါစကလေးလေးကို ချီပြီးတောင်းနေတဲ့ မီးနေသည်ပုံစံ တောင်းရမ်းနေတဲ့သူတွေကို အားလုံး မြင်ဖူးကြမှာပါ… မီးလေး အစက ကလေးကို အရမ်းသနားမိလို့ ပိုက်ဆံထည့်ခဲ့ဖူးပေမဲ့ ခုတော့ မထည့်တော့ပါဘူး… မထည့်ရတော့တဲ့အကြောင်းရင်းက အဲ့ကလေးတွေက သူတို့ကလေးတွေ မဟုတ်ဘဲ တခြားကနေ တစ်နေ့သုံးထောင်နဲ့ ငှားလာတာလို့ သိခဲ့ရတဲ့နေ့က စပြီး အားလုံးကို လစ်လျူရှုနိုင်အောင် ကြိုးစားခဲ့ပါတယ်… ကလေးမိဘတွေက ဈေးသည်တွေရဲ့ သားသမီးတွေဖြစ်ပြီး ဈေးသည်တွေက ဈေးရောင်းရင် ကလေးမထိန်းနိုင်ကြလို့ ကလေးကို မထိန်းရပြီးရော တစ်နေ့သုံးထောင်နဲ့ ငှားရက်တဲ့ မိဘတွေကိုလဲ အံသြမိပါတယ်…


တောင်းစားတဲ့သူတွေကလည်း သူတို့ ကလေးကို သုံးထောင်နဲ့ ငှားလာတာ အရင်းကြေဖို့အတွက် နေပူပူ မိုးရွာရွာ ဂရုမစိုက်ဘဲ လိုက်တောင်းနေတာ ကလေးက မိုးမိပြီး နှုတ်ခမ်းတွေကို ပြာနေပါပြီ… ကလေးနေမကောင်းရင် မိဘတွေက ဆေးမကုရဘူးလား… ရတဲ့ တစ်နေ့သုံးထောင်နဲ့ ဆေးဖိုးနဲ့ရော ကာမိကြရဲ့လား… ဆေးရောကုမှ ကုပေးပါ့မလားလို့ နေရင်းထိုင်ရင်း စိုးရိမ်နေမိတာ အမှန်ပါ… စိုးရိမ်မိလို့လဲ မနေနိုင် မထိုင်နိုင် ကိုယ့်ကလေး မဟုတ်တိုင်း ခိုင်းစားမနေနဲ့ ဟိုမှာ ကလေးက ဖျားပြီး သေတော့မယ်လို့ ပြောလိုက်မိသေးတယ်… ဘာဖြစ်လဲ ဒီနေ့စာအတွက်တောင် မကိုက်သေးဘူးလို့ ပြန်တောင်ပြောလိုက်သေး… အံ့ပါရဲ့ ဘယ်လိုမိဘတွေနဲ့များ သွားတွေ့ရပါလိမ့် ကလေးရယ်လို့ပဲ သက်ပြင်း အခါခါချမိပါတယ်… ကလေးက လူ့လောကထဲ ရောက်ခါစပဲ ရှိသေးတယ် ခိုင်းစားနေလိုက်ကြတာ အရွယ်နဲ့တောင် မမျှအောင်ပဲလားလို့ စဉ်းစားမိတိုင်း သူတို့လေးတွေရဲ့ အနာဂတ်အတွက် ရင်လေးမိပါတယ်…


နောက်တစ်ခုက ဒါမျိုးတွေ လျော့သွားအောင် ကလေးပိုက်ပြီး လိုက်တောင်းနေတာတွေ့ရင် ပိုက်ဆံမထည့်ကြပါနဲ့လို့ တိုက်တွန်းပါရစေ၊ တစ်ချို့က တကယ်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ အစစ်လား၊ အတုလားဆိုတာ ခွဲရခက်ပါတယ်… မီးလေးအမြင်ကတော့ တောင်းတဲ့သူအပြစ်မဟုတ်ဘူး၊ ထည့်တဲ့သူ အပြစ်လို့ ထင်ပါတယ်… ထည့်တဲ့သူရှိလို့ တောင်းတဲ့သူလည်း  ရှိလာတာပါ… ထည့်တဲ့သူ မရှိရင် တောင်းတဲ့သူလည်း တဖြည်းဖြည်းလျော့နည်းသွားပြီး အလုပ်လုပ်ချင်စိတ်လဲ ဖြစ်လာမယ်လို့ ထင်ပါတယ်… ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အလုပ်လက်မဲ့တွေကို အလုပ်ပေးထားတာ အားလုံးလဲ သိကြမှာပါ… တောင်းရမ်းစားသောက်နေကြတဲ့ သူအတော်များများ အလုပ်လုပ်နေကြပြီ ဖြစ်ပေမယ့်လဲ၊ အလုပ်လုပ်ရမှာ လက်ကြောမတင်းတဲ့သူတွေကတော့ တောင်းမြဲ တောင်းနေကြတာ တွေ့ရပါတယ်…


တကယ်မရှိလို့ တောင်းစားနေကြတာကို အပြစ်လို့ မဆိုချင်ပေမယ့် အချောင်ရလို့ဆိုတဲ့ စိတ်နဲ့ တောင်းတာမျိုး မဖြစ်ဖို့လိုပါတယ်… ခုဆို မီးပွိုင့်တစ်ချို့မှာ တောင်းရမ်းခဲ့ကြတဲ့ ကလေးတွေ ပန်းတွေရောင်းကြတယ်၊ ဂျာနယ်တွေရောင်းကြတယ်၊ ဆေးလိပ်၊ ကွမ်းယာတွေ ရောင်းကြတယ်၊ အဲလိုလေးတွေ မြင်ရတော့ တကယ့်ကို ပီတိဖြစ်စရာပါ… မီးပွိုင့်မိတဲ့အခါ အစ်မကြီးရယ် ကျွန်တော် ဈေးဦးမပေါက်သေးလို့ပါ ပန်းတွေ အားပေးသွားပါဦးလို့ ပြောလာခဲ့ရင် ည၇နာရီ ၈နာရီဖြစ်နေတဲ့အခါမျိုးကြရင် သူ့လက်ထဲ ရှိသမျှ ပန်းတွေအကုန် ၀ယ်ခဲ့တာမျိုး ရှိပေမယ့်… ၀ယ်ပြီးတိုင်းလဲ သူတို့ ဒီလိုမျိုးပြောလို့ ၀ယ်တာဆိုပြီး သူတို့ ခေါင်းထဲမှာ ငါဒီလိုပြောရောင်းရင် သနားပြီး ၀ယ်ကြတာပဲဆိုတဲ့ မဟုတ်တဲ့ အစွဲမျိုးရောက်သွားမှာလဲ စိုးရိမ်မိပါတယ်… မီးလေးစိုးရိမ်မှုက သိပ်မကြာလိုက်ပါဘူး… နောက်ပိုင်းကြုံတိုင်းလဲ အဲ့လိုပဲ ပြောရောင်းနေတာတွေ့တော့ ကိုယ့်ကြောင့် သူ့တိုကို အဆိပ်ပင်ရေလောင်းနေသလိုများ ဖြစ်သွားသလားလို့ နောင်တရမိတာလဲ အခါခါပါ…


အားလုံးကို ကိုယ်က ကောင်းစေချင်ပေမဲ့ သူတို့ကိုယ်တိုင်က မပြောင်းလဲနိုင်သ၍ ကောင်းလာမှာ မဟုတ်ပါဘူး… မီးလေးတို့ ဘာလုပ်ပေးရမလဲ၊ ဘာလုပ်ပေးသင့်လဲလို့ စဉ်းစားပေမဲ့ အဖြေက ထွက်မလာပါဘူး… အညှောင့်ထွက်စ အပင်တွေကို နည်းမှန်လမ်းမှန်နဲ့ ရေလောင်းပေါင်းသင်ဖို့ ဥယျာဉ်မှူးတိုင်းမှာ တာဝန်ရှိပါတယ်… ဥယျာဉ်မှူးဖြစ်ဖို့ လွယ်ပေမဲ့ ဥယျာဉ်မှူးကောင်းဖြစ်ဖို့တော့ အင်မတန်မှ ခက်ခဲလှပါတယ်… ဒီလိုပါပဲ မိဘဆိုတာ ဖြစ်ဖို့လွယ်ပေမဲ့ မိဘကောင်းဖြစ်ဖို့တော့ ခက်ခဲလွန်းလှပါတယ်… ဖြတ်သန်းရမယ့် ခရီးလမ်းက ကြမ်းတမ်းသလို ဇွဲရှိဖို့လဲ လိုပါတယ်… မိဘကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း….

1 comment:

Anonymous said...

ပြောရခက်တယ် မီးလေးရေ... လူပေမဲ့ လူစိတ်မရှိတဲ့ လူတွေ ရှိတော့ ဒီလို မဖြစ်သင့်တာတွေ ဖြစ်လာတာပါ။ ပြီးတော့ အသိပညာကလဲ မရှိ၊ တနေ့တနေ့ အိပ်၊စား၊ကာမ၊ ထိုသုံးဝနဲ့ပဲ ဘဝကိုဖြတ်သန်း ကျင်လည်နေသူတွေရှိလို့လဲ ဖြစ်ကြရတာပါ။
ဒီတော့ တချို့လူတွေဟာ မိဘဆိုပေမဲ့ အန္တနဂိုဏ်ဝင်တွေ ကျေးဇူးရှင်လို့ ပြောရမှာတောင် ခပ်ခက်ခက်ပါပဲ။
ခက်တယ်ဗျာ... နားလည်ရ အလွန်ခက်ပါတယ်.. ဒီတော့ မစဉ်းစားတာပဲ ကောင်းပါတယ်၊