Pages

Saturday, October 29, 2011

HOME - အိမ်

အိမ်ဆိုတာ ဘလော့ဂါ ကိုအိမ်ကို ပြောတာ မဟုတ်ဘူးနော်... မီးလေးတို့တွေ နေတဲ့ အိမ်ကိုပြောတာ... :)
 အိမ်ဆိုတာ “အ”လုံးကြီးတင် မသတ်“အိမ်” စကားလုံးက တလုံးတည်းရယ်ပါ... အိမ်ဆိုတာ ရသာမျိုးစုံတဲ့ ချို၊ ချဉ်၊ ဖန်၊ ခါး ဟင်းအိုးကြီးနဲ့ တူပါတယ်... ပျော်ရွှင်စရာ၊ ၀မ်းနည်းစရာ၊ စိတ်ချမ်းသာစရာ၊ စိတ်ညစ်စရာ စတဲ့ ခံစားချက်မျိုးစုံနဲ့ ပြည့်နှက်နေတာ အိမ်ပါ... အိမ်ထဲမှာ မိသားစုတွေ အတူတူ ပျော်ရွှင်ရယ်မောခဲ့ကြတယ်... စိတ်ညစ်စရာရှိရင်လည်း ၀ိုင်းပြီး စိတ်ညစ်ခံခဲ့ကြတယ် ... ပျော်ရွှင်သည် ဖြစ်စေ၊ ၀မ်းနည်းသည်ဖြစ်စေ မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ရှိခဲ့ကြတယ်...

 ဘယ်တုန်းကမှ အိမ်ကို စွန့်ခွာခဲ့ရလိမ့်မည်လို့ မည်သူမှ ထင်ကြမည်မဟုတ်... အချိန်တန်လာတော့လည်း ပညာရှာဖို့၊ ဥစ္စာရှာဖို့၊ ကြင်ဖော်ရလို့ အကြောင်း အမျိုးမျိုးကြောင့် အိမ်ကို စွန့်ခွာခဲ့ကြရတယ်... ဒါပေမဲ့ အိမ်ကို မစွန့်ခွာဘဲ အိမ်အပြန်လာကို မျှော်နေကြတဲ့ သူတွေကတော့ အိုပြီး မစွမ်းနိုင်ကြတဲ့ မိဘတွေ ရှိနေသေးတယ်ဆိုတာ သတိရှိနေကြရမယ်... သူတို့တွေဟာ သူတို့ရဲ့ အိမ်လေး အရင်လို မိသားစု စုံစုံလင်လင်နဲ့ ထမင်းလက်စုံစားနိုင်ဖို့၊ ရယ်မောစရာတွေကို ပြောကြရင်း အတူတူ အချိန်ကုန်ဆုံးဖို့၊ သားသမီးတွေ ပြောသမျှကို ဟုတ်လားလို့ တအံ့တသြနဲ့ စကားလက်ဆုံကြဖို့ စောင့်နေကြတယ်...
 သူတို့လိုချင်တာ ဥစ္စာမဟုတ်၊ သားသမီးတွေနဲ့ အရင်လို သိုက်သိုက်ဝန်းဝန်းနဲ့ အိမ်လေးပါ... ကျန်းကျန်းမာမာနဲ့ ဘာလုပ်လုပ် အဆင်ပြေစေဖို့ အမြဲ မေတ္တာပို့ ဆုတောင်းနေကြတယ်... မီးလေးတို့တွေဟာ တခါတရံ ပျော်စရာတွေနဲ့ တွေ့ကြုံရချိန်မှာ သူတို့ကို မေ့နေတတ်ကြတယ်...  အလုပ်မအားလို့ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ မေ့လျော့နေတတ်ကြတယ်... မီးလေးတို့ အသက်ကြီးလာတာနဲ့ အမျှ မီးလေးတို့ မိဘတွေကိုတွေ့ဖို့ အကြိမ်အရေအတွက် ပိုပိုနည်းလာပြီဆိုတာ သတိရှိကြရမယ်...
မရှိတော့တဲ့အချိန်မှာ နောင်တမရစေဖို့ မိဘတွေရှိနေတဲ့ အချိန်လေးမှာ ဂရုစိုက်ပြီး မိဘတွေ စိတ်ချမ်းသာအောင် ထားကြပါစို့...
အားလုံးကိုလေးစားလျက်
မီးလေး

No comments: