Pages

Tuesday, December 16, 2008

အနောက်ရပ်က ထွက်တဲ့နေ... ဇာတ်သိမ်း

ပြာလဲ့ ကျွန်မတို့ အိမ်က ပြန်သွားပြီး နောက်နှစ်ရက်လောက်နေတော့ ပြာလဲ့ ဖေဖေနဲ့ မေမေကို လာကန်တော့ပြီး သူမ နယ်ပြန်တော့မယ် ဆိုတာလာပြီး နှုတ်ဆက်သွားတယ်... အဲ့ဒီနောက်ပိုင်း ပြာလဲ့နဲ့ ကျွန်မ မတွေ့ဖြစ်တော့တာ လေးငါးလလောက် ကြာသွားတယ်... သူမ သတင်းလည်း မကြားရဘူး... နောက်ငါးလလောက်နေတော့ ကျွန်မဆီ လာချင်တဲ့အကြောင်း ဖုန်းဆက်လာတယ်...
“ဆည်းဆာဆီ ပြာလဲ့ လာချင်တယ်...”
“လာခဲ့လေ ပြာလဲ့... ဒါနဲ့ ပြာလဲ့ သွေးထပ်စစ်ဖြစ်လား...”
“စစ်ဖြစ်တယ် ဆည်းဆာ... ဆောရီးပဲ ပြာလဲ့ မပြောဖြစ်လိုက်တာ ပြာလဲ့တို့ မြစ်ကြီးနားမှာပဲ စစ်လိုက်တယ်... အဖြေကတော့ Negative ဆည်းဆာ.. ပြာလဲ့ အဲ့ဒီအဖြေရတော့ အရမ်းဝမ်းသာသွားတယ်... ပြီးတော့ ဆည်းဆာကိုလည်း ကျေးဇူးတင်တယ်...”
“Congratulation ပြာလဲ့... ကိုယ်မင်းအတွက် အရမ်းဝမ်းသာတာပဲကွာ... ဒါနဲ့ မင်းကိုယ့်ဆီ လာချင်တယ် ဆိုတာက....”
“ဒီလို ဆည်းဆာရဲ့... ပြာလဲ့ အမှောင်ထုထဲ ရောက်နေချိန်မှာ ဆည်းဆာက အလင်းရောင်လေး ပေးခဲ့တယ်... အဲဒီ့အလင်းရောင်ကြောင့် ပြာလဲ့ရဲ့ ဘ၀က တောက်ပလာခဲ့ရတယ်... ”
“ကဲပါ.. ဒေါ်ပြာလဲ့ အဲလောက် အမွှန်းတင်စရာမလိုဘူး ကိုယ်ဘာကူညီရမလဲ ပြော...”
“ပြာလဲ့ချစ်သူ ခေါ်လာချင်တယ်... ပြီးတော့ ဆည်းဆာနဲ့ပေးတွေ့ချင်တယ်...”
“ပြာလဲ့ ဆိုလိုတာက...”
“ဟုတ်တယ် ဆည်းဆာ.. ပြာလဲ့ သူ့ကို သွေးစစ်ဖို့ တိုက်တွန်းတိုင်း သူအမြဲ ခါးခါးသီးသီးငြင်းတယ်... ဒါကြောင့် ပြာလဲ့ခေါ် လာချင်တယ် ပြောတာ...”
“အေးလေ ကိုယ်ကြိုးစားပေးပါ့မယ်...”
“ပြာလဲ့ ရန်ကုန်ရောက်ရင် ဆည်းဆာဆီ ဆက်သွယ်လိုက်မယ်...”
“အေး...အေး... ရောက်ရင်သာ ကိုယ့်ဆီ ဖုန်းဆက်လိုက်...”

ပြာလဲ့နဲ့ ဖုန်းပြောပြီး တပတ်လောက်အကြာမှာ ပြာလဲ့ အိမ်ကိုရောက်ချလာတယ်...
“ဆည်းဆာ... ပြာလဲ့ သူ့ကို တည်းခိုခန်းမှာ ထားခဲ့ပြီး ဆည်းဆာဆီ လာခဲ့တာ...”
“ပြာလဲ့ ကိုယ့်ကို သူနဲ့တွေ့ဖို့ စီစဉ်ပေးလေ... ပြီးတော့ ကိုယ် သူနဲ့ နှစ်ယောက်ထဲလည်း တွေ့ချင်တယ်...”
“ဒီလိုလုပ် မနက်ဖြန် ပြာလဲ့ သူနဲ့ အေးအေးဆေးဆေး စကားပြောလို့ ရတဲ့ ဆိုင် ခေါ်လာခဲ့မယ်... ဆည်းဆာနဲ့ မိတ်ဆက်ပေးပြီး ပြာလဲ့ အကြောင်းတခုခုရှာပြီး ထွက်သွားလိုက်မယ်... ဘယ်လိုလဲ ကောင်းလား...”
“အင်း... ကောင်းသားပဲ... မနက်ဖြန် ကိုယ်ရုံးက နေ့တ၀က်ဆင်းရမှာ ဆိုတော့ ကိုယ်တို့ ၁နာရီပတ်ဝန်းကျင်လောက် တွေ့တာပေါ့...”
“အေး...ဒါဆို ပြာလဲ့ သွားလိုက်ဦးမယ်... တော်ကြာ ထွက်လာတာကြာလို့ ဒေါသပုံ ထနေဦးမယ်...”
“အေး...အေး”

ပြာယာခတ်ပြီး ပြန်သွားတဲ့ ပြာလဲ့ကို ကြည့်ပြီး တော်တော်လည်း တရားရမိပါတယ်... သူ့ခဗျာလည်း ၀ဋ်ပဲ... အချစ်ကပေးတဲ့ ချစ်ဒုက္ခတွေပေါ့...

နောက်တနေ့ ရုံးဆင်းချိန်မှာ ပြာလဲ့နဲ့ သူ့ကောင်လေး ရုံးရှေ့မှာ လာစောင့်နေတယ်လေ...
“ဟေး...ဆည်းဆာ ပြာလဲ့ဒီမှာ...”
“ဘယ်တုန်းက ရောက်နေကြတာလဲ...”
“ခုပဲ... ဒါနဲ့ ဆည်းဆာ ဒါက ပြာလဲ့နဲ့ မကြာခင် လက်ထပ်တော့မယ် သတိုးသားလောင်း အောင်ချမ်းသာတဲ့... ကိုချမ်း ဒါက ပြာလဲ့ပြောပြောနေတဲ့ ပြာလဲ့အချစ်ဆုံး သူငယ်ချင်း နွေဆည်းဆာတဲ့...”
“ဟုတ်ကဲ့... နာမည်ကြားဖူးနေတာတော့ ကြာပြီ ခုလိုတွေ့ရတာ ၀မ်းသာပါတယ်ဗျာ...”
“ဆည်းဆာလည်း တွေ့ရတာ ၀မ်းသာပါတယ်... ပြာလဲ့က ကျွန်မ ဘယ်လောက်ဆိုးကြောင်း ပြောထားတယ်ထင်ပါ့...”
“မပြောရပါဘူး ဆည်းဆာရယ်...”
“ဟုတ်ပါတယ် ပြာလဲ့ပြောပြတာ အကုန်အကြောင်းချည်းပါပဲ...”
“ကဲပါ အဲလောက် ၀ိုင်းမြှောက် မနေကြပါနဲ့တော့ ဆည်းဆာပဲ ဒကာခံပါမယ့်...”
“ဟာ... ဒါဆို အ၀တီးလိုက်မှာနော်... တော်ကြာကြမှ ဒေါ်ဆည်းဆာ ထိုင်ငိုနေမယ်...”
“ဒီလောက်လည်း မမွဲသေးပါဘူး ပြာလဲ့ရယ်... စိတ်ကျကျွေးမယ် ဆိုင်ဝမှာလေ...”
“ဟား...ဟား...”
“ကဲ လာသွားကြစို့...”

ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်က အကြံနဲ့ဆိုတော့ လူရှင်ပြီး အခန်းရတဲ့ စားသောက်ဆိုင်ကို ရွေးလိုက်တယ်...
“ကဲ... စားချင်တာမှာ အားမနာနဲ့ ပြာလဲ့ရှင်းမယ်...”
“စိတ်ချ... အစားဟေ့ဆို ဆည်းဆာတို့ နောက်မကျစေရဘူး...”
“ယုံတယ်...ယုံတယ်... ဒါကြောင့် ဒီခန္ဓာကိုယ်က ဒီထက်ကို မကျဘူး...”

ကျွန်မတို့ ပျော်ပျော်ပါးပါး စားသောက်ကြ၊ စကားတွေ ပြောကြနဲ့ တက္ကသိုလ်တက်တုန်းက အချိန်တွေ ပြန်ရောက်သွား သိလိုပါပဲ... ခဏကြာတော့ ပြာလဲ့က မြေပဒေသာကျွန်းမှာ အပင်သွားဝယ်ချင်လို့ ဆိုပြီး ထွက်သွားတယ်... အပင် ၀ယ်ချင်တယ် ဆိုတာကလည်း သူ့ကောင်လေးက အပင်ဝယ်ရတာ စိတ်မ၀င်စားတာကြောင့် ဘယ်အချိန် ၀ယ်ဝယ် လိုက်သွား လေ့မရှိဘူးတဲ့လေ... ဒါကြောင့် သူအပင်သွားဝယ်တုန်း ကျွန်မနဲ့ စကားပြောနိုင်အောင် လုပ်ပေးခဲ့တယ်လေ...

ပြာလဲ့ဘက်ကတော့ တာဝန်ကျေသွားပြီ... ကျွန်မဘယ်က စပြောရမလဲဆိုတာ စကားစရှာနေမိတယ်... ကောင်ဆယ်လင်း ခန်းထဲကို ၀င်လာတဲ့ ကလိုင်းရင့်နဲ့ စကားပြောတာဆို ကျွန်မ စပြောဖြစ်တာ ကြာပြီ... ခုက အဲလိုမဟုတ်... သူ့ကို ဘယ်လို စကားစရမှန်း မသိလို့ ကျွန်မ လက်တွေမှာ ချွေးစေးတွေတောင် ပြန်လာတယ်... နောက်ဆုံး ကြာပါတယ် မထူးတော့ဘူး ဆိုပြီး စကားစ စလိုက်တယ်...
“ကိုအောင်ချမ်းသာ”
“ကျွန်တော့်ကို ပြာလဲ့ ကိုချမ်းလို့ ခေါ်နိုင်ပါတယ် ဆည်းဆာ...”
“ဟုတ်ကဲ့... ကိုအောင်ချမ်း အဲလေ ကိုချမ်း”

ကျွန်မစားပွဲပေါ်မှာ ရှိတဲ့ ရေခွက်ကို ယူပြီး သောက်လိုက်တယ်... ပြီးတော့ စကားပြန်ဆက်လိုက်တယ်...
“ကိုချမ်း... ကျွန်မက HIV/AIDS ကောင်ဆယ်လင်း သင်တန်းအောင်မြင်ထားတဲ့သူ တဦးဆိုတာ သိလားဟင်...”
“အင်း... ပြာလဲ့ ပြောလို့ သိထားပါတယ်...”
“ဒါဆို ကျွန်မ ကိုချမ်းနဲ့ စကားနဲနဲပြောချင်တယ်...”
“ပြောလေ ရပါတယ်...”
“ကိုချမ်းက ကျွန်မထက် ငယ်မယ်ထင်တယ်...”
“ပြာလဲ့နဲ့ ကျွန်တော် ၂နှစ်ကွာတယ်...”
“ဒါဆို မောင်လေးပဲပေါ့... ဆည်းဆာ ခုကိုချမ်းနဲ့ ပြောချင်တာက ကိုချမ်း အမျိုးသမီးတဦးနဲ့ ... ဟို တမျိုးတော့ မထင်စေချင်ဘူး ကိုချမ်း... ကျွန်မက ကိုချမ်းနဲ့ ပြာလဲ့ကို ကူညီချင်ရုံသက်သက်ပါ... ကျွန်မကြောင့် ကိုချမ်းနဲ့ ပြာလဲ့တို့ရဲ့ အိမ်ထောင်ရေးလည်း အနှောင့်အယှက် မဖြစ်စေရပါဘူးလို့ ကျွန်မ ဂတိပေးပါတယ်... ပြီးတော့လည်း ကိုချမ်းက ကျွန်မကို ပြာလဲ့ သူငယ်ချင်းလို မဟုတ်ဘဲ ကိုယ့်အစ်မရင်းတယောက်လို ပွင့်ပွင့် လင်းလင်း ပြောစေချင်တယ်ကွယ်... ကိုချမ်းပြောလိုက်လို့ ခုကိုချမ်းနဲ့ ကျွန်မပြောနေတဲ့ အကြောင်းအရာ တွေကို ပြာလဲ့ မပြောနဲ့ တခြား ဘယ်သူမှ မသိစေရပါဘူး... ဒါကြောင့် စိတ်ချလက်ချလည်း ပြောနိုင်ပါတယ်...”

သူ ခေတ္တစဉ်းစားနေတယ်... ကျွန်မကို သူပြောသင့်လား၊ မပြောသင့်လား၊ စဉ်းစားနေတယ် ထင်ပါရဲ့... သူ့ပုံစံ ကြည့်ရတာ အတော်လေး စိတ်ဖိစီးမှုဒဏ်ခံ နေရတယ်လို့ ကျွန်မ ခံစားမိတယ်...
“ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် မောင်လေး... ပြာလဲ့ဆီကနေ မ အထိုက်အလျောက် သိထားပါတယ်... ဘာမှ ရှက်စရာလည်း မလိုဘူး... တို့ မောင်နှမချင်းတွေပဲ... မောင်လေးသာ ဘယ်သူ့ကိုမှ ဘာမှမပြောရင် ဘယ်သူမှ သိလာနိုင်စရာ မရှိဘူး... မဆိုလိုတာက မဘက်ကတော့ လုံးဝ မပေါက် ကြားနိုင်ဘူး...”
ကျွန်မသူ့ကို ကိုယ့်မောင်ရင်း တယောက်လို သဘောထားကြောင်း ပြလိုက်တဲ့အချိန်မှာ သူ့မျက်ဝန်းမှာ အလင်းတန်းတခု လျှပ်ပြေးသွားတာ ကျွန်မတွေ့လိုက်တယ်...
“ကျွန်တော် မကို ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်... နားနဲ့မနာ ဖ၀ါးနဲ့သာနာ ပေးပါ...”
“ရတယ် မောင်လေး ကိစ္စမရှိဘူး... မောင်လေး ပြောပြမှ မက ဘယ်လို ကူညီလို့ရမယ်ဆိုတာ သိမှာလေ...”
“ကျွန်တော် မိန်းမပျက်တဦးနဲ့ အတူတူနေခဲ့ဖူးပါတယ်... အဲဒီအမျိုးသမီးမှာ HIV ပိုးရှိတယ်လို့ နောက်မှ ကျွန်တော် သိလိုက်ရတယ်... ပြာလဲ့နဲ့ ပြာလဲ့မိဘတွေ၊ ကျွန်တော့် မိဘတွေက ဒီအကြောင်းတွေ မသိဘဲ၊ ကျွန်တော်တို့ကို လက်ထပ်ဖို့ ပြောနေကြပါပြီ... ခုရန်ကုန်က ပြန်ရင် မင်္ဂလာရက် သတ်မှတ်ကျတော့ မှာပါ... တတ်နိုင်သလောက် အချိန်တွေ ဆွဲပေမယ့် ခုတော့ ဆွဲလို့ ရမှာ မဟုတ်တော့ဘူး... ပြီးတော့ ကျွန်တော် ပြာလဲ့ကို ချစ်တယ်... သူ့ကို ဒီရောဂါကြီးကို မပေးခဲ့ချင်ဘူး... ကျွန်တော်က သေနေ့ကို စောင့်နေတဲ့ လူပါ... ဒါကြောင့် ကျွန်တော် သူ့ကို လက်မထပ်နိုင်ဘူး...”
“မောင်လေး ဆိုလိုတာက မောင်လေးမှာ ရောဂါပိုးရှိနေပြီလို့ ဆိုလိုတာလား...”
သူ ကျွန်မကို ခေါင်းညိတ်ပြတယ်... သူ့မျက်ဝန်းမှာလည်း မိုးစက်တွေ တွဲလွဲခိုလျက်...
“မောင်လေး သွေးရော စစ်ပြီးပြီလား...”
“ဟုတ်ကဲ့... ကျွန်တော် သွေးစစ်ပြီးပါပြီ...”
“ဒါနဲ့ မတခုလောက် မေးပါရစေ... မောင်လေး လိင်ဆက်ဆံတုန်းက ကွန်ဒုံးမသုံးဘူးလား...”
“ဟုတ်... မသုံးခဲ့ဘူး...”
“ဘာလို့ မသုံးတာလဲ... သုံးရမှာ မသိလို့လား... ဒါမှမဟုတ် သိရဲ့နဲ့ မသုံးတာလား...”
“သုံးရမှာတော့ သိပါတယ်... ဒါပေမဲ့ ဟိုလေ...”
“အိုကေ... မသိပြီ... မောင်လေးမှာ ဒီရောဂါပိုး ရှိတာနဲ့ မိန်းမယူလို့ မရဘူးလို့ ဘာလို့ထင်နေရတာလဲ...”
“ကန်တော့နော် မ... လိင်ဆက်ဆံရာကနေ တဆင့် ကူးနိုင်တယ်လို့ သိထားလို့ပါ...”
“ဒီလောက် သိထားရင်ကို ရနေပါပြီ... ဒီရောဂါပိုးက အတူနေ၊ အတူစား၊ အတူဝတ်၊ အတူအိပ်လို့ ကူးနိုင်တဲ့ ရောဂါ မဟုတ်ဘူး ဆိုတာရော မောင်လေး သိလား...”
“ဟုတ်ကဲ့... သိပါတယ်...”
“အင်း... HIVပိုး ကူးစက်ခံရတာနဲ့ မသေနိုင်သေးပါဘူး... အိပ်ရေး ၀၀အိပ်မယ်... သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားမယ်... ဆေးလိပ်၊ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းတွေကို ရှောင်ကြဉ်ပြီး၊ ကိုယ့်ကျန်းမာရေးကို ဂရုပြုစောင့်ရှောက် သွားမယ်ဆိုရင် လူ့သက်တမ်းစေ့ နေနိုင်ပါတယ်... နောက်တခုက မင်းနဲ့ ပြာလဲ့တို့ လက်ထပ်ကြမယ်... အဲ မင်းမိန်းမကို မကူးနိုင်အောင် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို စနစ်တကျသုံးမယ်ဆိုရင် မင်း... ကူးပါဆိုတာတောင် မကူးနိုင်ဘူး... ကွန်ဒုံး သုံးသင့်တယ် ဆိုတာလည်း မင်းသိနေတာပဲ... ဒါပေမဲ့ ကလေးတော့ မယူသင့်ဘူးနော်...”
“အဲလို တကယ်လုပ်လို့ရလား မ...”
“မင်း တို့ ပြောတာတွေ လုပ်ကြံပြောတယ် ထင်လို့လား...”
“ဟို မထင်ပါဘူး... ကျွန်တော် မျှော်လင့်မထားတာတွေ ကြားရလို့ပါ...”
“မောင်လေးက ဘာတွေ မျှော်လင့်ထားလို့လဲ...”
“မကို ကျွန်တော် လေးစားပါတယ်ဗျာ... ကျွန်တော်ထင်တာက ပြာလဲ့နဲ့ ဝေးဝေးက ရှောင်ပေးဖို့ ပြောမယ် ထင်ခဲ့တာ...”
“ဟင်း...ဟင်း မက ဘာလို့ ပြောရမှာလဲ... သူများအိမ်ထောင်ရေးကို မတို့ကြောင့် ဘယ်တော့မှ အနှောင့်အယှက် မဖြစ်စေဘူးလို့ ပြောထားပြီးပြီပဲ... မောင်လေးကို လုပ်လို့ရတာတွေ ပြောပြတာ ကျန်တာက မင်းကိုယ်တိုင် ဆုံးဖြတ်ရမဲ့ အပိုင်းလေ...”
“ဒါဆို ကျွန်တော့်မှာ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတာပေါ့နော်...”
“ဒါပေါ့... ကိုယ့်ကိုယ်ကို စိတ်ဓာတ်မကျဘဲ... သာမာန်လူတယောက်လို အလုပ်တွေကိုလည်း အရင်လို ပုံမှန်အတိုင်း လုပ်နိုင်တယ်... ခုဆို တို့နိုင်ငံမှာတင် ရောဂါရှိရဲ့နဲ့ လုပ်ကိုင်စားသောက်နေကြတဲ့ လူတွေ နေရာတိုင်းမှာ တွေ့နိုင်တယ်လေ... ဒါပေမဲ့ သူတို့ကို ရောဂါရှိတဲ့ သူလို့ မထင်ရအောင် ကျန်းမာကြတယ်... သူ့တို့ရဲ့ မျက်နှာပေါ်မှာလည်း စိတ်ပျက် အားငယ်နေတာမျိုး မရှိကြဘူး...”
“ကျွန်တော် အမြင်မှန်ရပါပြီ မ... ပြာလဲ့ကို လက်ထပ်မယ်... ပြီးတော့ ကွန်ဒုံးသုံးဖြစ်အောင် သုံးမယ်... ပြီးတော့ အရင်လို ကျွန်တော် အလုပ်ပြန်လုပ်မယ်... မကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်... မကို ကန်တော့ပါရစေ...”
“အို... ရပါတယ်... မကန်တော့ပါနဲ့... ဒါ မတို့ လုပ်သင့်တဲ့ အလုပ်ပဲလေ... မကြောင့် မင်းတို့ဘ၀လေး လှပမယ် ဆိုရင်ပဲ မ၀မ်းသာလှပါပြီ...”
“အဲလိုလည်း ဘယ်ဟုတ်ပါ့မလဲ... မကြောင့် ကျွန်တော် ပျောက်ဆုံးခဲ့ရတဲ့ ဘ၀ကို ပြန်ရှာတွေ့ခဲ့တယ်... ကျွန်တော့်ဘ၀သေပြီလို့ ထင်ထားပြီးမှ နေ အနောက်အရပ်က ထွက်လာသလို ကျွန်တော့်ဘ၀ ပြန်လည် တောက်ပဖို့ အခွင့်အရေးတွေ ရခဲ့တယ်...”
“အဲဒီ့အတွက် မကို ဂတိတခုတော့ ပေးစေချင်တယ်...”
“မ ဘာဂတိလိုချင်လည်း ပြောပါမ ကျွန်တော်ပေးပါ့မယ်...”
“သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး... ပြာလဲ့ကို သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းပါမယ်လို့ပေါ့...”
“ကျွန်တော် အလေးအနက်ထားပြီး ဂတိပေးပါတယ်... ကျွန်တော် မိုက်ခဲ့ပြီးပါပြီ... နောက်ထပ် ဘယ်တော့မှ မမိုက်တော့ပါဘူး...”

“ဒေါက်...ဒေါက်”
“အေး... ၀င်လာခဲ့”
“ပြာလဲ့ ရောက်လာပြီလား...”
“အင်း... အပင်ဆိုင်တွေကလည်း ဈေးအရမ်းကြီးတာပဲကွာ...”
“ဒါနဲ့... ဘာမှ မ၀ယ်ခဲ့ဘူး ဆိုပါတော့...”
“ဟီး”
“ကဲ ဒါဆိုလည်း ပြန်ကြရအောင်...”
ပိုက်ဆံရှင်းပြီး စားသောက်ဆိုင် အပြင်ဘက်ကို ထွက်လာခဲ့တယ်... ပြာလဲ့က ကျွန်မနား တိုးတိုးလေးကပ်ပြီး
“ဘာတဲ့လဲ ဆည်းဆာ... သူသွေးစစ်မယ်တဲ့လား... သူ့မှာ ရောဂါပိုးရှိတယ်တဲ့လား...”
“မင်းသိချင် ကိုယ်တိုင်မေးကြည့်ပေါ့ကွာ...”
“ကဲ ကိုချမ်းရော ပြာလဲ့ရော ကိုယ်တို့ ဒီမှာ လမ်းခွဲကြတာပေါ့...”
“လိုက်ပို့ပေးမယ်လေ မ...”
“နေပါစေတော့ကွယ်... လမ်းက တောင်တလမ်း၊ မြောက်တလမ်း ဖြစ်နေတော့... ကိုချမ်းနဲ့ပြာလဲ့ မင်္ဂလာဆောင်ရင် တို့ကို ဖိတ်ဖို့ မမေ့နဲ့နော်... မင်းတို့အတွက် ဘ၀နဲ့ ဆန္ဒထပ်တူကျပြီး ပျော်ရွှင်နိုင်ပါစေလို့ ကိုယ်ဆုတောင်းပေးလိုက်ပါတယ်...”
“ကျွန်တော်တို့ မင်္ဂလာဆောင်ရင် လာဖြစ်အောင် လာရမယ်နော်...”
“လာနိုင်အောင် ကြိုးစားပါ့မယ်... ကဲ... မင်းတို့လည်း သွားကြတော့... ကိုယ်သွားပြီနော် ပြာလဲ့”
“အင်း... ပြာလဲ့ ဘယ်တော့မှ ဆည်းဆာကျေးဇူးမမေ့ပါဘူး...”
“မလိုပါဘူးကွာ... သွားပြီ...”
အပြန်လမ်းမှာတော့ ၀မ်းနည်းခြင်းတွေ၊ အိပ်မက်ဆိုးတွေ အားလုံး အဝေးမှာ ကျန်ခဲ့ပါပြီ.... စတွေ့တုန်းကလို မဟုတ်ဘဲ မျက်နှာ ကြည်ကြည်လင်လင်နဲ့ ပျော်ရွှင်စွာ လက်ချင်းယှက်လို့ အဝေးကို တဖြည်းဖြည်း ရွှေ့လျားသွားတဲ့ သူတို့ရဲ့ ပုံရိပ်ကို ကြည့်ပြီး ကျွန်မ အတိုင်းမသိ ၀မ်းသာကြည်နူးမိပါတယ်... သူတို့လိုပဲ ချစ်တဲ့ သူတိုင်း သောကကင်းဝေးနိုင်ပါစေလို့ ဆုတောင်းရင်း......

ပြီးပါပြီ...

World AIDS Day ကို ဤဆောင်းပါးမှ တဆင့် ဂုဏ်ပြုလိုက်ပါတယ်... အားငယ်သူကို အားပေးရင်း ဖေးမမယ့် လက်တွေ ကမ်းလင့်လို့ နေပါတယ်... HIV ပိုး ကူးစက်ခံနေရတဲ့ ဝေဒနာရှင်များအတွက် မီးလေးတို့ အားလုံး တွဲကူဖို့ အဆင်သင့် ရှိနေကြမှာပါ... စိတ်ဓာတ်မကျကြပါနဲ့.... လှဲနေသူကို ထူပေးမဲ့ စေတနာ့ ၀န်ထမ်းတွေလည်း အများကြီးလိုအပ်ပါတယ်... ကိုယ့်နီးစပ်ရာ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဝေဒနာရှင်တွေကို နိုင်သလောက်လေး ၀ိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းရင်း သင်ကြားပြသပေးခဲ့သော ဆရာမ ဒေါက်တာ ဒေါ်အေးမြတ်လွင်နှင့် တကွ MSIM မှ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးနှင့် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း...

9 comments:

Anonymous said...

AIDS ကို နာတာရှည်ရောဂါ ထဲထည့်လိုက်လို့လဲ .. ဟိုတလောက ကြားမိတယ်...။

စိုင်းနောင့် said...

ဗဟုသုတရစေပါတယ်

Welcome said...

မနက်က ကွန်မင့်ပေးခဲ့တာ ပျောက်သွား သလိုပါပဲ။ ထပ်လာဖတ်ပါတယ်။

http://winzaw-mdy.blogspot.com

flowerworld said...

မီးလေးရေခုမှပဲမျှော်နေတာလေးပြီးသွားတော့တယ် အဟဲ အရေးအသားကတော့ လက်မကျသေးဘူးနော် အားပေးနေတယ်နော်
ကွန်အမြဲရလို့ မီးမပျက်ပါစေနဲ့လို့ ဆုတောင်းပေးသွားတယ်နော်...

တားမြစ် ထားသော... said...

ဖတ်သွားတယ်။ စာပေနဲ့အသိပေးတာ ကျေးဇူးပါ။
ဆက်ရေးပါအုံး။

သုခမိန်(E-Journal)

Saing Khan Tun said...

ကောင်းပါပေ့ဗျာ ... ပညာပေးလေးတွေ ဆက်ရေး .... အားပေးတယ်ဗျာ

puluque said...

မီလေးရေ..နောက်လည်း အခုလို ဗဟုသုတ ရစရာတွေ များများရေးပါလို့ တိုက်တွန်းပါတယ်။ အားပေးနေပါတယ်ခင်ဗျား....

Anonymous said...

ဖတ်မှတ်သွားပါတယ်ဗျာ။

လင်းဦး(စိတ်ပညာ) said...

ဒီလိုအသိပေးတဲ့အတွက်ကျေးဇူးပါ... :)