Pages

Saturday, December 6, 2008

အနောက်ရပ်က ထွက်တဲ့နေ... အပိုင်း ၁

ကျွန်မ ဒီနေ့မနက် အလုပ်ကို ထွက်လာတာ စိတ်ထဲမှာ တမျိုးကြီးပဲ ၀မ်းနည်းသလိုလို ၀မ်းသာသလိုလိုနဲ့ ၀မ်းနည်းတဲ့စိတ်က ပိုများမယ်ထင်တယ်... စိတ်ထဲမှာလည်း မတင်မကျကြီးနဲ့ တခုခု ဟာနေသလိုပဲ... ရုံးရောက်တော့လည်း စိတ်မပါ လက်မပါနဲ့ အလုပ်စားပွဲမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နေကျ စက်ရုပ်တရုပ်လို လှုပ်ရှားနေရတယ်... သူ့အကြိုက်လိုက်မှ ကြိုက်တဲ့ မန်နေဂျာနဲ့ အမြဲပဲ စိတ်တိုနေတတ်တဲ့ ဘော့စ်...

သူ့အကြိုက်ဆိုလို့ ကျွန်မတို့လို ၀န်ထမ်းတွေ အပေါ်မှာ သူ့ဟာ အာဏာ ပါဝါပြနိုင်တဲ့ ကျားကြီးပေါ့... အဲ ဘော့စ်ရှေ့ကျပြန်တော့ သူက အော်ငေါက်ခံနေရတဲ့ သနားစရာ ကြောင်ပါးကြီး တကောင်ပါ...

“ ကလင်...ကလင်...ကလင်”
“ဟဲလို... အာရုံလင်း ကုမ္ပဏီကပါ”
“Marketing Dept:က နွေဆည်းဆာကို ခေါ်ပေးပါ”
“မမနွေ ဖုန်းလာနေတယ်”
“ဟုတ်ကဲ့... နွေဆည်းဆာ စကားပြောနေပါတယ်”
“ဆည်းဆာ ဟဲ့ ငါပါဟ ပြာလဲ့”
“ဟယ်... ပြာလဲ့ နင်ဘယ်တုန်းက ပြန်ရောက်လဲ... ငါတို့ကို မဆက်သွယ်တာတောင် အတော်ကြာနေပြီ... နေကောင်းလား... ဦးတို့ အန်တီတို့ကော နေကောင်းကြလား...”
“အမယ်လေး ဆည်းဆာရယ် နင့်မေးခွန်းတွေကလည်း များလိုက်တာ အသက်ကလေးဘာလေးလည်း ရှုပါဦး”
“ဆောရီး သယ်ရင်း ကိုယ်လောကြီးသွားတယ်... ခုတော့ ကိုယ်သိပ်မအားဘူးကွ ညနေရုံးဆင်းချိန်ကြရင် ဆုံနေကျဆိုင်မှာ အကြော်သွားစားကြမယ်”
“အိုကေ ဆည်းဆာ... ပြာလဲ့ အဲဒီ့မှာ စောင့်နေလိုက်မယ်”

ကျွန်မနာမည် နွေဆည်းဆာ ကျွန်မကို နွေလို့ အများစုက ခေါ်ပေမဲ့ ကျွန်မသူငယ်ချင်းတွေကတော့ ဆည်းဆာပဲ ခေါ်ကြတယ်... ပြာလဲ့ သူက ကျွန်မ သိပ်ချစ်ရတဲ့ သူငယ်ချင်းပါ သူ့နာမည်အရင်းက စိမ်းပြာလဲ့... သူက သူ့ကိုယ်သူ ပြာလဲ့လို့ ထည့်ပြော တတ်တော့ သူ့နာမည်ခေါ်ရင်း ပြာလဲ့ကနေ ပြာလပ်လို့ ခေါ်ကြတယ်... ကျွန်မတို့ ဘွဲ့ယူပြီးကတည်းက သူငယ်ချင်းတွေ ကွဲသွားကြတာ ကျွန်မကလည်း အလုပ်ဝင် ပြာလဲ့ကလည်း သူ့ဇာတိမြေ ဖြစ်တဲ့ မြစ်ကြီးနားကို ပြန်သွားခဲ့တယ်... ခုသူငယ်ချင်းနဲ့ ပြန်တွေ့ရမယ်ဆိုတော့ ပျော်တာပေါ့... မနက်က မလန်းဆန်းတဲ့ ကျွန်မ ခုတက်ကြွလန်းဆန်းစွာ အလုပ်ချိန်တွေကို ဖြတ်သန်းလို့နေပါတယ်...

“မမနွေ တက်ကြွနေပါလား... ခုမှ ၅နာရီ အတိဘဲ ရှိသေးတယ် ပြန်တော့ မလို့လား ဧကန်နတော့ ဧကန်နပဲ မရိုးတော့ဘူး ထင်တယ်”
“သူငယ်ချင်းနဲ့ ချိန်းထားတာပါ... နောက်ကျနေမှာစိုးလို့ သွားပြီ ဘိုင့်”
ရုံးအကူကောင်မလေးကို နှုတ်ဆက်ပြီး အမြန်ပြေးထွက်လာခဲ့တယ်... သူမပြောသလို မရိုးဘူးဆိုရင်တော့ ကျွန်မ ခုလောက်ပျော်မှာ မဟုတ်ဘူး...
“ဟိတ်... ဆည်းဆာ ပြာလဲ့ ဒီမှာ”
ကျွန်မကို လှမ်းခေါ်နေတဲ့ သူကိုကြည့်ပြီး ကျွန်မတခဏ ကြက်သေသေသွားတယ်... ပြာလဲ့မှ ဟုတ်ရဲ့လားပေါ့ သူမအများကြီး ပြောင်းလဲသွားတယ်... ကျွန်မတို့ နောက်ဆုံးတွေ့တုန်းကတောင် သူမလှတုန်း၊ နုပျိုတုန်း၊ သူမအသားအရည်က သူငယ်ချင်းတွေထဲမှာ အလှဆုံးမို့ ကျွန်မ အားကျရဆုံးပါ... ခုတော့ သူမအသားအရည်က မွဲခြောက်ခြောက်နဲ့၊ ကျွန်မနဲ့ယှဉ်ရင် သူမတော်တော်လေး အရွယ်ကျသွားတယ်...

“ဟဲ့... လာလေ ဘာတွေစဉ်းစားနေတာလဲ”
“ပြာလဲ့ ငါတောင် မမှတ်မိဘူးဟယ်... ဘယ်လိုဖြစ်တာလဲ ငါ့ကိုပြောစမ်းပါဦး”
“ပြောမှာပေါ့ ဆည်းဆာရယ် ဖြေးဖြေးပေါ့... ခုတော့ အကြော် ပူပူလေးစားလိုက်ပါဦး... နင်သိချင်တာ မှန်သမျှ အားလုံးပြောပြမယ်”
“ဒီမှာတော့ မအေးဆေးဘူးကွ... မနက်ဖြန် ငါ အလုပ်ပိတ်တယ် နင်ဒီကိုလာခဲ့... အိမ်မှာ ငါအလုပ်ပိတ်ရက်ဆို ဖေဖေနဲ့ မေမေက ဘုရားသွားကျောင်းတက်လုပ်ကြတော့ အေးအေးဆေးဆေးပဲ”
“အေး.. ပြာလဲ့ မနက်ဖြန် လာခဲ့မယ် အိမ်မှာပဲ စောင့်နေ”
ကျွန်မတို့ စားသောက်ပြီး လမ်းခွဲပြီး ပြန်လာခဲ့တယ်... အပြန်လမ်းတလျှောက်မှာတော့ ကျွန်မဆီ အတွေးပေါင်း များစွာ ပါလာခဲ့တယ်... ဘာလို့ သူဒီလိုပုံစံ ဖြစ်သွားတာလဲကိုလည်း အရမ်းကို သိချင်လာတယ်...
“ဟဲ့ သမီး မျက်နှာလည်း မကောင်းပါလား”
“နဲနဲ ပင်ပန်းနေလို့ပါ မေမေ... သမီး ရေမိုးချိုးပြီး နားလိုက်တော့မယ်”
“အေး.အေး”ှ
ရေမိုးချိုးပြီး ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲလိုက်တယ်... အဲဒီ့အချိန်အထိ ကျွန်မဆီမှာ အတွေးပေါင်းများစွာ ချာချာ လည်နေတုန်း ဘာပဲဖြစ်ဖြစ် ကျွန်မ မနက်ဖြန်သိရမှာပဲလေ ဆိုပြီး မျက်စိစုံမှိတ် အိပ်ပစ်လိုက်တယ်...

“အောက်...အီး...အီး...အွတ်”
အိမ်ရှေ့မှာ အမေ့ရဲ့ ဘုရားဝတ်ပြုသံ ကြားနေရတယ်... ကျွန်မလည်း အိပ်ရာထလိုက်ပြီး လုပ်စရာရှိတာ လုပ်နေတဲ့ ကျွန်မကို အဖေက တအံ့တသြကြည့်နေတယ်... ကြည့်လည်း ကြည့်ချင်စရာလေ ခါတိုင်းနေ့တွေဆို အမေက အမြဲနှိုးရတယ်... ကျွန်မ ၀ီရိယနဲ့ ထပြီး အလုပ်တက်ရတာ တရက်မှ မရှိဘူး... အဲလောက်ထိ ၀ီရိယကြီးတာ...

“သမီးရေ အိမ်ရှေ့မှာ ဧည့်သည်လာတယ်”
“လာပြီ မေမေ”
အမေ့ခေါ်သံကြားတော့ အိမ်ရှေ့ကို ပြေးထွက်လာခဲ့တယ်...
“မေမေ မမှတ်မိဘူးလား... ဒါ ပြာလဲ့လေ.. အရင် အိမ်ခဏခဏလာဖူးတယ်လေ”
“သြော်... သိပြီ အိမ်လာအိပ်နေကြ သမီးမဟုတ်လား”
“ဟုတ်တယ်လေ အန်တီမေရဲ့ အန်တီမေက ပြာလဲ့တောင် မမှတ်မိဘူး”
“အေးကွယ်... အန်တီက အသက်ကြီးပြီမို့လား... သမီးတို့ကလည်း လမ်းတွေ့ခေါ်ဖို့... ကဲ ကဲ သူငယ်ချင်းတွေ စကားပြောကြဦး အန်တီတို့ ဘုန်းကြီးကျောင်း ဥပုသ်သွားယူကြမလို့... အေးအေးဆေးဆေး လွတ်လွတ် လပ်လပ်နေကြ”
ကျွန်မ အမေက အသေးအဖွဲလေးက အစ အမှတ်သညာကြီးတဲ့သူပါ... ကျွန်မမမှတ်မိတဲ့ အရာတောင် အမေက မှတ်မိနေတတ်သလို... အဖေက တခုခု သတိမရတော့ရင် အမေကို ပြန်ပြန်မေးနေကြ... ဒါကြောင့် ကျွန်မတို့ သားအဖက အမေ့ကို ကွန်ပျူတာလို့ နောက်ခေါ်ကြပါတယ်... အဖေက သူ့မေ့သွားပြီဆို ငါ့ကွန်ပျူတာကို မေးလိုက်လို့ စရင် အမေ့မျက်စောင်းလေးက အဖေ့မျက်နှာပေါ် ၀ဲလို့ပေါ့...

“ပြာလဲ့ နင်အရမ်းပြောင်းလဲသွားတယ်ဟာ... အမေတောင် နင့်မမှတ်မိဘူး”
ကျွန်မပြောတော့ ပြာလဲ့က ပြုံးပြတဲ့ သူ့အပြုံးနောက်ကွယ်မှာ ၀မ်းနည်းခြင်းတွေ ရောပါနေတယ် ဆိုတာ ကျွန်မ အလိုလိုသိနေတယ်...
“ဆည်းဆာ”
“ပြောလေ ပြာလဲ့ ဘာပြောမလို့လဲ”
“အဟင့်...ဟင့်”
“ပြာလဲ့ ဘာလို့ငိုတာလဲ... မငိုပါနဲ့ဟာ... နင်ဘာဖြစ်နေတယ်ဆိုတာ ငါ့ကို သေသေချာချာ ပြောပါဦး... ငါ့မပြောဘဲနဲ့ နင်ငိုနေလို့ရော ပြီးသွားမှာတဲ့လား... နင့်ပြဿနာက ငါ့ပြဿနာပဲပေါ့... ငါ့ကို ပြောလိုက်ရင် နင့်စိတ်ထဲ ပေါ့သွားမယ်ဆို ငါ့ကိုပြောပြလေ... ငါတတ်နိုင်တာဆို ငါအကောင်းဆုံး ကူညီပေးမယ်...”
“ပြာလဲ့ ပြာလဲ့ မင်းတို့နဲ့ ကွဲသွားပြီး နယ်ပြန်သွားတော့ ချစ်သူတယောက်ရခဲ့တယ်”
“အင်း ဒါနဲ့ ဆက်ပြောပါဦး”
“သူက ပြာလဲ့အပေါ် သစ္စာမရှိဘူး... သူတခြားမိန်းကလေး တယောက်နဲ့ တွဲနေတယ်ဟ... ပြီးတော့လေ ပြီးတော့... ပြာလဲ့ ဆည်းဆာကို ပြောရမှ ရှက်လည်း ရှက်ပါတယ်ဟာ... အဟင့်...ဟင့်”
“ဘာမှ ရှက်စရာမလိုပါဘူး ပြာလဲ့ရယ်... တို့မိန်းမချင်း ပွင့်ပွင့်လင်းလင်းသာ ပြောပါ...”
“ပြာလဲ့... ပြာလဲ့ သူနဲ့ အတူတူနေဖြစ်ခဲ့တယ်... ပြာလဲ့တို့ကို မိဘတွေက စေ့စပ်ပေးခဲ့တယ်... သူက ပြာလဲ့ကို ချစ်လွန်းလို့ပါ ကိုယ်တို့ မကြာခင် လက်ထပ်ကြ မှာပဲဟာ ဆိုပြီး ပြောတော့ ပြာလဲ့လည်း သူ့ဆန္ဒကို လိုက်ရောမိခဲ့တယ်”
“ဒါက ပြာလဲ့တို့ အချင်းချင်း နားလည်မှုယူပြီး အတူတူနေကြတာပဲလေ ဒါက ပြဿနာမဟုတ်ပါဘူး... မဟုတ်မှ လွဲရော ပြာလဲ့မှာ ကိုယ်ဝန်ရှိနေတာကို သူက မယူနိုင်ဘူး ပြောပြီး နောက်တယောက်နဲ့ တွဲနေတာလား”
“မဟုတ်ဘူး ဆည်းဆာ မဟုတ်ဘူး အဲလို ဖြစ်လာခဲ့ရင်တောင် ပြာလဲ့ ကလေးကို ရအောင်မွေးမှာပဲ... ခုက အဲလို မဟုတ်ဘူး... သူခုတွဲနေတဲ့ ကောင်မလေးနဲ့လည်း မကင်းဘူးဟ... နောက်မှသိရတာက အဲဒီကောင်မလေးကို အိမ်ငှားပေးထားပြီး နေ့တိုင်း အဲကောင်မလေးနဲ့ သွားသွားနေတယ်... အဲဒါကို သူများ ပြောမှ သိရတာ... ပထမတော့ ပြာလဲ့လည်း မယုံဘူး... သူများတွေ မနာလိုလို့ ပြောတာလို့ ထင်ခဲ့တယ်... ပြာလဲ့ကို အသိတယောက်က နင်မယုံရင် ငါနဲ့လိုက်ခဲ့ဆိုပြီး လာခေါ်တယ်... ပြာလဲ့လည်း လိုက်သွားဖြစ်ခဲ့တယ်... ပြာလဲ့ အဲဒီအိမ်ရောက်သွားတဲ့ အချိန်မှာ....”
သူအဝေးကို ငေးမျှော်ရင်း စကားကို ခဏရပ်လိုက်တယ်... သူ့အတွက် ကြေကွဲစရာ ကောင်းတဲ့ ရင်နာစရာ ဖြစ်ရပ်တွေပါ... သူ့ကို ကျွန်မသနားနေမိတယ်... သူစကားမစပ်နိုင်သေးဘူး... သူ့မျက်ပြင်ကို မျက်ရည်တွေ စီးကျမလာပေမဲ့ သူ့ရင်ထဲမှာတော့ မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ရွာနေမှာ အမှန်ပဲ....

ဆက်ရန်
စာဖတ်သူများအားလုံးကို အစဉ်လေးစားလျက် ကြိုးစားပါဦးမည်....

No comments: