Pages

Friday, December 12, 2008

အနောက်ရပ်က ထွက်တဲ့နေ... အပိုင်း ၃

ကျွန်မတို့ ထမင်းစားပြီးတော့ မတွေ့ရတာကြာပီဖြစ်တဲ့ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် စကားတွေ ဖောင်ဖွဲ့ နေကြတာပေါ့... စကားပြောရတာ မောလွန်းလို့ ထင်ပါရဲ့ ကျွန်မလည်း ဘယ်အချိန်က အိပ်ပျော်သွားမှန်း မသိဘူး... ကျွန်မနိုးလာတော့ ပြာလဲ့က ကျွန်မ ဘေးမှာ အိပ်မောကျလျက်...

“ဆည်းဆာ ပြာလဲ့ တော်တော် အိပ်ပျော်သွားတယ် ထင်တယ်... ဆည်းဆာတောင် ရေချိုးပြီးပြီ...”
“ကိုယ်လည်း အိပ်ပျော်သွားတယ်ကွ... မင်းလည်း ရေသွားချိုးလိုက်လေ မေမေတို့ ပြန်လာရင် ကိုယ်တို့ ဆေးခန်းသွားရအောင်...”
“ပြာလဲ့ သူငယ်ချင်း...”
“အားတင်းထားပါနော်... နည်းနည်းလေးမှ စိတ်ဓာတ်မကျမိစေနဲ့... ပြီးတော့မင်းရဲ့ အဖြေမှာ Negative ဆိုရင်တော့ နောက်သုံးလ နေရင် တခါပြန်စစ်ရမယ် သူငယ်ချင်း... ဘာလို့လည်း ဆိုတော့ မင်းကောင်လေးနဲ့ နောက်ဆုံး အတူနေခဲ့တာ သုံးလကျော်လောက်ကဆိုတော့ ရောဂါပိုး ကူးစက်ခံရရင် သွေးစစ်တဲ့အခါ ပေါ်ချင်မှ ပေါ်ဦးမယ် သူငယ်ချင်း... ရောဂါပိုး ကူးစက်ခံရပြီး ၃လကနေ ၆လအတွင်း ရောဂါပိုး ရှိ၊ မရှိပေါ်တာဆိုတော့ Negative ပေါ်ခဲ့ရင် ထပ်စစ်ဖို့ လိုလိမ့်မယ်... ခုစစ်လို့ ပိုးတွေ့တယ် ဆိုရင်လည်း ကြိုတင်ပြီး ကာကွယ်မှုတွေ လုပ်နိုင်တယ်လေ...”

“ဆည်းဆာ”
“ဟေ ပြောလေ သူငယ်ချင်း”
“ပြာလဲ့ နည်းနည်းတော့ ကြောက်တယ်ကွာ”
“ဟင်... ဘာကိုကြောက်တာလည်းကွ”
“ပြာလဲ့ သွေးစစ်တဲ့အခါကျရင် သူတို့တွေက ပြာလဲ့အဖြေကို သိကြမှာလေ... အဖြေရွေးတဲ့အခါ ပြာလဲ့ကို သူတို့ဝိုင်းကြည့်ရင် ပြာလဲ့ အဲ့ဒီအကြည့်တွေကို နည်းနည်းတော့ ကြောက်မိတာ အမှန်ပဲ”

ပြာလဲ့ ကြောက်မယ်ဆိုတာ ကိုနားလည်ပါတယ်... ကိုယ်မင်းကို ပြောဖို့ တခုလိုသွားတယ်ကွ... ကိုယ်တို့ ခုသွားမှာက ပုဂ္ဂလိက ဆေးခန်းလေ... ကိုယ်တို့သွားမယ့် ဆေးခန်းက HIV ပိုးစစ်တဲ့ လူနာတိုင်းကို ကောင်လ်ဆယ်လင်း လုပ်ပေးတယ်... ပြီးတော့ လူနာတွေဘက်ကို secure လုပ်ပေးတဲ့အနေနဲ့ သွေးစစ်တာ ဘယ်သူဘယ်ဝါ မသိရအောင် သွေးစစ်တဲ့အခါ နာမည်ကို မသုံးဘဲ နာမည်အစား ကုဒ်နံပါတ်ကိုသာ အသုံးပြုပြီး စစ်ပေးတယ်... ဒါကြောင့် ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး... နောက်ပြီး အဖြေရွေးတဲ့အခါကျရင်လည်း ကောင်လ်ဆယ်လင်း ၀င်ထားတဲ့ လူနာဆိုရင် ကိုယ်တိုင်လာယူမှ ထုတ်ပေးတယ်... အရင်ကဆိုရင် ကုဒ်နံပါတ်နဲ့ စစ်ပေးတဲ့ စနစ်ကို NGO အဖွဲ့အစည်းတွေက ဖွင့်တဲ့ ဆေးခန်းတွေမှာသာ အသုံးပြုကြတယ်... နောက်ပိုင်းမှာ အဲဒီ့ဆေးခန်းကို လာရင် ဒီရောဂါသည်တွေပဲ ဆိုပြီး ပတ်ဝန်းကျင်က မေးငေါ့ကြလို့ ဘယ်သူ့မှ မသွားချင်ကြဘူး... ပိုက်ဆံမရှိလို့ ခက်ခဲနေတဲ့ ဝေဒနာသည်တွေသာ သွားကြပြီး ပိုက်ဆံရှိတဲ့သူတွေကတော့ အထူးကုဆေးခန်းတွေမှာ ကုသမှုခံယူကြတယ်... တချို့တွေကျပြန်တော့ ဗဟုသုတကလည်း နည်းတဲ့အတွက် HIV ပိုး ကူးစက်ခံရရင် ဝေဘာဂီဆေးရုံကို ပို့ခံရမှာစိုးလို့ ကုသမှုမခံရဲကြဘူး... ဝေဘာဂီ ဆေးရုံက HIV ပိုးမှ မဟုတ်ဘူး တခြား ကူးစက်ရောဂါတွေ ကုပေးတဲ့ ဆေးရုံဆိုတာ အားလုံးမသိကြဘူးလေ... နောက်ပြီး HIV ရောဂါပိုး တွေ့တာနဲ့ ဝေဘာဂီဆေးရုံကို တန်းမပို့ပါဘူး... တချို့ဆင်းရဲချို့တဲ့ တဲ့သူတွေကို လွှတ်တယ် ဆိုတာကလည်း ဆေးရုံမှာ ဝေဒနာရှင်တွေအတွက် ဆေးဝါးအခမဲ့ ထုတ်ပေးတယ်... ဆေးရုံထိ မသွားချင်တဲ့ သူတွေကတော့ NGO ရဲ့ ဆေးခန်းတွေမှာ သွားရောက်ပြသပြီး ဆေးဝါး အခမဲ့ ထုတ်ယူနိုင်တယ်လေ...”
“အဲလိုဆိုတော့ ဝေဒနာရှင်တွေအတွက် အဖက်ဖက်က အဆင်ပြေလာတာပေါ့နော်...”
“ဒါပေါ့ သူငယ်ချင်းရဲ့ ဒါကြောင့်ကိုယ်က စိတ်ဓာတ်မကျပါနဲ့ ပြောတာပေါ့...”
“ဒါဆို ပြာလဲ့ ရေသွားချိုးလိုက်ဦးမယ်”

ညနေ ၅နာရီလောက် ဖေဖေနဲ့မေမေ ဘုန်းကြီးကျောင်းက ပြန်ရောက်လာတယ်...

“မေမေ သမီး ပြာလဲ့နဲ့ အပြင်ခဏသွားလိုက်ဦးမယ်..”
“အေး...အေး... သိပ်လည်း နောက်ကျမနေနဲ့နော်...”
“ဟုတ်ကဲ့... မေမေ”
“ဦးနဲ့ အန်တီ ပြာလဲ့တို့ကို ခွင့်ပြုပါဦး”
“အေး...အေး”
သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနဲ့ ဆေးခန်းကို ရောက်လာကြတယ်... ဆေးခန်းမှာ ကျွန်မ သူငယ်ချင်း ကောင်လ်ဆယ်လာနဲ့တွေ့ပြီး သူ့ကို သွေးစစ်ဖို့ လာကြောင်းပြောတော့ ကျွန်မကို ကောင်လ်ဆယ်လင်း လုပ်ပြီးမှန်းသိလို့ ကုဒ်တခုပေးပြီး သွေးစစ်ဖို့ စီစဉ်ပေးပါတယ်... ကောင်လ်ဆယ်လာ အချင်းချင်းလည်း လူနာရဲ့ အကြောင်းကို ပြောလို့မရပါဘူး... ကောင်လ်ဆယ်လာ တယောက်ရဲ့ အရေးကြီးဆုံး အချက်က လျှို့ဝှက်ထားဖို့ပါပဲ... ကျွန်မ ပြာလဲ့ကို သွေးစစ်တဲ့ နေရာကို ခေါ်လာခဲ့တယ်... သူမနဖူးမှာ ချွေးတွေ စို့နေတယ်... သူမလက်ကလေးကို ကိုင်ပြီး အားပေးလိုက်တယ်... သူမလက်ကလေးတွေ အေးလို့ပါလား... သူမကြောက်နေတယ် ထင်တယ်... သွေးဖောက်ပေးတဲ့သူက သူမလက်မောင်းထဲက သွေးတွေ တဖြည်းဖြည်း စုပ်ယူနေတယ်...
“ကိုင်း ပြီးပြီ... ပြန်လို့ရပြီ... သွေးအဖြေကို မနက်ဖြန် ညနေမှာ လာယူပါ...”
“ဟုတ်ကဲ့”

အားလုံးပြီးစီးတော့ ကျွန်မတို့တွေ အိမ်ပြန်လာကြတယ်... အပြန်လမ်းမှာတော့ အတွေးကိုယ်စီနဲ့ တိတ်ဆိတ် လို့ပေါ့... တိတ်ဆိတ်မှုကို ပြာလဲ့က စပြီး ဖြိုခွင်းလိုက်တယ်...
“ဆည်းဆာ မနက်ဖြန် ထွက်လာမယ့် အဖြေကို ပြာလဲ့ ကြည့်နိုင်ပါ့မလား မသိဘူး...”
“မစိုးရိမ်ပါနဲ့ ပြာလဲ့ရယ်... အဖြေက ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာဆက်လုပ်သင့်တယ်ဆိုတာ ပြာလဲ့ သိပြီးနေပြီပဲ... မင်း ဒီည အိပ်ပျော်အောင် အိပ်ပါ... မင်းအိပ်ရေး ၀မှ ကျန်းမာရေး ကောင်းမှာပေါ့”
“အင်း”
ကျွန်မသူ့ကို နှစ်သိမ့်နေပေမဲ့ အမှန်တော့ ကျွန်မလည်း စိုးရိမ်နေမိတာ အမှန်ပါ... ဘယ်လိုပဲ သိထားတဲ့သူ ဖြစ်စေကာမှု နောက်ဆုံး အခြေအနေအထိ Negativeဆိုတာ ဖြစ်ချင်မှာပဲလေ... သူမကို ကျွန်မ စာနာ သနားမိပါတယ်... သူမ ဒီည ကောင်းကောင်း အိပ်ပျော်နိုင်ပါစေလို့ ဆုတောင်းယုံမှတပါး...

“အောက်...အီ...အီး...အွတ်”
ကြက်တွန်သံ မကြားခင်ထဲက ကျွန်မနိုးနေခဲ့တယ်... ဘေးကို ကြည့်လိုက်တော့ ပြာလဲ့ မရှိဘူး... ရေချိုးခန်းထဲက ပြာလဲ့ထွက်လာတယ်...
“ဆည်းဆာ နိုးပြီလား... ပြာလဲ့ ဘုရားသွားမလို့ စောစောထဖြစ်တာ ညနေရုံးဆင်းရင် ဆည်းဆာရုံးကို ပြာလဲ့ လာခဲ့မယ်...”
“အွန်း... ကိုယ် မျက်နှာသွားသစ်လိုက်ဦးမယ်”
သူမ ကျွန်မကို ဖြေရှင်းချက်ပေးနေပေမယ့် သူမ အိပ်မပျော်ဘူး ဆိုတာ ကျွန်မ ကောင်းကောင်းသိတာပေါ့... ကျွန်မလည်း ရုံးသွားဖို့ ပြင်ဆင်ပြီး ရုံးထွက်လာခဲ့တယ်... ဒီနေ့ရဲ့ အချိန်တွေက ကျွန်မအတွက် အကြာဆုံး အချိန်တွေပါပဲ... ဒါပေမဲ့ ရုံးဆင်းဖို့ အချိန်နီးလာလေ အချိန်တွေ ပိုမြန်လာလေ သလိုပါပဲ... ရုံးဆင်းတော့ ရုံးအောက်မှာ စောင့်နေတဲ့ ပြာလဲ့ကို တွေ့တယ်...
“စောင့်နေတာ ကြာပြီလား ပြာလဲ့”
“ဟင့်အင်း... ပြာလဲ့လည်း ခုမှ ရောက်တာ”
“လာ... သွားရအောင်”
လမ်းမှာ သူမရော ကျွန်မရော စကားမပြောဖြစ်ကြဘူး... ဒီလိုနဲ့ ဆေးခန်းကို ရောက်လာတယ်... သင်တန်းအတူတက်ခဲ့တဲ့ ညီမတယောက်ရဲ့ ဂျူတီချိန်နဲ့ ကြုံတယ်...
“မမနွေ မနေ့က အဖြေလာယူတာလား..”
“အော်... အေး ညီမ... ၀တ်ရည် ဂျူတီလား”
“ဟုတ်ကဲ့ မမ... မမ0င်းက မှသွားတယ် မမနွေကို ကောင်လ်ဆယ်လင်းခန်း ပေးသုံးဖို့လည်း ပြောသွားတယ်...”
“ကျေးဇူးပဲ ညီမ”
ဝတ်ရည်က သွေးအဖြေကို ဓာတ်ခွဲခန်းမှာ သွားယူလာပေးတယ်... ကျွန်မ ပြာလဲ့နည်းတူ ရင်တွေ ခုန်မိတာတော့ အမှန်ပဲ... ဒါပေမဲ့ ကျွန်မခံစားချက်ကို ထိန်းချူပ်လိုက်ပြီး

“ပြာလဲ့ ဒီမှာ သွေးအဖြေတော့ ရလာပြီ... မနေ့က ပြာလဲ့ကို ပြောခဲ့တာတွေ ဘာတွေမှတ်မိလဲ ပြောပြပါဦး...”
“HIVပိုး ရှိရင် စိတ်ဓာတ်မကျဘဲ အိပ်ရေး ၀၀အိပ်မယ်၊ သန့်ရှင်း လတ်ဆတ်တဲ့ အစားအစာတွေ စားသုံးမယ်၊ ပြီးတော့ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက် နေထိုင်သွားမယ်၊ ရောဂါပိုး မရှိခဲ့ရင်လည်း မကူးစက်နိုင်အောင် ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာပြီး နေထိုင်သင့်တယ်လို့ ပြာလဲ့ နားလည်တယ်...”
“ခု ဒီသွေးအဖြေက Positiveဖြစ်ချင် ဖြစ်မယ်၊ Negative ဖြစ်ချင်ဖြစ်မယ်၊ အဲဒီ့အဖြေအပေါ်မှာရော ခံနိုင်ရည် ရှိရဲ့လား...”
“ပြာလဲ့ ပြင်ဆင်ထားပါတယ်...”
“ဒီမှာ သွေးအဖြေ ပြာလဲ့ကိုယ်တိုင်ပဲ ဖွင့်ကြည့်ပါ... ဒီအထဲမှာ ပါတဲ့ အဖြေကို ကိုယ့်ကို ပြောလည်း ရတယ်၊ မပြောချင်ရင် မပြောလည်းရတယ် သူငယ်ချင်း”

စာအိတ်ဖောက်နေတဲ့ သူမရဲ့ လက်တွေ တုန်နေတယ်... သူမစိတ်ကိုလည်း ထိန်းချူပ်ထားတယ် ထင်ပါရဲ့... တဖြည်းဖြည်းနဲ့ စာအိတ်ထဲက စာက အပြင်ကို ထွက်လာတယ်... ခေါက်ထားတဲ့ စာရွက်ကို ဖြန့်လိုက်တဲ့ အချိန်မှာတော့...
“ဟင့်...ဟင့် ဆည်းဆာ Negative တဲ့ကွ...”
“Congratulation ပြာလဲ့”
ကျွန်မ သူမနဲ့ထပ်တူ ပျော်မိတာတော့ အမှန်ပါ...
“ပြာလဲ့ နောက်တခေါက် စစ်ပြီးလို့ Negative ဆို ကိုယ့်မှာ မရှိဘူးပေါ့နော်...”
“ဒါပေါ့ သူငယ်ချင်းရဲ့”
သူ့စိတ်ကို ထိန်းချူပ်ထားလို့ ထင်ပါရဲ့ ကျွန်မကို ဖက်ပြီး အားပါးတရ ငိုနေတယ် သူမကို ကြည့်ပြီး ဂရုဏာ သက်မိပြန်ပါတယ်...
“ပြာလဲ့ မင်းကောင်လေးလည်း ခေါ်ခဲ့လေ... သူလက်ခံမယ်ဆိုရင်ပေါ့ ကိုယ်ပြောကြည့်မယ်...”
“ပြာလဲ့ ခေါ်လာခဲ့မယ် ဆည်းဆာ... ပြီးတော့ သူ့ကို သွေးစစ်ခိုင်းမယ်...”
“ သူပါ သွေးစစ်မယ်ဆိုရင် သူ့အတွက်ရော မင်းအတွက်ပါ အကောင်းဆုံးပဲပေါ့ကွာ...”
အပြန်လမ်းမှာတော့ လမင်းကြီးကလည်း အားမှန်ကုန်ဝင့်လို့ သာနေဆဲပါ... ဒါပေမယ့် ပြာလဲ့ရင်ထဲမှာ သာနေတဲ့ လမင်းထက် ဘယ်သူ ပြိုင်လို့ လင်းပါတော့နိုင်....

ဆက်ရန်
စာဖတ်သူများအားလုံးကို အစဉ်လေးစားလျက် ကြိုးစားပါဦးမည်....

1 comment:

Anonymous said...

အနောက်ရပ်ကနေရေ...(၄)ကြိမ်မြောက် ထွက်ပါတော့ ... ဟီးဟီး