Pages

Thursday, December 25, 2008

အဆိပ်ပင် ရေလောင်းကြသူများ

မီးလေး ရင်ထဲ ခံစားနေရတာ တခုရှိတယ်... ကိုယ့်ကိုယ်ကိုလည်း ကျေနပ်အားရမှု မရှိဘူး၊ ကိုယ်တဦးတည်း လုပ်ရုံနဲ့လည်း ဖြစ်မလာနိုင်ဘူး... ကိုယ်တဦးတည်းသာ လုပ်လို့ရမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့လည်း တွေးမိတယ်... ဒါကြောင့် စာဖတ်သူတွေနဲ့ မီးလေး ဆွေးနွေးဖို့ ဒီပို့စ်လေးကို ရေးသားတင်ပြခြင်းဖြစ်ပါတယ်...

မီးလေး ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ hardware တွေ networking တွေ တက်ဖြစ်နေတော့ နေ့တိုင်းလို မြို့ထဲရောက် ဖြစ်နေပါတယ်... နေ့တိုင်းရောက်ဖြစ်လို့လည်း ဒီအဖြစ်တွေ မြင်နေရတာပေါ့... မီးပွိုင့်တွေ၊ ကားမှတ်တိုင်တွေ၊ လက်ဘက်ရည် ဆိုင်ရှေ့တွေမှာ ကလေးတွေ တောင်းရမ်းနေတဲ့ ကိစ္စပါ... ပြီးတော့ လူကြီးတွေ၊ ကလေးတွဲလောင်းနဲ့ မိခင်တွေ၊ ဘုန်းကြီး၊ သီလရှင်တွေ စုံလို့ပါပဲ... ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စတွေပါ... ပြီးတော့ မီးလေး တအားမုန်းတယ်... သူတို့ ဘ၀ပေးအခြေအနေ ဘယ်လိုပင် ရှိစေကာမူ အားမလျော့တန်း ရုန်းကန်မှသာ ဒီဘ၀က ကျွတ်မှာ မဟုတ်လား... ကြိုးစားချင်စိတ် မရှိတဲ့ လူငယ်တွေ မြင်ရတာ ၀မ်းနည်းစရာပါ....

သူတို့အရွယ် ငယ်ပါသေးတယ်... မီးပွိုင့်မှာ ကားရပ်တာနဲ့ ထိုင်ရှိခိုးပြီး တောင်းနေတာ အများဆုံးတွေ့ရတာက ရန်ကင်းစင်တာ ဈေးကွေ့မီးပွိုင့်နဲ့ တာမွေ အ၀ိုင်း မီးပွိုင့်မှာပါ... မီးလေး တခါမှ သူတို့ကို ပိုက်ဆံ မပေးဘူး... ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံ သူတို့ကို အဆိပ်ပင် ရေလောင်းသလို ဖြစ်လို့... ပေးတဲ့သူတွေမြင်ရင် အရမ်းဒေါသ ထွက်တယ်... ရမှန်းသိတော့ လုပ်ကိုင်စားသောက်ချင်စိတ် မရှိတော့ဘူး... ဘယ်သူ့ဘ၀ အညွှန့်တုံးလဲ... သူတို့ ဘ၀ပဲ အညွှန့်တုံးတာလေ... ပေးတဲ့သူတွေက သူတို့ပေးလိုက်လို့ ဘာမှမဖြစ်ဘူး ဆင်းလဲ မဆင်းရဲသွားဘူး... တကယ်တန်း ထိခိုက်နစ်နာသွားတာက သူတို့တွေရဲ့ စိတ်ဓာတ်... စိတ်ဓာတ် ပျက်စီးသွားရင် ဘာနဲ့မှ အစားထိုးလို့ မရဘူး...

တခါက မီးလေး သူငယ်ချင်းရဲ့အဖေ အပြင်သွားရင်း အဲလိုပဲ မီးပွိုင့်မှာကြုံတယ်... မီးလေး သူငယ်ချင်းအဖေက မင်းကို လုပ်ကိုင်စားသောက်ဖို့ ရင်းနှီးငွေပေးမယ်... ဒါပေမဲ့ ဘယ်တော့မှ မတောင်းရမ်းတော့နဲ့လို့ပြောတယ် အဲဒီ ကောင်လေးက ဘာပြန်ပြောသွားတယ်မှတ်လဲ... ဒါက ပိုမြတ်တယ်တဲ့လေ... ဘယ်လောက်တောင် ရိုက်ပစ်ဖို့ကောင်းလဲ...

တချို့ကြတော့လည်း ကြိုးစားချင်စိတ်ရှိကြပါတယ်... ရွှေဂုံတိုင်မီးပွိုင့်နားက ဗစ်တိုးရီးယားရှေ့ မီးပွိုင့်မှာ သူတို့လို အရွယ်တွေ ဂျာနယ်တို့၊ ကွမ်းယာ၊ ဆေးလိပ်တို့၊ ပန်းတို့ ရောင်းတာ တွေ့ဖူးပါတယ်... မီးလေး ဖြစ်စေချင်တာတော့ အများကြီးပဲ ပထမဆုံး သူတို့တွေ နေထိုင်ဖို့အတွက် မိဘမဲ့ဂေဟာတွေ များများ ရှိသင့်တယ်... ဒီမှာရှိတဲ့ မိဘမဲ့ဂေဟာ အများစုက တော်ရုံတန်ရုံ ၀င်ဖို့ မလွယ်ဘူးလို့ သိထားပါတယ်...

မီးလေး စိတ်ကူးယဉ်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့... မီးလေးတို့ ကိုရီယားကားတကား ကြည့်ဖူးပါတယ်... အဲဒီ့ကားထဲမှာ အသက်မပြည့်တဲ့ မိဘမဲ့ကလေးတွေ တောင်းရမ်းနေတာတွေ့ရင် ဖမ်းခေါ်သွားပြီး မိဘမဲ့ ဂေဟာကို ပို့တယ်... ဂေဟာမှာ စာသင်ပေးတယ်၊ လက်မှုပညာတွေ သင်ပေးတယ်... အသက် အပိုင်းအခြား တခုရောက်တော့မှ ဂေဟာက ထွက်ပြီး ကိုယ့်ဘ၀ကို ရုန်းကန်ကြတဲ့ ဇာတ်ကို ရိုက်ထားတာ... မီးလေးလည်း ဒီမှာ အဲဒိလိုမျိုးရှိစေချင်တယ်... သူတို့ ခုလိုတောင်းရမ်း စားသောက်နေတာကလေ သူတို့ ဘ၀ကို တုံးမသွား စေချင်တာ ရင်ထဲက စေတနာပါ...

ဒီ့ထက်ကြီးလာရင် ဘာဖြစ်မလဲ ပညာကမရှိ၊ အလုပ်လုပ်ချင် စိတ်ကလည်း နိုး၊ နောက်ဆုံးကျ ခါးပိုက်နှိုက်တွေ သူခိုးကြမ်းပိုးတွေ ဖြစ်လာရော... မီးလေးပြောတာ ဟုတ်တယ်ဟုတ် (ဆရာမကြီး ၀င်လုပ်တာ... :D) ...

အဲ ကလေးတွေအကြောင်းပြီးတော့ နောက်တခုက လူကြီးတွေ ခြေကောင်းလက်ကောင်းနဲ့ တောင်းစားနေတာ သူတို့မို့ မရှက်တယ်... သူတို့အစား မီးလေးတို့ ကြားကနေ ရှက်မိပါတယ်... အခြားနိုင်ငံသားတွေလည်း ရှိတဲ့အတွက် ဒီနိုင်ငံက လူတွေက လုပ်ကိုင်စားသောက်ချင်စိတ် မရှိကြဘူးလို့ ထင်သွားရင် ကိုယ်နိုင်ငံသား တွေပဲ အထင်သေးခံရတာ မဟုတ်လား... သူများ နိုင်ငံသွားတဲ့အခါ ဘာလူမျိုးလဲ... မြန်မာလို့သာ ပြောလိုက် နှာခေါင်းရှုံ့ကြတယ်၊ နှိမ်ချင်ကြတယ်...

သင်တန်းစတက်ခါစက ပန်းဆိုးတန်း မှတ်တိုင်မှာ အဒေါ်ကြီးတယောက် သူ့အိတ်ကို ဖွင့်ပြပြီး ပိုက်ဆံကျ ပျောက်သွားလို့ လမ်းစရိတ် ၁၀၀လောက် ပေးပါတဲ့... မီးလေးလည်း အဲဒီ့နေရာက ထွက်သွားလိုက်တယ်... မီးလေးဆီက မရတော့ နောက်တယောက်စီ သွားတောင်းတယ်... ဟိုကလည်း ပေးလိုက်တယ်ဗျာ... အဲ ပေးတဲ့ ပိုက်ဆံကိုကျ လက်မှာဆွဲထားတဲ့ ကျွတ်ကျွတ်အိတ်ထဲ ထည့်လိုက်ပြီး နောက်တယောက်ကို သွားတောင်း ပြန်ရော... လူတွေလည်း စီးပွားရေး မကောင်းတာ အကြောင်းပြပြီး တောင်းရမ်းနေကြရတယ်...

နောက်တခုက ဘုန်းကြီး၊ သီလရှင်တွေ မီးလေးအထင်တော့ အတုတွေ နေမှာပေါ့... ပန်းဆိုးတန်း အလယ်ဘလောက်မှာ နောက်ကနေ ဒကာမလေးလို့ လှမ်းအော်တော့ မီးလေးလည်း လန့်သွားပြီး ဘာဖြစ်လို့လဲ ဘုရားပေါ့... ဥပဓိရုပ်ကလည်း ကြည်ညိုစရာ ကောင်းတာကိုး... ဥုးဇင်း ရွှေတိဂုံဘုရားသွားမလို့ ဖိနပ်ပျက်သွားလို့ တက္ကစီငှားသွားချင်လို့ ပိုက်ဆံလေး လှူပါဆိုပြီး ဖိနပ်ကြီးထောင်ပြတယ်... မီးလေးလည်း ဒွိဟဖြစ်သွားတယ် သူတကယ် သံဃာသာဆို မီးလေးအလှူက ပိုပြီး မြင့်မြတ်တာပေါ့... သံဃာမဟုတ်ဘဲ ဒီလို တောင်းရမ်းနေတာဆိုရင်တော့ အဆိပ်ပင်တော့ ရေမလောင်းချင်ဘူးလေ... စဉ်းစားလွန်းလို့ လူက ချွေးတောင် ပြန်နေပြီ... နောက်ဆုံး မထူးဘူးဆိုပြီး တပည့်တော်တောင် တက္ကစီမငှားနိုင်လို့ လမ်းလျှောက်နေရ ပါတယ်ဘုရားလို့ ပြောပြီး ထွက်လာလိုက်တယ်... အဲ ကိုယ်တော်က ရှေ့ကြွတော် မမူဘဲ အနောက်ကလေ လိုက်လာတယ်ဗျာ... မီးလေးလည်း ဘယ်ရမလဲ အပြေးချန်ပီယံလေ သိတယ်မလား တချိုးထဲ ပြေးတော့တာပဲ...

အဲ နောက်တခုက ချစ်ချစ်ကြီးနဲ့ မုန့်ဟင်းခါးဆိုင်မှာပေါ့ (ဟီး ကြွားတာ)... မုန့်ဟင်းခါး စားနေတုန်း သီလရှင်တပါး အလှူလာခံတယ်... မျက်စိလျှင်တဲ့ မီးလေးက အဲ့ဒီဆရာလေး မီးလေးတို့ ဆိုင်ဝင်ကတည်းက ဆိုင်အပြင်ထောင့်လေးမှာ ရပ်နေတာ တွေ့လိုက်တယ်... မီးလေး ချစ်ချစ်ကြီးက ပိုက်ဆံနှိုက်တယ် လက်မြန်တဲ့ မီးလေးက ပေါင်ကို ဆွဲစိတ်ပြီး ကန်တော့ဆန်ပါ ဆရာလေးလို့ ပြောလိုက်တယ်... အဲတော့ ဘာပြောလဲ ဆိုတော့ ရေသန့်ဗူးလေး သောက်ပြီးရင် ဗူးခွံပေးပါတဲ့... မီးလေးရဲ့ အရွဲ့တိုက်ချင်တဲ့ စိတ်က ပေါ်လာရော... အော် အားနာပါတယ် ဆရာလေး ရေမကုန်သေးလို့ပါလို့ ပြောလိုက်တယ်... အဲဒီ့ဆရာလေး ဘာလုပ်တယ် မှတ်တုန်း... သူလာတုန်းက မီးလေးတို့ မုန့်ဟင်းခါးစားတာ ကုန်ခါနီးနေပြီလေ အဲတော့ ခပ်လှမ်းလှမ်းကနေ စောင့်နေတယ်ဗျာ... မီးလေး ချစ်ချစ်ကြီးကလည်း စောင့်နေမှန်းသိတော့ ရေဗူးတော့ ထားခဲ့လိုက်ပါတယ်... လျှာမရှည်နဲ့ လာဆိုပြီး လက်ဆွဲပြီး ဆိုင်အပြင်ကို ထွက်လာတယ်... သူလည်း မီးလေးအကြောင်း သိလို့ သိပ်မပြောပါဘူး...

မီးလေးက စိတ်တမျိုး ကိုယ်လှူချင်ရင် အိတ်ထဲ မကျန်တောင် လှူပစ်ချင် လှူပစ်တယ်... အဲလို တောင်းနေရင် စိတ်ထဲမှာ အရမ်း Sensitive ဖြစ်တယ်... ဟိုရက်က သူငယ်ချင်းတွေနဲ့ မိုးကောင်းဘုရားပွဲ သွားတယ်... ဘုရားပွဲမှာ ဗူးသီးကြော်(လုံးဝ လုံးဝ မကောင်းလို့ ဓာတ်ပုံတောင် မရိုက်ခဲ့ဘူး.. :D) ၀င်စားကြတယ်... ကောင်လေး တယောက်ပြီး တယောက်လာတောင်းတယ် မီးလေးလည်း ဖြေရတာ မောလွန်းလို့ မသိချင် ယောငဆောင်နေလိုက်တယ်... နောက်တယောက်က ဗိုက်ဆာလို့ မုန့်ဖိုးလေးပေးပါလို့ လာတောင်းတယ်... တကယ်ဗိုက်ဆာ နေတာလားလို့ မီးလေးမေးလိုက်တော့ ခေါင်းညိတ်တယ်... မီးလေးလည်း အကြော် ပန်းကန်ထဲက အကြော် ယူပြီးပေးလိုက်တယ်...

ခေါင်းခါပြတယ်၊ မီးလေးက ဗိုက်ဆာတယ်ဆို စားလေလို့ ပြောပြီး လက်ထဲ အတင်းထိုးပေးလိုက်တယ်... ကိုယ်တော်ချောက ပုတ်ထုတ်တယ်၊ ပြီးတော့ လက်နှစ်ဖက်ကို ပြန်ဖြန့်ထားတယ်... မီးလေးလည်း ကောင်းရာကနေ ဇက ပြလာတယ်... ဒီလောက်တောင် ဖြစ်လာတာ ဆိုပြီး နင်ဗိုက်ဆာတယ်ဆိုလို့ အကြော် ကျွေးတယ်... နင်မစားဘူးဆိုတော့ ငါလည်း မတတ်နိုင်ဘူး ပိုက်ဆံတော့ မရှိဘူး ကဲ ရော့ဆိုပြီး တစ်ရှုးဗူးထဲက တစ်ရှုးဖြတ်ပြီး လက်ထဲ ထည့်ပေးလိုက်တယ်... သူက အတင်းခါချတယ် ငါတော့ နင့်ပေးစရာ ပိုက်ဆံမရှိဘူးလို့ ပြောလိုက်တယ်... အဲဒါ အတင်းပဲ ထိုင်ကန်တော့ပါလေရော... မီးလေးလည်း ရင်ထဲကို အရမ်းဆို့သွားတယ်...

မီးလေး လုပ်ရပ် လွန်သွားတယ် ဆိုတာသိလိုက်တယ်... မီးလေးလည်း ပိုက်ဆံရှင်းပြီး ပြေးထွက်လာခဲ့တယ်... အရမ်းလည်း နောင်တရမိတယ်... အချိန်တွေသာ ပြန်ဆွဲလို့ရရင် တစ်ရှုးပေးမိမှာ မဟုတ်ဘူးလို့ တွေးမိတယ်... မီးလေးလုပ်ရပ်က သူ့ကို လှောင်သလို ဖြစ်သွားတာကိုး... ရင်ထဲမှာ ဝေဒနာတချို့ ရုတ်တရက် ရောက်လာတယ်... ငါသာ တနေ့ သူ့နေရာမျိုး ရောက်လိမ့်မယ်လို့ မပြောနိုင်ဘူး... အဲလို ရောက်သွားတဲ့ အခါကျရင် ငါရော သူ့လိုမျိုး ကြုံချင်ကြုံရလိမ့်မယ်... ဒါကို ဘယ်သူမှ တတ်အပ်မပြောနိုင်ဘူး... ငါခုလုပ်မိတဲ့ လုပ်ရပ်အတွက် တနေ့ ပြန်ခံရလိမ့်မှာပါလားလို့လည်း တွေးမိရင်း အဲဒီနေ့က ပြန်သာ ပြန်လာတယ် ရင်ထဲမှာ မကောင်းဘူး အဲ့ဒီညကလည်း မိုးသာလင်းသွားတယ် အိပ်မပျော်နိုင်ခဲ့ဘူး...

မီးလေးလည်း စိတ်ညစ်နေတဲ့ကြားက အားတင်းပြီး သူဒီဖြစ်ရပ်ကို စဉ်းစားတိုင်း ရှက်ပြီး သမာအာဇီဝနဲ့ အသက်မွေး ၀မ်းကြောင်းပြုပြီး တနေ့ ချမ်းသာရမယ်ဆိုပြီး ကြိုးစားချင်တဲ့စိတ်လေး ဖြစ်ပေါ်လာပါစေလို့ ဆုတောင်းမိတယ်... မီးလေးလည်း အဲဒီနေ့က စပြီး ဆုံးဖြတ်လိုက်တယ် တောင်းစားတဲ့ လူတွေနဲ့ ပတ်သတ်လို့ ကိုယ့်မှာ ဘယ်လိုပဲ Sensitive ရှိနေနေ မကြားသလိုနေပြီး ရှောင်ရင်သာ ရှောင်သွားမယ် ထိုအပြုအမူမျိုး နောက်ထပ်လုပ်မိမှာ မဟုတ်တော့ပါဘူး... မီးလေး ခုရေးနေရင်တောင် ရင်ထဲမှာ အလိုလို ၀မ်းနည်းနေမိတယ်...

ပြီးတော့ တောင်းစားတဲ့သူတွေကိုလည်း အမြန်ဆုံး ပပျောက်စေချင်တယ်... သူတို့လေးတွေရဲ့ အနာဂတ် သာယာလှပဖို့ သူတို့အတွက် နွေးထွေးတဲ့အိမ်ဆိုတာ ရှိသင့်တယ်... သူတို့တွေ အလုပ်လုပ်မှ စားရတယ်ဆိုတာ နားလည်သွားရင် အလုပ်လုပ်ချင်စိတ်တွေ ဖြစ်လာမှာပါ... သူတို့တွေမှာရော သူတို့ရဲ့ ရည်မှန်းချက်ဆိုတာ မရှိဘူးလား၊ အနာဂတ်ဆိုတာရော ... သူတို့တွေ လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် အလွယ်ရတဲ့နည်း မလိုက်အောင် မီးလေးတို့တွေ ကြိုးစားကြရမှာပါ... တချို့တွေက ရှက်ကြတယ် သူတို့ကို လာတောင်းရင် မပေးလိုက်ရင် လူအထင်သေးခံရမှာ စိုးတဲ့အတွက် လွယ်လင့်တကူ ထုတ်ပေးလိုက်ကြတယ်... အမှန်တော့ သူတို့ပေးလိုက်တာ အဆိပ်တွေ ဆိုတာ သူတို့ ကိုယ်တိုင် မသိကြဘူး... ဒါကြောင့် အဆိပ်ပင် ရေမလောင်းကြပါနဲ့လို့ တိုက်တွန်းရင်း....

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

12 comments:

Anonymous said...

တချို့တွေက တကယ်ငတ်လိုတောင်းတယ်...
တချို့တွေက ငတ်ချင်ရောင်ဆောင်ပြီးတောင်းတယ်...
ကြားကမဝေခွဲနှိုင်တဲ့...ကျွန်တော်တို့က အကုသိုလ်ရတယ်....

su wai said...

မီးလေးရေးတဲ့ ဆောင်းပါးဖတ်ပြီး ဆွေးနွေးချင်စိတ်တွေ ပေါ်လာမိတယ်…ဘာဖြစ်လို့လဲဆိုတော့ ဆုဝေရင်ထဲမှာ ပြောချင်နေတဲ့စကားတွေကို မီးလေးက ပြောသွားသလို ခံစားလိုက်ရလို့ပါ… တောင်းရမ်းစားသောက်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး မီးလေးနဲ့ဆုဝေ အတွေးတွေ တူနေတယ်…သူတို့တွေနဲ့ ပတ်သက်ရင် ကိုယ့်မှာ ဆုပ်လဲ စူး၊ စားလဲ ရူး ဆိုသလိုပါပဲ… ကိုယ့်အတွက် မပြောပလောက်တဲ့ ငွေကြေးက သူတို့အတွက် အတိုင်းအတာတစ်ခုထိ အကျိုးရှိသွားမလားဆိုတဲ့ အတွေးနဲ့ ပေးချင်ပေမယ့် မီးလေးပြောသလို အဆိပ်ပင် ရေလောင်း ဖြစ်မှာစိုးတဲ့ စိတ်ကလဲ ရင်ထဲမှာ ရှိနေပါတယ်… အကြောင်းကြောင်းကြောင့် တောင်းရမ်းစားသောက်ရင်း ရေသာခို အချောင်လိုက်ချင်စိတ် အရိုးစွဲသွားတာမျိုး လုံးဝ မဖြစ်သင့်ပါဘူး…အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးလေးတွေ ပိုက်ဆံတောင်းနေတာတွေ့ရင် သူတို့ရဲ့ အနာဂတ်အတွက် ရင်လေးမိပါတယ်… သူတို့လေးတွေအတွက် တစ်ခုခုလုပ်ပေးနိုင်ဖို့ကတော့ တစ်ယောက်အားနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး… တတ်နိုင်သမျှ အားလုံး ၀ိုင်းဝန်းကြမယ်ဆိုရင်တော့ လမ်းပေါ်က ကလေးငယ်တွေထဲက ရာခိုင်းနှုန်းအနည်းငယ်လောက်ပဲ ဖြစ်ဖြစ် တောင်းရမ်းနေရတဲ့ဘ၀က လွတ်အောင် ဖန်တီးပေးနိုင်မယ်ထင်ပါရဲ့… ပြီးတော့ အလုပ်လုပ်ချင်စိတ်ရှိတဲ့ လူငယ်တွေအတွက် အလုပ်လုပ်နိုင်ဖို့ အခွင့်အလမ်းတွေလဲ ဖန်တီးပေးသင့်ပါတယ်… ကိုယ့်ကိုယ်ကိုယ် အားမကိုးဘဲ ဒီဘ၀မှာပဲ အနစ်မွန်းခံချင်နေတဲ့သူတွေအတွက်တော့ မျက်စိစုံမှိတ်ထားလိုက်ကြရုံပေါ့… ။
ဒီပို့စ်လေးအတွက် မီးလေးကို အရမ်းကျေးဇူးတင်ပါတယ်။ နောက်ထပ် အကြောင်းအရာတွေ ရှိသေးရင်လဲ ထပ်ဆွေးနွေးချင်ပါသေးတယ်။

ခင်မင်လျက်
ဆုဝေ

Anonymous said...

ဒါတွေကတော့နိုင်ငံတိုင်းမှာရှိနေကြပါတယ်..

ဥရောပနိုင်ငံတွေမှလဲရှိကြတယ်...ချမ်းသာတဲ့နိုင်ငံတွေမှာ

ပိုတောင်များနေသလိုပါပဲ..အဘိုးအဘွားတွေခမျာတုန်
တုန်ရီရီနဲ့ တောင်းနေကြတယ်..မက်သရိုတွေ၊ကားဂိတ်တွေမှာပေါ့
ကြည့်ရတာစိတ်မကောင်းစရာပါ...

မြန်မာမှာကမှ ဘိုးဘွားရိပ်သာတွေ..ကလေးသူငယ်စောက်ရှောက်ရေး
အသင်းတွေက ကြပ်ကြပ်မတ်မတ်ရှီသေးတယ်လေ ..ကျနော်ကတော့အကြွေ
တွေစုထားပီးတော့ပေးတတ်တယ်..နောက်တည့်တောင်းတဲ့
ကောင်တွေတောင်ရှိသေးတယ်..ငါဆေးလိပ်ဝယ်ချင်
လို့ ၁၀လောက်ပါရင်ပေးပါဆိုပီး ..ကိုယ့်ထက် အကောင်ကြီးတယ်..အသက်ရွှယ်လဲကောင်းကောင်း
တွေပါပဲဒါတွေကတော့ ပိုပီးရွှံစရာကောင်းနေမှလားပဲနော်..မပေးရင်လဲရန်ရှာတတ်

ကြသေးတယ်လေ...ဥရောပ မှာ ဒါတွေရှီနေတယ်

အထင်ကြီးစရာတွေများစွာရှီသလို့ 

..စက်ယုတ်ရွှံရွှာစရာတွေလဲသိပ်များကြတယ်လေ

တည့်တောင်းစားတဲ့သူတောင်းစားပေါ့..တိုက်ဆိုက်လို့ 
များကြီးဝင်ရေးလိုက်တယ်..မရှိရင်တော့ကောင်းမှာပဲနော်

Welcome said...

လူတိုင်းလူတိုင်းရဲ့ အနာဂတ်လှပဖို့
ဖြစ်စေချင်တဲ့ ဆန္ဒတွေကတော့အများကြီးပါပဲ။
ကိုယ်ထိလက်ရောက် လုပ်မပေးနိုင်တာကလည်း
ကြီးမားတဲ့ စိတ်မနှောင့်အယှက်ကို ဖြစ်စေပါတယ်။
အဆိပ်ပင်ရေလောင်းသလို ဖြစ်ပေမယ့်
အဆိပ်ပင်ရေလောင်းတယ်လို့ မမြင်ဘဲ
လှူမယ်ဆိုရင်လည်း
မျက်စိမှိတ်လို့တာလှူလိုက်ပါ။
မလှူနိုင်သေးရင်လည်း
ကန်တော့ဆွမ်းသာ လှူလိုက်ပါ။
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ။
http://winzaw-mdy.blogspot.com

Dodi said...

ဟုတ်ပါတယ် မီးလေးရယ် စိတ်မကောင်းတော့ မဖြစ်ပါနဲ့ တခါတလေကိုယ်ကသာ စိတ်မကောင်းဖြစ်နေတာ သူကအနေသာကြီးလေ သူကအမှန်တကယ် စိတ်ရင်းမှန်နဲ့ ထိုင်ကန်တော့တာလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလိုလဲဟုတ်ချင်မှလဲဟုတ်မှာလေ ဟုတ်ဖူးလား။ ဒိုဒီခံရဖူးလို့ပါ ။ ကိုယ်ကသာဖြစ်နေတာ သူကအနေသာကြီးလေ ။ မီးလေး စိတ်ထဲမှာမှတ်ထားပြီး အမြဲစိတ်မကောင်းဖြစ်နေမှာစိုးလို့ပါ ။

တတ်သလောက် နှစ်သိမ့်တာ အဟိ
ံHayppy New Year နော်
dodi

အရုပ်ကလေး said...

တောင်းရမ်းတာနဲ့ ပတ်သက်ပြီး
အစ်ကို့အမြင်လေးလည်း ပြောမယ် ညီမရေ..
တစ်ချို့က တောင်းတာ ယဉ်ကျေးတယ်
တစ်ချို့က မပေးပြန်တော့ ဆဲတာတို့ လိုက်ဖတ်တာတို့
လုပ်ကြတယ် .. အစ်ကို ကိုယ်တိုင် ကြုံခဲ့ရတာ..
အစ်ကိုလည်း သူတို့တွေ လိုက်တောင်းနေတာမြင်ရင်
စိတ်မကောင်းဘူး.. ဘ၀ပေး အခြေအနေကြောင့် ဖြစ်တဲ့ သူတွေရှိသလို ဘာမှ မလုပ်ချင်လို့ တောင်းစားတဲ့သူတွေ လည်းကြုံဖူးတယ်.. အရင်ကဆို တောင်းစားတဲ့သူတွေ့ရင် ပေးတယ်
ဒါပေမယ့် သူနဲ့ အစ်ကို ဆုံတဲ့နေရာကို အစ်ကို သေချာမှတ်ထားတယ်.. တစ်ချို့တွေများ ကားမှားစီးလာလို့.. ပိုက်ဆံကုန်သွားတယ်..ပြောတော့ အစ်ကိုက ပေးတယ်.. သူမျက်နှာနဲ့ သူနဲ့ ဆုံတဲ့ နေရာကို သေချာမှတ်ထားတယ်.. နောက်နေ့ အဲလိုအချိန်နားဝန်းကျင် သွားကြည့်တယ်.. အရင်ရက်ကနေရာနဲ့ မလှမ်းမကမ်းမှာ တွေ့ရတယ်..အဲတော့ အစ်ကိုလည်း ပေါက်ကွဲဖူးတယ်.. အခုလက်ရှိတော့ အဘွားအို အဘိုးအိုတွေကိုတော့ ပေးတယ်.. ဘယ်လိုကြောင့်ပဲ
တောင်းတောင်း သူတို့တွေ အင်နဲ့အားနဲ့ မလုပ်နိုင်ကြတော့လို့ ဆိုတဲ့ အတွေးနဲ့ ပေးတယ်..
ညီမ ပြောခဲ့တာတွေ အကုန်ကောင်းတယ်.. ဖြစ်လည်း ဖြစ်သင့်တယ်..
ပြောရရင်တော့ များနေမယ်.. မန့်တာနဲ့ မတူပဲ ၀တ္ထုရေးတာ ဖြစ်သွားမှာစိုးလို့.. ဒီလောက်ပဲညီမရေ..

PHYO said...

ဟုတ်တယ်ဗျ ကျနော်လည်းအရင် ရန်ကုန်မှာတုံးကလက်ဖက်ရည်ဆိုင်ထိုင်ရင်ခဏခဏကြုံ ဖူးတယ်
တချို့ ကလက်ကာပြရင်ပြန်သွားပါတယ် နဲနဲသိတတ်တယ်ပေါ့ဗျာ
တချို့ကတော့ အနားမှာမပေးမချင်း ကိုရပ်နေတော့တာ တခါတလေမုန့်စားတာတောင်မျိုမကျ ဘူးဗျာ
အခုစင်ကာပူ မှာတော့ရှိလားမရှိလားမ သိဘူး ရှိတော့ရှိမှာပါ ကျနော်မကြုံတာနဲ့တူတယ်
တွေ့ဖူးတာ တော့အသက်ကြီးကြီး အဖိုး တွေအဖွားအရွယ်တွေ ရထားဂိတ် ပလာဇာ အဲဒီနားတွေမှာ တစ်ရှူးထုပ်လေးတွေ
ရောင်းကြတယ် ဒီလိုပဲဘဝကိုဖြတ်သန်းနေကြရတာပဲ နဲ့တူတယ် မီးလေးရေနဲနဲရှည်သွားတယ် မန့်လိုက်တာဆောရီး

Anonymous said...

ဖတ်ပြီးတော့ဘာပြောရမလည်းမသိဘူး အတုတွေမှန်းလည်း သိတယ် စေတနာလည်းမပါဘူးဆိုရင် မလှူတာအကောင်းဆုံးပါ လှူဖြစ်မယ်ဆိုရင်တော့စိတ်ကိုဖြတ်ထားတာ အကောင်းဆုံးပါညီမလေး

puluque said...

တချို့က မရှိလို့ တကယ်တောင်းပါတယ်။ တချို့ က အချောင်မပင်ပန်းလို့တောင်းပါတယ်။ (တခြားအလုပ် ထက်စာရင်ပေါ့) တချို့ဆို ယောက်ျားကြီးတန်ပေမဲ့ ခြေလက် အင်္ဂါ အကောင်း ကြီးနော်..လိုက်တောင်းစားနေတယ်။ ဘယ်လိုပြောရမလဲ..တော်တော်စက်ဆုပ်မိတယ်လေ။ သူတို့ အတုတွေကြောင့် တကယ်မလုပ်နိုင်လို့ တောင်းစားတဲ့သူတွေကို မယုံမိဖြစ်နေတယ်။ ကျတော်ကတော့ အခြေအနေကြည့်ပြီး ပေးကမ်းပါတယ်။ အတုတွေလို့ထင်ရင် မျက်နှာလွှဲနေလိုက်တယ်ဗျာ...

Anonymous said...

မီးလေးရေ ဘဝဆိုတာ ကိုယ့်ကိုကိုယ်တောင်မပိုင်ဘူးလေ ။ အဲလိုတွေမြင်တော့ ခံစားရတာချင်းထပ်တူပါပဲ ။ ကိုယ်သဒ္ဒါရင်တော့ စိတ်ပြတ်ပြတ်နဲ့လှုလိုက်တယ် ။ သင်္ကန်းနဲ့ဆို စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားမိအောင်ကြိုးစားယူရတယ် ။ ရဟန်းဝတ်နဲ့ဆိုရင် ရဟန်းပဲလေ ။ ကိုယ်က အကုသိုလ်မယုမိစေနဲ့ ။ ကိုယ်တို့မန်းလေးမှာလည်းရှိတယ် ။ တစ်ခါပြင်ဦးလွင်မှာတွေ့ဖူးတဲ့မိန်းမတစ်ယောက်ဆို နှစ်ခါပြန် နှစ်နေရာမှာလာတောင်းလို့ ဟိုဘက်မှာတုန်းက ပေးပြီးပြီလို့ ပြောတော့ ကျွန်မတို့က ဆိုင်ခွဲဖွင့်ထားတာတဲ့လေ ။ တကယ့်အဖြစ်ပါ မီးလေးရေ ။

Canada Myanmar Group said...

မီးလေး အတွေး စိတ်ကူးလေးက လူ့ ဘောင်လောကရဲ့ မ
ညီညာတဲ့ လက်ချောင်းကလေးတွေကို သတိရစေ၇ပါတယ်
ဒီနိုင်ငံ တွေမှာလည်းရှိပါတယ် အစိုးရက သူတို့ ကို သာမန်
လူတွေထက်ပိုပြီးတော့ တောင်ဂရုစိုက်စာတွေ့ ရပါတယ်
ပြည်သူတွေရဲ့ အခွန် တွေကိုသုံးပြီးတော့ ပေါ့ ရိုးသားကြိုး
စားစွာလုပ်ကိုင်စားသောက်အခွန်မှန်မှန်ပေးနေသူပြည်သူ
တွေကမကြေနပ်ကြဘူးလေ လူမှာ မာန တို့ ယုံကြည်ချက်
တို့ ဦးတည်ချက်တို့  မရှိတော့ ရင် လူ့ ဘောင်အပြင်ဖက်ကို
ရောက်သွားပါတယ် နလုံးသားနူးညံ စွာသူတို့ ကို သနားမိ
ပေမဲ့ လောကကြီးကတရားပါသလားလို့  ရေရှည်မှာမေးမိ
ကြမှာပါပဲ အစိုးရက သူတို့ နေစရာ အိမ်ခန်းတွေ လစဉ်
ကြေးငွေတွေထောက်ပံပေမဲ့ သူတို့ က လမ်းပေါ်မှာပဲ
ပျော်တယ်လေ အချို့ အရာတွေကို လျှစ်လှူရှူထားရပါတယ်

nweminthit said...

ဖတ်မိတော့ခံစားရတယ်။နိုင်ငံအလိုက်ချီပြီ လူငယ်တွေ အသိရှိရှိနဲ့ ကြိုးစားနိုင်ဖို့ လိုတယ်။မီးလေး လို အမြင်ရှိသူတွေ များအောင် အရင်လုပ်ရမယ်ထင်တယ်။