Pages

Sunday, August 2, 2009

လူငယ်များနှင့်အချိန်

ခုတလော မီးလေးလည်း စာမေးပွဲပြီးတော့ ကျောင်းနှစ်ပတ်ပိတ်ထားတာရယ်၊ မီးနည်းနည်း ပြန်မှန်နေတာရယ်ကြောင့် အိမ်မှာရှိတဲ့အချိန် အွန်လိုင်းဖြစ်နေတာ များပါတယ်... အလုပ်မှာ တုန်းကတော့ နေ့လည်ပိုင်း အမြဲအွန်လိုင်းရှိတတ်တဲ့ မီးလေး ခုတော့ အွန်လိုင်း မတက်နိုင်တာ အတော်လေး ကြာသွားပါပီ... နှစ်တောင် ချီသွားပီ အလုပ်ချိန်မှာ အမြဲအွန်လိုင်းတွေ့နေကြ ဘလော့ဂ်ဂါ အစ်ကိုတွေကတောင် မီးလေး ပျောက်ချက်သားကောင်းလို့တဲ့... အမှန်က မီးလေးပျောက်တာ မဟုတ်ပါဘူး... ကျောင်းတက်နေရတာရယ်၊ မီးတွေ အလှည့်ကျ ပေးတာတွေရယ်ကြောင့် နေ့လည်ပိုင်း အွန်လိုင်း မတက်နိုင်တော့ဘဲ၊ ညဘက်ကျမှ သူငယ်ချင်းတွေနဲ့ Discussion လုပ်ဖို့ အွန်လိုင်းတက်ဖြစ်ရင်း တခြားဘလော့ဂ်ဂါတွေနဲ့တော့ တွေ့ဖြစ်ပါတယ်...

မီးလေးခု နေ့လည်ပိုင်း အွန်လိုင်းတက်တဲ့ ဒီနှစ်ပတ်အတွင်းမှာ မီးလေးရဲ့ ဂျီမေးလ်အကောင့်ထဲကို တနေ့ကို အနည်းဆုံး နှစ်ခု သုံးခုလောက် အက်တာရှိတယ်… အရင်က မီးလေးက ကိုယ်မသိရင် မအက်တတ်ပေမဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ စာတွေ Discussion လုပ်နေရတာမို့ မေးလ်အက်ဒရက်တွေ အက်ဖြစ်ပါတယ်… အဲဒီ့ထဲမှာ တချို့ကတော့ သူငယ်ချင်းလိုချင်လို့၊ တချို့ကတော့ ဘာရယ်မဟုတ်၊ တချို့က ကြူဖို့၊ အားလုံးကို မဆိုလိုပါဘူး… တချို့ဆို အတော်လေး ရိုင်းတာတွေ့ရတယ်… သူတို့ကလည်း အက်သေးတယ် စကားပြောတာ အရမ်းရိုင်းလို့ ဗန်းလိုက်တာတွေလည်း မနည်း… ဟိုတရက်က မီးလေး မောင်ဝမ်းကွဲတယောက်က အကောင့်နှစ်ခုဖွင့်ခိုင်းတယ်… မီးလေးလည်း စာမေးပွဲရှိနေတာနဲ့ စာမေးပွဲပြီးရင် လုပ်ပေးမယ်… လိုချင်တဲ့ အက်ဒရစ်ကို ပို့ပေးထားဆိုပြီး ပြောထားလိုက်တယ်… မီးလေး စာမေးပွဲပြီးလို့ ကြည့်လိုက်တော့ “ဗုဒ္ဓေါ” အကောင့်နိမ်းကို girlkiller နဲ့ loverkiller ဖွင့်ပေးပါတယ်…

မီးလေးမောင်လေးက နယ်မှာ GTC(ပထမနှစ်)တက်နေတာ သူနဲ့ ဆက်သွယ်ရဖို့က အွန်လိုင်းတက်လာမှပဲ တွေ့ရတယ်… သူ့ဆီဖုန်းဆက်ဖို့ကျ အဆောင်ဖုန်းက မမှတ်မိတော့ ဆက်မရဘူး… ဒါနဲ့ မကြာပါဘူး အွန်လိုင်းတက်လာတယ်… ငဖုန်း မကို ဖွင့်ခိုင်းတဲ့ အကောင့်တွေက ဘယ်သူ့အတွက်လဲ ဘာလုပ်ဖို့တုန်းဆိုတော့ သူ့အတွက်တဲ့ ကောင်မလေးတွေ ကြူဖို့တဲ့… “ဘုရား …ဘုရား……” မီးလေး တကယ်ပဲ စိတ်ပျက်မိပါတယ်… နောင်တလည်း ရမိတယ်… သူကျောင်းမတက်ခင် ရန်ကုန်မှာ လာနေတုန်းက မီးလေးက လူငယ်တယောက်အနေနဲ့ သိသင့် သိထိုက်တယ်… တတ်ထားသင့်တယ် ထင်လို့ သင်ပေးခဲ့တာတွေကို သူက တလွဲလုပ်နေပီဆိုတာ သိလိုက်တော့ စိတ်လည်း မကောင်းဖြစ်သွားတယ်…

ချက်တင်ထိုင်တယ် ဆိုတာ အမျိုးမျိုးရှိပါတယ်… တချို့က Knowledge တွေကို အချင်းချင်းမျှဝေကျတယ်… မီးလေး ဘာလို့ ခုချိန်ထိ ဘလော့ဆက်ရေးနေလဲ… ခုဆို မကြာမီအချိန်အတွင်းမှာ မီးလေးရဲ့ ဘလော့အိမ်သက်တန်းက သုံးနှစ်ပြည့်ပါတော့မယ်… ဘာကြောင့်ရေးနေတာလဲ? ဘာအတွက်ရေးနေတာလဲ? ဆိုတာမျိုး တွေးမိဖူးပါတယ်… မီးလေး ဘလော့ရေးတာက စိတ်ကူးပေါက်ရာ ဟိုခြစ် ဒီခြစ်ရေးနေတဲ့ ဒိုင်ယာရီ သက်သက်သာ ဖြစ်ပါတယ်… ဘလော့ဂါတစ်ယောက်တော့ မဟုတ်ပါဘူး…. အရင်က မီးလေး အားတဲ့အချိန်တွေဆို မဂ္ဂဇင်းတွေ၊ ၀တ္ထုတွေ ဖတ်လေ့ရှိပါတယ်… ဒါပေမယ့် အရင်ကလောက် စာအုပ်တွေက အတော်များများက ဖတ်လို့မကောင်းတော့ပါဘူး… တခါလာလည်း အချစ်ဝတ္ထု၊ အလွမ်းအဆွေးတွေ၊ မြန်မာဗွီဒီယိုတွေကလည်း အနှစ်သာရမရှိနဲ့ အချိန်တွေ အရမ်းနှမြောဖို့ကောင်းပါတယ်… တနေ့ ဂျာနယ်တစောင်မှာ မြလွှာရဲ့ ဒိုင်ယာရီဆိုတာလေး စတွေ့ပြီး အဲဒီ့ဆိုဒ်ကို သွားကြည့်တယ်… အဲဒီ့ဆိုဒ်ထဲမှာရှိတဲ့ လင့်တွေကို သွားကြည့်တော့ မီးလေးအတွက် ဗဟုသုတတွေ အများကြီးရပါတယ်… ဘလော့ဂ်ဂါတွေက သူတို့သိတဲ့ Knowledge တွေကို စာဖတ်သူတွေ မျှဝေပေးကြတယ်… သူတို့ရဲ့ အတွေးတွေ စိတ်ကူးတွေကို ဘလော့ဂ်တွေမှာ ချပြကြတယ်…

ဘလော့ဂ်ဂါ အတော်များများက (မီးလေးမပါ,ပါ) စာအရေးအသား ကောင်းကြတယ်… ပြီးတော့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းပေါ်မှာပဲ သိကြပေမဲ့ အချင်းချင်း ရိုင်းပင်းကူညီကြတယ်… အရမ်းလည်း ခင်ဖို့ကောင်းကြပါတယ်… တစ်ယောက် အခက်အခဲဖြစ်နေရင် ၀ိုင်းပြီး ကူညီဖြေရှင်းကြတယ်… တဦးကိုတဦး အပြန်အလှန်စောင့်ရှောက်ကြတယ်… ဒါကြောင့်လဲ ဘလော့ဂ်နဲ့ ဘလော့ဂ်ဂါ မောင်နှမတွေကို ခုချိန်ထိ မစွန့်ခွာနိုင်သေးတာပါ… နေရာတိုင်းမှာ စုန်းပြူးဆိုတာ ရှိစမြဲပါ… ဘလော့ဂ်ဂါနာမည်တပ်ပြီး သူများဘလော့ဂ်က ခိုးကူးတွေ၊ သူများ စီပုံးမှာ တခြား ဘလော့ဂ်ဂါနာမည်တွေ လင့်တွေ သုံးပြီး နှောင့်ယှက်နေကြတာ သူတို့အတွက် ဘာများ အကျိုးရှိပါသလဲ… မီးလေးကို ကိုအရုပ်ကလေးက ပြောဖူးပါတယ်…

သူ့တို့ ကောင်မလေးတွေ အထင်ကြီးအောင်တဲ့…. ဒါဆိုရင်တော့ လွဲမှားတဲ့ အယူအဆပါပဲ သူများဆီက ခိုးချတာ တစ်နေ့နေ့မှာ သိလာရင် အဲဒါက ပိုရှက်ဖို့ကောင်းပါတယ်… ကိုယ့်တတ်သလောက်ကိုပဲ ကြိုးစားပြီး ရသလောက်ရေးပါ၊ စာများများဖတ်ပါ၊ သူများ ဘယ်လိုရေးလဲ လေ့လာပါ… ဒါဆိုရင် ကိုယ့်အရည်အချင်းလည်း တက်လာမယ်… လူငယ်တွေ အနည်းစုက တော်ကြပါတယ်… အများစု ဘာလို့မတော်ကြလဲ ဆိုတော့ ကိုယ့်ဘာသာကိုယ် တုံးအောင် လုပ်နေ ကြတာပါ… ဦးဏှောက်ကို အမြဲ အလုပ်လုပ်ပေးရပါမယ်… ဦးဏှောက်ကို မသုံးတာများလာရင် တဖြည်းဖြည်းနဲ့ ငတုံးတယောက် ဖြစ်လာပါလိမ့်မယ်…

ပြောရင်းနဲ့ လမ်းချော်သွားပီ… :P ချက်တင်ထိုင်တဲ့ လူငယ်အများစုကို ပြောချင်တာ အယောင်ဆောင်သမားဘက် ရောက်သွားပီ… :Dဒီနေ့လူငယ်တွေကို ပြောချင်တာက ချက်တင်ထိုင်ရင်းနဲ့ ကြူတာ ကိုယ့်အတွက် ဘာအကျိုးအမြတ်ရလဲ ပြန်သုံးသပ်ကြဖို့ပါ… မီးလေး ခုတလော အတော်ခံရခတ်နေတယ် :( … မီးလေး ခံရခက်တဲ့ မေးခွန်းကို ခုရက်ပိုင်း ခဏခဏအမေးခံနေလို့ပါ… အဲဒီ မေးခွန်းက “ မ… ဘယ်သူနဲ့ ကြူနေတာလဲ” တဲ့… :( တကယ် ခံရခက်တဲ့ မေးခွန်းပါ… မီးလေး သူတို့အကောင့်တွေ အက်လုပ်တာ ဘာရည်ရွယ်ချက်မှ မပါဘဲ ဒီအတိုင်း အက်လိုက်တာပါ… ဒါပေမဲ့ သူတို့လေးတွေက ငယ်ပါသေးတယ် သူတို့ကို လမ်းမှန်ရောက်စေချင်တယ်… တချို့က အင်တာနက်ဆိုင်မှာ တစ်နာရီ သုံးလေးငါးရာပေးပြီး သုံးကြရတယ်… အိမ်မှာ သုံးနေတဲ့ သူတွေလည်း ဒီအတိုင်းပါပဲ… လစဉ်ကြေးပေးပြီး သုံးနေကြရတာ… ကိုယ်ကုန်လိုက်တဲ့ ပိုက်ဆံအတွက် ငါဘာတွေရလိုက်လဲ… ကုန်လိုက်တဲ့ ပိုက်ဆံနဲ့ တန်အောင် အကျိုးရှိမယ့်ဆိုဒ်တွေကြည့်မယ်၊ဥပမာ – language တွေလေ့လာမယ်၊ ကိုယ့်ဝါသနာပါတဲ့ ပညာရပ်တခုခုကို လေ့လာမယ်၊ ဒါကလည်း Free Education Web Siteတွေ တနေ့ထက် တနေ့ ပိုများလာလို့ နိုင်ငံရပ်ခြား သွားမှမဟုတ်ဘူး… ကိုယ့်နိုင်ငံမှာတင် တထိုင်တည်း လေ့လာနိုင်တယ်…

မီးလေးပြောချင်တာက ချက်တင်နဲ့ ကြူလို့ ကုန်မယ့်အချိန်အစား အကျိုးရှိတာလေးတွေ လုပ်စေချင်တယ်… ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာမျိုး လုပ်ပေးပါ… မီးလေးကို ဆရာလုပ်တယ်လို့ မထင်စေချင်ပါဘူး… ဆရာလုပ်တာ မဟုတ်ပါဘူး… သူတို့အချိန်တွေကို သူတို့အစား နှပြောမိလို့ပါ… ကိုယ်က ပိုက်ဆံဖြုန်းပြီး ဒီလိုအချိန်တွေ အလကားသုံးနေတဲ့ အချိန်မှာ တချို့လူတွေက သူတို့ ၀မ်းရေးအတွက် ကြိုးစားဖြေရှင်းနေကြတယ်ဆိုတာမျိုး ပြန်တွေးကြည့်ပါ… ကိုယ့်က မိဘပိုက်ဆံ အခန့်သင့် ထိုင်သုံးနေတဲ့အချိန်မှာ ကိုယ်ထမင်းစားဖို့အရေး နည်းအမျိုးမျိုးနဲ့ ရုန်းကန်နေကြရတဲ့ တချို့လူတွေရဲ့ ဘ၀ကို စာနာတတ်ပါစေ… ဒါဆိုကိုယ်က ဘယ်လောက် အသုံးဝင်နေတဲ့သူ၊ အသုံးမ၀င်တဲ့သူဆိုတာ သိလာပါလိမ့်မယ်… ဒီအချိန်မှာ ပြင်နိုင်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိမှာပါ… မီးလေး မောင်လေးတောင် ပြောတုန်း ဟုတ်ကဲ့… ဟုတ်ကဲ့နဲ့ ကိုယ့်မျက်စိရှေ့ မဟုတ်တော့ သူလုပ်ချင်တာ လုပ်မှာလေ… ဒါပေမဲ့ ငါဒီလိုနေ,နေတဲ့ အချိန်မှာ တချို့သူတွေက ဘ၀ကို ဘယ်လိုရုန်းကန်နေကြရပါလား… ကိုယ်သုံးနေတဲ့ ပိုက်ဆံကရော ကိုယ့်မိဘတွေ လွယ်လွယ်နဲ့ရတဲ့ ပိုက်ဆံမဟုတ်ပါလား… ကာယနဲ့မဟုတ်တောင် ဥာဏနဲ့ ရှာထားကြတာပါလားဆိုတဲ့ အသိလေး သိရင် မီးလေး လက်ကြွက်သားယောင်နေရင်းနဲ့ ရေးတဲ့ ပို့စ်လေးအတွက် ပင်ပန်းရ ကျိုးနပ်တာပေါ့….

နောက်တခုက ဂိမ်းဆော့တယ်… ဂိမ်းဆော့တာကို အပြစ်မပြောပါဘူး… ကလေးတွေကအစ ဂိမ်းဆော့သင့်တယ်… ဂိမ်းဆော့တဲ့ အခါမှာလည်း ရွှေးချယ်တတ်ဖို့ လိုပါတယ်… ခုခေတ်မှာ လူကြီးနဲ့ ကလေးကြား ဂိမ်းဆော့လို့ ဆိုပြီး ဆူပူသောင်းကျန်း နေတဲ့အသံ ကြားဖူးကြမှာပါ… အမှန်တော့ လူကြီးတွေ အနေနဲ့လည်း ကလေးတွေ ဂိမ်းဆော့သင့်တယ် ဆိုတာမျိုး နားလည်ပေးတတ်ဖို့ လိုပါတယ်… ပြီးတော့ ဂိမ်းတွေကိုလည်း ရွှေးချယ်ပေးတတ်ဖို့ လိုပါသေးတယ်… ဥပမာ – ဦးဏှောက်သုံးရတဲ့ ဂိမ်းမျိုး စစ်တိုက်တဲ့ ဂိမ်းဆို ရန်သူတွေ ရှာရတယ်… ရန်သူကို ကိုယ်က အရင်ပစ်မှ မပစ်နိုင်ရင် ကိုယ့်ဘက်က အကောင်တွေ ကျကုန်ဆိုတော့ သူတို့ မျက်လုံး၊ လက်၊ ဦးဏှောက်က အလုပ်လုပ်ပေးနေရတယ်… ဒါကြောင့် ဦးဏှောက်ကို အလုပ်လုပ်ပေးနေသလိုဖြစ်လို့ ဓားများလို များများသွေးလေ ထက်လေ ဖြစ်လာတယ်… အချိန်ပြည့် ဆော့တာမျိုး မဟုတ်ဘဲ အချိန်ကန့်သတ်ပြီး ဆော့ခိုင်းတာမျိုး လုပ်ပေးသင့်တယ်… ဒါက ငယ်ငယ်တည်းက Train လုပ်သင့်တာပါ…

ဒါပေမယ့်လည်း ဂိမ်းဆိုင်တွေပေါ်လာတဲ့အတွက် ကလေးအများစုက ဂိမ်းဆိုင်မှာချည်း အချိန်ကုန်နေကြပါတယ်… ဒါကိုလည်း အိမ်က မိဘတွေအနေနဲ့ လုံးဝ ဂိမ်းဆိုင်မသွားရဆိုတာမျိုး မတားမြစ်သင့်ပါဘူး… လူ့သဘာဝအရ မသွားနဲ့ဆို သွားချင်တယ်… မလုပ်နဲ့ဆို လုပ်ချင်တယ်… အချိန်သတ်မှတ်ပြီး လုပ်ခိုင်းတာမျိုးလုပ်ပေးသင့်ပါတယ်… လူကြီးနဲ့ လူငယ်တွေကြား သဘောထား ကွဲလွဲမှုတွေ ခုခေတ်မှာပိုများပါတယ်… လူကြီးတွေကလည်း သူတို့ ဖြတ်သန်းလာတဲ့ အသိကို ရှေ့တန်းတင်တတ်သလို လူငယ်တွေ ကလည်း အဖေ၊ အမေတို့ မသိပါဘူးဗျာလို့ ပြန်ပြောမယ့်အစား အချိန်ယူပြီး ရှင်းပြပြောပြတာမျိုး လုပ်ပေးပါ… အဖေ၊အမေတို့ ခေတ်မှာ ဒီလိုဟုတ်ပေမယ့်၊ သားတို့ သမီးတို့ခေတ်မှာ ဘယ်ဟာကဖြင့် ဘယ်လိုလုပ်မှရတော့မှာဆိုတာမျိုး ပြောပြပေးရင် လူကြီးတွေကလည်း ကိုယ့်ကို အားကိုးရတဲ့ သားသမီးတွေဆိုပြီး အထင်ကြီးလာပါလိမ့်မယ်… ကိုယ့်ရှေ့မှာ မဟုတ်တောင် တခြားသူတွေနဲ့ တွေ့တဲ့အခါ သားကလေ သမီးကလေနဲ့ ပီတိစကားသံတွေနဲ့ စကားဝိုင်းလေးက သာယာစိုပြည်နေမှာ အမှန်ပင် ဖြစ်ပါလိမ့်မယ်…

လူငယ်များ အချိန်ကို အကျိုးရှိစွာ သုံးတတ်သူများ ဖြစ်ပါစေလိုက ဆန္ဒပြုရင်း….

7 comments:

လသာည said...

မီးလေး ဖတ်လို့ကောင်းလိုက်တာ။ အရမ်းကို ရေးတတ်တာပဲ။ ငယ်ပေမဲ့ အဲလိုမြင့်မြင့်မားမားထားတတ်တဲ့ စိတ်ဓါတ်နဲ့ သဘောထားကို အရမ်းကို သဘောကျသွားပါတယ်။ ဆက်ရေးနော်။ အမြဲအားပေးနေမယ်။ အမြဲလည်း ဖတ်လို့ရအောင် လင့်လေးလည်း ယူသွားခွင့်ပြုပါ။ ခင်မင်စွာဖြင့်

မီးလေး said...

ဟုတ်ကဲ့... မီးလေးကို ဒီလိုပြောပေးလို့ ကျေးဇူးတင်ပါတယ်... လင့်ကြိုက်သလောက်သာ ယူသွားပါ လသာညရယ်...

funflakes said...

အရမ်းကောင်းပါသည်။
သိသင့် မှတ်သားသင့်သည်များဖြစ်ပါသည်။
လက်ကိုက်ရင်းကနေရေးထားတဲ့အတွက် ဂုဏ်ယူပါတယ်။ အမြန်သက်သာပါစေ။
မီးလေးဖြစ်စေချင်သလို အားကိုးရပြီး ကြိုးစားထက်မြက်ကြတဲ့ အနာဂတ်ရဲ့ လူငယ်ကောင်းများဖြစ်လာကြပါစေ...

်flowerpoem said...
This comment has been removed by a blog administrator.
flowerpoem said...

Internet ကို အကျိုးရှိအောင် အသုံးချတတ်ရင် အားလုံးပိုပြီး ဒီ့ထက်တိုးတက်လာ မှာပါ ခုခေတ် က အင်တာနက်ကို ချက်တင်အတွက် ပဲသုံးပြီး လမ်းမှားကိုရောက်တဲ့ လူတွေကများနေတယ် . . . မီးလေးရေ

စိတ်၏ဖြေရာ said...

အမြဲလာဖတ်နေကျ blog လေးပါ။စာတွေပြန်ရေးနေလို့ 
ဝမ်းသာပါတယ်။အမြဲအားပေးနေပါတယ်။
ပျော်ရွှင်ချမ်းမြေ့ပါစေ။

မီးလေး said...

မီးလေးဆီကို အမြဲလာဖတ်နေကျဆိုတာ သိရလို့ ၀မ်းသာကြည်နူးမိပါတယ်... မီးလေးကြိုးစားပြီး စာတွေ ပြန်ရေးဖို့ စဉ်းစားထားပါတယ်... ကျေးဇူးတင်ပါတယ်... နောက်များလဲ ပစ်မထားပါနဲ့... လည်လည်လာပါနော်.. :P