Pages

Saturday, July 18, 2009

အကြည်ညိုမပျက်စေချင်...

မီးလေး ဘလော့ကို စာမေးပွဲရှိလို့ မရောက်ဖြစ်တာ အတော်ကြာပီပေါ့... ဒီအတောအတွင်း မီးလေးဆီကို သတိတရနဲ့ လာစောင့်ရှောက်ပေးကြတဲ့ ဘလော့ဂါ ညီအစ်ကိုမောင်နှမများနှင့် စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်... ဒီအတောအတွင်း ကုန်ကြမ်းတော်တော်များများလည်း ရထားပေမဲ့ မအားတာရယ်၊ ကွန်မကောင်းတာရယ်၊ အပျင်းကြီးနေတာရယ်ကြောင့် ပို့စ်တင်တာလဲ အတော်လေးကျဲသွားခဲ့ပါတယ်...

ဒီနေ့ရေးချင်တဲ့ အကြောင်းအရာက ရင်ထဲမှာ အတော်လေး မကောင်းမိလို့ပါ... ဟိုတရက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်... ဘုရားရဲ့ ရင်ပြင်တော်ပေါ်မှာ မြင်တွေ့ခဲ့ရတာတွေက တခြားဘာသာဝင်တွေ ဗုဒ္ဓဘာသာကို အကြည်ညိုပျက်စေတဲ့ အပြုအမူမျိုးကို တွေ့ခဲ့ရပါတယ်... ဘုရားရင်ပြင်တော်ပေါ်မှာ အလှူခံနေကြတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေပါ... ဘုရားဝတ်ပြုတာတောင် ကောင်းကောင်း ၀တ်ပြုလို့ မရအောင် ဘေးနားက တောက်လျှောက် အလှူခံနေခြင်းပါပဲ... ထိုအပြုအမူက အရမ်းပဲ ဆိုးဝါးလှပါတယ် မီးလေးအမြင်ပြောတာပါ... တခြား လာလေ့ကြတဲ့ နိုင်ငံခြားသားတွေကရော ဘယ်လိုမြင်ကြမလဲ... ဘုရားဂေါပက လူကြီးတွေအနေနဲ့ ဒီလုပ်ရပ်မျိုးကို တားမြစ်သင့်ပါတယ်... အလှူခံပုံကလည်း အဆန်းရယ်၊ ဘယ်နှနာရီလဲမေးပြီး လက်ဘက်ရည်ဖိုးပေးခဲ့ဆိုပြီး တောင်းတယ်... မီးလေး အမြင်တော့ အတုအယောင်တွေလို့ ထင်ပါတယ်... သင်္ကန်းဗန်းပြပြီး ခုလိုတောင်းတာတော့ မကောင်းဘူးပေါ့... ဒါပေမဲ့ အရွယ်ပေါင်းစုံ တွေ့ခဲ့ရပါတယ်...
သီလရှင်အမေကြီး တစ်ပါးဆို အတော်ကို အသက်ကြီးနေပါပြီ... ဓာတ်လှေကားနားသွားတဲ့ စင်္ကြန်မှာ ၁၀နှစ်အရွယ် ကောင်လေး တစ်ယောက်က စောင့်နေပါတယ်... သီလရှင်အမေကြီးက ရသမျှပိုက်ဆံကို ထိုကောင်လေးကို ပေးထားပြီး လိုက်အလှူခံနေတာပါ... အသက်ကြီးနေတဲ့ သီလရှင်ဆိုတော့ လူတွေက လှူကြပါတယ်... ဒါပေမဲ့ ဆိုးရွားတဲ့အပြုအမူက သူ့ကို မလှူဘဲ မသိချင်ယောင်ဆောင်ပြီး ထွက်သွားတဲ့ သူတွေက အနောက်ကနေလိုက်ပြီး ရင်ပြင်တော်က မဆင်းမချင်း လိုက်ကျိန်ဆဲနေခြင်းပါပဲ... မီးလေးလှူဖို့ စိတ်ကူးထားတာတောင် သဒ္ဓါပျက်ပြီး မလှူခဲ့တော့ပါဘူး... အသက်ကြီးပေမဲ့ အသက်အရွယ်နဲ့ မလိုက်အောင် တရားမရှိခြင်းပဲ ၀မ်းရေးလွယ်ဖို့အတွက် သာ့သနာဘောင်ထဲ ၀င်တာလားလို့တောင် သံသယဖြစ်မိပါတယ်...
ရွှေတိဂုံဘုရားပေါ်က ဆင်းလာပြီး breakfast ကို Feel မှာ စားဖို့ မြို့မလမ်းထဲက Feel ဆိုင်ကို ထွက်လာခဲ့ပါတယ်... မုန့်တွေ ဘာတွေမှာပြီး ထိုင်ခုံနေရာ ယူလိုက်ပါတယ်... ထို Feel ဆိုင်မှာ ထိုင်းနိုင်ငံက ဘုရားဖူးအဖွဲ့ ဘုန်းကြီး၊ သီလရှင်၊ ယောဂီတွေ လာရောက်စားသောက်နေတာ တွေ့ခဲ့ရပါတယ်... တချို့ကတော့ ဆင်းမစားဘဲ ဘုရားဖူးယာဉ်ပေါ်မှာ ထိုင်နေကြပါတယ်.... ထိုအချိန်မှာ လမ်းမှာ ဖြတ်သွားတဲ့ သီလရှင်တစ်ပါးက နိုင်ငံခြားသားတွေမှန်းသိတယ်... ကားကို ကျော်ပြီးမှ ပြန်လှည့်လာပြီး ကားပေါ်မှာထိုင်နေတဲ့သူတွေကို အလှူခံတယ်... ကားပေါ်က နိုင်ငံခြားသားတွေက ဘယ်လောက်တောင် ကြည်ညိုကြလဲဆို ကားပေါ်ကလေတောင် လှမ်းထည့်တာမျိုး မလုပ်ဘဲ ကားပေါ်က ဆင်းလာပြီး လှူတာကို ၀မ်းသာဖွယ် တွေ့မြင်ရပေမဲ့ တခြားဘာသာဝင်တွေတောင် ဒီလောက်ရိုသေလေးစားကြတာ ကိုယ့်ဘာသာဝင်တွေက ဘာလို့ ရှုံ့ချစရာတွေ လုပ်နေကြရတာလဲလို့ စိတ်ထဲမှာ မနေနိုင်မထိုင်နိုင် မကျေမနပ်ဖြစ်နေမိပါတယ်... ထိုသီလရှင်ကလည်း လှူမှန်းသိတော့ဘယ်မှ မသွားတော့ဘဲ အထဲမှာထိုင်စားတဲ့သူတွေ ထွက်လာတဲ့အထိ ကားပေါ်တက်တဲ့ အပေါက်ကနေ စောင့်နေပါတယ်...
စားပြီးလို့ ဆိုင်ထဲက ထွက်လာကြတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေကလည်း အကုန်လုံးလိုလို လှူပြီးမှ ကားပေါ်ကို တက်ကြပါတယ်... သူတို့ရဲ့ သဒ္ဓါတရားထက်မြက်တာကို တွေ့ရလို့ ၀မ်းသာပါတယ်... တဆက်တည်းမှာပဲ အထင်သေးသွားမလားလို့ စိုးရိမ်ခဲ့ရပါတယ်... မီးလေး သိရသလောက် သီလရှင်တွေဟာ တောဖိတ်နဲ့ မြို့ဖိတ်ကလွဲလို့ အလှူခံထွက်လို့မရပါဘူး... ဟိုနေ့က မီးလေးတို့ကျောင်းရှေ့ကို ဥူးဇင်း သုံးပါးဖြတ်သွားပါတယ်... မီးလေးသူငယ်ချင်း တစ်ယောက်တည်း မီးလေးတို့ဆီ လာနေတဲ့အချိန် ထိုဥူးဇင်းများက မီးလေးသူငယ်ချင်းကို ပိတ်ရက်လိုက်ပြီး ပိုက်ဆံတောင်းပါတယ်... မီးလေးသူငယ်ချင်းက အကြွေမပါဘူး ဘုရားဆိုပြီး သူတို့ကို ဖြတ်သွားမယ်လုပ်တော့ လက်ကို ဆွဲထားပြီး မပါလည်း ပါတာပဲ ပေးခဲ့ဆိုပြီး ဆွဲထားပါတယ်... မီးလေးတို့က သူ့နဲ့သိတဲ့ ဥူးဇင်းတွေမှတ်လို့ ဒီအတိုင်းပဲ ကြည့်နေကြတာ... မီးလေး သူငယ်ချင်းကလည်း မပေးရင် သူ့ကို ဘာလုပ်ကြမလဲ မသိဘူးဆိုပြီး သူ့မှာပါတဲ့ 1000 တန်ပဲ ထုပ်ပေးလိုက်ရပါတယ်...
ပြီးတော့ ယောဂီဝတ်စုံတွေနဲ့ ဘယ်ကကျောင်းအတွက်ဆိုပြီး ခဏခဏလာတောင်းနေကြတဲ့ သူတွေကလည်း တပုံတပင်... သာသနာကို ခုတုံးလုပ်ပြီး အလှူခံနေခြင်းကို သာသနာရေး ၀န်ကြီးဌာနအနေနဲ့ ကြပ်မတ်ပေးစေချင်ပါတယ် (မီးလေး ဖြစ်စေချင်တာပါ).... ဗုဒ္ဓသာသနာကို တစ်ပါးသူတွေ အနေနဲ့ မငြိုငြင်စေချင်တဲ့ ဆန္ဒကြောင့်ပါ... မီးလေးတို့ ယုံကြည်ကိုးကွယ်ကြသလို တခြားဘာသာဝင်တွေကလည်း မယုံကြည် မကိုးကွယ်ချင်နေ အကြည်ညိုမပျက်စေချင်တဲ့ ဆန္ဒကြောင့်သာ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ...
မီးလေးအမြင်တွေ မှားချင်လည်း မှားနေနိုင်ပါတယ်... အတ္တကြီးတာလည်း ဖြစ်ချင်ဖြစ်မယ်... အများစုက စီးပွားရေးကျပ်တည်းကြတယ်ဆိုတာ နားလည်ပါတယ်... ဒါပေမဲ့ ခုလိုမျိုး ဘာသာရေးကို ခုတုံးလုပ်တာမျိုးကို လက်မခံနိုင်တာပါ... ကိုယ်လိုက်လုပ်ယုံနဲ့ ပြီးတဲ့ကိစ္စ မဟုတ်တော့လည်း စိတ်သာရှိပြီး xxxxxxxxxxxxxxxxxxxxxxxxxx

4 comments:

Unknown said...

တကယ်တော့မီးလေးရေ....

ဒါတွေဟာ ဘာကြောင့်လည်းဆိုတာတော့ စီးပွားရေးကြောင့် စီးပွားဘာကြောင့်မကောင်းကြလည်းတော့ ခေတ်က မကောင်းတော့ ရှားပါးမှုတွေများများလာတယ်...

အဓိက.ကတော့ ခေတ်စနစ်ကြောင့်ပါ...
ဒါကြောင့် ဒီနိုင်ငံရဲ့အရေးဟာ ဒီနိုင်ငံတွင်းမှာရှိနေကြသူအားလုံးနဲ့ဆိုင်တယ်....
အခုလိုပေါ့... ကိုယ်နဲ့မဆိုင်ဘူးဆိုပေမယ့် ကိုယ့်ဆီရောက်လာတာပဲလေ...
ပြုပြင်ပြောင်းလည်းဖို့ဆိုတာလည်း အားလုံးနဲ့ဆိုင်တယ်...
တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရဘူး.. ရပ်တည်လို့လည်းမရဘူး....

ကြားဖူးတယ်ဟုတ်... ကြိုက်မရှက် ငတ်မရှက်တဲ့...
ကြိုက်တော့လည်းမရှက်တော့ဘူး...
အဲလိုပဲ... ငတ်တော့လည်း ... မရှက်တော့ဘူးလေ...

မြင်ရ တွေ့ရ ကြားရတာတွေက စိတ်မချမ်းမြေ့စရာပါပဲလေ....

မီးလေးရေ...
နားလည်ပေးလိုက်ပါနော်...
လူတွေက ထွက်ပေါက်မရှိကြတော့ဘူးလေ...
နည်းလမ်းတွေမရှိကြတော့ဘူး...
ကြာရင်ဒိထက်ပိုဆိုးလာနိုင်တယ်လေ....

ဒီပို့စ်လေးအတွက်လည်း ဂုဏ်ယူပါတယ်...
စိတ်ထဲရှိနေတာကို အရှိအတိုင်း မကွယ်မ၀ှက်ဘဲရေးတာကိုပေါ့...

ပြုပြင်ပြောင်းလည်းဖို့ မီးလေးတို့နဲ့လည်းဆိုင်သလို အားလုံးနဲ့ဆိုင်တယ်လေ....
မြင်သမျှ တွေ့သမျှတွေကို တတ်နိုင်သလောက် လုပ်နိုင်သလောက် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်...

ခင်တဲ့
ပြည့်စုံ

မင်းယွန်းသစ် said...

အင်းဟုတ်ပါတယ်။ သာသနာ့ဝန်ထမ်းဆိုတာ ပိုက်ဆံရတဲ့ အလုပ်မှမဟုတ်တာပဲ။ သူတို့ခမျာ အလှူခံမှ နေထိုင်စားသောက်လို့ရတာပါ။ ဒါပေမယ့် အတိုင်းအတာ တစ်ခုထိပေါ့။ အကိုလဲ မြင်ဖူးပါတယ်။ အဲ့လိုမျိုးတွေ အဓိကက သာသနာ့ဝန်ထမ်းစစ်မစစ် ဆိုတာ စီစစ်ဖို့ လိုနေတာပါ။ သာသနာတော်ကို ခုတုံး လုပ်ပြီး စီးပွားရှာနေတဲ့သူတွေ ရှိခဲ့ရင် သုတ်သင် ရှင်းလင်းပစ် ရမယ်လို့ ကျွန်တော် မြင်ပါတယ်။ ဆိုလိုတာ သာသနာ့ ၀န်ထမ်းရဲ့ တာဝန်တွေ မထမ်းဆောင်နိုင်ရင် သာသနာ့ဘောင်ကနေ ထွက်ခိုင်းတာမျိုးပါ။ ဒါမျိုးတွေ လုပ်သင့်ပါတယ်။ ဒီလို မလုပ်ရင်တော့ တကယ့် သာသနာ့ဝန် ထမ်းနေတဲ့သူတွေနဲ့ အတုတွေ ရောနေပါလိမ့်မယ်။

Dream said...

အင်း...ဘယ်လိုမျိုး ပြောရမှန်းကို မသိတော့ပါဘူး ...

သာသနာမှာ အဲလိုလောဘဒေါသမောဟ
များတဲ့ သူတွေ လုပ်စားနေတော့
ဗုဒ္ဓဘာသာကို ဘာသာခြားများ အထင်သေး စော်ကား နေကြတာ မဆန်းပါဘူး... ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဘာသာကို ကိုယ်ကိုယ်တိုင် ဖျက်စီးနေကြပါတာပါ။ အဲဒီတော့ သူများ ပြောစရာ ဖြစ်တာပေါ့နော့်။

တကယ့်သီလသမာဓိ ပြည့်စုံသူကို လှူဒါန်းခြင်းက
သာ မွန်မြတ်ပါပေတယ်။ အလှူခံပုဂ္ဂိုလ်ကိုလဲ ရွေးချယ်လှူဒါန်း နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

သာသနာကို ခုတုံးလုပ်ခြင်းမှ ကင်းဝေးပါစေ

Anonymous said...

ခက်တယ်ဗျာ..... ဒါမျိုးတွေက နေရာတိုင်းလိုမှာပဲဗျ ဘုရားတခုထဲမှာတင် မဟုတ်ပါဘူး နေရာတိုင်းမှာပါ။ ဒါကလဲ ပြောမယ်ဆို ဝမ်းရေးဆိုတော့ မရှက်မကြောက်နိုင်တော့ဘူးလေ။ အလှူခံတဲ့ သူတွေ အနေနဲပလဲ သိကြမှာပါ ဒီလို မလုပ်သင့်ဘူးဆိုတာ။
တကယ်တော့ အားလုံးရဲ့တရားခံဟာ............