ခံစားချက်ကို ချရေးတာမို့ သည်းခံဖတ်ပေးကြပါနော်..စက်တင်ဘာလ
၁၂ရက်နေ့မှာ TG 09:50 နဲ့ ဗန်ကောက်ကို သွားမှာမို့ အိမ်က ၈နာရီမှာ
ထွက်ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလဆိပ်ကို ၈နာရီ၂၀လောက် ရောက်သွားပါတယ်... ရောက်တယ်ဆိုရင်ပဲ ပါလာတဲ့ အထုပ်တွေ တွန်းလှဲပေါ်တင်ပြီ
လေဆိပ်အဆောက်အအုံဝင်းထဲသို့ ၀င်လာခဲ့ပါတယ်… Air Tax ပေး၊ X'Ray ဖြတ်၊ Check
in ၀င်နဲ့ Immigration Counter ရောက်တော့ ၈နာရီ ၄၀မိနစ်လောက်ရှိပါပြီ…
ကြည့်လိုက်တော့ Myanmar Passport Holder ရေးထားတဲ့ Counter တိုင်းမှာ
တန်းစီနေကြတာ မနည်းပေလှဘူး… ကဲ လူနည်းမယ်ထင်တဲ့အတန်းကို တန်းစီတာပေါ့ဆိုပြီ
ညာဘက်ထောင့်ဆုံးက ကောင်တာမှာ ၀င်တန်းစီလိုက်ပါတော့တယ်...
မီးလေးတို့ တန်းစီနေစဉ်မှာပဲ နောက်ကြတယ်နော်ဆိုတဲ့ Immigration က ၀န်ထမ်းတဦးရဲ့
အချင်းချင်းနှုတ်ဆက်စကားကို ကြားလိုက်ရလို့ လှမ်းကြည့်လိုက်တော့
၀၀တုတ်တုတ်နဲ့ လူကြီးတယောက် ရောက်လာတာတွေ့ပါတယ်… အဲ့ဝတုတ်တုတ် ဦးလေးကြီးက
မီးလေးတို့ တန်းစီနေတဲ့ ကောင်တာမှာ ၀င်ထိုင်ပါတယ်… မီးလေးတို့က
ရပ်စောင့်နေရတဲ့သူကိုး အားနေတော့ ပတ်ဝန်းကျင်ကို လျှောက်ကြည့်တာပေါ့…
နာရီလက်တံတွေကလည်း
တဖြည်းဖြည်းနဲ့ ရွေ့လို့ လာနေပါပြီ… နာရီကို ငုံကြည့်တော့ ၉နာရီထိုးပြီး
၁၅မိနစ်ဖြစ်နေပါပြီ… မီးလေးရှေ့မှာလဲ ၃ယောက်ပဲကျန်ပါတော့တယ်… အဲ့အချိန်မှာ
လေဆိပ်ဝန်ထမ်း တစ်ဦးက (ပိတောက်ခြောက်ရောင် ၀န်ထမ်းကဒ်နဲ့ အသား မဲမဲ၊
နည်းနည်း၀၀၊ အရပ်က 5'4"လောက်၊ ၀န်ထမ်းနံပါတ်က ၀၂၀၇) ၀၀တုတ်တုတ် လူကြီးကို
ဒီလေးယောက်မှတ်ထားပေးပါဆိုပြီ မီးလေးတို့ တန်းစီတဲ့အတန်းရဲ့ ဘေးမှာ
အမျိုးသမီး ၄ယောက်ရပ်နေတာ တွေ့လိုက်ရပါတယ်… မီးလေးစိတ်ထဲတော့ ဒီလူ
ကြားဖြတ်ပြီ ထင်တယ်လို့ တွေးလိုက်ပါတယ်… ဒါပေမဲ့ Immigration Counter က
တန်းစီတဲ့ထဲက တယောက်ကို လှမ်းခေါ်ပါတယ်… သြော် မီးလေးတို့များ သတ်သတ်
သူများကို အထင်လွဲနေပြန်ပါပြီ… မကောင်းတဲ့စိတ် မြန်မြန်ဖျောက်မှဆိုပြီး
မီးလေးလဲ ဒီတိုင်းပဲ မေ့မေ့ပျောက်ပျောက်နေလိုက်တယ် ဆိုရင်ပဲ ဇာတ်လမ်းက စပါပြီ ၊ ကာင်တာက ဘေးမှာရပ်နေတဲ့ အမျိုးသမီးတစုထဲက ၂ယောက်ကို
ခေါ်လိုက်ပါတယ်… မီးလေး စိတ်တိုသွားတာတော့အမှန် ခုမှ ရောက်လာတဲ့ သူတို့တွေက
Wheelchair နဲ့လဲ မဟုတ် ခြေကောင်းလက်ကောင်းတွေ သူများတွေ တန်းစီနေတာ
သူတို့မျက်လုံးတွေ ကန်းနေကြလား… သက်ကြီးရွယ်အိုနဲ့ လမ်းမလျှောက်နိုင်လို့
ဝှီးချဲတို့ ဂျိုင်းထောက် အကူနဲ့ သွားနေရတဲ့သူဆို လုပ်ပေးရမှာ နားလည်ပါတယ်…
ခုဟာက သန်သန်စွမ်းစွမ်း လူငယ်တွေက အသက်က ၂၀-၃၀ကြား ပတ်ဝန်းကျင်တွေပါ…
သူတို့ ကြားဖြတ်ဖို့ လုပ်ပေးတဲ့ ဟို ၀၂၀၇ကကော လေဆိပ်က
ဝန်ထမ်းတယောက်ဖြစ်ပြီး အဲ့လောက်လေးတောင် စည်းကမ်းမရှိဘူးလား… ငါတို့
ပိုင်နက်ထဲမှာ ငါတို့ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုပြီး
ထင်ရာစိုင်းနေကြတာလား… သူများတွေ ခြေသလုံးတောင့်အောင် တန်းစီနေကြတာ
ဒီလိုလူမျိုးတွေ ကြားဝင်ဖြတ်ဖို့ အတွက်လား…
မီးလေးတို့ လေယာဉ်လဲ
09:50 မှာ ထွက်မှာပါ ခုထိ Immigration မှာပဲ ရှိသေးတယ်… ပြည်ပထွက်ခွာ
လေကြောင်းလိုင်းတွေကြပ်လို့ တန်းစီနေရတာ လက်ခံပါတယ်… ဒါပေမဲ့
ဒီလိုစည်းကမ်းမရှိတာတော့ မကောင်းဘူးပေါ့… ကျန်တဲ့ အုပ်စုထဲက တယောက်က ငါတို့
ကောင်းပါ့မလားလို့ ပြောသံတော့ ကြားလိုက်ပါတယ်… အဲ့လိုစဉ်းစားရင် အစကတည်းက
သွားတန်းစီလေ အဖြေက ရှင်းရှင်းလေးပဲ… မျက်နှာပြောင်တိုက်ပြီ
ကြားဖြတ်တဲ့လူတွေရော မျက်နှာပြောင်တိုက်ပြီး (အသားက မည်းရတဲ့ထဲ)
ဟိုလေးယောက်မ၀င်မချင်း Counter နားက မခွာနိုင်တဲ့ ၀၂၀၇ရော သူတို့
တန်းစီတဲ့အချိန် အုပ်စုလိုက်လာပြီး ကြားဖြတ်ရင်ကော သူတို့တွေ
ခံနိုင်ရဲ့လား… ပြောချင်လိုက်တာ ပါးစပ်ကို တော်တော်ထိန်းထားရတယ်… ၀၂၀၇ဆိုတာ
ဝန်ထမ်းကဒ်မှာပါတဲ့ နံပါတ်ပါ.. ၀န်ထမ်းကဒ်က နာမည်ကို ဖတ်တာ ဝေးနေလို့
သေချာမမြင်ရလို့ အထင်ရှားဆုံးနံပါတ်ဖြစ်တဲ့ ၀၂၀၇ကို မှတ်လာခဲ့ လိုက်ရတယ်…
သူ့လူလေးယောက်လုံး Immigrationထဲ ဖြတ်ပြီးသွားတော့မှ သူလည်း
မီးလေးတို့ကိုဖြတ်ပြီး အောက်ထပ်ကို ဆင်းသွားတာ တွေ့လိုက်ပါတယ်… အဲ့လူလည်း
မီးလေးကို သိချင်သိနေပါလိမ့်မယ်… သူ့ဝန်ထမ်းကဒ်ကို စိုက်ကြည့်နေမှန်း
သိလို့ မီးလေးနားရောက်တော့ ဟိုလိုလို ဒီလိုလိုနဲ့ ၀န်ထမ်းကဒ်နေရာကို
အုပ်ပြီး ထွက်သွားပါတယ်…
ဒီလိုအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတောင်
စည်းကမ်းပျက်တဲ့ ၀န်ထမ်းတွေရှိနေတာ ၀န်လေးစရာပါပဲ… သူများနိုင်ငံမှာ Queue
စနစ်ကို အရမ်း အလေးထားကြတယ်… နောက်ဆုံးကုန်ကုန်ပြောရရင် စင်္ကာပူ၊ မလေး၊
ဗန်ကောက်မှာ အိမ်သာသွားတာကအစ Q လုပ်ပြီးမှ သွားကြတယ်… ကြားဖြတ်တယ်ဆိုတာ
မတွေ့ရ သလောက်ပဲ… ဒါသူတို့ရဲ့ အဆင့်အတန်းကို ဖော်ပြသွားတာပဲ…
အဆင့်အတန်းဆိုတာ ပညာတတ်တာ မတတ်တာနဲ့ သတ်မှတ်တာမဟုတ်ပါဘူး… ပညာတွေတတ်ပြီး
အဆင့်မရှိတဲ့သူတွေလည်း အများကြီးပါပဲ… ကိုယ့်ကိုယ်ကိုလည်း
အဆင့်အတန်း ရှိပါတယ်လို့ ပြောနေတာ မဟုတ်ပါဘူး… အဆင့်အတန်းရှိတဲ့
လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေဆဲပါ… လေဆိပ်က ၀၂၀၇ဆို လေဆိပ်မှာ
အလုပ်လုပ်တဲ့ သူဆိုတော့ ပညာ အရည်အချင်းတော့ အသင့်အတင့် ရှိမှာပါ… Q
လုပ်တယ်ဆိုတာကို သူလဲ နားလည်ပြီးသားဖြစ်မှာပါ နားလည်ပေမဲ့ လိုက်မလုပ်
နိုင်တာ သူ့ရဲ့ အဆင့်အတန်းကို လူအများရှေ့မှာ ထုတ်ဖော်ပြလိုက်တာနဲ့
အတူတူပါပဲ… အမှိုက်မပြစ်ရဆိုတဲ့ ဆိုင်းဘုတ်နားမှာ အမှိုက်ပြစ်တဲ့သူတဦးရဲ့
အဆင့်အတန်းကို ဖော်ပြဖို့တောင် မလိုပါဘူး…
ဘယ်လိုပဲ သေးငယ်တဲ့
ကိစ္စရပ်ပင်ဖြစ်စေကာမူ အုပ်ချုပ်တဲ့ တာဝန်ရှိလူကြီးတွေက ကြတ်ကြတ်မတ်မတ်
လုပ်ဖို့ လိုပါတယ်… ၀န်ထမ်းတဦး စည်းကမ်းရှိတယ် မရှိဘူးဆိုတာ
အဲ့ဝန်ထမ်းတွေအုပ်ချုပ်တဲ့ ကြီးကြပ်သူရဲ့ အရည်အချင်းလဲ တပိုင်းတစ ပါပါတယ်…
လေဆိပ်မှာ ဒီလို ၀န်ထမ်းတွေ နည်းပါးပါစေလို့ ခရီးသည်များ အားလုံး ကိုယ်စား
ဆန္ဒပြုလျက်...
No comments:
Post a Comment