Pages

Wednesday, May 14, 2008

မီးလေး ခရီးသွားမှတ်တမ်း - ၂

လမ်းမှာ ရွှေရင်အေးအကြောင်း ပွစိပွစိပြောကြရင်း ကျောက်ဆည်-မန်းကားနဲ့ ကျောက်ဆည်ကို ပြန်လာကြပါတယ်… တလမ်းလုံးလည်း ဟာသတွေပြောရင်းပေါ့… မီးလေးသူငယ်ချင်းက ခရစ်ယာန်လေ… သူတို့ ဘုရားကျောင်းက ၁လသင်တန်းတက်တုန်းက အကြောင်းတွေ ပြောကြရင်း ကားပေါ်မှာ မသိရင် မီးလေးတို့ လေးယောက်ထဲရှိတဲ့အတိုင်းပဲ… ကားကလည်းချောင်တော့ အပြင်လူနှစ်ယောက်လောက်ပဲ ပါတယ်… သူတို့သင်တန်းမှာ အချိန်နဲ့စား၊ အချိန်နဲ့အိပ်ရတယ်တဲ့လေ အချိန်ကျော်သွားရင် ဘာမှမစားရဘူးတဲ့ စားတာမိရင် အပြစ်ပေး ခံရတယ်တဲ့… မီးလေးသူငယ်ချင်းက ဗိုက်ဆာတယ် ထမင်းစားရအောင်ဆိုတော့ ကျန်တဲ့သူတွေကလည်း စားမယ်ဆိုပြီး ထမင်းချိုင့်ထဲ ခိုးယူလာတာ မီးလေးသူငယ်ချင်းအပါအ၀င် လေးယောက်လွတ်သွားပီး ခုနစ်ယောက်မိသွားတယ်တဲ့လေ… မိသွားတဲ့သူတွေကို ဆရာက အပြစ်ပေးတယ်တဲ့… အဲ့အပြစ်ဘယ်လိုပေးတယ်ထင်လဲ… ချီး ပုံး၂၀သွန်ခိုင်းတယ်တဲ့… နင်တို့အပြင် ဘယ်သူပါသေးလဲ မေးတော့ မပါဘူး ဖြေပေးကြတော့ သူတို့လွတ်သွားလို့ တယောက်တပုံးစီ ၀ိုင်းကူပေးလိုက်ကြတယ်တဲ့…

နောက်တခါက တပတ်တခါ အသားဟင်းချက်ကျွေးတယ်တဲ့… အသားဟင်း မစားရတာကြာတော့ သူတို့ကို ကြက်သားဟင်း စားမလားဆို လာမေးတယ်တဲ့… သူတို့ကလည်း ငတ်ငတ်နဲ့စားမယ်ဆို ယူစားကြတယ်တဲ့… မစားရတာပဲ ကြာလို့လား၊ ချက်တဲ့သူပဲ အချက်တော်လို့လားမသိဘူး အတော်စားကောင်းတယ်ဆိုပဲ… နောက်နေ့လည်း မိုးလင်းရော ဆရာက မနေ့ညက ခွေးဘယ်သူသတ်လဲ အသံကြားတယ်ဆိုတော့ ကောင်လေးတွေက ကျွန်တော်တို့သတ်တာပါဆိုပြီး ၀န်ခံကြတယ်တဲ့၊ ဘယ်သူချက်လဲမေးတော့လဲ သူတို့ပဲတဲ့လေ… စားတဲ့သူ ဘယ်သူတွေပါလဲဆိုတော့ အယောက်၂၀လောက်ရှိမယ်တဲ့၊ စားတဲ့သူတွေတော့ တယောက်တချက်စီ ရိုက်ခံရတယ်တဲ့လေ…

မီးလေးသူငယ်ချင်းက အိမ်မှာလည်း လုပ်နေကျမဟုတ်တော့ ဘာမှမလုပ်တတ်ဘူးပေါ့… ဆရာကတံမြက်စည်း လှဲခိုင်းတာ အချိုးမကျလို့ သင်ပေးတယ်တဲ့ သူကလည်း ဆရာသင်ပေးတာကို ကြိုက်တယ်တဲ့… အမှန်က သူသက်သာလို့တဲ့လေ… လှဲခိုင်းပြန်ရင် မဟုတ်ရင် သင်ရင်းနဲ့ အကုန်ပြီးသွားပါရောတဲ့… နောက်ရက်လည်း ထပ်လှဲခိုင်းရော ဆရာ ပြန်သင်ပေးပါဦးလို့ သွားပြောတော့ ဟိုက အကြောင်းသိသွားပြီလေ… ကိုယ့်ဟာကိုယ် ရအောင်လှဲလို့ ပြောသွားတယ်တဲ့… ထမင်းစားချိန်ကျော်တဲ့အချိန်မှာ ဆရာ မုန့်စားခွင့်ရှိ မလားလို့ သွားမေးတော့ မုန့်ဝယ်ကျွေးတယ်တဲ့လေ… နောက်သူတို့ အားလုံးအပြစ်ဆင်ခြင်တဲ့အချိန်မှာ အချိန်ကျော်မှ မုန့်စားလို့ တယောက်တချက်စီရိုက်ပါတယ်တဲ့… သင်တန်းပြီးလို့ ပြန်လာပြီး ၃လလောက်အကြာမှာ သင်တန်းဆရာ အိမ်လာလည်လို့ သူ့အမေက အအေးသွားဝယ်ခိုင်းတာ မတိုက်နိုင်ဘူး ကျွန်တော့ကို သင်တန်းမှာ မုန့်လည်းဝယ်ကျွေးသေးတယ်၊ ရိုက်လည်းရိုက်တယ် ဘာမှ မကျွေးနဲ့လို့ ပြောလိုက်တာ သူ့အမေ ဆရာ့ကို တောင်းပန်လိုက်ရပါလေရောတဲ့…

တလမ်းလုံးစကားတွေများလာပြီး ၂နာရီကျော်လောက်မှာ ကျောက်ဆည်ကို ပြန်ရောက်ပါတယ်… ရန်ကုန်သူပေမဲ့ တုန်းတယ်ဗျာ… တခါမှ မစားဘူးတဲ့ မာလာဟင်းနဲ့ ထမင်းစားပြီး မနက်ဖြန် ဘွဲ့သွားယူရင် ပြင်ဖို့ဆင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ကြပါတယ်… ပြီးတော့ အရမ်းလှတဲ့ သစ်ခွခြံကိုလည်း ရောက်ခဲ့ရပါတယ်… ညပိုင်းရောက်တဲ့အချိန်မှာတော့ မီးဖိုချောင်ထဲ တခါမှ မ၀င်ဘူးတဲ့ မီးလေး လက်စွမ်းပြပါတော့တယ်… အိမ်ရှင်တွေက ကားငှားဖို့၊ ဘာဖို့၊ ညာဖို့ သောကများနေလို့ မီးဖိုချောင်ကို လှည့်မကြည့်နိုင်ပါဘူး… ဘွဲ့သွားယူတာ လိုက်ချင်တဲ့ သူတွေက ၁၅ယောက်လောက်ရှိတော့ ဘွဲ့ယူပြီးရင် မန်းလေးကို လည်ကြမှာဆိုတော့ ၀ယ်စားတာထက် ပျော်ပွဲစားသဘောမျိုးစားကြဖို့ စီစဉ်ရပါတယ်… မီးလေးက ရန်ကုန်က ရခိုင်ခြောက်လေးတွေ ၁ပိဿဝယ်သွားတယ်လေ… အဲငါးခြောက်ကို ငရုတ်သီးအကြမ်းဖတ်နဲ့ ခပ်စပ်စပ်လေးကြော်လိုက်တယ်… အဲနားက ပူတူးဆိုတဲ့ ကောင်လေးက မီးလေးသူငယ်ချင်းအိမ်က ကြက်လေးတွေ မွေးထားတယ်လေ… ဘယ်အချိန်က သတ်လိုက်မှန်းတောင် မသိလိုက်ဘူး ကြက်လာပေးတယ်… မီးဖိုချောင် မ၀င်ဖူးပါဘူးဆိုမှ အခက်ကိုတွေ့ရော ၀ိုင်းကူတဲ့ ကလေးတွေကလည်း မချက်ဘူးတဲ့သူတွေ နောက်တော့ သူငယ်ချင်းတယောက်နဲ့ ပူတူးပဲ ကြက်သား ခုတ်ပေးကြတယ်… ချက်တာတော့ မီးလေးကို ချက်ခိုင်းကြတယ်လေ…

ကိုယ်ကလည်း သိပ်ချက်တတ်တယ်မို့လား… အဲအချိန်မှာ ပြေးသတိရမိတာကတော့ မီးလေးတို့ရဲ့ အိမ်ရှင်မ မမလုလုကိုပါပဲ… တဆက်တည်း ကိုးနတ်ရှင်များရလိုက်ရ ပွဲသိမ်းပီလို့ စိတ်ထဲက ရေရွတ်မိပါတယ်… အဲကြက်ကာလသမီးချက်က ၇နာရီတည်းက တည်ထားတာ ည၁၂နာရီထိုးတဲ့အထိ မနူးသေးဘူးဗျာ… အခက်ကိုတွေ့ရော မနက်ကလည်း ငါးနာရီထရမှာ နောက်မထူးပါဘူး ဒီအတိုင်းသာ ပစ်ထားလိုက်တော့မယ်ဆိုပြီး မီးသွေးတွေထည့်ပြီး အိပ်ယာဝင်လိုက်တယ်… မီးနှစ်ဖိုသုံးလို့ တော်သေးတယ်… ဇာဇာဆိုတဲ့ ကောင်မလေးက စပ်ချဉ်ဟင်းဆိုပြီးချက်ပါတယ်… သူဆီသတ်တဲ့အချိန်မှာ ကြက်သည်းမြစ်တွေနဲ့ အူတွေက ပိုနေတယ် မထူးဘူး ရောချက်လိုက်ဆိုပြီး မီးလေးက နှုတ်နှုတ်စင်းပြီး အိုးထဲပစ်ထည့်လိုက်တယ်… သူက ချဉ်ပေါင်တို့ ငါးပိတို့ ငရုတ်သီးတို့ ထည့်ပြီး ဆူအောင်တည်ထားလိုက်တယ်… လက်စသိမ်းမယ်ဆိုပြီး အိုးတွေဆေးမယ်လုပ်တော့ မီးလေးသူငယ်ချင်းအဖေက သူ့သမီးချဉ်ပေါင် ဟင်းချိုကြိုက်တယ်ဆိုပြီး ချက်ထားတာတဲ့ ဘယ်သူမှမစားဖြစ်တော့ဘူးလေ ဒါနဲ့ မထူးပါဘူးဟာဆိုပြီး ဇာဇာစပ်ချဉ်ဟင်းထဲ ဟင်းချို တအိုးလုံး လောင်းထည့်လိုက်ပါတော့တယ်… မီးလေးတို့ ဟင်းတွေ ကိုယ့်ဘာသာကြည့်ပြီး အကုန်ပြုံးစိပြုံးစိလုပ်နေကြပါတော့တယ်…

မနက်၅နာရီထိုးတော့ မီးလေးထပြီး တအိမ်လုံးကို နှိုးရပါတယ်… အနှိုးရခက်ဆုံးက ဘွဲ့ယူမယ့် သူငယ်ချင်းပါပဲ သူ့နှိုးလိုက်တာ တအိမ်လုံးကို နှိုးပါလေရော… အလှပြင်မယ့်သူက ဇာဇာပါ မီးလေးက အကူပေါ့… ဇာဇာက အလှပြင်ဆိုင်မှာ လုပ်တော့ ပြင်တတ်တယ်… ဆံထုံးတော့ မထုံးတတ်ဘူးတဲ့… မီးလေးတယ်ရင်းကလည်း ဆံပင်တိုတော့ မထုံးတော့ဘူးဆိုပြီး ဒီတိုင်းကို သမလိုက်တာပေါ့… ပြင်ထားတာ အဆင်ပြေတယ်ဆိုပြီး အားလုံးက သဘောကျကြတယ်… မိဘနှစ်ပါးကတော့ ပျော်မဆုံး ပြုံးလို့ပေါ့… မီးလေး အရမ်းအားကျမိပါတယ်… မိရယ်၊ ဖရယ်နဲ့ဘွဲ့ယူခွင့်ရလို့ပေါ့… မီးလေးက ကံကောင်းတဲ့သူ မဟုတ်ပါဘူး… မီးလေး ဘွဲ့ယူမှ မဟုတ်ပါဘူး မူလတန်းမှာ ဆုရတိုင်း မီးလေးအဖေ မလိုက်နိုင်ခဲ့ပါဘူး… မီးလေးအဖေက မီးလေးငယ်ငယ်တည်းက ဆုံးသွားလို့ပါပဲ… ဒါကြောင့် မိစုံဖစုံနေရတဲ့ သူတွေကိုတွေ့ရင် အရမ်းအားကျခဲ့ရပါတယ်… မီးလေးတို့လည်း ၀ဋ်ကြွေးရှိလို့နေမှာပါ… ရတနာသုံးပါးကို ဦးထိပ်ထားတယ်တဲ့အတွက် ၀ဋ်ကြွေးတွေ ရှိနေဦးမယ်ဆိုရင် ဒီဘ၀မှာပဲ အပြီးဆပ်နိုင်ပါစေလို့ ဘုရားမှာ အမြဲဆုတောင်းမိပါတယ်…

ဒီလိုနဲ့ မီးလေးတို့ ကျောက်ဆည်ကနေ မန်းလေးကို ၇နာရီခွဲကျော်ကျော်မှာ ထွက်လာကြပါတယ်… ကားသမားက နောက်ကျနေလို့ ကားကို တလမ်းလုံးအမြန်မောင်းပေးပါတယ်… ကားပေါ်မှာ အားလုံး ၁၇ယောက်ပါတယ်… မန်းဘွဲ့နှင်းသဘင်ရှေ့ကို ၈နာရီခွဲမှာ ရောက်ပါတယ်… မီးလေးသူငယ်ချင်းက မီးလေးကို နှုတ်ခမ်းနီ ပြန်ဆိုးပေးပါဦးလို့ပြောတော့ နှုတ်ခမ်းနီဘူးက ဒါဇင်လိုက်ပါတာဆိုတော့ ဇာဇာကို ဒီအရောင်လားဆိုတော့ သူကလည်း ဟုတ်တယ်တဲ့ ဒါနဲ့မီးလေးလည်း ဆိုးပေးလိုက်တယ်… ဆိုးပြီးပြီးချင်းပဲ အေ ရာင်မှားသွားပြီ ဆိုတာသိလိုက်တယ်… ဒါပေမဲ့ အချိန်က မရတော့ဘူး ထားလိုက်တော့ဆိုပြီး ဒီအတိုင်းပဲ ၀င်ခိုင်းလိုက်တယ်… ကင်မရာပါပြီး ရိုက်ခွင့်မရလို့ မရိုက်ခဲ့ရပါဘူး… ကြုံ မကြုံဖူးပေါင် ကိုယ်ပိုင်ကင်မရာများ လုံးဝယူဆောင်ခွင့်မပြုဆိုပြီး ၀င်းထိပ်မှာ ကပ်ထားတာ… ယူခွင့်ပြုလိုက်ရင် ဓာတ်ပုံဆရာတွေ ထမင်းငတ်မှာဆိုးလို့ထင်ပါရဲ့… ဒီကြားထဲမှာ cream-up ဘူးပါလားဆိုတော့ ကိုယ်ကလည်း မကူညီရရင် မနေနိုင်တဲ့သူ cream-upရိုက်ဖို့မှတ်လို့ ဒိုယူးလေးထုတ်ပေးလိုက်တယ်… ပေးမိကာမှ ငါးပါးမှုတ်ဘူး၊ သံဃာစင်ပါမှောက်လေခြင်း၊ ကျေးဇူးရှင်မမက ပဲပေးပြီး ဗွီဒီယိုရိုက်ဖို့ ငှားတာ နည်းနည်းဟန်ဆိုတော်ရောပေါ့ ဘယ်ပြောင်းလိုက်၊ ညာပြောင်းလိုက်၊ ပြီးပြီလားဆိုတော့ မပြီးသေးဘူး နေရာတောင် ပြောင်းရိုက်သေး။ ကိုယ်ကလည်း သွားချင်နေပြီ အချိန်က ကပ်နေပြီ၊ မီးလေးက ဘွဲ့ယူပြီးသားဆိုတော့ သူတို့ကလည်း ကိုယ့်ပဲအကုန်လွဲထားတယ် ထိုင်ခုံပို ၀ယ်ဖို့လည်း ကိုယ့်ပဲစီစဉ်ခိုင်းထားတော့ ဒုက္ခရောက်ပြီ… ကျန်တဲ့သူတွေမှာထားခဲ့ရအောင်လည်း ဘယ်အမြီးဖမ်းရမှန်းမသိ… ဘွဲ့ရမောင်မယ်တွေ ခန်းမထဲဝင်ဖို့ ခေါ်နေပြီ ပဲမမက မပြီးသေးဘူး… တောင်းပြန်လည်း တွန့်တိုရာကျမယ်… တောင်းရအောင်လည်း အားနာနဲ့… ရွစိရွစိကို ဖြစ်နေရောပဲ…

ပဲမမက ဒါတောင်ပေးချင်ပုံပေါ်ဘူး… ယူပြီးသွားတော့မလို့ အားနာနာနဲ့ပဲ ပြီးရင် ညီမပြန်ယူသွားတော့မယ်နော်ပြောမှ ပြန်ပေးခဲ့တယ်… ကိုယ်က ရန်ကုန်ပဲကျွမ်းတာ၊ သူတို့အထာလည်း မသိတော့ ဟိုမေး၊ ဒီမေးပေါ့ နောက်တော့ ခုံဝယ်ချင်ရင် သူတို့သွားမေးပေးမယ်ဆိုပြီး ဓာတ်ပုံဆရာတယောက်က သွားမေးပေးတယ်… ၀ယ်လို့ရတယ် တစောင်သုံးထောင်တဲ့… ရန်ကုန်မှာက တခုံ၅၀၀တောင် ၀ယ်မဲ့သူ မရှိလို့ နှစ်ထောင်ဖိုး ငါးစောင်အော်ရောင်းနေတာ… မီးလေးတယ်ရင်းကလည်း မီးလေးတို့ သူငယ်ချင်းနှစ်ယောက်ကို လိုက်စေ ချင်တယ်… သူ့အဒေါ်ကလည်း လိုက်ရမယ် သုံးစောင်ဆိုတော့ ကိုးထောင် တော်ပြီ တယ်ရင်း မီးလေးတို့က ကိစ္စမရှိဘူး နင့်အဒေါ်သာ ခေါ်သွားဆိုပြီး တစောင်ဝယ်ပေးလိုက်တယ်… ကားဆရာက ထိုင်စောင့်နေရမယ့်အတူတူ သူတို့ဘွဲ့ယူနေတဲ့အချိန် မန်းတောင်နဲ့ တိရစ္ဆာန်ဥယျာဉ်လိုက်ပို့ပေးမယ် ၁၁နာရီခွဲအမီ ပြန်လာမယ်လို့ပြောပါတယ်… ဒါနဲ့ မီးလေးတို့တွေ ခြေစင်္ကြာ လှည့်ခဲ့ကြပါတော့တယ်…

No comments: