Pages

Monday, July 7, 2008

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၅

နေ့လည် ၁၁း၃၀နာရီမှာ ကျောက်ဆည်မြို့ကို ရောက်ပါတယ်။ နောက်နေ့ညနေမှာတော့ ရွှေသာ လျောင်းတောင် တက်ဖို့ပြင်ဆင်ကြပါတယ်။ ဓာတ်ပုံရိုက်ဖို့ ခရီးဆောင်အိတ်ထဲ ကင်မရာရှာစဉ်မှာတော့ ဘယ်မှာမှ ရှာမတွေ့ဘူး။ သေချာပြန်စဉ်းစားကြည့်တယ် ဘယ်လိုမှအဖြေမထွက်ဘူး သွားပြီ ကားပေါ်မှာ အနှိုက်ခံရပြီဆိုတာ သိလိုက်တယ်။ အိတ်က ကိုယ်နဲ့အတူလည်း မရှိဘူးလေ။ စာရေးသူ ခရီးဆောင်အိတ်က လော့နဲ့ဆိုတော့ လော့နံပါတ် သုံးလုံးလုံး သုညတွေဖြစ်နေတာကို မနေ့က အိတ်ဖွင့်တော့သိပေမဲ့ ဘာလို့ သုညတွေချဉ်း ဖြစ်နေတာပါလိမ့်ဆိုပြီး အမှုမဲ့ အမှတ်မဲ့ ထားလိုက်မိတယ်။ ကင်မရာကို ဘေးအိတ်ထဲမှာပဲ ထည့်ထားတာဆိုတော့ အလွယ်တကူ နှိုက်သွားတယ်ထင်တယ်။ နှမြောလိုက်တာ မပြောပါနဲ့တော့ တခါမှလည်း ပစ္စည်းအဲလို မပျောက်ဘူးတော့ အတော်လေးလည်း ခံစားရတယ်။ ပိုဆိုးတာက သွားထားတဲ့ ပုံတွေ ရိုက်ထားတာ ပါသွားလို့လည်း နှမြောမိတယ်။ အားရပါးရ အော်ငိုပစ်ချင်စိတ်ပေါက် လာတယ်။

စာရေးသူတို့လည်း ကားဂိတ်တွေသွားပြီး ကားနံပါတ်နဲ့ သွားစုံစမ်းတယ်။ ဂိတ်တွေ အများကြီးရှိလို့ ဘယ်ဂိတ်ကမှန်းလည်း မသိ။ ဆင်ခေါင်းကားဂိတ်က မနက်စောစောမှာ မန်းလေးက တက်လာတဲ့ ကားရော၊ ကျောက်ဆည်က ထွက်တဲ့ကားရော စုံလို့ အဲချိန်စောင့်ကြည့်ဖို့ ပြောပါတယ်။ စာရေးသူကလည်း မနက်ဆို သာစည်ဆက်သွားတော့မှာ။ သူတို့ပြောပုံအရတော့ ကားပေါ်ကဆင်းဆင်းချင်းမှာ ပစ္စည်းစစ်ရတယ်။ အဲ့အချိန် ပျောက်ရင် သူတို့တာဝန်မို့ ပြန်လျော်ပေးတယ်။ နောက်ပိုင်းမှဆိုရင်တော့ တာဝန်မယူဘူး ပြောတယ်။ စာရေးသူ လိုချင်တာ တာဝန်ယူတယ် မယူဘူးဆိုတာထက် ကိုယ့်ကင်မရာပဲ ပြန်လိုချင်တာပါ။ ကားသမား ပြန်လျော်ပေးတာလည်း မလိုချင်ပါဘူး။ သူတို့တာဝန်ပဲ ဆိုပေမဲ့ စိတ်ချလက်ချထားမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါတယ်။ ခရီးသွားတာလည်း ခုလိုလည်း သွားဖူးတာ မဟုတ်တော့ ခုလို ပစ္စည်းပျောက်လိမ့်မယ် ဆိုတာလည်း မထင်ထားခဲ့ပါဘူး။
ကံကောင်းတာက သော့ဖွင့်မရသွားတာပါပဲ ခရီးဆောင်အိတ်ထဲမှာ နောက်ခရီးတွေသုံးဖို့ ပိုက်ဆံတွေပါတာမို့ အဲဒါတွေသာ ပါသွားရင် စာရေးသူ ရန်ကုန်တောင် ပြန်ရောက်ပါ့မလား မသိပါဘူး။ သူငယ်ချင်းအိမ်ကလည်း သူတို့ဆီလာရင်း ဖြစ်တာဆိုတော့ စိတ်မကောင်းကြဘူး။ ဒီလိုဖြစ်နေလို့လည်း မပြီးသေးဘူး စာရေးသူအမေက ခရီးထွက်ဖို့ ခဲယဉ်းလို့ တောင်ပေါ်လိုက်ပို့ ပေးရဦးမယ်လေ။ လမ်းဆုံးတာနဲ့အတူ ကင်မရာပေါ်မှာ စိတ်အစွဲအလန်းဖြစ်နေရင် ယူသွားတဲ့သူလည်း အပြစ်လွတ်နိုင်မှာ မဟုတ်ဘူးလေ။ ကိုယ့်အစွဲမပျောက်သ၍ သူလည်းခံနေရမှာမို့ စိတ်ကို ပိုင်းဖြတ်လိုက် ပါတယ်။ နိဗ္ဗန္န ပစ္စယော ဟောတုလို့ပဲ သတ်မှတ်လိုက်ပါတယ်။ တောင်တက်ရတာ ပျော်စရာကောင်းပါတယ်။ လှေကားထစ်တွေပေါ် ပြေးတက်လိုက်ကြ၊ မောလာရင် နားကြနဲ့ ပင်ပန်းတယ်လို့ မရှိပါဘူး။ တောင်ပေါ်က လေးမျက်နှာ ဘုရားမှာ ကင်မရာယူသွားတဲ့သူကို စာရေးသူ စိတ်ဆင်းရဲရသလို သူတို့ဘ၀တလျှောက်မှာ မကြုံရပါစေနဲ့လို့ ဆုတောင်းပေးရင်း ရေစက်ချလိုက်ပါတယ်။

မနက်ဖြန်သာစည်သွားဖို့အတွက် ပြင်ဆင်ရပါတယ်။ နောက်နေ့မနက် ၆း၃၀မှာ ကျောက်ဆည်ဘူတာရုံကို ထွက်လာခဲ့ကြပါတယ်။ သာစည်ကို လက်မှတ်နှစ်စောင်ဝယ်ပါတယ်။ ရန်ကုန်ထိတောင် ခုံမဲ့ပဲရလို့ စာရေးသူ တို့လည်း ခုံမဲ့ပဲ ရပါတယ်။ ရထားလာတယ်ဆိုရင်ပဲ တက်ရမဲ့အပေါက်ကို ပြေးရှာရပါတယ်။ နောက်ဆုံး ရိုးရိုးတန်း တံခါးတွေ ပိတ်ထားလို့ အထူးတန်းပေါက်က အတင်းတက်ကြရပါတယ်။ စာရေးသူတို့ လိုက်ပို့ ပေးတဲ့ ကောင်လေးတွေက ရထားပေါ်ထိ အိတ်တွေလိုက်ပို့ပေးလို့ လူပဲ တိုးတက်ရုံပါပဲ။ သူတို့ကိုလည်း ကျေးဇူးတင်မိပါတယ်။ ရထားပေါ်မှာ ခြေချစရာ နေရာတောင် အတော်ရှာရပါတယ်။

ဒီလိုနဲ့ပဲ ၉း၃၀မှာ သာစည်ဘူတာကို ဆိုက်ရောက်ခဲ့ပါတယ်။ ရထားပေါ်က ဆင်းမယ်ဆိုရင်ပဲ မန်းလေးက အကိုလာကြိုတာကို တွေ့ပါတယ်။ လာကြိုတဲ့သူရှိတော့ နည်းနည်းသက်သာတာပေါ့။ မန်းလေးက မမနဲ့ ကိုကြီးတို့ သားအမိ သုံးယောက်နဲ့ မမကလေး နှစ်ယောက်က မနေ့တည်းက သာစည်ရောက်နေကြတယ်လို့ သိရပါတယ်။ ခဏနား ရေမိုးချိုး ထမင်းစားပြီး အနားယူကြပါတယ်။ မနက်ဖြန် ရွှေညောင်သွားဖို့အတွက် ပြင်ဆင်ရပါတယ်။ မနက်၅နာရီခွဲမှာတော့ သာစည်-ရွှေညောင်ရထားနဲ့ ရွှေညောင်ကို ထွက်လာခဲ့ကြပါတယ်။ တောင်ပေါ်မြို့အလှကို ရထားပေါ်က ခံစားရတာ အရမ်းကို စိတ်ချမ်းသာခဲ့ပါတယ်။ စာရေးသူမှာ ကင်မရာရှိရင် တဖျပ်ဖျပ်နဲ့ ရိုက်နေရမှာ အမှန်ပဲ ဘလော့ဂ်အိမ်လေးမှာ ဓာတ်ပုံတွေ သူငယ်ချင်းတွေနဲ့ မျှဝေခံစားမယ်ဆိုတဲ့ စိတ်ကူးလေးလဲ ပျက်ခဲ့ရပြီပေါ့။

No comments: