Pages

Monday, July 7, 2008

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၎

နှစ်ဆန်းတရက်နေ့

ဒီနေ့မှာတော့ မနက်ပိုင်းမှာ မုန့်လုံးရေပေါ်လုပ်ပြီး အိမ်နီးနားချင်းတွေဝေပြီး နေ့လည်ပိုင်းမှာ စစ်ကိုင်းဘက်ကို ဘုရားဖူးထွက်ခဲ့ကြပါတယ်။ မန်းနဲ့စစ်ကိုင်းကြား မန်းလေးအထွက်နားမှာ စစ်ကိုင်းတောင်ပေါ်မှ ဘုရားအဆူပေါင်းများစွာတို့သည် အလွန်သပ္ပါယ်လှပါတယ်။ ရတနာပုံ တံတားသစ်ကနေ ဖြတ်ပြီး စစ်ကိုင်းတောင်ကို တက်လာတယ်ဆိုရင်ပဲ ဘုရားရိပ် တရားရိပ်နဲ့ အေးချမ်းတဲ့အရသာကို ခံစားခဲ့ရပါတယ်။ အသက်ကြီးလာရင် စစ်ကိုင်းချောင်ကို သွားလို့ပြောနေကြတဲ့ စကားလေးကိုလည်း သွားအမှတ်ရမိပါတယ်။ တောင်ပေါ်ကကြည့်ရင် စိမ်းလန်းစိုပြည်နေတဲ့ သစ်ပင်များ၊ စေတီပုတိုးတွေကို တွေ့ရပါတယ်။

ဥမင်သုံးဆယ်ဘုရား သွားရောက် ဖူးမြော်ခဲ့ကြပါတယ်။ ဘုရားပေါ်ကနေ အဆင်းမှာတော့ တောင်ပေါ် တက်လာတဲ့ ဟိုင်းလက်ကား တဆင်း ကားအင်ဂျင်ပိုင်း မီးလောင်နေလို့ ၀ရုန်းသုံးကား ဆင်းပြေးလာတဲ့ ဘုရားဖူးများကိုတွေ့ရပြီး ဆိုင်းခန်းတွေက ရေ၀ိုင်းပေးကြ ရေ၀ိုင်းသတ်ကြနဲ့ ခဏနဲ့ငြိမ်းသွားပါတယ်။ ဥမင် သုံးဆယ်ဘုရားကနေတဆင့် ဆွမ်းဦး ပုညရှင်ဘုရားကို သွားရောက်ဖူးမြော်ခဲ့ကြပါတယ်။ ထိုမှတဆင့် ကောင်းမှုတော်ဘုရားကို သွားခဲ့ကြပါတယ်။ ကောင်းမှုတော်ဘုရား ရင်ပြင်တော် ပတ်ပတ်လည်မှာရှိတဲ့ ဆိုင်ခန်းတွေကိုလည်း window shopping, eye shoppingလုပ်ရင်း သနပ်ခါးအစစ် မရနိုင်တဲ့ ရန်ကုန်အတွက် အရေးကြီးဆုံးက သနပ်ခါးတုံးတွေကို အလေးခံပြီး ၀ယ်ခဲ့ကြပါတယ်။ ညနေသုံးနာရီလောက်မှာ မန်းလေးကို ပြန်လာခဲ့ကြပါတယ်။
အိမ်ရောက်တယ်ဆိုရင်ပဲ ခဏနားပြီး မနက်ဖြန် ခရီးဆက်ဖို့ ပစ္စည်းတွေ သိမ်းဆည်းရပါတယ်။ စာရေးသူ အမေက မန်လေးဖိနပ်လိုချင်တယ်ဆိုလို့ မမနဲ့ ဖိနပ်ဆိုင်ကို ထွက်လာခဲ့ပါတယ်။ နှစ်ဆန်းတရက်နေ့ ဆိုင်တွေ ပိတ်တယ်ဆိုလို့ မ၀ယ်ဖြစ်ခဲ့ပါဘူး။ အိပ်ယာထဲ စောစောဝင်ပြီး အနားယူလိုက်ပါတယ်။ မနက်၆နာရီခွဲမှာ အိပ်ယာထပြီး ရေမိုးချိုးပြင်ဆင်ပြီး ၉နာရီလောက်မှာ ကားဂိတ်ကိုထွက်ခဲ့ကြပါတယ်။ ကားမောင်းတဲ့သူက ထမင်းအိမ်ပြန်စားလိုက်ဦးမယ် ပြန်လာရင် ကားထွက်မယ် ပြောပြီး ပြန်သွားလေရဲ့။ ကားခနှုန်းထားကပ်ထားတာကို ကြည့်လိုက်တယ်။ ၁၀နာရီထိုးခါနီးမှာ ကားထွက်ပါတယ်။

စပါယ်ယာက ကားခတောင်းပါတယ် စာရေးသူလည်း သူတို့တောင်းတဲ့အတိုင်းပဲ ပေးလိုက်ပါတယ်။ ကားပေါ်မှာ မကျေနပ်တဲ့အသံတွေ တယောက်တပေါက် ပြောကြပါတယ်။ ရှင်တို့တွေ မတရားတောင်းတယ်၊ ဟိုမှာကပ်ထားတော့တမျိုး နင်တို့တောင်းနေတာ တမျိုး၊ ဒီလမ်းနဲ့ ဒီလမ်း သွားနေကြ။ စပါယ်ယာက ပြောလိုက်ပုံကလည်း ရိုက်ပေါက်လေ၊ မင်းတို့တွေနော် ဒီလောက်မှမရလျှင် မလိုက်နဲ့လို့ အခြားကားတွေကို အော်ပြောလိုက်ပြီး ခရီးသည်တွေကိုလည်း မကျေနပ်ရင် မစီးနဲ့ပြောပါတယ်။ ဒီထပ်ပိုဆိုးတာက အသက် ၇၀ကျော် ၈၀နီးပါးရှိတဲ့ အဘွားတယောက်နဲ့ မြေးတယောက် တက်လာပါတယ်။ ခုံတွေလွတ်နေလို့ ကလေးက ထိုင်ခုံမှာ ထိုင်ပါတယ်။ စပါယ်ယာက ကလေးကို ပေါင်ပေါ်တင်ထိုင်နော် မထိုင်ရင် နှစ်ယောက်စာ ပေးရမယ်။ လူမရှိလို့ထိုင်တာ လူလာရင် ဖယ်ပေးမယ်လို့ အဘွားက ပြန်ပြောလိုက်ပါတယ်။ နောက်ကားခ တောင်းပါတယ် အဘွားက နီးနီးလေးကို ဒီလောက်မပေးနိုင်ဘူး နင်တို့တွေ မတရားမတောင်းနဲ့ သွားနေကျ သုံးရာပဲ… ဒါဆိုရတယ် နှစ်ယောက်စာပေးတဲ့။ အဘွားက ကလေးကို ပေါင်ပေါ်တင်မယ်လို့ ပြောလိုက်တယ်။ ပေါင်ပေါ် တင်လည်း ၅၀၀ပဲ မကျေနပ်ရင် မစီးနဲ့ ဆင်းသွားလို့ရတယ်လို့ ပြောပါတယ်။ အဘွားကလည်း ပိုမပေးဘူး ပြောပါတယ်။ တိုင်ချင်ရာတိုင် ဂိတ်က သတ်မှတ်ထားတဲ့ဈေးလို့ပြောပါတယ်။ အဲဒါမှမပေးရင် ခုဆင်းဆိုပြီး ရှေ့မှတ်တိုင် ကားရပ်နေစဉ်မှာ ဆင်းခိုင်းပါတယ်။ အဘွားလည်း မြေးခေါ်ပြီး ဆင်းသွားပါတယ်။

စာရေးသူ ထိုမြင်ကွင်းကို လုံးဝမကြည့်ရက်ပါဘူး။ ဒါပေမယ့် စပါယ်ယာပါးစပ်ဆိုတာ သိတဲ့အတိုင်း သူတို့နဲ့ ဖြစ်နိုင်ရင် စကားမပြောတာ အကြောင်းဆုံးလေ။ ထိုစပါယ်ယာမှာ မိခင်ရှိမယ်ဆိုရင်တောင် သူ့အမေ အရွယ်လောက် ရှိတာကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာကို စာရေးသူ မကြိုက်ပါဘူး။ ရန်ကုန်မှာဆို ဂိတ်တွေကလည်း ဈေးနှုန်းပြောင်းတယ်ဆိုရင် ချက်ချင်းကားထဲမှာ ရေးထားတဲ့ ဈေးနှုန်းကို ပြောင်းကြပါတယ်။ ဈေးနှုန်းကို ရေးထားတဲ့ဈေးနှုန်းထက် ပိုတောင်းခဲ့ရင် ကျေနပ်မှုမရှိက တိုင်ကြားရန်ဆိုတဲ့ ဖုန်းနံပါတ်ကနေ လှမ်းတိုင်နိုင်သလို အရေးယူပေးပါတယ်။ စာရေးသူ စဉ်းစားမိတာက တိုင်မဲ့သူမရှိလို့ ဒီလိုဖြစ်နေတာလား၊ တကယ်ပဲ ဂိတ်က ဈေးနှုန်းပြောင်းပြီး ကားထဲမှာရေးထားတဲ့ ဈေးနှုန်းတွေ မပြောင်းပေးသေးတာလား၊ ဒါမှမဟုတ် စပါယ်ယာတွေကပဲ အလွှဲသုံးစားလုပ်နေတာလား၊ ကျေနပ်မှုမရှိက တိုင်ကြားရန်ဆိုတဲ့ ဖုန်းကို မန်းလေးကလူတွေအတွက် ဖုန်းဆက်ပြီး လှမ်းတိုင်ရမလားဆိုပြီး စဉ်းစားမိပါသေးတယ်။ နောက်တော့ သူ့နယ်မြေအထာမသိလို့ ဒီအတိုင်းပဲ အသာနေလိုက်ပါတယ်။ တိုင်မယ့် ပြောမယ့်သူမရှိရင် မန်းလေးမှာ လိုင်းကားစီးပြီး သွားလာလှုပ်ရှားရတဲ့ သူတွေ ဒီဒုက္ခကို အမြဲရင်ဆိုင်နေကြရမှာပါ။

စာရေးသူတို့လည်း စာကြည့်တိုက်မှာဆင်းလိုက်ပြီး ကျောက်ဆည်-မန်းလေးကားကို စောင့်နေလိုက်ပါတယ်။ အထုပ်အပိုးတွေနဲ့ စောင့်နေတာကို မြင်တာနဲ့တင် ကွေ့လာတဲ့ကားတစီးက ရပ်ပြီး လိုက်မှာမလားဆိုပြီး အထုပ်တွေ ဆွဲတင်ပါတော့တယ်။ နေရာကြည့်တော့ ထိုင်စရာမရှိ ကားကပြည့်နေပြီ၊ ခေါင်းခန်းမှာ တနေရာ ရှိတယ်ဆိုပြီး စာရေးသူအမေကို ခေါ်သွားပါတယ်။ စာရေးသူကို နေရာလုပ်ပေးမယ်ဆို တက်ခိုင်းပြီး ကားက မောင်းထွက်သွားပါတယ်။ ဟိုက်… ရှာလပတ်ရည် စာရေးသူကား တွယ်စီးနေရပါတယ်။ တခါမှလည်း အဲလို စီးဖူးတာ မဟုတ်တော့ အတော်ကြောက်မိပါတယ်။ မျက်စိမှိတ်ပြီး လိုက်လာခဲ့တယ်။ မန်းလေးကားကြီး ၀န်းနားမှာ ကားရပ်တော့ ကားစပါယ်ယာက ထိုင်ခုံလာပေးပါတယ်။ လာပေးပေမဲ့ ခုံက ထားစရာနေရာမရှိတော့ နောက်ဖုံးဖွင့်ထားတဲ့ပေါ်မှာ ခုံတင်ပြီး ထိုင်စီးရပေမဲ့ ပြုတ်ကျမှာစိုးလို့ မှီရာဆွဲကိုင်ထားရပါတယ်။

No comments: