Pages

Sunday, June 15, 2008

သံသရာ

“အူဝဲ…အူဝဲ”
လူ့လောကထဲကို ခေတ္တတဖြုတ်ရောက်ချိန်
ဖေဖေ၊ မေမေတို့ရဲ့ အိမ့်ဆည်းလည်းလေးဖြစ်ခဲ့တဲ့ ကျွန်တော်
ဘိုးဘိုး၊ ဘွားဘွားတို့ရဲ့ အသည်းကျော် ကျွန်တော်…

တဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့
ဥယျာဉ်မှူးနဲ့တူတဲ့ ဖေဖေ
ရေလောင်းပေါင်းသင်း ပြုစုရှာ
အိမ်မှုကိစ္စတွေကြား မငြီးငြူရှာ
အရိပ်တကြည့်ကြည့်နဲ့ မေမေပါ…

ထူးချွန်ထက်မြက် သားသမီးအနာဂတ်
မိဘနှစ်ဖြာရဲ့ အိပ်မက်
လူတကာထက် သာဖို့အရေး
အလုံးစုံကို ထောက်ပံ့ပေး…

ဤလောက၀ယ်
ကြီးမားမေတ္တာတုမမီတာ မာတာပီတု မိဘပါ
ကျွန်တော့်ဘ၀မှာ ပထမဆုံး
ဖေဖေ၊ မေမေ အချစ်ရဆုံး…
ပညာစုံခါ အတောင်ပေါက်လာ
ချစ်ရမဲ့သူ တွေ့သောအခါ
မိဘတားမြစ်သည်ကား အလေးအနက်မထား
ဆင်ကန်းတောတိုး မျက်ကန်းပါ…

မိဘစကား မြူမှုန်အလား
နားမထောင်ခဲ့တဲ့ သားမိုက်ဟာ
မိဘတို့ကို စွန့်ခွာ ထွက်ပြေးကာ
ကိုယ့်အိုးကိုယ့်အိမ် တည်ထောင်ခဲ့တဲ့ ကျွန်တော်…

ကျွန်တော့် ဘ၀မှာ ဇနီးသည်သာ ပထမ
မိဘတို့သည် ဒုတိယ
သားရလာသောအခါ ကျွန်တော့်မှာ
သားသည်သာ ပထမ…

ခုချိန်မှာ ကျွန်တော့ အားလုံးကို နားလည်ခဲ့ပါပြီ ဖေဖေနဲ့ မေမေ
ကလေးဘ၀မှာသာ ဖေဖေ၊ မေမေက အရေးကြီးဆုံးဖြစ်ပေမဲ့
အိမ်ထောင်ကျလာတဲ့အခါ အလိုလို နေရာရွေ့ခံခဲ့ရတာ ဖေဖေနဲ့ မေမေပါ
သားသမီးတို့ရသောအခါ ဖေဖေ၊ မေမေက နောက်ဆုံးနေရာ…

ကျွန်တော်လည်း မကြာခင်ဝဋ်လည်တော့မှာပါ
ဖေဖေ၊ မေမေတို့ ရောက်နေတဲ့ နောက်ဆုံးနေရာ
ကျွန်တော်လည်း မကြာခင် ရောက်ရတော့မှာပါ
အဲဒီ့နေရာအတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ရတော့မယ်ဗျာ….

1 comment:

FunFlakes said...

အရမ်းလက်တွေ့ကျ မှန်ကန်ပြီင်္း လူတိုင်းသံဝေဂ ရစရာပါ။ ကောင်းပါတယ်.. စိတ်နှလုံးကို ထိရောက်ရိုက်ခတ်စေပါတယ်..