Pages

Tuesday, June 10, 2008

မီးလေး ခရီးသွားမှတ်တမ်း - ၃

ပထမဆုံး မန်းဘွဲ့နှင်းသဘင်ကနေ မန်းလေးတောင်ကို ကားနဲ့တက်ခဲ့ကြပါတယ်… လမ်းတလျှောက် အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခိုဆိုတဲ့ စကားပုံကိုလည်း နားထဲပြန်လည် ကြားယောင်နေမိပါတယ်… တောင်ပေါ်ရောက်တော့ ဓာတ်လှေခါး မီးပျက်လို့မရပါဘူးတဲ့… ဒါနဲ့ လမ်းလျှောက်တက်ခဲ့ကြပါတယ်… ၃မိနစ်အမြန်ဆိုတဲ့ ဓာတ်ပုံဆရာတွေကလည်း တန်းစီလို့နေပါတယ်… ရင်ပြင်တော်ပေါ်ကို ဈေးတန်းတွေက ဖြတ်သွားရပါတယ်… ဆရာကြီး မင်းသိင်္ခ ကပ်ကင်းရိုက် ပေးထားတာပြောတဲ့ အုန်းသီးနဲ့လုပ်ထားတဲ့ မျောက်ရုပ်၊ ဘဲရုပ်လေးတွေကို ရောင်းနေတာတွေ့ ရပါတယ်… စာရေးသူရဲ့ ဂဏှာမငြိမ်နိုင်တဲ့လက်က အလိုအလျောက် ကင်မရာဆီရောက်သွားပြီး ဓာတ်ပုံတွေရိုက်ယူလာခဲ့ပါတယ်… သွားတဲ့သူ ဆယ်ယောက်မှာ ခရစ်ယာန်တွေများတော့ ရင်ပြင်တော်ပေါ် ဘုရားတက်ရှိခိုးဖို့ အရိပ်အယောင်တောင် မတွေ့ရပါဘူး… စာရေးသူလည်း ဗုဒ္ဓဘာသာထင်တဲ့ ကောင်လေးတယောက်ကို နင်ဘာသာလည်းလို့ မေးလိုက်ပါတယ်… အဆင်ပြေချင်တော့ သူလည်း ဗုဒ္ဓဘာသာဖြစ်လို့ အဖော်ရသွားတယ်… နောက်တော့မှ သေချာသိရတာက စာရေးသူရယ် ဂျီတီစီတက်နေတဲ့ ကောင်လေးနှစ်ယောက်ရယ်ပဲ ဗုဒ္ဓဘာသာပါမှန်းသိတယ်… ဘုရားရှိခိုးပြီးချိန်မှာတော့ ကျန်တဲ့သူတွေ ရင်ပြင်တော်ပေါ်တက်လာပြီး ဓာတ်ပုံတွေ အမှတ်တရရိုက်ခဲ့ကြပါတယ်… ဆယ်နာရီခွဲလောက်မှာ မန်းလေးတောင်ပေါ်က ပြန်ဆင်းခဲ့ကြပါတယ်…

မန်းတိရစ္ဆာန်ဥယျာဉ်ကို လာခဲ့ကြပါတယ်… ၀င်းပေါက်က ၀င်ဝင်ချင်းမှာ လှောင်အိမ်ထဲကနေ အစာလှမ်းတောင်းနေတဲ့ ၀က်ဝံလေးတွေကို တွေ့ရပါတယ်… မန်းတိရစ္ဆာန်ဥယျာဉ်မှာ ရန်ကုန်ကလောက် လူသွားလူလာသိပ်ရှိပုံမရပါဘူး… သိပ်မရှိလို့လည်း လူမြင်တာနဲ့ သနားစရာဟန်နဲ့ ကြည့်နေတဲ့ ၀က်ဝံလေးတွေကို သနားမိပါတယ်… လာတဲ့သူတွေကလည်း သားပိုက်ကောင်တွေလောက်ပဲ လာကြတာဆိုတော့ ကလေးသူငယ်ဆိုတာ သိပ်မတွေ့ရပါဘူး… ၀န်းထဲမှာ စာရေးသူတို့ အုပ်စုပဲရှိသလားထင်ရလောက်အောင် လူသိပ်မရှိပါဘူး… တိရစ္ဆာန်တွေဟာ သူတို့ဆီ လာကြည့်တဲ့ သူများမှ အစာကျွေးတဲ့သူ ပေါနိုင်တာမဟုတ်ပါလား… သူတို့လေးတွေကိုကြည့်ရင်း တိရစ္ဆာန်ချင်းတူတာတောင် ဘ၀ပေးအခြေအနေမတူတဲ့ သူတို့လေး တွေကို သနားမိပါတယ်… ရင်ထဲမှာလည်း တမျိုးခံစားရပါတယ်… စာရေးသူလည်း ရှေ့မှာ အစာရောင်းနေတဲ့ ဈေးသည်ဆီက ၀က်ဝံအစာ ကြည့်လိုက်ပါတယ်… ငလက်မ လက်တဆုပ်တောင် မရှိတဲ့ ပလူမွေး ပလူတောင် ကန်စွန်းရွက်စည်း သုံးစည်း ထည့်ထားတဲ့ခြင်းလေး… ဘယ်လောက်လဲ မေးတော့ တစ်ထောင်တဲ့ ဈေးမှာဝယ်ရင်တောင် အများကြီးရမှာ… မိန်းမတို့ထုံးစံအတိုင်း အကုန်ယူမယ် မလျော့တော့ဘူးလား မေးတော့ သူတို့ဆိုင်ခုံကပေးရလို့ပါတဲ့… တခါတလေ၀ယ်မယ့်သူ မရှိရင် မရောင်းရတဲ့နေတွေတောင်ရှိတယ်တဲ့… စာရေးသူလည်း မစစ်တော့ဘဲ အကုန်ဝယ်လိုက်ပါတယ်… ၀က်ဝံလေးတွေကျွေးတဲ့အခါမှာ ၀မ်းသာပီတိဖြစ်လွန်းလို့ မျက်ရည်များတောင် လည်လာမိပါတယ်… အလုအယက်ယူစား လိုက်ကြတာ တခြားလှောင်အိမ်တွေကပါ ၀ိုင်းတောင်းလို့ အကောင်စေ့အောင်ကျွေးလိုက်ရပေမယ့် သူတို့လေးတွေ မ၀ဘူးဆိုတာသိလို့ စိတ်မကောင်း များစွာဖြစ်ခဲ့ရပါတယ်… တိရစ္ဆာန်တွေ ကြည့်ရတာ စိတ်ထဲမကောင်းလို့ မကြည့်တော့ဘဲ ကျောက်ပုံတွေနားကို သွားပြီး ဓာတ်ပုံတွေရိုက်ကြပါတယ်… ပြီးတော့ ကစားကွင်းဘက်ကို သွားမယ်ဆိုပြီး ပတ်သွားလိုက်တာ တိရစ္ဆာန်ဥယျာဉ်ထဲမှာ လည်ပြီး လမ်းပျောက်သွားလို့ ရေခဲထုပ်ရောင်းတဲ့ ကလေးတွေကို လမ်းမေးပြီးသွားကြပါတယ်… ရေကန်ကို ဖြတ်ထားတဲ့ ကြိုးတံတားတခုကို ဖြတ်ခဲ့ကြပါတယ်… လှုပ်စိလှုပ်စိနဲ့ အသည်းယားစရာ ကောင်းတဲ့ ကြိုးတံတားပေါ်မှာ တယောက်နဲ့တယောက်စရင်း ကြောက်ကြောက်နဲ့ ဖြတ်ခဲ့ရပါတယ်… ၁၂နာရီထိုးတော့မှာဖြစ်လို့ တိရစ္ဆာန်ဥယျာဉ် ကနေ ပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်… ဘွဲ့နှင်းသဘင်ရှေ့ရောက်တဲ့အခါ လူတွေရှင်းကုန်ပြီ… အအေးဆိုင်မှာ ထိုင်စောင့်နေတဲ့ သူငယ်ချင်းကိုခေါ်ပြီး ၀တ်စုံပြန်အပ်ဖို့ စီစဉ်ရပါတယ်… ပြီးတဲ့အချိန်မှာတော့ မန်းလေး မြို့တော်ဥယျာဉ်ကို သွားပြီး ထမင်းစားကြပါတယ်… လူတွေအားလုံးစုမိတဲ့အချိန်မှာ ၁၇ယောက်လောက်မို့ ထမင်းဝိုင်းလေးဟာ စိုပြည်ပြီး အရမ်းပျော်စရာကောင်းခဲ့ပါတယ်… ထမင်းစားပြီးတဲ့အချိန်မှာ ရေလွှာမိချောင်းစီးကြပါတယ်… ပြီးတော့ တိုက်ကားလည်း ပြိုင်မောင်းကြတယ်…

စာရေးသူသယ်ရင်းအဖေက အပြင်ထွက်ခဲလို့ သရဲအိမ်သွားဖူးတယ်ရှိအောင် သွားခိုင်းတယ်လေ… သရဲအိမ်ထဲမှာ အော်ဟစ်သံတွေ ဒုန်းဒိုင်းအသံတွေ ကြားနေရတယ်… စာရေးသူတို့လည်း ထွက်ပေါက်နားကနေ စောင့်နေလိုက်တယ်… တဒုန်းဒုန်းနဲ့ပြေးလာတဲ့ သူတို့ကိုကြည့်ပြီး စာရေးသူတို့ ရီလိုက်ရတာ သေးတောင်ထွက်တယ်… သူငယ်ချင်းအဒေါ်က ထမီကျွတ်ပြီး လက်တဖက်ကကိုင်ထားပြီး ရှေ့ဆုံးက ပြေးဆင်းလာတယ်… နောက်ကနေ ၀ရုန်းသုန်းကားနဲ့ ပြေးဆင်းလာတဲ့သူတွေ နောက်ဆုံးမှာတော့ သူငယ်ချင်းရဲ့အဖေက မောကြီးပန်းကြီးနဲ့ စကားတောင် မပြောနိုင်ဘူး ပြေးဆင်းလာတယ်… နောက်မေးကြည့်တော့မှ လူငယ်တွေကကြောက်လို့ လူကြီးကို နောက်ဆုံးမှာ ထားတယ်တဲ့လေ… အနောက်က ဂေါ်ပြားကြီးနဲ့ သရဲလိုက်လာလို့ ရှေ့ကိုအမြန်သွားကြတာ ဖြစ်ချင်တော့ သူငယ်ချင်းအဖေက အင်္ကျီအဖြူဝတ်ထားတယ်လေ… ရှေ့က ကောင်လေးကို စောင့်ပါဦးဆိုပြီး ပြောတာ သရဲမှတ်လို့ နောက်ကဆွဲလာတဲ့လက်ကို ပုတ်ထုတ်ပြီး ထွက်ပြေးတယ်တဲ့လေ… အဲဒါနောက်မှာ ပက်လက်လှန်လဲပြီး ဂေါ်ပြားနဲ့ အရိုက်ခံခဲ့ရတယ်… နာတော့မနာပေမဲ့ ကြောက်တော့ကြောက်တယ်တဲ့လေ… တကိုယ်လုံးလည်း ချွေးတွေရွဲပြီး စကားတောင် သိပ်မပြောနိုင်ဘူး… အပြင်မှာကျန်တဲ့သူတွေက သူတို့ပြောတာတွေနားထောင်ပြီး သွားလည်းသွားချင် ကြောက်လည်းကြောက်ဖြစ်နေလို့ စာရေးသူကို အဖော်စပ်တယ်… မလိုက်ရဲဘူးလို့ စာရေးသူလည်း ငြင်းလိုက်တယ်… သယ်ရင်းအမေက သူလိုက်မယ်ပြောတယ် မိန်းကလေးနှစ်ယောက်တည်းလည်း မဖြစ်ပြန်ဘူးလေ… ဒါနဲ့စာရေးသူလည်း လိုက်ပေးမယ် ဒါပေမယ့် မသွားရသေးတဲ့ ယောက်ျားလေးတွေ လိုက်ခဲ့ပေးပြောတော့ လိုက်ပေးမယ်ပြောကြပါတယ်… ဒါနဲ့ရှေ့ဆုံးက ယောက်ျားလေးတယောက်၊ နောက်က စာရေးသူ၊ စာရေးသူနောက်က မိဇာ၊ မိဇာနောက်က၊ နော်မေလေး၊ ပြီးတော့ သယ်ရင်းအမေ၊ နောက်ဆုံးက ယောက်ျားလေးတယောက် အားလုံး ၇ယောက်ဝင်သွားကြတယ်… စာရေးသူတို့ရှေ့က စုံတွဲတတွဲ…

စာရေးသူ ဘယ်လောက်သတ္တိ ကောင်းတယ်မှတ်လဲ… အထဲဝင်ကတည်းက ရှေ့ကကောင်လေးအင်္ကျီကို လက်နှစ်ဖက်နဲ့ မလွတ်တမ်းစွဲထားပြီး မျက်လုံးစုံမှိတ်ပြီး နောက်ကလိုက်တော့တာပဲ… တော်တော်ကြာ သရဲအိမ်ထဲသွားပြီး ဘာတွေ့ခဲ့လဲမေးရင် ဖြေစရာမရှိဘူးဖြစ်မှာစိုးလို့ မျက်လုံး အသာလေး ဖွင့်ကြည့်လိုက်တယ်… အဲဘာမှလည်း ကြောက်စရာမရှိဘူးပေါ့… အရိုးခြောက်ရုပ်တွေ၊ ဆံပင်စုတ်ဖွားတွေ၊ သူဘာသာသူ နံရံမှာ ကပ်ထားတာ ဒီအရုပ်တွေလောက် ကြောက်စရာမရှိဘူးပေါ့… အလန့်တကြား စာရေးသူနောက်ကမိဇာက အမေရေဆိုပြီး အသားကုန်အော် တော့တာပဲ… စာရေးသူကလည်း နောက်က ကြောက်စရာကောင်းတာတွေ လိုက်လာတယ်ဆိုပြီး ရှေ့ကလူကလည်း အတင်းသွား၊ စာရေးသူကလည်း အတင်းလိုက် ရှေ့ကစုံတွဲကလည်း အော်ဟစ်နေတော့ ရှေ့မှာ ဘာတွေလည်းမသိဘူးပေါ့… စာရေးသူအနေနဲ့ကတော့ ကြောက်စရာဆိုလို့ ဘာမှ မတွေ့သေး သူတို့တွေက ၀ိုင်းအော်နေ တချို့အခန်းတွေက မီးရောင်လုံးဝမရှိလို့ ရှေ့ကလူတွေအော်လေ ကြောက်လေဖြစ် နေတော့တာပေါ့… ရှေ့စုံတွဲအမျိုးသမီးက အဖြူရောင်အင်္ကျီဝတ်ထားလို့ မှောင်နေပေမယ့် သူတို့သွားတဲ့နောက်လိုက်လို့ အပေါက်တွေ မရှာလိုက်ရပါဘူး… သူတို့ ကတော့ အပေါက်အစား နံရံတွေ သွားထိမိလို့ ပျော့စိပျော့စိတွေကိုင်မိလို့ အော်တယ်ထင်တယ်လို့ အပြင်ရောက်မှ တွေးနိုင်တာပါ… အထဲမှာတော့ အပြင်မရောက်နိုင်သေးဘူးလား စိတ်နဲ့ပဲ ဘာမှန်းကို မသိလိုက်ဘူး… အပြင်လဲရောက်ရော စာရေးသူရောဂါ ထပါလေရော… ရင်တွေ တဒိန်းဒိန်းနဲ့ ခုန်နေလိုက်တာ အာဖရနစ္စကန်မှာ ဗုံးကြဲတုန်းကတောင် အဲလောက် အသံမြည်မှာမဟုတ်ဘူး… စကားမပြောနိုင်ပဲ ဟောဟဲထနေတာ… သူငယ်ချင်း တွေက ၀ိုင်းပြုစုပေးကြပါတယ်… ရင်ဘတ်တွေအောင့်ပြီး အသံတောင်ပျောက်နေပြီ… အပြင်မှာကျန်တဲ့သူတွေက ၀ိုင်းမေးတယ် စာရေးသူလည်း ပြန် မဖြေနိုင်လို့ လက်ပဲကာပြလိုက်တယ်… နောက်တော့မှ ဘာမှကြောက်စရာတွေ့လို့တော့ မဟုတ်ဘူး ငယ်သံပါအောင် အော်နေကြတော့ ဘာများ ဖြစ်မလဲ၊ ဘာတွေထွက်လာပြီလည်းဆိုပြီး လန့်သွားတာ အရှေ့ကလူတွေပြောတဲ့ ဂေါ်ပြားနဲ့လိုက်တယ်ဆိုတာလည်း မတွေ့ခဲ့ပါဘူးပြောတော့… နောက်ကပါလာတဲ့လူက လိုက်လာတယ် နင်တို့ရှေ့ကမို့ မမြင်ရတာတဲ့လေ… နောက်ကလူတွေ ချှော်လဲကြသေးတယ်တဲ့… စာရေးသူက မိဇာနင်ဘာတွေ့လို့ ငယ်သံပါအောင် အော်တာလဲမေးတော့ ပျော့စိပျော့စိကို တက်နင်းမိလို့တဲ့ ပြီးတော့ လူသေကြီးက ထလိုက်လှဲလိုက် လုပ်နေလို့ တဲ့လေ…

အဲတော့မှ စာရေးသူလည်း ငါ့နှယ်ဖြစ်ရလေလို့ စာရေးသူက မ၀င်ခင်ထဲက ကြိုသိပြီးသား ရှေ့ကသွားတဲ့သူတွေ ပြောထားလို့ ဖော့တုံးတွေ ခင်းထားတယ်… ဖော့တုံးတွေနင်းရင် ရုပ်လောင်းက လှဲနေရာကနေ ထထိုင်တယ်လို့… ပြီးတော့ သူသေးထွက်တော့မယ်တဲ့လေ… ဒါနဲ့ အိမ်သာအမြန် ရှာရတာပေါ့… တကယ်လည်း အရမ်းပျော်ခဲ့ကြပါတယ်… မြို့တော်ကစားကွင်းကနေထွက်တော့ ဦးပိန်တံတားကို ၀င်ခဲ့ကြပါတယ်… ဦးပိန်တံတားရောက်တော့ အကုန်ဖလပ်ပြနေကြပါပြီ… တံတားထိပ်နားမှာပဲ ထိုင်နေလိုက်ကြတယ်… ကောင်လေးတွေကတော့ လှေသွားစီးကြတယ်… လှေသွားစီးတယ်ဆိုတာထက် လှေလှော်ချင်လို့ သွားကဲကြတာပါ… လှေသမား စိတ်ညစ်သွားပုံပဲ ရေလယ်မှာတင် အကြာကြီးပဲ လှေကရွေ့မရွေ့တော့မသိဘူး တပတ်ကိုလည်နေတာပဲ… လှေသမားလှော်မှ ကမ်းပြန် ရောက်တယ်… ဦးပိန်ကနေတဆင့် ကျောက်ဆည်ကို ပြန်လာကြပါတယ်… ကားပေါ်မှာ အတုန်းအရုန်း အိပ်ပြီးလိုက်လာကြပါတယ်… အိပ်ရေး ပျက်တာရော၊ ခရီးပန်းတာကောပေါ့… ကျောက်ဆည်ကို ညနေ ၅နာရီ ၅၅မှာပြန်ရောက်ခဲ့ကြပါတယ်…

No comments: