Pages

Tuesday, June 10, 2008

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၁

၁၀ရက်နေ့ မနက်လေးနာရီခွဲမှာ အိမ်ကနေ စာရေးသူမိခင်၊ သူငယ်ချင်းနဲ့အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ထွက်လာခဲ့ပါတယ်… အမှန်ဆို လေယာဉ်ချိန်က ၇နာရီကျော်မှပါ… အကြောင်းကြောင်းကြောင့် လေယာဉ်ချိန်က ၆နာရီ ၄၅ဖြစ်သွားလို့ Check In ၅နာရီခွဲအရောက် လာခဲ့ပါတယ်… အဲလ်ပုဂံလေကြောင်းနဲ့ မန္တလေးကို ထွက်လာခဲ့ပါတယ်… ရန်ကုန်မှ ပုဂံလေဆိပ်ကို ၀င်ပြီးနောက် မန္တလေးကို ၈နာရီ ၁၅မှာ ရောက်ခဲ့ပါတယ်… မန္တလေးလေဆိပ်မှတဆင့် ပုလိပ်မြွေ ဘုရားကို အငှားကားနဲ့ ထွက်လာခဲ့ကြပါတယ်… မြွေဘုရားမှတဆင့် တည်းမဲ့ Mandalay City Hotelကို သွားခဲ့ ပါတယ်… ခဏနားပြီး ထမင်းစားဖို့ထွက် လာခဲ့ကြပါတယ်… ထမင်းစားပြီး နန်းတွင်းက မြနန်းစံကျော်ရွှေနန်းတော်ကြီးကို လာခဲ့ကြပါတယ်… အမှတ်တရ ပါပဲ ကင်မရာထည့်တဲ့အိတ်ကိုချပြီး ဓာတ်ပုံရိုက်ပြီး မေ့ပြီးထားခဲ့လိုက်တာ သတိရလို့ သွားပြန်ယူတဲ့အချိန်မှာ မရှိတော့ပါဘူး… အ၀င်ကလူတွေကို လာအပ်ထားတာများရှိမလားလို့ မေးကြည့်တော့ မရှိဘူးတဲ့… စာရေးသူတို့ နောက်မှာ ကျောင်းသား/သူအရွယ်တွေ ၄ ၅ ၆ယောက်လောက်၊ ကိုရင်တွေနဲ့ ကလေးတွေ ၂အုပ်စု ရှိနေပါတယ်… သူတို့လည်း ပြန်သွားပြီဖြစ်လို့ စိတ်နှလုံးဒုန်းဒုန်းချပြီး ရှေ့ကအအေးဆိုင်မှာ ကြံရည်အေးအေးနဲ့ ရင်ထဲကအပူကိုငြိမ်း လိုက်ပါတယ်… ထို့နောက် ဘုရင်တွေ စစ်တိုက်သွားခါနီး ၀င်ရောက်ဦးတိုက်သွားတဲ့ ဘုရားကို ၀င်ရောက်ဖူးမျှော်ကြပါတယ်… ထို့နောက်မှာတော့ ရွေနန်းတော်ကျောင်းကို သွားရောက်၍ ရှေးဟောင်းလက်ရာများကို လေ့လာခဲ့ရပါတယ်… ထိုကျောင်းမှာ ဇာတ်ကြီး ဆယ်ဖွဲ့ကို ထုဆစ်ထားသည်ကို ကြည့်ခြင်းဖြင့် ရှေးကလူတွေ၏ ပန်း၁၀မျိုးလက်ရာမှာ မည်မျှခက်ခဲနက်နဲကြောင်း သိနိုင်ပါသည်… ယခုခေတ်တွင်မူ ထိုလက်ရာမျိုး ထုဆစ်နိုင်သည့် ရှိလိမ့်မည်ဟု စာရေးသူမထင်ပါ… စာရေးသူမသိတဲ့နေရာမှာလည်း ရှိချင်လည်း ရှိနိုင်ပါလိမ့်မည်…

မန္တလေးတောင်ပေါ်ကို ဒုတိယမိ ပြန်လည်ရောက်ရှိခဲ့ပါတယ်… ဘုရားဖူးပြီး တောင်ပေါ်က ပြန်ဆင်းလာတော့ ညနေ၆နာရီထိုးနေပါပြီ… ရွှေဘဲမှာ ညနေစာဝင်စားပြီး ဟိုတယ်ကို ပြန်လာခဲ့ပါတယ်… ၇နာရီကိုရီးယားဇာတ်လမ်းတွဲ ကြည့်ပြီး ၈နာရီကျော်လောက်မှာတော့ ညဈေးပွဲတော်ရှိတယ်ဆိုလို့ လမ်းလျှောက်ထွက်ခဲ့ကြပါတယ်… စတိတ်ရှိုးတွေ ကြိတ်ကြိတ်တိုးနေတဲ့သူတွေကို တိုးဝှေ့ရင်း ဈေးပွဲတော်လျှောက်ခဲ့ကြပါတယ်… ည ၁၀နာရီမှာ ပြန်ရောက်ပြီး ဟိုတယ်ကို wake up call ခေါ်ခိုင်းပြီး အိပ်ယာဝင်လိုက်ကြပါတယ်… နံနက်၅နာရီမှာ အိပ်ယာထပြီး ၆နာရီမှာ မနက်စာဆင်းစား၍ အငှားကားလည်း ရောက်နေပြီဖြစ်လို့ မေမြို့ကို ထွက်ခဲ့ကြပါတယ်… ပထမဆုံး မဟာကံထူးကံသာဘုရားကို ၀င်ရောက်ဖူးမျှော်ခဲ့ကြပါတယ်… နောက်မှာတော့ ပိတ်ချင်းမြောင်ရှိ ရေတံခွန်ထဲမှ ဘုရားများကို ဖူးမျှော်ပြီး ပွဲကောက်ရေတံခွန်ကို သွားခဲ့ကြပြန်ပါတယ်… ထို့နောက် တရုတ် ဘုရားကျောင်းကို သွားရောက်ဖူးမျှော်ခဲ့ပြန်ပါတယ်… တရုတ်အစားအစာဆိုင်မှာ နေ့လည်စာဝင်စားပြီး အမျိုးသားကန်တော်ကြီးဥယျာဉ်ကို လာခဲ့ကြပါတယ်… ဆုန်သင်းပါလ်ဆိုတဲ့ ဆင်မလေးပေါ်မှာ ဆင်စီးပြီး ၀န်းတပတ်ပတ်ခဲ့ပါတယ်… ပြီးတော့ မန်းကို ပြန်ဆင်းခဲ့ပါတယ်… ညနေ၅နာရီမှာ ပြန်ရောက်ပြီး အကင်ဆိုင်မှာ ညနေစာစား၍ ဟိုတယ်ကို ပြန်လာခဲ့ပါတယ်…
ဒီနေ့က သင်္ကြန်အကြိုနေ့ပါ… တခါမှ မန်းသင်္ကြန်မလည်ဖူးလို့ လာခဲ့တဲ့ ကိုယ့်ကိုကိုယ် နောင်တရမိတာတော့ အမှန်ပါ… ဘာလို့လဲဆိုတော့ ဒီနှစ် ရန်ကုန်သင်္ကြန်က အရမ်းစည်မှာလေ ယခင်နှစ်က မဏ္ဏပ်ပေးမဆောက်တဲ့နေရာတွေပါ ဆောက်ခွင့်ပေးထားတဲ့အပြင် အင်ယားကန်ပတ်လည်မှာပဲ မဏ္ဏပ်ပေါင်း ၇၀ကျော်တယ်လို့ သတင်းကြားခဲ့ရလို့ပါပဲ… ကျုံးဘေးနားမှာပဲ မဏ္ဏပ်ရှိပြီး တနေကုန်တောင် ရေမစိုပါဘူး စိုလိုက်ခြောက်လိုက်နဲ့ ပျင်းစရာကြီးပါပဲ… မန်းလေးသင်္ကြန်က ပျော်စရာအကောင်းဆုံးလို့ ပြောတာ ဘာကိုပြောတာပါလိမ့်လို့ စာရေးသူမေးချင်လိုက်တာ… ဒါနဲ့ ကျုံးဘေးက မဏ္ဏပ်တခုမှာပဲ ရေကစားမယ်ဆိုပြီး အကျနေ့အတွက် စာရင်းပေးပြီး ပြန်လာခဲ့ပါတယ်… လူအများစုက Alpine မဏ္ဏပ်မှာပဲ စုနေကြပြီး ကားလည်း သွားမရ၊ လူလည်း အတင်းတိုးဝှေ့ပြီး ဟိုတယ်ကိုပဲ ပြန်လာကြပါတယ်… စာရေးသူအမေက ရေကြောက်လို့ စာရေးသူတို့နဲ့ မလိုက်ပါဘူး… စာရေးသူ အမေက နင်တို့ရေပက်ခံထွက်တာ ရေလည်းမစိုလာပါလားတဲ့… စာရေးသူအမေကို ပြန်ဖြေရင်း ရေမိုးချိုး၍ ညစာကိုတော့ ဟိုတယ်မှာပဲစားပြီး ဟိုတယ် reception မှာ emailသုံးဖို့ ထွက်လာခဲ့ပါတယ်… စာရေးသူရဲ့ သူငယ်ချင်းများ၊ ဘလော့ဂ်မောင်နှမတွေဆီ မှီသလောက် နှစ်သစ် ဆုတောင်းလေးပို့စ်ပြီး ပစ္စည်းတွေသိမ်းဖို့ အခန်းကို ပြန်လာခဲ့ပါတယ်… ဟိုတယ်ဝန်ထမ်းတွေရဲ့ ဧည့်ုဝတ်ကျေပွန်မှုကို အမှတ်ရရင်း နောက်တခါလာ ဖြစ်ခဲ့ရင် ဒီဟိုတယ်ကို လာတည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်…
သင်္ကြန်အကျနေ့
နံနက်စာစားပြီး ကျုံးပတ်လည် လမ်းမပိတ်ခင် ဆီဒိုးနားဟိုတယ်ကို နံနက် ၈နာရီလောက်မှာ ကူးခဲ့ပါတယ်… အခန်းဘိုကင် ကြိုပေးပြီးသားဖြစ်လို့ ရောက်တယ်ဆိုရင်ပဲ အထုပ်အပိုးတွေချပြီး ရေကစားဖို့ မဏ္ဏပ်ကို လာခဲ့ပါတယ်… စာရေးသူတို့မဏ္ဏပ်ကို အနဂ္ဂသီချင်းလာဆိုပါတယ်… ရေကစားရတာ ပျင်းလာလို့ ဟိုတယ်ကို ပြန်လာခဲ့ကြပါတယ်… ဟိုတယ်နဲ့ မဏ္ဏပ်ကနီးနီးလေးပါပဲ… ဟိုတယ်မှာ နေ့လည်စာစားပြီး ရေကစားရမှာလည်း ပျင်းလို့ ဟိုတယ်ရဲ့ အားကစားခန်းမထဲကို သွားခဲ့ပါတယ်… ဟိုတယ်မှာတည်းတဲ့သူဆိုရင် အခမဲ့ ကစားလို့ရတယ်ဆိုလို့ စာရေးသူတို့ ပြေးစက်နဲ့စက်ဘီးစက် ကစားပြီး ၄နာရီမှာ ပိုက်ဆံပေးထားရတာဆိုတော့ ခဏသွားဆော့ဦးမယ်ဆိုပြီး ပြန်ထွက်လာကြပါတယ်… ညနေ ၅နာရီခွဲမှာ ပြန်လာပြီး ကြေးအိုး သွားစားကြပါတယ်… ကြေးအိုးကြိုက်တဲ့ စာရေးသူတောင် တစွန်းနှစ်စွန်းပဲ စားနိုင်ပါတယ်… ဘယ်လိုအရသာမှန်းကို မသိတာ တခြားသူတွေကတော့ အားရပါးရစားနေလိုက်ကြတာ… စာရေးသူတို့ဝိုင်းကတော့ တ၀က်တောင် ဘယ်သူ့မှ မကုန်ဘဲ ပြန်ထွက်လာကြပါတယ်… ဟိုတယ်က လုံခြုံရေး ၀န်ထမ်းအပြောအရ မန်းလေးမှာ နာမည်ကြီး ကြေးအိုးဆိုင်တဲ့… ပြေးပြီး YKKOကြေးအိုးကို သတိရမိတာအမှန်ပါပဲ… အားကစားခန်းမထဲပြန်လာပြီး ချွေးထွက်အောင်ဆော့ပြီး ရေကူးဖို့ ရေကူးကန်ကို လာခဲ့ပါတယ်… စာရေးသူသယ်ရင်းက ရေကူးတက်တယ်လေ စာရေးသူကို သင်ပေးပါတယ်… ဒါပေမဲ့ စာရေးသူ ရေကူးလို့ မရပါဘူး… အကြောကပ်တတ်ပြီး ခြေထောက်ထဲ လေ၀င်ဝင်နေလို့ ခြေခတ်တာတောင် ဖြောင့်အောင် မသင်လိုက်ရပါဘူး… စာရေးသူလည်း သယ်ရင်း ရေကူးတာပဲ ထိုင်စောင့်နေလိုက်ပြီး ၉နာရီလောက်မှာ အခန်းထဲ ပြန်လာခဲ့ကြပါတယ်… မနက်ဖြန်ဆိုရင် စာရေးသူတို့က အမနေထိုင်ရာ အောင်ပင်လယ်မြို့သစ်၊ ခိုင်ရွှေဝါလမ်းကို သွားမှာဖြစ်ပြီး စာရေးသူသယ်ရင်းက ရန်ကုန်ကို ပြန်ရမှာမို့ ပစ္စည်းတွေ သိမ်းရပြန်ပါတယ်…

သင်္ကြန်အကြတ်(ပထမအကြတ်)
နံနက် ၅နာရီထပြီး မနက်စာစားပြီးချိန်မှာတော့ စာရေးသူသယ်ရင်းက check in ၇နာရီရောက်ရမှာမို့ ဟိုတယ်ကနေ ၆နာရီပြန်သွားခဲ့ပါတယ်… စာရေးသူတို့ သားအမိကတော့ အငှားကားချိန်းထားပြီးသားမို့ နံနက်၈နာရီမှာ အစ်မအိမ်ကို ထွက်လာခဲ့ကြပါတယ်… မမတို့အိမ်မှာ ပစ္စည်းတွေချပြီး အစ်ကိုဝမ်းကွဲဆီ ပြန်ရောက်ပြီဖြစ်တဲ့အကြောင်း ဖုန်းဆက်ပြီး မတွေ့တာကြာပြီဖြစ်လို့ စကားတွေဖောင်ဖွဲ့နေခဲ့ပါတယ်… စာရေးသူလည်း သင်္ကြန် မလည်တော့ဘူး ဆုံးဖြတ်ထားပေမဲ့ ခဏနေတော့ အစ်ကိုက လာခေါ်ပါတယ်… တကူးတကတောင် လာခေါ်ရတာဆိုတော့ စာရေးသူလည်း မငြင်းတော့ဘဲ လိုက်သွားခဲ့ပါတယ်… ရေခဏပဲဆော့ပြီး ထိုင်နေလိုက်တယ်… စာရေးသူကို ပျင်းနေပြီဆိုပြီး မန်းလေးကန်တော်ကြီးကို လိုက်ပို့ ပေးပါတယ်… တလမ်းလုံး ရေကစားမဏ္ဏပ်သုံးခုသာရှိပြီး ရေစိုတယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ မေးရလောက်အောင် ပက်မယ့်သူမရှိခြင်းပါဘဲ… အစ်ကိုက မြတ်မန္တလာဟိုတယ်မှာ အလုပ်လုပ်ပါတယ်… ပြန်လာပြီး ချမ်းတယ်ဆိုပြီး ဟိုတယ်ကရောင်းတဲ့ ဘီယာကို ၀ယ်သောက်ပါတယ်… မူးနေပြီဆိုပြီး ရေတွေလောင်း ချမ်းတယ်ဆိုပြီး ဘီယာသောက်နဲ့ ဘယ်လောက်တောင်သောက်လည်း စာရေးသူလည်း မသိပါဘူး ကိုယ့်ကိုကိုယ်တောင် မသယ်နိုင်တော့ပါဘူး… ဒီလောက်မူးနေတာ စာရေးသူကို အိမ်ပြန်ပို့ပေးမယ်ဆိုပြီး ဆိုင်ကယ်သွားယူပါတယ်… စာရေးသူလည်း အိမ်ပြန်ချင်တာက ကြာလှပြီ ဒါပေမယ့် သွားရမှာက ဆိုင်ကယ်နဲ့ လူကမူးနေတော့ မလိုက်ရဲဘူးပြောလိုက်တယ်… ဟိုတယ်က တာဝန်ခံတွေကလည်း ၀ိုင်းပြောကြ ပါတယ်… နောက်ဆုံးပြောမရတဲ့အဆုံး ဆိုင်ကယ်သော့ကို ဖွတ်ထားလိုက်ကြတယ်… စာရေးသူကလည်း မူးနေတဲ့သူတွေကို တအားမုန်းတာ အစ်ကိုကလည်း ဖြစ်နေပြန် ဘာလုပ်လို့လုပ်ရမှန်းလည်းမသိ ကားငှားပြန်ရအောင်ကလည်း ရန်ကုန်လိုမလွယ် ဈေးမသိရင်လည်း အနှက်ခံရဦးမယ်… ဒါနဲ့ မမဆီအကျိုးအကြောင်း ဖုန်းဆက်ပြန်တော့လည်း တခါမှ သောက်လေ့သောက်ထမရှိတော့ စာရေးသူကလည်း နောက်တတ်တော့ နောက်နေတယ် ထင်ပြီး သူတို့က မယုံ စိတ်ညစ်လိုက်တာ မပြောပါနဲ့… ခဏနေတော့ ရပြီ မမူးတော့ဘူးပြောတယ်… တာဝန်ခံအန်တီက လမ်းလျှောက်ပြပြောတော့ လမ်းလျှောက်ပြတယ်… မယိုင်တော့ဘူးဆိုပြီး ဆိုင်ကယ်သော့ထုတ်ပေးလိုက်တယ်… စာရေးသူကိုလည်း ဘုရားစာသာ ရွတ်သွားလို့ မှာလိုက်သေးတယ်… အစတည်းကမှ ကြောက်ပါတယ်ဆိုမှ သူတို့က ဖြဲခြောက်နေလိုက်သေးတယ်… တလမ်းလုံး စာရေးသူလည်း ကိုကြီး ဖြည်းဖြည်းပဲ မောင်း အိမ်ရောက်တာ နောက်ကျရင် ကျပါစေ ကြောက်လို့ ဖြည်းဖြည်းပဲမောင်းလို့ ပြောလာရတယ်… ဘာမှမဖြစ်ပါဘူးလို့ ကိုကြီးက ပြန်ပြောပေမယ့် ကြောက်စိတ်ကတော့ ရှိနေဆဲပါပဲ… သိပ္ပံလမ်းကို ကွေ့စဉ်မှာပဲ ဆိုင်ကယ်ဆလစ်ဖြစ်ပြီး စာရေးသူဆိုင်ကယ်ပေါ်က ပြုတ်ကျပါလေရော… ငါဘာဖြစ်ပြီလဲ အတွေးရယ်၊ ကြောက်စိတ်ရယ်အတွေးနဲ့ မျက်ရည်တွေဝိုင်းလို့လာပါတယ်… မူးနေတဲ့ စာရေးသူအစ်ကိုလည်း အမူးပြေသွားပါတော့တယ်… ထလိုက်ပြီး ခါးက တအားနာလာတယ်… စာရေးသူအစ်ကိုက ဘာဖြစ်သွားလဲမေးပေမယ့် ဘာမှမဖြစ်ဘူးသာ ပြောလိုက်တာ တအားကို နာနေပါတယ်… စာရေးသူ ပြုတ်ကျသွားပြီးမှပဲ ဆိုင်ကယ်မောင်းတာလည်း အဖြောင့်ဖြစ်သွားတော့တယ်… အိမ်လည်းရောက်ရော စာရေးသူမျက်နှာမဲ့ရှုံ့နေတာသိတဲ့ အမေက ဘာဖြစ်လာလဲပဲမေးရသေးတယ် အငိုသန်တဲ့ စာရေးသူက ငိုပါလေရော… စာရေးသူအကြောင်းသိပြီးဖြစ်တဲ့အမေက သွားအင်္ကျီအရင် သွားလဲလို့ လွတ်လိုက်တော့မှ ငိုတာရပ်သွားတော့တယ်… Emergency Box အသေးစားလေးက အမြဲပါနေကြမို့ ကိုယ့်ဘာသာ Dressingလုပ်လိုက်ပြီး ခဏ နားနေလိုက်ပါတယ်… ဂျင်းဘောင်းဘီဝတ်ထားလို့သာ ဒဏ်ရာကသိပ်မနက်တာ၊ ဆိုင်ကယ်အရှိန်နှေးတာလည်း ပါမှာပေါ့လေ… စာရေးသူက ကြောက်လို့ ခွစီးထားလို့ တစောင်းလိုက်ပြုတ်ကြတာ ပြီးတော့မှောက်ခုန်ဖြစ်သွားတော့ လက်နှစ်ဖက်နဲ့ ကတ္တရာလမ်းကို လှမ်းထောက်လိုက်ပေမယ့် လက်ဖ၀ါးတွေ ဖြစ်ဖြစ်ချင်းက ရဲသွားပေမယ့်… ဘာမှမဖြစ်ခဲ့ပါဘူး ဒါပေမဲ့ ကျန်ခဲ့တဲ့ အမာရွတ်ကတော့ လက်မတချောင်းအရွယ်ရှိပါတယ်… ခုချိန်ထိ ခါးရိုးက ထိရင် နာနေတုန်းပါပဲ… စာရေးသူရဲ့ သင်္ကြန်မလည်တော့တဲ့ ဆုံးဖြတ်ချက် ပိုပြီးခိုင်မာလာခဲ့ပါတယ်… ဒုအကြတ်၊ အတက်၊ နှစ်ဆန်းတရက် သုံးရက် ဥပုသ်စောင့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်…

No comments: