Pages

Sunday, June 15, 2008

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၂

သင်္ကြန်ဒုတိယအကြတ်

ဒီနေ့ ဥပုသ်စောင့်မှာမို့ မနက်စောစောအိပ်ယာထပြီး ရပ်ကွက်ဓမ္မာရုံသွားဖို့ ပြင်ဆင်လိုက်ပါတယ်… ၉နာရီမှာ သီလပေးမှာမို့ မေမေရယ်၊ ကြီးတော်ရယ်နဲ့ ဓမ္မာရုံကို ထွက်လာခဲ့ကြပါတယ်… ထိုရပ်ကွက်ရဲ့ လှပတဲ့ ပန်းချီကားတချပ်ကို တွေ့မြင်ခဲ့ရပါတယ်… ဓမ္မရုံသွားတဲ့အခါ သီလပွဲအဖြစ် ပန်းကန်ထဲမှာ ဆန်နဲ့ ပိုက်ဆံထည့်ပြီးယူလာကြပါတယ်... ရှေ့ဆုံး သီလတောင်းထဲမှာ ဆန်လောင်းထည့်ပြီး အလှူငွေကို ကန်တော့ထိုးပြီး ပြန်လှည့်လာချိန်မှာတော့ ပန်းကန်ထဲကို ထန်းလျက်ခဲထည့်ပေးတဲ့သူက ထည့်ပေးတယ်၊ ဆပ်ပြာမှုန့်ထုပ်ထည့်ပေးတဲ့သူက ထည့်ပေး၊ အချိုရည်ဗူးထည့်ပေးတဲ့သူက ထည့်ပေးနဲ့ ကိုယ်တတ်နိုင်တဲ့ အပိုင်းကို တပိုင်တနိုင်လှူဒါန်းကြတာကိုလည်း ကြည်နူးဖွယ်တွေ့ခဲ့ ရပါတယ်… သီလပေးတဲ့ ဆရာတော်ကို ဆွမ်းကပ်ဖို့အတွက် ရပ်ကွက်တွင်းမှာရှိတဲ့ လူငယ်တွေက ၈နာရီမှာစုဝေးကြပြီး တလမ်းဝင် တလမ်းထွက် ဆွမ်းခံကြပါတယ်… ရရှိလာတဲ့ ဆွမ်းနဲ့ဆွမ်းဟင်း တွေကို ဇလုံအကြီးကြီးထဲမှာ ဆွမ်းတွေစုထည့်ပြီး ဟင်းတူတာတွေ ပေါင်းပြီး စတီးပန်းကန်း အသေးတွေနဲ့ ထည့်ပြီး ဆွမ်းတွေပေါ်မှာ ပတ်ပတ်လည်စီထားပြီး ဆရာတော်ကို ကပ်လှူပါတယ်… ထိုသို့ပြုခြင်းအားဖြင့် ရပ်ကွက်လုံးအလှူလည်း ဖြစ်သွားတာပေါ့… မတတ်နိုင်တဲ့ သူတွေလည်း မလှူလိုက်ရ မရှိရအောင် အကွက်စေ့လှတဲ့ ဓမ္မာရုံလူကြီးတွေကိုလည်း လေးစားကြည်ညိုမိပါတယ်… သီလပေးဆရာတော်ဟာ ၉နာရီမှာ ကြွလာပြီး ၉နာရီ ၅၀မှာ သီလပေးခြင်း အစီအစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်…

သင်္ကြန်အတက်ဆိုအမြဲတမ်း စာရေးသူတို့ စတုဒိသာလှူနေကြဆိုတော့ ယခုနှစ် အတက်နေ့မှာလည်း ရောက်တဲ့နေရာမှာပဲ တခုခုစီစဉ်မယ်လို့ စီစဉ်လာခဲ့ပါတယ်… အားလုံး တိုင်ပင်လိုက်တာက မုန့်လုံးရေပေါ် လုံးကြမယ်လို့ပေါ့… မွန်းမလွဲခင် ထမင်းစားပြီး လိုအပ်တာတွေဝယ်ဖို့ စာရေးသူ အစ်မနဲ့ အစ်ကိုရယ် စာရေးသူရယ် လမ်းထိပ်ထွက်လာခဲ့ပါတယ်… မမတို့နေတဲ့အိမ်က ဓမ္မာရုံနဲ့ ရှေ့နောက်ဖို့ ဓမ္မာရုံကိုဖြတ်ပြီး ၆၅လမ်းကို သွားရပါတယ်… ဓမ္မာရုံမှာ လူငယ်တွေ သန့်ရှင်းရေးလုပ်နေကြပါတယ်… ဟိတ်ကောင်တွေ ရေပက်မယ် ရေအမြန်သွားယူဆိုပြီး ပြောလိုက်သံ စာရေးသူကြားလိုက်ရပါတယ်… စာရေးသူ ကောင်းကောင်း မွန်မွန်ပဲ ပြန်ပြောခဲ့ပါတယ်… ဥပုသ်စောင့်ထားလို့ ရေမပက်ပါနဲ့လို့ တောင်းပန်လိုက်တယ်… တယောက်က ဒါမျိုးတွေရိုးနေပြီ လာမပြောနဲ့တဲ့… စာရေးသူ မမက ကျွန်မတို့ကိုပက် သူကဟုတ်တယ် ဥပုသ်ယူထားလို့ မပက်ပါနဲ့လို့ ၀င်ပြောပါတယ်… မသိဘူး ပက်မှာပဲဆိုပြီး စာရေးသူကို ရေလှမ်းပက်လိုက်တယ်… စာရေးသူက မဟုတ်မခံနဲ့ စိတ်ဆက်သူတယောက်ဖြစ်ပါတယ်… စာရေးသူလည်း မန်းနေကသိတဲ့အတိုင်း ၁၂နာရီကျော်ရုံ ရှိသေးတယ် ခြစ်ခြစ်တောက်ပူနေတယ်လေ နေနဲ့အပြိုင် စာရေးသူရဲ့ ဒေါကလည်း မီးတောက်လို ၀ုန်းခနဲ ထတောက်လို့လာပါတယ်… နင်တို့တွေ ဗုဒ္ဓဘာသာ မဟုတ်ဘူးလား… ဗုဒ္ဓဘာသာဆို နားလည်ရမှာပေါ့… လူလိုပြောနေရင် လူလိုနားလည်ရမှာပေါ့… စာရေးသူအကိုက မီးမီးတော်တော့ လာလာဆိုပြီး ဆွဲခေါ် သွားပါတယ်…

စာရေးသူလည်း ဒေါသက အရှိန်မသေခဲ့ပါဘူး အတော့်ကို စိတ်ဆိုးခဲ့ပါတယ်… တလမ်းလုံး ဒေါသထွက် လွန်းလို့ စကားလည်း မပြောနိုင်ပါဘူး… ပြန်လာတော့ သူတို့တွေရှိနေကြပါတယ် သူတို့တွေ မြင်လေ ဒေါသတို့ချူပ်ထိန်းမရလေပါဘဲ… သူတို့ရှေ့ဖြတ်သွားစဉ်မှာတော့ ကိုကြီးတို့ မန်းလေးသားတွေက ဒီလိုပဲရိုင်းကြလား ဓမ္မရုံမှာ လုပ်နေပြီး ဒီလောက်တောင် ယဉ်ကျေးမှု မရှိကြဘူးလားလို့ ပြောတော့ စာရေးသူစိတ်ကို သိပြီးဖြစ်တဲ့ ကိုကြီးက ဘာမှမပြောပါဘူး… စာရေးသူဒေါသထွက်ရင် ငြိမ်ငြိမ်လေး တယောက်တည်း နေရင်နေ၊ နို့မဟုတ်ရင် earphone တပ်ပြီး သီချင်းအကျယ်ကြီး ဖွင့်နားထောင်တာမျိုးလုပ်ပြီး ဒေါသကိုဖြေတတ်တဲ့ အကျင့်ရှိတယ်… ခုက ဥပုသ်နဲ့ဆိုတော့ တယောက်တည်းနေပြီး ကောက်ညှင်းဆန်ရွေးရင်း ဒေါသတွေကို ကောက်ညှင်းဆန်တွေပေါ် ပုံချလိုက်ပါတယ်… တော်တော်လေးလည်း စိတ်အနှောင့် အယှက်ဖြစ်မိတယ်… ဥပုသ်ယူပြီး ဒေါသတွေထွက်နေရလို့ပေါ့ စာရေးသူ စိတ်အရမ်းဆတ်လို့ ထိန်းချူပ်နိုင်အောင် တရားထိုင်လေ့ရှိပါတယ်… မရင့်ကျက်သေးဘူး ပြောရမလားဘဲ စိတ်က ခုထိဆတ်တုန်းပဲ စာရေးသူက သည်းခံရင်လည်း သူများထက် ပိုသည်းခံတယ်၊ အားလည်းအားနာတတ်တယ်၊ ဒါပေမယ့် တောင်းပန်နေရင်း ကြားက ခုလိုပြုမူရင်တော့ ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့ဘူး… စာရေးသူမှာ ပြန်သုံးသပ်တတ်တဲ့ အကျင့်တခုတော့ရှိတယ်… ပြန်သုံးသပ်လို့ ကိုယ်ကမှားသွားတယ်ဆိုရင် ပြန်တောင်းပန်လိုက်တယ်… မမှားဘူး ထင်ရင်တော့ ဘယ်တော့မှ ပြန်လှည့်မကြည့်တတ်ဘူး… ခုကိစ္စမှာလည်း မလွန်ဘူးလို့ ထင်တာပဲ တခုပဲ တောင်းပန်ချင်တာက မန်းသားတွေ ဒီလိုပဲလားလို့ ဒေါသအလျောက် သုံးမိတဲ့စကားပါပဲ… ဒီစကား အတွက် စာရေးသူလွန်သွားတယ် ဆိုတာသိပါတယ်… အားလုံးကိုသိမ်းကျုံး ပြောလိုက်မိသလိုဖြစ်လို့ ထိုလူတစုမှလွဲ၍ အားလုံးကို ဒီပို့စ်လေးကတဆင့် တောင်းပန်ပါတယ်… နောက်ရက်တွေမှာလည်း ဒေါသထပ်ဖြစ်ရမှာစိုးလို့ နောက်နေ့ အပြင်မထွက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်… ဒါပေမယ့် အပြင်ထွက်ဖို့ အကြောင်းဖန်လာပါတယ်… မုန့်လုံးရေပေါ်ကနေ မနက်ဖြန် ၀ိုင်းကူမဲ့လူမရှိလို့ လွယ်လွယ်ကူကူ မုန့်လက်ဆောင်း လုပ်မယ်ပြောလို့ မုန့်လက်ဆောင်းဖတ် မမနဲ့ သွားမှာကြပါတယ်… အဆင်ပြေပြေနဲ့ မုန့်ဖတ်မှာလို့ ရခဲ့ပါတယ်... ဒီလိုနဲ့ ဒုတိယ အကြတ်နေ့လေး ကုန်ဆုံးခဲ့ပါတယ်…

No comments: