Pages

Sunday, June 15, 2008

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၃

သင်္ကြန်အတက်

မနက်စောစောမှာပဲ ဈေးသွား ထမင်းဟင်းချက်ဖို့ပြင်ပေး၊ မုန့်လက်ဆောင်းအတွက် ထန်းလျက်ရည်ကြိုနဲ့ အလုပ်တွေရှုပ်နေပါတယ်… ဒီနေ့သီလပေးမယ့် ဆရာတော်က သီလပွဲ သုံးပွဲဆက်တိုက် ပေးရမှာမို့ ၈နာရီခွဲမှာ ဓမ္မာရုံကို သွားရပါတယ်… မမတို့အိမ်နောက်က မုန့်လုံး ရေပေါ်လုပ်ပါတယ်… ဓမ္မရုံကို သီလတောင်းထဲ ဆန်လာလှူတဲ့သူတွေကို ဝေဖို့ ပို့ထားပါတယ်… တချို့က ကုလားပဲသုပ်၊ တချို့က ထန်းလျက်ခဲ၊ တချို့က အစာကြေ ဆေးစသဖြင့် ဝေကြတာကိုလည်း တွေ့ခဲ့ရပါတယ်…

သီလယူပြီး ပြန်လာချိန်မှာတော့ မုန့်လက်ဆောင်း ဥပုသ်သည်တွေ အချိုပွဲမီအောင် အမြန်ပြင်ဆင်ရပါတယ်… စာရေးသူနဲ့ မမယောက်မလေးက အိမ်တွေလိုက်ဝေဖို့ပြင်ပေးပြီး မမက တအိမ်တက်ဆင်း လိုက်ဝေပါတယ်… ကောင်းမှုကုသိုလ်မှန်သမျှ အနှောင့်အယှက်ရှိတယ်ဆိုတာ စာရေးသူ ကောင်းကောင်းသဘောပေါက်ခဲ့ ပါတယ်… စာဖတ်သူများလည်း ဝေဖန်သုံးသပ်ကြည့်ပါဦး… မုန့်လက်ဆောင်းအရောင်သည် မည်သည့်အရောင် ဖြစ်ပါသနည်း… မုန့်ဖတ်အရောင်ကို မဆိုလိုပါ… မုန့်ဖတ်အရောင်က ရန်ကုန်မှ အစိမ်းရောင်၊ တချို့နယ်တွေမှာ အဖြူရောင်လည်းရှိပါတယ်… ခုမန်းလေးမှာ အဖြူရောင်ရပါတယ် မုန့်လက်ဆောင်းဖတ်ကို ထန်းလျက်ရည်၊ အုန်းနို့အနည်းငယ်၊ အုန်းသီးဖတ်နဲ့ ရောသောက်တာကို မုန့်လက်ဆောင်းလို့ခေါ်ပါတယ်… ထန်းလျက်ခဲအရောင်က မုန့်လုပ်ထန်းလျက်ပဲ သုံးကြတာမို့ အညိုရောင်ရှိပါတယ်… စာရေးသူတို့က မီးဖိုချောင်မှာ ကမန်းကတန်းဝေဖို့ပြင်ဆင်ရ ကိုယ်တိုင်ကလည်း ဥပုသ်နဲ့ဖို့ ထမင်းစားဖို့ အချိန်ကျော်မှာစိုးလို့ အသည်းအသန်လုပ်နေရလို့ ချွေးတွေထွက်နေပေမဲ့ မမောမပန်းနိုင် လုပ်ကိုင်နေကြရပါတယ်… အဲ့အချိန် ကြားလိုက်ရတာက မုန့်လက်ဆောင်းက ဘာရောင်မှန်းလဲမသိဘူးလို့ ပြောလိုက်တဲ့ နောက်ဖေးအိမ်က အသံပါ… စာရေးသူလည်း ဒေါသထွက်သွားပြီး အတော်လေးလည်း စိတ်အနှောင့် အယှက်ဖြစ်မိပါတယ်…

တကယ်လည်း သဒ္ဓါပျက်ခဲ့ပါတယ် ဘာလို့ဒေါသထွက်ရလည်းဆိုတာက စာရေးသူဘက်က ရှင်းပါတယ်… မုန့်လက်ဆောင်းမလုပ်ခင် လိုက်ရောင်းတဲ့အန်တီကို မေးတယ်… သူ့ဆီကလည်း ၀ယ်စားတယ်… မုန့်လက် ဆောင်းဖတ်လည်း ထိုအန်တီကပဲ မှာပေးပြီး မနက်လည်း သူပဲလာပြီး ကြည့်ပေးသွားတယ်… ပြီးတော့ အဲ့ရပ်ကွက်မှာ မုန့်လက်ဆောင်းဆိုလို့ လာရောင်းတာ တသည်ပဲရှိတယ်… မုန့်သည်အန်တီက မမတို့ ရှေ့လမ်းမှာနေတာ သူတို့နေ့တိုင်း ၀ယ်စားနေကြတာလည်း ကိုယ်တွေအသိ… သူတို့ဒေသ၊ သူတို့ထုံးစံ အတိုင်း လုပ်ပေးတာတောင် အပြစ်ရှာတတ်တဲ့ သူတို့ကို မုန်းမိတာတော့အမှန်ပါ… စာရေးသူလည်း သူတို့လို ပြောတတ်တာပေါ့... မပြောတတ်တာမှ မဟုတ်တာ သူတို့ မုန့်လုံးရေပေါ် ကြည့်ဦးမလား မုန့်က မလုံးဘဲ ပြားနေပြီး ထန်းလျက်တွေ ပေါက်ပြဲပြီး အတွဲလိုက်ဖြစ်နေတာ ကြည့်လိုက်တာနဲ့တင် စားချင်စိတ် ပျောက်တယ်... ဒါက မန်းလေးမှ မဟုတ်ပါဘူး… လူတိုင်းဒီလိုပါပဲ ကြုံခဲ့ရတာ တင်ပြရုံသက်သက်ပါ… ဒါကြောင့်မို့ စာရေးသူအိမ်နားက အန်တီက သူအလှူလုပ်ရင် ဘယ်တော့မှ လူကြီးတွေကို ဖိတ်လည်းမဖိတ်ဘူး… ကျွေးလည်းမကျွေးဘူး ကလေးတွေပဲ ခေါ်ကျွေးတယ်… ဘာလို့လဲ မေးကြည့်တော့ အလှူလုပ်တယ်ဆိုတာ စိတ်ကြည်လင်နေမှ ကောင်းတာတဲ့ ကလေးတွေက ဂျီးလည်းမများဘူး၊ အပေါက်စလည်းမများသလို ချိုသည်ခါးသည်လည်း မပြောဘူးတဲ့ သူတို့တွေ အားရပါးရစားရတာ ကြည့်ပြီး ၀မ်းသာပီတိဖြစ်ရတယ်တဲ့… လူကြီးတွေကျ အဲ့လိုမဟုတ်ဘူးတဲ့ ပေါ့သလေး ငန်သလေး၊ ဘယ်လိုချက်ထားမှန်းလည်း မသိဘူးဆိုပြီး ပြောသံကြားရင် ဒေါသထွက်လို့ ကုသိုလ်တ၀က် ငရဲတပိဿတဲ့လေ… မနက်ဖြန် နှစ်ဆန်းတရက်နေ့ကို ရပ်ကွက်ဓမ္မာရုံမှာ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ပူဇော်မယ်ဆိုတာ သိရပြီး ယခင်ကဆို ၁၃ဦးရှိပြီး ယခုနှစ်မှာ ၉ဦးပဲရှိတော့တယ် ဆိုတာလည်း သိရပါတယ်... ငွေသားဖြစ်စေ၊ ပစ္စည်းဖြစ်စေ လာလှူရတယ်ဆိုပြီး တနေ့လုံး အလှူခံနေတာကို ကြားနေရပါတယ်... ည၈နာရီကျော်ချိန်မှာတော့ ပစ္စည်းတော်တော်များများနဲ့ တဦးကို ၈ထောင်ကျပ်နှုန်း ရနေပြီဆိုတဲ့ အကြောင်းကို ကြားလိုက်ရတယ်ဆိုရင်ပဲ စာရေးသူလည်း လှူချင်စိတ်တွေ ပေါ်ပေါက်လာပါတယ်... ဒါနဲ့ မမအားတဲ့အချိန်စောင့်ပြီး စာရေးသူမေမေရယ် မမနဲ့အတူ ဓမ္မာရုံကို ထွက်လာခဲ့ကြပါတယ်... ဘိုးဘွား ၉ဦးအတွက် ကိုးထောင်လှူဒါန်းချိန်မှာပဲ နောက်တဦးကလည်း ဘိုးဘွား၉ဦးအတွက် ကိုးထောင် လှူဒါန်းသွားတာ တွေ့လိုက်ရပါတယ်... အဲ့အချိန်မှာပဲ ဘိုးဘွားတွေ တဦးကို တသောင်းနှုန်းတောင် ရမှာဆိုတဲ့ စိတ်နဲ့ ၀မ်းသာကြည်နူးနေမိပါတယ်... အိမ်ကို ပျော်ရွှင်စွာ ပြန်လာချိန်မှာပဲ ကာလသားတသိုက်နဲ့ တိုးပါတယ်... ရေလောင်းမလို့တဲ့ ည၉နာရီရှိနေပြီ ဒီအချိန်ရေလောင်းမယ်ဆိုတော့ ထုံးစံအတိုင်း ဥပုသ်စောင့်ထားလို့ပါ တောင်းပန်လိုက်တယ်... မရဘူးလောင်းမှာပဲ ဒီရက်မှမလောင်းရင် မလောင်းရတော့ဘူးဆိုပြီး ပက်သွားသေးတယ်ရှင်... စာရေးသူလည်း ဒေါသထွက်ပြီး ကျန်နေခဲ့တော့တယ်... အဲလိုတွေဖြစ်မှာစိုးလို့ အပြင်တောင် မထွက်ဘဲ ရေမပက်တဲ့ အချိန်သွားတာတောင် အကုသိုလ်က ၀င်ချင်ရင် အဲလို... စာကြွင်း။ ။ရေပက် မခံနိုင်ရတဲ့အကြောင်းရင်းထဲမှာ ဥပုသ်စောင့်ထားလို့ ဆိုတာထက် နောက်တခု ရှိတယ်ရှင့်... ဆိုင်ကယ်ပေါ်က ပြုတ်ကျတုန်းက ခါးမှာရထားတဲ့ ဒဏ်ရာကြောင့်လည်း ပါပါတယ်... ရေချိုးရင်တောင် ရေ၀င်မှာစိုးလို့ သေချာပလတ်စတစ်နဲ့ အုပ်ပြီးမှ ရေချိုးရပါတယ်... ရေစိုသွားတဲ့အချိန်မှာ အနာက တအားစပ်ပြီး ရေစိုနေတဲ့အတွက် အနာကို Dressing ပြန်ပြန်လုပ်ရလို့ ပိုစိတ်တိုမိတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်... အနာ Dressingလုပ်၊ အ၀တ်တွေပြန်လဲ၊ အ၀တ်လဲရင်လည်း အနာနဲ့ အဆင်ပြေအောင် အ၀တ်အစားရွေးရ ခရီးသွားတာဆိုတော့ အကျီင်္ပွပွဖားဖားနဲ့ ထမီဘယ်လိုလုပ်ပါမှာလဲ... အမှန်အတိုင်း ၀န်ခံရရင် စာရေးသူအိတ်ထဲမှာ ဘောင်းဘီနဲ့ စကပ်ပဲပါတယ်... ထမီနဲ့တူတာဆိလို့ ထမီစကပ် နှစ်ထည်ပဲ ပါတယ်... သူတို့အပျော်တခုအတွက် သူတို့အတွက်လည်း အကျိုးမရှိ၊ ကာယကံရှင်အတွက်လည်း အကျိုးယုတ်စေပါတယ်...

No comments: