Pages

Tuesday, June 10, 2008

မီးလေး ခရီးသွားမှတ်တမ်း - ၎

၎ရက်နေ့မှာတော့ မနက်ဖြန်မီးလေးတို့ပြန်မှာမို့ သယ်ရင်းအဒေါ်က ထမင်းစားဖိတ်ထားပါတယ်… နေ့လည် ၁၂နာရီလောက်မှာ ထမင်းလာစားလို့ ရပြီဆိုပြီး လာခေါ်လို့ စာရေးသူတို့သွားစားကြပါတယ်… ဟင်းတွေကလည်း စုံလို့ပါပဲ… ခံတွင်းအတွေ့ဆုံးက နှစ်ပြန်ကြော်နဲ့လက်ဘက်သုတ်ပါပဲ… ထမင်းစား ပြန်လာပြီးတော့ အဆောင်မှာနေတဲ့ ကောင်လေးတွေ အကူအညီတောင်းပြီး သူတို့ဆိုင်ကယ်သုံးစီးနဲ့ သူတို့နေထိုင်ရာ ရွာတွေကို လိုက်ပို့ခိုင်းပါတယ်… စာရေးသူ ရွာတွေကို တခါမှ မရောက်ဖူးပါဘူး… ကြမ်းတမ်းတဲ့လမ်းတွေပေါ်သွားရင်း ရွာတွေတရွာပြီးတရွာ ဖြတ်ရင်း ရှမ်းတောစု ဆိုတဲ့ ကျေးရွာလေးကို ရောက်ခဲ့ရပါတယ်… ရွာတွေရောက်တယ်ဆိုရင်ပဲ အိမ်တိုင်းက ဧည့်ခံတဲ့ ထန်းလျက်ခဲ၊ ရေနွေးကြမ်းနဲ့ ပဲကြမ်းကို နည်းနည်း တော့စားရပါတယ်… မစားမချင်းမပြန်ခိုင်းပါဘူး… ယခင်နှစ်တွေ အဆောင်လာတက်တဲ့ ကလေးတွေကလည်း အတင်းကို ခေါ်ကြလို့ ၀င်လည် ရပါတယ်… ရွာသူ/သားတွေရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို လက်တွေ့ တွေ့ကြုံခံစားခဲ့ရပါတယ်… ဟိုအိမ်က ခေါ်လိုက်၊ ဒီအိမ်က ခေါ်လိုက်၊ အထဲတောင် မထိုင်ရသေးဘူး နောက်တအိမ်က သူတို့အိမ်လာဖို့ လာစောင့်နေကြပြီ… ရွာထဲက ပြန်ထွက်လာတော့ ညနေ ၅နာရီ ထိုးတော့မယ်… ရွာခံကောင်လေး တွေက လမ်းကောင်းက သွားမယ်ဆိုပြီး အသစ်ဖောက်ထားတဲ့ မြေနီလမ်းကို ၁၀မိနစ်လောက်ဖြတ်ပြီးရင်ပဲ ကုမ္ပဏီတွေက ခင်းထားတဲ့ ကတ္တရာလမ်းကို ဖြတ်မောင်းခဲ့ပြီး ဆင်မင်း ဘိလပ်မြေစက်ရုံနဲ့ တခြား အထည်စက်ရုံတွေကို ဖြတ်လာပြီး ၆နာရီကျော်လောက်မှာ ကျောက်ဆည်မြို့ထဲ ပြန်ဝင်လာခဲ့ ကြပါတယ်…

စာရေးသူတို့ကို ညနေစာတအိမ်က ဖိတ်ထားပါသေးတယ်… သူတို့ကို ညနေ၄နာရီမှာ လာခေါ်ခိုင်း ထားတာပါ… စာရေးသူတို့လည်း အချိန်အတော် လင့်နေလို့ ဆိုင်ကယ်ကို ဒုန်းစိုင်းမောင်းလာခဲ့ကြပါတယ်… ဆိုင်ကယ်နဲ့လိုက်ပို့ပေးကြတယ် ဂျီတီစီကျောင်းသားတွေကလည်း သူတို့ကျောင်းကို ပြချင်သေးတယ်ဆိုပြီး အိမ်မပြန်ဖြစ်သေးဘဲ စက်မှုတက္ကသိုလ်ကို လာခဲ့ကြပါတယ်… စက်မှုတက္ကသိုလ်မှာ အမှတ်တရဓာတ်ပုံတွေ ရိုက်ပြီး ပြန်လာကြပါတယ်… အိမ်ပြန်ရောက်တော့ ၆နာရီ ၄၀ဖြစ်နေပြီ… လာခေါ်တဲ့သူတောင် ပြန်သွားပြီ နောက်မှ လာခေါ်မယ်ပြောပါတယ်… နောက်ကျ နေမှာစိုးလို့ စာရေးသူတို့ လာခေါ်တဲ့သူမစောင့်တော့ပဲ ဇရပ်ဖြူကျေးရွာကို လာခဲ့ကြပါတယ်… ရောက်ခါနီးမှာပဲ လာခေါ်တဲ့သူနဲ့တွေ့ပြီး အိမ်ရှာစရာ မလိုတော့ဘဲ ဇရပ်ဖြူကျေးရွာလေးကို ရောက်ခဲ့ပါတယ်… အဲဒီမှာ ခံတွင်းအတွေ့ဆုံးက ပြောင်းဖူးပြုတ်နဲ့ သဘောင်္သီးပါပဲ… ပြောင်းဖူးကလည်း တအားကို ချိုနေတာပဲ… သင်္ဘောသီးကတော့ သူတို့တောမှာ စိုက်ထားတဲ့အပင်က သီးတာတဲ့လေ… မနက်ဖြန်မပြန်ခင် တောကိုအလည် လာခေါ်မယ် ပြောတယ်… စာရေးသူတို့လည်း ဇရပ်ဖြူက ပြန်ထွက်လာတော့ လမ်းမှာ အသိတယောက်နဲ့တွေ့တော့ ဟိုဘက်ရွာမှာ အလှူအောင်ပွဲ ပွဲရှိတယ် တဲ့လေ… စာရေးသူတို့လည်း မရောက်ဘူးလို့ သွားကြည့်ရအောင်ဆိုပြီး ပွဲရှိတဲ့ရွာကို ဆိုင်ကယ်ဆီဖြည့်ပြီး ထွက်လာကြပါတယ်… ရွာပွဲခဏကြည့်မယ် ဆိုပြီး စောင့်လိုက်တာ ၈နာရီထိုးသွားပါပြီ ဒါပေမဲ့ ပွဲက မထွက်သေးဘူး… ပွဲခင်းထဲမှာ ပြဿနာတက်တာကတော့ စာရေးသူပါပဲ… စာရေးသူမှာက အစာအိမ်ရောဂါ ရှိတယ်လေ ဒီနေ့တနေကုန် မစားမဖြစ်စားရတဲ့ အားနာစာတွေနဲ့ ညနေစာစားတာတောင် အိမ်ရှင်တွေမသိအောင် ဘေးကနှစ်ယောက်ကို ထမင်းတွေထည့်ပေးပြီး နှစ်လုပ်ပဲစားခဲ့တာ… ခုချိန်မှာတော့ ချွေးစေးတွေ ထွက်ပြီး ဗိုက်တအားအောင့်နေပြီ… အရင်ဆို ဆေးက သွားလေရာပါပေမဲ့ ဆေးကတည်းတဲ့အိမ်မှာ ကျန်ခဲ့တယ်လေ… ပြေးဝယ်စရာဆိုင်ရယ်လို့လည်းမရှိ ချွေးစေးတွေထွက်လို့ သုတ်ဖို့ တစ်ရှုးတောင် မရောင်းကြဘူး… သယ်ရင်းကလည်း တအားကြည့်ချင်နေ နောက်ဘယ်လိုမှ မရတော့လို့ ၉နာရီလောက်မှာ ပြန်လာကြပါတယ်… အိမ်ပြန်ရောက်တယ် ဆိုရင်ပဲ ဆေးသောက်ပြီး ခဏနားနေလိုက်ပါတယ်… မနက်ဖြန် ၅နာရီကားနဲ့ပြန်မှာမို့ မနက်လည်း သွားစရာတွေကရှိပြန်တော့ အထုပ်အပိုးတွေကို ပြင်ဆင်ပြီးချိန်မှာတော့ မနက်တနာရီထိုးနေပြီ… ပင်ပန်းစွာနဲ့ပဲ အိပ်ပျော်သွားပါတော့တယ်…

မနက်၈နာရီမှာ အိပ်ယာထပြီး ရန်ကုန်ပြန်ဝယ်သွားဖို့ ပြောင်းဖူးတွေ ဈေးထဲကို ဆိုင်ကယ်နဲ့သွားဝယ်ပြီး ၁၀နာရီလောက်မှာ တောကိုလိုက်သွား ကြပါတယ်… လယ်ကွင်းစိမ်းစိမ်းတွေထဲကို ဖြတ်လျှောက်ပြီး စာရေးသူတို့သွားလိုတဲ့ တောကိုရောက်ခဲ့ပါတယ်… ကွမ်းခြံမှာ ကွမ်းရွက်ခူးနေတာကိုလည်း တွေ့ခဲ့ရတယ်… သင်္ဘောသီးတွေကို ရန်ကုန်လက်ဆောင်အဖြစ် အပင်က ခူးပေးလိုက်ပါတယ်… ၁၂နာရီထိုးခါနီးမှာ အိမ်ပြန်ရောက်ခဲ့ပြီး ခရစ်ယာန်ဝင်းက အသိအိမ်တွေကို လိုက်ပြီးနှုတ်ဆက်ကြပြီး အိမ်ကိုပြန်ရောက်လာ ကြပါတယ်… သယ်ရင်းအမေကလည်း ပြန်မှာမို့ ထမင်းမစားနိုင် စာရေးသူတို့လည်း ငိုချင်သလို ရယ်ချင်သလိုနဲ့ တမျိုးကြီးနဲ့မို့ ထမင်းမစားနိုင်ကြပါဘူး… တအိမ်လုံးလည်း တိတ်ဆိတ်လို့နေပါတယ်… စာရေးသူလည်း စိတ်ထဲမကောင်းပေမယ့် ရယ်စရာတွေ လျှောက်ပြောရင်း အချိန်တွေကို ကုန်ဆုံးလိုက် ပါတယ်… ကားဂိတ်ကို တနာရီကြိုရောက်ရမှာမို့ ညနေ၄နာရီမှာ ကားဂိတ်ကိုထွက်ခဲ့ကြပါတယ်… ကားဂိတ်မှာ ရွာကလူတွေလည်း လိုက်ပို့ကြတာမို့ ကားဂိတ်မှာ လူတွေများလို့နေပါတယ်… အားလုံးလည်း တိတ်ဆိတ်လို့ နေပါတယ်… တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာကတော့ “အမယ်လေး အေးလိုက်တာ” “အန်တီ သင်္ကြန်အကြို ရေလောင်းရင်း အားလုံးကို နှုတ်ဆက်တာပါ” စာရေးသူအစပြုရင်း သူလောင်းလိုက် ကိုယ်လောင်းလိုက်နဲ့ အသံတွေ ဆူညံသွားပါတော့တယ်…

ပြီးတော့ ပြန်လည်တိတ်ဆိတ်လို့သွားပါတယ်… ငြိမ်ကျသွားတဲ့ လူအုပ်ကြီးကို လှုပ်လှုပ်ရွရွဖြစ်စေတာက “မန္တလေး-ရန်ကုန် နယူးမန္တလာထွန်း ခရီးသည်များ မကြာမီအချိန်အတွင်း ကားရောက်တော့မည်ဖြစ်ပါ၍ ခရီးသည်များ သတ်မှတ်နေရာတွင် နေပေးကြပါရန် နှိုးဆော်အပ်ပါသည်”ဟု အော်လံနဲ့ အော်နေတဲ့ ဂိတ်မှူးကြီးရဲ့ အသံပါပဲ… ကားဝင်လာတယ်ဆိုရင်ပဲ ပစ္စည်းတွေတင် နေရာတွေချပြီး ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီး လိုက်ပို့တဲ့ သူတွေကို လက်ပြနှုတ်ဆတ်ရင်း တဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးလာခဲ့ပါတယ်… အလာတုန်းက ဆူညံနေကြတဲ့ စာရေးသူတို့အုပ်စုရဲ့အသံကလည်း တိတ်ဆိတ်လို့နေပါတယ်… အတွေးကိုယ်စီနဲ့ စကားမပြောနိုင်လောက်အောင် ၀မ်းနည်းနေမိပါတယ်… ရင်ထဲမှာ ပူလောင်နေသလို ကားကလည်း ပူလောင်နေပါတယ်… အဲလ်ကွန်းမရလို့ပါ… မိတ္ထီလာရောက်ချိန်မှာတော့ ချောင်ချိနေတဲ့ကားက လူပြည့်လုနီးပါးရှိနေပြီ… အဲလ်ကွန်းကလည်း တစက်မှမရ ကိုးရီးယားချွေးထုတ်ခန်းထဲ ပို့ထားသလိုပါပဲ… ဒါ့ပြင် နေပြည်တော်မှာ ကားပျက်ပါသေးတယ်… စာရေးသူတို့စီးလာတဲ့ကားက ပထမထွက်တဲ့ကားပါ… နောက်ဆုံး ကားတွေတောင် ကျော်တက်သွားပါပြီ… စာရေးသူတို့ကားက မရသေးဘူး… အတော်လေး စိတ်ညစ်သွား ခဲ့ပါတယ်… လာတုန်းက နယူးမန္တလာထွန်းက အဆင်ပြေလို့ လာတဲ့ကားနဲ့တင် ဘိုကင်တင်ထားလိုက်တာ… ဘယ်လိုဖြစ်တယ်မသိ တလမ်းလုံးကို အဆင်မပြေဘူး… ပိုက်ဆံပေးပြီး စီးရတာချင်းအတူတူ စိတ်ပျက်မိပါတယ်… ကားတုန်းက ကားဆရာနဲ့ ကားပျက်တဲ့နေရာမှာ တွေ့ပါတယ်… သူတို့က အချင်းချင်း ကူညီကြဖို့ ကားရပ်ပြီးမေးလို့တွေ့တာပါ… စာရေးသူလည်း သွားရန်တွေ့လိုက်ပါသေးတယ်… ဘိုကင်တင်ခိုင်းထားတာ ဘာလို့ မတင်ပေးထားတာလဲ၊ မတင်ရသေးဘူးပြောတယ်ဆိုတော့ တင်ပေးထားပါတယ်တဲ့ သူတို့ကားနဲ့ ပြန်ပါအောင် ပြင်ဦးလွင်-ရန်ကုန်နဲ့တဲ့လေ… စာရေးသူတို့မှ မသိတာ ပြောလက်စနဲ့ complaint တက်ခဲ့ပါ သေးတယ်… ရှင်တို့ဘော့စ်ကို ဒီလိုကားစုတ်တွေ မထားပါနဲ့လို့ ပိုက်ဆံပေးပြီး စိတ်ညစ်ရတယ်လို့… မိနစ်၄၀လောက်ကြာပြီးတော့ ကားပြန်ရပါတယ် စာရေးသူမှန်းလိုက်တာက ရန်ကုန်ကို ၈-၉လောက်မှ ရောက်မယ်ပေါ့… ဒါပေမယ့် လမ်းမှာ သုံးခါလောက်ရက်တဲ့ကားက တောက်လျှောက်မရပ်တော့ပါဘူး… ပဲခူးရောက်မှပဲ မျက်နှာသစ်ဖို့ ရပ်ပါတယ်… ပဲခူးရောက်တော့ ၆နာရီဝန်းကျင် ရန်ကုန်ကို ၇နာရီကျော်ကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်… ဘယ်တော့မှ ဒီခရီးလေးကို မေ့လို့ရတော့မှာ မဟုတ်ပါဘူး… တောရွာလေး တွေကို အမှတ်ရရင်း သူတို့တွေရဲ့ နွေးထွေးတဲ့မေတ္တာ၊ ရင်းနှီးဖော်ရွှေမှု၊ မြူမှုန်ကင်းတဲ့ မာန်မာန၊ အားလုံး အားလုံးကို နှလုံးသားထဲတွင် စွဲမှတ်ထင်လျက်…

No comments: