Pages

Thursday, April 12, 2012

၂၀၁၂ သင်္ကြန်အကြိုနေ့

“အတာကူးတဲ့ တန်ခူးလချိန်ခါ နှစ်ကူးသင်္ကြန်မှာ သူလေးနဲ့တွေ့ရပုံမှာ မေ့လည်းမမေ့နိုင်စရာ...” သီချင်းအစား “ကိုကြီးကျော် ကိုကြီးကျော် ကျော်ကျော်ကျော်ကျော် တို့ကိုကြီးကျော်...”ဆိုတဲ့ ဟိုဘက်ရပ်ကွက်က ဖွင့်ထားတဲ့ သီချင်းသံနဲ့အတူ အိပ်ရာက နိုးလာခဲ့ပါတယ်။ အင်း ကိုကြီးကျော်လည်း တောင်ပြုံးချိန်ပဲ မြူးရတာ ပျင်းနေတယ်ထင်ပါတယ်လို့ စိတ်ထဲက ညဉ်းနေမိတယ်။ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး မနက်ခင်းလုပ်စရာရှိတာတွေ အစသတ်လိုက်ပြီး မနက်စာစားလိုက်တယ်။ အဲ့အချိန်ထိ ကိုကြီးကျော်က ကိုကြီးကျော်တုန်း... :)
သိကြားမင်းကို အတာအိုးနဲ့ ကြိုတယ်... ခုချိန်ထိ ဘာကြောင့် အတာအိုး (ခုနစ်နေ့နံပါတဲ့ အညွှန့်တွေနဲ့ သင်္ကြန်ပန်း)တွေနဲ့ ကြိုရတယ်ဆိုတာ မီးလေးတကယ်ကို မသိသေးဘူး... ငယ်ငယ်တုန်းက သူများတွေ သိကြားမင်းဆင်းမယ်ပြောတော့ မေမေ့ကို သိကြားမင်းက ဘယ်လိုဆင်းတာလည်း မေးခဲ့ဖူးတယ်... အဲ့တုန်းက မေမေက မနက်ဖြန် ဆင်းမှာ လေဆိပ်မှာ ဦးခင်ညွှန့်တို့ သွားကြိုမယ်လို့ ပြန်ဖြေတော့ သိကြားမင်းဆိုတာ လေယာဉ်နဲ့ဆင်းလာတဲ့ ပုဂ္ဂိုလ်ပါလားလို့ ထင်ခဲ့ဖူးပါတယ်... ခုချိန်ထိ သိကြားမင်းက ဘယ်ကိုဆင်းပြီး ဘယ်မှာတည်းတယ် မသိသေးပါဘူး... တည်းတဲ့နေရာများသိရင် လက်တို့ကြပါဦး မြင်ဖူးချင်လို့ပါ... :))
ပြောရင်းနဲ့ စကားတွေက ချော်တောငေါ့နေပြီ ပြန်တည့်ဦးမှ။
သိကြားမင်းကြိုတဲ့ အတာအိုး

သင်္ကြန်အပြင်မထွက်ဖြစ်ပေမယ့် Facebook ပေါ်လေး တက်လိုက်ဦးမှဆိုပြီး Facebook ပေါ်ရောက်တော့ ရေလောင်းတဲ့ လူတွေနဲ့တိုးလို့ ရွှဲပါကောလား... :P အဲ့အချိန်ထိလည်း ဟိုဘက်ရပ်ကွက်က ကိုကြီးကျော်ပဲ... :(( ကြာတော့ အဲ့နားကလူတွေတော့ မသိဘူး မီးလေးတော့ နားထောင်ရတာ နားငြီးလာပြီ... ကိုကြီးကျော်လည်း တော်တော်မူးနေလောက်ပြီ... Facebook ပေါ်မှာလည်း ရန်ကုန်သင်္ကြန်၊ မန်းသင်္ကြန်၊ တာချီလိတ်သင်္ကြန်၊ ရခိုင်ရိုးရာသင်္ကြန် ဓာတ်ပုံတွေ အစုံတက်လာကြပြီ။ ဓာတ်ပုံတွေကြည့်ရင်း ပျော်နေတဲ့သူတွေရဲ့ အပျော်က ကျွန်မဆီ တစိမ့်စိမ့်စီးဝင်လို့ လာပါသည်...
ကျွန်မကိုယ်ကျွန်မ ၀န်ခံရပါဦးမည်... ကျွန်မသည် ခပ်ညံ့ညံ့မိန်းမတစ်ယောက် ဖြစ်သည်... အဘယ်ကြောင့်ဆိုသော် မြန်မာ့ရိုးရာသင်္ကြန်ဆိုသည်မှာ မြို့တော်ဝန် မဏ္ဏပ်နှင့်တကွ မြန်မာ့အသံ၊ မြ၀တီစတဲ့ ဖျော်ဖြေရေး ရုပ်သံလိုင်းတွင်သာ ရှိသည်ဆိုတာ ကျွန်မ မသိခဲ့။ ကိုယ့်မဏ္ဏပ် လူဝင်ဖို့အတွက် ပိုက်ဆံပေးပြီး ငှားတဲ့ကောင်မလေးတွေ ကဖော်ကချွတ်နဲ့ တက်ကရတယ်ဆိုတာ ကျွန်မ မသိခဲ့ရိုးအမှန်ပါ။ ကျွန်မနည်း ကျွန်မဟန်နဲ့ စဉ်းစားကြည့်မိပါသည်... အဲ့လို မငှားရင်ကော မဏ္ဏပ်က လူမ၀င်တော့ဘူးလား... ရေကစားမဏ္ဏပ်သို့ လာသူ အများစုသည် ရေကစားရန်သာ လာကြပါသည်... ရေကစားချင်လို့ကို ပိုက်ဆံ အကုန်ခံပြီး ရေပက်ကြသည်... ရေပက်နေသောသူများသည် ကဖော်ကချွတ်နှင့် ကနေသော မိန်းကလေးအား လှည့်မကြည့်အားပေ... မူးနေသော အချို့သော သူများသာ ကြည့်ကြသည်...
ကဖော်ကချွတ်နဲ့ ကနေသော မိန်းကလေးအား အပြစ်မဆိုသာ သူပိုက်ဆံရလို့ သူတက်ကတာလေ... မဏ္ဏပ်တာဝန်ခံမှာသာ တာဝန်ရှိသည်... တနှစ်ထက်တနှစ်ပိုဆိုးလာသောကြောင့် ၀ိုင်းဝန်းထိန်းသိမ်း သင့်သည်ဟု ထင်မိပါသည်.... မြန်မာ့ရိုးရာအတာရေသဘင် ပွဲတော်လည်း ကွယ်ပျောက်လုနီးပြီ...
နောက်တခု ပိုက်ဆံပေးပြီး ကားပေါ်ခေါ်တင်ကြတာက ရှိသေးသည်...
သင်္ကြန်ဆိုတာ အရက်၊ ဘီယာရောင်းပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါသည်... တော်တော်များများ မူးရူးကွဲပြဲနေကြသည် ညနေခင်းဆို ပိုဆိုးသည်... ကစော်သောက်ထား၍ ပြဿနာဖြစ်လွယ် ရန်ဖြစ်လွယ်သည့်အပြင် ကား accident များလည်း ဖြစ်လွယ်သည်... တစ်နှစ်တစ်ခါ အရက်ဘီယာကြော်ငြာများလည်း အကြီးအကျယ် ကြော်ငြာကြသည်... တခြားအချိန်တွေက ပေးမှ  မကြော်ငြာဘဲ... ဒါတောင် နည်းမျိုးစုံနဲ့ ကြော်ငြာတွေ့နေရသေးသည်... ကျွန်မ မသိသေးတဲ့ အကြောင်းတော်တော်များများ ကျန်ပါသေးသည်... ဒီနေ့တော့ ဒီလောက်နဲ့ တော်သင့်ပြီလို့ မျက်ခွံတွေက အချက်ပြနေလေပြီ...
သင်္ကြန်မှာ ပျော်တာလည်း ပျော်ကြတာပေါ့ ဒါပေမဲ့ ကိုယ့်အန္တာရာယ်လည်း ကိုယ်ကြည့်ပြီး ပျော်ကြပါ... ၂၀၁၀ သင်္ကြန်မှာ ဖြစ်ပျက်ခဲ့ကြတာတွေ မမေ့ကြပါနဲ့... နှစ်ဟောင်းက စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေအားလုံး သင်္ကြန်ရေနဲ့အတူ ဆေးကြောလိုက်ပြီး နှစ်သစ်မှာ အေးချမ်းသာယာစွာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

(((((((((((((((((((( ဗွမ်းးးးးးးးးးးးးးးးးးးးးးး ))))))))))))))))))))))))))))
စာလာဖတ်တဲ့သူ အကုန်လုံးကို ရေလောင်းလိုက်ပြီ... :)

No comments: