Pages

Tuesday, August 5, 2008

မီးလေးဧပရယ်ခရီးသွားမှတ်တမ်း-၆

ညနေ ၁နာရီခွဲလောက်မှာ ရထားကြီးဟာ ဘ၀သံသရာ တံတားကြီးကို ဖြတ်သန်းရောက်ရှိလို့ လာခဲ့ပါတယ်။ တံတားကြီးကို စတင်ဖြတ်မယ့်နေရာကနေ တံတားကြီးအရှည်ကို လှမ်းကြည့်မယ်ဆိုရင် ကြောက်စရာကောင်း ပါတယ်။ တောင်ပေါ်ကနေ တောင်အောက်ကို ဆင်းဖို့ ဆောက်ထားတဲ့တံတားကြီးကို တဖြည်းဖြည်းနဲ့ ဆင်းလာလိုက်တာ အပေါ်ပြန်ကြည့်လိုက်တော့ တံတားကြီးဟာ ကိုယ့်ရဲ့အပေါ်မှာလည်းရှိနေတယ် အောက်မှာလည်း ရှိနေပြန်ပါတယ်။ ဒီတံတားကြီးကို တည်ဆောက်ထားတဲ့ အင်ဂျင်နီယာတွေကို လေးစားဂုဏ်ယူ မိပါတယ်။ တံတားကိုသာ ရထားဖြတ်လာပေမယ့် မြေပြန့်မှာ သွားနေတဲ့ အတိုင်းပါပဲ ဘာမှမသိသာပါဘူး။
ညနေ၂နာရီခွဲလောက်မှာ ရွှေညောင်ကို ရောက်ရှိခဲ့ပါတယ်။ ဟိုတယ်မှာ ရေမိုးချိုး အနားယူကြပြီး အိပ်ယာဝင်ခဲ့ ကြပါတယ်။ မနက် ၇နာရီမှာ ကားငှားပြီး ညောင်ရွှေကို ခရီးဆက်ခဲ့ပြန်ပါတယ်။ ညောင်ရွှေမှာ တခါသုံး ကင်မရာ ၀ယ်လို့ရမဲ့ နေရာမေးပြီး လျှပ်စစ်ပစ္စည်းဆိုင်ကို သွားဝယ်တော့ ဖလင်နဲ့ရိုက်တာတွေပဲရှိတယ်။ ခရီးစဉ်က ရှိသေးတော့ ၁သောင်းခွဲတန် ကင်မရာနဲ့ ဖလင်လိပ်ဝယ်ပြီး သမ္ဗာန်ဆိပ်ကို လာခဲ့ကြပါတယ်။ ထိုမှထွက်လာတဲ့ အချိန်မှာတော့ ရေပေါ်မှာဆောက်ထားတဲ့ ခြေတန်ရှည်အိမ်လေးတွေ၊ သမ္ဗာန်တွေနဲ့ ဈေးရောင်းတာ တွေ့ကြရပြီး သမ္ဗာန်အချင်းချင်း ရေလှမ်းပက်ပြီး စနောက်နေကြပါတယ်။ ရေပေါ်မှာ အပင်တွေစိုက်ထားတာကို ထူးခြားစွာတွေ့ရပြီး အမျိုးသမီးတွေ ခြေထောက်နဲ့ လှေလှော်နေတာတွေကိုလည်း တွေ့မြင်ကြရပါတယ်။ နောက်အထူးခြားဆုံး တခုကတော့ အင်းထဲရောက်တာနဲ့ ၀ါနေတဲ့ရေတွေဟာ ရေမှော်တွေမြင်ရတဲ့အထိ ရေကြည်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ရေ၀ါတခြမ်း ရေကြည်တခြမ်း ကန့်ထားသလိုပါပဲ။ စာရေးသူတို့ မြင်ဘူးတာက ဆည်တွေသာ ရေတံခါးကျော် လိုက်တာနဲ့ နောက်နေတဲ့ရေတွေဟာ ကြည်လာတာကိုပဲ တွေ့ဖူးတာပါ။ ခုဟာက သဘာဝဖြစ်လာတာ အရမ်းကို အံ့သြဖွယ်ကောင်းတဲ့ အင်းအလှကို ကိုယ်တိုင် ခံစားခဲ့ရပါတယ်။

နေ့လည်၂နာရီခွဲမှာတော့ အင်းလေးမှ ပြန်လာပြီး ညောင်ရွှေမှတဆင့် တောင်ကြီးကို ဆက်တက်လာခဲ့ ကြပါတယ်။ စာရေးသူက တောင်ကြီးကို ရောက်ဖူးချင်တာ အတော်ကြာခဲ့ပါပြီ ခုလိုလာရတဲ့အတွက်လည်း အရမ်းကို ကြည်နူးပျော်ရွှင် မိပါတယ်။ တောင်ကြီးကို ရောက်တယ်ဆိုရင်ပဲ တည်းဖို့စီစဉ်ပြီး လက်ထဲမှာလည်း ပိုက်ဆံသိပ်မကျန်တော့လို့ ဘဏ်ကို ၃နာရီခွဲအမှီ ပြေးခဲ့ရပါသေးတယ်။ ဘဏ်က ပြန်လာပြီး ဟိုတယ်ပြန်ရောက်တယ် ဆိုရင်ပဲ မိုးတွေ သည်းထန်စွာ ရွာသွန်းပါတော့တယ်။ အပြင်မသွားကြတော့ဘဲ ရေမိုးချိုးပြီး အနားယူကြပါတယ်။ မိုးတိတ်သွားတယ်ဆိုရင်ပဲ ခုနစ်ရောင်စဉ်သက်တန့်က တောင်တွေကြားမှာ လှပခန့်ညားစွာ ထိုးထွက်လို့နေပါတယ်။ တောင်တွေကြားက သက်တန့်က တောင်ကြီးမြို့အလှကို ပို၍ခန့်ညားထည်ဝါစေပါတယ်။ ပြီးတော့ ဆိုင်ကယ်အချို့ရဲ့ ဒီဇိုင်းတွေကလည်း အရမ်းကို နှစ်ကြိုက်မိပါတယ်။ စာရေးသူက ဆိုင်ကယ်စီးရတာကို အရမ်းသဘောကြပါတယ်။ ဒီဇိုင်းဆန်းဆန်းလေးတွေကလည်း စာရေးသူရဲ့စိတ်ကို ဖမ်းစားထားပါတယ်။ ဆိုင်ကယ်စီးခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိတယ်လို့လည်း ထင်တယ်လေ။ ဒါပေမယ့် ရန်ကုန်မှာ ဆိုင်ကယ်မှမစီးရတာနော်လေ… ၆နာရီလောက် မိုးတိတ်သွားတော့ ညစာစားဖို့ ထွက်လာခဲ့ကြပါတယ်။ ညစာစားကြပြီး ဈေးဆိုင်တွေ လျှောက်ကြည့်ကြပါတယ်။
နောက်နေ့မနက်၇နာရီမှာတော့ လိုက်ပို့ပေးမဲ့ တောင်ကြီးသူ/သား ၃ယောက်လာခေါ်ပါတယ်။ တောင်ကြီးမှာရှိတဲ့ ဘုရားအစုံကို လိုက်ပို့ပေးပါတယ်။ တောင်ပေါ်မှာကြည့်တဲ့ တောင်ကြီးမြို့ရဲ့ အိမ်တွေ၊ အဆောက်အဦတွေဟာ လှေကားထစ်ပုံစံ အထပ်လိုက်ရှိကြပါတယ်။ တောင်ကြီးမြို့ဟာ သူဌေးမြို့မှန်း ပြောစရာမလို အိမ်တွေကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ဘုရားတွေဖူးပြီးတော့ တောင်ကြီးမြို့ပန်းခြံနဲ့ တိရစ္ဆာန်ဥယျာဉ်ကို သွားခဲ့ကြပါတယ်။ တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်တွေအများကြီးတော့ မရှိပါဘူး။ ရာသီဥတု အပြောင်းအလဲကြောင့် တော်တော်များများ သေကုန်ကြတယ်လို့ ပြောပါတယ်။ စာရေးသူတို့ သွားတုန်းကတော့ ၀က်ဝံတကောင် နေမကောင်းနေလို့ အနားတောင် ပေးမသွားပါဘူး။ ယုန်လေးတွေတော့ အတော်များများရှိပါတယ်။ အဲကမှ ဆက်သွားလိုက်ရင် ကြိုးတံတားကို ရောက်ပါတယ်။ ကြိုးတံတားက အတော်လေးမြင့်ပါတယ်။ ကြိုးတံတားပေါ်ကနေ မြွေလိမ်မြွေကောက် ကားလမ်းမကို လှမ်းမြင်ရသလို ရှုခင်းတွေကလည်း အင်မတန်မှလှပပါတယ်။ ရန်ကုန်မှာ လူဦးရေထူထပ်ပြီး လေကောင်းလေသန့်ရဖို့ဆိုတာ မလွယ်လှပါဘူး။ ခုလိုတောင်ကြီးမြို့ရဲ့ သဘာဝရှုခင်းတွေကို ကြည့်ရင်း လေကောင်းလေသန့်ရှု ရတာလည်း အရမ်းကို စိတ်ချမ်းသာလှပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် စာရေးသူ တောင်ကြီးမြို့ကတောင် မပြန်ချင်ပါဘူး။ လိုက်ပို့ပေးတဲ့ တောင်ကြီးသူတွေက မီးပုံးပျံလွှတ်ပွဲမှာ အရမ်းကို စည်တဲ့အကြောင်း၊ လာလည်ကြဖို့ ဖိတ်ခေါ်ကြောင်း ပြောပါတယ်။ စာရေးသူတို့လည်း ပြန်ဖို့အချိန် နီးကပ်ပြီမို့ နှုတ်ဆက်ထွက်ခွာရင်း အောင်ပန်းကို ခရီးဆက်ခဲ့ကြပါတယ်။

No comments: