Pages

Tuesday, August 5, 2008

မီးလေးဧပရယ်ခရီးသွားမှတ်တမ်း(ဇာတ်သိမ်း)

အောင်ပန်းက အသိအိမ်မှာ တည်းကြပြီး ထိုအိမ်နားမှာ ရှင်ပြုအလှူတခုနဲ့ ကြုံခဲ့ရပါတယ်။ ရှမ်းအိုးစည် သံကြားလို့ သွားထွက်ကြည့်တော့ အလှူ့ရှင်အိမ်ကို အဖွဲ့လိုက် အဖွဲ့လိုက် ရှမ်းရိုးရာအက ကကြပြီး ဆုတောင်းပေးကာ အလှူရှင်မှ ဆုချီးမြှင့်ပါတယ်။ အလှူရှင်က မမောမပန်းနိုင်ဘဲ ရှမ်းလွယ်အိတ်ကြီးလွယ်ကာ ကတဲ့အဖွဲ့တိုင်း လိုက်ကခြင်းကို ကြည့်ခြင်းဖြင့် သူ့ရဲ့ပီတိကို ခံစားလို့ရနိုင်ပါတယ်။ စာရေးသူတို့လည်း မနက်ဖြန် ခရီးဆက် ရဦးမှာမို့ ပြန်လာခဲ့ကြပါတော့တယ်။

မနက်၅နာရီ အိပ်ယာထပြီး အပြင်ထွက်လိုက်တယ်ဆိုရင်ပဲ ချမ်းစိမ့်တဲ့ လေနုအေးက စီးကြိုနေပါတော့တယ်။ ရန်ကုန်မှာဆို ကြောကွဲအောင် ပူနေမှာပဲလို့လည်း တွေးမိပါတယ်။ ပင်းတယသွားတဲ့ လမ်းတလျှောက် အေးလို့ အနွေးထည်တောင် ၀တ်ထားရပါတယ်။ ကုံလုံဆရာတော်ဘုရား ရုပ်ကလာပ်တော်ကိုလည်း ၀င်ရောက် ဖူးမျှော်ပြီး ပင်းတယလှိုဏ်ဂူုကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ပင်းတယလှိုဏ်ဂူထဲမှ ဘုရားအဆူပေါင်း များစွာတို့သည်လည်း လွန်စွာမှ ကြည်ညိုဖွယ်ကောင်းလှပါတယ်။ ဈေးဆိုင်တန်းများမှ လက်ဘက်၊ ရှမ်းပဲပုပ်နှင့် ရေနွေးကြမ်းများ ခေါ်တိုက်ကြပါတယ်။ စာရေးသူတို့လည်း ၀င်သောက်ရင်း လက်ဆောင်ပေးဖို့ ၀ယ်ကာ ပြန်လာကြ ပါတယ်။ ထိုမှတဖန် ကလော နှီးဘုရားသို့လည်း သွားရောက်ဖူးမျှော်ပြီး၊ မြင်းမထိလှိုဏ်ဂူသို့လည်း သွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။

ထို့နောက် အောင်ပန်းသို့ပြန်လာပြီး မိတ္ထီလာကားစီး၍ သာစည်သို့ ညနေ ၄နာရီခွဲမှာ ပြန်လာကြပါတယ်။ လမ်းတလျှောက် စာရေးသူလည်း ဘုရားစာ အတော်များများ ရွတ်ဖတ်ပွားများခဲ့ရပါတယ်။ အကြောင်းက လမ်းကလည်းကြမ်း၊ ပတ်ပတ်လည် ကလည်း တောင်တွေကြီး မြေပြန့်ဆိုတာ နတ္ထိ မြင်ရဖို့ကို ဝေးရော ကားဖြတ်သွားရင်း နောက်ကဖုန်တွေ အလိပ်လိုက်တက်လာပြီး အနောက်ကိုတောင် မမြင်ရပါဘူး။ အချို့နေရာတွေမှာတော့ လမ်းပြင်တာတွေကို တွေ့ရပါတယ်။ တောင်ပေါ်တက်လိုက်၊ တောင်အောက် ဆင်းလိုက်နဲ့ မျက်စိတဆုံး တောင်တွေကြီးပါပဲ။ ကားပေါ်ပါလာတဲ့ တချို့ခရီးသည်တွေကလည်း ဟိုနေ့ကမှ သားအဖနှစ်ယောက် ကားပေါ်က ပြုတ်ကျပြီး ဒီနားမှာ သေထားတာ၊ ရန်ကုန်-တောင်ကြီးကား ဘယ်ရက်က ချောက်ထဲပြုတ်ကြတာနဲ့ စာရေးသူရဲ့ မျက်နှာ ဇီးရွက်လောက်ပဲ ရှိတော့တယ်။ ကားကလည်း မောင်းတဲ့နှုန်းက ဖြူးနေတဲ့ လမ်းကို မောင်းနေတဲ့အတိုင်းပဲ။ လမ်းကလည်း ဆိုးဆိုတော့ စဥ်းစားသာကြည့်ပါတော့။ ရထားနဲ့ သွားတုန်းကတော့ ဘာမှန်းတောင်မသိလိုက်ဘူး။ လမ်းမှာ တောမီးလောင်နေတာလည်း တွေ့ခဲ့ရတယ်။ ည၈နာရီလောက်မှာ လက်ဘက်ရည်ဆိုင်တခုမှာ ကားရပ်နားပြီး ဆက်လက် ထွက်ခွာလာခဲ့ ကြပါတယ်။

နေရာတော့ မသိတော့ဘူး နားတဲ့နေရာထိ တောင်တွေ မကုန်သေးပါဘူး။ ဘုရားငါးဆူရောက်မှပဲ မြေပြန့်ကို မြင်ရပါတယ်။ ဘုရားငါးဆူပြီးရင်ပဲ သာစည်မြို့ကို ည ၉နာရီခွဲမှာ ပြန်ရောက်ပါတယ်။ နောက်နေ့မနက်၈နာရီမှာ ဆိုင်ကယ်နဲ့ သာစည်မှာရှိတဲ့ ဘုရားသို့ သွားရောက်ဖူးမျှော်ပြီး မိတ္ထီလာသို့သွားကာ မိတ္ထီလာကန်ကြည့်ပြီး ပြန်လာကြပါတယ်။ နောက်နေ့ တရက်နားပြီး ၂၇ရက်နေ့ မနက် ၇နာရီ ၄၅ရထားနဲ့ ရန်ကုန်သို့ ပြန်လာကြ ပါတယ်။
ဖြူးမြို့အလွန်ဘူတာမှာ ရထားပျက်ပါတယ်။ ပျက်တဲ့အတွဲကို ၄င်းဘူတာမှာပဲ ချန်ထားခဲ့ဖို့ စီစဉ်ကြပါတယ်။ ပျက်သွားတဲ့အတွဲက စားသောက်ခန်းတွဲပါ။ ခရီးသည်တော်တော်များများက ပျက်မှာပေါ့ မတရားယူတာကိုး ရေသန့်တဗူး ၄၀၀ဆိုပြီး ၅၀၀တန်ပေးရင် နောက်မှယူဆို ပြန်မအမ်းတော့ဘူး မင်းတို့ကောင်တွေ ကျန်ခဲ့တာအေးရောလို့ မကျေမနပ်ပြောကြပါတယ်။ ထိုဘူတာမှာ ၄၅မိနစ်လောက်ကြာပြီး ဆက်လက်ထွက်ခွာ လာပါတယ်။ စာရေးသူတို့ပဲ ကံဆိုးတာလား မသိပါဘူး။ ပဲခူးဘူတာ ၀င်ကာနီးမှာ တခါထပ်ပျက်ပါတယ်။ အိမ်တွေလည်းမရှိ မီးရောင်ကလည်း ကားသွားမှသာ မြင်ရတာ။ မှောင်မှောင်ကြီးထဲ ဘေးတဖက် တချက်ကလည်း မြက်ခင်းတွေချည်း အောက်လည်းမဆင်းရဲ နာရီဝက်လောက် ကြာပြီးတော့ ပြန်ကောင်း သွားပါတယ်။ ပုံမှန်ဆို ည၈နာရီ ရန်ကုန်ဘူတာ ၀င်ရမည့်အစား ည ၁၀နာရီမှ ရန်ကုန်ဘူတာကို ရောက်ပါတယ်။ စာရေးသူရဲ့ ဧပရယ်လ်လ ခရီးသွားမှတ်တမ်းလည်း ဒီမှာတင် နိဂုံးချူပ်လိုက်ပါတယ်။

2 comments:

Anonymous said...

မီးလေး.. မီးလေးရဲ့ ခရီါ်သွားအတွေ့အကြုံကို သေသေချာချာ ပြည့်ပြည့်စုံစုံ လေ့လာခံစားခွင့်ရတာ ၀မ်းသာပါတယ်။ မီးလေးရဲ့ အရေးအသားကို ချီးကြူးပါတယ်။ ဖတ်နေရင်းနဲ့ ကိုယ်က စက်ရှေ့မှာထိုင်နေတာမဟုတ်ဘဲ မီးလေးပို့တဲ့နေရာတွေကို မျက်မြင်ရောက်သလိုကိုခံစားရတယ်။
မီးလေးလဲ ခရီးတော်တော်ပန်းသွားပြီနော်...
နောက်လဲပျော်စရခရီးပေါင်းများစွာနဲ့ ဘ၀ခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့....

မင်းကျန်စစ်။ said...

စားသောက်တွဲပျက်တုန်း ရေဘူးသွားခိုးခဲ့သေးတယ် မဟုတ်လားကွ။ မိပြီ မပြေးနဲ့ :)