Pages

Saturday, November 10, 2007

ကထိန်ပွဲကျင်းပကြရာဝယ်

သီတင်းကျွတ်ပြီးနောက် ယခုလမှာဆိုလျှင် လမ်းတိုင်း လမ်းတိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတွင် ပဒေသာပင်များ သီးခြင်းဖြင့် မဟာဘုံကထိန်ပွဲကျင်းပလျက် ကထိန်များခင်းလျက်ရှိပါသည်။ ပဒေသာပင် သီးကြရာဝယ် အဆိုးဝါးဆုံးတစ်ခုမှာ ၀တ္ထူ(ပိုက်ဆံ)များအား ပုံစံအမျိုးမျိုး ပုံဖော်၍ သီးကြခြင်းပဲ ဖြစ်ပါတယ်။ မီးလေးတို့ အပါအ၀င်ပေါ့ လမ်းတွေမှာ ၄င်းတို့ရဲ့ ပဒေသာပင်ကို လှစေချင်ကြတဲ့အတွက် ပုံအမျိုးမျိုး ဖော်ထားတဲ့ ပိုက်ဆံတွေကို ၀ယ်ကြ၊ ကိုယ်တိုင်ပြုလုပ်ကြ၍ သီးကြပါတယ်။
မီးလေးတို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို ကထိန်ခင်းပြီး နောက်နေ့ရောက်သွားချိန်မှာတော့ ဥူးပဇင်းများ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသားလေးများအားလုံး စားပွဲခုံတွေနဲ့ ပတ်ပတ်လည်ဝိုင်းထိုင်ကြပြီး ရေဇလုံ အကြီးကြီးထဲမှာ ခုနက ပြောခဲ့တဲ့ ပုံဖော်ထားတဲ့ ပိုက်ဆံတွေကို ရေစိမ်ထားပြီး ရေ၀သွားမှ ခွာနေကြရတာကို တွေ့ခဲ့ရပါတယ်။ မီးလေးတောင် လုပ်အားဝင်ပေးရင်းတွေးမိတာက နောင်ဆို ခုလိုမျိုးတွေ ၀ယ်မသီး တော့ဘူးလို့ သံဓိဌာန်ချခဲ့တယ်။ နီးစပ်ရာ လူတွေကိုလည်း ၀ယ်မသီးကြဖို့ အသိပေးနိုင်ခဲ့ပါတယ်။
ကိုယ်က အပြင်ပန်းအလှအတွက် ၀ယ်လှူလိုက်ပေမယ့် လက်ခံရရှိတဲ့ ကျောင်းတွေအဖို့ အလုပ်ပိုရှုပ်စေသလို ကရိကထလည်း အလွန်များတာကို တွေ့ခဲ့ရပါတယ်။ မီးလေးလည်း ထိုသို့ကိစ္စများရှောင်နိုင်ခဲ့တာ အလုပ်မ၀င်ခင်အထိပဲ ရှောင်နိုင်ခဲ့ပါတယ်။ အစကတော့ သူများလုပ်တာ ၀ိုင်းကူလုပ်ပေးရုံလောက်ပါပဲ။ ခုတော့ အဲဒီတာဝန်ဟာ လုံးလုံးလျားလျား မီးလေးအပေါ်ရောက်လာတာ ယခုနှစ်ပါနဲ့ဆို ၃နှစ်ရှိခဲ့ပါပြီ။ မလုပ်ချင်ပေမဲ့လည်း ကိုယ့်ကို တာဝန်ပေးထားတာမို့ တစ်နှစ်ထက်တစ်နှစ်ပိုပြီး လှစေဖို့ အရုပ်တွေကို တစ်မျိုးပြီးတစ်မျိုး ပြုလုပ်ခဲ့ ရပါတယ်။ ကော်ကိုတော့ မသုံးပါဘူး ရေစိမ်ခွာရမှာစိုးလို့ ဟီး။ Stapler ကိုတော့ သုံးရပါတယ်။ မသုံးမဖြစ်မို့ပါ မီးလေးတို့ သူငယ်ချင်းတစ်ယောက်ကဆို Stapler Remover လေးပါ ထည့်သီးပေးလိုက်ပါလားတဲ့လေ။

နောက်ရက်ဆိုရင် ပဒေသာပင်စသီးရတော့မယ် အဲဒီအချိန်ကို ရောက်လာမှာ ကြောက်နေမိတာတော့ အမှန်ပါ မလုပ်ချင်တာမဟုတ်ပေမဲ့ မလုပ်သင့်ဘူးထင်တာကို လုပ်နေရလို့ မလုပ်ချင်တာပါ။ တော်ပြီ စိတ်ညစ်စရာတွေ မီးလေးတို့ သီးထားတာ လှလားကြည့်ပေးဦး ....
ပြီးခဲ့တဲ့နှစ်ကပုံ အဆင်သင့်မရှိသေးလို့ လွန်ခဲ့တဲ့နှစ်နှစ်ကပုံတင်ပေးလိုက်တယ် ....

Friday, November 9, 2007

စည်းလုံးကြတယ် ....



သူတို့အချင်းချင်း ချစ်ခင်ကြပါတယ်...

တရားမျှတမှု....

သတ္တ၀ါတွေအကြောင်းတွေကို tag game ကစားတော့ ဖတ်ဖူးတဲ့ ပုံပြင်လေးကို တင်ချင်တဲ့စိတ်ဖြစ်လာတာနဲ့ တင်လိုက်ပါတယ်။ အင်တာနက်လည်း ရတုန်း အချိန်ရှိခိုက် လုံ့လစိုက်ပေါ့ ဟီ ဟီ....
တခါက ခြင်္သေ့ရယ်၊ မြေခွေးရယ်၊ ယုန်ရယ် သုံးဦးဟာ တနေ့မှာ ငါးအကြီးကြီးတစ်ကောင်ကို ဖမ်းမိသတဲ့။ ဒါနဲ့ ခြင်္သေ့ဟာ ဒီငါးကို ယုန်လေးကို ဝေစုခွဲခိုင်းသတဲ့။ ယုန်လေးဟာ အညီအမျှဝေမျှပေးသတဲ့။ ခြင်္သေ့ဟာ ယုန်လေးကို သတ်ပစ်လိုက်သတဲ့။ ပြီးတော့ မြေခွေးကို ဝေခိုင်းသတဲ့။ မြေခွေးက ယုန်လေးကိုကြည့်ပြီး သင်ခန်းစာရလိုက်တဲ့ အတွက် ခြင်္သေ့သာလျှင် အကုန်ယူသင့်ပါတယ်လို့ ပြောလိုက်တဲ့အတွက် အသက်ချမ်းသာရာရလိုက်ပါတယ် သတဲ့ကွယ်။

မီးလေးနှင့် သတ္တ၀ါများ

မီးလေးကို နှင်းဆီနီနီက tagထားလေရဲ့ ကြောက်တဲ့သတ္တ၀ါဆိုပဲ။ နှင်းဆီရေ မနက်တည်းက တင်ဖို့လုပ်ချင်နေတာ အရေးထဲ ကွန်နဲ့ ကမ္ဘာလိပ်နဲ့ အပြေးပြိုင်နေလေရဲ့။ ကမ္ဘာလိပ်နိုင်သွားတယ် ထင်တယ် ခုထိကွန်က ပန်းတိုင်မရောက်သေးဘူး ဒါကြောင့် ပို့စ်တင်ဖို့ကို အကြာကြီးစောင့်နေရတယ်။ ဒါနဲ့ပဲ စိတ်လျော့လိုက်ပြီး မနက်ဖြန်မှတင်မယ်ဆိုတော့လည်း ကွန်ပျူတာဖွင့်ပြီးတာနဲ့ Gtalk၀င်ထဲက connect fail ဆိုတော့ သွားပြန်ပြီ အင်တာနက်။ အဲတာလည်း ဒုက္ခကမသေးဘူး ခုမှပဲတင်နိုင်တော့တယ်။ နှင်းဆီရေ ခွင့်လွတ်ပေးနော်။
နှင်းဆီက အကြောက်ဆုံးသတ္တ၀ါကို ပြောခိုင်းတော့ မီးလေးအကြောက်ဆုံးသတ္တ၀ါက လူပါပဲရှင်။ ရီနဲ့နော် ဟီ ဟိ။ တကယ်ပြောတာ ယုံလိုက် အပိုကြောဝူး။ ဒီတစ်ခါ အတည်ကြောမှာ။ သူများထက်ထူးခြားပြီးတော့ ကြောက်တတ်တဲ့ သတ္တ၀ါတော့ ရှိပါဘူး။ မြွေနဲ့ ကြွက်ကိုတော့ကြောက်တယ်။ မြွေနဲ့ ပတ်သက်ပြီး မီးလေး ကြုံခဲ့ရတာလည်း များတယ်လေ။ မီးလေး နှစ်နှစ်သမီးအရွယ်လောက်ကပေါ့ မီးလေးတို့ ဖေဖေက အင်ဂျင်နီယာ အစိုးရအလုပ်ဆိုတော့ ရေနံတွင်းမှာ တာဝန်ကျတဲ့ အရာရှိလည်း အရာရှိဆိုတော့ လိုင်းခန်းရတယ်လေ။ ဒါပေမယ့် မီးလေးတို့ကို နယ်မှာ မထားဘူး။ ရန်ကုန်မှာပဲထားတယ်။ တစ်လကို သုံးရက်တော့ ပြန်လာတယ်။ မှတ်မှတ်ရရ ဖေဖေက နယ်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ မေမေရယ်၊ မီးလေးအစ်ကိုရယ်၊ မီးလေးရယ် လိုက်သွားကြတာပေါ့။ အရာရှိသားသမီးဆိုတော့ လူချစ်လူခင်ပေါတယ်လေ (ချစ်ရင်လည်းချစ်၊ မချစ်ရင်လည်း ချစ်ယောင်ဆောင်ပေါ့၊ မချစ်သော်လည်း အောင့်ခါနမ်းလေ)။ အလုပ်သမား အဘကြီးတစ်ယောက်ရှိတယ်။ အဲဒီအဘကြီးက မီးလေးတို့ မောင်နှမတွေကို ထိန်းပေးတယ်လေ။ ဘယ်လောက်ထိ ကျေးဇူးသိတတ်တယ်မှတ်လဲ လိုင်ခန်းနဲ့ စည်းရိုးနဲ့က နည်းနည်းလှမ်းတယ်။ ကိုယ့်ကိုထိန်ပေးတဲ့လူတော့ မှတ်မိတာပေါ့။ ရှေ့ကဖြတ်သွားတာတွေ့ရင် ဘကြိုင်ကြီး အရက်သောက်ပြီး ပြန်လာတာ လှမ်းလှမ်းအော်တာ နောက်နေ့လည်းကျရော မေမေကို တိုင်ပါလေရော။ ဆရာကတော်ရယ် ကျွန်တော် အရက်သောက်တာ ဘယ်သူ့မှမသိဘူး။ သောက်တယ်ဆိုရုံသောက်တာ ဒီကလေးတွေ ရောက်လာမှပဲ ကျွန်တော်အရက်သောက်တာ ဘားတိုက်တတိုက်လုံးသိတော့တယ်တဲ့လေ။ အဲလောက်ထိကို ကျေးဇူးသိတတ်တာ ဟဲ ဟဲ။
တညနေမှာတော့ ဘကြိုင်က မီးလေးတို့ မောင်နှမနှယောက်ကို ရုပ်ရှင်သွားကြည့်မလို့ဆို လာခေါ်တယ် လိုက်သွားတာပေါ့။ ပြန်လာတော့ မှောင်ကလည်းမှောင် မြွေခွေအိပ်နေတာ မမြင်ဘဲနဲ့ မီးလေးအစ်ကိုက မြွေကိုတက်နင်းလိုက်တယ်။ မြွေက ရှုးကနဲဆိုတော့မှ သုံးယောက်သားထွက်ပြေးကြတာပေါ့။ နောက်နေ့ကျတော့ မီးလေးအမေက ရေသွားသွန်တာ တမန်သလင်းကြီးမှပြောင်နေတာပဲ။ လှမ်းပြီးရေပတ်လိုက်တဲ့ အချိန်မှာ ဘာမှမရှိဘူး။ ပြီးတော့မှ ခြေထောက်ကို ဖတ် ဖတ်နဲ့ရိုက်နေတာ မေမေကလည်း ဘာမှန်းမသိဘူး။ နောက်တော့မှ မြွေအမြီးဖြစ်နေတယ် တော်သေးတာက ခုံဖိနပ်စီးထားလို့။ ဒါတောင် ဆေးကုယူလိုက်ရသေး။ သူများတွေပြောကြတာတော့ တိုက်မြွေလို့ပြောကြတာပဲ။ အဲဒီနယ်မှာက သူများပြုစားတာတို့ ဘာတို့ တော်တော်များတယ်လို့ပြောတယ်။
နောက်တစ်ခါက မီးလေးတို့ အဘိုးအဘွားတွေရှိရာ အောင်လံကိုသွားတုန်းကပေါ့ ဘိုးဘိုးတို့ အိမ်က မြွေပေါတယ်။ ခြံစည်းရိုး အုတ်တံတိုင်းခတ်တုန်းက မြေကြီးတူးတာတောင် မြေကြီးထဲက မြွေတွေ ခဏခဏထွက်ထွက်လာတယ်။ ညဘက် ဘိုးဘိုးတို့အိမ်က အိမ်သာကို ဦးကြီး(မီးလေးတို့နဲ့ဆို ဘကြီးတော်မယ်ထင်တယ်) သွားတာ သူ့ဘာသာ အပေါ့အလေးသွားမှာပေါ့ ပြီးတော့ ရေကိုင်မယ်ဆိုပြီး ရေအိုးထဲလည်း လက်နှိုက်လိုက်ရော ရှုးခနဲဆို မြွေထက်လာလို့ ပြေးလိုက်တာ ဘယ်နားရောက်သွား မှန်းတောင် မသိဘူး။
ဘိုးဘိုးတို့အိမ်က အလုပ်သမားတစ်ယောက်က ညဘက်အိပ်ချင်မူးတူးနဲ့ အိမ်သာသွားတာ အိမ်သာနဲ့ ခြေရင်းက အုတ်တံတိုင်းနဲ့က မျက်နှာချင်းဆိုင်မှာရှိတယ် သိပ်လည်းမကွာဘူး။ အိမ်သာပေါ်က ပြန်ဆင်းမယ်လည်းလုပ်ရော အုတ်တံတိုင်းဘေးက မာလကာပင်နားနဲ့ အိမ်သာနဲ့တည့်တည့် အုတ်တံတိုင်းမှာ မီးအလင်းရောင်ကြောင့် အရိပ်တစ်ခုပူးနေတယ်။ ဘာလဲပေါ့ အိပ်ချင်နေတဲ့မျက်လုံးတောင် ပြူးကျယ်လာလေရဲ့ မြွေနှစ်ကောင် မိတ်လိုက်နေလေရဲ့။ မြွေတွေက အရှုက်ကြီးတယ် သူတို့ မိတ်လိုက်တာ မြင်တဲ့လူဆိုရင် မလွယ်ဘူး။ သေပြီသာမှတ်ပဲ သူလည်း ဇောချွေးတွေပြန်လာတယ် ဘာလုပ်ရမှန်းလည်းမသိဘူးပေါ့ အော်ရအောင်ကလည်း ညသန်းခေါင်ကြီး နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တယ် မကြည့်ရဲရင် မျက်စိမှိတ်ထားနော်။ ၀တ်လာတဲ့ ထမီကို ချွတ်ပြီး မြွေခေါင်းနှစ်ခုပေါ်ကို ကြောက်ကြောက်နဲ့ လှမ်းအုပ်လိုက်တာ။ ကံကောင်းထောက်မစွာနဲ့ အုပ်မိလေရဲ့။ အုပ်လည်းအုပ်မိရော တစ်ချိုးတည်း အပေါ်ထပ်ကို ပြေးတော့တာပဲ။ နံနက်သူပြောပြတော့ အားလုံးဝိုင်းရီ ကြတာပေါ့။ မရီနိုင်တာကတော့ သူပဲလေ။ အိမ်သာရှေ့မှာ မြွေပေါက်သွားတာများ ထမီလို့တောင်မထင်ရဘူး အပိုင်းအစတွေပဲရှိတော့တယ်။ မီးလေးတို့ သွားလည်ရင် မီးလေးဆို ဘယ်နားမှာပဲနေနေ ခြေထောက်တွေ ရွစိရွစိဖြစ်နေသလိုပဲ အဲလောက်ထိကြောက်တာ။
မီးလေးတို့ ဦးလေးရှိတဲ့ သာစည်ကို သွားတုန်းကလည်း ချော်လဲလို့ ဒူးခေါင်းမှာ အနာကြီးနဲ့လေ။ မီးလေးငယ်ငယ်က ဆော့လားမဆော့လားဆို အနာနဲ့ကို အမျိုးတော်ထားတာ။ တခုပျောက်သွားရင် တခုထပ်ဖြစ်တော့တာပဲ။ ဦးလေးအိမ်ရှေ့မှာ မြွေအရေခွံလဲထားတာတွေ့တော့ အတော်ပဲတဲ့ ငါ့တူမအနာကို အုပ်ပေးရမယ်ပြောလို့ (မြွေအရေခွံကို ကင်ပြီးအုပ်ရင် အနာမရင်းဘူးပြောတာပဲ) ပတ်ပြေးလိုက်ရတာ ခြံကလည်း ကျယ်တော့ ပြေးသည်ပေါ့။ တော်ပါသေးရဲ့ အပြေးပြိုင်ပွဲတွေ ၀င်ပြိုင်ဖူးတာ။ နောက်ဆုံး ဦးလေးက မလုပ်တော့ပါဘူးပြောတော့မှ ရပ်သွားတာ။ မောလွန်းအားကြည့်လို့ အသက်တောင် မနည်းဝအောင်ရှုရတယ်။

ကြွက်ကိုကြောက်တာထက် ရွံ့တာလို့ ပြောရင်ပိုမှန်မယ်ထင်တယ်။ နှာခေါင်းစူပွက်စူပွက်နဲ့ ကိုယ့်ကိုလာထိမှာ အရမ်းကြောက်တာပဲ။ တစ်ခါကလည်း ကြွက်သေတစ်ကောင်ကို သွားထိမိတာ ခြေထောက်ကို ဆေးလိုက်၊ သုတ်လိုက်နဲ့ သံသရာလည်နေတာ မေမေက အမြင်ကတ်လို့လားမသိပါဘူး အဲလောက်နဲ့ ဘာမှမဖြစ်ပါဘူး ပလိပ်ရောဂါလောက်ပဲရမှာတဲ့။ မေမေကပြောလိုက်တော့ ပိုဆိုးတော့တာပေါ့။ ခြေထောက်ကို ကျောက်ပြားနဲ့ ပွတ်နေတာ အသားထူတဲ့ နေရာမို့လို့ပဲ နို့မို့ဆို အရေခွံတွေ စုတ်လောက်တယ်။ မေမေက ဘာမှမဖြစ်ပါဘူး ပြောတာတောင် စိတ်ကျေနပ်အောင် အားပေးနေတာထင်သေး အဲလောက်ထိရူးတာ။

နှင်းဆီရေ ကျေနပ်တော့နော်။ အင်တာနက်တွေမရတဲ့အချိန်မှာ ရရချင်းတင်ပေးလိုက်တာ နောက်ကျလို့တော့ စိတ်ဆိုးနဲ့….

ဘယ်သူ့ကို ဆက်tagရင်ကောင်းမလဲ... ရာသီဥတုတွေထဲမှာ နွေ၊ မိုး၊ ဆောင်းရှိသလို ဘလော့ဂ်တွေမှာလည်း ရာသီရှိနေပါတရ်... ဘာရာသီလဲဆိုတော့ tag game ရာသီလေးပါပဲရှင်...
ကဲ လာလေရော့ tagပြီ

Thursday, November 8, 2007

Blogger Family Warning

မီးလေး ဒီပို့စ်လေးကို တင်သင့် မတင်သင့် စဉ်းစားပါသေးတယ်။ နောက်တော့ တင်မယ်ကွာ ဆိုပြီး ရေးဖြစ်ခဲ့တာပါ။ ပုဂ္ဂိုလ်ရေးနဲ့ လုံးဝမသက်ဆိုင်ပါ။ အဓိက ရည်ရွယ်ချက်က ဘလော့ဂ်ဂါတစ်ဦးနှင့်တစ်ဦး သင့်မြတ်ခြင်းကိုသာ လိုချင်၍ဖြစ်ပါတယ်။ မီးလေး မနေ့က မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဘလော့ဂ်ဂါမောင်နှမတစ်ဦးရဲ့အိမ်ကို ရောက်ခဲ့ပါတယ်။ မီးလေး စိတ်မကောင်းဖြစ်သွားတယ် သူလေးက စီပုံးမှာ လာပြောသွားတာကို သူကပြန်ပြောလိုက်ပါသတဲ့။ သူလေးရဲ့ စီပုံးမှာ လာအော်သွားတဲ့သူကလည်း လင့်ပေးသွားခြင်းမရှိပါဘူးတဲ့။ စီပုံးလာအော်သွားတဲ့သူရဲ့ နာမည်နဲ့တူတဲ့ ဘလော့ဂါတဦးကလည်း သူ့ကို ဒီလိုပြောရပါ့မလားဆိုပြီး ပို့စ်တင်ထားပါလေရဲ့။ မီးလေး ၄င်းဘလော့ဂ်နှစ်ခုလုံးက ပို့စ်တွေကို ဖတ်ဖြစ်ခဲ့ပါတယ်။ မီးလေး ဘလော့ဂ်ဂါနှစ်ဦးနဲ့ ထပ်တူထပ်မျှ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။
တစ်ချို့က ဘလော့ဂ်ရွာကြီးလို့တစ်ရွာလို့တင်စားကြတယ်။ မီးလေးကတော့ ဘလော့ဂ်အိမ်ယာလေး တစ်ခုလို့ တင်စားချင်ပါတယ်။ အိမ်ယာလေးထဲမှာရှိတဲ့ မီးလေးတို့လို့ ဘလော့ဂ်တွေ အချင်းချင်း ပြဿနာမဖြစ်စေချင်တာ ရင်ထဲကဆန္ဒပါ။ မီးလေးတို့ ဘလော့ဂ်ကို ဘာကြောင့်ရေးပါသလဲ။ တဦးနှင့်တဦးတူချင်မှတူမယ် မီးလေးကတော့ ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ မျှဝေခြင်း၊ ခံစားချက်များကို ရင်ဖွင့်ကြ၊ သိထားတတ်ထားတဲ့ပညာတွေကိုလည်း ဖြန့်ဝေရေးသားကြတယ်လို့ ထင်ပါတယ်။ ဘလော့ဂ်လေးကို စတင်ရေးတဲ့အချိန်ကစပြီး ပျော်စရာရှိရင်၊ စိတ်ညစ်စရာရှိရင် ခံစားချက်တွေကို ပို့စ်လေးတွေအဖြစ်ပြောင်းလဲ ရေးသားခဲ့ပါတယ်။ ပြီးတော့ စားစရာရှိရင်တောင် ကင်မရာလေး ပါလာရင်ကောင်းသား မုန့်လေးတွေကို ဓာတ်ပုံရိုက်ပြီး ပို့စ်တင်ပြီးတော့ ဘလော့ဂ်ဂါမောင်နှမတွေကို ကျွေးချင်တယ်။ ဘာလေးပဲလုပ်လုပ် ကုန်ကြမ်းရပြီပေါ့ ပို့စ်တင်ဖို့လေ။ အားလုံးလည်း ခုလိုဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အထက်မှာ ပြောပြခဲ့တဲ့အတိုင်း ၄င်းနည်းတူထပ်မဖြစ်ရလေအောင် မီးလေးက ဒီလိုမြင်ပါတယ်။ စာဖတ်သူ ဘလော့ဂ်မောင်နှမတွေရဲ့အမြင်လည်း ကွန်မန့်ပွတ်သွား ကြပါရှင်။ ကိုယ့်စီပုံးမှာ မတော်မတရား၊ မဟုတ်တရုတ်လာအော်နေရင် ကာယကံရှင်ဘလော့ဂ်ဂါအနေနဲ့ကလည်း သည်းခံကြပါလို့မြင်ပါတယ်။ မြတ်စွာဘုရားရှင် ဟောတော်မူခဲ့တဲ့ တရားတော်တွေမှာလည်း သည်းခံခြင်းဟာ အောင်မြင်တယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။ “သည်းခံခြင်းသည် အောင်မြင်ခြင်း၏ လမ်းစဖြစ်သည်” လို့ ဆောင်ပုဒ်တောင် ရှိသေးတာပဲ။ ဒါပေမယ့် သူများပြောသမျှကို ခေါင်းငုံခံခိုင်းတာ မဟုတ်ပါဘူး။ မီးလေးတို့တွေ ဘာလုပ်သင့် လဲဆိုတော့ ဘလော့ဂ်ဂါတွေ အချင်းချင်း မသင့်မြတ်လေအောင် သွေးထိုးနေတဲ့သူတို့ရဲ့ messageတွေကို စီပုံးထဲမှာ ၀င်ဘန်းခြင်းဖြင့် တဦးနှင့်တဦး အထင်မမှားနိုင်တော့ဘူးလို့ မြင်ပါတယ်။ သွေးထိုးတဲ့ သူတွေကလည်း သတ္တိရှိရင် ကိုယ့်နာမည်နဲ့ပဲ ရေးပါလား။ သတ္တိမရှိဘဲနဲ့ သူများနာမည်အလွဲသုံးစား မလုပ်ကြဖို့နဲ့ နာမည်သုံးခံရတဲ့ ဘလော့ဂ်ဂါတွေ အနေနဲ့လည်း ကိုယ့်နာမည်သုံးသွားတဲ့သူကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားကြပါစို့။
မီးလေးတို့ ဘလော့ဂ်ဂါတွေဟာ(မီးလေးကဘလော့ဂ်ဂါမဟုတ်သေးပါ) တဦးနှင့်တဦး မမြင်မတွေ့ဖူးကြပေမဲ့ တစ်ကယ့်မောင်နှမအရင်းတွေလို မြတ်နိုးတွယ်တာကြပါတယ်။ မမြင်မတွေ့ရကြပေမဲ့ လေလှိုင်းထဲကနေ ချစ်ခင်တွယ်တာကြတဲ့ လေလှိုင်း/ကွန်ယက်ထဲက မောင်နှမတွေ၊ မိသားစုတွေပါ။ ဘယ်သူ့ကမှ ဟိုဘလော့ဂ်ကိုသွား၊ ဒီဘလော့ဂ်ကိုသွားဆိုပြီး လျှောက်လည်နေကြတာမဟုတ်ပါ။ ကာယကံရှင်ကိုယ်၌ကသာ ကိုယ်နှစ်သက်ရာ ဘလော့ဂ်တွေသွားရင်း ရင်းနှီးချစ်ခင်ကြတာပါ၊ ဘလော့ဂ်ဂါတွေဟာ နေရာတစ်နေရာတည်းက မဟုတ်ကြပါ။ နိုင်ငံပေါင်းစုံ၊ နယ်ပေါင်းစုံ၊ မြို့ပေါင်းစုံကနေ ရေးခဲ့ကြတာပါ။ ဒါပေမယ့် နီးနီးလေးလိုပဲ အားလုံးဟာ ရင်းနှီး ချစ်ခင်ကြပါတယ်။ နေမကောင်းရင်တောင် သွားမေးကြရတာနဲ့၊ မွေးနေ့ဆိုလည်း မွေးနေ့ဆုတောင်းပေးလိုက်ကြ၊ တဦးက အခက်အခဲရှိရင်လည်း သိတဲ့တတ်တဲ့ ဘလော့ဂ်ဂါများက တတ်သိပညာ မနေသာပဲ ဖြန့်ဝေကြနဲ့ မအားနိုင်အောင်ပါပဲ မီးလေးတို့ မောင်နှမတွေ ဘယ်လောက်ထိ စည်းလုံးကြတယ်ဆိုတာ ပြသကြပါစို့လား။
မီးလေးဒီပို့စ်လေးကို ရေးတာက မည်သူ့ကိုမှ ထိခိုက်နစ်နာစေလို၍မဟုတ်ပါ။ အခုရေးခဲ့တဲ့ထဲမှာလည်း အမှားပါခဲ့ရင်ခွင့်လွတ်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ဘလော့ဂ်ဂါများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း….

Tuesday, November 6, 2007

စာမေးပွဲအတွက် equation ....

ဂျီတော့ ကွန်နက်ရှင်ရရချင်း မီးလေးဆီကို ၀င်လာတာက Rap သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုပြီး သူ့ရဲ့ဘလော့ဂ်မှာ တင်ထားပေးတဲ့ ၀င်းဖြိုးဖြစ်ပါတယ်။ သူက ရန်ကုန်မှာ စာမေးပွဲလာဖြေနေတာတဲ့လေ။ မောင်လေး ၀င်းဖြိုးတစ်ယောက် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးရင်း equation တစ်ခုကို လက်ဆောင်ပေးလိုက်ပါတယ်။ equationက မီးလေးဆီကို သြစတြေးလျက သူငယ်ချင်း တယောက်က အီးမေးလ်ပို့လိုက်တာလေ။ ကဲကြည့်လိုက်ကြရအောင် ….

Study = No fail
No study = fail
Study+ No Study = No fail + Fail
(1+No) Study = (No+1) Fail
Study = Fail

စိတ်ဓာတ်မကျနဲ့နော်… equation မြင်လျှင် စိတ်ဓာတ်ကျမှာစိုးလို့ ဟီ ဟိ

မီးလေးရဲ့ ဘလော့ဂ်က ဒီလောက်တန်တယ်…

ကိုစိုးထက်ဆီသွားလည်ရင်း တွေ့ခဲ့တာပါ။ မီးလေးလည်း ကိုယ့်ရဲ့ဘလော့ဂ် ဘယ်လောက်တန်လဲဆိုတာ သိချင်တာနဲ့ တွက်ချင်နေတာတော့ကြာပြီ။ ကွန်နှေးနေလို့ ခုမှပဲတွက်ပြီးတင်လိုက်တာ ဘလော့ဂ်မောင်နှမတွေလည်း ကိုယ့်ဘလော့ဂ် ဘယ်လောက်တန်လည်းသိချင်ရင် တွက်ကြည့်လိုက်ကြဦးနော်။ ပြီးရင် ဘယ်လောက်တန်လဲ ပြန်ပြောပြဦးနော်။


My blog is worth $14,113.50.
How much is your blog worth?

မီးလေး အိတ်ထဲမှာရှိတာ...

အလွမ်းအိမ်က မီးလေးကို tagထားတယ် လွယ်အိတ်ထဲမှာရှိတဲ့ တိုလီမုတ်စတွေကို ထုပ်ပြခိုင်းနေတယ်။ ဟီး ဟီး ရှက်စရာကြီး ဓားပြတိုက်ရင်တောင် ကိုယ့်ကိုသနားပြီး ပြန်ပေးချင်ပေးသွားဦးမှာ ငါတို့တော့မှားပြီ ဆိုပြီးတော့လေ။ ကဲ ထုပ်ပြမယ် လာလေရော အိတ်ထဲကို လက်နှိုက်လိုက်တာ ဘာကြီးပါလိမ့် ပျော့စိပျော့စိနဲ့

၁. သြော်...ကိုးရီးယားရေနွေးအိတ်

(ထူးထူးဆန်းဆန်း ဘာလို့ရေနွေးအိတ်ပါနေလဲလို့ သိချင်လား? ကိုးတန်းတုန်းက ကျောင်းက ချာမကလေ မေးခိုင်ကာကွယ်ဆေး ထိုးရမယ်ဆိုလို့ ထိုးလိုက်ရတာ ခုထိနာတုန်းပဲ မီးလေးက ဆေးထိုးလို့မရဘူး ဆေးထိုး ထားတဲ့နေရာက အေးရင်ကိုက်ပြီးနာတတ်လို့ မီးလေးချစ်သူက အမြဲဆောင်ဖို့ လက်ဆောင်ပေးထားတာ ။ )

၂. တွေ့ပြီနောက်တစ်ခု... ရှုဆေးဗူး

(ကားစီးရင် မူးတတ်လို့ မရှိမဖြစ်ဆောင်ထားရတဲ့ ပစ္စည်းလေးပါ )

၃. နောက်တစ်ခုက... ဘာသာပြန်စာအုပ်
(အရမ်းနှစ်ခြိုက်မိလို့ ဆောင်ထားတဲ့စာအုပ်လေးပါ။ စာအုပ်ရဲ့နာမည်က “ငါ့ဒိန်ခဲကို ဘယ်သူယူသွားလဲ”ဆိုတဲ့ စာအုပ်လေးပါ။ ပညာရပြီး စာဖတ်သူကို အားဖြစ်စေလို့ ခဏခဏဖတ်ဖြစ်တဲ့စာအုပ် နောက်ကြုံရင် ပို့စ်တင်ထားမယ်လေ )

၎. အင်းနောက်တော့ ခေါက်ပိုက်ဆံအိတ်လေး

၅. ပြီးတော့ ပိုက်ပိုက်

(သူမပါလို့လည်း မဖြစ်ပြန်ဘူး။ သူမပါရင် ဘာမှလုပ်လို့မရဘူးလေ။)

၆. Air-Bagan က Member Card

(သူ့ကျတော့ သူများဆီက ဘာအလကားရမလဲဆိုပြီး ဆောင်ထားတာ။ ဗိုက်ဆာလို့YKKOမှာ ကြေးအိုး ၀င်သောက်မယ်ဆိုရင် သူကအသုံးဝင်တယ်လေ။ Discount ရလို့ ဟီး...)

၇. ဖုန်း

(သူကတော့ မီးလေး ဘယ်နေရာရောက်ရောက် သူကဖြေပေးတယ်လေ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ ပြင်ပသို့ရောက်နေ၍သော်၎င်း၊ စက်ပိတ်ထား၍သော်၎င်း ခေါ်ဆို၍ မရနိုင်ပါရှင်”တဲ့ မှတ်ကရော)

၈. ဘောပင်လ်

(ခြစ်စရာရှိရင် ခြစ်ဖို့)

ကဲ အိတ်ထဲမှာ ဒါအကုန်ပဲ... မရီနဲ့နော်... တူများတွေလို ဘီးတို့၊ မှန်တို့၊ နှုတ်ခမ်းနီတို့မပါလို့လေ... မီးလေးက မိန်းကလေးပေဖို့ အဲလို ကရိကထများတဲ့ ကိစ္စတွေကို ၀ါသနာမပါလို့... အလုပ်သွားရင်တောင် မျက်နှာပြောင်နဲ့မို့ မေမေဆို အမြဲပြောတယ်... လုပ်နေကြမဟုတ်လို့လားမသိပါဘူး မီးလေးမျက်နှာကလည်း ဘာမှလိမ်းမရဘူး လိမ်းတာနဲ့ကို မျက်နှာတခုလုံး ရဲပြီး အဆုပ်လိုက် အဆုပ်လိုက် ထလာလို့ ... နှုတ်ခမ်းနီတောင် မသုံးမဖြစ်သုံးတာ တစ်လမှာ ၃ခါလောက် ဟီး ဟီး


ဘယ်သူ့တွေကို ဆက်ပြီး Tagရမလဲ မသိဘူး... ဟဲ ဟဲ တွေ့ပြီ
မင်းယွန်းသစ်ရဲ့ တိုလီမုတ်စတွေ အိတ်ထဲမှာ ရှိသမျှ ထူတ်ပြပေးပါဗျို့
မေပျို သူလေးကတော့ မိုးပြာရောင် အိပ်မက်
ကဲ ဒီလောက်ပဲ တော်ပြီ ရှိတာအကုန်ထုတ်...

Monday, November 5, 2007

မီးလေး မပျောက်ပါ...

အားလုံးမင်္ဂလာပါရှင်...
မီးလေးရဲ့အိမ်ကိုအမြဲလာလည်ကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်.... မီးလေး မပျောက်ပါဘူး... ပျောက်နေတာက အင်တာနက်ပါ... တော်တော်ဆိုးဝါးတဲ့ ဒုက္ခပါပဲ... ကိုယ့်အိမ်တောင် ကိုယ်သွားလို့မရလို့ တခြားမောင်နှမတွေဆီ လာမလည်ဖြစ်တာ နားလည်ပေးကြပါနော်...
နက်ပြန်သုံးလို့ရရင်တော့ ပို့စ်တွေပုံမှန်ပြန်တင်ပါတော့မယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ရှင်...
မီးလေး အင်တာနက်မရတော့မှပဲ အလွမ်းအိမ်က မုန့်ဟင်းခါးခေါ်ကျွေးတယ်... မီးလေးအကြိုက်ကို မှတ်မိနေတဲ့ အလွမ်းအိမ်ကို ကျေးဇူးအများကြီးတင်ပါတယ်... နောက်ချက်ရင်လည်း ခေါ်ကျွေးဦးနော်... အင်တာနက်မရခင်က လစာတွေကိစ္စလုပ်ပြီးတာနဲ့ ပို့စ်တွေတန်းစီတင်မယ် စိတ်ကူးထားတာ... နောက်တော့ Gtalkတင်ထားတာ errorလည်းပေါ်ရော ဟိုက် သွားပြီထင်တယ်လို့ ထင်တဲ့အတိုင်းပဲ ဘလော့ဂ်လေးနဲ့ ခေတ္တအဆက်ပြတ်သွားလိုက်တာ လွန်ခဲ့တဲ့ နာရီဝက်ကမှ ကိုယ့်အိမ်ကိုယ်ပြန်ရောက်တော့တယ်...
ဧကန်ထ ဘလော့ဂ်ရောဂါဘယ်လောက်စွဲနေပြီလဲဆိုတာ ဖြေကြတော့ တော်တော်များများ ရောဂါရနေကြတယ်လေ... ဒါကြောင့်ထင်ပါတယ် ရောဂါသက်သာအောင် ပျက်သွားတာထင်ပါရဲ့... ရောဂါမပျောက်ရင်နေပါ ရောဂါပိုရင့်နေရင် ရင့်သွားပါစေ... အင်တာနက်မှမရရင် ရေမရှိတဲ့ ချောင်းထဲမှာ နှာခေါင်းဖော်ပြီးတော့သာ သေချင်တော့တာပါပဲ... နောက်နေ့ကစပြီး ပို့စ်သစ်တွေတင်ပါတော့မယ်...