Pages

Sunday, August 9, 2009

ရောက်တတ်ရာရာ

မနက်အိပ်ယာက နိုးပြီဆိုတာနဲ့ မထခင် အရင်ကောက်ကိုင်လိုက်တာက ဖုန်းပါ...Kids Clean Character "Mei Lay now get up and Good Morning!" လို့ မနက်တိုင်း ပုံမှန် တာဝန်ထမ်းဆောင်ပေးနေတဲ့ SMS Service က အလုပ်မလုပ်ဘဲ phone screen မှာ Sending Failed ဆိုပြီး လာပေါ်နေတယ်... ဖုန်း Memory ကလည်း ပြည့်တော့မယ်ဆိုတော့ အဲဒါကြောင့် ထင်ပြီး Inbox က မေးလ်တွေဖျက်၊ မေးလ်တွေသာ အကုန်ကုန်သွားတယ် မေးလ်ကပို့မရသေးဘူး... Sending FailedKids Clean Smiley Face Imageက တောက်လျှောက် ပေါ်နေတာပေါ့ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိဘူး...

တနေကုန် ပို့သမျှ SMS တွေ အဲလိုချည်း ဖြစ်နေတော့ အတော်လေး စိတ်ပျက်သွားတယ်... နောက် သူငယ်ချင်းတယောက်ဆီက ဖုန်းဝင်လာတယ်.... မီးလေးရေ SMS စင်တာ နံပါတ်တွေ ပြောင်းလို့ SMS ပို့လို့မရဘူးတဲ့... ပြောင်းသွားတဲ့နံပါတ်တော့ မသိသေးဘူး နင်သိရရင် ငါ့ကို ပြန်ပြောပေးပါဟာတဲ့...:( ဒွတ်ခပဲ ( ကိုယ့်ဘာသာတောင် ပို့လို့မရလို့ စိတ်ညစ်နေတာ ) သူ့ကို ပြောဖို့ဆို ပိုဝေးပြီပေါ့... အမှန်ဆို စင်တာနံပါတ်ပြောင်းတယ်ဆိုလည်း ကြေငြာပေးရမှာပေါ့... ခုတော့ ကိုးနတ်ရှင်တွေ အဲလေ ကော်နက်ရှင်တွေ ပျက်ကုန်ပါပီ... :( အီး အီး အိ

ခုချိန်ထိတော့ မက်စေ့စင်တာချိန်းသွားတဲ့ နံပါတ်ခုထိ သိရသေးပါဝူး... သိရရင် ပြောပြပေး ကြပါဦးနော်... ဒီနေ့ကို ဘာဖြစ်နေမှန်းမသိတာ တကယ်ပါ... မီးလေးအစ်ကိုရဲ့ မိန်းမက လွန်ခဲ့တဲ့ ၃ပတ်က ကလေးမွေးပါတယ် (ယောင်္ကျားလေး)... မီးလေးအစ်ကိုက ကျောက်မြောင်းမှာ နေတာပေါ့... ခုတော့ သူ့မိန်းမကလေးမွေးလို့ မီးလေးတို့နဲ့ လာနေတယ်လေ... မီးလေးက
ကျွန်းသူလေ ကျွန်းမှာနေတယ်... ဟတ် ဟတ်

တာမွေရောက်မှ အိမ်သော့ကျန်ခဲ့လို့ဆိုပြီး ပြန်လာရတယ်... အိမ်မှာ နားမီးပူးတိုက်စိုးလို့ ငြိမ်ကုပ်ပြီး နေရတယ်... သြော်-ဆူတယ်ဆိုတာက အစ်ကို့မိန်းမက အစ်ကို့ကို နားမီးပူတိုက်တာကို ပြောတာနော်... မီးလေးအစ်ကိုက အိမ်ရောက်ရင် ဘာမှမပြောနဲ့ ငြိမ်ငြိမ်နေတဲ့ မီးလေးကို ပါးစပ်ပိတ်ခဆိုပြီး
ခေါက်ဆွဲသုပ် (၃၀၀တန်) ၀ယ်ကျွေးတယ်... ခေါက်ဆွဲစားတာ မှားပါတယ် ကြည့်ပါဦး မသာကာ ကြေးအိုးလောက်ဆို တော်သေး (ရှုး...တိုးတိုး Buddybean 34.gif ကိုစိတ်ထွက်ပေါက် သွားမပြောနဲ့ ကြေးအိုးဝယ်ကျွေးခိုင်းတာ ခုထိဝယ်မကျွေးသေးလို့ဆိုပြီး လာသတ်လိမ့်မယ်...Buddybean 15.gif) ... သြော်-မီးလေး မီးလေး နင်ကြောက်ရမယ့်သူတွေကလည်း များလှချည်လား...

တော်ပြီ အိပ်တော့တာပဲ ကောင်းတယ်...
http://www.ezsmiley.com/gallery/buddy%20bean/buddybean_13.gif Buddybean 33.gif Buddybean 33.gif Buddybean 33.gif Buddybean 33.gif Buddybean 33.gif

Friday, August 7, 2009

ဆေးစွဲခြင်း

ကြားရ ကြားရ မသက်သာလှ ဆိုသလို ကြားရတဲ့ သတင်းတိုင်းက အကောင်းတွေချည်းဆို သိပ်ကောင်းမှာပဲလို့ တခါတလေ တွေးမိပါတယ်… စက္ခုအာရုံလင်းတဲ့ မိုးသောက်ယံတိုင်းဟာ အမြဲသာယာလှပနေပေမဲ့ လူသားတိုင်းရဲ့ ဘ၀က အမြဲသာယာလှပ နေဖို့ မဖြစ်နိုင်ပါဘူး… ခုလက်ရှိ G.T.C က ကျောင်းသူလေးတွေကို အခြေခံပြီး ရေးထားတာပါ… တခြား နေရာတွေမှာလဲ ရှိချင်ရှိပါလိမ့်မယ်… ဆေးစွဲတယ်ဆိုတိုင်း ဘိန်းဖြူ၊ ဆေးခြောက်သုံးမှ ဆေးစွဲတယ် မဟုတ်ပါဘူး… ဆေးတိုင်းမှာ Side Effects ဆိုတာ ရှိပါတယ်… ဒါကြောင့်လည်း တန်ဆေး လွန်ဘေးလို့ ရှေးလူကြီးတွေက ဆိုကြပါတယ်…

စာရေးသူအသိ ညီမလေးတယောက်ရှိပါတယ်… သူ့သူငယ်ချင်းတွေက G.T.C ကျောင်းသူ တွေပါ… သူ့ပုံစံကြည့်ရတာ တနေ့နဲ့ တနေ့ အမူအရာတွေ ထူးခြားလာတာ စာရေးသူ သတိထား မိလိုက်တယ်… ဒါပေမဲ့ သူ့အိမ်မှာ စိတ်ညစ်စရာရှိလို့ နေမှာပဲလို့ ထင်မိတယ်… နောက်ပိုင်း ကျတော့ သူ့အမူအရာတွေ ပိုဆိုးလာတယ်… သူ့ကို ကြည့်လိုက်တိုင်း ကြောင်တောင်တောင်နဲ့ ငေါင်ငေါင်နေတာ တွေ့တယ်… သူ့ရဲ့ ရွှန်းလဲ့နေတဲ့ မျက်ဝန်း ၀ိုင်းဝိုင်းလေးတွေကလည်း မျက်ကြော စင်းကြီးနဲ့… သူ့ပုံစံမမှန်တော့ဘူးလို့ သိလိုက်တဲ့အချိန်မှာ စာရေးသူလည်း သူ့ကို စောင့်ကြည့် နေလိုက်တယ်… သူ့အိတ်ထဲမှာ ဆေးကပ်တချို့ကို တွေ့တယ်… ပုံမှန်အားဖြင့်တော့ အဲ့ဒီဆေးက Romilar လို့ ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးပါ… ချောင်းဆိုးရင် တနေ့ တစ်လုံး သုံးကြိမ်သောက် ပေးရပါတယ်… စာရေးသူလည်း သူ့ကို ချောင်းဆိုးနေလို့လား ဆိုတော့ အင်းလို့ပြောတယ်… စာရေးသူလည်း အမှုမဲ့ အမှတ်မဲ့ပဲ တနေ့မှာတော့ သူဆေးသောက်နေတာ တွေ့လိုက်တယ်…



အားပါးပါး အဲဒီ့ချောင်းဆိုးပျောက်ဆေး (Romilar) ကို တပြိုင်တည်း ၁၅လုံးသောက်နေတာ… စာရေးသူလည်း လှမ်းအော်လိုက်တယ်… သူလည်း အလန့်တကြားနဲ့ လက်ထဲကဆေးတွေလည်း ပြုတ်ကျကုန်တယ်… အဲဒါ ဘာလုပ်တာလဲ မေးတော့ ချောင်းဆိုးလို့တဲ့… စာရေးသူလည်း သူ့ကို အစ်အောက်ပြီး မေးရတာပေါ့… နောက်တော့ မျက်ရည်လေး စမ်းစမ်းနဲ့ သူ့အမေကို မပြောပါနဲ့တဲ့… သူဒီဆေးကို မသောက်ရရင် မနေနိုင်တော့လို့ပါတဲ့… စာရေးသူလည်း စဉ်းစားရ အတော်ကြပ်သွားတယ်… သူ့မိဘကို ပြောသင့် မပြောသင့်ဆိုတာ တကယ့်ကို ဆုံးဖြတ်ရခက်သွားတာပါ… တဒင်္ဂအတွင်း ခေါင်းထဲက ဘာမှကို ထွက်မလာဘူး… သူ့အတွက် စိုးရိမ်တဲ့ စိတ်ကြောင့်လည်း ပါတယ်… နောက်တော့ မီးလေး သူနဲ့ ညှိဖို့ ဆုံးဖြတ်လိုက်တယ်…

ပထမဆုံး မီးလေး အိမ်ကို ပြန်မပြောဘူးဆိုရင် ညီမ တစ်ခုတော့ လုပ်ပေးရလိမ့်မယ်လို့ပြောတော့ မီးလေးကို မော့ကြည့်တယ်… ပထမဆုံး ဆေးဖြတ်ပါ့မယ် ဆိုတဲ့ ကတိပေးရမယ်… နောက်ပြီးတော့ နောက်ထပ်လည်း ထပ်မလုပ်တော့ဘူးဆိုတာ ကိုယ့်ကိုကိုယ် အာမခံနိုင်ရမယ်လို့ ပြောလိုက်တော့… သူဆေးဖြတ် ပါ့မယ်တဲ့… ဒါနဲ့ မီးလေးလည်း သူ့ကို ကောင်ဆယ်လင်းလုပ်ပေးတယ်… ပထမဆုံး စသောက်ရတဲ့ အကြောင်းအရင်းကိုမေးတော့ သူ့သူငယ်ချင်းတွေက သောက်ဖို့ တိုက်တွန်းတာလို့ ပြောတယ်… အဲဒီ့သူငယ်ချင်းတွေ မီးလေးတွေ့လို့ရမလားပြောတော့ သူတို့နဲ့ ခုမတွေ့ဖြစ်တော့ဘူးတဲ့… သူတို့က G.T.C မှာ တက်နေတာတဲ့… အရင်ကတော့ အမြဲလိုတွေ့ဖြစ်ပေမဲ့ ခုသူတို့က အဆောင်မှာ နေတော့ အသွားအလာကျဲသွားတယ်လို့ ပြောတယ်… ဒါကလည်း မီးလေးကို မတွေ့စေချင်လို့ ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်… ပထမက ၁၀လုံးစသောက်တယ်တဲ့… နှစ်ပတ်လောက် သောက်ပီးသွားတဲ့ အချိန်မှာ သူ့ပိုက်ဆံလည်း အတော်ထိနေပီလေ ဒါနဲ့ မသောက်တော့ဘူးဆိုပြီး မသောက်ဘဲနေတာ မနေနိုင်တော့ဘူးတဲ့… ဒါနဲ့ ခုနောက်ဆုံး ၁၅လုံးသောက်တဲ့ အဆင့်ထိဖြစ်လာတယ်… အိမ်က ပိုက်ဆံအမျိုးမျိုးတောင်းတာ မရတော့ ဟိုကချီး၊ ဒီကချီးနဲ့ ပိုက်ဆံတွေလည်း အကြွေးဝိုင်းနေတာလဲ မနည်းဘူး…

တချို့က စိတ်ဓာတ်ကျလို့၊ တချို့က စိတ်ဖိစီးမှုတွေ များနေလို့၊ တချို့က သူတို့ အသိုင်းအ၀ိုင်းမှာ ပစ်ပယ်ခံရတယ်လို့ ယူဆကြလို့ အကြောင်းပြချက် အမျိုးမျိုးကြောင့် သူတို့တွေဟာ စိတ်ထွက်ပေါက်ရှာကြပါတယ် (ဘလော့ဂ်ဂါ စိတ်ထွက်ပေါက် မဟုတ်ပါ)… စိတ်ကို ထွက်ပေါက်ရှာကြတဲ့အခါ ကိုယ့်ကို အန္တာရာယ်ဖြစ်စေမဲ့ အပြုအမူမျိုးကို ရှောင်သင့်တယ်… စိတ်ဖြေတဲ့နည်း အမျိုးမျိုး ရှိကြပါတယ်… မီးလေးက အရမ်းစိတ်ထဲမှာ မွန်းကြပ်နေရင် တစ်ယောက်တည်း နေရတာကို ကြိုက်တယ်… အနားမှာ တစ်ယောက်ယောက်ရှိနေရင် ပိုစိတ်ကျဉ်း ကြပ်တယ်… မီးလေး ချစ်သူတောင် အနားမှာရှိနေရင် မကြိုက်ဘူး… တစ်ယောက် တည်း headphone ဖွင့်ပြီး အပြင်သံ ဘာမှမကြားရအောင် အကျယ်ကြီးဖွင့်ပီး သီချင်း နားထောင်ချင် နားထောင်တယ်… တစ်ခါတစ်လေ တယောက်တည်း ဘယ်သူ့မှ မသိအောင် ကြိတ်ငိုချင် ကြိတ်ငိုတတ်တယ်… စိတ်ဖြေတဲ့ နည်းတွေ အများကြီး ရှိပါတယ်… ဥပမာ- သီချင်း နားထောင်တာ၊ သီချင်း အော်ဆိုတာ၊ နောက် အားကစားတခုခု လုပ်နေတာမျိုး အများကြီး လုပ်လို့ရပါတယ်… ဒါပေမဲ့ ခုလို အကျိုးယုတ်စေတာမျိုးတော့ မလုပ်သင့်ဘူးပေါ့…

မိဘတွေကလည်း ခုချိန်က စားဝတ်နေရေး ကြပ်တည်းနေကြတော့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေလို့ သားသမီးကို သေချာ ဂရုမစိုက်နိုင်ကြတော့ သားသမီးတွေကလည်း ဖြစ်ချင်ရာဖြစ်နေကြတာပေါ့… သားသမီးတွေ ဒီလိုဖြစ်တာ မိဘတွေကိုချည်း အပြစ်တင်လို့တော့ မရပါဘူး… အရင်ကဆို တစ်အိမ်မှာ တစ်ယောက်အလုပ်လုပ်ရင် တစ်အိမ်လုံး ထိုင်စားလို့ရပေမဲ့ ခုခေတ်မှာတော့ စီးပွားရေး ကြပ်တည်းလာမှုကြောင့် အများစုက အပြင်မှာ အလုပ်ထွက်လုပ် ကြရပါတယ်… ဒါကို သားသမီးတွေကလည်း နားလည်မှုရှိပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းကြမယ်ဆိုရင် မိသားစုတိုင်း သာယာချမ်းမြေ့ကြရမှာ အမှန်ပင် ဖြစ်ပါတယ်… ကိုယ်တွေ အသက်အရွယ်မှာ ဒီလောက် စိတ်ဖိစီး မှုများနေမယ်ဆိုရင် ကိုယ့်မိဘတွေကော ဘယ်လောက် စိတ်သောက ရောက်ကြလိမ့်မလဲလို့ မလုပ်မိခင် အရင်စဉ်းစားကြစေချင်ပါတယ်…

ကိုယ်ပြုမိတဲ့ အလုပ်တစ်ခုက ကိုယ်လည်း ဒုက္ခရောက်ရမယ်… လူကြီးတွေလည်း စိုးရိမ် ပူပန်နေရမယ်ဆိုရင် နှစ်ဦး နှစ်ဖက် ကောင်းကျိုးမရှိလို့ ဘာကြောင့်စိတ်ညစ်နေရတယ်၊ ဘာတွေ စိတ်ဖိစီးမှုများနေတယ်ဆိုတာ သိပ်ခင်ပြီး နှုတ်လုံတဲ့သူ တစ်ယောက်ဆီ ရင်ဖွင့်ရင်လည်း သက်သာကောင်း သက်သာပါလိမ့်မယ်… ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့သလို သီချင်းနားထောင် တာမျိုးပဲဖြစ်ဖြစ်၊ အားကစား တစ်ခုခု လုပ်နေတာမျိုးပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာမှ မတွေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူခြင်း ကလည်း စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်… လူငယ်ဆိုတာ တိုင်းပြည်အတွက် လင်းလက်လာမယ့် ကြယ်ပွင့်လူတွေပါ… မလင်းလက်ခင် ကြွေလွင့်မသွားစေချင်တဲ့ စေတနာနဲ့ ဒီပို့စ်လေးကို ရေးသားခြင်းဖြစ်ပါတယ်…

(စာကြွင်း - သူမ ခုဆို ဆေးဖြတ်တာ အတော်လေးထိရောက်နေပါပီ… ဆေး ၁၅လုံးကနေ လျှော့လာတာ ၃လုံး ထိရောက်နေပါပီ… နောင်တစ်ချိန်မှာ သူမ ဒီလိုအဖြစ်မျိုးထပ်မဖြစ်အောင် အားလုံးအေးဆေးသွားတဲ့အချိန် သူမ မိဘတွေကို အသိပေးဖို့ စိတ်တွင်ရည်စူးလျှက်….)

Wednesday, August 5, 2009

အစဉ်အလာမပျက် Blog Day အစီစဉ်ပြုလုပ်မည်

အစ်ကိုတော်ကြီး မင်းယွန်းဆီမှ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်....
အားလုံးပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲကြပါစို့.....

သြဂုတ်လ ၃၁ ရက်နေ့ဟာ တကမ္ဘာလုံးက သတ်မှတ်ထားတဲ့ world blog day ဖြစ်ပါတယ်။ Blog Day ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြီးခဲ့သော ၂၀၀၇ ခုနှစ်တုန်းကတော့ ပထမဦးဆုံး မြန်မာဘလော့ဂ်ကာတွေ စုံစုံညီညီနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲ့ဒိမတိုင်ခင်မှာပဲ ကျွန်တော်တို့ မြန်မာဘလော့ဂ်ကာတွေ စုစည်းပြီး မြန်မာပြည်မှာ ဘလော့ဂ် နည်းပညာ ပြန့်ပွားရေး နှင့် ကမ္ဘာအရပ်ရပ်က blogging လုပ်နေတဲ့ မြန်မာလူငယ်တွေ ပေါင်းစည်းညီညွှတ်စေရန် ရည်ရွယ်ပြီး Myanmar Blogger Society ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့လေးဟာ အမှန်တကယ်တော့ အိုင်တီပေါ်အခြေခံပြီး blogging ၀ါသနာတူရာ သူငယ်ချင်းတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့လေးသာ ဖြစ်ပြီး မည်သည့် အရောင်မှ ဆိုးထားတဲ့ အဖွဲ့ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီအဖွဲ့လေးမှာ (အမှန်တော့ အဖွဲ့ဆိုတာထက် society လေးသက်သက်ပါ။ မြန်မာလို ဘယ်လို သင့်လျော်အောင် ဘာသာပြန်ရမှန်း မသိပါဘူး) ပါဝင်တဲ့ ဘလော့ဂ်ကာ သူငယ်ချင်းများရဲ့ ၀ိုင်းဝန်း ကြိုးပမ်းမှုကြောင့်ပဲ ၂၀၀၇ ခုနှစ် မြန်မာဘလော့ဂ်ဒေးကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀၀၈ မှာတော့ ကျွန်တော်တို့ အကြောင်းကြောင်းသော အခက်အခဲများ ကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။

ဘလော့ဂ်ဒေးပြန်လည်ကျင်းပမည်


၂၀၀၉ခုနှစ် မှာတော့ Blog Day ကို ပြန်လည်ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ သြဂုတ်လ ၄ရက်နေ့ မနေ့ကတော့ ရန်ကုန်က မြန်မာ ဘလော့ဂ်ကာအချို့ တွေ့ဆုံခဲ့ပြီး ဘလော့ဂ်ဒေး အတွက် လိုအပ်တဲ့ အစီစဉ်တွေကို ဆွေးနွေးတိုင်ပင် ဖြစ်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ဘလော့ဂ်ဒေးကို စီမီနာလိုမျိုးသီးသန့် လုပ်တာ မျိုးထက် မြန်မာ ဘလော့ဂ်ကာတွေနဲ့ အခြားသော အွန်လိုင်းမှ မိတ်ဆွေ သူငယ်ချင်းများ တွေ့ဆုံကြမယ့် တွေ့ဆုံပွဲ လေးနှင့် အတူ လေ့လာရေးခရီးစဉ် ပါ ပြုလုပ်သွားဖို့ ရှိပါတယ်။



ဆွေးနွေးဖြစ်ခဲ့


မနေ့က တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာတော့ ကိုညီလင်းဆက်၊ ကိုမျက်လုံး၊ စိုးဇေယျ၊ ရွှေမြတ်၊ idulize၊ ကိုပီကေ၊ ကိုကျော်ဇေယျ၊ မပင့်ဂိုးလ်၊ မဘာညာ၊ ဖိုးသူတော်နှင့် ကျွန်တော် မင်းယွန်းသစ်တို့ တက်ရောက် ခဲ့ကြပြီး ဧည့်သည်တော် အနေနဲ့ MOSN (Myanmar Orphan Support Network) မှ အဖွဲ့ဝင် တယောက် ဖြစ်တဲ့ မခင်မြတ်မြတ်နိုင်လဲ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက် အရ ကျွန်တော်တို့ အဖွဲ့ရဲ့ တစ်ဦးချင်းစီ တာဝန်တွေကတော့

မပင့်ဂိုးလ်- ပြန်ကြားရေး
ကိုညီလင်းဆက်- ဘဏ္ဍာရေးနှင့် အကျီင်္တံဆိပ်ရိုက်
စိုးဇေယျ၊ ကိုကျော်ဇေယျ၊ မင်းယွန်းသစ်- Game & Quiz
ကိုပီကေ၊ idulize - စတေကာ
မဘာညာ- ဗီနိုင်း
ဖိုးသူတော်-ဧည့်ခံကြိုဆိုရေး တို့ ဖြစ်ကြပါတယ်။

Register လုပ်ဖို့ လိုအပ်ပါတယ်



တွေ့ဆုံပွဲလေးကို တက်ရောက်ဖို့ အတွက် register လုပ်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အစီအစဉ်ကို နှစ်ပိုင်းခွဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ ပထမ အစီစဉ်ကတော့ ဘလော့ဂ်ကာတွေနဲ့ တခြား အွန်လိုင်းမှ တက်ရောက် ချင်တဲ့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး တွေ့ဆုံကြမယ့် အစီစဉ်ဖြစ်ပါတယ်။ ဒုတိယ အစီစဉ်ကတော့ လေ့လာရေး ခရီးစဉ် ဖြစ်ပါတယ်။ ညအိပ်ခရီး လိုက်နိုင်သူနဲ့ မလိုက်နိုင်တဲ့သူများ အတွက် အဆင်ပြေ စေဖို့ပါ။ ပထမ အစီစဉ်နှင့် ဒုတိယ အစီစဉ်များတွင် ပါဝင် တက်ရောက် လိုသူများ register လုပ်ချင်ရင်တော့ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ ကလီမှတ်တိုင် အနီး၊ “သင်အာ” စားသောက်ဆိုင် ကပ်လျက်ရှိ Activator Internet Cafe` မှာ သွားရောက် စာရင်း ပေးသွင်းနိုင်ပါတယ်။ Register လုပ်ပြီး တက်ရောက်မယ့် သူငယ်ချင်းတွေ အတွက် Blog Day အထိမ်းအမှတ် အကျီများနှင့် အမှတ်တရ လက်ဆောင်များကို ပေးမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းခြင်းကို သြဂုတ်လ ၂၂ရက်နေ့ အထိသာ လက်ခံမှာ ဖြစ်ပါတယ်။ Registration လုပ်ရန် အသေးစိတ် အချက်အလက်များကိုတော့ ထပ်မံ အသိပေးပါအုံးမယ်။

နေရာနှင့်အချိန်


နေ့ရက် - 29 - Aug -2009 and 30-Aug-2009 (စနေ ၊ တနင်္ဂနွေ)
အချိန် - တွေ့ဆုံပွဲ @ နံနက် (10) နာရီမှ ညနေ (4) နာရီထိ
ခရီးစဉ် @ ည (10) နာရီ
နေရာ - ကန်တော်ကြီး (Point ကို ပြန်လည်ကြေငြာပေးပါမည်)

2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့ ည (10) နာရီခန့်တွင် ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး ၊ 30 ရက်နေ့ ညပိုင်းကို ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။
(မပင့်ဆီမှ ဤအချက်အလက်များ ပြန်လည် ဖော်ပြပါသည်။)

Srikhettra 2.0


ကိုပီကေ ရဲ့ ခရီးစဉ်နာမည် အကြံပေးချက်ကို ကိုညီလင်းဆက်နှင့် ကျွန်တော် ထပ်မံ မွမ်းမံ လိုက်တာ Srikhettra 2.0 ဖြစ်သွားပါတယ်။ ကျွန်တော်တို့ လေ့လာရေး ခရီးစဉ်ဟာလဲ သရေခေတ္တရာ မြို့ဟောင်း တည်ရာ ပြည်မြို့ပါပဲ။ သြဂုတ်လ၂၉ရက်နေ့ ညမှာ ခရီးစဉ်စမှာ ဖြစ်ပြီး ၁ညအိပ် ၂ရက် ခရီးဖြစ်ပါမယ်။ ကားစင်းလုံးငှားကာ တပျော်တပါး knowledge sharing ပြုလုပ်ရင်း သွားကြမှာပါ။ ညအိပ် ခရီး လိုက်ပါမယ့် သူတွေ ကတော့ အိပ်ဆောင်ပိုက်ဆံ အနေနဲ့ တစ်ဦးကို ပျမ်းမျှ ၁၅၀၀၀ မှ ၂၀၀၀၀ လောက်တော့ ဆောင်ယူလာဖို့ လိုအပ်ပါလိမ့်မယ်။

ဒုတိယ အကြိမ်မြောက် ဘလော့ဂ်ဒေး အထိမ်းအမှတ် ပွဲလေးကို စိတ်ဝင်စားသူ အွန်လိုင်းမှ သူငယ်ချင်းများ မည်သူမဆို စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါ ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

Sunday, August 2, 2009

လူငယ်များနှင့်အချိန်

ခုတလော မီးလေးလည်း စာမေးပွဲပြီးတော့ ကျောင်းနှစ်ပတ်ပိတ်ထားတာရယ်၊ မီးနည်းနည်း ပြန်မှန်နေတာရယ်ကြောင့် အိမ်မှာရှိတဲ့အချိန် အွန်လိုင်းဖြစ်နေတာ များပါတယ်... အလုပ်မှာ တုန်းကတော့ နေ့လည်ပိုင်း အမြဲအွန်လိုင်းရှိတတ်တဲ့ မီးလေး ခုတော့ အွန်လိုင်း မတက်နိုင်တာ အတော်လေး ကြာသွားပါပီ... နှစ်တောင် ချီသွားပီ အလုပ်ချိန်မှာ အမြဲအွန်လိုင်းတွေ့နေကြ ဘလော့ဂ်ဂါ အစ်ကိုတွေကတောင် မီးလေး ပျောက်ချက်သားကောင်းလို့တဲ့... အမှန်က မီးလေးပျောက်တာ မဟုတ်ပါဘူး... ကျောင်းတက်နေရတာရယ်၊ မီးတွေ အလှည့်ကျ ပေးတာတွေရယ်ကြောင့် နေ့လည်ပိုင်း အွန်လိုင်း မတက်နိုင်တော့ဘဲ၊ ညဘက်ကျမှ သူငယ်ချင်းတွေနဲ့ Discussion လုပ်ဖို့ အွန်လိုင်းတက်ဖြစ်ရင်း တခြားဘလော့ဂ်ဂါတွေနဲ့တော့ တွေ့ဖြစ်ပါတယ်...

မီးလေးခု နေ့လည်ပိုင်း အွန်လိုင်းတက်တဲ့ ဒီနှစ်ပတ်အတွင်းမှာ မီးလေးရဲ့ ဂျီမေးလ်အကောင့်ထဲကို တနေ့ကို အနည်းဆုံး နှစ်ခု သုံးခုလောက် အက်တာရှိတယ်… အရင်က မီးလေးက ကိုယ်မသိရင် မအက်တတ်ပေမဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ စာတွေ Discussion လုပ်နေရတာမို့ မေးလ်အက်ဒရက်တွေ အက်ဖြစ်ပါတယ်… အဲဒီ့ထဲမှာ တချို့ကတော့ သူငယ်ချင်းလိုချင်လို့၊ တချို့ကတော့ ဘာရယ်မဟုတ်၊ တချို့က ကြူဖို့၊ အားလုံးကို မဆိုလိုပါဘူး… တချို့ဆို အတော်လေး ရိုင်းတာတွေ့ရတယ်… သူတို့ကလည်း အက်သေးတယ် စကားပြောတာ အရမ်းရိုင်းလို့ ဗန်းလိုက်တာတွေလည်း မနည်း… ဟိုတရက်က မီးလေး မောင်ဝမ်းကွဲတယောက်က အကောင့်နှစ်ခုဖွင့်ခိုင်းတယ်… မီးလေးလည်း စာမေးပွဲရှိနေတာနဲ့ စာမေးပွဲပြီးရင် လုပ်ပေးမယ်… လိုချင်တဲ့ အက်ဒရစ်ကို ပို့ပေးထားဆိုပြီး ပြောထားလိုက်တယ်… မီးလေး စာမေးပွဲပြီးလို့ ကြည့်လိုက်တော့ “ဗုဒ္ဓေါ” အကောင့်နိမ်းကို girlkiller နဲ့ loverkiller ဖွင့်ပေးပါတယ်…

မီးလေးမောင်လေးက နယ်မှာ GTC(ပထမနှစ်)တက်နေတာ သူနဲ့ ဆက်သွယ်ရဖို့က အွန်လိုင်းတက်လာမှပဲ တွေ့ရတယ်… သူ့ဆီဖုန်းဆက်ဖို့ကျ အဆောင်ဖုန်းက မမှတ်မိတော့ ဆက်မရဘူး… ဒါနဲ့ မကြာပါဘူး အွန်လိုင်းတက်လာတယ်… ငဖုန်း မကို ဖွင့်ခိုင်းတဲ့ အကောင့်တွေက ဘယ်သူ့အတွက်လဲ ဘာလုပ်ဖို့တုန်းဆိုတော့ သူ့အတွက်တဲ့ ကောင်မလေးတွေ ကြူဖို့တဲ့… “ဘုရား …ဘုရား……” မီးလေး တကယ်ပဲ စိတ်ပျက်မိပါတယ်… နောင်တလည်း ရမိတယ်… သူကျောင်းမတက်ခင် ရန်ကုန်မှာ လာနေတုန်းက မီးလေးက လူငယ်တယောက်အနေနဲ့ သိသင့် သိထိုက်တယ်… တတ်ထားသင့်တယ် ထင်လို့ သင်ပေးခဲ့တာတွေကို သူက တလွဲလုပ်နေပီဆိုတာ သိလိုက်တော့ စိတ်လည်း မကောင်းဖြစ်သွားတယ်…

ချက်တင်ထိုင်တယ် ဆိုတာ အမျိုးမျိုးရှိပါတယ်… တချို့က Knowledge တွေကို အချင်းချင်းမျှဝေကျတယ်… မီးလေး ဘာလို့ ခုချိန်ထိ ဘလော့ဆက်ရေးနေလဲ… ခုဆို မကြာမီအချိန်အတွင်းမှာ မီးလေးရဲ့ ဘလော့အိမ်သက်တန်းက သုံးနှစ်ပြည့်ပါတော့မယ်… ဘာကြောင့်ရေးနေတာလဲ? ဘာအတွက်ရေးနေတာလဲ? ဆိုတာမျိုး တွေးမိဖူးပါတယ်… မီးလေး ဘလော့ရေးတာက စိတ်ကူးပေါက်ရာ ဟိုခြစ် ဒီခြစ်ရေးနေတဲ့ ဒိုင်ယာရီ သက်သက်သာ ဖြစ်ပါတယ်… ဘလော့ဂါတစ်ယောက်တော့ မဟုတ်ပါဘူး…. အရင်က မီးလေး အားတဲ့အချိန်တွေဆို မဂ္ဂဇင်းတွေ၊ ၀တ္ထုတွေ ဖတ်လေ့ရှိပါတယ်… ဒါပေမယ့် အရင်ကလောက် စာအုပ်တွေက အတော်များများက ဖတ်လို့မကောင်းတော့ပါဘူး… တခါလာလည်း အချစ်ဝတ္ထု၊ အလွမ်းအဆွေးတွေ၊ မြန်မာဗွီဒီယိုတွေကလည်း အနှစ်သာရမရှိနဲ့ အချိန်တွေ အရမ်းနှမြောဖို့ကောင်းပါတယ်… တနေ့ ဂျာနယ်တစောင်မှာ မြလွှာရဲ့ ဒိုင်ယာရီဆိုတာလေး စတွေ့ပြီး အဲဒီ့ဆိုဒ်ကို သွားကြည့်တယ်… အဲဒီ့ဆိုဒ်ထဲမှာရှိတဲ့ လင့်တွေကို သွားကြည့်တော့ မီးလေးအတွက် ဗဟုသုတတွေ အများကြီးရပါတယ်… ဘလော့ဂ်ဂါတွေက သူတို့သိတဲ့ Knowledge တွေကို စာဖတ်သူတွေ မျှဝေပေးကြတယ်… သူတို့ရဲ့ အတွေးတွေ စိတ်ကူးတွေကို ဘလော့ဂ်တွေမှာ ချပြကြတယ်…

ဘလော့ဂ်ဂါ အတော်များများက (မီးလေးမပါ,ပါ) စာအရေးအသား ကောင်းကြတယ်… ပြီးတော့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းပေါ်မှာပဲ သိကြပေမဲ့ အချင်းချင်း ရိုင်းပင်းကူညီကြတယ်… အရမ်းလည်း ခင်ဖို့ကောင်းကြပါတယ်… တစ်ယောက် အခက်အခဲဖြစ်နေရင် ၀ိုင်းပြီး ကူညီဖြေရှင်းကြတယ်… တဦးကိုတဦး အပြန်အလှန်စောင့်ရှောက်ကြတယ်… ဒါကြောင့်လဲ ဘလော့ဂ်နဲ့ ဘလော့ဂ်ဂါ မောင်နှမတွေကို ခုချိန်ထိ မစွန့်ခွာနိုင်သေးတာပါ… နေရာတိုင်းမှာ စုန်းပြူးဆိုတာ ရှိစမြဲပါ… ဘလော့ဂ်ဂါနာမည်တပ်ပြီး သူများဘလော့ဂ်က ခိုးကူးတွေ၊ သူများ စီပုံးမှာ တခြား ဘလော့ဂ်ဂါနာမည်တွေ လင့်တွေ သုံးပြီး နှောင့်ယှက်နေကြတာ သူတို့အတွက် ဘာများ အကျိုးရှိပါသလဲ… မီးလေးကို ကိုအရုပ်ကလေးက ပြောဖူးပါတယ်…

သူ့တို့ ကောင်မလေးတွေ အထင်ကြီးအောင်တဲ့…. ဒါဆိုရင်တော့ လွဲမှားတဲ့ အယူအဆပါပဲ သူများဆီက ခိုးချတာ တစ်နေ့နေ့မှာ သိလာရင် အဲဒါက ပိုရှက်ဖို့ကောင်းပါတယ်… ကိုယ့်တတ်သလောက်ကိုပဲ ကြိုးစားပြီး ရသလောက်ရေးပါ၊ စာများများဖတ်ပါ၊ သူများ ဘယ်လိုရေးလဲ လေ့လာပါ… ဒါဆိုရင် ကိုယ့်အရည်အချင်းလည်း တက်လာမယ်… လူငယ်တွေ အနည်းစုက တော်ကြပါတယ်… အများစု ဘာလို့မတော်ကြလဲ ဆိုတော့ ကိုယ့်ဘာသာကိုယ် တုံးအောင် လုပ်နေ ကြတာပါ… ဦးဏှောက်ကို အမြဲ အလုပ်လုပ်ပေးရပါမယ်… ဦးဏှောက်ကို မသုံးတာများလာရင် တဖြည်းဖြည်းနဲ့ ငတုံးတယောက် ဖြစ်လာပါလိမ့်မယ်…

ပြောရင်းနဲ့ လမ်းချော်သွားပီ… :P ချက်တင်ထိုင်တဲ့ လူငယ်အများစုကို ပြောချင်တာ အယောင်ဆောင်သမားဘက် ရောက်သွားပီ… :Dဒီနေ့လူငယ်တွေကို ပြောချင်တာက ချက်တင်ထိုင်ရင်းနဲ့ ကြူတာ ကိုယ့်အတွက် ဘာအကျိုးအမြတ်ရလဲ ပြန်သုံးသပ်ကြဖို့ပါ… မီးလေး ခုတလော အတော်ခံရခတ်နေတယ် :( … မီးလေး ခံရခက်တဲ့ မေးခွန်းကို ခုရက်ပိုင်း ခဏခဏအမေးခံနေလို့ပါ… အဲဒီ မေးခွန်းက “ မ… ဘယ်သူနဲ့ ကြူနေတာလဲ” တဲ့… :( တကယ် ခံရခက်တဲ့ မေးခွန်းပါ… မီးလေး သူတို့အကောင့်တွေ အက်လုပ်တာ ဘာရည်ရွယ်ချက်မှ မပါဘဲ ဒီအတိုင်း အက်လိုက်တာပါ… ဒါပေမဲ့ သူတို့လေးတွေက ငယ်ပါသေးတယ် သူတို့ကို လမ်းမှန်ရောက်စေချင်တယ်… တချို့က အင်တာနက်ဆိုင်မှာ တစ်နာရီ သုံးလေးငါးရာပေးပြီး သုံးကြရတယ်… အိမ်မှာ သုံးနေတဲ့ သူတွေလည်း ဒီအတိုင်းပါပဲ… လစဉ်ကြေးပေးပြီး သုံးနေကြရတာ… ကိုယ်ကုန်လိုက်တဲ့ ပိုက်ဆံအတွက် ငါဘာတွေရလိုက်လဲ… ကုန်လိုက်တဲ့ ပိုက်ဆံနဲ့ တန်အောင် အကျိုးရှိမယ့်ဆိုဒ်တွေကြည့်မယ်၊ဥပမာ – language တွေလေ့လာမယ်၊ ကိုယ့်ဝါသနာပါတဲ့ ပညာရပ်တခုခုကို လေ့လာမယ်၊ ဒါကလည်း Free Education Web Siteတွေ တနေ့ထက် တနေ့ ပိုများလာလို့ နိုင်ငံရပ်ခြား သွားမှမဟုတ်ဘူး… ကိုယ့်နိုင်ငံမှာတင် တထိုင်တည်း လေ့လာနိုင်တယ်…

မီးလေးပြောချင်တာက ချက်တင်နဲ့ ကြူလို့ ကုန်မယ့်အချိန်အစား အကျိုးရှိတာလေးတွေ လုပ်စေချင်တယ်… ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာမျိုး လုပ်ပေးပါ… မီးလေးကို ဆရာလုပ်တယ်လို့ မထင်စေချင်ပါဘူး… ဆရာလုပ်တာ မဟုတ်ပါဘူး… သူတို့အချိန်တွေကို သူတို့အစား နှပြောမိလို့ပါ… ကိုယ်က ပိုက်ဆံဖြုန်းပြီး ဒီလိုအချိန်တွေ အလကားသုံးနေတဲ့ အချိန်မှာ တချို့လူတွေက သူတို့ ၀မ်းရေးအတွက် ကြိုးစားဖြေရှင်းနေကြတယ်ဆိုတာမျိုး ပြန်တွေးကြည့်ပါ… ကိုယ့်က မိဘပိုက်ဆံ အခန့်သင့် ထိုင်သုံးနေတဲ့အချိန်မှာ ကိုယ်ထမင်းစားဖို့အရေး နည်းအမျိုးမျိုးနဲ့ ရုန်းကန်နေကြရတဲ့ တချို့လူတွေရဲ့ ဘ၀ကို စာနာတတ်ပါစေ… ဒါဆိုကိုယ်က ဘယ်လောက် အသုံးဝင်နေတဲ့သူ၊ အသုံးမ၀င်တဲ့သူဆိုတာ သိလာပါလိမ့်မယ်… ဒီအချိန်မှာ ပြင်နိုင်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိမှာပါ… မီးလေး မောင်လေးတောင် ပြောတုန်း ဟုတ်ကဲ့… ဟုတ်ကဲ့နဲ့ ကိုယ့်မျက်စိရှေ့ မဟုတ်တော့ သူလုပ်ချင်တာ လုပ်မှာလေ… ဒါပေမဲ့ ငါဒီလိုနေ,နေတဲ့ အချိန်မှာ တချို့သူတွေက ဘ၀ကို ဘယ်လိုရုန်းကန်နေကြရပါလား… ကိုယ်သုံးနေတဲ့ ပိုက်ဆံကရော ကိုယ့်မိဘတွေ လွယ်လွယ်နဲ့ရတဲ့ ပိုက်ဆံမဟုတ်ပါလား… ကာယနဲ့မဟုတ်တောင် ဥာဏနဲ့ ရှာထားကြတာပါလားဆိုတဲ့ အသိလေး သိရင် မီးလေး လက်ကြွက်သားယောင်နေရင်းနဲ့ ရေးတဲ့ ပို့စ်လေးအတွက် ပင်ပန်းရ ကျိုးနပ်တာပေါ့….

နောက်တခုက ဂိမ်းဆော့တယ်… ဂိမ်းဆော့တာကို အပြစ်မပြောပါဘူး… ကလေးတွေကအစ ဂိမ်းဆော့သင့်တယ်… ဂိမ်းဆော့တဲ့ အခါမှာလည်း ရွှေးချယ်တတ်ဖို့ လိုပါတယ်… ခုခေတ်မှာ လူကြီးနဲ့ ကလေးကြား ဂိမ်းဆော့လို့ ဆိုပြီး ဆူပူသောင်းကျန်း နေတဲ့အသံ ကြားဖူးကြမှာပါ… အမှန်တော့ လူကြီးတွေ အနေနဲ့လည်း ကလေးတွေ ဂိမ်းဆော့သင့်တယ် ဆိုတာမျိုး နားလည်ပေးတတ်ဖို့ လိုပါတယ်… ပြီးတော့ ဂိမ်းတွေကိုလည်း ရွှေးချယ်ပေးတတ်ဖို့ လိုပါသေးတယ်… ဥပမာ – ဦးဏှောက်သုံးရတဲ့ ဂိမ်းမျိုး စစ်တိုက်တဲ့ ဂိမ်းဆို ရန်သူတွေ ရှာရတယ်… ရန်သူကို ကိုယ်က အရင်ပစ်မှ မပစ်နိုင်ရင် ကိုယ့်ဘက်က အကောင်တွေ ကျကုန်ဆိုတော့ သူတို့ မျက်လုံး၊ လက်၊ ဦးဏှောက်က အလုပ်လုပ်ပေးနေရတယ်… ဒါကြောင့် ဦးဏှောက်ကို အလုပ်လုပ်ပေးနေသလိုဖြစ်လို့ ဓားများလို များများသွေးလေ ထက်လေ ဖြစ်လာတယ်… အချိန်ပြည့် ဆော့တာမျိုး မဟုတ်ဘဲ အချိန်ကန့်သတ်ပြီး ဆော့ခိုင်းတာမျိုး လုပ်ပေးသင့်တယ်… ဒါက ငယ်ငယ်တည်းက Train လုပ်သင့်တာပါ…

ဒါပေမယ့်လည်း ဂိမ်းဆိုင်တွေပေါ်လာတဲ့အတွက် ကလေးအများစုက ဂိမ်းဆိုင်မှာချည်း အချိန်ကုန်နေကြပါတယ်… ဒါကိုလည်း အိမ်က မိဘတွေအနေနဲ့ လုံးဝ ဂိမ်းဆိုင်မသွားရဆိုတာမျိုး မတားမြစ်သင့်ပါဘူး… လူ့သဘာဝအရ မသွားနဲ့ဆို သွားချင်တယ်… မလုပ်နဲ့ဆို လုပ်ချင်တယ်… အချိန်သတ်မှတ်ပြီး လုပ်ခိုင်းတာမျိုးလုပ်ပေးသင့်ပါတယ်… လူကြီးနဲ့ လူငယ်တွေကြား သဘောထား ကွဲလွဲမှုတွေ ခုခေတ်မှာပိုများပါတယ်… လူကြီးတွေကလည်း သူတို့ ဖြတ်သန်းလာတဲ့ အသိကို ရှေ့တန်းတင်တတ်သလို လူငယ်တွေ ကလည်း အဖေ၊ အမေတို့ မသိပါဘူးဗျာလို့ ပြန်ပြောမယ့်အစား အချိန်ယူပြီး ရှင်းပြပြောပြတာမျိုး လုပ်ပေးပါ… အဖေ၊အမေတို့ ခေတ်မှာ ဒီလိုဟုတ်ပေမယ့်၊ သားတို့ သမီးတို့ခေတ်မှာ ဘယ်ဟာကဖြင့် ဘယ်လိုလုပ်မှရတော့မှာဆိုတာမျိုး ပြောပြပေးရင် လူကြီးတွေကလည်း ကိုယ့်ကို အားကိုးရတဲ့ သားသမီးတွေဆိုပြီး အထင်ကြီးလာပါလိမ့်မယ်… ကိုယ့်ရှေ့မှာ မဟုတ်တောင် တခြားသူတွေနဲ့ တွေ့တဲ့အခါ သားကလေ သမီးကလေနဲ့ ပီတိစကားသံတွေနဲ့ စကားဝိုင်းလေးက သာယာစိုပြည်နေမှာ အမှန်ပင် ဖြစ်ပါလိမ့်မယ်…

လူငယ်များ အချိန်ကို အကျိုးရှိစွာ သုံးတတ်သူများ ဖြစ်ပါစေလိုက ဆန္ဒပြုရင်း….

Blood Donation!

ရန်ကုန်ကလေးဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ လူနာများ များပြားနေသည့်အတွက် သွေးသွင်းလူနာများ လိုအပ်သည့် သွေးပမာဏ မလောက်ငှပါသဖြင့် နေ့စဉ် သွေးယူနစ်ပေါင်း ၂၀လောက် လိုအပ်လျှက် ရှိနေပါသည်ဟု သိရပါသဖြင့် စာဖတ်သူများ အနေဖြင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီလှူဒါန်းနိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်…..

မွန်မြတ်သည့် သွေးလှူခြင်းဖြင့် ကုသိုလ်ယူပါ…

Saturday, July 18, 2009

အကြည်ညိုမပျက်စေချင်...

မီးလေး ဘလော့ကို စာမေးပွဲရှိလို့ မရောက်ဖြစ်တာ အတော်ကြာပီပေါ့... ဒီအတောအတွင်း မီးလေးဆီကို သတိတရနဲ့ လာစောင့်ရှောက်ပေးကြတဲ့ ဘလော့ဂါ ညီအစ်ကိုမောင်နှမများနှင့် စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်... ဒီအတောအတွင်း ကုန်ကြမ်းတော်တော်များများလည်း ရထားပေမဲ့ မအားတာရယ်၊ ကွန်မကောင်းတာရယ်၊ အပျင်းကြီးနေတာရယ်ကြောင့် ပို့စ်တင်တာလဲ အတော်လေးကျဲသွားခဲ့ပါတယ်...

ဒီနေ့ရေးချင်တဲ့ အကြောင်းအရာက ရင်ထဲမှာ အတော်လေး မကောင်းမိလို့ပါ... ဟိုတရက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်... ဘုရားရဲ့ ရင်ပြင်တော်ပေါ်မှာ မြင်တွေ့ခဲ့ရတာတွေက တခြားဘာသာဝင်တွေ ဗုဒ္ဓဘာသာကို အကြည်ညိုပျက်စေတဲ့ အပြုအမူမျိုးကို တွေ့ခဲ့ရပါတယ်... ဘုရားရင်ပြင်တော်ပေါ်မှာ အလှူခံနေကြတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေပါ... ဘုရားဝတ်ပြုတာတောင် ကောင်းကောင်း ၀တ်ပြုလို့ မရအောင် ဘေးနားက တောက်လျှောက် အလှူခံနေခြင်းပါပဲ... ထိုအပြုအမူက အရမ်းပဲ ဆိုးဝါးလှပါတယ် မီးလေးအမြင်ပြောတာပါ... တခြား လာလေ့ကြတဲ့ နိုင်ငံခြားသားတွေကရော ဘယ်လိုမြင်ကြမလဲ... ဘုရားဂေါပက လူကြီးတွေအနေနဲ့ ဒီလုပ်ရပ်မျိုးကို တားမြစ်သင့်ပါတယ်... အလှူခံပုံကလည်း အဆန်းရယ်၊ ဘယ်နှနာရီလဲမေးပြီး လက်ဘက်ရည်ဖိုးပေးခဲ့ဆိုပြီး တောင်းတယ်... မီးလေး အမြင်တော့ အတုအယောင်တွေလို့ ထင်ပါတယ်... သင်္ကန်းဗန်းပြပြီး ခုလိုတောင်းတာတော့ မကောင်းဘူးပေါ့... ဒါပေမဲ့ အရွယ်ပေါင်းစုံ တွေ့ခဲ့ရပါတယ်...
သီလရှင်အမေကြီး တစ်ပါးဆို အတော်ကို အသက်ကြီးနေပါပြီ... ဓာတ်လှေကားနားသွားတဲ့ စင်္ကြန်မှာ ၁၀နှစ်အရွယ် ကောင်လေး တစ်ယောက်က စောင့်နေပါတယ်... သီလရှင်အမေကြီးက ရသမျှပိုက်ဆံကို ထိုကောင်လေးကို ပေးထားပြီး လိုက်အလှူခံနေတာပါ... အသက်ကြီးနေတဲ့ သီလရှင်ဆိုတော့ လူတွေက လှူကြပါတယ်... ဒါပေမဲ့ ဆိုးရွားတဲ့အပြုအမူက သူ့ကို မလှူဘဲ မသိချင်ယောင်ဆောင်ပြီး ထွက်သွားတဲ့ သူတွေက အနောက်ကနေလိုက်ပြီး ရင်ပြင်တော်က မဆင်းမချင်း လိုက်ကျိန်ဆဲနေခြင်းပါပဲ... မီးလေးလှူဖို့ စိတ်ကူးထားတာတောင် သဒ္ဓါပျက်ပြီး မလှူခဲ့တော့ပါဘူး... အသက်ကြီးပေမဲ့ အသက်အရွယ်နဲ့ မလိုက်အောင် တရားမရှိခြင်းပဲ ၀မ်းရေးလွယ်ဖို့အတွက် သာ့သနာဘောင်ထဲ ၀င်တာလားလို့တောင် သံသယဖြစ်မိပါတယ်...
ရွှေတိဂုံဘုရားပေါ်က ဆင်းလာပြီး breakfast ကို Feel မှာ စားဖို့ မြို့မလမ်းထဲက Feel ဆိုင်ကို ထွက်လာခဲ့ပါတယ်... မုန့်တွေ ဘာတွေမှာပြီး ထိုင်ခုံနေရာ ယူလိုက်ပါတယ်... ထို Feel ဆိုင်မှာ ထိုင်းနိုင်ငံက ဘုရားဖူးအဖွဲ့ ဘုန်းကြီး၊ သီလရှင်၊ ယောဂီတွေ လာရောက်စားသောက်နေတာ တွေ့ခဲ့ရပါတယ်... တချို့ကတော့ ဆင်းမစားဘဲ ဘုရားဖူးယာဉ်ပေါ်မှာ ထိုင်နေကြပါတယ်.... ထိုအချိန်မှာ လမ်းမှာ ဖြတ်သွားတဲ့ သီလရှင်တစ်ပါးက နိုင်ငံခြားသားတွေမှန်းသိတယ်... ကားကို ကျော်ပြီးမှ ပြန်လှည့်လာပြီး ကားပေါ်မှာထိုင်နေတဲ့သူတွေကို အလှူခံတယ်... ကားပေါ်က နိုင်ငံခြားသားတွေက ဘယ်လောက်တောင် ကြည်ညိုကြလဲဆို ကားပေါ်ကလေတောင် လှမ်းထည့်တာမျိုး မလုပ်ဘဲ ကားပေါ်က ဆင်းလာပြီး လှူတာကို ၀မ်းသာဖွယ် တွေ့မြင်ရပေမဲ့ တခြားဘာသာဝင်တွေတောင် ဒီလောက်ရိုသေလေးစားကြတာ ကိုယ့်ဘာသာဝင်တွေက ဘာလို့ ရှုံ့ချစရာတွေ လုပ်နေကြရတာလဲလို့ စိတ်ထဲမှာ မနေနိုင်မထိုင်နိုင် မကျေမနပ်ဖြစ်နေမိပါတယ်... ထိုသီလရှင်ကလည်း လှူမှန်းသိတော့ဘယ်မှ မသွားတော့ဘဲ အထဲမှာထိုင်စားတဲ့သူတွေ ထွက်လာတဲ့အထိ ကားပေါ်တက်တဲ့ အပေါက်ကနေ စောင့်နေပါတယ်...
စားပြီးလို့ ဆိုင်ထဲက ထွက်လာကြတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေကလည်း အကုန်လုံးလိုလို လှူပြီးမှ ကားပေါ်ကို တက်ကြပါတယ်... သူတို့ရဲ့ သဒ္ဓါတရားထက်မြက်တာကို တွေ့ရလို့ ၀မ်းသာပါတယ်... တဆက်တည်းမှာပဲ အထင်သေးသွားမလားလို့ စိုးရိမ်ခဲ့ရပါတယ်... မီးလေး သိရသလောက် သီလရှင်တွေဟာ တောဖိတ်နဲ့ မြို့ဖိတ်ကလွဲလို့ အလှူခံထွက်လို့မရပါဘူး... ဟိုနေ့က မီးလေးတို့ကျောင်းရှေ့ကို ဥူးဇင်း သုံးပါးဖြတ်သွားပါတယ်... မီးလေးသူငယ်ချင်း တစ်ယောက်တည်း မီးလေးတို့ဆီ လာနေတဲ့အချိန် ထိုဥူးဇင်းများက မီးလေးသူငယ်ချင်းကို ပိတ်ရက်လိုက်ပြီး ပိုက်ဆံတောင်းပါတယ်... မီးလေးသူငယ်ချင်းက အကြွေမပါဘူး ဘုရားဆိုပြီး သူတို့ကို ဖြတ်သွားမယ်လုပ်တော့ လက်ကို ဆွဲထားပြီး မပါလည်း ပါတာပဲ ပေးခဲ့ဆိုပြီး ဆွဲထားပါတယ်... မီးလေးတို့က သူ့နဲ့သိတဲ့ ဥူးဇင်းတွေမှတ်လို့ ဒီအတိုင်းပဲ ကြည့်နေကြတာ... မီးလေး သူငယ်ချင်းကလည်း မပေးရင် သူ့ကို ဘာလုပ်ကြမလဲ မသိဘူးဆိုပြီး သူ့မှာပါတဲ့ 1000 တန်ပဲ ထုပ်ပေးလိုက်ရပါတယ်...
ပြီးတော့ ယောဂီဝတ်စုံတွေနဲ့ ဘယ်ကကျောင်းအတွက်ဆိုပြီး ခဏခဏလာတောင်းနေကြတဲ့ သူတွေကလည်း တပုံတပင်... သာသနာကို ခုတုံးလုပ်ပြီး အလှူခံနေခြင်းကို သာသနာရေး ၀န်ကြီးဌာနအနေနဲ့ ကြပ်မတ်ပေးစေချင်ပါတယ် (မီးလေး ဖြစ်စေချင်တာပါ).... ဗုဒ္ဓသာသနာကို တစ်ပါးသူတွေ အနေနဲ့ မငြိုငြင်စေချင်တဲ့ ဆန္ဒကြောင့်ပါ... မီးလေးတို့ ယုံကြည်ကိုးကွယ်ကြသလို တခြားဘာသာဝင်တွေကလည်း မယုံကြည် မကိုးကွယ်ချင်နေ အကြည်ညိုမပျက်စေချင်တဲ့ ဆန္ဒကြောင့်သာ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ...
မီးလေးအမြင်တွေ မှားချင်လည်း မှားနေနိုင်ပါတယ်... အတ္တကြီးတာလည်း ဖြစ်ချင်ဖြစ်မယ်... အများစုက စီးပွားရေးကျပ်တည်းကြတယ်ဆိုတာ နားလည်ပါတယ်... ဒါပေမဲ့ ခုလိုမျိုး ဘာသာရေးကို ခုတုံးလုပ်တာမျိုးကို လက်မခံနိုင်တာပါ... ကိုယ်လိုက်လုပ်ယုံနဲ့ ပြီးတဲ့ကိစ္စ မဟုတ်တော့လည်း စိတ်သာရှိပြီး xxxxxxxxxxxxxxxxxxxxxxxxxx

Monday, July 6, 2009

ဝါဆိုလပြည့်နေ့

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွက်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၀ါဆိုလပြည့် (ဓမ္မစကြာ)နေ့ ဖြစ်ပါတယ်... ယနေ့လို အခါကြီး ရက်ကြီးမှာ ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားများသို့ သွားရောက်ဖူးမျှော်လေ့ ရှိကြပါတယ်... ရေမြေခြားရောက်နေကြတဲ့ ဘလော့ဂ်ဂါ မောင်နှမများ၊ စာဖတ်သူများအနေဖြင့် အဝေးမှမှန်းဆ၍ ဖူးမျှော်နိုင်အောင် ရွှေတိဂုံစေတီတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ဘုရားများအား ကြည်ညိုသဒ္ဓါပွားနိုင်ရန်အတွက် ဓာတ်ပုံများ တင်ပေးလိုက် ပါတယ်...

ဒါက မနက်က သွားတုန်းက ရိုက်ထားတဲ့ ဗုဒ္ဓမြတ်စွယ်တော်ဘုရားပုံတော်...



ရွှေတိဂုံဘုရားပုံတော် (ကဆုန်လပြည့်နေ့က ရိုက်ကူးပူဇော်ထားပုံ)

ကျန်းမာရွှင်လန်းကြပါစေ...

Friday, July 3, 2009

Face Mask သုံးကြပါ...

ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါအကြောင်း အမေးအဖြေအား ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်နေ့က လက်ကမ်းစာစောင်များ ဖြန့်ဝေပေးထားပါတယ်... ထိုလက်ကမ်းစာစောင်များကို မီးလေးဆီမှာ ရှိသမျှမေးလ်လိပ်စာများသို့ ပေးပို့ထားပါတယ်... လိုချင်သူများရှိက မီးလေးဆီ မေးလ်လိပ်စာ စီပုံးမှာ လာပို့ပေးကြပါ...

ရောဂါဖြစ်မှ ကုသခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသဖြင့် မိမိတို့၏ ကျန်းမာရေးကို Face Mask များအုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်မှု ပြုလုပ်သင့်ပါသည်... ယခုအချိန်ထိ သိရသလောက် A/H1N1 ရောဂါပိုးတွေ့သူ လူနာသုံးဦး ရှိပြီဖြစ်ကြောင်း ကြားသိရပါသည်... ယခုအချိန်တွင် သာမာန်တုပ်ကွေးလူနာများစွာလည်း ရှိနေပါသဖြင့် ခွဲခြားမရနိုင်ပါ... သာမာန်တုပ်ကွေးရောဂါနှင့် ရောဂါလက္ခဏာခြင်းတူပါသဖြင့် သွေးစစ်ကြည့်မှသာ သိနိုင်ပါသည်... ထို့ကြောင့် ကြိုတင်ကာကွယ်သော အနေဖြင့် Face Mask သုံးကြပါ....

A/H1N1 ရန်ကုန်မြို့သို့ ရောက်လာခြင်း

စင်ကာပူနိုင်ငံမှ ပြန်လာသော အသက်(၁၃)နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးတွင် A/H1N1 ပိုးတွေ့ရှိရသဖြင့် ဆေးရုံတင် ကုသထားရကြောင်း သက်ဆိုင်ရာမှ ဇွန်လ(၂၇)ရက် စနေနေ့တွင် ထုတ်ပြန်ကြေငြာသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့လူတုပ်ကွေးရောဂါပိုးရှိသော အသက်(၁၃)နှစ် အရွယ်ရှိ ကျောင်းသူမိန်းကလေးမှာ ဇွန်လ(၁၆)ရက်၊ သောကြာနေ့က အခြားခရီးသည် (၉၁)ဦးနှင့်အတူ စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် စာဖတ်ဝိုင်းသို့ သွားသည့်အခါ မိန်းကလေးမှာ ချောင်းဆိုးနေသဖြင့် သက်ဆိုင်ရာ ဆရာမက သတိပြုမိပြီး ည(၉)နာရီ အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မိဘများက ပို့ပေးခဲ့ရာ၊ ဆေးရုံမှ စစ်ဆေးကြည့်ရှုရာ၌ လူနာတွင် A/H1N1ပိုး တွေ့ရှိခဲ့သည်။ မိန်းကလေးတွင် ရောဂါပိုးတွေ့ရှိသဖြင့် သူမနှင့် လက်ပွန်းတတီး အနီးကပ်နေခဲ့သည့် မိသားစုဝင်များ၊ သင်တန်းဆရာမနှင့် စာဖတ်ဝိုင်းအတူ တက်ရောက်ခဲ့သူများကို သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ အနီးကပ်စောင့်ကြည့် စစ်ဆေးလျက်ရှိသည်ဟု သိရှိရသည်။ ထို့အပြင် ဇွန်လ (၂၆)ရက် သောကြာနေ့က စင်ကာပူနိုင်ငံမှ လေယာဉ်ခရီးစဉ်အမှတ် (3k 585)ဖြင့် စီးနင်းလိုက်လာခဲ့သော ကျန်ခရီးသည် (၉၁)ဦးကိုပါ သက်ဆိုင်ရာ ကျန်းမာရေး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ ရောဂါပိုး တွေ့ရှိသော မိန်းကလေးကို ရန်ကုန်ဆေးရုံကြီးတွင် သီးသန့်ထားရှိ၍ အထူးကြပ်မတ်ကုသလျှက် ရှိသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်လည်း A/H1N1 ပိုးရှိသော ပထမဦးဆုံး လူနာများကိုလည်း တွေ့ရှိရကြောင်း ဗုဒ္ဓဟူး(ဇွန် ၂၄)နှင့် (ဇွန် ၂၅)ရက်နေ့တို့တွင် အသီးသီး ကြေညာသည်။ ထိုင်းနိုင်ငံတွင် လွန်ခဲ့သော မေလ (၁၂)ရက်နေ့မှ စ၍ ယနေ့အထိ လူနာပေါင်း (၁၂၀၀)တွေ့ရှိခဲ့ပြီး ဇွန်လ (၂၇)ရက် စနေနေ့တွင် (၂)ဦး သေဆုံးကြောင်း ကြေညာသည်။

ယနေ့ထုတ် Myanamar Newsweek ဂျာနယ်မှ ကူးယူဖော်ပြထားပါသည်။