Pages

Monday, October 29, 2007

မီးလေးနှင့် တစ္ဆေ

မီးလေး တနေကုန်အလုပ်မအားတဲ့အတွက် ဘလော့ဂ်အိမ်ရာကို မရောက်ဖြစ်ဘူး ဖြစ်နေတယ်။ အလုပ်တွေတော့ မပြတ်သေးပါဘူး။ လကုန်ခါနီးဆိုတော့ ဒီလိုပဲ မအားတော့ဘူး။ ရတဲ့အချိန်လေးမှာ ဘလော့ဂ်အိမ်လေးကိုလည်း သွားသွားကြည့်ရတာ အမော။ မအားတဲ့ကြားက ဘလော့ဂ်အိမ်ရာကို မြန်မြန်လေး လျှောက်လည်ရတာလည်းအမော။ ရေးရင်းနဲ့ တောင်မောလာပြီ။ အရင်ဆုံး စီဗုံးအပေါ်ဆုံးက ဘလော့ဂ်အိမ်လေးကို သွားလိုက်တယ်။ ဟိုက် ရှာလပတ်ရည်... ကိုရန်ရဲ့ ဘလော့ဂ်ပါ။ ဒီပို့စ်ကို ဖတ်ရင် tag လိုက်ပြီလို့သာ မှတ်တဲ့။ မှတ်ကရော... ဧကန်တ ကိုရန်က စာလုံးတွန့်တိုပုံရတယ်။
မနက်ဖြန်မှရေးမယ်ဆိုပြီးတော့ ၁၅မိနစ်လောက်အချိန်ရတာနဲ့ နည်းနည်းရေးမယ်လို့ စိတ်ကူးလိုက်တယ်။ နောက်နေ့မှပဲ ဆက်ရေးပေးမယ်။ ဒီနေ့တော့ အမြည်းပဲ ရေးလိုက်တော့မယ်နော်။ မီးလေးက သရဲကြောက်တတ်တယ်။ မီးလေးအိမ်နဲ့ မီးလေးအလုပ်က သိပ်မဝေးဘူး နှစ်လမ်းပဲကျော်တယ်။ လွန်ခဲ့တဲ့ ၅လလောက်က ထင်တယ်။ မီးလေးအလုပ်က အလုပ်အရမ်းများနေလို့ ည၉နာရီကျော်မှ ပြန်ဖြစ်တယ်။ မီးလေးဖြတ်ပြန်ရတယ့်လမ်းက နာရေးတစ်အိမ်ရှိနေတယ်။ အဲဒီအိမ်က ဘကြီးက ချွေးမနဲ့နေတာ အစာဝအောင် မကျွေးဘူး ပြောတာပဲ (အိမ်နီးနားချင်းတွေပြောတာကြားတာပါ)။ မီးလေးက အဲဒီနေ့က စက်ဘီးမပါလာဘူး။ ဖြစ်ချင်တော့ ငါးကင်နဲ့ အသားညှပ်ဆန်းဒ၀ခ်ျ ခြင်းထဲမှာပါလာတယ်။
အဲဒီအိမ်ရှေ့ဖြတ်လာထဲက ခွေးတွေက မီးလေးကို ကြည့်ပြီးတော့ အူနေတာ နည်းနည်းတော့ ဖြုံသွားတယ်။ ကြက်သီးမွေးညှင်းတွေလည်း ထလာတယ်။ ကြောက်ကြောက်နဲ့အမြန်လျှောက်တာပေါ့ ခွေးတွေကလည်း အူပြီးနောက်က လိုက်လာတယ်။ ဖြတ်လာတဲ့လမ်းမှာ ရှိသမျှခွေးတွေအကုန်လုံး အူနေတော့ ပိုကြောက်တာပေါ့။ လမ်းမှာလည်း လူသိပ်မရှိ ကိုယ်တယောက်တည်းဖြစ်နေတော့ ပါးစပ်ကတော့ ပဌာန်းရွတ်လာတယ်။ ပဌာန်းတောင် ကြောက်ကြောက်နဲ့ ဘယ်တွေရောက်မှန်း တောင် မသိတော့ဘူး။ ရောက်တဲ့နေရာကနေပဲ ရွတ်လိုက်တော့တယ်။ အရင်က ပဌာန်းကို လမ်းသွားရင်းပဲဖြစ်ဖြစ်၊ အိမ်မှာ ဘာမှလုပ်စရာမရှိတဲ့ အချိန်ပဲဖြစ်ဖြစ် စိတ်ထဲက အလိုလို ရွတ်နေတာ။ ခုတော့ကြောက်စိတ်နဲ့ ပဌာန်းတောင် မေ့ချင်ချင်ဖြစ်နေတယ်။
အိမ်ရှေ့လည်းရောက်ရော ဖွတ်...ဖွတ်...ဖွတ် ဆိုပြီး တံတွေးထွေးပြီး (ညမိုးချုပ်ရင် ဒီအတိုင်းလုပ်ပြီး ၀င်ရတယ်လို့ လူကြီးများပြောထား) အိမ်ထဲကို တစ်ချိုးတည်း ပြေးဝင်လိုက်တာပေါ့။ မေမေက ဘာဖြစ်လာတာလဲတဲ့။ ဘာမှကို ပြန်မဖြေနိုင်တာ ရင်တွေလည်း တဒိတ်ဒိတ်နဲ့။ နောက်မှ ပြောပြတော့ အမေက အစားတွေပါလာတာကိုးတဲ့။ မီးလေးရဲ့ ကြီးကြီးက သူတို့ ထမင်းထုပ် မတင်ထားရသေးဘူး ထင်တယ်တဲ့။ ထင်တဲ့အတိုင်းပါပဲ ထမင်းထုပ်မေ့နေတယ် ဆိုလားပဲ။ နောက်မှ သိရတာပါ...
နောက်နေ့တွေမှ တခြားအဖြစ်အပျက်တွေ ပြောပြမယ်နော် ... ဒီနေ့တော့ ဒီလောက်ပဲ ....

Saturday, October 27, 2007

သီတင်းကျွတ် ကန်တော့မယ်...

ဒီနှစ်သီတင်းကျွတ်က သစ်သီးတွေပေါတယ်ထင်တယ်။ တော်တော်များများ သစ်သီးခြင်းတွေ ကန်တော့ကြတယ်။ မီးလေးလည်း ကိုယ့်ရဲ့ စီနီယာကျတဲ့ ဘလော့ဂ်ဂါမောင်နှမတွေနဲ့ မီးလေးဘလော့ဂ် အတွက် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြတဲ့ မောင်နှမများနဲ့ ဘလော့ဂ်သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကိုလည်း သစ်သီးခြင်းတွေနဲ့ ဂါရ၀ပြုလိုက်ပါတယ်နော် ...


ဂုဏ်ယူဖွယ်ရာ

သီတင်းကျွတ်မို့လို့ မီးလေးဖတ်ဖူးတဲ့ ဟာသလေးတင်ပြလိုက်ပါတယ်။
မြို့လေးတစ်မြို့ရဲ့ ဈေးတစ်ခုမှာ ရွာကနေ နွားတစ်ကောင်ကိုဆွဲပြီး ဦးရိုးဆိုတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့နွားမကို ၄င်းဈေးမှာရောင်းသတဲ့။ ဈေးသာကွဲလာတယ် သူ့နွားမကို လာမေးမယ့်လူတောင် မရှိဘူးဖြစ်နေတယ်။ ဒီအဖြစ်အပျက်ကို အနီးအနားမှာရှိတဲ့ အဘိုးကြီးတစ်ယောက်က ကြည့်နေတယ်။ နောက်မနေနိုင်တဲ့အဆုံး မင်းနွား ငါရောင်းပေးမယ်လို့ပြောလိုက်တယ်။ ဒါနဲ့ အဲဒီ့အဘိုးကြီးက
“ဒီနွားမဟာ သခင်အပေါ် ပါးနပ်လိမ္မာသလို အလုပ်လည်း ကောင်းကောင်းခိုင်းလို့ရတယ်။ နို့လည်း ကောင်းကောင်းထွက်တယ်။ ကျွန်တော့်ပိုက်ဆံ လိုလို့သာ ရောင်းရတယ်။ နောက်သုံးလလောက် ဆိုရင် နွားသားလေးတစ်ကောင် မွေးပေးပါလိမ့်မယ်” လို့ အော်ပြောတဲ့အခါ အလုအယက်လာဝယ်ကြတယ်။ ဦးရိုးဟာ အဲအဘိုးကြီးပြောတဲ့ စကားတွေကို မှတ်ထား လိုက်တယ်။
နောက်နှစ်နှစ်ကြာတဲ့အခါမှာ ဦးရိုးရဲ့ တစ်ဦးတည်းသမီးလေး အရွယ်ရောက်လာလို့ အိမ်ထောင်ပြု ပေးရမယ့် အချိန်ရောက်လာတယ်။ အနီးအနားရွာနီးချူပ်စပ်က ရွာသားတွေကို သတို့သားအဖြစ် ရွေးဖို့ ကမ်းလှမ်းလိုက်သတဲ့။ ဒါနဲ့ပဲ ကာလသားလူပျိုတွေဟာ သူတို့တွေရဲ့ မိဘနဲ့အတူ ဦးရိုးအိမ် ကို လာခဲ့ကြတယ်။ လူလည်းစုံရော ဦးရိုးဟာ သူ့နွားမကိုရောင်းပေးတဲ့ အဘိုးကြီးရဲ့စကားကို မှတ်ထားပြီး ပြန်ပြောလိုက်တာက “ကျွန်တော့်သမီးဟာ လိမ္မာယဉ်ကျေးပြီး လင်သားအပေါ် သစ္စာရှိတဲ့ မိန်းကလေးပါ၊ နို့ထွက်လည်း အရမ်းကောင်းပြီး နောက်သုံးလကြာရင် ချစ်စရာကလေး တစ်ယောက်မွေးပေးပါလိမ့်မယ်” လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလိုက်တယ်။
ဦးရိုးရဲ့ စကားအဆုံးမှာ ဧည့်သည်အားလုံးပြန်သွားကြပြီး ဦးရိုးရဲ့ဇနီးနဲ့ သမီးခဗျာ ငိုပွဲဆင်ကြပါသတဲ့။

Let's use Zawgyi Myanmar Font easier

Most of the people encounter with difficulties in using myanmar font for all purposes regarding internet. But don't worry about that. You can use suitable myanmar (Zawgyi_One) font for both Mozilla Firefox and Internet Explorer. Click here to solve above for your easy way.
Reference: Ko Tay Zar Tay

Friday, October 26, 2007

မီးလေးနှင့် မုန့်ဟင်းခါး

အဲ အလွမ်းအိမ်က မီးလေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းမှုကုသိုလ်လုပ်နေလို့ အားကျတယ်လို့ စီဗုံးမှာ လာအော်ထားတယ် ဟုတ်ကဲ့ အလွမ်းအိမ် ကျေးဇူးကုဋေကုဋာပါ။ လှပါတယ်ဆိုမှ ရေမချိုးရသေးဘူးဆိုတဲ့ စကားပုံကို သွားပြေးမြင်မိလို့ပါ။ မီးလေးက နည်းနည်းလေးတော့ အရွှန်းဖောက်ချင်သား။ တော်တော်ကြာ အလွမ်းအိမ်က သူပြောထားတာလေး လာပြန်သိမ်းသွားဦးမယ် အလွမ်းအိမ်ကို သွားမပြောပြနဲ့နော် တိုးတိုး။
ဖြစ်ပုံကဒီလို မနေ့က မီးလေးရယ် မီးလေးအမေနဲ့ မီးလေးကြီးတော်တို့ ဘုန်းကြီးကျောင်းကို သစ်သီးသွားလှူတယ်။ သွားပို့တဲ့ကျောင်းက ထားဝယ်ကျောင်း ဆွမ်းကပ်ပို့လာပို့တဲ့လူအကုန်လုံးကို ထားဝယ်မုန့်ဟင်းခါးကျွေးတယ်။ မီးလေးက မကြိုက်လို့မစားခဲ့ဘူး။ မေမေတို့စားတာကို ဘေးကထိုင်စောင့် ဖြစ်ခဲ့တယ်။ ထိုင်စောင့်နေတော့လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့ ဟောတွေ့ပြီ ပို့စ်ရေးဖို့ကုန်ကြမ်း မီးလေးက မုန့်ဟင်းခါးကြိုက်တယ် ထားဝယ်ချက်ကို မကြိုက်လို့တမင်မစားတာ။

ထားဝယ်ချက်ဆိုတာက မုန့်ဟင်းခါးကို ငှက်ပျောခေါင်းတွေနဲ့ချက်ထားတာ ဟင်းရည်မမြင်ရဘူး ငှက်ပျောခေါင်းတွေချည်းပဲ မြင်ရတယ်။ မီးလေးက ငှက်ပျောအူတောင်မကြိုက်တာ၊ ငှက်ပျောခေါင်းဆိုတော့ ပိုဆိုးတာပေါ့။ အန်တီကြီးသုံးယောက် မီးလေးတို့ ထိုင်နေတဲ့ ၀ိုင်းမှာလာထိုင်တယ်။ ကျောင်းသားလေးက ဟင်းရည်လိုက်ပေးမယ်လုပ်တော့ နှစ်ယောက်က မထည့်ဘူးဆိုပြီး အတင်းလုပ်တယ်။ ဟင်းရည်ကို သူ့ပန်းကန်ထဲ မထည့်ပါနဲ့တဲ့ အလယ်တည်ပန်းကန်သာချပြီး အဲဒီပန်းကန်ထဲပဲ ထည့်ပေးပါတဲ့။ ကျောင်းသားလေးက လုပ်ပေးရှာပါတယ်။ ပြီးတော့ ဘာလုပ်တယ်မှတ်လဲ အလယ်တည်ပန်းကန်ထဲကလေ ဟင်းရည်တွေကြီး စစ်ခတ်နေတော့တာပဲ။ အစကမှ ဟင်းရည်သိပ်မရှိတော့ ဟင်းရည်လိုက်သမားကလည်း ထည့်မလောက်ပေါ့ တဖြည်းဖြည်းနဲ့ ပန်းကန်လုံးပြည့်လုနီးပါ ငှက်ပျောခေါင်းတွေချည်းဖြစ်လာတယ်။ နောက်တော့ သူတို့လည်း ထပ်မပြောရဲတော့တာနဲ့ မုန့်ဖတ်ကို အရည်စွတ်တယ်ဆိုရုံလောက်နဲ့ စားသွားကြတယ်။

သြော်…ဘုန်းကြီးကျောင်းလာပြီး ဘယ်လိုလူမျိုးနဲ့တွေ့ရပါလိမ့်လို့အောက်မေ့မိပါတယ်။ ကိုယ်တောင်မစားချင်တာ သူများတွေလည်း ကိုယ်လိုပဲနေမှာပဲလို့ စဉ်းစားမိကောင်းပါရဲ့ ခုတော့ အဲလိုမဟုတ်ဘူး ကိုယ်ကြောင့်သူများလည်း အလုပ်ရှုပ်ရတယ်။ အသက်တွေလည်း ကြီးနေကြပါပြီ တစ်ရာရသင့်ပါတယ် အဲလေ တရားရသင့်ပါတယ်။

ဒီနေ့မနက် မီးလေးအလုပ်ထွက်လာခဲ့တယ် အလုပ်မှာ မုန့်ဟင်းခါးအလှူလုပ်လို့ အားရပါးရစားမယ်ဆိုပြီး လာတာ ဒီရောက်တော့ လုပ်ဖော်ကိုင်ဖက် ညီမလေးတစ်ယောက်နဲ့ အတူစားမယ်ပေါ့။ မုန့်ဖတ်ထည့်တယ်၊ ဟင်းရည်ထည့်တယ်။ အဲအထိ လျောလို့ ဟင်းရည်က ငှက်ပျောအူထည့်မချက်ထားတော့ မီးလေးအကြိုက်ပေါ့။ အကြိုက်စားမယ်ဆိုပြီး ပါးစပ်ထဲလည်းထည့်လိုက်ရော အဲမှာ စတွေ့တာပဲ။ ပါးစပ်ထဲရောက်တာတောင် ဘေးကလူတွေအားနာလို့ မနည်းမျိုချလိုက်ရတယ်။ မုန့်ဟင်းခါးက တူးထားတယ်ထင်တယ် တူးနံ့နံ့ပြီး ခါးနေရောပဲ။ ခုပဲထည့်တယ် ခုထသွားတယ်ဆို အားနာလို့ မနည်းပန်းကန်ထဲက ပြင်ထားတာ လျော့အောင် ကြိတ်မိတ်စားနေရတယ်။ နောက်မနေနိုင်တဲ့အဆုံး ညီမရေ မရတော့ဘူး အစ်မပြေးတော့မယ်လို့ပြောတော့ သမီးလည်းမရတော့ဘူးအစ်မ သမီးလည်းလိုက်မယ်ဆိုလို့ နှစ်ယောက်သား ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ဗေဇင်နားပြေးပြီး အမှိုက်ပုံးထဲသွန်တည့်လိုက်တာပေါ့ အားပါး အမှိုက်ပုံးထဲမှာလည်း ကိုယ့်ရှေ့သွန် ထားတာတွေ အများကြီးပါလားလို့ နောက်မှ သိရတာက ဆန်မှုတွေ ပဲတွေ လုပ်တုန်းက တူးသွားတာတဲ့ အဲဒါကို ပြန်ပြင်ထားတာလို့ ပြောတယ်။ ကဲ …. မီးလေးရေ စားချင်အုန်းဟဲ့ မုန့်ဟင်းခါးဆိုပြီး ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတော့တယ် ….

သီတင်းကျွတ်လပြည့်နေ့

ယနေ့ဟာဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ပဲဖြစ်ပါတယ်။ ယနေ့ အခါသမယသည် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ၀ါထွက်ပြီး ယခင်ဘ၀မှ မယ်တော် ဖြစ်ခဲ့သော မယ်တော်မိနတ်သားအား အဘိဓမ္မာတရား (ဘုရားတရားတော်များတွင် အခက်ခဲဆုံးတရား) ဟောကြားတော်မူပြီး လူ့ပြည်သို့ (ယခု အိန္ဒိယနိုင်ငံ၊ သင်္ဃဿနဂိုရ်ပြည်) ပြန်ကြွလာခြင်းကို ဆီမီးအလင်းတိုင် တို့ဖြင့် ကြိုဆိုပူဇော်သည့်ပွဲလည်း ဖြစ်ပါတယ်။

မနေ့ကမီးလေးအလုပ်က အပြန်မှာ မီးလေးအမေက ဘုန်းကြီးကျောင်းသွားဖို့ဆိုပြီး စောင့်နေပါတယ်။ ဒါနဲ့ မျက်နှာသစ် အ၀တ်အစားအမြန်လည်းပြီးတော့ မေမေနဲ့ ဘုန်းကြီးကျောင်းလိုက်သွားခဲ့ပါတယ်။ လမ်းမှာ မေမေကိုမေးကြည့်တော့ ဆွမ်းတော်ကြီးကပ်ဖို့ သစ်သီးသွားလှူမှာတဲ့လေ။ အဲတော့မှ သီတင်းကျွတ်လပြည့် မတိုင်မီ မြို့ဖိတ်နေ့မှာ ရပ်ကွက်အသီးသီးရဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ကွက်ဓမ္မရုံတွေမှာ အသီးမျိုးစုံနဲ့ ခဲဘွယ်ဘောဇဉ်မျိုးစုံတို့ကို သွားရောက်ပေးပို့ကြပြီး လပြည့်နေ့မှာတော့ ဆွမ်းတော်ကြီးကပ်ပွဲ ကျင်းပလေ့ရှိ ကြတာကို အမှတ်ရမိပါတယ်။ ဘုန်းကြီးကျောင်းက ပြန်လာတော့ လမ်းတွေ၊ အိမ်တွေမှာ ဆီမီးတွေထွန်းကြတာကို တွေ့ရပါတယ်။ အရင်ကဆို ဘာကြောင့်ထွန်းကြမှန်းမသိခဲ့ပါဘူး စပ်စပ်စုစုလည်း မမေးခဲ့ပါဘူး သီတင်းကျွတ်ရောက်ရင် ပျော်တယ်၊ ကျောင်း ၁၀ရက်ပိတ်လို့လည်းပါပါတယ်၊ မီးပန်းလွှတ်မယ်၊ ဆော့မယ်၊ မီပုံးပျံတွေကြည့်မယ်၊ လမ်းတွေမှာမီးထွန်းထားတာတွေ လျှောက်ကြည့်မယ် ဒီလောက်ပဲ စိတ်ဝင် စားခဲ့ကြတယ်။ ဆော့နေရင်း ဖယောင်းတိုင်ကုန်သွားရင် သူငယ်ချင်းတွေနဲ့ သူများအိမ်က ထွန်းထားတဲ့ ဖယောင်းတိုင်ကို သွားယူဆော့ခဲ့ကြတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ နားလည်သဘောပေါက်လာခဲ့ပါပြီ။ ခုလိုသဘောပေါက်နားလည်လာအောင် မေမေက မီးလေးကို ဓမ္မစကြာအသင်းထဲကို ၀င်ခွင့်ပြုလိုက်တဲ့အချိန်ကစပြီး တဖြည်းဖြည်းနားလည် သဘောပေါက်လာခဲ့ ရပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ အိမ်တိုင်းအိမ်တိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း၊ ဆီမီးထွန်းပြီး မြတ်စွာဘုရားကို “ပူဇာစ ပူဇနေယာနံ”ပူဇော်ခြင်းဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်ကြပါတယ်။ ထို့အပြင် အိမ် အတွင်းမှာရှိတဲ့ မီးဖိုချောင်မှ မီးဖို၊ ရေခဲသေတ္တာ၊ ကျောက်ပြင်၊ ဆန်အိုး၊ ရေတွင်း၊ ... အစရှိတဲ့ နေရာတွေမှာ လည်း မယ်တော်မိနတ်သားအား ဆီမီးထွန်းပြီး ပူဇော်ကြပါတယ်။ မီးဖိုဆိုရင်လည်း စားကောင်း၊ သောက်ကောင်းတွေ ချက်ပြုတ်နိုင်အောင်၊ ရေခဲသေတ္တာဆိုရင်လည်း ပစ္စည်းတွေပြည့်လျှံအောင် .... စသည် စသည်ဖြင့် ပူဇော်ကြတာဟာဆိုရင်ဖြင့် ထုံးတမ်းစဉ်လာအနေနဲ့ ယနေ့ထက်တိုင်အောင် ပြုလုပ်ကြတဲ့နေ့ပဲ ဖြစ်ပါတယ်။

နောက်ပြီး ဂါရဝေါစ နိဝါတောစဆိုတဲ့စကားအတိုင်း မိဘ၊ ဆရာသမားများနှင့် သက်ကြီးရွယ်အိုများအား ကန်တော့ကြတဲ့ ပွဲလေးလည်းဖြစ်ပါတယ်။ အရင်ကတော့ သွားကန်တော့ရင် မုန့်ဖိုးရတာပေါ့နော်။ ထို့အပြင် အချို့ရပ်ကွက်တွေမှာ စုပေါင်းပြီး နိဗ္ဗန်ဈေးကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ဘာသာတရားအရ ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ခြင်းအပြင် ကာလရွေ့လျားလာသည်နှင့်အမျှ ရိုးရာဓလေ့ပွဲတော်အဖြစ် ကျင်းပ လာခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

ဒီပို့စ်လေးဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးပူဇော်ဂါရ၀ပြုလိုက်ပါတယ် .....
သီတင်းကျွတ်လပြည့်နေ့ရဲ့ ညမှာ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ သီတင်းကျွတ်ညလေးပိုင်ဆိုင်ကြပါစေလို့ လာလည်ကြတဲ့ စာဖတ်သူများ၊ ဘလော့ဂ်ဂါမောင်နှမများအားလုံး ဆုမွန်ကောင်းတောင်းပေးလိုက်ရတယ် ...

Wednesday, October 24, 2007

မီးလေးနှင့် ပတ်ဝန်းကျင် ....

ဒီနေ့ ကော်နက်ရှင်က ကောင်းကောင်းမရတာနဲ့ ဘလော့ဂ်မောင်နှမများဆီ လျှောက်လည်ရင်း မိုးရေထဲက ကောင်မလေးတစ်ယောက်ရဲ့ ကြောင်ပုံကိုရေးထားတာကို ကြည့်ပြီး ငယ်ငယ်ကအကြောင်း သွားသတိရမိတယ် ....
မီးလေးငယ်ငယ်တုန်းက အိမ်ရှေ့မှာ အိုးတိုက်ဖွဲပြာဆိုပြီး ဈေးသည်တသည် လာအော်ရောင်းတယ်။ ငယ်ကလည်း ငယ်သေးတော့ မေမေ့ကို အဲဒါစားမယ် ၀ယ်ပေးဆိုပြီး အတင်းပူဆာတယ်။ မ၀ယ်ကျွေးရကောင်း လားဆိုပြီး ငိုပါလေရောတဲ့လေ။ အဲဒါနဲ့မေမေက ဈေးသည်ခေါ်ပြီး ၀ယ်ပေးတယ်။ တွေ့လည်းတွေ့ရော စားလို့မရမှန်းသိလို့ အဲဒါဆို စားဘူးဆိုပြီးတော့ အငိုတိတ်သွားရော ....
အရင်ကပါ ခုတော့အဲလိုမဟုတ်တော့ဘူး။ ဈေးသည်တွေကိုက ပီအောင်မအော်နိုင်ကြတာ မီးလေးက နိုးနိုးချင်းအိပ်ယာမထတတ်ဘူး။ ထလိုက်ရင် ခေါင်းမူးပြီး တနေကုန် ခေါင်းမကြည်တော့ဘူးလေ။ အဲလိုအချိန်ဆို အိမ်ရှေ့မှာ ဈေးသည်တွေ တသည်ပြီး တသည်အော်ပြီး ဖြတ်သွားတတ်တယ်။ အမြဲအော်နေကြ အသံဆို ဒါဘာသည် ဆိုတာသိနေပြီ။ ခုတလော လာမရောင်းဘူးတဲ့ ဈေးသည်ထင်ပါတယ်။ “အိမ်မြှောင်” စာဖတ်တဲ့သူ တွေကော ဘာသည်လို့ထင်လဲ ....
မီးလေးက ခုဏဖြတ်သွားတာ ဘာသည်လဲ အမေလို့ မေးတော့ မသိပါဘူးဟယ်လို့ ပြန်ပြောတယ်။ နောက်နေ့လည်း ဒီလိုပဲသူ့အသံကို သေသေချာချာနားထောင်တယ် တလုံးချင်းစီ ဘာသံပြန်တယ် ဘယ်လိုမှ အဖြေထွက်မလာဘူး။ နောက်တော့မှ ပဲပြုတ်သည်မှန်းသိရတယ်။ ခုတစ်ပတ်လောက်ရှိသွားပြီဆိုတော့ သူအော်တာ “ပဲပြုတ်”ပါလားလို့ ....
ခုချိန်မှာ ပြန်စဉ်းစားရင် ရီစရာကောင်းတဲ့အဖြစ်အပျက်လေးတွေကို ဘလော့ဂ်မောင်နှမတွေကို tag လိုက်ပါတယ် ...

Tuesday, October 23, 2007

စကားပြောတတ်တယ်

လူတစ်ယောက်သည် ကြက်တူရွေးတစ်ကောင်ကိုင်ပြီး ဆိုင်တစ်ဆိုင်တွင်ထိုင်နေသည်။
“ ခင်ဗျား... ကြက်တူရွေးစကားပြောတတ်လား”
“ဟုတ်ကဲ့ ပြောတတ်ပါတယ်”
“ကျွန်တော့်ကို ဒီကြက်တူရွေးလေး ရောင်းပါ” ကြက်တူရွေးရောင်းပြီး နာရီဝက်ခန့်အကြာတွင်
“ဒီကြက်တူရွေးက စကားလည်းမပြောတတ်ဘဲနဲ့ ကျုပ်ကို လိမ်ရောင်းတယ်”
“ကျွန်တော် လိမ်မရောင်းပါဘူး”
“ခင်ဗျားပဲ ခင်ဗျားကြက်တူရွေးစကားပြောတတ်တယ်ဆို”
“ဟုတ်တယ်လေ ပြောတတ်တယ်”
“ဒီမှာ ဘာမှလည်း မပြောဘူး”
“အဲဒါ ကျွန်တော့်ကြက်တူရွေးမှ မဟုတ်တာ ကျွန်တော့်သူငယ်ချင်း ကြက်တူရွေး”

အမှိုက်မဲဆုံးလူ

တွေးခေါ်ပညာရှင်တစ်ဦးအား ဤသို့ မေးလေသည်။
“လောကမှာ အမိုက်မဲဆုံးသူဟာ ဘယ်လိုလူကို ခေါ်တာလဲ”
“နှစ်ခါပြန် အလိမ်ခံရတဲ့သူ”