Pages

Tuesday, June 10, 2008

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၁

၁၀ရက်နေ့ မနက်လေးနာရီခွဲမှာ အိမ်ကနေ စာရေးသူမိခင်၊ သူငယ်ချင်းနဲ့အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ထွက်လာခဲ့ပါတယ်… အမှန်ဆို လေယာဉ်ချိန်က ၇နာရီကျော်မှပါ… အကြောင်းကြောင်းကြောင့် လေယာဉ်ချိန်က ၆နာရီ ၄၅ဖြစ်သွားလို့ Check In ၅နာရီခွဲအရောက် လာခဲ့ပါတယ်… အဲလ်ပုဂံလေကြောင်းနဲ့ မန္တလေးကို ထွက်လာခဲ့ပါတယ်… ရန်ကုန်မှ ပုဂံလေဆိပ်ကို ၀င်ပြီးနောက် မန္တလေးကို ၈နာရီ ၁၅မှာ ရောက်ခဲ့ပါတယ်… မန္တလေးလေဆိပ်မှတဆင့် ပုလိပ်မြွေ ဘုရားကို အငှားကားနဲ့ ထွက်လာခဲ့ကြပါတယ်… မြွေဘုရားမှတဆင့် တည်းမဲ့ Mandalay City Hotelကို သွားခဲ့ ပါတယ်… ခဏနားပြီး ထမင်းစားဖို့ထွက် လာခဲ့ကြပါတယ်… ထမင်းစားပြီး နန်းတွင်းက မြနန်းစံကျော်ရွှေနန်းတော်ကြီးကို လာခဲ့ကြပါတယ်… အမှတ်တရ ပါပဲ ကင်မရာထည့်တဲ့အိတ်ကိုချပြီး ဓာတ်ပုံရိုက်ပြီး မေ့ပြီးထားခဲ့လိုက်တာ သတိရလို့ သွားပြန်ယူတဲ့အချိန်မှာ မရှိတော့ပါဘူး… အ၀င်ကလူတွေကို လာအပ်ထားတာများရှိမလားလို့ မေးကြည့်တော့ မရှိဘူးတဲ့… စာရေးသူတို့ နောက်မှာ ကျောင်းသား/သူအရွယ်တွေ ၄ ၅ ၆ယောက်လောက်၊ ကိုရင်တွေနဲ့ ကလေးတွေ ၂အုပ်စု ရှိနေပါတယ်… သူတို့လည်း ပြန်သွားပြီဖြစ်လို့ စိတ်နှလုံးဒုန်းဒုန်းချပြီး ရှေ့ကအအေးဆိုင်မှာ ကြံရည်အေးအေးနဲ့ ရင်ထဲကအပူကိုငြိမ်း လိုက်ပါတယ်… ထို့နောက် ဘုရင်တွေ စစ်တိုက်သွားခါနီး ၀င်ရောက်ဦးတိုက်သွားတဲ့ ဘုရားကို ၀င်ရောက်ဖူးမျှော်ကြပါတယ်… ထို့နောက်မှာတော့ ရွေနန်းတော်ကျောင်းကို သွားရောက်၍ ရှေးဟောင်းလက်ရာများကို လေ့လာခဲ့ရပါတယ်… ထိုကျောင်းမှာ ဇာတ်ကြီး ဆယ်ဖွဲ့ကို ထုဆစ်ထားသည်ကို ကြည့်ခြင်းဖြင့် ရှေးကလူတွေ၏ ပန်း၁၀မျိုးလက်ရာမှာ မည်မျှခက်ခဲနက်နဲကြောင်း သိနိုင်ပါသည်… ယခုခေတ်တွင်မူ ထိုလက်ရာမျိုး ထုဆစ်နိုင်သည့် ရှိလိမ့်မည်ဟု စာရေးသူမထင်ပါ… စာရေးသူမသိတဲ့နေရာမှာလည်း ရှိချင်လည်း ရှိနိုင်ပါလိမ့်မည်…

မန္တလေးတောင်ပေါ်ကို ဒုတိယမိ ပြန်လည်ရောက်ရှိခဲ့ပါတယ်… ဘုရားဖူးပြီး တောင်ပေါ်က ပြန်ဆင်းလာတော့ ညနေ၆နာရီထိုးနေပါပြီ… ရွှေဘဲမှာ ညနေစာဝင်စားပြီး ဟိုတယ်ကို ပြန်လာခဲ့ပါတယ်… ၇နာရီကိုရီးယားဇာတ်လမ်းတွဲ ကြည့်ပြီး ၈နာရီကျော်လောက်မှာတော့ ညဈေးပွဲတော်ရှိတယ်ဆိုလို့ လမ်းလျှောက်ထွက်ခဲ့ကြပါတယ်… စတိတ်ရှိုးတွေ ကြိတ်ကြိတ်တိုးနေတဲ့သူတွေကို တိုးဝှေ့ရင်း ဈေးပွဲတော်လျှောက်ခဲ့ကြပါတယ်… ည ၁၀နာရီမှာ ပြန်ရောက်ပြီး ဟိုတယ်ကို wake up call ခေါ်ခိုင်းပြီး အိပ်ယာဝင်လိုက်ကြပါတယ်… နံနက်၅နာရီမှာ အိပ်ယာထပြီး ၆နာရီမှာ မနက်စာဆင်းစား၍ အငှားကားလည်း ရောက်နေပြီဖြစ်လို့ မေမြို့ကို ထွက်ခဲ့ကြပါတယ်… ပထမဆုံး မဟာကံထူးကံသာဘုရားကို ၀င်ရောက်ဖူးမျှော်ခဲ့ကြပါတယ်… နောက်မှာတော့ ပိတ်ချင်းမြောင်ရှိ ရေတံခွန်ထဲမှ ဘုရားများကို ဖူးမျှော်ပြီး ပွဲကောက်ရေတံခွန်ကို သွားခဲ့ကြပြန်ပါတယ်… ထို့နောက် တရုတ် ဘုရားကျောင်းကို သွားရောက်ဖူးမျှော်ခဲ့ပြန်ပါတယ်… တရုတ်အစားအစာဆိုင်မှာ နေ့လည်စာဝင်စားပြီး အမျိုးသားကန်တော်ကြီးဥယျာဉ်ကို လာခဲ့ကြပါတယ်… ဆုန်သင်းပါလ်ဆိုတဲ့ ဆင်မလေးပေါ်မှာ ဆင်စီးပြီး ၀န်းတပတ်ပတ်ခဲ့ပါတယ်… ပြီးတော့ မန်းကို ပြန်ဆင်းခဲ့ပါတယ်… ညနေ၅နာရီမှာ ပြန်ရောက်ပြီး အကင်ဆိုင်မှာ ညနေစာစား၍ ဟိုတယ်ကို ပြန်လာခဲ့ပါတယ်…
ဒီနေ့က သင်္ကြန်အကြိုနေ့ပါ… တခါမှ မန်းသင်္ကြန်မလည်ဖူးလို့ လာခဲ့တဲ့ ကိုယ့်ကိုကိုယ် နောင်တရမိတာတော့ အမှန်ပါ… ဘာလို့လဲဆိုတော့ ဒီနှစ် ရန်ကုန်သင်္ကြန်က အရမ်းစည်မှာလေ ယခင်နှစ်က မဏ္ဏပ်ပေးမဆောက်တဲ့နေရာတွေပါ ဆောက်ခွင့်ပေးထားတဲ့အပြင် အင်ယားကန်ပတ်လည်မှာပဲ မဏ္ဏပ်ပေါင်း ၇၀ကျော်တယ်လို့ သတင်းကြားခဲ့ရလို့ပါပဲ… ကျုံးဘေးနားမှာပဲ မဏ္ဏပ်ရှိပြီး တနေကုန်တောင် ရေမစိုပါဘူး စိုလိုက်ခြောက်လိုက်နဲ့ ပျင်းစရာကြီးပါပဲ… မန်းလေးသင်္ကြန်က ပျော်စရာအကောင်းဆုံးလို့ ပြောတာ ဘာကိုပြောတာပါလိမ့်လို့ စာရေးသူမေးချင်လိုက်တာ… ဒါနဲ့ ကျုံးဘေးက မဏ္ဏပ်တခုမှာပဲ ရေကစားမယ်ဆိုပြီး အကျနေ့အတွက် စာရင်းပေးပြီး ပြန်လာခဲ့ပါတယ်… လူအများစုက Alpine မဏ္ဏပ်မှာပဲ စုနေကြပြီး ကားလည်း သွားမရ၊ လူလည်း အတင်းတိုးဝှေ့ပြီး ဟိုတယ်ကိုပဲ ပြန်လာကြပါတယ်… စာရေးသူအမေက ရေကြောက်လို့ စာရေးသူတို့နဲ့ မလိုက်ပါဘူး… စာရေးသူ အမေက နင်တို့ရေပက်ခံထွက်တာ ရေလည်းမစိုလာပါလားတဲ့… စာရေးသူအမေကို ပြန်ဖြေရင်း ရေမိုးချိုး၍ ညစာကိုတော့ ဟိုတယ်မှာပဲစားပြီး ဟိုတယ် reception မှာ emailသုံးဖို့ ထွက်လာခဲ့ပါတယ်… စာရေးသူရဲ့ သူငယ်ချင်းများ၊ ဘလော့ဂ်မောင်နှမတွေဆီ မှီသလောက် နှစ်သစ် ဆုတောင်းလေးပို့စ်ပြီး ပစ္စည်းတွေသိမ်းဖို့ အခန်းကို ပြန်လာခဲ့ပါတယ်… ဟိုတယ်ဝန်ထမ်းတွေရဲ့ ဧည့်ုဝတ်ကျေပွန်မှုကို အမှတ်ရရင်း နောက်တခါလာ ဖြစ်ခဲ့ရင် ဒီဟိုတယ်ကို လာတည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်…
သင်္ကြန်အကျနေ့
နံနက်စာစားပြီး ကျုံးပတ်လည် လမ်းမပိတ်ခင် ဆီဒိုးနားဟိုတယ်ကို နံနက် ၈နာရီလောက်မှာ ကူးခဲ့ပါတယ်… အခန်းဘိုကင် ကြိုပေးပြီးသားဖြစ်လို့ ရောက်တယ်ဆိုရင်ပဲ အထုပ်အပိုးတွေချပြီး ရေကစားဖို့ မဏ္ဏပ်ကို လာခဲ့ပါတယ်… စာရေးသူတို့မဏ္ဏပ်ကို အနဂ္ဂသီချင်းလာဆိုပါတယ်… ရေကစားရတာ ပျင်းလာလို့ ဟိုတယ်ကို ပြန်လာခဲ့ကြပါတယ်… ဟိုတယ်နဲ့ မဏ္ဏပ်ကနီးနီးလေးပါပဲ… ဟိုတယ်မှာ နေ့လည်စာစားပြီး ရေကစားရမှာလည်း ပျင်းလို့ ဟိုတယ်ရဲ့ အားကစားခန်းမထဲကို သွားခဲ့ပါတယ်… ဟိုတယ်မှာတည်းတဲ့သူဆိုရင် အခမဲ့ ကစားလို့ရတယ်ဆိုလို့ စာရေးသူတို့ ပြေးစက်နဲ့စက်ဘီးစက် ကစားပြီး ၄နာရီမှာ ပိုက်ဆံပေးထားရတာဆိုတော့ ခဏသွားဆော့ဦးမယ်ဆိုပြီး ပြန်ထွက်လာကြပါတယ်… ညနေ ၅နာရီခွဲမှာ ပြန်လာပြီး ကြေးအိုး သွားစားကြပါတယ်… ကြေးအိုးကြိုက်တဲ့ စာရေးသူတောင် တစွန်းနှစ်စွန်းပဲ စားနိုင်ပါတယ်… ဘယ်လိုအရသာမှန်းကို မသိတာ တခြားသူတွေကတော့ အားရပါးရစားနေလိုက်ကြတာ… စာရေးသူတို့ဝိုင်းကတော့ တ၀က်တောင် ဘယ်သူ့မှ မကုန်ဘဲ ပြန်ထွက်လာကြပါတယ်… ဟိုတယ်က လုံခြုံရေး ၀န်ထမ်းအပြောအရ မန်းလေးမှာ နာမည်ကြီး ကြေးအိုးဆိုင်တဲ့… ပြေးပြီး YKKOကြေးအိုးကို သတိရမိတာအမှန်ပါပဲ… အားကစားခန်းမထဲပြန်လာပြီး ချွေးထွက်အောင်ဆော့ပြီး ရေကူးဖို့ ရေကူးကန်ကို လာခဲ့ပါတယ်… စာရေးသူသယ်ရင်းက ရေကူးတက်တယ်လေ စာရေးသူကို သင်ပေးပါတယ်… ဒါပေမဲ့ စာရေးသူ ရေကူးလို့ မရပါဘူး… အကြောကပ်တတ်ပြီး ခြေထောက်ထဲ လေ၀င်ဝင်နေလို့ ခြေခတ်တာတောင် ဖြောင့်အောင် မသင်လိုက်ရပါဘူး… စာရေးသူလည်း သယ်ရင်း ရေကူးတာပဲ ထိုင်စောင့်နေလိုက်ပြီး ၉နာရီလောက်မှာ အခန်းထဲ ပြန်လာခဲ့ကြပါတယ်… မနက်ဖြန်ဆိုရင် စာရေးသူတို့က အမနေထိုင်ရာ အောင်ပင်လယ်မြို့သစ်၊ ခိုင်ရွှေဝါလမ်းကို သွားမှာဖြစ်ပြီး စာရေးသူသယ်ရင်းက ရန်ကုန်ကို ပြန်ရမှာမို့ ပစ္စည်းတွေ သိမ်းရပြန်ပါတယ်…

သင်္ကြန်အကြတ်(ပထမအကြတ်)
နံနက် ၅နာရီထပြီး မနက်စာစားပြီးချိန်မှာတော့ စာရေးသူသယ်ရင်းက check in ၇နာရီရောက်ရမှာမို့ ဟိုတယ်ကနေ ၆နာရီပြန်သွားခဲ့ပါတယ်… စာရေးသူတို့ သားအမိကတော့ အငှားကားချိန်းထားပြီးသားမို့ နံနက်၈နာရီမှာ အစ်မအိမ်ကို ထွက်လာခဲ့ကြပါတယ်… မမတို့အိမ်မှာ ပစ္စည်းတွေချပြီး အစ်ကိုဝမ်းကွဲဆီ ပြန်ရောက်ပြီဖြစ်တဲ့အကြောင်း ဖုန်းဆက်ပြီး မတွေ့တာကြာပြီဖြစ်လို့ စကားတွေဖောင်ဖွဲ့နေခဲ့ပါတယ်… စာရေးသူလည်း သင်္ကြန် မလည်တော့ဘူး ဆုံးဖြတ်ထားပေမဲ့ ခဏနေတော့ အစ်ကိုက လာခေါ်ပါတယ်… တကူးတကတောင် လာခေါ်ရတာဆိုတော့ စာရေးသူလည်း မငြင်းတော့ဘဲ လိုက်သွားခဲ့ပါတယ်… ရေခဏပဲဆော့ပြီး ထိုင်နေလိုက်တယ်… စာရေးသူကို ပျင်းနေပြီဆိုပြီး မန်းလေးကန်တော်ကြီးကို လိုက်ပို့ ပေးပါတယ်… တလမ်းလုံး ရေကစားမဏ္ဏပ်သုံးခုသာရှိပြီး ရေစိုတယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ မေးရလောက်အောင် ပက်မယ့်သူမရှိခြင်းပါဘဲ… အစ်ကိုက မြတ်မန္တလာဟိုတယ်မှာ အလုပ်လုပ်ပါတယ်… ပြန်လာပြီး ချမ်းတယ်ဆိုပြီး ဟိုတယ်ကရောင်းတဲ့ ဘီယာကို ၀ယ်သောက်ပါတယ်… မူးနေပြီဆိုပြီး ရေတွေလောင်း ချမ်းတယ်ဆိုပြီး ဘီယာသောက်နဲ့ ဘယ်လောက်တောင်သောက်လည်း စာရေးသူလည်း မသိပါဘူး ကိုယ့်ကိုကိုယ်တောင် မသယ်နိုင်တော့ပါဘူး… ဒီလောက်မူးနေတာ စာရေးသူကို အိမ်ပြန်ပို့ပေးမယ်ဆိုပြီး ဆိုင်ကယ်သွားယူပါတယ်… စာရေးသူလည်း အိမ်ပြန်ချင်တာက ကြာလှပြီ ဒါပေမယ့် သွားရမှာက ဆိုင်ကယ်နဲ့ လူကမူးနေတော့ မလိုက်ရဲဘူးပြောလိုက်တယ်… ဟိုတယ်က တာဝန်ခံတွေကလည်း ၀ိုင်းပြောကြ ပါတယ်… နောက်ဆုံးပြောမရတဲ့အဆုံး ဆိုင်ကယ်သော့ကို ဖွတ်ထားလိုက်ကြတယ်… စာရေးသူကလည်း မူးနေတဲ့သူတွေကို တအားမုန်းတာ အစ်ကိုကလည်း ဖြစ်နေပြန် ဘာလုပ်လို့လုပ်ရမှန်းလည်းမသိ ကားငှားပြန်ရအောင်ကလည်း ရန်ကုန်လိုမလွယ် ဈေးမသိရင်လည်း အနှက်ခံရဦးမယ်… ဒါနဲ့ မမဆီအကျိုးအကြောင်း ဖုန်းဆက်ပြန်တော့လည်း တခါမှ သောက်လေ့သောက်ထမရှိတော့ စာရေးသူကလည်း နောက်တတ်တော့ နောက်နေတယ် ထင်ပြီး သူတို့က မယုံ စိတ်ညစ်လိုက်တာ မပြောပါနဲ့… ခဏနေတော့ ရပြီ မမူးတော့ဘူးပြောတယ်… တာဝန်ခံအန်တီက လမ်းလျှောက်ပြပြောတော့ လမ်းလျှောက်ပြတယ်… မယိုင်တော့ဘူးဆိုပြီး ဆိုင်ကယ်သော့ထုတ်ပေးလိုက်တယ်… စာရေးသူကိုလည်း ဘုရားစာသာ ရွတ်သွားလို့ မှာလိုက်သေးတယ်… အစတည်းကမှ ကြောက်ပါတယ်ဆိုမှ သူတို့က ဖြဲခြောက်နေလိုက်သေးတယ်… တလမ်းလုံး စာရေးသူလည်း ကိုကြီး ဖြည်းဖြည်းပဲ မောင်း အိမ်ရောက်တာ နောက်ကျရင် ကျပါစေ ကြောက်လို့ ဖြည်းဖြည်းပဲမောင်းလို့ ပြောလာရတယ်… ဘာမှမဖြစ်ပါဘူးလို့ ကိုကြီးက ပြန်ပြောပေမယ့် ကြောက်စိတ်ကတော့ ရှိနေဆဲပါပဲ… သိပ္ပံလမ်းကို ကွေ့စဉ်မှာပဲ ဆိုင်ကယ်ဆလစ်ဖြစ်ပြီး စာရေးသူဆိုင်ကယ်ပေါ်က ပြုတ်ကျပါလေရော… ငါဘာဖြစ်ပြီလဲ အတွေးရယ်၊ ကြောက်စိတ်ရယ်အတွေးနဲ့ မျက်ရည်တွေဝိုင်းလို့လာပါတယ်… မူးနေတဲ့ စာရေးသူအစ်ကိုလည်း အမူးပြေသွားပါတော့တယ်… ထလိုက်ပြီး ခါးက တအားနာလာတယ်… စာရေးသူအစ်ကိုက ဘာဖြစ်သွားလဲမေးပေမယ့် ဘာမှမဖြစ်ဘူးသာ ပြောလိုက်တာ တအားကို နာနေပါတယ်… စာရေးသူ ပြုတ်ကျသွားပြီးမှပဲ ဆိုင်ကယ်မောင်းတာလည်း အဖြောင့်ဖြစ်သွားတော့တယ်… အိမ်လည်းရောက်ရော စာရေးသူမျက်နှာမဲ့ရှုံ့နေတာသိတဲ့ အမေက ဘာဖြစ်လာလဲပဲမေးရသေးတယ် အငိုသန်တဲ့ စာရေးသူက ငိုပါလေရော… စာရေးသူအကြောင်းသိပြီးဖြစ်တဲ့အမေက သွားအင်္ကျီအရင် သွားလဲလို့ လွတ်လိုက်တော့မှ ငိုတာရပ်သွားတော့တယ်… Emergency Box အသေးစားလေးက အမြဲပါနေကြမို့ ကိုယ့်ဘာသာ Dressingလုပ်လိုက်ပြီး ခဏ နားနေလိုက်ပါတယ်… ဂျင်းဘောင်းဘီဝတ်ထားလို့သာ ဒဏ်ရာကသိပ်မနက်တာ၊ ဆိုင်ကယ်အရှိန်နှေးတာလည်း ပါမှာပေါ့လေ… စာရေးသူက ကြောက်လို့ ခွစီးထားလို့ တစောင်းလိုက်ပြုတ်ကြတာ ပြီးတော့မှောက်ခုန်ဖြစ်သွားတော့ လက်နှစ်ဖက်နဲ့ ကတ္တရာလမ်းကို လှမ်းထောက်လိုက်ပေမယ့် လက်ဖ၀ါးတွေ ဖြစ်ဖြစ်ချင်းက ရဲသွားပေမယ့်… ဘာမှမဖြစ်ခဲ့ပါဘူး ဒါပေမဲ့ ကျန်ခဲ့တဲ့ အမာရွတ်ကတော့ လက်မတချောင်းအရွယ်ရှိပါတယ်… ခုချိန်ထိ ခါးရိုးက ထိရင် နာနေတုန်းပါပဲ… စာရေးသူရဲ့ သင်္ကြန်မလည်တော့တဲ့ ဆုံးဖြတ်ချက် ပိုပြီးခိုင်မာလာခဲ့ပါတယ်… ဒုအကြတ်၊ အတက်၊ နှစ်ဆန်းတရက် သုံးရက် ဥပုသ်စောင့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်…

ခြင်ထောင်ပက်လက်လှန်ထားရသူများ

နာမည်ကြားတာနဲ့ စာဖတ်ပရိသတ် ဘာများပါလိမ့်လို့ တွေးကောင်းတွေးကြပါလိမ့်မည်… ခြင်ထောင်ပက်လက်လှန်ထားတဲ့ သူတွေက တခြားတော့ မဟုတ်ပါဘူး နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ ဂုတ်သွေးစုပ် စီးပွားရေးသမား အများစုပါပဲ… မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခ ရောက်နေတဲ့ ပြည်သူအချင်းအချင်းအပေါ် ခေါင်းပုံဖြတ်မှုပါပဲ… အိမ်ခေါင်မိုးတွေ ကျွတ်ပါသွားခြင်းကြောင့် မိုးရွာသောအခါ တအိမ်လုံး စိုလို့ရွှဲခဲ့ရတာ အိမ်ခြေအများစုပါ… နောက်ထပ်မိုးမရွာခင် အမိုးပြန်မမိုးနိုင်ခဲ့ရင် ဘယ်နေရာမှာ သွားအိပ်ကြမည်နည်း… ထိုသို့ဒုက္ခ ရောက်နေကြသည်မှာ တအိမ်တည်းပါလား? တမြို့လုံးနည်းပါး ဒုက္ခရောက်နေကြခြင်းပါ… ရာသီဥတုက သွားလို့ရယုံဖြစ်သည်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်တွေကို အပြေးအလွှားသွားဝယ် ကြရပါတယ်… တန်းစီစနစ်နဲ့ သွပ်တချပ်ကို တသောင်းနှုန်း ၀ယ်ကျရပါတယ်…
သွပ်ရပြန်တော့ သွပ်သံလိုလာပါတယ်… သွပ်သံ၏ယခင်ပုံမှန်ဈေးမှာ တစ်ဆယ်သားကို လေးရာ့ငါးဆယ်၊ ယခုတရှိန်တည်း ထိုးတက်သွား လိုက်တာ တစ်ဆယ်သားတစ်ထောင်… မ၀ယ်လို့ရပါလား? မဖြစ်မနေ၀ယ်ရမယ့် ပစ္စည်းဖြစ်လို့ ၀ယ်ကြရပါတယ်… ခုလိုချက်ချင်း ၀ယ်နိုင်သူများက မည်သူများပါနည်း? ငွေကြေးချမ်းသာသူများနှင့် ငွေအတန်အသင့်ရှိသူများသာ ၀ယ်နိုင်ကြပါတယ်… မရှိ ဆင်းရဲသားများ၊ လစာမျှော်စားနေရတဲ့ ၀န်ထမ်းမိသားစုများ၊ တနေ့လုပ်မှ တနေ့စားရသည့် နေ့စားများက မည်သည့်ပိုက်ဆံနဲ့ ၀ယ်ရမည်နည်း… ထိုသို့သော ဆိုင်မျိုးရှိသလို ယခင်ဈေးအတိုင်း ရောင်းချပေးတဲ့ဆိုင်များလည်း ရှိခဲ့ပါတယ်… သူများ ဒီဈေးရောင်းနေတယ်… ဘာလို့တက်မရောင်းတာလည်းပြောတော့… ဘာလုပ်မှာလည်း သူများလည်း ဒုက္ခရောက်နေကြရတာ မရောင်းပါဘူးလို့ ပြောလိုက်တဲ့ သဘောထားပြည့်ဝတဲ့ ဆိုင်ရှင်ရဲ့အသံက သိပ်ကိုကြည်နူးစရာကောင်းလှပါတယ်…

ရေပိုက်နှင့် ရေပိုက်ပစ္စည်းအရောင်းဆိုင်တဆိုင်ကတော့ သွပ်ဝယ်တဲ့သူတိုင်းကို သွပ်သံတွေ အလကားပေး ပေးလိုက်ပါတယ်… ဟယ် သွပ်သံတွေ ဈေးကောင်းရနေတာ အလကားပေးတယ်ဟုတ်လားလို့ တအံ့တသြမေးလိုက်တာကို ပိုင်ရှင်က သူများတွေမှာ တကယ်လိုအပ်နေကြတာကို ကျွန်မက လှူတာပါတဲ့…ကဲ… ရေငတ်တဲ့သူကို ရေသောက်ဖို့ပေးတာ လိုအပ်တာကို လှူလိုက်တာဖြစ်လို့ အမွန်မြတ်ဆုံးကုသိုလ်ကို ရရှိပါတယ်… ထိုထိုသော စီးပွားရေး လုပ်ငန်းရှင်များကိုလည်း သာဓုခေါ်ပါတယ်…

မုန်တိုင်းတိုက်ပြီး နောက်နေ့မှာ ဈေးတွေထဲမှာ ရောင်းမယ့်သူက သိပ်မရှိ၊ ၀ယ်သူက ကြိတ်ကြိတ်တိုး၊ ဈေးတောင်မဆစ်နိုင်ဘဲ ပစ္စည်းကောင်းကောင်း မကောင်းကောင်း မတန်တဆပေးဝယ်နေကြတယ်… အခြေအနေကြည့်ပြီး ဈေးတောင်မသွားဘဲ ပြန်လာခဲ့ တယ်… ကြောက်စရာ လူအုပ်ကြီးပါတကား… (၄)ရက်နေ့မှာ သွပ်သံဈေးနှုန်းက ၁၅၀၀ဖြစ်သွားခဲ့ပါတယ်… အဲဒီ့ ၁၅၀၀ဈေးနှုန်းဆိုတာ မနက်ပိုင်းဈေးပါ ညနေပိုင်းမှာတော့ သွပ်သံ ၉ချောင်းကို ၁၀၀၀ကျပ်ဖြစ်သွားခဲ့ပါတယ်… လူထုရဲ့ မကျေနပ်သံများလည်း ဆူညံလာ ခဲ့ပါတယ်…

သူတို့ပြောလာကြသည်မှာ “လူတိုင်းဒုက္ခရောက်နေတာ ကိုယ့်မှာလည်း ပစ္စည်းရှိနေတာပဲ လက်ရှိဈေးနှုန်းတိုင်း မဟုတ်တောင် ၁၀၀၀လောက်ဆိုတော်ရောပေါ့… ခုတော့ နွားကွဲရင် ကျားဆွဲမယ်ဆိုတာချည်းပဲ… ကုန်သွားလို့ နောက်ထပ်ဝယ်လို့ဈေး တက်နေရင် တက်ဈေးနဲ့ရောင်း လက်ခံတယ်… ပစ္စည်းရှိရဲ့သားနဲ့ လှောင်ထားပြီး ဈေးကစားနေတယ်… ငါတို့ တန်းစီပြီး ၀ယ်ဖို့ မကောင်းဘူး ၀ိုင်းလုဖို့ပဲကောင်းတယ်…” “သူများတွေ ဒုက္ခရောက်နေတာ သူတို့က စီးပွားရှာကောင်းနေတယ်… သူတို့လည်း ပြည်သူထဲက ပြည်သူမဟုတ်ဘူးလား… ဒါလောက်တောင် ကိုယ်ချင်းစာတရားမရှိဘူးလား…” “ရှိတဲ့သူတွေကအကြောင်းလား ခု ၉ချောင်း ကို တစ်ထောင်ပေးခဲ့ရတယ်… အဲဒီ၉ချောင်းကကော အကုန်ကောင်းမယ်တဲ့လား… ရိုက်လိုက်တာနဲ့ ကွေးသွားတာရော၊ ကွင်းပြုတ်သွား တာရောနဲ့ ဘယ်နှချောင်းမှ အကောင်းမကျန်ဘူး… ပိုက်ဆံမရှိပါဘူးဆိုမှ ဒါမှမ၀ယ်ရင်လည်း မိုးရွာရင် ဒုက္ခဖြစ်ဦးမယ်… သိပ်မိုက်ရိုင်းတဲ့ဟာတွေ လိုသလောက်လည်း မပေးဘူး တယောက်တထောင်ဖိုးနဲ့ ဘာသွားလုပ်ရမှာလဲ… ဘယ်သူကကော လိုအပ်တာထက် ပိုယူမှာလဲ… ပိုယူရအောင်လည်း တခြားနေရာမှာ သုံးလို့ရတာမဟုတ် လူပါးကိုဝတယ်” ဒါကတော့ မီးလေးကြားရသလောက်ပါ… ထိုသို့သော ဆိုင်မျိုးမှာ မ၀ယ်မိဖို့ မီးလေးဆုံးဖြတ်ချက်ချလိုက်ပါတယ်… အားလုံးပြောနေကြသည်မှာ မှန်သင့်သလောက် မှန်နေသည်ကိုး… ထိုသို့သောဆိုင်မျိုးမှာ ၀ယ်နေသ၍ ထိုသို့ ဂုတ်သွေးစုပ်နေဦးမှာပဲ… ခုလိုဂုတ်သွေးစုတ်မခံရအောင် စာဖတ်သူများလည်း ထိုဆိုင်မျိုးမှာ မ၀ယ်မိဖို့ တိုက်တွန်းလိုပါတယ်… သို့မှသာ ဂုတ်သွေးစုပ်ချင်သော အရင်းရှင် စီးပွားရေးသမားများ လျော့နည်းလာမှာဖြစ်ပါတယ်… ထိုဆိုင်ကတော့ ရတနာလမ်းမှာရှိတဲ့ အိမ်ဆောက် ပစ္စည်းဆိုင်တဆိုင်ပဲ ဖြစ်ပါတယ်…

ကုန်ဈေးနှုန်းများလည်း အဆမတန်တက်လာပါတယ်… လမ်းပန်းဆက်သွယ်ရေးအတွက် ကားတွေအဆင်မပြေလို့ လမ်းလျှောက် လာကြတဲ့ ၀န်ထမ်းအများစုရှိပါတယ်… ဆန်ဈေးနှုန်းတွေလည်း အဆမတန်တက်လို့ စားဝတ်နေရေးအတွက် ပူပန်နေကြရပါတယ်… ထို့ထက်ပိုပြီး အရေးကြီးသော ပြဿနာမှာ မီးမရ၍ ရေပြတ်တောက်မှု ပြဿနာပဲ ဖြစ်ပါတယ်… ဆက်သွယ်ရေး ပြတ်တောက်ခြင်းထက် ရေမရှိခြင်းက ပို၍ဆိုးနေကြပါတယ်… ရေရရှိရန်အတွက် မီးစက်များငှား၍ ရေတင်ကြပါတယ်… တချို့က ရေတစည်ကို ၅၀၀နဲ့ရောင်းပါတယ်… တချို့က ရေလှူပါတယ်ဆိုပြီး အခမဲ့ဝေနေကြပါတယ်… ဟန်းဖုန်း၊ GSMဖုန်းတွေကတော့ သုံး၍ရပါတယ် ဒါပေမဲ့ ဖုန်းလိုင်းတွေ တအားကြပ်နေပါတယ်… ၆ရက်နေ့မှာတော့ သက်ဆိုင်ရာက ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းများ ပုံမှန်အတိုင်းရောင်းရန်၊ တင်ရောင်းသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကားနဲ့လှည့်လည်၍ ကြေညာပါတယ်… ဒါပေမဲ့ ဆီတပိဿာကို ၇ရက်နေ့မှာ တစ်သောင်းဖြစ်သွားပါတယ်… ကုန်သည်များမှာ ပစ္စည်းမရှိ၍ မဟုတ်ပါ… ပစ္စည်းရှိပါသည် စီးပွားရေးလောက၏ ပရိယာယ်အရ မကိုက်မရောင်းဘူးဆိုပြီး ကုန်သွားတယ်ပြော၍ နောက်ပိုင်းကျမှ တက်ဈေးနဲ့ ၀ယ်ရသလိုလို လှည့်ပတ်ပြီး ဈေးကစားနေကြသည့် ကုန်သည်များအား သက်ဆိုင်ရာမှလည်း ကြီးကြပ်၍ထိထိမိမိ အရေးယူဆောင်ရွက်စေလိုပါတယ်လို့ ဆန္ဒပြုရင်း…

မီးလေး ခရီးသွားမှတ်တမ်း - ၎

၎ရက်နေ့မှာတော့ မနက်ဖြန်မီးလေးတို့ပြန်မှာမို့ သယ်ရင်းအဒေါ်က ထမင်းစားဖိတ်ထားပါတယ်… နေ့လည် ၁၂နာရီလောက်မှာ ထမင်းလာစားလို့ ရပြီဆိုပြီး လာခေါ်လို့ စာရေးသူတို့သွားစားကြပါတယ်… ဟင်းတွေကလည်း စုံလို့ပါပဲ… ခံတွင်းအတွေ့ဆုံးက နှစ်ပြန်ကြော်နဲ့လက်ဘက်သုတ်ပါပဲ… ထမင်းစား ပြန်လာပြီးတော့ အဆောင်မှာနေတဲ့ ကောင်လေးတွေ အကူအညီတောင်းပြီး သူတို့ဆိုင်ကယ်သုံးစီးနဲ့ သူတို့နေထိုင်ရာ ရွာတွေကို လိုက်ပို့ခိုင်းပါတယ်… စာရေးသူ ရွာတွေကို တခါမှ မရောက်ဖူးပါဘူး… ကြမ်းတမ်းတဲ့လမ်းတွေပေါ်သွားရင်း ရွာတွေတရွာပြီးတရွာ ဖြတ်ရင်း ရှမ်းတောစု ဆိုတဲ့ ကျေးရွာလေးကို ရောက်ခဲ့ရပါတယ်… ရွာတွေရောက်တယ်ဆိုရင်ပဲ အိမ်တိုင်းက ဧည့်ခံတဲ့ ထန်းလျက်ခဲ၊ ရေနွေးကြမ်းနဲ့ ပဲကြမ်းကို နည်းနည်း တော့စားရပါတယ်… မစားမချင်းမပြန်ခိုင်းပါဘူး… ယခင်နှစ်တွေ အဆောင်လာတက်တဲ့ ကလေးတွေကလည်း အတင်းကို ခေါ်ကြလို့ ၀င်လည် ရပါတယ်… ရွာသူ/သားတွေရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို လက်တွေ့ တွေ့ကြုံခံစားခဲ့ရပါတယ်… ဟိုအိမ်က ခေါ်လိုက်၊ ဒီအိမ်က ခေါ်လိုက်၊ အထဲတောင် မထိုင်ရသေးဘူး နောက်တအိမ်က သူတို့အိမ်လာဖို့ လာစောင့်နေကြပြီ… ရွာထဲက ပြန်ထွက်လာတော့ ညနေ ၅နာရီ ထိုးတော့မယ်… ရွာခံကောင်လေး တွေက လမ်းကောင်းက သွားမယ်ဆိုပြီး အသစ်ဖောက်ထားတဲ့ မြေနီလမ်းကို ၁၀မိနစ်လောက်ဖြတ်ပြီးရင်ပဲ ကုမ္ပဏီတွေက ခင်းထားတဲ့ ကတ္တရာလမ်းကို ဖြတ်မောင်းခဲ့ပြီး ဆင်မင်း ဘိလပ်မြေစက်ရုံနဲ့ တခြား အထည်စက်ရုံတွေကို ဖြတ်လာပြီး ၆နာရီကျော်လောက်မှာ ကျောက်ဆည်မြို့ထဲ ပြန်ဝင်လာခဲ့ ကြပါတယ်…

စာရေးသူတို့ကို ညနေစာတအိမ်က ဖိတ်ထားပါသေးတယ်… သူတို့ကို ညနေ၄နာရီမှာ လာခေါ်ခိုင်း ထားတာပါ… စာရေးသူတို့လည်း အချိန်အတော် လင့်နေလို့ ဆိုင်ကယ်ကို ဒုန်းစိုင်းမောင်းလာခဲ့ကြပါတယ်… ဆိုင်ကယ်နဲ့လိုက်ပို့ပေးကြတယ် ဂျီတီစီကျောင်းသားတွေကလည်း သူတို့ကျောင်းကို ပြချင်သေးတယ်ဆိုပြီး အိမ်မပြန်ဖြစ်သေးဘဲ စက်မှုတက္ကသိုလ်ကို လာခဲ့ကြပါတယ်… စက်မှုတက္ကသိုလ်မှာ အမှတ်တရဓာတ်ပုံတွေ ရိုက်ပြီး ပြန်လာကြပါတယ်… အိမ်ပြန်ရောက်တော့ ၆နာရီ ၄၀ဖြစ်နေပြီ… လာခေါ်တဲ့သူတောင် ပြန်သွားပြီ နောက်မှ လာခေါ်မယ်ပြောပါတယ်… နောက်ကျ နေမှာစိုးလို့ စာရေးသူတို့ လာခေါ်တဲ့သူမစောင့်တော့ပဲ ဇရပ်ဖြူကျေးရွာကို လာခဲ့ကြပါတယ်… ရောက်ခါနီးမှာပဲ လာခေါ်တဲ့သူနဲ့တွေ့ပြီး အိမ်ရှာစရာ မလိုတော့ဘဲ ဇရပ်ဖြူကျေးရွာလေးကို ရောက်ခဲ့ပါတယ်… အဲဒီမှာ ခံတွင်းအတွေ့ဆုံးက ပြောင်းဖူးပြုတ်နဲ့ သဘောင်္သီးပါပဲ… ပြောင်းဖူးကလည်း တအားကို ချိုနေတာပဲ… သင်္ဘောသီးကတော့ သူတို့တောမှာ စိုက်ထားတဲ့အပင်က သီးတာတဲ့လေ… မနက်ဖြန်မပြန်ခင် တောကိုအလည် လာခေါ်မယ် ပြောတယ်… စာရေးသူတို့လည်း ဇရပ်ဖြူက ပြန်ထွက်လာတော့ လမ်းမှာ အသိတယောက်နဲ့တွေ့တော့ ဟိုဘက်ရွာမှာ အလှူအောင်ပွဲ ပွဲရှိတယ် တဲ့လေ… စာရေးသူတို့လည်း မရောက်ဘူးလို့ သွားကြည့်ရအောင်ဆိုပြီး ပွဲရှိတဲ့ရွာကို ဆိုင်ကယ်ဆီဖြည့်ပြီး ထွက်လာကြပါတယ်… ရွာပွဲခဏကြည့်မယ် ဆိုပြီး စောင့်လိုက်တာ ၈နာရီထိုးသွားပါပြီ ဒါပေမဲ့ ပွဲက မထွက်သေးဘူး… ပွဲခင်းထဲမှာ ပြဿနာတက်တာကတော့ စာရေးသူပါပဲ… စာရေးသူမှာက အစာအိမ်ရောဂါ ရှိတယ်လေ ဒီနေ့တနေကုန် မစားမဖြစ်စားရတဲ့ အားနာစာတွေနဲ့ ညနေစာစားတာတောင် အိမ်ရှင်တွေမသိအောင် ဘေးကနှစ်ယောက်ကို ထမင်းတွေထည့်ပေးပြီး နှစ်လုပ်ပဲစားခဲ့တာ… ခုချိန်မှာတော့ ချွေးစေးတွေ ထွက်ပြီး ဗိုက်တအားအောင့်နေပြီ… အရင်ဆို ဆေးက သွားလေရာပါပေမဲ့ ဆေးကတည်းတဲ့အိမ်မှာ ကျန်ခဲ့တယ်လေ… ပြေးဝယ်စရာဆိုင်ရယ်လို့လည်းမရှိ ချွေးစေးတွေထွက်လို့ သုတ်ဖို့ တစ်ရှုးတောင် မရောင်းကြဘူး… သယ်ရင်းကလည်း တအားကြည့်ချင်နေ နောက်ဘယ်လိုမှ မရတော့လို့ ၉နာရီလောက်မှာ ပြန်လာကြပါတယ်… အိမ်ပြန်ရောက်တယ် ဆိုရင်ပဲ ဆေးသောက်ပြီး ခဏနားနေလိုက်ပါတယ်… မနက်ဖြန် ၅နာရီကားနဲ့ပြန်မှာမို့ မနက်လည်း သွားစရာတွေကရှိပြန်တော့ အထုပ်အပိုးတွေကို ပြင်ဆင်ပြီးချိန်မှာတော့ မနက်တနာရီထိုးနေပြီ… ပင်ပန်းစွာနဲ့ပဲ အိပ်ပျော်သွားပါတော့တယ်…

မနက်၈နာရီမှာ အိပ်ယာထပြီး ရန်ကုန်ပြန်ဝယ်သွားဖို့ ပြောင်းဖူးတွေ ဈေးထဲကို ဆိုင်ကယ်နဲ့သွားဝယ်ပြီး ၁၀နာရီလောက်မှာ တောကိုလိုက်သွား ကြပါတယ်… လယ်ကွင်းစိမ်းစိမ်းတွေထဲကို ဖြတ်လျှောက်ပြီး စာရေးသူတို့သွားလိုတဲ့ တောကိုရောက်ခဲ့ပါတယ်… ကွမ်းခြံမှာ ကွမ်းရွက်ခူးနေတာကိုလည်း တွေ့ခဲ့ရတယ်… သင်္ဘောသီးတွေကို ရန်ကုန်လက်ဆောင်အဖြစ် အပင်က ခူးပေးလိုက်ပါတယ်… ၁၂နာရီထိုးခါနီးမှာ အိမ်ပြန်ရောက်ခဲ့ပြီး ခရစ်ယာန်ဝင်းက အသိအိမ်တွေကို လိုက်ပြီးနှုတ်ဆက်ကြပြီး အိမ်ကိုပြန်ရောက်လာ ကြပါတယ်… သယ်ရင်းအမေကလည်း ပြန်မှာမို့ ထမင်းမစားနိုင် စာရေးသူတို့လည်း ငိုချင်သလို ရယ်ချင်သလိုနဲ့ တမျိုးကြီးနဲ့မို့ ထမင်းမစားနိုင်ကြပါဘူး… တအိမ်လုံးလည်း တိတ်ဆိတ်လို့နေပါတယ်… စာရေးသူလည်း စိတ်ထဲမကောင်းပေမယ့် ရယ်စရာတွေ လျှောက်ပြောရင်း အချိန်တွေကို ကုန်ဆုံးလိုက် ပါတယ်… ကားဂိတ်ကို တနာရီကြိုရောက်ရမှာမို့ ညနေ၄နာရီမှာ ကားဂိတ်ကိုထွက်ခဲ့ကြပါတယ်… ကားဂိတ်မှာ ရွာကလူတွေလည်း လိုက်ပို့ကြတာမို့ ကားဂိတ်မှာ လူတွေများလို့နေပါတယ်… အားလုံးလည်း တိတ်ဆိတ်လို့ နေပါတယ်… တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာကတော့ “အမယ်လေး အေးလိုက်တာ” “အန်တီ သင်္ကြန်အကြို ရေလောင်းရင်း အားလုံးကို နှုတ်ဆက်တာပါ” စာရေးသူအစပြုရင်း သူလောင်းလိုက် ကိုယ်လောင်းလိုက်နဲ့ အသံတွေ ဆူညံသွားပါတော့တယ်…

ပြီးတော့ ပြန်လည်တိတ်ဆိတ်လို့သွားပါတယ်… ငြိမ်ကျသွားတဲ့ လူအုပ်ကြီးကို လှုပ်လှုပ်ရွရွဖြစ်စေတာက “မန္တလေး-ရန်ကုန် နယူးမန္တလာထွန်း ခရီးသည်များ မကြာမီအချိန်အတွင်း ကားရောက်တော့မည်ဖြစ်ပါ၍ ခရီးသည်များ သတ်မှတ်နေရာတွင် နေပေးကြပါရန် နှိုးဆော်အပ်ပါသည်”ဟု အော်လံနဲ့ အော်နေတဲ့ ဂိတ်မှူးကြီးရဲ့ အသံပါပဲ… ကားဝင်လာတယ်ဆိုရင်ပဲ ပစ္စည်းတွေတင် နေရာတွေချပြီး ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီး လိုက်ပို့တဲ့ သူတွေကို လက်ပြနှုတ်ဆတ်ရင်း တဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးလာခဲ့ပါတယ်… အလာတုန်းက ဆူညံနေကြတဲ့ စာရေးသူတို့အုပ်စုရဲ့အသံကလည်း တိတ်ဆိတ်လို့နေပါတယ်… အတွေးကိုယ်စီနဲ့ စကားမပြောနိုင်လောက်အောင် ၀မ်းနည်းနေမိပါတယ်… ရင်ထဲမှာ ပူလောင်နေသလို ကားကလည်း ပူလောင်နေပါတယ်… အဲလ်ကွန်းမရလို့ပါ… မိတ္ထီလာရောက်ချိန်မှာတော့ ချောင်ချိနေတဲ့ကားက လူပြည့်လုနီးပါးရှိနေပြီ… အဲလ်ကွန်းကလည်း တစက်မှမရ ကိုးရီးယားချွေးထုတ်ခန်းထဲ ပို့ထားသလိုပါပဲ… ဒါ့ပြင် နေပြည်တော်မှာ ကားပျက်ပါသေးတယ်… စာရေးသူတို့စီးလာတဲ့ကားက ပထမထွက်တဲ့ကားပါ… နောက်ဆုံး ကားတွေတောင် ကျော်တက်သွားပါပြီ… စာရေးသူတို့ကားက မရသေးဘူး… အတော်လေး စိတ်ညစ်သွား ခဲ့ပါတယ်… လာတုန်းက နယူးမန္တလာထွန်းက အဆင်ပြေလို့ လာတဲ့ကားနဲ့တင် ဘိုကင်တင်ထားလိုက်တာ… ဘယ်လိုဖြစ်တယ်မသိ တလမ်းလုံးကို အဆင်မပြေဘူး… ပိုက်ဆံပေးပြီး စီးရတာချင်းအတူတူ စိတ်ပျက်မိပါတယ်… ကားတုန်းက ကားဆရာနဲ့ ကားပျက်တဲ့နေရာမှာ တွေ့ပါတယ်… သူတို့က အချင်းချင်း ကူညီကြဖို့ ကားရပ်ပြီးမေးလို့တွေ့တာပါ… စာရေးသူလည်း သွားရန်တွေ့လိုက်ပါသေးတယ်… ဘိုကင်တင်ခိုင်းထားတာ ဘာလို့ မတင်ပေးထားတာလဲ၊ မတင်ရသေးဘူးပြောတယ်ဆိုတော့ တင်ပေးထားပါတယ်တဲ့ သူတို့ကားနဲ့ ပြန်ပါအောင် ပြင်ဦးလွင်-ရန်ကုန်နဲ့တဲ့လေ… စာရေးသူတို့မှ မသိတာ ပြောလက်စနဲ့ complaint တက်ခဲ့ပါ သေးတယ်… ရှင်တို့ဘော့စ်ကို ဒီလိုကားစုတ်တွေ မထားပါနဲ့လို့ ပိုက်ဆံပေးပြီး စိတ်ညစ်ရတယ်လို့… မိနစ်၄၀လောက်ကြာပြီးတော့ ကားပြန်ရပါတယ် စာရေးသူမှန်းလိုက်တာက ရန်ကုန်ကို ၈-၉လောက်မှ ရောက်မယ်ပေါ့… ဒါပေမယ့် လမ်းမှာ သုံးခါလောက်ရက်တဲ့ကားက တောက်လျှောက်မရပ်တော့ပါဘူး… ပဲခူးရောက်မှပဲ မျက်နှာသစ်ဖို့ ရပ်ပါတယ်… ပဲခူးရောက်တော့ ၆နာရီဝန်းကျင် ရန်ကုန်ကို ၇နာရီကျော်ကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်… ဘယ်တော့မှ ဒီခရီးလေးကို မေ့လို့ရတော့မှာ မဟုတ်ပါဘူး… တောရွာလေး တွေကို အမှတ်ရရင်း သူတို့တွေရဲ့ နွေးထွေးတဲ့မေတ္တာ၊ ရင်းနှီးဖော်ရွှေမှု၊ မြူမှုန်ကင်းတဲ့ မာန်မာန၊ အားလုံး အားလုံးကို နှလုံးသားထဲတွင် စွဲမှတ်ထင်လျက်…

မီးလေး ခရီးသွားမှတ်တမ်း - ၃

ပထမဆုံး မန်းဘွဲ့နှင်းသဘင်ကနေ မန်းလေးတောင်ကို ကားနဲ့တက်ခဲ့ကြပါတယ်… လမ်းတလျှောက် အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခိုဆိုတဲ့ စကားပုံကိုလည်း နားထဲပြန်လည် ကြားယောင်နေမိပါတယ်… တောင်ပေါ်ရောက်တော့ ဓာတ်လှေခါး မီးပျက်လို့မရပါဘူးတဲ့… ဒါနဲ့ လမ်းလျှောက်တက်ခဲ့ကြပါတယ်… ၃မိနစ်အမြန်ဆိုတဲ့ ဓာတ်ပုံဆရာတွေကလည်း တန်းစီလို့နေပါတယ်… ရင်ပြင်တော်ပေါ်ကို ဈေးတန်းတွေက ဖြတ်သွားရပါတယ်… ဆရာကြီး မင်းသိင်္ခ ကပ်ကင်းရိုက် ပေးထားတာပြောတဲ့ အုန်းသီးနဲ့လုပ်ထားတဲ့ မျောက်ရုပ်၊ ဘဲရုပ်လေးတွေကို ရောင်းနေတာတွေ့ ရပါတယ်… စာရေးသူရဲ့ ဂဏှာမငြိမ်နိုင်တဲ့လက်က အလိုအလျောက် ကင်မရာဆီရောက်သွားပြီး ဓာတ်ပုံတွေရိုက်ယူလာခဲ့ပါတယ်… သွားတဲ့သူ ဆယ်ယောက်မှာ ခရစ်ယာန်တွေများတော့ ရင်ပြင်တော်ပေါ် ဘုရားတက်ရှိခိုးဖို့ အရိပ်အယောင်တောင် မတွေ့ရပါဘူး… စာရေးသူလည်း ဗုဒ္ဓဘာသာထင်တဲ့ ကောင်လေးတယောက်ကို နင်ဘာသာလည်းလို့ မေးလိုက်ပါတယ်… အဆင်ပြေချင်တော့ သူလည်း ဗုဒ္ဓဘာသာဖြစ်လို့ အဖော်ရသွားတယ်… နောက်တော့မှ သေချာသိရတာက စာရေးသူရယ် ဂျီတီစီတက်နေတဲ့ ကောင်လေးနှစ်ယောက်ရယ်ပဲ ဗုဒ္ဓဘာသာပါမှန်းသိတယ်… ဘုရားရှိခိုးပြီးချိန်မှာတော့ ကျန်တဲ့သူတွေ ရင်ပြင်တော်ပေါ်တက်လာပြီး ဓာတ်ပုံတွေ အမှတ်တရရိုက်ခဲ့ကြပါတယ်… ဆယ်နာရီခွဲလောက်မှာ မန်းလေးတောင်ပေါ်က ပြန်ဆင်းခဲ့ကြပါတယ်…

မန်းတိရစ္ဆာန်ဥယျာဉ်ကို လာခဲ့ကြပါတယ်… ၀င်းပေါက်က ၀င်ဝင်ချင်းမှာ လှောင်အိမ်ထဲကနေ အစာလှမ်းတောင်းနေတဲ့ ၀က်ဝံလေးတွေကို တွေ့ရပါတယ်… မန်းတိရစ္ဆာန်ဥယျာဉ်မှာ ရန်ကုန်ကလောက် လူသွားလူလာသိပ်ရှိပုံမရပါဘူး… သိပ်မရှိလို့လည်း လူမြင်တာနဲ့ သနားစရာဟန်နဲ့ ကြည့်နေတဲ့ ၀က်ဝံလေးတွေကို သနားမိပါတယ်… လာတဲ့သူတွေကလည်း သားပိုက်ကောင်တွေလောက်ပဲ လာကြတာဆိုတော့ ကလေးသူငယ်ဆိုတာ သိပ်မတွေ့ရပါဘူး… ၀န်းထဲမှာ စာရေးသူတို့ အုပ်စုပဲရှိသလားထင်ရလောက်အောင် လူသိပ်မရှိပါဘူး… တိရစ္ဆာန်တွေဟာ သူတို့ဆီ လာကြည့်တဲ့ သူများမှ အစာကျွေးတဲ့သူ ပေါနိုင်တာမဟုတ်ပါလား… သူတို့လေးတွေကိုကြည့်ရင်း တိရစ္ဆာန်ချင်းတူတာတောင် ဘ၀ပေးအခြေအနေမတူတဲ့ သူတို့လေး တွေကို သနားမိပါတယ်… ရင်ထဲမှာလည်း တမျိုးခံစားရပါတယ်… စာရေးသူလည်း ရှေ့မှာ အစာရောင်းနေတဲ့ ဈေးသည်ဆီက ၀က်ဝံအစာ ကြည့်လိုက်ပါတယ်… ငလက်မ လက်တဆုပ်တောင် မရှိတဲ့ ပလူမွေး ပလူတောင် ကန်စွန်းရွက်စည်း သုံးစည်း ထည့်ထားတဲ့ခြင်းလေး… ဘယ်လောက်လဲ မေးတော့ တစ်ထောင်တဲ့ ဈေးမှာဝယ်ရင်တောင် အများကြီးရမှာ… မိန်းမတို့ထုံးစံအတိုင်း အကုန်ယူမယ် မလျော့တော့ဘူးလား မေးတော့ သူတို့ဆိုင်ခုံကပေးရလို့ပါတဲ့… တခါတလေ၀ယ်မယ့်သူ မရှိရင် မရောင်းရတဲ့နေတွေတောင်ရှိတယ်တဲ့… စာရေးသူလည်း မစစ်တော့ဘဲ အကုန်ဝယ်လိုက်ပါတယ်… ၀က်ဝံလေးတွေကျွေးတဲ့အခါမှာ ၀မ်းသာပီတိဖြစ်လွန်းလို့ မျက်ရည်များတောင် လည်လာမိပါတယ်… အလုအယက်ယူစား လိုက်ကြတာ တခြားလှောင်အိမ်တွေကပါ ၀ိုင်းတောင်းလို့ အကောင်စေ့အောင်ကျွေးလိုက်ရပေမယ့် သူတို့လေးတွေ မ၀ဘူးဆိုတာသိလို့ စိတ်မကောင်း များစွာဖြစ်ခဲ့ရပါတယ်… တိရစ္ဆာန်တွေ ကြည့်ရတာ စိတ်ထဲမကောင်းလို့ မကြည့်တော့ဘဲ ကျောက်ပုံတွေနားကို သွားပြီး ဓာတ်ပုံတွေရိုက်ကြပါတယ်… ပြီးတော့ ကစားကွင်းဘက်ကို သွားမယ်ဆိုပြီး ပတ်သွားလိုက်တာ တိရစ္ဆာန်ဥယျာဉ်ထဲမှာ လည်ပြီး လမ်းပျောက်သွားလို့ ရေခဲထုပ်ရောင်းတဲ့ ကလေးတွေကို လမ်းမေးပြီးသွားကြပါတယ်… ရေကန်ကို ဖြတ်ထားတဲ့ ကြိုးတံတားတခုကို ဖြတ်ခဲ့ကြပါတယ်… လှုပ်စိလှုပ်စိနဲ့ အသည်းယားစရာ ကောင်းတဲ့ ကြိုးတံတားပေါ်မှာ တယောက်နဲ့တယောက်စရင်း ကြောက်ကြောက်နဲ့ ဖြတ်ခဲ့ရပါတယ်… ၁၂နာရီထိုးတော့မှာဖြစ်လို့ တိရစ္ဆာန်ဥယျာဉ် ကနေ ပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်… ဘွဲ့နှင်းသဘင်ရှေ့ရောက်တဲ့အခါ လူတွေရှင်းကုန်ပြီ… အအေးဆိုင်မှာ ထိုင်စောင့်နေတဲ့ သူငယ်ချင်းကိုခေါ်ပြီး ၀တ်စုံပြန်အပ်ဖို့ စီစဉ်ရပါတယ်… ပြီးတဲ့အချိန်မှာတော့ မန်းလေး မြို့တော်ဥယျာဉ်ကို သွားပြီး ထမင်းစားကြပါတယ်… လူတွေအားလုံးစုမိတဲ့အချိန်မှာ ၁၇ယောက်လောက်မို့ ထမင်းဝိုင်းလေးဟာ စိုပြည်ပြီး အရမ်းပျော်စရာကောင်းခဲ့ပါတယ်… ထမင်းစားပြီးတဲ့အချိန်မှာ ရေလွှာမိချောင်းစီးကြပါတယ်… ပြီးတော့ တိုက်ကားလည်း ပြိုင်မောင်းကြတယ်…

စာရေးသူသယ်ရင်းအဖေက အပြင်ထွက်ခဲလို့ သရဲအိမ်သွားဖူးတယ်ရှိအောင် သွားခိုင်းတယ်လေ… သရဲအိမ်ထဲမှာ အော်ဟစ်သံတွေ ဒုန်းဒိုင်းအသံတွေ ကြားနေရတယ်… စာရေးသူတို့လည်း ထွက်ပေါက်နားကနေ စောင့်နေလိုက်တယ်… တဒုန်းဒုန်းနဲ့ပြေးလာတဲ့ သူတို့ကိုကြည့်ပြီး စာရေးသူတို့ ရီလိုက်ရတာ သေးတောင်ထွက်တယ်… သူငယ်ချင်းအဒေါ်က ထမီကျွတ်ပြီး လက်တဖက်ကကိုင်ထားပြီး ရှေ့ဆုံးက ပြေးဆင်းလာတယ်… နောက်ကနေ ၀ရုန်းသုန်းကားနဲ့ ပြေးဆင်းလာတဲ့သူတွေ နောက်ဆုံးမှာတော့ သူငယ်ချင်းရဲ့အဖေက မောကြီးပန်းကြီးနဲ့ စကားတောင် မပြောနိုင်ဘူး ပြေးဆင်းလာတယ်… နောက်မေးကြည့်တော့မှ လူငယ်တွေကကြောက်လို့ လူကြီးကို နောက်ဆုံးမှာ ထားတယ်တဲ့လေ… အနောက်က ဂေါ်ပြားကြီးနဲ့ သရဲလိုက်လာလို့ ရှေ့ကိုအမြန်သွားကြတာ ဖြစ်ချင်တော့ သူငယ်ချင်းအဖေက အင်္ကျီအဖြူဝတ်ထားတယ်လေ… ရှေ့က ကောင်လေးကို စောင့်ပါဦးဆိုပြီး ပြောတာ သရဲမှတ်လို့ နောက်ကဆွဲလာတဲ့လက်ကို ပုတ်ထုတ်ပြီး ထွက်ပြေးတယ်တဲ့လေ… အဲဒါနောက်မှာ ပက်လက်လှန်လဲပြီး ဂေါ်ပြားနဲ့ အရိုက်ခံခဲ့ရတယ်… နာတော့မနာပေမဲ့ ကြောက်တော့ကြောက်တယ်တဲ့လေ… တကိုယ်လုံးလည်း ချွေးတွေရွဲပြီး စကားတောင် သိပ်မပြောနိုင်ဘူး… အပြင်မှာကျန်တဲ့သူတွေက သူတို့ပြောတာတွေနားထောင်ပြီး သွားလည်းသွားချင် ကြောက်လည်းကြောက်ဖြစ်နေလို့ စာရေးသူကို အဖော်စပ်တယ်… မလိုက်ရဲဘူးလို့ စာရေးသူလည်း ငြင်းလိုက်တယ်… သယ်ရင်းအမေက သူလိုက်မယ်ပြောတယ် မိန်းကလေးနှစ်ယောက်တည်းလည်း မဖြစ်ပြန်ဘူးလေ… ဒါနဲ့စာရေးသူလည်း လိုက်ပေးမယ် ဒါပေမယ့် မသွားရသေးတဲ့ ယောက်ျားလေးတွေ လိုက်ခဲ့ပေးပြောတော့ လိုက်ပေးမယ်ပြောကြပါတယ်… ဒါနဲ့ရှေ့ဆုံးက ယောက်ျားလေးတယောက်၊ နောက်က စာရေးသူ၊ စာရေးသူနောက်က မိဇာ၊ မိဇာနောက်က၊ နော်မေလေး၊ ပြီးတော့ သယ်ရင်းအမေ၊ နောက်ဆုံးက ယောက်ျားလေးတယောက် အားလုံး ၇ယောက်ဝင်သွားကြတယ်… စာရေးသူတို့ရှေ့က စုံတွဲတတွဲ…

စာရေးသူ ဘယ်လောက်သတ္တိ ကောင်းတယ်မှတ်လဲ… အထဲဝင်ကတည်းက ရှေ့ကကောင်လေးအင်္ကျီကို လက်နှစ်ဖက်နဲ့ မလွတ်တမ်းစွဲထားပြီး မျက်လုံးစုံမှိတ်ပြီး နောက်ကလိုက်တော့တာပဲ… တော်တော်ကြာ သရဲအိမ်ထဲသွားပြီး ဘာတွေ့ခဲ့လဲမေးရင် ဖြေစရာမရှိဘူးဖြစ်မှာစိုးလို့ မျက်လုံး အသာလေး ဖွင့်ကြည့်လိုက်တယ်… အဲဘာမှလည်း ကြောက်စရာမရှိဘူးပေါ့… အရိုးခြောက်ရုပ်တွေ၊ ဆံပင်စုတ်ဖွားတွေ၊ သူဘာသာသူ နံရံမှာ ကပ်ထားတာ ဒီအရုပ်တွေလောက် ကြောက်စရာမရှိဘူးပေါ့… အလန့်တကြား စာရေးသူနောက်ကမိဇာက အမေရေဆိုပြီး အသားကုန်အော် တော့တာပဲ… စာရေးသူကလည်း နောက်က ကြောက်စရာကောင်းတာတွေ လိုက်လာတယ်ဆိုပြီး ရှေ့ကလူကလည်း အတင်းသွား၊ စာရေးသူကလည်း အတင်းလိုက် ရှေ့ကစုံတွဲကလည်း အော်ဟစ်နေတော့ ရှေ့မှာ ဘာတွေလည်းမသိဘူးပေါ့… စာရေးသူအနေနဲ့ကတော့ ကြောက်စရာဆိုလို့ ဘာမှ မတွေ့သေး သူတို့တွေက ၀ိုင်းအော်နေ တချို့အခန်းတွေက မီးရောင်လုံးဝမရှိလို့ ရှေ့ကလူတွေအော်လေ ကြောက်လေဖြစ် နေတော့တာပေါ့… ရှေ့စုံတွဲအမျိုးသမီးက အဖြူရောင်အင်္ကျီဝတ်ထားလို့ မှောင်နေပေမယ့် သူတို့သွားတဲ့နောက်လိုက်လို့ အပေါက်တွေ မရှာလိုက်ရပါဘူး… သူတို့ ကတော့ အပေါက်အစား နံရံတွေ သွားထိမိလို့ ပျော့စိပျော့စိတွေကိုင်မိလို့ အော်တယ်ထင်တယ်လို့ အပြင်ရောက်မှ တွေးနိုင်တာပါ… အထဲမှာတော့ အပြင်မရောက်နိုင်သေးဘူးလား စိတ်နဲ့ပဲ ဘာမှန်းကို မသိလိုက်ဘူး… အပြင်လဲရောက်ရော စာရေးသူရောဂါ ထပါလေရော… ရင်တွေ တဒိန်းဒိန်းနဲ့ ခုန်နေလိုက်တာ အာဖရနစ္စကန်မှာ ဗုံးကြဲတုန်းကတောင် အဲလောက် အသံမြည်မှာမဟုတ်ဘူး… စကားမပြောနိုင်ပဲ ဟောဟဲထနေတာ… သူငယ်ချင်း တွေက ၀ိုင်းပြုစုပေးကြပါတယ်… ရင်ဘတ်တွေအောင့်ပြီး အသံတောင်ပျောက်နေပြီ… အပြင်မှာကျန်တဲ့သူတွေက ၀ိုင်းမေးတယ် စာရေးသူလည်း ပြန် မဖြေနိုင်လို့ လက်ပဲကာပြလိုက်တယ်… နောက်တော့မှ ဘာမှကြောက်စရာတွေ့လို့တော့ မဟုတ်ဘူး ငယ်သံပါအောင် အော်နေကြတော့ ဘာများ ဖြစ်မလဲ၊ ဘာတွေထွက်လာပြီလည်းဆိုပြီး လန့်သွားတာ အရှေ့ကလူတွေပြောတဲ့ ဂေါ်ပြားနဲ့လိုက်တယ်ဆိုတာလည်း မတွေ့ခဲ့ပါဘူးပြောတော့… နောက်ကပါလာတဲ့လူက လိုက်လာတယ် နင်တို့ရှေ့ကမို့ မမြင်ရတာတဲ့လေ… နောက်ကလူတွေ ချှော်လဲကြသေးတယ်တဲ့… စာရေးသူက မိဇာနင်ဘာတွေ့လို့ ငယ်သံပါအောင် အော်တာလဲမေးတော့ ပျော့စိပျော့စိကို တက်နင်းမိလို့တဲ့ ပြီးတော့ လူသေကြီးက ထလိုက်လှဲလိုက် လုပ်နေလို့ တဲ့လေ…

အဲတော့မှ စာရေးသူလည်း ငါ့နှယ်ဖြစ်ရလေလို့ စာရေးသူက မ၀င်ခင်ထဲက ကြိုသိပြီးသား ရှေ့ကသွားတဲ့သူတွေ ပြောထားလို့ ဖော့တုံးတွေ ခင်းထားတယ်… ဖော့တုံးတွေနင်းရင် ရုပ်လောင်းက လှဲနေရာကနေ ထထိုင်တယ်လို့… ပြီးတော့ သူသေးထွက်တော့မယ်တဲ့လေ… ဒါနဲ့ အိမ်သာအမြန် ရှာရတာပေါ့… တကယ်လည်း အရမ်းပျော်ခဲ့ကြပါတယ်… မြို့တော်ကစားကွင်းကနေထွက်တော့ ဦးပိန်တံတားကို ၀င်ခဲ့ကြပါတယ်… ဦးပိန်တံတားရောက်တော့ အကုန်ဖလပ်ပြနေကြပါပြီ… တံတားထိပ်နားမှာပဲ ထိုင်နေလိုက်ကြတယ်… ကောင်လေးတွေကတော့ လှေသွားစီးကြတယ်… လှေသွားစီးတယ်ဆိုတာထက် လှေလှော်ချင်လို့ သွားကဲကြတာပါ… လှေသမား စိတ်ညစ်သွားပုံပဲ ရေလယ်မှာတင် အကြာကြီးပဲ လှေကရွေ့မရွေ့တော့မသိဘူး တပတ်ကိုလည်နေတာပဲ… လှေသမားလှော်မှ ကမ်းပြန် ရောက်တယ်… ဦးပိန်ကနေတဆင့် ကျောက်ဆည်ကို ပြန်လာကြပါတယ်… ကားပေါ်မှာ အတုန်းအရုန်း အိပ်ပြီးလိုက်လာကြပါတယ်… အိပ်ရေး ပျက်တာရော၊ ခရီးပန်းတာကောပေါ့… ကျောက်ဆည်ကို ညနေ ၅နာရီ ၅၅မှာပြန်ရောက်ခဲ့ကြပါတယ်…

Wednesday, May 14, 2008

နာဂစ်မုန်တိုင်း(သို့)နှာကစ်မုန်တိုင်း

မီးလေးဆီကို သူငယ်ချင်းတယောက်က “မီးလေးရေ ဒီည၂နာရီဝန်းကျင်လောက် မုန်တိုင်းတိုက်လိမ့်မယ်… မီးမိန်းတွေ ချထားချည်၊ အပြင်မှာသိမ်းစရာရှိတာတွေ သိမ်းထား၊ အပြင်လည်း မထွက်နဲ့ တခုခုဆို ဖုန်းလှမ်းဆက်လိုက်”ဆိုပြီး ဖုန်းဆက်လာတယ်… မီးလေးက အေးဆေးပေါ့ အပြင်မှာက ပန်းအိုးတွေပဲရှိတာ လေတိုက်မယ်ဆိုတော့ တိုက်ပေါ့ မီးတွေတော့ မိန်းချထားလိုက်တယ်… ၈နာရီလောက်မှာ လျှပ်စစ်မီးတွေ ပျက်သွားပါတယ်… ၁၀နာရီ ပတ်ဝန်းကျင်လောက်တည်းက မိုးရွာရာကနေ လေနည်းနည်းပါလာပြီ… ၁၁နာရီလောက်ထိ အင်ဗက်တာနဲ့ MRTV4မှာ မုန်တိုင်းသတင်း တောက်လျှောက်ကြည့်နေလိုက်သေးတယ်… ခဏနေတော့ ၀င်အိပ်လိုက်ပြီး ၁နာရီခွဲကျော် ကျော်လောက်မှာ လေတိုက်နှုန်းက ကြမ်းနေပြီ တ၀ုန်းဝုန်းတဖြောင်းဖြောင်းနဲ့ အိပ်ယာထဲကလည်း ထမကြည့်ရဲ မထိုင်လည်း မထိုင်ရဲနဲ့ ဖုန်းတွေလျှောက်ခေါ်ကြည့်လိုက်သေးတယ်… ဖုန်းလိုင်းတွေရသေးတယ် အားလုံးကို ဘာမှစိတ်မပူဖို့ ဖုန်းဆက်ပြီး အိပ်လည်းမပျော်၊ တညလုံးအိပ်လို့လည်းမရ ဒါနဲ့ ၅နာရီလောက်ကျတော့ မထူးတော့ပါဘူးဆိုပြီး တအိမ်သားလုံး အိပ်ယာကထပြီး ဘုရားစာချည်း ရွတ်နေလိုက်တယ်…

ကိုယ့်ကိုကယ်ဖို့မပြောနဲ့ အနီးအနားက ကျိုက္ကဆံဘုရား၊ အာနန္ဒာဘုရားတွေ စိန်ဖူးတော်မြေခနေပြီ… စံပြဆေးရုံက လူနာတွေ ဘယ်လိုနေရတယ်မသိ… ခေါင်မိုးမရှိတော့ ဟောင်းလောင်းဖြစ်နေပြီ… သရက်ပင်က သရက်သီးတွေကလည်း ပန်းကြဲထားသလား အောက်မေ့ရတယ် တလမ်းလုံးကို ဖွေးလို့… ခဏလည်းနေရော အိမ်ရှေ့က အုန်းပင်ကလည်း အုန်းအခိုင်လိုက်ကြီး ပြုတ်ကျတယ်၊ အိမ်ခေါင်းရင်းက သရက်ပင်က တအိအိနဲ့ လှဲကျသွားပါလေရော၊ လေတွေကလည်း မနက်၅နာရီနောက်ပိုင်းမှာ ပိုပြီးကြမ်းလာတယ်၊ အိမ်ခေါင်မိုးတွေကလည်း တဗြန်းဗြန်းနဲ့ သံတွေ ဆွဲဆွဲချွတ်တဲ့အသံ တဖြောက်ဖြောက်နဲ့ ဘုရားကြီးတနေရတယ်… ဒီကြားထဲ လေတွေ ဒီလောက်ပြင်းထန်နေတာ ကိုယ့်အသက်အန္တရာယ်မှမကြောက် သရက်သီးကောက်တဲ့သူတွေ၊ ငှက်ကောက်တဲ့ သူတွေကလည်း မနည်း၊ ကုန်ပါပြီ သရက်သီးတွေပေါ့… နောက်ဆုံး ကိုယ့်အပင်ကပစ္စည်း မစားလိုက်ရမှာစိုးလို့ လေငြိမ်တဲ့အချိန် တလုံးရရ နှစ်လုံးရရ ပြေးကောက်၊ လေပြန်တိုက်လာရင် အိမ်ပေါ်တက်ပြေးနဲ့ ခြင်းနှစ်လုံးစာလောက်ရတော့ မကောက်တော့ဘူး…

လေတိုက်နေတာကို တံခါးဖွင့်ပြီး ရပ်ကြည့်နေလိုက်တယ်… လေအဝှေ့မှာ အမှိုက်တွေလွင့်ပါလာရင် တံခါးကို အတင်းဆွဲပိတ်၊ လေတိုက်နေတဲ့အချိန်မှာ ပြတင်းပေါက်တံခါးတောင် တယောက်တည်းအားနဲ့ မပိတ်နိုင်လောက်အောင် လေရှိန်က တအားကို ပြင်းထန်နေတယ်… ၁၀နာရီ-၁၁နာရီ ပတ်ဝန်းကျင် လောက်ကျတော့ မိုးစလေးတွေ ပါလာတယ်… မိုးရွာရင်တော့ လေအရှိန် နည်းနည်းလျော့သွားလောက်မယ် အောက်မေ့တာ မိုးရော လေရော သူများအိမ်တွေတော့ ခေါင်မိုးမရှိတော့ဘူး… မီးလေးတို့ အိမ်တော့ ခေါင်မိုးတော့မပါသွားဘူး… မိုးရွာမှ ရေတွေဝင်တာ အိပ်စရာတောင် နေရာမရှိဘူး… တော်တော်ကြာ သစ်ပင်လဲပြန်ပြီ၊ နောက်တပင် လဲပြန်ပြီနဲ့ အပင်ကြီးတွေ တပင်မှ မကျန်တော့ဘူး…

အိမ်ထဲကလည်း အိမ်ပြင်ထွက်မရတော့ဘူး… အိမ်ရှေ့အပေါက်တည့်တည့်မှာ အပင်တွေလဲပြီး ပိတ်နေလို့… ရှိသမျှ ပိန္နဲ၊ ဒန့်ဒလွန်၊ ပြည်ပန်းညို၊ သရက် အကုန် အမြစ်က ကျွတ်ထွက်ပြီး အနိစ္စသဘောနဲ့ ကိစ္စချောနေပြီ… မလဲတဲ့အပင်ကျတော့လည်း အရွက်တွေ မရှိတော့… အပင်တွေ ကတုံးတွေဖြစ်ကုန်ပြီ… ၁နာရီလောက်မှာ လေရောမိုးရော အားလုံးအေးအေးဆေးဆေးဖြစ်သွားပါပြီ… ဒါနဲ့ ဘာတွေဖြစ်သွားလည်း လိုက်စပ်စုရင်း ကျိုက္ကဆံဘုရားနားက ဘုန်းကြီးကျောင်းတကျောင်းကို ခွကျော်ပြီး ရောက်သွားခဲ့တယ်… တ၀န်းလုံး ရစရာမရှိအောင် ပျက်စီးနေပြီ… တကျောင်းလုံး ရှိသမျှ အပင်တွေလဲ၊ လဲတဲ့အပင်တွေက အုတ်နံရံတွေကို ပြိုကျစေခဲ့ပြီ၊ ဒါ့အပြင် သီလရှင်တွေ သီတင်းသုံးနေထိုင်တဲ့ ဇရပ်တွေကိုလည်း ပြားပြားဝပ်စေခဲ့ပြီ… ခေါင်မိုးတွေ ဆိုတာလည်း ဘယ်ဆီများမှာပါလိမ့်… တဆက်တည်း သတိရမိတာက ရန်ကုန်က ဘလော့ဂ်ဂါတွေရဲ့ အိမ်တွေရော ဘာတွေ ဖြစ်သွားကြသေးလဲလို့ တွေးပူနေမိတာတော့ အမှန်ပါ…

ဘုန်းကြီးကျောင်းလာတဲ့ ဘုရားလမ်းတလျှောက် ပြန်ကြည့်မယ်ဆိုရင်လည်း ဘုန်းကြီးကျောင်းတိုင်း ရှိသမျှ သံဃာတွေ အပင်တွေ ခုတ်နေကြရတယ်… ကိုယ်ထူကိုယ်ထ လမ်းမှာရှိတဲ့အပင်တွေ လမ်းသွားလို့ရအောင် ရပ်ကွက်က ၀ိုင်းဝန်းခုတ်သင် နေကြရတယ်… ဘုရားဝန်းကို ပိတ်ထားတဲ့ ကျိုက္ကဆံဘုရားကို ကြည့်ဦးမလား အုတ်နံရံတွေက ပြို၊ ဘုရားရင်ပြင်တော်ပေါ်က ခရေပင်ကြီးတွေ အားလုံးလဲ၊ ဘုရားတန်စောင်းတွေမှာ ခေါင်မိုးတွေ မရှိတာက မရှိ၊ သစ်ပင်တွေကြောင့် ပေါက်ပြဲတာက ပေါက်ပြဲလို့၊ တောင်ဘက်ကို ကြည့်ပြန်တော့ ခရေပင်ကြီးတွေက ဆိုင်ခန်းပေါ်လဲတာ ပြားပြားဝပ်၊ မြောက်ဘက်ကျပြန်တော့ စိန်ပန်းပင်၊ ကုက္ကိုလ်ပင်တွေက လဲကျနေတာ ကားလမ်းမှမှာပိတ်လို့…< ဒါနဲ့ ရတနာလမ်းတလျှောက်သွားကြည့်ကြည့်တယ်… တလမ်းလုံးလည်း အပင်တွေဆိုတာလည်း အတုံးအရုံး၊ အိမ်တွေဆိုတာလည်း လူတိုင်း ခေါင်မိုးပေါ်မှာ၊ ထပ်မြင့်တိုက်တွေရဲ့ ခေါင်မိုးမှာ ထောင်ထားတဲ့ စလောင်းဆိုတာ ရိုးတံလေးတွေပဲကျန်ခဲ့တယ်… အပင်တွေ၊ မီးကြိုးတွေကို ကွေ့ပတ်သွားနေကြတဲ့ကားတွေ၊ တချို့က နေလို့မရတော့လို့ တခြားအမျိုးတွေအိမ် ပြောင်းနေကြတယ်၊ ဆိုက်ကား ငှားသွားမလား အောက်မေ့တယ်၊ တစင်းမှမတွေ့၊ တွေ့ပြန်တော့လည်း ဘယ်ဆိုက်ကားကြည့်ကြည့် သွပ်ပြားတွေနဲ့၊ ကားတွေလည်း ကြည့်ဦးမလား၊ ကိုယ်ပိုင်ကားပေါ်လည်း သွပ်ပြား၊ တက္ကစီပေါ်လည်း သွပ်ပြား၊ လမ်းဘေးဓာတ်တိုင်တွေ ဆိုတာကလည်း ကျိုးကျ ဘယ်အငြိုးနဲ့များ တိုက်လိုက်လေသလဲ နှာကစ်ရယ်… လမ်းမှာ အသိတယောက်နဲ့တွေ့တော့ ဘယ်သွားမလို့လည်း မေးကြည့်တော့ သွပ်က တန်းစီဝယ်ရတယ်… သွပ်ရပြန်တော့ သွပ်သံ မရှိလို့ ခုဆယ်ရပ်ကွက်ဈေးသွားကြည့်မလို့တဲ့… သွပ်သံအသံကြားလိုက်တာနဲ့ အုံလာလိုက်တဲ့သူတွေ ဘယ်မှာရလဲ၊ ဘယ်မှာရလဲနဲ့ မီးလေးကလည်း မသိပါဘူးလို့ ပြန်ပြောပြီး ရှေ့ကို ဆက်ထွက်လာလိုက်တယ်… ၉၆၉၃နဲ့ သွားနေတာလေ… မြင်ရက်စရာ မရှိအောင် ပျက်စီးကုန်ရော၊ တချို့ဆို ရပ်ကွက်အသီးသီးမှာ ယာယီပေးထားတဲ့ ဒုက္ခသည်စခန်းမှာ နေကြရတယ်… ဈေးသည်တွေလည်းမရှိ၊ အိမ်ဆိုင်လေးတွေကလည်း တံခါးပိတ်၊ ဖွင့်တဲ့ဆိုင်ကြတော့လည်း အပေါက်ကလေး တပေါက်ပဲဖွင့်ရောင်းတယ် မတိုးနိုင်… အဲနေ့ကဆို တော်တော်များများ ထမင်းငတ်တယ်၊ မီးလေးကတော့ အိမ်မှာဆန်ရှိနေတော့ ထမင်းနဲ့ ရေခဲသေတ္တာထဲရှိတဲ့ ဟင်းရွက်တွေနဲ့ မနေ့က ဟင်းကျန်နဲ့ ဗိုက်ပြည့်ခဲ့ပြီ… မနက်ဖြန်ဆို ဆိုင်တွေဖွင့်မှာ မဟုတ်သေးတော့ ခေါက်ဆွဲထုပ်လေးများ ရလိုရငြားပေါ့… ကံကောင်းထောက်မစွာ ဟင်းရွက်သည် တသည်တွေ့တော့ အပြေးအလွား သွားဝယ်ရတာပေါ့… ဈေးသည်လေးက “ကျွန်မလေ ပြန်တောင်ပြန်ရောက်ပါ့မလားတောင် အောက်မေ့တာ… ဒီလောက်ဖြစ်မယ်မထင်လို့ ခါတိုင်းလို ဈေးသွားကြိုလိုက်တာ ည၁၁နာရီလောက် သီရိမင်္ဂလာဈေးရောက်နေပြီ… မနက်လည်းကျရော မြင်မကောင်းလောက်အောင်ပဲ သွပ်ပြားတွေကြောင့် လည်ပင်းတွေ ပြတ်လို့ပြတ်၊ အိမ်အလုံးလိုက်ကျွတ်ထွက်တာလည်း တွေ့ခဲ့ရတယ်… ကျွန်မတသက် မကြုံဖူးပါဘူး… ဒီတခါပဲ ပြန်မယ်ဆိုပြီး ကားငှားတော့လည်း ဘယ်ကားမှမလိုက်ဘူး… လူကို သေချင်စော်ကိုနံသွားတာပဲ”ဆိုပြီး သူမရဲ့ ပြောဆိုနေတာ ကြားပြီးနောက်မှာတော့ မီးလေးလည်း ဈေးဆစ်မနေတော့ပါဘူး သူမတောင် အသက်ရင်းပြီး ရှားရှားပါးပါးရခဲ့တဲ့ အသီးအနှံတွေကို ကိုယ်လိုချင်သလောက် ယူပြီး သူတောင်းသလောက် ပေးလိုက်ပါတယ်… မီးလေးတို့ ရန်ကုန်မှာ ထိုသို့သော ပျက်စီးခြင်းမျိုး(သို့) သဘာဝဘေးအန္တရာယ်နှင့် ကြုံရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့… သူတပါးနိုင်ငံတွေ ရေကြီးတယ်၊ မုန်တိုင်းတိုက်တယ်၊ ငလျင်လှုပ်တယ်ဆိုတာတွေ ကြားရတိုင်း မီးလေးပြောနေကျ စကားတခွန်း ရှိပါတယ်… မီးလေးတို့နိုင်ငံက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံ၊ အမျိုးဘာသာ သာသနာထွန်းကားတဲ့နိုင်ငံဖြစ်လို့ သဘာဝဘေးအန္တရာယ်တွေကို မခံစားရဘူးလို့ ပြောလေ့ရှိပါတယ်… တိုင်းပြည်တပြည်မှာ ဥတုသုံးပါးဖောက်ပြန်ရင် ဘာဖြစ်လို့ပါလိမ့်… မီးလေးက ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်လို့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တယ်… မိရိုးဖလာ ကိုးကွယ်တာမျိုး မဟုတ်ဘဲ လူမှန်းသိတတ်စ အရွယ်တည်းက ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်တယ်… ဒါကြောင့် ကံ ကံ၏အကျိုးကို ယုံကြည်တယ်… ခုဆို လူတော်တော်များများဟာ အကျင့်သီလတွေ ဖောက်ပြန်လာတယ်… မတရားမှုတွေ များလာတယ်… မကောင်းမှုဒုစရိုက်တွေလည်း များလာတယ်… အကျင့်စာရိတ္တတွေလည်း ပျက်ပြားလာတယ်… ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း၊ လူကြီးမှန်း၊ ဘာမှန်းမသိတဲ့သူတွေ အတော်များလာတယ်… မမှန်ကန်မှုတွေလည်း မှိုလိုပေါက်လာတယ်… ဒါကို သတိထားဆင်ခြင်နိုင်ဖို့ သတိပေးလိုက်တာပဲလို့ ယုံကြည်မိပါတယ်… လူတော်တော်များများလည်း သိပြီးဖြစ်မှာပါ တရုတ်လူမျိုးများကိုးကွယ်တဲ့ ကွမ်ရင်မယ်တော်ရဲ့ နောက်ခံသမိုင်းကို ကြည့်မယ်ဆိုရင် ဘုရားက သတ္တ၀ါတွေကို ကယ်တင်ဖို့ ရဟန်းတော်တပါးကို လူ့ပြည်ကို စေလွှတ်ခဲ့တယ်… ဘယ်လိုကယ်တင်ဖို့လဲ… လူတိုင်း မသိကျိုးကျွံ့ပြုနေတာတွေ သိလာအောင်၊ သတိရှိလာအောင် လမ်းညွှန်ပေးဖို့ပါပဲ… လူ့ပြည်မှာ လူဖြစ်ပြီး အပျိုဖော်ဝင်စအရွယ်မှာ မိန်းကလေးတို့ ဘာသာဘာဝ ချစ်သွေးကြွယ်လို့ ချစ်ခွင့်ပန်တဲ့ သူငယ်အပေါ် စိတ်ကစားမိစဉ်မှာပဲ ကောင်းကင်ကနေ အချိန်အခါမဟုတ် မိုးရွာ၊ မိုးကြိုးတွေပစ်ပြီး သတိပေးခဲ့ပါတယ်… ထိုအချိန်အတွင်းမှာပဲ မြတ်စွာဘုရားခိုင်းတဲ့အလုပ် မေ့တော့မလို့ပါလားဆိုပြီး ဆင်ခြင်နိုင်ခဲ့ တယ်… မြန်မာဘုရင်တွေလက်ထက်မှာလည်း ရှိခဲ့ပါတယ်… ဘုရားလက်ထက်မှာ ဘုရင်က မင်းကျင့်တရား ဖောက်ပြားတယ်၊ တိုင်းသူပြည်သား တွေကလည်း အကျင့်စာရိတ္တတွေပျက်ပြားလို့ မိုးခေါင်ရေရှားခဲ့တယ်… နောက်ဆုံးမှာ ကောင်းကင်ကနေ သိကြားမင်းနဲ့အပေါင်းပါတို့က မုဆိုးနဲ့ အဆမတန်ကြီးမားတဲ့ ခွေးနက်ကြီးယောင်ဖန်ဆင်းပြီး ဆုံးမတော်မူတဲ့ ဇာတ်တော်ရှိပါတယ်… အသေးစိတ်ကိုတော့ ပြန်လည် မဖော်ပြလိုတော့သဖြင့် အသေးစိတ်ဖတ်ရှုချင်ရင် ဘုရားလက်ထက် ငရဲမကြောက်သူများဆိုတဲ့ စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်… ထိုစာအုပ်များကိုလည်း ဘုရားစောင်းတန်းတွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်… အချုပ်အားဖြင့် ဗုဒ္ဓသာသနာထွန်းကားတဲ့ နိုင်ငံပီပီ ရတနာသုံးပါးကို အမြဲမပျက် ကိုးကွယ်ဆည်းကပ်သင့်ပါတယ်… အနည်းဆုံး သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံစွာ စောင့်ထိန်းပါ… အကျင့်သီလမပျက်ပြားရအောင် ထိန်းချုပ်ပါ… ထိုသို့သာ ရတနာသုံးပါးနှင့်တကွ အကျင့်သီလများ ပျက်ပြားခြင်း မရှိခဲ့ပါလျှင် နာဂစ်ဆိုသော မုန်တိုင်းသည်လည်း နှာကစ်ပြီး ၀င်နိုင်ပါမည်လား? အခြားခြားသော မုန်တိုင်းတို့သည် လာနိုင်ပါဦးမည်လား? သတိနဲ့ ဆင်ခြင်သင့်ပါသည် မဟုတ်ပါလား…

မီးလေး ခရီးသွားမှတ်တမ်း - ၂

လမ်းမှာ ရွှေရင်အေးအကြောင်း ပွစိပွစိပြောကြရင်း ကျောက်ဆည်-မန်းကားနဲ့ ကျောက်ဆည်ကို ပြန်လာကြပါတယ်… တလမ်းလုံးလည်း ဟာသတွေပြောရင်းပေါ့… မီးလေးသူငယ်ချင်းက ခရစ်ယာန်လေ… သူတို့ ဘုရားကျောင်းက ၁လသင်တန်းတက်တုန်းက အကြောင်းတွေ ပြောကြရင်း ကားပေါ်မှာ မသိရင် မီးလေးတို့ လေးယောက်ထဲရှိတဲ့အတိုင်းပဲ… ကားကလည်းချောင်တော့ အပြင်လူနှစ်ယောက်လောက်ပဲ ပါတယ်… သူတို့သင်တန်းမှာ အချိန်နဲ့စား၊ အချိန်နဲ့အိပ်ရတယ်တဲ့လေ အချိန်ကျော်သွားရင် ဘာမှမစားရဘူးတဲ့ စားတာမိရင် အပြစ်ပေး ခံရတယ်တဲ့… မီးလေးသူငယ်ချင်းက ဗိုက်ဆာတယ် ထမင်းစားရအောင်ဆိုတော့ ကျန်တဲ့သူတွေကလည်း စားမယ်ဆိုပြီး ထမင်းချိုင့်ထဲ ခိုးယူလာတာ မီးလေးသူငယ်ချင်းအပါအ၀င် လေးယောက်လွတ်သွားပီး ခုနစ်ယောက်မိသွားတယ်တဲ့လေ… မိသွားတဲ့သူတွေကို ဆရာက အပြစ်ပေးတယ်တဲ့… အဲ့အပြစ်ဘယ်လိုပေးတယ်ထင်လဲ… ချီး ပုံး၂၀သွန်ခိုင်းတယ်တဲ့… နင်တို့အပြင် ဘယ်သူပါသေးလဲ မေးတော့ မပါဘူး ဖြေပေးကြတော့ သူတို့လွတ်သွားလို့ တယောက်တပုံးစီ ၀ိုင်းကူပေးလိုက်ကြတယ်တဲ့…

နောက်တခါက တပတ်တခါ အသားဟင်းချက်ကျွေးတယ်တဲ့… အသားဟင်း မစားရတာကြာတော့ သူတို့ကို ကြက်သားဟင်း စားမလားဆို လာမေးတယ်တဲ့… သူတို့ကလည်း ငတ်ငတ်နဲ့စားမယ်ဆို ယူစားကြတယ်တဲ့… မစားရတာပဲ ကြာလို့လား၊ ချက်တဲ့သူပဲ အချက်တော်လို့လားမသိဘူး အတော်စားကောင်းတယ်ဆိုပဲ… နောက်နေ့လည်း မိုးလင်းရော ဆရာက မနေ့ညက ခွေးဘယ်သူသတ်လဲ အသံကြားတယ်ဆိုတော့ ကောင်လေးတွေက ကျွန်တော်တို့သတ်တာပါဆိုပြီး ၀န်ခံကြတယ်တဲ့၊ ဘယ်သူချက်လဲမေးတော့လဲ သူတို့ပဲတဲ့လေ… စားတဲ့သူ ဘယ်သူတွေပါလဲဆိုတော့ အယောက်၂၀လောက်ရှိမယ်တဲ့၊ စားတဲ့သူတွေတော့ တယောက်တချက်စီ ရိုက်ခံရတယ်တဲ့လေ…

မီးလေးသူငယ်ချင်းက အိမ်မှာလည်း လုပ်နေကျမဟုတ်တော့ ဘာမှမလုပ်တတ်ဘူးပေါ့… ဆရာကတံမြက်စည်း လှဲခိုင်းတာ အချိုးမကျလို့ သင်ပေးတယ်တဲ့ သူကလည်း ဆရာသင်ပေးတာကို ကြိုက်တယ်တဲ့… အမှန်က သူသက်သာလို့တဲ့လေ… လှဲခိုင်းပြန်ရင် မဟုတ်ရင် သင်ရင်းနဲ့ အကုန်ပြီးသွားပါရောတဲ့… နောက်ရက်လည်း ထပ်လှဲခိုင်းရော ဆရာ ပြန်သင်ပေးပါဦးလို့ သွားပြောတော့ ဟိုက အကြောင်းသိသွားပြီလေ… ကိုယ့်ဟာကိုယ် ရအောင်လှဲလို့ ပြောသွားတယ်တဲ့… ထမင်းစားချိန်ကျော်တဲ့အချိန်မှာ ဆရာ မုန့်စားခွင့်ရှိ မလားလို့ သွားမေးတော့ မုန့်ဝယ်ကျွေးတယ်တဲ့လေ… နောက်သူတို့ အားလုံးအပြစ်ဆင်ခြင်တဲ့အချိန်မှာ အချိန်ကျော်မှ မုန့်စားလို့ တယောက်တချက်စီရိုက်ပါတယ်တဲ့… သင်တန်းပြီးလို့ ပြန်လာပြီး ၃လလောက်အကြာမှာ သင်တန်းဆရာ အိမ်လာလည်လို့ သူ့အမေက အအေးသွားဝယ်ခိုင်းတာ မတိုက်နိုင်ဘူး ကျွန်တော့ကို သင်တန်းမှာ မုန့်လည်းဝယ်ကျွေးသေးတယ်၊ ရိုက်လည်းရိုက်တယ် ဘာမှ မကျွေးနဲ့လို့ ပြောလိုက်တာ သူ့အမေ ဆရာ့ကို တောင်းပန်လိုက်ရပါလေရောတဲ့…

တလမ်းလုံးစကားတွေများလာပြီး ၂နာရီကျော်လောက်မှာ ကျောက်ဆည်ကို ပြန်ရောက်ပါတယ်… ရန်ကုန်သူပေမဲ့ တုန်းတယ်ဗျာ… တခါမှ မစားဘူးတဲ့ မာလာဟင်းနဲ့ ထမင်းစားပြီး မနက်ဖြန် ဘွဲ့သွားယူရင် ပြင်ဖို့ဆင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ကြပါတယ်… ပြီးတော့ အရမ်းလှတဲ့ သစ်ခွခြံကိုလည်း ရောက်ခဲ့ရပါတယ်… ညပိုင်းရောက်တဲ့အချိန်မှာတော့ မီးဖိုချောင်ထဲ တခါမှ မ၀င်ဘူးတဲ့ မီးလေး လက်စွမ်းပြပါတော့တယ်… အိမ်ရှင်တွေက ကားငှားဖို့၊ ဘာဖို့၊ ညာဖို့ သောကများနေလို့ မီးဖိုချောင်ကို လှည့်မကြည့်နိုင်ပါဘူး… ဘွဲ့သွားယူတာ လိုက်ချင်တဲ့ သူတွေက ၁၅ယောက်လောက်ရှိတော့ ဘွဲ့ယူပြီးရင် မန်းလေးကို လည်ကြမှာဆိုတော့ ၀ယ်စားတာထက် ပျော်ပွဲစားသဘောမျိုးစားကြဖို့ စီစဉ်ရပါတယ်… မီးလေးက ရန်ကုန်က ရခိုင်ခြောက်လေးတွေ ၁ပိဿဝယ်သွားတယ်လေ… အဲငါးခြောက်ကို ငရုတ်သီးအကြမ်းဖတ်နဲ့ ခပ်စပ်စပ်လေးကြော်လိုက်တယ်… အဲနားက ပူတူးဆိုတဲ့ ကောင်လေးက မီးလေးသူငယ်ချင်းအိမ်က ကြက်လေးတွေ မွေးထားတယ်လေ… ဘယ်အချိန်က သတ်လိုက်မှန်းတောင် မသိလိုက်ဘူး ကြက်လာပေးတယ်… မီးဖိုချောင် မ၀င်ဖူးပါဘူးဆိုမှ အခက်ကိုတွေ့ရော ၀ိုင်းကူတဲ့ ကလေးတွေကလည်း မချက်ဘူးတဲ့သူတွေ နောက်တော့ သူငယ်ချင်းတယောက်နဲ့ ပူတူးပဲ ကြက်သား ခုတ်ပေးကြတယ်… ချက်တာတော့ မီးလေးကို ချက်ခိုင်းကြတယ်လေ…

ကိုယ်ကလည်း သိပ်ချက်တတ်တယ်မို့လား… အဲအချိန်မှာ ပြေးသတိရမိတာကတော့ မီးလေးတို့ရဲ့ အိမ်ရှင်မ မမလုလုကိုပါပဲ… တဆက်တည်း ကိုးနတ်ရှင်များရလိုက်ရ ပွဲသိမ်းပီလို့ စိတ်ထဲက ရေရွတ်မိပါတယ်… အဲကြက်ကာလသမီးချက်က ၇နာရီတည်းက တည်ထားတာ ည၁၂နာရီထိုးတဲ့အထိ မနူးသေးဘူးဗျာ… အခက်ကိုတွေ့ရော မနက်ကလည်း ငါးနာရီထရမှာ နောက်မထူးပါဘူး ဒီအတိုင်းသာ ပစ်ထားလိုက်တော့မယ်ဆိုပြီး မီးသွေးတွေထည့်ပြီး အိပ်ယာဝင်လိုက်တယ်… မီးနှစ်ဖိုသုံးလို့ တော်သေးတယ်… ဇာဇာဆိုတဲ့ ကောင်မလေးက စပ်ချဉ်ဟင်းဆိုပြီးချက်ပါတယ်… သူဆီသတ်တဲ့အချိန်မှာ ကြက်သည်းမြစ်တွေနဲ့ အူတွေက ပိုနေတယ် မထူးဘူး ရောချက်လိုက်ဆိုပြီး မီးလေးက နှုတ်နှုတ်စင်းပြီး အိုးထဲပစ်ထည့်လိုက်တယ်… သူက ချဉ်ပေါင်တို့ ငါးပိတို့ ငရုတ်သီးတို့ ထည့်ပြီး ဆူအောင်တည်ထားလိုက်တယ်… လက်စသိမ်းမယ်ဆိုပြီး အိုးတွေဆေးမယ်လုပ်တော့ မီးလေးသူငယ်ချင်းအဖေက သူ့သမီးချဉ်ပေါင် ဟင်းချိုကြိုက်တယ်ဆိုပြီး ချက်ထားတာတဲ့ ဘယ်သူမှမစားဖြစ်တော့ဘူးလေ ဒါနဲ့ မထူးပါဘူးဟာဆိုပြီး ဇာဇာစပ်ချဉ်ဟင်းထဲ ဟင်းချို တအိုးလုံး လောင်းထည့်လိုက်ပါတော့တယ်… မီးလေးတို့ ဟင်းတွေ ကိုယ့်ဘာသာကြည့်ပြီး အကုန်ပြုံးစိပြုံးစိလုပ်နေကြပါတော့တယ်…

မနက်၅နာရီထိုးတော့ မီးလေးထပြီး တအိမ်လုံးကို နှိုးရပါတယ်… အနှိုးရခက်ဆုံးက ဘွဲ့ယူမယ့် သူငယ်ချင်းပါပဲ သူ့နှိုးလိုက်တာ တအိမ်လုံးကို နှိုးပါလေရော… အလှပြင်မယ့်သူက ဇာဇာပါ မီးလေးက အကူပေါ့… ဇာဇာက အလှပြင်ဆိုင်မှာ လုပ်တော့ ပြင်တတ်တယ်… ဆံထုံးတော့ မထုံးတတ်ဘူးတဲ့… မီးလေးတယ်ရင်းကလည်း ဆံပင်တိုတော့ မထုံးတော့ဘူးဆိုပြီး ဒီတိုင်းကို သမလိုက်တာပေါ့… ပြင်ထားတာ အဆင်ပြေတယ်ဆိုပြီး အားလုံးက သဘောကျကြတယ်… မိဘနှစ်ပါးကတော့ ပျော်မဆုံး ပြုံးလို့ပေါ့… မီးလေး အရမ်းအားကျမိပါတယ်… မိရယ်၊ ဖရယ်နဲ့ဘွဲ့ယူခွင့်ရလို့ပေါ့… မီးလေးက ကံကောင်းတဲ့သူ မဟုတ်ပါဘူး… မီးလေး ဘွဲ့ယူမှ မဟုတ်ပါဘူး မူလတန်းမှာ ဆုရတိုင်း မီးလေးအဖေ မလိုက်နိုင်ခဲ့ပါဘူး… မီးလေးအဖေက မီးလေးငယ်ငယ်တည်းက ဆုံးသွားလို့ပါပဲ… ဒါကြောင့် မိစုံဖစုံနေရတဲ့ သူတွေကိုတွေ့ရင် အရမ်းအားကျခဲ့ရပါတယ်… မီးလေးတို့လည်း ၀ဋ်ကြွေးရှိလို့နေမှာပါ… ရတနာသုံးပါးကို ဦးထိပ်ထားတယ်တဲ့အတွက် ၀ဋ်ကြွေးတွေ ရှိနေဦးမယ်ဆိုရင် ဒီဘ၀မှာပဲ အပြီးဆပ်နိုင်ပါစေလို့ ဘုရားမှာ အမြဲဆုတောင်းမိပါတယ်…

ဒီလိုနဲ့ မီးလေးတို့ ကျောက်ဆည်ကနေ မန်းလေးကို ၇နာရီခွဲကျော်ကျော်မှာ ထွက်လာကြပါတယ်… ကားသမားက နောက်ကျနေလို့ ကားကို တလမ်းလုံးအမြန်မောင်းပေးပါတယ်… ကားပေါ်မှာ အားလုံး ၁၇ယောက်ပါတယ်… မန်းဘွဲ့နှင်းသဘင်ရှေ့ကို ၈နာရီခွဲမှာ ရောက်ပါတယ်… မီးလေးသူငယ်ချင်းက မီးလေးကို နှုတ်ခမ်းနီ ပြန်ဆိုးပေးပါဦးလို့ပြောတော့ နှုတ်ခမ်းနီဘူးက ဒါဇင်လိုက်ပါတာဆိုတော့ ဇာဇာကို ဒီအရောင်လားဆိုတော့ သူကလည်း ဟုတ်တယ်တဲ့ ဒါနဲ့မီးလေးလည်း ဆိုးပေးလိုက်တယ်… ဆိုးပြီးပြီးချင်းပဲ အေ ရာင်မှားသွားပြီ ဆိုတာသိလိုက်တယ်… ဒါပေမဲ့ အချိန်က မရတော့ဘူး ထားလိုက်တော့ဆိုပြီး ဒီအတိုင်းပဲ ၀င်ခိုင်းလိုက်တယ်… ကင်မရာပါပြီး ရိုက်ခွင့်မရလို့ မရိုက်ခဲ့ရပါဘူး… ကြုံ မကြုံဖူးပေါင် ကိုယ်ပိုင်ကင်မရာများ လုံးဝယူဆောင်ခွင့်မပြုဆိုပြီး ၀င်းထိပ်မှာ ကပ်ထားတာ… ယူခွင့်ပြုလိုက်ရင် ဓာတ်ပုံဆရာတွေ ထမင်းငတ်မှာဆိုးလို့ထင်ပါရဲ့… ဒီကြားထဲမှာ cream-up ဘူးပါလားဆိုတော့ ကိုယ်ကလည်း မကူညီရရင် မနေနိုင်တဲ့သူ cream-upရိုက်ဖို့မှတ်လို့ ဒိုယူးလေးထုတ်ပေးလိုက်တယ်… ပေးမိကာမှ ငါးပါးမှုတ်ဘူး၊ သံဃာစင်ပါမှောက်လေခြင်း၊ ကျေးဇူးရှင်မမက ပဲပေးပြီး ဗွီဒီယိုရိုက်ဖို့ ငှားတာ နည်းနည်းဟန်ဆိုတော်ရောပေါ့ ဘယ်ပြောင်းလိုက်၊ ညာပြောင်းလိုက်၊ ပြီးပြီလားဆိုတော့ မပြီးသေးဘူး နေရာတောင် ပြောင်းရိုက်သေး။ ကိုယ်ကလည်း သွားချင်နေပြီ အချိန်က ကပ်နေပြီ၊ မီးလေးက ဘွဲ့ယူပြီးသားဆိုတော့ သူတို့ကလည်း ကိုယ့်ပဲအကုန်လွဲထားတယ် ထိုင်ခုံပို ၀ယ်ဖို့လည်း ကိုယ့်ပဲစီစဉ်ခိုင်းထားတော့ ဒုက္ခရောက်ပြီ… ကျန်တဲ့သူတွေမှာထားခဲ့ရအောင်လည်း ဘယ်အမြီးဖမ်းရမှန်းမသိ… ဘွဲ့ရမောင်မယ်တွေ ခန်းမထဲဝင်ဖို့ ခေါ်နေပြီ ပဲမမက မပြီးသေးဘူး… တောင်းပြန်လည်း တွန့်တိုရာကျမယ်… တောင်းရအောင်လည်း အားနာနဲ့… ရွစိရွစိကို ဖြစ်နေရောပဲ…

ပဲမမက ဒါတောင်ပေးချင်ပုံပေါ်ဘူး… ယူပြီးသွားတော့မလို့ အားနာနာနဲ့ပဲ ပြီးရင် ညီမပြန်ယူသွားတော့မယ်နော်ပြောမှ ပြန်ပေးခဲ့တယ်… ကိုယ်က ရန်ကုန်ပဲကျွမ်းတာ၊ သူတို့အထာလည်း မသိတော့ ဟိုမေး၊ ဒီမေးပေါ့ နောက်တော့ ခုံဝယ်ချင်ရင် သူတို့သွားမေးပေးမယ်ဆိုပြီး ဓာတ်ပုံဆရာတယောက်က သွားမေးပေးတယ်… ၀ယ်လို့ရတယ် တစောင်သုံးထောင်တဲ့… ရန်ကုန်မှာက တခုံ၅၀၀တောင် ၀ယ်မဲ့သူ မရှိလို့ နှစ်ထောင်ဖိုး ငါးစောင်အော်ရောင်းနေတာ… မီးလေးတယ်ရင်းကလည်း မီးလေးတို့ သူငယ်ချင်းနှစ်ယောက်ကို လိုက်စေ ချင်တယ်… သူ့အဒေါ်ကလည်း လိုက်ရမယ် သုံးစောင်ဆိုတော့ ကိုးထောင် တော်ပြီ တယ်ရင်း မီးလေးတို့က ကိစ္စမရှိဘူး နင့်အဒေါ်သာ ခေါ်သွားဆိုပြီး တစောင်ဝယ်ပေးလိုက်တယ်… ကားဆရာက ထိုင်စောင့်နေရမယ့်အတူတူ သူတို့ဘွဲ့ယူနေတဲ့အချိန် မန်းတောင်နဲ့ တိရစ္ဆာန်ဥယျာဉ်လိုက်ပို့ပေးမယ် ၁၁နာရီခွဲအမီ ပြန်လာမယ်လို့ပြောပါတယ်… ဒါနဲ့ မီးလေးတို့တွေ ခြေစင်္ကြာ လှည့်ခဲ့ကြပါတော့တယ်…

Wednesday, April 30, 2008

သူငယ်ချင်းများအတွက် လောင်ဆက်...

သူငယ်ချင်းတွေအတွက် ပါလာတဲ့လက်ဆောင်နော် မလုကြနဲ့နော်... ဖြည်းဖြည်းယူကြ

ဆရာကြီး မင်းသိင်္ခ ကပ်ကင်းရိုက်ထားတဲ့ အဆောင်တဲ့ဗျား ကြိုက်တဲ့အကောင်သာ ယူသွားကြတော့...
နောက်တခုကတော့ ဘလော့ဂ်ဂါ မမတွေအကြိုက် ခရုဆွဲကြိုးလေးတွေ တင်ပေးမလို့ပဲ ရှိသေးတယ် ကိုးနတ်ရှင်က မိုးမိနေတယ် ထင်ပါရဲ့ နှာစေးချောင်းဆိုးဖြစ်နေလို့ နောက်နေ့မှ ဆက်တင်ပေးမယ်နော်...

လာပြီ မမတွေအတွက် ခရုဆွဲကြိုး


နောက်တခုက ကိုကို မမတွေအတွက် ဟန်းချိန်းနဲ့ ကီးချိန်းလှလှလေးတွေ...

ဒါကတော့ ဘလော့ဂ်ဂါ မမတွေအတွက်...

တယ်ရင်းတွေအတွက် လတ်လတ်ဆတဆတ် သင်္ဘောသီးတွေ... ထိုးဆေး၊ ဓာတ်မြေသြဇာ ဘာမှသုံးထားဘူးရှင့်... ကြိုက်သလောက်ခူး....

မီးလေးတောင် နှစ်လုံးခူးထားသေး...

ဒါက ဇရပ်ဖြူမှာ ညစာဖိတ်လို့ သွားစားရင်းနဲ့ အလှူအောင်ပွဲ ပွဲရှိတယ်ဆိုလို့ သွားကြည့်ရင်းက တယ်ရင်းတွေ သတိရလို့ ရိုက်လာတဲ့ မုန့်မုန့်....

အ၀သာစား မလောက်ရင် ထပ်ကြော်ခိုင်းလိုက်မယ်...

မီးလေး ခရီးသွားမှတ်တမ်း - ၁

မီးလေး ၂၇ရက်နေ့ ည ၁၀နာရီ၁၅မိနစ်မှာ ရန်ကုန်ဘူတာကြီးကို ဆိုက်ရောက်၍ ရန်ကုန်ရွှေမြို့တော်ကြီးကို ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ… ခရီးစဉ်တလျှောက် ပျော်စရာများ၊ စိတ်ညစ်စရာများအား အပိုင်းလိုက် ဖော်ပြပေးသွားမည် ဆိုသည့်အကြောင်း အသိပေးလိုက်ပါတယ်… မီးလေးရဲ့ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း ဘလော့ဂ်ဂါများအတွက် လက်ဆောင်တွေနဲ့ မုန့်တွေပါလာတယ်… ကိုးနတ်ရှင် ကောင်းရင်တော့ အမြန်ဆုံး တင်ပေးမယ်နော်… ကိုးနတ်ရှင်ကောင်းဖို့ ၀ိုင်းဆုတောင်းပေးကြပါဦး…

မတ်လ ၃၀ရက်နေ့ ညနေ ၅နာရီမှာ နယူးမန္တလာထွန်း- ရန်ကုန် မန္တလေးကားနဲ့ ရန်ကုန်ရွှေမြို့တော်ကို လက်ပြနှုတ်ဆက်ရင်း ကျောက်ဆည်မြို့ကို ထွက်ခွာခဲ့ကြပါတယ်… မိုးတွေကြားထဲမှာ ပဲခူးမြို့ကို ဖြတ်ခဲ့ကြပါတယ်… ပဲခူးမှာပဲ ကျန်းမာရေးအတွက် ၁၅မိနစ်နားခဲ့ကြပါတယ်… ထိုမှတဆင့် ခရီးဆက်လက် ထွက်ခွာလာခဲ့ကြပါတယ်… တလမ်းလုံး ဗွီဒီယို ကြည့်လိုက်၊ အမ်ပီသရီးနားထောင်လိုက်၊ အိပ်လိုက်၊ ညအလှတွေ ခံစားရင်းနဲ့ လယ်ဝေးကို ည၁၂နာရီအကျော်လေးမှာ ရောက်သွားပါတယ်… ထုံးစံအတိုင်း နေပြည်တော် ၀င်ကာနီးမှာ မှတ်ပုံတင်နဲ့ လူနဲ့ စစ်ဆေးပါတယ်… ကားပေါ်မှာ ပါလာသမျှ ခရီးသည်တွေအားလုံးကို ဆင်းခိုင်းပါတယ်… ကလေးအိပ်ပျော်နေလို့ ဆင်းရခက်တဲ့ ကလေးအမေတယောက်ကို ကြည့်ရတာ စိတ်မသက်သာလို့ မီးလေးလျှာဝင်ရှည်လိုက်သေးရဲ့… ကလေးအမေတွေမဆင်းလည်းရတယ် မဆင်းနဲ့လို့လေ… သိလို့တော့ မဟုတ်ပါဘူး… ဟိုတခေါက် ရွှေမန်းသူနဲ့သွားတုန်းက ကလေးအမေကလွဲလို့ အားလုံးဆင်းဖို့ ပြောတာကြုံဘူးလို့ပါ… ဒါပေသိ ကားဆရာတော်ပါတယ် ကားမီးမှိတ်ပြီး ဂိတ်ကို ဖြတ်ပေးပါတယ်… အချို့ကားတွေ မီးမပိတ်ထားလို့ ကားပေါ်ကျန်တဲ့သူတွေကို ဆင်းခိုင်းပါတယ်… ကားပေါ်ပြန်တက်လာတော့ ကလေးအမေက ကျေးဇူးတွေတင်လို့…

ကားပေါ်မှာ လူစုံပေမဲ့ ကားကအတော်နဲ့ မထွက်နိုင်သေးပါဘူး… ဘာလို့လည်းပေါ့ နောက်တော့မှ သိလိုက်တာက လမ်းတ၀က်ကတက်လိုက်လာတဲ့ ကုလားလင်မယားနှစ်ယောက် မှတ်ပုံတင်မပါလာလို့ အဲလင်မယားနှစ်ယောက်နဲ့ ကားစပါယ်ယာနဲ့ ဂိတ်မှာခေါ်ထားပြီး ဘာတွေ ရှုပ်နေတယ်တော့ မသိပါဘူး မိနစ်၂၀ လောက်စောင့်နေလိုက်ရတယ်… သူတို့ပြန်တက်လာတော့မှ ခရီးအစဉ်ကို ဆက်လက် ထွက်ခွာခဲ့ပါတယ်… အဲဒီ့လင်မယားနှစ်ယောက် မီးလေးတို့ခုံဘေးက အလယ်ခုံမှာ တယောက်၊ ရှေ့အလယ်ခုံမှာ တယောက် ထိုင်ကြပါတယ်… ထိုင်တာ ပြဿနာမဟုတ်ပေမဲ့ အနံ့တခုကြောင့် အတော်မွန်းကြပ်ခဲ့ရပါတယ်… အဲအနံ့ကတော့ ကွမ်းယာနံ့ပဲ ဖြစ်ပါတယ်… စားလိုက်တဲ့ကွမ်းကလည်း ပြောမပြောချင်တော့ပါဘူး… မီးလေးက အနံ့တွေ allergicရှိလို့ အသက်တောင် မနည်းဝအောင်ရှုနေရတယ်… တော်သေးတယ် အိပ်ပျော်သွားလို့ သက်သာတာ… နို့မို့ဆို မတွေးဝံ့တော့ဘူး…


လမ်းမှာ နှစ်ခါထပ်နားပြီးလို့ ၆နာရီ ၅၀လောက်မှာတော့ ကျောက်ဆည်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို ဖြတ်လာပြီး မြို့ထဲကို ၀င်လာခဲ့ပြီး ၇နာရီ ၁၀မိနစ်မှာရောက်ရှိခဲ့ပါတယ်… မန္တလေးကားတွေထဲမှာ အစောဆုံးနဲ့ ပထမဦးဆုံး ၀င်ခဲ့တာ အဲယားကွန်းကလည်း တလမ်းလုံးအေးလို့ အတော့်ကို အဆင်ပြေခဲ့လို့ အပြန်အထွက် ဘိုကင်ပေးခိုင်းလိုက်ပါတယ်… ကားစပါယ်ယာက သူတို့လှမ်းဆက်ပေးမယ် ဒါပေမဲ့ လက်မှတ်တော့ ညနေသွားဖြတ်ဖို့ ပြောပါတယ်… ကားပေါ်ကဆင်းလာတဲ့အခါ တည်းမဲ့သူငယ်ချင်းအိမ်က သူ့အမေလာကြိုတာကို တွေ့လိုက် ရပါတယ်… သူတို့က ၀မ်းသာအားရနဲ့ နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်… မီးလေးတို့ မနက်ပိုင်းနားပြီး ညနေပိုင်းမှာ ကျောက်ဆည် ရွှေသာလျောင်းတောင် တက်မယ်ဆိုပြီး Plan ဆွဲထားတာ နေ့လည်ပိုင်းလောက်မှာပဲ ကိုရွှေမိုးက မီးလေးတို့ သူငယ်ချင်းတွေကို ကြိုဆိုလိုက်တာ ညနေထိ မိုးမတိတ်လို့ အိပ်ယာထဲမှာပဲ တနေကုန် ဇိမ်ခံနေလိုက်ကြပါတယ်… ဒါနဲ့ပဲ ဧပရယ်ဖူးဒေးလ်ကို ကျော်ဖြတ်ခဲ့ရပါတယ်… ဧပရယ်ဖူးဒေးလ်ကို ဘလော့ဂ်ဂါမောင်နှမ သူငယ်ချင်းတွေကို မစလိုက်ရဘူး… နောက်နှစ်မှပဲ ဧပရယ်ဖူးလ်လုပ်တော့မယ်…

ဒုတိယနေ့မှာတော့ မီးလေးသူငယ်ချင်းက မန္တလေးမှာ ဘွဲ့ယူသွားမှာမို့ ကျောက်ဆည်ခဏပြန်ရင်း စင်္ကာပူသွားတော့မှာမို့ မိသားစုတွေ နှုတ်ဆက်ဖို့ ပြန်တာမို့ မန္တလေးကို ဘွဲ့ဝတ်စုံထုတ်ဖို့ မန်းကို တက်ခဲ့ကြပါတယ်… ကျောက်ဆည်-မန်းကားက ဓာတ်ငွေ့ဖြည့်ဖို့ စီအန်လ်ဂျီဆိုင်မှာ တန်းစီလိုက်ပါတယ်… ဒါပေမဲ့ ကားက ရှေ့လည်းမတိုး နောက်လည်းမဆုတ် နောက်တော့မှ ဆိုင်တံခါးပိတ်ထားတာ တွေ့တယ်… ဆိုင်ပိတ်ထားတာ ဘာလို့တန်းစီစောင့်နေတာလဲပေါ့… နာရီဝက်လောက်ကြာတော့ စိတ်မရှည်တော့လို့ ဂိတ်ကို သွားမေးလိုက်တော့မှ တရားခံတွေ့တော့တယ်… ဂက်စ်မရှိလို့ ဖြည့်နေတာ မရသေးဘူးတဲ့… ရတော့ ရတော့မယ် အမတို့ကားအထိဆို မိနစ်၂၀လောက်ပဲ စောင့်ရတော့မှာပါတဲ့… အင်း သူတို့လက်ထဲမှာပဲဆိုတော့ စောင့်ရတော့တာပေါ့… တော်သေးတယ် ခဏနေတော့ ဆိုင်ဖွင့်ပြီး တန်းစီထားတဲ့ ကားတွေကို ဖြည့်ပေးရင်း တဖြည်းဖြည်း မီးလေးတို့ ကားအလှည့် ရောက်လာပါတော့တယ်… သြော် စီအန်လ်ဂျီ ဒုက္ခ xxx

လမ်းမှာ နိုင်ငံခြားသားဧည့်သည်တွေက ဓာတ်ပုံရိုက်ဖို့ပြောလာတာနဲ့ တပျော်တပါး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်… မတတ်တခေါက် စပိကင်လေးနဲ့ မိတ်ဆက်ကြပါတယ်… အရမ်းခင်ဖို့ကောင်းတဲ့ ရုရှားအမျိုးသားပြတိုက်မှ နိုင်ငံခြားသားများကို နှုတ်ဆက်ရင်း မန်းဘွဲ့နှင်းသဘင်ကို လျှောက်လာခဲ့ကြပါတယ်… ဘွဲ့နှင်းသဘင်ဘေးက လမ်းကို ၀င်ဝင်ချင်းမှာပဲ ၀တ်စုံသွားထုတ် မယ်ဆိုရင် ကျောင်းသားတွေ တအားကြပ်လို့ တိုးနိုင်မှာမဟုတ်ဘူး… ချလံပေးခဲ့ ညနေကျရင်လာယူ သူတို့ယူထားပေးမယ်ဆိုပြီး ၀ိုင်းပြောလိုက်ကြတာ နောက်ဆုံး ကျွန်မတို့က ခုပြန်ရမှာမို့ ကိုယ်ဘာသာပဲ သွားယူလိုက်တော့မယ်လို့ ပြောတော့ သွားယူ… သွားယူ… ဒီလောက်လူတွေအများကြီးကိုဆိုပြီး ဆောင့်အောင့်ပြီး ပြောဆို ကျန်ခဲ့ကြလေရဲ့… မီးလေးတို့လည်း မကြားချင်ယောင်ဆောင်ပြီး ထွက်လာခဲ့ကြပါတော့တယ်… ၀တ်စုံထုတ်တဲ့နေရာကို ရောက်လာချိန်မှာတော့ သူတို့ပြောသလောက်လည်း လူမကြပ်ပါဘူး… လူတွေကို ရှင်းလို့ သြော် ဒုက္ခ ဒုက္ခ…

ဒီလိုနဲ့ ဟိုနားသွားလိုက် ဒီနားသွားလိုက် ဟိုနား ပိုက်ဆံသွင်းလိုက် ဒီနားပိုက်ဆံသွင်းလိုက်နဲ့ စားပွဲခုံပေါင်းများစွာကို ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်ရင်း ဘွဲ့ဝတ်စုံရခဲ့ပါတယ်… ရန်ကုန်နဲ့ ကွာခြားချက်တွေကတော့ ဘွဲ့ဝတ်စုံကို တရက်ကြိုပြီးသာ ထုတ်ပေးခြင်း၊ ရီလ်ဟာဆယ် တက်မယူ၍ရခြင်း၊ ရီလ်ဟာဆယ် ရန်ကုန်မှာ တက်ယူရတယ်ဆိုတာ ကားဝင်လက်မှတ်၊ မိဘတွေအတွက် ထိုင်ခုံလက်မှတ်၊ ကျောင်းသာထိုင်ရမယ့် ခုံလက်မှတ်တွေ ပေးတာမို့ ယူကြရပါတယ်… မန်းမှာကြတော့ ဘွဲ့ဝတ်စုံရယ်၊ ကားဝင်လက်မှတ်၊ မိဘတွေအတွက် ထိုင်ခုံလက်မှတ်၊ ကျောင်းသာထိုင်ရမယ့် ခုံလက်မှတ်တွေကို သီးသန့် ထုတ်ပေးခြင်းကြောင့်ပဲ ဖြစ်ပါတယ်…

ပြန်ထွက်လာချိန်မှာတော့ မန်းရဲ့ ရက်စက်လှတဲ့ နေပူဒဏ်၊ လေပူဒဏ်ကြောင့် တကိုယ်လုံးချွေးတွေနဲ့ ရေငတ်လို့နေပါတယ်… ဒါနဲ့ပဲ ဘွဲ့နှင်းသဘင်ရှေ့ လမ်းတဘက်ခြမ်းက ဆိုင်တဆိုင်ကို ၀င်ထိုင်လိုက်ကြပါတယ်… မီးလေးရယ်၊ မီးလေးသူငယ်ချင်းရယ်၊ သူမရဲ့အမေရယ် သုံးယောက်က ရွှေရင်အေး အေးအေးလေးသုံးခွက်နဲ့၊ နောက်သူငယ်ချင်းတယောက်က မြီးရှည်မှာလိုက်ကြပါတယ်… ရွှေရင်အေး အရင်လာချပေးပါတယ်… ကြည့်လိုက်တော့ မုန့်လက်ဆောင်းဖက်တောင်မပါ တပန်းကန်လုံး အုန်းနို့ရည်နဲ့ ရေခဲချဉ်းပဲ… ကျောက်ကျောလေး သုံးတုံးလောက်နဲ့ နောက်ပန်းရောင် ဘာခေါ်လည်းတော့ မသိဘူး အဲဒါလေးနည်းနည်းနဲ့ အုန်းသီးနဲ့… မီးလေးကလည်း ဂျီးထူထူနဲ့ဆိုတော့ ဒါလား ရွှေရင်အေးပေါ့ မြီးရှည်မှာတဲ့ သူငယ်ချင်းက ပေါင်မုန့်ထည့်ဖို့ သူတို့မေ့နေလား မသိဘူးတဲ့… မီးလေးတို့လည်း ရေဆာဆာ၊ နေပူပူနဲ့ ရေခဲတုံးတွေပဲ တကျွတ်ကျွတ် ၀ါးလိုက်တာပေါ့… အားလုံးစားသောက်ပြီးလို့ ရှင်းမယ်ဆိုပြီး ခေါ်လိုက်ပါတယ်…

ရွှေရင်အေး သုံးခွက်က နှစ်ထောင့်တစ်ရာ မြီးရှည်က ငါးရာ အားလုံး နှစ်ထောင့်ခြောက်ရာတဲ့… ဒါနဲ့ မီးလေးလည်း မနေနိုင်တော့ဘူး ထပြောဖြစ်ကော… မြီးရှည်က အများကြီးလည်းရတယ် ဒါကျ ငါးရာပဲကျပြီး ရွှေရင်အေး ဘာမှမပါတာကျတော့ ခုနစ်ရာဟုတ်လားလို့လည်း ပြောလိုက်ရော မီးလေး သူငယ်ချင်းက“အေးလေ… ပေါင်မုန့်လည်း မပါဘူး”လို့ ၀င်ပြောတယ်… ကျေးဇူးရှင်က ဘာပြန်ပြောတယ်ဟုတ် ပေါင်မုန့်က ရွှေရင်အေးမှာ မထည့်ရဘူး… မုန့်လက်ဆောင်းတို့၊ ရေခဲသုပ်တို့မှာမှ ထည့်တာတဲ့လေ… “ထားပါတော့ ပေါင်မုန့်မပါရင်တောင် တခြားနည်းနည်းပါးပါးတော့ ပါသင့်တာပေါ့” လို့ပြောတော့ သူတို့ ရွှေရင်အေးက သူများနဲ့မတူဘူး အုန်းနို့နဲ့လုပ်ထားတာ အုန်းနို့က ဈေးကြီးတယ်တဲ့… “အမ်… ဘယ်လို ဘယ်လို ရွှေရင်အေးကို အုန်းနို့နဲ့ မသောက်လို့ ဘာနဲ့သောက်ရမှာလဲ”မေးပြီး ဆက်မပြောချင်တော့လို့ အောင့်သီးအောင့်သက်နဲ့ ပိုက်ဆံရှင်းပြီး ပြန်လာခဲ့တော့တယ်… ထားပါတော့ အုန်းနို့ဈေးကြီးလည်း တခြားဟာပါရင် တော်သေး… ပါတော့ပါပါရဲ့ ရေခဲတုံးတွေချည်း… ရန်ကုန်မြို့ထဲ ဗိုလ်ချုပ်ဈေးနားမှာ သောက်ရင်တောင် မုန့်လက်ဆောင်း၊ ကျောက်ကျော၊ သာကူ၊ ကောက်ညှင်း၊ အုန်းနို့၊ အုန်းသီး၊ ကျောက်ကျောရောင်စုံ၊ ပေါင်မုန့် အားလုံးပါတာမှ ငါးရာပဲ ပေးရတာ… တခြား မြို့နယ်တွေထဲမှာတောင် နှစ်ရာ၊ သုံးရာပဲ ပေးရတယ်…အုန်းနို့ ဈေးကြီးတဲ့အကြောင်းနောက်မှ ဆက်ပြောပြမယ်… မန်းက အသိတွေပြောပြတော့ နင်တို့ကို နှပ်လိုက်တာတဲ့၊ ငါတို့ လာမခေါ်လို့ဖြစ်တာဆိုပြီး ၀ိုင်းနောက်ကြပါရောလား…

မီးလေးတို့လည်း အနှပ်ခံရတောင်နည်းသေးတယ်… မီးလေးတို့ လူတိုင်း ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဈေးမေးပြီးမှ ၀ယ်တတ်ကျပါတယ်… လူတိုင်း တခုကို ၀ယ်ရင်တော့ ဈေးမမေးကြပါဘူး… အဲဒါဘာလဲဆိုတော့ စားသောက်တဲ့ ကိစ္စမှာပါပဲ… ဈေးနှုန်းရေးထားတဲ့ ဆိုင်တွေမှာသာ ဘယ်ဟာ ဘယ်ဈေးဆိုပြီး ရေးထားတာတွေ့လို့ ကို့ပါတဲ့ ပိုက်ဆံနဲ့ ချိန်ပြီး သင့်တော်ရာ မှာစားကြပါတယ်… မရေးထားတဲ့ ဆိုင်တွေဆို မှာချင်တာမှာပြီး စားပြီးမှသာ ဘယ်လောက်ကျလဲ မေးတတ်လေ့ ရှိကြပါတယ်… မနက်မိုးလင်းလို့ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက်တာနဲ့ ကိုယ်ကြိုက်တာမှာပြီး စားပြီးမှ မတန်လိုက်တာဆိုပြီး ပြောကြတဲ့ အသံမကြာခဏဆိုသလို ကြားနေရပါတယ်… စားပြီး မတန်ရတာမျိုး မဖြစ်ရအောင် ဈေးမေးပြီးမှ စားသင့်ပါကြောင်း ပြောကြားရင်း ပထမပိုင်းကို ဒီမှာတင် ရပ်နားလိုက်ပါတယ်… လက်ဆောင်တွေကိုလည်း အချိန်ရရင် ရသလို တင်ထားပေးပါမယ်နော်… အမှားပါရင်လည်း ခွင့်လွတ်ပေးကြပါလို့… အထူးသဖြင့် မန်းသူ/သားများ အားလုံးကို ကြိုတင်ပြီး တောင်းပန်ပါရစေ… မီးလေးကြုံခဲ့ရတာတွေ တင်ပြခြင်းဖြစ်၍ နားလည်ခွင့်လွတ်ပေးကြပါနော်…


Thursday, April 17, 2008

မင်္ဂလာနှစ်သစ်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ သာယာအေးချမ်းပြီး ကျန်းမာချမ်းသာ၊ လိုရာဆန္ဒအအ၀၀ ပြည့်စုံနိုင်ကြပါစေ...

မီးလေးက ခရီးဆက်နေတုန်းနော်၊ အိမ်ပြန်အရောက်သေးဝူး..ဟီးဟီး
ပြန်ရောက်မှ post တွေ အတိုးချပြီး တင်တော့မယ်နော်..
လာအားပေးကြဦးနော်..

မီးလေးအားလုံးကို သတိရနေပါတယ်...