Pages

Friday, December 12, 2008

အနောက်ရပ်က ထွက်တဲ့နေ... အပိုင်း ၃

ကျွန်မတို့ ထမင်းစားပြီးတော့ မတွေ့ရတာကြာပီဖြစ်တဲ့ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် စကားတွေ ဖောင်ဖွဲ့ နေကြတာပေါ့... စကားပြောရတာ မောလွန်းလို့ ထင်ပါရဲ့ ကျွန်မလည်း ဘယ်အချိန်က အိပ်ပျော်သွားမှန်း မသိဘူး... ကျွန်မနိုးလာတော့ ပြာလဲ့က ကျွန်မ ဘေးမှာ အိပ်မောကျလျက်...

“ဆည်းဆာ ပြာလဲ့ တော်တော် အိပ်ပျော်သွားတယ် ထင်တယ်... ဆည်းဆာတောင် ရေချိုးပြီးပြီ...”
“ကိုယ်လည်း အိပ်ပျော်သွားတယ်ကွ... မင်းလည်း ရေသွားချိုးလိုက်လေ မေမေတို့ ပြန်လာရင် ကိုယ်တို့ ဆေးခန်းသွားရအောင်...”
“ပြာလဲ့ သူငယ်ချင်း...”
“အားတင်းထားပါနော်... နည်းနည်းလေးမှ စိတ်ဓာတ်မကျမိစေနဲ့... ပြီးတော့မင်းရဲ့ အဖြေမှာ Negative ဆိုရင်တော့ နောက်သုံးလ နေရင် တခါပြန်စစ်ရမယ် သူငယ်ချင်း... ဘာလို့လည်း ဆိုတော့ မင်းကောင်လေးနဲ့ နောက်ဆုံး အတူနေခဲ့တာ သုံးလကျော်လောက်ကဆိုတော့ ရောဂါပိုး ကူးစက်ခံရရင် သွေးစစ်တဲ့အခါ ပေါ်ချင်မှ ပေါ်ဦးမယ် သူငယ်ချင်း... ရောဂါပိုး ကူးစက်ခံရပြီး ၃လကနေ ၆လအတွင်း ရောဂါပိုး ရှိ၊ မရှိပေါ်တာဆိုတော့ Negative ပေါ်ခဲ့ရင် ထပ်စစ်ဖို့ လိုလိမ့်မယ်... ခုစစ်လို့ ပိုးတွေ့တယ် ဆိုရင်လည်း ကြိုတင်ပြီး ကာကွယ်မှုတွေ လုပ်နိုင်တယ်လေ...”

“ဆည်းဆာ”
“ဟေ ပြောလေ သူငယ်ချင်း”
“ပြာလဲ့ နည်းနည်းတော့ ကြောက်တယ်ကွာ”
“ဟင်... ဘာကိုကြောက်တာလည်းကွ”
“ပြာလဲ့ သွေးစစ်တဲ့အခါကျရင် သူတို့တွေက ပြာလဲ့အဖြေကို သိကြမှာလေ... အဖြေရွေးတဲ့အခါ ပြာလဲ့ကို သူတို့ဝိုင်းကြည့်ရင် ပြာလဲ့ အဲ့ဒီအကြည့်တွေကို နည်းနည်းတော့ ကြောက်မိတာ အမှန်ပဲ”

ပြာလဲ့ ကြောက်မယ်ဆိုတာ ကိုနားလည်ပါတယ်... ကိုယ်မင်းကို ပြောဖို့ တခုလိုသွားတယ်ကွ... ကိုယ်တို့ ခုသွားမှာက ပုဂ္ဂလိက ဆေးခန်းလေ... ကိုယ်တို့သွားမယ့် ဆေးခန်းက HIV ပိုးစစ်တဲ့ လူနာတိုင်းကို ကောင်လ်ဆယ်လင်း လုပ်ပေးတယ်... ပြီးတော့ လူနာတွေဘက်ကို secure လုပ်ပေးတဲ့အနေနဲ့ သွေးစစ်တာ ဘယ်သူဘယ်ဝါ မသိရအောင် သွေးစစ်တဲ့အခါ နာမည်ကို မသုံးဘဲ နာမည်အစား ကုဒ်နံပါတ်ကိုသာ အသုံးပြုပြီး စစ်ပေးတယ်... ဒါကြောင့် ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး... နောက်ပြီး အဖြေရွေးတဲ့အခါကျရင်လည်း ကောင်လ်ဆယ်လင်း ၀င်ထားတဲ့ လူနာဆိုရင် ကိုယ်တိုင်လာယူမှ ထုတ်ပေးတယ်... အရင်ကဆိုရင် ကုဒ်နံပါတ်နဲ့ စစ်ပေးတဲ့ စနစ်ကို NGO အဖွဲ့အစည်းတွေက ဖွင့်တဲ့ ဆေးခန်းတွေမှာသာ အသုံးပြုကြတယ်... နောက်ပိုင်းမှာ အဲဒီ့ဆေးခန်းကို လာရင် ဒီရောဂါသည်တွေပဲ ဆိုပြီး ပတ်ဝန်းကျင်က မေးငေါ့ကြလို့ ဘယ်သူ့မှ မသွားချင်ကြဘူး... ပိုက်ဆံမရှိလို့ ခက်ခဲနေတဲ့ ဝေဒနာသည်တွေသာ သွားကြပြီး ပိုက်ဆံရှိတဲ့သူတွေကတော့ အထူးကုဆေးခန်းတွေမှာ ကုသမှုခံယူကြတယ်... တချို့တွေကျပြန်တော့ ဗဟုသုတကလည်း နည်းတဲ့အတွက် HIV ပိုး ကူးစက်ခံရရင် ဝေဘာဂီဆေးရုံကို ပို့ခံရမှာစိုးလို့ ကုသမှုမခံရဲကြဘူး... ဝေဘာဂီ ဆေးရုံက HIV ပိုးမှ မဟုတ်ဘူး တခြား ကူးစက်ရောဂါတွေ ကုပေးတဲ့ ဆေးရုံဆိုတာ အားလုံးမသိကြဘူးလေ... နောက်ပြီး HIV ရောဂါပိုး တွေ့တာနဲ့ ဝေဘာဂီဆေးရုံကို တန်းမပို့ပါဘူး... တချို့ဆင်းရဲချို့တဲ့ တဲ့သူတွေကို လွှတ်တယ် ဆိုတာကလည်း ဆေးရုံမှာ ဝေဒနာရှင်တွေအတွက် ဆေးဝါးအခမဲ့ ထုတ်ပေးတယ်... ဆေးရုံထိ မသွားချင်တဲ့ သူတွေကတော့ NGO ရဲ့ ဆေးခန်းတွေမှာ သွားရောက်ပြသပြီး ဆေးဝါး အခမဲ့ ထုတ်ယူနိုင်တယ်လေ...”
“အဲလိုဆိုတော့ ဝေဒနာရှင်တွေအတွက် အဖက်ဖက်က အဆင်ပြေလာတာပေါ့နော်...”
“ဒါပေါ့ သူငယ်ချင်းရဲ့ ဒါကြောင့်ကိုယ်က စိတ်ဓာတ်မကျပါနဲ့ ပြောတာပေါ့...”
“ဒါဆို ပြာလဲ့ ရေသွားချိုးလိုက်ဦးမယ်”

ညနေ ၅နာရီလောက် ဖေဖေနဲ့မေမေ ဘုန်းကြီးကျောင်းက ပြန်ရောက်လာတယ်...

“မေမေ သမီး ပြာလဲ့နဲ့ အပြင်ခဏသွားလိုက်ဦးမယ်..”
“အေး...အေး... သိပ်လည်း နောက်ကျမနေနဲ့နော်...”
“ဟုတ်ကဲ့... မေမေ”
“ဦးနဲ့ အန်တီ ပြာလဲ့တို့ကို ခွင့်ပြုပါဦး”
“အေး...အေး”
သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနဲ့ ဆေးခန်းကို ရောက်လာကြတယ်... ဆေးခန်းမှာ ကျွန်မ သူငယ်ချင်း ကောင်လ်ဆယ်လာနဲ့တွေ့ပြီး သူ့ကို သွေးစစ်ဖို့ လာကြောင်းပြောတော့ ကျွန်မကို ကောင်လ်ဆယ်လင်း လုပ်ပြီးမှန်းသိလို့ ကုဒ်တခုပေးပြီး သွေးစစ်ဖို့ စီစဉ်ပေးပါတယ်... ကောင်လ်ဆယ်လာ အချင်းချင်းလည်း လူနာရဲ့ အကြောင်းကို ပြောလို့မရပါဘူး... ကောင်လ်ဆယ်လာ တယောက်ရဲ့ အရေးကြီးဆုံး အချက်က လျှို့ဝှက်ထားဖို့ပါပဲ... ကျွန်မ ပြာလဲ့ကို သွေးစစ်တဲ့ နေရာကို ခေါ်လာခဲ့တယ်... သူမနဖူးမှာ ချွေးတွေ စို့နေတယ်... သူမလက်ကလေးကို ကိုင်ပြီး အားပေးလိုက်တယ်... သူမလက်ကလေးတွေ အေးလို့ပါလား... သူမကြောက်နေတယ် ထင်တယ်... သွေးဖောက်ပေးတဲ့သူက သူမလက်မောင်းထဲက သွေးတွေ တဖြည်းဖြည်း စုပ်ယူနေတယ်...
“ကိုင်း ပြီးပြီ... ပြန်လို့ရပြီ... သွေးအဖြေကို မနက်ဖြန် ညနေမှာ လာယူပါ...”
“ဟုတ်ကဲ့”

အားလုံးပြီးစီးတော့ ကျွန်မတို့တွေ အိမ်ပြန်လာကြတယ်... အပြန်လမ်းမှာတော့ အတွေးကိုယ်စီနဲ့ တိတ်ဆိတ် လို့ပေါ့... တိတ်ဆိတ်မှုကို ပြာလဲ့က စပြီး ဖြိုခွင်းလိုက်တယ်...
“ဆည်းဆာ မနက်ဖြန် ထွက်လာမယ့် အဖြေကို ပြာလဲ့ ကြည့်နိုင်ပါ့မလား မသိဘူး...”
“မစိုးရိမ်ပါနဲ့ ပြာလဲ့ရယ်... အဖြေက ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာဆက်လုပ်သင့်တယ်ဆိုတာ ပြာလဲ့ သိပြီးနေပြီပဲ... မင်း ဒီည အိပ်ပျော်အောင် အိပ်ပါ... မင်းအိပ်ရေး ၀မှ ကျန်းမာရေး ကောင်းမှာပေါ့”
“အင်း”
ကျွန်မသူ့ကို နှစ်သိမ့်နေပေမဲ့ အမှန်တော့ ကျွန်မလည်း စိုးရိမ်နေမိတာ အမှန်ပါ... ဘယ်လိုပဲ သိထားတဲ့သူ ဖြစ်စေကာမှု နောက်ဆုံး အခြေအနေအထိ Negativeဆိုတာ ဖြစ်ချင်မှာပဲလေ... သူမကို ကျွန်မ စာနာ သနားမိပါတယ်... သူမ ဒီည ကောင်းကောင်း အိပ်ပျော်နိုင်ပါစေလို့ ဆုတောင်းယုံမှတပါး...

“အောက်...အီ...အီး...အွတ်”
ကြက်တွန်သံ မကြားခင်ထဲက ကျွန်မနိုးနေခဲ့တယ်... ဘေးကို ကြည့်လိုက်တော့ ပြာလဲ့ မရှိဘူး... ရေချိုးခန်းထဲက ပြာလဲ့ထွက်လာတယ်...
“ဆည်းဆာ နိုးပြီလား... ပြာလဲ့ ဘုရားသွားမလို့ စောစောထဖြစ်တာ ညနေရုံးဆင်းရင် ဆည်းဆာရုံးကို ပြာလဲ့ လာခဲ့မယ်...”
“အွန်း... ကိုယ် မျက်နှာသွားသစ်လိုက်ဦးမယ်”
သူမ ကျွန်မကို ဖြေရှင်းချက်ပေးနေပေမယ့် သူမ အိပ်မပျော်ဘူး ဆိုတာ ကျွန်မ ကောင်းကောင်းသိတာပေါ့... ကျွန်မလည်း ရုံးသွားဖို့ ပြင်ဆင်ပြီး ရုံးထွက်လာခဲ့တယ်... ဒီနေ့ရဲ့ အချိန်တွေက ကျွန်မအတွက် အကြာဆုံး အချိန်တွေပါပဲ... ဒါပေမဲ့ ရုံးဆင်းဖို့ အချိန်နီးလာလေ အချိန်တွေ ပိုမြန်လာလေ သလိုပါပဲ... ရုံးဆင်းတော့ ရုံးအောက်မှာ စောင့်နေတဲ့ ပြာလဲ့ကို တွေ့တယ်...
“စောင့်နေတာ ကြာပြီလား ပြာလဲ့”
“ဟင့်အင်း... ပြာလဲ့လည်း ခုမှ ရောက်တာ”
“လာ... သွားရအောင်”
လမ်းမှာ သူမရော ကျွန်မရော စကားမပြောဖြစ်ကြဘူး... ဒီလိုနဲ့ ဆေးခန်းကို ရောက်လာတယ်... သင်တန်းအတူတက်ခဲ့တဲ့ ညီမတယောက်ရဲ့ ဂျူတီချိန်နဲ့ ကြုံတယ်...
“မမနွေ မနေ့က အဖြေလာယူတာလား..”
“အော်... အေး ညီမ... ၀တ်ရည် ဂျူတီလား”
“ဟုတ်ကဲ့ မမ... မမ0င်းက မှသွားတယ် မမနွေကို ကောင်လ်ဆယ်လင်းခန်း ပေးသုံးဖို့လည်း ပြောသွားတယ်...”
“ကျေးဇူးပဲ ညီမ”
ဝတ်ရည်က သွေးအဖြေကို ဓာတ်ခွဲခန်းမှာ သွားယူလာပေးတယ်... ကျွန်မ ပြာလဲ့နည်းတူ ရင်တွေ ခုန်မိတာတော့ အမှန်ပဲ... ဒါပေမဲ့ ကျွန်မခံစားချက်ကို ထိန်းချူပ်လိုက်ပြီး

“ပြာလဲ့ ဒီမှာ သွေးအဖြေတော့ ရလာပြီ... မနေ့က ပြာလဲ့ကို ပြောခဲ့တာတွေ ဘာတွေမှတ်မိလဲ ပြောပြပါဦး...”
“HIVပိုး ရှိရင် စိတ်ဓာတ်မကျဘဲ အိပ်ရေး ၀၀အိပ်မယ်၊ သန့်ရှင်း လတ်ဆတ်တဲ့ အစားအစာတွေ စားသုံးမယ်၊ ပြီးတော့ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက် နေထိုင်သွားမယ်၊ ရောဂါပိုး မရှိခဲ့ရင်လည်း မကူးစက်နိုင်အောင် ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာပြီး နေထိုင်သင့်တယ်လို့ ပြာလဲ့ နားလည်တယ်...”
“ခု ဒီသွေးအဖြေက Positiveဖြစ်ချင် ဖြစ်မယ်၊ Negative ဖြစ်ချင်ဖြစ်မယ်၊ အဲဒီ့အဖြေအပေါ်မှာရော ခံနိုင်ရည် ရှိရဲ့လား...”
“ပြာလဲ့ ပြင်ဆင်ထားပါတယ်...”
“ဒီမှာ သွေးအဖြေ ပြာလဲ့ကိုယ်တိုင်ပဲ ဖွင့်ကြည့်ပါ... ဒီအထဲမှာ ပါတဲ့ အဖြေကို ကိုယ့်ကို ပြောလည်း ရတယ်၊ မပြောချင်ရင် မပြောလည်းရတယ် သူငယ်ချင်း”

စာအိတ်ဖောက်နေတဲ့ သူမရဲ့ လက်တွေ တုန်နေတယ်... သူမစိတ်ကိုလည်း ထိန်းချူပ်ထားတယ် ထင်ပါရဲ့... တဖြည်းဖြည်းနဲ့ စာအိတ်ထဲက စာက အပြင်ကို ထွက်လာတယ်... ခေါက်ထားတဲ့ စာရွက်ကို ဖြန့်လိုက်တဲ့ အချိန်မှာတော့...
“ဟင့်...ဟင့် ဆည်းဆာ Negative တဲ့ကွ...”
“Congratulation ပြာလဲ့”
ကျွန်မ သူမနဲ့ထပ်တူ ပျော်မိတာတော့ အမှန်ပါ...
“ပြာလဲ့ နောက်တခေါက် စစ်ပြီးလို့ Negative ဆို ကိုယ့်မှာ မရှိဘူးပေါ့နော်...”
“ဒါပေါ့ သူငယ်ချင်းရဲ့”
သူ့စိတ်ကို ထိန်းချူပ်ထားလို့ ထင်ပါရဲ့ ကျွန်မကို ဖက်ပြီး အားပါးတရ ငိုနေတယ် သူမကို ကြည့်ပြီး ဂရုဏာ သက်မိပြန်ပါတယ်...
“ပြာလဲ့ မင်းကောင်လေးလည်း ခေါ်ခဲ့လေ... သူလက်ခံမယ်ဆိုရင်ပေါ့ ကိုယ်ပြောကြည့်မယ်...”
“ပြာလဲ့ ခေါ်လာခဲ့မယ် ဆည်းဆာ... ပြီးတော့ သူ့ကို သွေးစစ်ခိုင်းမယ်...”
“ သူပါ သွေးစစ်မယ်ဆိုရင် သူ့အတွက်ရော မင်းအတွက်ပါ အကောင်းဆုံးပဲပေါ့ကွာ...”
အပြန်လမ်းမှာတော့ လမင်းကြီးကလည်း အားမှန်ကုန်ဝင့်လို့ သာနေဆဲပါ... ဒါပေမယ့် ပြာလဲ့ရင်ထဲမှာ သာနေတဲ့ လမင်းထက် ဘယ်သူ ပြိုင်လို့ လင်းပါတော့နိုင်....

ဆက်ရန်
စာဖတ်သူများအားလုံးကို အစဉ်လေးစားလျက် ကြိုးစားပါဦးမည်....

Tuesday, December 9, 2008

အနောက်ရပ်က ထွက်တဲ့နေ... အပိုင်း ၂

“ပြာလဲ့ အိမ်ပေါ်ရောက်သွားတဲ့အချိန်မှာ သူတို့ ပလူးနေတဲ့ အသံတွေ ကြားနေရတယ်... အိမ်ရှေ့မှာ လူသံကြားလို့ ထင်ပါရဲ့ သူတို့ အိမ်ရှေ့ထွက်လာကြတယ်... ပြာလဲ့လေ အဲဒီ့အချိန်မှာ မိုးပြိုသလို ခံစားရတယ်... ပြာလဲ့နေရာမှာ ဆည်းဆာဆိုရင်ကော ဆည်းဆာရဲ့ သတို့သားလောင်းက အေပၚအက်ႌမပါဘဲ တျခား အမ်ိဳးသမီးတဦးတေယာက္က ဆံပင္က ဗရိုဗရဲ အက်ႌက ၾကယ္သီး ကမန်းကတန်းတတ်ထားတဲ့ပုံစံ ဘယ်ညာ မညီဘဲ အိပ်ခန်းတခုတည်းက အတူတူ ထွက်လာတာမြင်ရင် ဆည်းဆာကို ဘာလုပ်မလဲ”
သူမပြောနေရင်း ပါးပြင်ကို မျက်ရည်တို့ စီးကျလာတယ်... ခုနကလိုတော့ မရှိုက်တော့... သူမအားယူပြီး စကားကို ပြန်ဆက်တယ်...
“ပြာလဲ့ ဘာမှ မပြောလည်း မပြောခဲ့ဘူး၊ ဘာမှလည်း မလုပ်ခဲ့ဘူး... ပြာလဲ့ အိမ်ကို ဘယ်လိုပြန်ရောက်လို့ ပြန်ရောက်မှန်းမသိ ပြန်ရောက်လာခဲ့တယ်... ပြာလဲ့နဲ့ အဖော်လိုက်ပေးတဲ့သူက ဘယ်ကျန်ခဲ့မှန်း မသိတော့ဘူး... ပြာလဲ့အိမ်ပြန်ရောက်ရင် လူကြီးတွေပါသိပြီး ပြဿနာတွေ ရှုပ်ကုန်မှာစိုးလို့ သူလိုက်မလာ တော့တာလို့ နောက်မှ ပြောပြတယ်... သူလိုက်မလာတာလည်း ကောင်းပါတယ်... အိမ်က မိဘတွေက ၀ိုင်းမေးကြပေမဲ့ ပြာလဲ့ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး... တယောက်တည်းပဲ ကျိတ်ပြီး မစားနိုင် မအိပ်နိုင် ဖြစ်ခဲ့ရတယ်...”
“ဒါနဲ့ အဲလိုဖြစ်ပြီးတော့ ပြာလဲ့ဆီ သူမလာဘူးလား”
“ဟင့်...ဟင့်...ဟင်း လာတာပေါ့ ဆည်းဆာရယ်... သူက မျက်နှာမပျက် လာမြဲတိုင်း လာတယ် ပြာလဲ့လည်း သူအကြောင်းတွေ လူကြီးတွေ ပြန်ပြောရမှာ ရှက်လို့ ပုံမှန်အတိုင်းဘဲ ဆက်ဆံခဲ့တယ်လေ...”

သူမပြောလက်စ စကားကို ခဏရပ်ပြီး အဝေးကို ငေးကြည့်နေတယ်... သူ့မျက်ဝန်းမှာလည်း မိုးတွေ အုံ့မှိုင်းလို့ သူ့ခံစားချက်ကို ကျွန်မခံစားလို့ ရပါတယ်... ကျွန်မသာ သူ့နေရာမှာဆို မိဘတွေ ဖွင့်ပြောပြီး စေ့စပ်တာ ဖျက်သိမ်းမိမှာ အမှန်ပဲ...
“ဆည်းဆာ... ပြာလဲ့သူ့ကို သိပ်ပြီး ယုံလွယ်ခဲ့တယ်... သူက အဲနေ့က ကိစ္စကို တောင်းပန်တယ် နောက်အဲလို မဖြစ်စေရပါဘူးတဲ့... ပြာလဲ့သူ့ကို သိပ်ချစ်တော့ အလျှော့ပေးခဲ့မိတယ်... အဲဒီ့ကြားထဲမှာ သူသိပ်ပြီး ငြိမ်ချက်သား ကောင်းနေတာကိုး... တရက် အိမ်မှာ ဘယ်သူ့မှ မရှိဘူး သူရောက်လာတယ်... ပြာလဲ့ကို အတူတူ နေဖို့ တောင်းဆိုတယ်... ပြာလဲ့လည်း မင်္ဂလာရက် သတ်မှတ်ဖို့ စီစဉ်နေကြပြီဆိုတော့ အရင်လို ထပ်ဖြစ်မှာ စိုးလို့ သူ့ဆန္ဒကို လိုက်လျောမိခဲ့တယ်...”
သူမ သက်ပြင်းရှည်ကြီးတချက်ချလိုက်တယ်...
“ပြာလဲ့ဆီကို သတင်းဆိုးတခု ရောက်လာခဲ့တယ်... အဲဒါကတော့ သူနဲ့အတူရှိနေတဲ့ မိန်းမက အေကိုက် နေတယ်တဲ့... ပြာလဲ့ အသက်ရှုဖို့တောင် မေ့သွားတယ် ဆည်းဆာရယ်... ပြာလဲ့မှာလည်း အဲဒီ့ရောဂါရှိနေပြီ အိမ်က မိဘတွေသိရင်လည်း ပြာလဲ့ကို သတ်လိမ့်မယ်... ပြာလဲ့မှာ အဲဒီ့စိတ်ကြောင့် အိပ်ယာထဲ ဗုန်းဗုန်းလဲ တော့တာပဲ... ပြာလဲ့ နေမကောင်းလို့ မင်္ဂလာရက်ကို ရွှေ့လိုက်ကြတယ်... ပြာလဲ့ အဲဒီ့မှာ ကြာကြာမနေချင်ဘူး တနေ့ အိမ်ကသိသွားရင် နောက်ပတ်ဝန်းကျင်က သိသွားရင် အားလုံးအရှက်ရကြမှာ ပြာလဲ့ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး... ဘယ်မှလည်း သွားစရာမရှိဘူး... တခါက ပြာလဲ့ဖုန်းဆက်တော့ ဆည်းဆာ HIV/AIDS ကောင်ဆယ်လ်လင်း သင်တန်းတက်နေတယ်ဆိုတာ အမှတ်ရလိုက်လို့ မင်းဆီ ကိုယ်ပြေးလာ ခဲ့တာပဲ ဆည်းဆာ”
“ပြာလဲ့ သူငယ်ချင်း မင်းဖြစ်နေတာ ကိုယ်ကူညီနိုင်ပါတယ်ကွာ မင်းစိတ်ဓာတ်မကျပါနဲ့”
ကျွန်မ သိထားတဲ့ အသိပညာတွေကို ပြန်ဖြန့်ဝေခွင့်ရသလို ကျွန်မလူတယောက်ရဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးဖို့ အခွင့်အရေးရခဲ့တယ်... ကျွန်မကြောင့် လူတဦးတယောက် စိတ်သက်သာရာရအောင် လုပ်ပေးချင်တာ ကျွန်မဆန္ဒပါ...
“ပြာလဲ့ မင်းခုနက မင်းမှာ HIV ပိုးရောဂါရှိနေပြီလို့ ပြောတယ်... မင်း သွေးစစ်ပြီးပြီလား”
“ဟင့်အင်း... ပြာလဲ့ မစစ်ရသေးဘူး”
“ဒါဆို သွေးမစစ်ရသေးဘဲနဲ့ ဘာလို့ ရောဂါပိုးရှိနေပြီလို့ ပြောတာလဲ... မင်း ဒီရောဂါပိုးနဲ့ ပတ်သက်လို့ ဘာတွေ သိထားလဲ... မင်းသိသလောက် ကိုယ့်ကို ပြောပြပါဦး...”
“ပြာလဲ့နဲ့ အတူတူနေခဲ့တဲ့ အမျိုးသားတယောက်က ပိုးရှိနေတဲ့ အမျိုးသမီးနဲ့လည်း လိင်ဆက်ဆံခဲ့တယ်... ဒီရောဂါပိုးဆိုတာက လိင်ဆက်ဆံတာနဲ့ ကူးစက်တတ်တာပဲလေ...”
“ဒါနဲ့ ဆက်ပြောပါဦး သူငယ်ချင်း”
“ပြီးတော့... ပြီးတော့ ပြာလဲ့လည်း ပိန်လာတယ်...”
ကျွန်မသူ့ကို အသေအချာ ပြောပြဖို့ လိုလာပြီ... သူမပြောပုံအရဆို ကျန်းမာရေး ဗဟုသုတရှိရက်နဲ့ ရောဂါပိုး ရှိနေပြီ ဆိုပြီး ခံစားနေရ အဓိက ပြဿနာပဲ...
“သူငယ်ချင်း ပြာလဲ့... မင်းမှာ ကျန်းမာရေး ဗဟုသုတလည်း အတော်အသင့်ရှိတယ်... လိင်ဆက်ဆံရာကနေ ရောဂါပိုး ကူးစက်တတ်တယ် ဆိုတာလည်း မင်းသိနေတယ်... မင်းပိန်လာတယ်ဆိုတာ မင်းအအိပ်အစား ပျက်လို့ ပိန်လာတာ မဖြစ်နိုင်ဘူးလား”
ကျွန်မပြောတာကို သူမစဉ်းစားနေတယ်... စဉ်းစားပါစေ ကျွန်မသူ့ကို စဉ်းစားနိုင်အောင် လမ်းကြောင်း ဖွင့်ပေးလိုက်တာပါ... သူမစဉ်းစားဖို့ အချိန် တမိနစ်ပေးပြီး သူမကို ကျွန်မစကားစပ်လိုက်တယ်...
“သူငယ်ချင်း ရောဂါပိုး ရှိ၊ မရှိဆိုတာ သွေးစစ်ကြည့်မှ သိနိုင်တယ်”
“ဒါဆို ပြာလဲ့ သွေးစစ်ကြည့်ရမှာပေါ့”
အိုကေ That's right! ကျွန်မခုနက သူမကို စဉ်းစားချိန်ပေးလိုက်တာ ဒီအဖြေထွက်လာဖို့ပါ... ကျွန်မလည်း အားရှိသွားတယ်”
“အင်း.... ပြာလဲ့သွေးစစ်ကြည့်မှသာ ပြာလဲ့မှာ ရောဂါပိုး ရှိ၊ မရှိ သေချာသိနိုင်မယ်... ဒီတိုင်းကြည့်ရုံ ကိုယ်အလေးချိန် လျော့လာရုံနဲ့ ပြာလဲ့မှာ ရောဂါပိုး ကူးစက်ခံနေရပြီလို့ ပြောလို့ မရဘူးကွ...”
“ဒါဆို ပြာလဲ့သွေးစစ်ကြည့်ချင်တယ် ဒါပေမဲ့ အဖြေမှာ ပိုးရှိတယ်ဆို ပြာလဲ့ ဘယ်လိုလုပ်ရမလဲ”
“သွေးစစ်လို့ ထွက်လာတဲ့ အဖြေက နှစ်မျိုးရှိတယ် သူငယ်ချင်း၊ တမျိုးက Positive ပိုးရှိတယ်ပေါ့ကွာ၊ တမျိုးက Negative ပိုးမရှိဘူးပေါ့၊ အော် ဒါနဲ့ မင်း မင်းကောင်လေးနဲ့ နောက်ဆုံး အတူနေခဲ့တဲ့ရက်ကို မင်း မှတ်မိလား”
“လွန်ခဲ့တဲ့ သုံးလကျော်လောက်က သူငယ်ချင်း”
“ကောင်းပြီ... ကိုယ် မင်းကို မေးခွန်းမေးမယ်... မင်းမှာ တကယ်လို့ ရောဂါပိုးရှိခဲ့တယ်ဆို မင်းဘာလုပ်မလဲ”
“ပြာလဲ့... ပြာလဲ့ကိုယ် ပြာလဲ့ အဆုံးစီရင်မိလိမ့်မယ်ထင်တယ်”
“မင်းမှာ ရောဂါပိုး မရှိခဲ့ဘူး ဆိုရင်ကော”
“ပြာလဲ့ အရမ်းပျော်မိမှာပေါ့ သူငယ်ချင်းရယ်”
“ဒါနဲ့ သူငယ်ချင်း မင်းမှာ ရောဂါပိုးမရှိရင် မင်းကောင်လေးနဲ့ လက်ထပ်မှာလား...”
“ပြာလဲ့ ဘ၀တောင် ပုံပေးပြီးပြီဘဲ ပြာလဲ့သူ့ကို လက်ထပ်ဖြစ်မှာပါ”
“ပြာလဲ့ ခုနက ရောဂါပိုးရှိခဲ့ရင် အဆုံးစီရင် မိလိမ့်မယ်လို့ ပြောခဲ့တယ်နော်... မင်းမှာ ရောဂါပိုးရှိရုံနဲ့ ဘာမှ စိတ်ဓာတ်ကျစရာ မလိုဘဲ ပုံမှန်အတိုင်း နေထိုင်သွားနိုင်ပါတယ် သူငယ်ချင်း... မင်းခုနက ပြောတဲ့ထဲမှာ ပတ်ဝန်းကျင်က ပြောမှာ စိုးရိမ်တယ်လို့ မင်းပြောခဲ့တယ်လေ... အဲဒီ့ရောဂါပိုး ရှိတယ်ဆိုတာ မင်းမှမပြောရင် ကိုယ်မှမပြောရင် သိစရာအကြောင်းမှ မရှိတာ ဒါကြောင့် ပတ်ဝန်းကျင်ကိုလည်း ထည့်တွက်စရာ မလိုဘူး... မင်းလည်း ရောဂါပိုးကူးစက်နိုင်တဲ့ နည်းတွေ သိပြီးသားပဲ... ဥပမာ. ကျန်းမာရေးအတွက် အိပ်ရေး၀၀အိပ်မယ်၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ၊ အာဟာရ ပြည့်ဝတဲ့ အစားအစာတွေ စားမယ်၊
မင်းကောင်လေးနဲ့ အတူနေတဲ့အခါ ကွန်ဒုံးသုံးမယ်၊ ဒီလို စိတ်ဓာတ်မကျဘဲ ကိုယ့်ကျန်းမာရေးကို စနစ်တကျ စောင့်လျှောက် နေထိုင်သွားမယ်ဆိုရင် မင်းအသက်ရှည်ရှည်နဲ့ လူ့သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်ကွာ... စိတ်ဓာတ် မကျပါနဲ့”
သူမမျက်ဝန်းထဲမှာ အလင်းရောင်တခု ထိုးထွက်လာတယ်... သူမမျက်နှာကို ကြည့်ရတာ ခုနကနဲ့ မတူတော့ဘူး... အရောင်တောက်လာတယ်... ကျွန်မလည်း သူမမျက်နှာကို အကဲခတ်ပြီး ဆက်ပြောတယ်...

“မင်းမှာ ရောဂါပိုးမရှိဘူး ဆိုရင် မင်းကောင်လေးနဲ့ လက်ထပ်မယ်လို့ မင်းပြောတယ်... မင်းကောင်လေးက ရောဂါပိုး ရှိတဲ့ မိန်းမတယောက်နဲ့ လိင်ဆက်ဆံခဲ့ဖူးတယ်... သူ့အပေါ်ကော မင်းသံသယရှင်းရဲ့လား”
“သူ့မှာ ပိုးရှိနေရင် ပြာလဲ့ ဘာလုပ်သင့်လဲဟင်”
“သူ့မှာ ပိုးရှိ၊ မရှိဆိုတာလည်း သွေးစစ်ကြည့်မှပဲ သိနိုင်တယ်လေ... သူ့မှာ ရောဂါပိုး ရှိနေတယ် ဆိုရင်ကော မင်းဘာလုပ်မလဲ”
“ပြာလဲ့ကတော့ သူ့မှာ ရောဂါပိုး ရှိရင် မယူတော့ဘူး”
“ပြာလဲ့ကို ကိုယ်ပြောပြမယ်... သူ့မှာ ရောဂါပိုးရှိရုံနဲ့ ပြာလဲ့ကို မကူးစက်နိုင်ပါဘူး... HIVပိုးက အတူအိပ်၊ အတူစား၊ အ၀တ်အစားအတူဝတ်ရုံနဲ့ မကူးစက်နိုင်ပါဘူး... ပြီးတော့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို စနစ်တကျ သုံးစွဲမယ်ဆိုရင် ရောဂါပိုးမကူးစက်နိုင်ဘူး သူငယ်ချင်း... ဒါတွေလည်း မင်းသိသင့်သလောက် သိပြီးသားပါကွာ”
“သူရောဂါပိုးရှိရက်နဲ့ ပြာလဲ့ယူလိုက်ပြီထားပါတော့ ကလေးမရတော့ရင် မျိုးဆက်မရှိတော့ဘူးပေါ့”
“အင်း သူငယ်ချင်းမေးတဲ့ မေးခွန်းက မေးထိုက်ပါတယ်... ကလေးမယူတာ အကောင်းဆုံးပေါ့ သူငယ်ချင်း...
ကလေးယူကို မယူသင့်ဘူး... မင်းကလေးလိုချင်တယ်ဆိုရင် ကလေးတယောက်မွေးစားလိုက်ပေါ့... ကလေး မွေးစားလို့လည်း ရနေတာပဲလေ... အကယ်၍ ကလေးယူမယ်လို့ ဆုံးဖြတ်ထားတယ် ဆိုရင် ကလေးယူတဲ့အခါ ပထမဆုံး မင်းကို ရောဂါပိုး ကူးစက်နိုင်တယ်... ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ကတဆင့် သန္ဓေသားကို ကူးစက်နိုင်တယ်... သန္ဓေသားကို မကူးစက်နိုင်ဖို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အရင်ဆုံး ဆွေးနွေးတိုင်ပင် သင့်တယ်... ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာမယ် ဆိုရင်တော့ သန္ဓေသားကိုတော့ မကူးစက်နိုင် ဘူးပေါ့... ”
“ဆည်းဆာ ဆိုလိုတဲ့ သဘောက သူ့မှာ ပိုးရှိလည်း ကိုယ်ယူသင့်တယ်ပေါ့”
“မဟုတ်သေးဘူး သူငယ်ချင်း ယူတယ် မယူဘူးဆိုတာ မင်းဘ၀နဲ့ ဆိုင်လို့ မင်းဆုံးဖြတ်ရမှာ... ဒီရောဂါရှိလို့ ကိုယ့်ကို ကူးမှာကြောက်လို့ လက်မထပ်ဘူးဆိုတာ မဖြစ်ရအောင် မင်းကို မကူးစက်အောင် နေနိုင်တဲ့ နည်းလမ်းတွေ မင်းကို ပြောပြတာ... ရောဂါပိုးရှိနေတဲ့ ဝေဒနာရှင်တယောက်ကို ၀ိုင်းပြီး မပစ်ပယ်ထား သင့်ဘူး... သူ့စိတ်ဓာတ်တွေ ပုံမှန်အတိုင်း တက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်အောင် ဖေးမသင့်တယ်... ကိုယ်လည်း ဆောင်ရန်၊ ရှောင်ရန်တွေ သိထားပြီးပြီဘဲ...”
“အင်း... မင်းဆီ ကိုယ်လာခဲ့တာ မှန်သွားပီ ဆည်းဆာ... ကိုယ်လည်းသွေးစစ်မယ်... ပြီးတော့ ကိုယ်သူ့ကိုလည်း မင်းပြောပြသလို ပြောပြပြီး သွေးစစ်ဖို့ မင်းဆီခေါ်လာခဲ့မယ်...”
“ကဲ စကားပြောနေလိုက်တာ ၁နာရီတောင်ထိုးနေပြီ ကိုယ်တို့ ထမင်းစားကြရအောင် ဗိုက်လည်း ဆာလာ ပြီကွ... တအောင့်တနား နားပြုပြီး ညနေလောက် ကိုယ့်အသိဆေးခန်းမှာ သွေးစစ်ဖို့ ကိုယ်လိုက်ပို့ပေးမယ်... ဒီနေ့တော့ အိမ်မှာပဲ အိပ်လိုက်ကွာ... ကိုယ်တို့တွေ မတွေ့တာ ကြာပြီဆိုတော့ စကားလည်း အေးဆေး ပြောရအောင်”
“အင်း... ပြာလဲ့ ဒီမှာ ညအိပ်မယ်လေ”
“ကဲ...စကားတွေ ဒီမှာရပ်၊ အစားစားဖို့ သွားလိုက်ကြစို့”
သူငယ်ချင်းနှစ်ယောက် ထမင်းလက်စုံစားရင်း စကားတွေ ဖောင်ဖွဲ့လို့ ပြာလဲ့အတွက် ထမင်းမှိန်တယ် ထင်ပါရဲ့ သူအတော်လေး စားဖြစ်တယ်... ကျွန်မသူ့ကို ကြည့်ပြီး စိတ်ထဲ ၀မ်းသာ ကြည်နူးမိပါတယ်...

ဆက်ရန်
စာဖတ်သူများအားလုံးကို အစဉ်လေးစားလျက် ကြိုးစားပါဦးမည်....

Saturday, December 6, 2008

အနောက်ရပ်က ထွက်တဲ့နေ... အပိုင်း ၁

ကျွန်မ ဒီနေ့မနက် အလုပ်ကို ထွက်လာတာ စိတ်ထဲမှာ တမျိုးကြီးပဲ ၀မ်းနည်းသလိုလို ၀မ်းသာသလိုလိုနဲ့ ၀မ်းနည်းတဲ့စိတ်က ပိုများမယ်ထင်တယ်... စိတ်ထဲမှာလည်း မတင်မကျကြီးနဲ့ တခုခု ဟာနေသလိုပဲ... ရုံးရောက်တော့လည်း စိတ်မပါ လက်မပါနဲ့ အလုပ်စားပွဲမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နေကျ စက်ရုပ်တရုပ်လို လှုပ်ရှားနေရတယ်... သူ့အကြိုက်လိုက်မှ ကြိုက်တဲ့ မန်နေဂျာနဲ့ အမြဲပဲ စိတ်တိုနေတတ်တဲ့ ဘော့စ်...

သူ့အကြိုက်ဆိုလို့ ကျွန်မတို့လို ၀န်ထမ်းတွေ အပေါ်မှာ သူ့ဟာ အာဏာ ပါဝါပြနိုင်တဲ့ ကျားကြီးပေါ့... အဲ ဘော့စ်ရှေ့ကျပြန်တော့ သူက အော်ငေါက်ခံနေရတဲ့ သနားစရာ ကြောင်ပါးကြီး တကောင်ပါ...

“ ကလင်...ကလင်...ကလင်”
“ဟဲလို... အာရုံလင်း ကုမ္ပဏီကပါ”
“Marketing Dept:က နွေဆည်းဆာကို ခေါ်ပေးပါ”
“မမနွေ ဖုန်းလာနေတယ်”
“ဟုတ်ကဲ့... နွေဆည်းဆာ စကားပြောနေပါတယ်”
“ဆည်းဆာ ဟဲ့ ငါပါဟ ပြာလဲ့”
“ဟယ်... ပြာလဲ့ နင်ဘယ်တုန်းက ပြန်ရောက်လဲ... ငါတို့ကို မဆက်သွယ်တာတောင် အတော်ကြာနေပြီ... နေကောင်းလား... ဦးတို့ အန်တီတို့ကော နေကောင်းကြလား...”
“အမယ်လေး ဆည်းဆာရယ် နင့်မေးခွန်းတွေကလည်း များလိုက်တာ အသက်ကလေးဘာလေးလည်း ရှုပါဦး”
“ဆောရီး သယ်ရင်း ကိုယ်လောကြီးသွားတယ်... ခုတော့ ကိုယ်သိပ်မအားဘူးကွ ညနေရုံးဆင်းချိန်ကြရင် ဆုံနေကျဆိုင်မှာ အကြော်သွားစားကြမယ်”
“အိုကေ ဆည်းဆာ... ပြာလဲ့ အဲဒီ့မှာ စောင့်နေလိုက်မယ်”

ကျွန်မနာမည် နွေဆည်းဆာ ကျွန်မကို နွေလို့ အများစုက ခေါ်ပေမဲ့ ကျွန်မသူငယ်ချင်းတွေကတော့ ဆည်းဆာပဲ ခေါ်ကြတယ်... ပြာလဲ့ သူက ကျွန်မ သိပ်ချစ်ရတဲ့ သူငယ်ချင်းပါ သူ့နာမည်အရင်းက စိမ်းပြာလဲ့... သူက သူ့ကိုယ်သူ ပြာလဲ့လို့ ထည့်ပြော တတ်တော့ သူ့နာမည်ခေါ်ရင်း ပြာလဲ့ကနေ ပြာလပ်လို့ ခေါ်ကြတယ်... ကျွန်မတို့ ဘွဲ့ယူပြီးကတည်းက သူငယ်ချင်းတွေ ကွဲသွားကြတာ ကျွန်မကလည်း အလုပ်ဝင် ပြာလဲ့ကလည်း သူ့ဇာတိမြေ ဖြစ်တဲ့ မြစ်ကြီးနားကို ပြန်သွားခဲ့တယ်... ခုသူငယ်ချင်းနဲ့ ပြန်တွေ့ရမယ်ဆိုတော့ ပျော်တာပေါ့... မနက်က မလန်းဆန်းတဲ့ ကျွန်မ ခုတက်ကြွလန်းဆန်းစွာ အလုပ်ချိန်တွေကို ဖြတ်သန်းလို့နေပါတယ်...

“မမနွေ တက်ကြွနေပါလား... ခုမှ ၅နာရီ အတိဘဲ ရှိသေးတယ် ပြန်တော့ မလို့လား ဧကန်နတော့ ဧကန်နပဲ မရိုးတော့ဘူး ထင်တယ်”
“သူငယ်ချင်းနဲ့ ချိန်းထားတာပါ... နောက်ကျနေမှာစိုးလို့ သွားပြီ ဘိုင့်”
ရုံးအကူကောင်မလေးကို နှုတ်ဆက်ပြီး အမြန်ပြေးထွက်လာခဲ့တယ်... သူမပြောသလို မရိုးဘူးဆိုရင်တော့ ကျွန်မ ခုလောက်ပျော်မှာ မဟုတ်ဘူး...
“ဟိတ်... ဆည်းဆာ ပြာလဲ့ ဒီမှာ”
ကျွန်မကို လှမ်းခေါ်နေတဲ့ သူကိုကြည့်ပြီး ကျွန်မတခဏ ကြက်သေသေသွားတယ်... ပြာလဲ့မှ ဟုတ်ရဲ့လားပေါ့ သူမအများကြီး ပြောင်းလဲသွားတယ်... ကျွန်မတို့ နောက်ဆုံးတွေ့တုန်းကတောင် သူမလှတုန်း၊ နုပျိုတုန်း၊ သူမအသားအရည်က သူငယ်ချင်းတွေထဲမှာ အလှဆုံးမို့ ကျွန်မ အားကျရဆုံးပါ... ခုတော့ သူမအသားအရည်က မွဲခြောက်ခြောက်နဲ့၊ ကျွန်မနဲ့ယှဉ်ရင် သူမတော်တော်လေး အရွယ်ကျသွားတယ်...

“ဟဲ့... လာလေ ဘာတွေစဉ်းစားနေတာလဲ”
“ပြာလဲ့ ငါတောင် မမှတ်မိဘူးဟယ်... ဘယ်လိုဖြစ်တာလဲ ငါ့ကိုပြောစမ်းပါဦး”
“ပြောမှာပေါ့ ဆည်းဆာရယ် ဖြေးဖြေးပေါ့... ခုတော့ အကြော် ပူပူလေးစားလိုက်ပါဦး... နင်သိချင်တာ မှန်သမျှ အားလုံးပြောပြမယ်”
“ဒီမှာတော့ မအေးဆေးဘူးကွ... မနက်ဖြန် ငါ အလုပ်ပိတ်တယ် နင်ဒီကိုလာခဲ့... အိမ်မှာ ငါအလုပ်ပိတ်ရက်ဆို ဖေဖေနဲ့ မေမေက ဘုရားသွားကျောင်းတက်လုပ်ကြတော့ အေးအေးဆေးဆေးပဲ”
“အေး.. ပြာလဲ့ မနက်ဖြန် လာခဲ့မယ် အိမ်မှာပဲ စောင့်နေ”
ကျွန်မတို့ စားသောက်ပြီး လမ်းခွဲပြီး ပြန်လာခဲ့တယ်... အပြန်လမ်းတလျှောက်မှာတော့ ကျွန်မဆီ အတွေးပေါင်း များစွာ ပါလာခဲ့တယ်... ဘာလို့ သူဒီလိုပုံစံ ဖြစ်သွားတာလဲကိုလည်း အရမ်းကို သိချင်လာတယ်...
“ဟဲ့ သမီး မျက်နှာလည်း မကောင်းပါလား”
“နဲနဲ ပင်ပန်းနေလို့ပါ မေမေ... သမီး ရေမိုးချိုးပြီး နားလိုက်တော့မယ်”
“အေး.အေး”ှ
ရေမိုးချိုးပြီး ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲလိုက်တယ်... အဲဒီ့အချိန်အထိ ကျွန်မဆီမှာ အတွေးပေါင်းများစွာ ချာချာ လည်နေတုန်း ဘာပဲဖြစ်ဖြစ် ကျွန်မ မနက်ဖြန်သိရမှာပဲလေ ဆိုပြီး မျက်စိစုံမှိတ် အိပ်ပစ်လိုက်တယ်...

“အောက်...အီး...အီး...အွတ်”
အိမ်ရှေ့မှာ အမေ့ရဲ့ ဘုရားဝတ်ပြုသံ ကြားနေရတယ်... ကျွန်မလည်း အိပ်ရာထလိုက်ပြီး လုပ်စရာရှိတာ လုပ်နေတဲ့ ကျွန်မကို အဖေက တအံ့တသြကြည့်နေတယ်... ကြည့်လည်း ကြည့်ချင်စရာလေ ခါတိုင်းနေ့တွေဆို အမေက အမြဲနှိုးရတယ်... ကျွန်မ ၀ီရိယနဲ့ ထပြီး အလုပ်တက်ရတာ တရက်မှ မရှိဘူး... အဲလောက်ထိ ၀ီရိယကြီးတာ...

“သမီးရေ အိမ်ရှေ့မှာ ဧည့်သည်လာတယ်”
“လာပြီ မေမေ”
အမေ့ခေါ်သံကြားတော့ အိမ်ရှေ့ကို ပြေးထွက်လာခဲ့တယ်...
“မေမေ မမှတ်မိဘူးလား... ဒါ ပြာလဲ့လေ.. အရင် အိမ်ခဏခဏလာဖူးတယ်လေ”
“သြော်... သိပြီ အိမ်လာအိပ်နေကြ သမီးမဟုတ်လား”
“ဟုတ်တယ်လေ အန်တီမေရဲ့ အန်တီမေက ပြာလဲ့တောင် မမှတ်မိဘူး”
“အေးကွယ်... အန်တီက အသက်ကြီးပြီမို့လား... သမီးတို့ကလည်း လမ်းတွေ့ခေါ်ဖို့... ကဲ ကဲ သူငယ်ချင်းတွေ စကားပြောကြဦး အန်တီတို့ ဘုန်းကြီးကျောင်း ဥပုသ်သွားယူကြမလို့... အေးအေးဆေးဆေး လွတ်လွတ် လပ်လပ်နေကြ”
ကျွန်မ အမေက အသေးအဖွဲလေးက အစ အမှတ်သညာကြီးတဲ့သူပါ... ကျွန်မမမှတ်မိတဲ့ အရာတောင် အမေက မှတ်မိနေတတ်သလို... အဖေက တခုခု သတိမရတော့ရင် အမေကို ပြန်ပြန်မေးနေကြ... ဒါကြောင့် ကျွန်မတို့ သားအဖက အမေ့ကို ကွန်ပျူတာလို့ နောက်ခေါ်ကြပါတယ်... အဖေက သူ့မေ့သွားပြီဆို ငါ့ကွန်ပျူတာကို မေးလိုက်လို့ စရင် အမေ့မျက်စောင်းလေးက အဖေ့မျက်နှာပေါ် ၀ဲလို့ပေါ့...

“ပြာလဲ့ နင်အရမ်းပြောင်းလဲသွားတယ်ဟာ... အမေတောင် နင့်မမှတ်မိဘူး”
ကျွန်မပြောတော့ ပြာလဲ့က ပြုံးပြတဲ့ သူ့အပြုံးနောက်ကွယ်မှာ ၀မ်းနည်းခြင်းတွေ ရောပါနေတယ် ဆိုတာ ကျွန်မ အလိုလိုသိနေတယ်...
“ဆည်းဆာ”
“ပြောလေ ပြာလဲ့ ဘာပြောမလို့လဲ”
“အဟင့်...ဟင့်”
“ပြာလဲ့ ဘာလို့ငိုတာလဲ... မငိုပါနဲ့ဟာ... နင်ဘာဖြစ်နေတယ်ဆိုတာ ငါ့ကို သေသေချာချာ ပြောပါဦး... ငါ့မပြောဘဲနဲ့ နင်ငိုနေလို့ရော ပြီးသွားမှာတဲ့လား... နင့်ပြဿနာက ငါ့ပြဿနာပဲပေါ့... ငါ့ကို ပြောလိုက်ရင် နင့်စိတ်ထဲ ပေါ့သွားမယ်ဆို ငါ့ကိုပြောပြလေ... ငါတတ်နိုင်တာဆို ငါအကောင်းဆုံး ကူညီပေးမယ်...”
“ပြာလဲ့ ပြာလဲ့ မင်းတို့နဲ့ ကွဲသွားပြီး နယ်ပြန်သွားတော့ ချစ်သူတယောက်ရခဲ့တယ်”
“အင်း ဒါနဲ့ ဆက်ပြောပါဦး”
“သူက ပြာလဲ့အပေါ် သစ္စာမရှိဘူး... သူတခြားမိန်းကလေး တယောက်နဲ့ တွဲနေတယ်ဟ... ပြီးတော့လေ ပြီးတော့... ပြာလဲ့ ဆည်းဆာကို ပြောရမှ ရှက်လည်း ရှက်ပါတယ်ဟာ... အဟင့်...ဟင့်”
“ဘာမှ ရှက်စရာမလိုပါဘူး ပြာလဲ့ရယ်... တို့မိန်းမချင်း ပွင့်ပွင့်လင်းလင်းသာ ပြောပါ...”
“ပြာလဲ့... ပြာလဲ့ သူနဲ့ အတူတူနေဖြစ်ခဲ့တယ်... ပြာလဲ့တို့ကို မိဘတွေက စေ့စပ်ပေးခဲ့တယ်... သူက ပြာလဲ့ကို ချစ်လွန်းလို့ပါ ကိုယ်တို့ မကြာခင် လက်ထပ်ကြ မှာပဲဟာ ဆိုပြီး ပြောတော့ ပြာလဲ့လည်း သူ့ဆန္ဒကို လိုက်ရောမိခဲ့တယ်”
“ဒါက ပြာလဲ့တို့ အချင်းချင်း နားလည်မှုယူပြီး အတူတူနေကြတာပဲလေ ဒါက ပြဿနာမဟုတ်ပါဘူး... မဟုတ်မှ လွဲရော ပြာလဲ့မှာ ကိုယ်ဝန်ရှိနေတာကို သူက မယူနိုင်ဘူး ပြောပြီး နောက်တယောက်နဲ့ တွဲနေတာလား”
“မဟုတ်ဘူး ဆည်းဆာ မဟုတ်ဘူး အဲလို ဖြစ်လာခဲ့ရင်တောင် ပြာလဲ့ ကလေးကို ရအောင်မွေးမှာပဲ... ခုက အဲလို မဟုတ်ဘူး... သူခုတွဲနေတဲ့ ကောင်မလေးနဲ့လည်း မကင်းဘူးဟ... နောက်မှသိရတာက အဲဒီကောင်မလေးကို အိမ်ငှားပေးထားပြီး နေ့တိုင်း အဲကောင်မလေးနဲ့ သွားသွားနေတယ်... အဲဒါကို သူများ ပြောမှ သိရတာ... ပထမတော့ ပြာလဲ့လည်း မယုံဘူး... သူများတွေ မနာလိုလို့ ပြောတာလို့ ထင်ခဲ့တယ်... ပြာလဲ့ကို အသိတယောက်က နင်မယုံရင် ငါနဲ့လိုက်ခဲ့ဆိုပြီး လာခေါ်တယ်... ပြာလဲ့လည်း လိုက်သွားဖြစ်ခဲ့တယ်... ပြာလဲ့ အဲဒီအိမ်ရောက်သွားတဲ့ အချိန်မှာ....”
သူအဝေးကို ငေးမျှော်ရင်း စကားကို ခဏရပ်လိုက်တယ်... သူ့အတွက် ကြေကွဲစရာ ကောင်းတဲ့ ရင်နာစရာ ဖြစ်ရပ်တွေပါ... သူ့ကို ကျွန်မသနားနေမိတယ်... သူစကားမစပ်နိုင်သေးဘူး... သူ့မျက်ပြင်ကို မျက်ရည်တွေ စီးကျမလာပေမဲ့ သူ့ရင်ထဲမှာတော့ မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ရွာနေမှာ အမှန်ပဲ....

ဆက်ရန်
စာဖတ်သူများအားလုံးကို အစဉ်လေးစားလျက် ကြိုးစားပါဦးမည်....

Thursday, December 4, 2008

ဗီးနပ်စ်၊ ဂျူပီတာ၊ လ

အမှတ်မထင် ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အချိန်မှာ ကောင်းကင်မှာ ပြုံးနေတဲ့ smiley ပုံလေးတပုံ ပေါ်နေပါတယ်... အဲဒါတွေကတော့ မောင်လမင်းရယ်၊ မောင်ဂျူပီတာ ကြာသပတေးသားရယ်၊ မောင်ဗီးနပ်စ်ခေါ် သောကြာသားရယ် ပေါင်းစုံပြီး အပြုံးတစ်ပွင့် ဖန်ဆင်းပေးထားတာပါ... မီးလေးအမြင်ကတော့ အရမ်းကို လှပပြီး ကြည်နူးဖို့ကောင်းတဲ့ ညလေးတည ပိုင်ဆိုင်ရသလိုပါဘဲ... နားလည်တတ်ကျွမ်းတဲ့ လူကြီးတွေကတော့ နိမိတ်မကောင်းဘူးလို့ ပြောကြပါတယ်... ဒါပေမဲ့ သိပ်လှလွန်းလို့ ရိုက်ထားတဲ့ ဓာတ်ပုံလေး တင်ပေးလိုက်ပါတယ်နော်...


Wednesday, December 3, 2008

အင်တာနက် လေပြေ

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင် ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲ ဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့... သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မ မြင်ယောင်ကြည့်မိ သည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစုံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။

မှတ်ချက်။ ။ ညီမလေးတယောက် Forward mail ပို့ပေးထားတာ ကြိုက်လို့ သူငယ်ချင်းများအား ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်... အားလုံး ခံစားချက်များစွာပေးမဲ့ ၀တ္ထုကောင်းလေး တပုဒ်ဖြစ်ပါစေလို့ ဆုတောင်းလျက်....

Sunday, November 23, 2008

ငါအိုသွားသောအခါ...

သူငယ်ချင်းတို့ရေ မိဘနဲ့သားသမီးကြား ကွာဟမှုတွေကြောင့် အဆင်မပြေကြတဲ့ မိသားစုတွေကို ရည်ရွယ်ပြီး ဒီပို့စ်လေး တင်ဖို့ စဉ်းစားလိုက်ပါတယ်။ မီးလေး ကိုယ်တိုင်လည်း ဒီစာကို အရမ်းနှစ်သက်ပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် စာထဲက အကြောင်းအရာတွေကို သိနားလည်ပေမဲ့ တကယ်တမ်း အပြည့်မကျင့်ကြံ နိုင်သေးပါဘူး။ အားလုံး နားလည်နိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။ အခန့်မသင့်ရင် မဟုတ်မခံတတ်တဲ့ မီးလေးက (အဆင်မပြေတာ ရှိတဲ့အချိန်) ပြန်ပြောတတ် ပါတယ်။ ပြောပြီးလည်း အရမ်းကို စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အလိုလိုတုန့်ပြန် ဖြစ်သလို ဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့်တော့ လိုက်မမီနိုင်တော့တဲ့ ITခေတ်ထဲက အကြောင်းအရာတွေ လူကြီးတွေက ပိုသိနားလည်သလို(အမှန်တော့ ကွန်ပျူတာဆိုတာ ဘာမှန်းတောင်မသိ) ၀င်ပြောလာတဲ့အခါ၊ သားသမီးတွေ အနေနဲ့ကလည်း အချိန်ပေးပြီး သေချာ မရှင်းပြနိုင်တဲ့အခါ၊ ဒီနေ့ခေတ်နဲ့ သက်ဆိုင်တဲ့ နားလည်မပေးနိုင်တဲ့ ပြဿနာတွေ မိဘတွေဖြစ်တဲ့ လူကြီးတွေကလည်း ငါတို့မွေးထားတာ နင်တို့ထက် ပိုသိတယ်ဆိုတဲ့ ငါဆိုတဲ့ အစွဲတွေ မစွန့်မချင်းတော့ မိဘနဲ့ သားသမီးကြား ပဋိပက္ခက ဘယ်တော့မှ ရပ်မှာမဟုတ်သလို အချင်းချင်း နားလည်မှုရနိုင်မှာလည်း မဟုတ်ပါဘူး။

သားသမီးတွေ အနေနဲ့ကလည်း လူကြီးတွေကို နားလည်ပေးနိုင်ဖို့၊ မှားမှားမှန်မှန် လက်ခံနားထောင်ပြီး ပြန်လည်ရှင်းပြနိုင်ဖို့၊ မိဘကလည်း သားသမီးကို ငါဆိုတဲ့ မာန်အောက်မှာ ဖိနှိပ်ထားမယ့်အစား ပျံစမ်းပါ မင်း အတောင်ပံဖြန့်နိုင်သလောက် မြင့်မြင့်သာ ပြန်လိုက်စမ်းပါဆိုပြီး လမ်းဖွင့်ပေးမယ်ဆိုရင် မိဘနဲ့ သားသမီးကြား ပြဿနာဆိုတာလည်း နည်းပါးသွားမယ်လို့ မီးလေးထင်ပါတယ်။ ပဋိပက္ခတွေ ရှိလာတဲ့အခါ စိတ်အားငယ် တတ်ကြတဲ့ မိဘတွေကို စိတ်မညစ်စေရဖို့ သားသမီးတွေအနေနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီပို့စ်လေးက အိမ်တိုင်း အိမ်တိုင်း အိမ် ၁၀၀မှာ ၈၅လောက် ဖြစ်နေတဲ့ ပဋိပက္ခတွေကို လျော့နည်း သွားစေလို့တဲ့ ရည်ရွယ်ချက်နဲ့ မီးလေးဖတ်ရတဲ့ စာလေးတပိုဒ်ကို ပြန်လည်ဖြန့်ဝေလိုက်ပါတယ်။ မိဘနဲ့ သားသမီးကြား အမြဲတမ်း ပျော်ရွှင် ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း......

ငါအိုသွားသောအခါ
ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ အက်ႌ၊ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင် ပေးခဲ့တာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း၊ တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တလှည့်၊ ခြောက်တလှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာတွေ မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက “ဘာကြောင့်ဆိုတဲ့” မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ၊ လမ်းလျှောက်သင်စ အရွယ်တုန်းက တလှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာကို သတိရပေးပါ။

တနေ့ထက်တနေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနဲ့ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့လို့ အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန် အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီ့ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေ့ရမှာပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Monday, November 10, 2008

Mr. Bean Lovers!!!!!

သူငယ်ချင်းတို့ရေ ပို့စ်အသစ်ရေးဖို့ ကုန်ကြမ်းတွေတော့ ရထားပါတယ်။ ဒါပေမဲ့ မီးလေးကိုယ်တိုင် မအားတာရယ်၊ မီးလေး အားတဲ့အချိန် ကော်နက်ရှင်က မကောင်းတာရယ်ကြောင့် အသစ်တွေ မတင်နိုင်သေးတာကို နားလည်ခွင့်လွတ်ပေးကြပါနော်။ ခုတော့ ကော်နက်ရှင်လေးရတုန်း မီးလေးဆီကို သူငယ်ချင်းတယောက် ပို့စ်ထားတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ အသစ်စောင့်နေတဲ့ သူငယ်ချင်းတွေ၊ စာဖတ်သူတွေ၊ ညီအစ်ကိုမောင်နှမတွေ အားလုံး ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ ခုတော့ ဒီလောက်နဲ့ ကျေနပ်ပေးကြပါနော်။ နောက်ရက်ပိုင်း အားသွားတဲ့အခါ ရထားတဲ့ ကုန်ကြမ်းလေးတွေနဲ့ ပို့စ်တွေတင်ပေး သွားမှာပါ...









အားလုံး ပြုံးပျော်နိုင်ကြပါစေ.....

Monday, November 3, 2008

သင်ပုန်းကြီး ဖတ်စာ

သူငယ်ချင်းတို့ရေ မူလတန်းတုန်းက သင်ခဲ့ရတဲ့ သင်ခန်းစာကို တမျိုးသင်ခဲ့ရတယ်။ ပါးစပ်ထဲမှာလည်း ဆိုလို့ကောင်းလို့ ဆွဲနေခဲ့တယ်... ခုအဲဒီသင်ခန်းစာကို တမျိုးဆန်းသစ်ထားတဲ့ ဟာသလေးအနေနဲ့ သူငယ်ချင်းတယောက်က ပို့လိုက်လို့ အားလုံးကို ပြန်လည်မျှဝေလိုက်ပါတယ်...










ရယ်မောခြင်းဖြင့် အသက်ရှည်နိုင်ကြပါစေ...
ပုံ
ဟိုက် ရှာလကာရည် မီးလေး

Sunday, November 2, 2008

IT Show

မြန်မာနိုင်ငံ ကွန်ပျူတာရှင်များအသင်းချူပ်နှင့် ကွန်ပျူတာအသင်းများ၏ ၁၀နှစ်ပြည့် အထိမ်းအမှတ် သတင်းအချက်အလက်နှင့် နည်းပညာပြပွဲကို တပ်မတော်ခန်းမတွင် အောက်တိုဘာ ၃၁ရက်မှ နိုဝင်ဘာ ၂ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ စာအုပ်များ၊ MOBILE HANDSET နှင့် ဆက်စပ်ပစ္စည်းများ၊ DIGITAL CAMERAနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ခန်းပေါင်း ၁၅၀ကျော် ပြသခဲ့ကြပါတယ်။ မီးလေးလည်း ကွန်ပျူတာ တလုံးထပ်ဆင်စရာရှိတာနဲ့ ပြပွဲသွားရင်းနဲ့ လိုအပ်တာတွေ ၀ယ်ခဲ့ပါတယ်။ ဈေးနှုန်းကိုလည်း ပုံမှန်ဈေးနှုန်းနဲ့ အထူးလျော့ဈေး ရောင်းချပေးပါတယ်။

ဒီပြပွဲမှာ စိတ်ဝင်စားဖို့ကောင်းတာ တခုက ကွန်ပျူတာ တပ်ဆင်ပြိုင်ပွဲပါပဲ။ ကွန်ပျူတာ တပ်ဆင်ပြိုင်ပွဲဆိုတော့ ကွန်ပျူတာ တလုံးဆင်တာ လွယ်လွယ်လေးပါလို့ ထင်ကြပါလိမ့်မယ်။ ဒီလောက်လွယ်လွယ်နဲ့တော့ ဘယ်ရမလဲ တပ်ဆင်ပြိုင်ပွဲ မပြိုင်ခင် ရေးဖြေစာမေးပွဲတွေလည်း ဖြေရတယ်လို့ သိရပါတယ်။ ရေးဖြေစာမေးပွဲ အောင်မှသာ ထိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ပွဲမှာ ကင်မရာ မပါလာတဲ့ မီးလေးအဖို့ အတော်ကို စိတ်ညစ်သွားပါတယ်။ ဖုန်းကင်မရာက resolution က သိပ်မကောင်းဘူးလေ။ ဒါပေမဲ့ ရိုက်လာတဲ့ပုံတွေကို တင်ပေးထားပါတယ်။ အဲဒီပုံတွေထဲမှာ ဘလော့ဂ်ဂါ အကိုတွေတောင် ပါချင်ပါဦးမှာ (ကောင်မလေးနဲ့ တွဲသွားတာလေ :P)

ဒါကတော့ View Sonic ShowRoomပေါ့

ဒါကတော့ Toshiba ShowRoomပါ။ မော်ဒယ်လ်တွေရဲ့ သရုပ်ပြမှုနဲ့ presenter လုပ်နေတဲ့ ချစ်သုဝေ...








ဒါကတော့ MSI ShowRoom