စင်ကာပူနိုင်ငံမှ ပြန်လာသော အသက်(၁၃)နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးတွင် A/H1N1 ပိုးတွေ့ရှိရသဖြင့် ဆေးရုံတင် ကုသထားရကြောင်း သက်ဆိုင်ရာမှ ဇွန်လ(၂၇)ရက် စနေနေ့တွင် ထုတ်ပြန်ကြေငြာသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့လူတုပ်ကွေးရောဂါပိုးရှိသော အသက်(၁၃)နှစ် အရွယ်ရှိ ကျောင်းသူမိန်းကလေးမှာ ဇွန်လ(၁၆)ရက်၊ သောကြာနေ့က အခြားခရီးသည် (၉၁)ဦးနှင့်အတူ စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် စာဖတ်ဝိုင်းသို့ သွားသည့်အခါ မိန်းကလေးမှာ ချောင်းဆိုးနေသဖြင့် သက်ဆိုင်ရာ ဆရာမက သတိပြုမိပြီး ည(၉)နာရီ အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မိဘများက ပို့ပေးခဲ့ရာ၊ ဆေးရုံမှ စစ်ဆေးကြည့်ရှုရာ၌ လူနာတွင် A/H1N1ပိုး တွေ့ရှိခဲ့သည်။ မိန်းကလေးတွင် ရောဂါပိုးတွေ့ရှိသဖြင့် သူမနှင့် လက်ပွန်းတတီး အနီးကပ်နေခဲ့သည့် မိသားစုဝင်များ၊ သင်တန်းဆရာမနှင့် စာဖတ်ဝိုင်းအတူ တက်ရောက်ခဲ့သူများကို သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ အနီးကပ်စောင့်ကြည့် စစ်ဆေးလျက်ရှိသည်ဟု သိရှိရသည်။ ထို့အပြင် ဇွန်လ (၂၆)ရက် သောကြာနေ့က စင်ကာပူနိုင်ငံမှ လေယာဉ်ခရီးစဉ်အမှတ် (3k 585)ဖြင့် စီးနင်းလိုက်လာခဲ့သော ကျန်ခရီးသည် (၉၁)ဦးကိုပါ သက်ဆိုင်ရာ ကျန်းမာရေး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ ရောဂါပိုး တွေ့ရှိသော မိန်းကလေးကို ရန်ကုန်ဆေးရုံကြီးတွင် သီးသန့်ထားရှိ၍ အထူးကြပ်မတ်ကုသလျှက် ရှိသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်လည်း A/H1N1 ပိုးရှိသော ပထမဦးဆုံး လူနာများကိုလည်း တွေ့ရှိရကြောင်း ဗုဒ္ဓဟူး(ဇွန် ၂၄)နှင့် (ဇွန် ၂၅)ရက်နေ့တို့တွင် အသီးသီး ကြေညာသည်။ ထိုင်းနိုင်ငံတွင် လွန်ခဲ့သော မေလ (၁၂)ရက်နေ့မှ စ၍ ယနေ့အထိ လူနာပေါင်း (၁၂၀၀)တွေ့ရှိခဲ့ပြီး ဇွန်လ (၂၇)ရက် စနေနေ့တွင် (၂)ဦး သေဆုံးကြောင်း ကြေညာသည်။
ယနေ့ထုတ် Myanamar Newsweek ဂျာနယ်မှ ကူးယူဖော်ပြထားပါသည်။
Friday, July 3, 2009
A/H1N1 ရန်ကုန်မြို့သို့ ရောက်လာခြင်း
Labels:
သတင်း
Tuesday, June 9, 2009
မီးလေးနဲ့ ခါးပိုက်နှိုက်
ကလင်...ကလင်
မိုးလေးအေးအေးနဲ့ အိပ်လို့ကောင်းတုန်း နိုးစက်နာရီသံကြောင့် မီးလေး တစ်ယောက် အိပ်ယာထဲကနေ နိုးစက်ခလုတ်ကို ပိတ်လိုက်ပါတယ်။ နာရီဆီကို ရောက်နေတဲ့ လက်က အလိုလိုပြုတ်ကျသွားပြီး ပြန်အိပ်ပျော် သွားတယ်... ဟီး :D ။ ရုတ်တရက်လန့်နိုးလို့ နာရီကို ကမန်းကတမ်းလှမ်းကြည့်လိုက်တော့ ၈နာရီထိုးနေပြီ။ အိပ်ယာပေါ်က အလူးအလဲထပြီး မျက်နှာသစ်၊ ရေချိုး ကျောင်းသွားဖို့ ပြင်ဆင်ပြီး အိမ်က ထွက်ခဲ့ပါတယ်။ အိမ်က ထွက်လာတော့ အတော်လေးကို နောက်ကျနေပြီ။ ခုတလော အစာအိမ်ရောဂါက ပြန်ပြန်ထလာလို့ ဗိုက်ကလဲ နံနက်အိပ်ယာထထဲက အောင့်နေပါတယ်။ မီးလေး အစ်ကိုက ဗိုက်အောင့်နေတာ ကျောင်းကို တက္ကဆီငှားသွား ကားခ သူပေးမယ်လို့ ပြောပါတယ်။ ကပ်စေးကုပ်တဲ့မီးလေးက တက္ကစီစီးမယ့် နှစ်ထောင်ကုန်မယ့်အစား ၁၅၀သာ ကုန်တဲ့ လိုင်းကားနဲ့ပဲ သွားမယ်ဆိုပြီး ကားမှတ်တိုင်ကို ထွက်လာခဲ့ပါတယ်။
မီးလေးကျောင်းကို သွားတဲ့အခါ ကားနှစ်ဆင့် စီးသွားရပါတယ်။ ပထမက ကိုချက်စူလို့ ခေါ်တဲ့ ဘတ်စ်ကားတွေ ပါပဲ။ ကိုချက်စူကို စီးပြီး တာမွေက တဆင့် ပြန်ပြောင်းစီးရပါတယ်။ ကိုချက်စူလို့ခေါ်တဲ့ ဘတ်စ်ကားကြီး လာနေပါတယ်။ ကားအတက်အဆင်းအ၀မှာ ပိတ်နေလို့ အတော်လေးကို တိုးကြိတ်တက်ခဲ့ရပါတယ်။ ကားအလယ်မှာက လူတောင်မရှိဘူး အ၀မှာ ခြေတောင်ချစရာမရှိလို့ ခြေထောက်တဖက်က အောက်မချရဘဲ လူတွေနဲ့တင် တစ်နေပါတယ်။ အဲလောက်ထိ ကြပ်နေတာ ဒါနဲ့ မီးလေး အထဲကို တိုးဖို့ လုပ်လိုက်ပါတယ်။ အဲ မီးလေးကတော့ အထဲရောက်သွားပြီ အိတ်က လူကြားထဲ ကျန်နေခဲ့လို့ မနဲကို ဆွဲထုတ်ရတယ်။ ကားထွက်တယ် ဆိုရင်ပဲ ကံကောင်းစွာနဲ့ ထိုင်ခုံရခဲ့ပါတယ်။ ကားပေါ်မှာ အသိတစ်ယောက်နဲ့တွေ့ပြီး မီးလေးအတွက်ပါ ပေးလိုက်လို့ အလကားလည်း စီးရပါတယ်။ ကားခပေးမယ့် ပိုက်ဆံလေး လက်ထဲမှာ ကိုင်လို့ပေါ့။
တာမွေရောက်တော့ မီးလေးစီးရမယ့်ကားက အဆင်သင့်ပါလာလို့ ကားပေါ်က ဆင်းရင်ပဲ ပြေးတက်ခဲ့ပါတယ်။ အဲ... မီးလေးတို့များ ကံကောင်းနေတာ ထိုင်ခုံကလဲ အဆင်သင့် ကားကိုချောင်နေတာပဲ။ လက်ထဲမှာ ကိုင်ထားတဲ့ ပိုက်ဆံကို ပေးလိုက်ပြီး ကျောင်းကို စီးလာခဲ့ပါတယ်။ ဆင်းရမယ့်နေရာရောက်တော့ ဗိုက်အောင့်တာ ဘယ်လိုမှ မခံနိုင်တော့ဘူး။ နောက်ကျလက်စနဲ့ canteen မှာ breakfast စားပြီးမှပဲ ၀င်တော့မယ် ဆိုပြီး မုန့်ဟင်းခါးအကြော်နဲ့ မှာပြီး ထိုင်စားလိုက်တယ်။ စားသောက်ပြီးတော့ ပိုက်ဆံရှင်းဖို့ စားပွဲထိုးခေါ်လိုက်တယ်။
ပြဿနာက အဲဒီ့မှာ စတာ ကျောပိုးအိတ်ထဲကို ဘယ်လိုနှိုက်နှိုက် ပိုက်ဆံအိတ်ရှာမတွေ့ဘူး။ တော်တော်လေး ချွေးပြန်သွားတယ်။ ပိုက်ဆံအိတ်ကျန်ခဲ့တာလား ဒါလဲ မဟုတ်သေးဘူး အိမ်က ထွက်တာနဲ့ ကားခထုတ်ပြီး သေချာ ပြန်ထည့်ထားတယ်ပေါ့။ ကားပေါ်မှာလည်း ပိုက်ဆံအိတ်က မထုတ်ခဲ့ဘူးပေါ့။ နောက် မီးလေးရှာနေတဲ့ လက်က ကျောပိုးအိတ်ထဲက ထွက်လာပါတယ်။ ပါသွားပြီ ခါးပိုက်နှိုက်ခံလိုက်ရတာပါ။ မီးလေး ကျောပိုးအိတ်က တဖက်လွယ်တဲ့အိတ်ပါ။ ခွဲသွားတာမှာ သုံးမရတော့အောင်ကို ခွဲသွားတာ။ ပိုက်ဆံအိတ်ထက် ခုမုန့်ဟင်းခါးဖိုး ရှင်းဖို့က ပြဿနာ ထိုင်ငိုချင်စိတ်ပေါက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ ဒီနေ့မှ မီးလေးက ခါတိုင်းယူခဲ့တဲ့ ပိုက်ဆံအိတ်ကို အိတ်အသေးလေးနဲ့ လဲခဲ့ပြီး စာအုပ်ဝယ်စရာရှိလို့ ပိုက်ဆံပိုထည့်ခဲ့တာ ၂၀၀၀၀ကျော်တယ်။ နှမြောလဲ နှမြော၊ ခုပိုက်ဆံရှင်းရမှာလဲ ပြဿနာဆိုတော့ ငိုချင်တော့တာပဲ သိတယ်။
မုန့်ဟင်းခါးဆိုင်ကလည်း အိတ်ကိုကြည့်ပြီး ဘယ်ကားပေါ်မှာလဲ ဘယ်လောက်ပါသွားလဲ ၀ိုင်းမေးနေကြတာနဲ့ လူက ပိုငိုချင်လာတယ်။ မီးလေးအစ်ကိုဆီ အကျိုးအကြောင်းဖုန်းဆက်ပြီး ပိုက်ဆံလာရှင်းပေးဖို့ လှမ်းခေါ် ရတော့တာပေါ့။ တော်သေးတာက ဖုန်းဆက်နေတဲ့အချိန်မှာပဲ သူငယ်ချင်းလာတာနဲ့ ကြုံလို့ သူ့ဆီက အရင်ချေးပြီး မုန့်ဟင်းခါးဖိုး ရှင်းပေးလိုက်တယ်။ ကျောင်းတက်ရမှာလဲ စိတ်မပါတော့၊ လူလည်း တမျိုးပဲ ဖြစ်ပြီး မုန့်ဟင်းခါးဆိုင်မှာ ထီးကျန်ခဲ့ပါရော....:D။ တော်သေးတာက ကျောင်းကင်န်တင်းဆိုတော့ စာသင်ချိန်ပြီးတဲ့ အချိန် လာယူလို့ ရတယ်လေ။ အစတည်းက ကားငှားလာရင် ဒီလိုကြုံမှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ယူကြူံးမရ ဖြစ်မိပါတယ်။ တကယ်ပါ မျက်စိတမှိတ် ခဏလေးအတွင်းမှာပဲ အိတ်ခွဲခံလိုက်ရတာ။ တောက်လျှောက် ချောင်ပြီး ထိုင်လိုက်လာတာ မီးလေးတို့နားက မှတ်တိုင်မှာ ကားပေါ်တက်တက်ချင်း ခဏလေးအတွင်းမှာ အနှိုက်ခံလိုက်ရတာ။ လိုင်းကားစီးတဲ့ သူငယ်ချင်းတွေလဲ မလိုအပ်ဘဲ တနေရာထဲမှာကြပ်နေရင် ခါးပိုက်နှိုက် သတိထားကြပါလို့။
သြော်...မီးလေး...မီးလေး ပိုက်ဆံကားခ ၂၀၀၀နှမြောမိလို့ ပိုက်ဆံ ၂၀၀၀၀ အလကားဖြစ်သွားရတယ်လို့။ ၂၀၀၀၀တင် မကပါဘူး။ ကျောပိုးအိတ်ကလည်း သုံးမရတော့ပါဘူး စာအုပ်တွေမို့ ထွက်မကျတာ အတိုအထွာတွေဆို ထွက်ကျမှာ ကျိန်းသေတယ်။ ကျောင်းကို မီးလေးအစ်ကို လာကြိုပြီး လွယ်အိတ်တစ်လုံးပါ ၀ယ်ခဲ့ရလို့ အဲ့ဒီ့နေ့လေးကို မှတ်မှတ်ရရပါပဲ။ သူများတကာက ချွေးနဲ့ရင်းပြီး ရှာထားရတဲ့ ပိုက်ဆံကို သူတို့မို့လို့ အချောင်လုပ်ရက်လေခြင်းလို့ စိတ်မကောင်းခြင်းများစွာလည်း ဖြစ်မိပါတယ်။ အထူးသဖြင့် မီးလေးအစ်ကို,ကို တွေ့တိုင်း အားနာရပါတယ်။ သူရှာထားတဲ့ ပိုက်ဆံကို မီးလေးက ထိုင်ဖြုန်းသလို ဖြစ်တယ်လို့လည်း ကိုယ့်ကိုယ်ကို အရမ်းစိတ်လည်း တိုမိတယ်။ မီးလေးဆီက ပိုက်ဆံယူသွားတဲ့သူတွေ မီးလေး တဒင်္ဂအတွင်း မီးလေး စိတ်ခံစားပြီး စိတ်ဆင်းရဲခဲ့ရသလို သူတို့တွေ မကြုံရ၊ မခံစားရပါစေနဲ့လို့ ဆုတောင်းပေးရင်း......
သူငယ်ချင်း၊ စာဖတ်သူများလည်း ခါးပိုက်နှိုက် သတိထားကြပါလို့.....
ကျန်းမာရွှင်လန်းကြပါစေ....
Labels:
ဒိုင်ယာရီ
Thursday, June 4, 2009
မီးလေးပြန်ရောက်ပီ....
မီးလေး ဒီဘလော့ဂ်လေးကို ပစ်ထားမိတာ ဒီနေ့နဲ့ဆို ၁၁၇ ရက် ရှိသွားပါပြီ... စိတ်ကတော့ အမြဲ ရောက်ပေမယ့် မအားလို့ မရောက်ဖြစ်တာရယ်၊ အားပြန်တော့ ကော်နက်ရှင် မကောင်းတာရယ်.. အကြောင်းကြောင်းကြောင့် ဒီဘလော့ဂ်လေးနဲ့ ဝေးခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဘလော့ဂ်ဂါ အစ်ကို၊ အစ်မတွေနဲ့ အွန်လိုင်းမှာတွေ့တိုင်း မီးလေးကို ပျောက်နေလို့ သတိတရ မေးပေးကြတဲ့ ညီအစ်ကို မောင်နှမများ အားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်။ မီးလေးကို အားလုံးက မမေ့သလို မီးလေးကလည်း အားလုံးကို မမေ့ပါဘူးလို့ ပြောပါရစေ။ အားလုံးရဲ့ ကူညီပံ့ပို့မှုကြောင့် မီးလေးရဲ့ဘလော့ဂ်လေးဟာ အသက်ရှည်ခဲ့ရပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဒီပို့စ်လေးကလေ ပြောပါရစေ။
မီးလေးကို ဒီအတောအတွင်း ဘလော့ဂ်လေးကို စောင့်ရှောက်ပေးကြလို့လည်း ၀မ်းသာပီတိဖြစ်မိပါတယ်။ မီးလေးကို အချိန်မရတောင် ရသလောက်ရေးဖို့ အားပေးကြတဲ့ အစ်ကိုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မီးလေး အချိန်ရရင် ရသလို ဘလော့ဂ်ပြန်ရေးးသွားမှာပါ။ မီးလေးရဲ့ ဘလော့ဂ်ကို လာလည်ကြတဲ့ စာဖတ်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မီးလေး အိမ်ကို ပြန်ရောက်ရောက်ချင်း အားလုံးကို ဧည့်ခံပါရစေ...။
အဲ အစားမစားခင် ကဆုန်လပြည့်နေ့က အလွန်တရာကြည်ညိုဖွယ်ကောင်းတဲ့ ရွှေတိဂုံဘုရားကို အဝေးတနေရာမှာ စာဖတ်သူများသို့ ရည်ညွန်းပြီး ထည့်ပေးထားပါတယ်။ ဘုရားလည်းဖူးရင်း၊ အစားလည်း စားရင်းပေါ့.... :D
ပြည့်ဝန်းနေတဲ့လနဲ့ Golden Hill လို့ ခေါ်ကြတဲ့ ရွှေတိဂုံဘုရားကြီးဟာ ကဆုန်လပြည့်နေ့ညမှာ အလွန်တရာမှာ ကြည်ညိုဖွယ်ကောင်းပြီး ကဆုန်လပြည့်ညကို ပေါ်လွင်စေခဲ့ပါတယ်...ဘုရားဖူးပြီးတဲ့ စာဖတ်ပရိတ်သတ်အတွက် တည်ခင်းထားတဲ့ လက်ဘက်ထမင်းကိုလည်း သုံးဆောင်သွားကြပါဦး...
ဒါက ဆေးဘဲဥသုတ်....
ပါဆယ်ဆွဲဖို့အတွက် ကော်ပြန့်ကြော်...
အ၀စားပြီးမှ ပြန်ကြနော်...
မုန့်တွေနည်းတယ်လို့ ပြောတဲ့ အစ်ကို idulize အတွက်နဲ့ နောက်ကျမှ ရောက်လာတဲ့ စာဖတ်သူများအတွက် ဟောဒီမှာ
အားလုံးကို အစဉ်လေးစားလျက်.....
Labels:
ဒိုင်ယာရီ
Saturday, March 7, 2009
ကမ္ဘာ့အကြီးဆုံးခွေးများ
သူငယ်ချင်းတို့ရေ....
ခွေးချစ်တဲ့ သူငယ်ချင်းတို့အတွက် လက်ဆောင်လေး တခုပြင်ဆင်ထားပါတယ်... အဲ့ဒီလက်ဆောင်က ဘာဖြစ်ထင်လဲ???? ခွေးကြီးတွေပါ (ခွေးချစ်တဲ့သူဆိုတော့ ခွေးပဲပေးမှာပေါ့... ဟီ...ဟိ)...
သူငယ်ချင်းတို့ ရုံးသွား၊ ကျောင်းသွားလို့ အိမ်မှာ လူမရှိတဲ့အခါ သူငယ်ချင်းတို့အိမ်ကို သစ္စာရှိရှိနဲ့ စောင့်ပေးမှာ အိမ်စောင့်ခွေးလေးတွေပါပဲ... အိမ်စောင့်ခွေး လိုချင်ရင် ကြိုက်သလောက် ယူသွားကြနော်... အားလုံးကို လက်ဆောင်ပေးဖို့ တင်ထားတာ... အိမ်လုံဖို့ အတွက်တော့ စိတ်ချ... ကိုက်လိုက်လို့ကတော့ ဆေးရုံတောင် မီမှာ မဟုတ်ဘူး...
သူငယ်ချင်းတယောက်ဆီက ပို့လိုက်တဲ့ ဓာတ်ပုံများအား စာဖတ်သူများနှင့် မျှဝေခံစားလျှက်...
Labels:
ဓာတ်ပုံ
Saturday, February 28, 2009
GMail Offline
မီးလေး အွန်လိုင်းပေါ် မရောက်တာ အတော်ကို ကြာနေပါပြီ... မအားတာကို အကြောင်းအရင်းခံပြီး ပျင်းနေတာလေ... သူငယ်ချင်းတွေဆီ မရောက်တာကြာလို့ မေ့သွားပီလားတောင် မသိပါဘူး... ဒီနေ့ မီးလေး သူငယ်ချင်းတယောက်က သူ GMail Offline သုံးတာ အဆင်မပြေလို့ဆိုပြီး ပြောလာလို့ GMail Offline သုံးပုံကို သူငယ်ချင်းအားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်... သိပြီးသား သူများအတွက်တော့ သည်းခံဖတ်ပေးပြီး လိုအပ်တာများ ဖြည့်စွပ်ပေးကြပါနော်...
Offline သုံးမယ်ဆိုရင် ပထမဆုံးအနေနဲ့ Sign - In အရင်ဝင်ရပါမယ်... Sign - In ၀င်ပြီးပြီ ဆိုရင်တော့ ညာဘက် အပေါ်ဘက်က setting ကို ကလစ်နှိပ်ပြီး Labs tab ကို ရွေးပြီး Offline ကို ရှာရပါမယ်... Offline ကိုတွေ့ပြီ ဆိုရင်တော့ Enable ဆိုတဲ့ radio pattern ကို ရွေးရမှာ ဖြစ်ပါတယ်... ပြီးရင် Save Changes ကို ကလစ်နှိပ်လိုက်ပါ...
Save Changes လုပ်ပြီးရင် setting ရဲ့ ဘေးမှာ offline 0.2 ဆိုတဲ့ link တခုပေါ်လာပါလိမ့်မယ်... ထို link ကို ကလစ်နှိပ်ပါ... Install offline access for gmail ဆိုတဲ့ dialog box ကျလာပါလိမ့်မယ်... wizard အတိုင်း Next လုပ်ပါ... I trust this site. Allow it to use Gears. ဘေးမှ check box ကို အမှန်ခြစ် ခြစ်ပါ... Allow buttom ကို ကလစ်နှိပ်ပါ... Short Cut Icon ထားချင်တဲ့ နေရာ Desktop, Start Menu, Quick lunch bar ထဲက တခုခုကို ရွေးပါ... ထို့နောက် OK လုပ်ပါ...
လုပ်ပြီးပြီးချင်း အသုံးပြုလို့ရသေးမှာ မဟုတ်ပါဘူး... Finishing Offline installation အရင်လုပ် ပါတယ်... ပြီးရင် online ဖြစ်နေတဲ့ အချိန်မှာ mail တွေ၊ attachment တွေကို Synchronize လုပ်ပါတယ်... ကိုယ်ဖွင့်တဲ့အချိန် Synchronize လုပ်ပြီးသလောက်ပဲ အသုံးပြုလို့ ရဦးမှာ ဖြစ်ပါတယ်... online ဖြစ်နေတဲ့အချိန် auto Synchronize လုပ်ပေးတာမို့ ကျန်တာ ဘာမှလုပ်ဖို့ မလိုတော့ပါဘူး...
အရေးကြီးတဲ့ အချက်က Offline သုံးမယ့် user တွေဟာ Internet cafe လိုဆိုင်တွေမှာ အသုံးပြုလို့ အဆင်မပြေနိုင်ပါဘူး... စက်ထဲမှာ သိမ်းထားတာကြောင့် အခြား user တွေ ကိုယ့်မေးလ်ကို password မလိုဘဲ Double Click နှိပ်တာနဲ့ ၀င်နိုင်တာရယ်ကြောင့် GMail Offline ဟာ ကိုယ်ပိုင် Deskop, Laptopနဲ့ အင်တာနက်သုံးသူတွေ အတွက်သာ အဆင်ပြေနိုင်တာ တွေ့ရပါတယ်... မီးလေး မသိတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်...
သူငယ်ချင်းအားလုံး ကျန်းမာရွှင်လန်းကြပါစေ....
Labels:
ဆောင်းပါး
Saturday, February 14, 2009
Happy Valentine's Day!
ဒီနေ့ ချစ်သူများနေ့မှာ ချစ်သူတိုင်း ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ဒီနေ့ ချစ်သူများနေ့မှာ မီးလေးတို့ ဗဟန်း ၃လမ်း အ၀ိုင်းထိပ်က Signature မှာ Valentine's Set Menu သွားစားတယ်... (ဟီး... ကြွားတာ) ကြိုက်တဲ့သူတွေအတွက်ကတော့ တဦးကို $ 14 ဆိုတာ တန်ပါတယ်... မီးလေးတို့ကတော့ မြန်မာပါးစပ်ဆိုတော့ သိတဲ့အတိုင်း ခံတွင်းမလိုက်ချင်ဘူး... ငါးပိရည်၊ တို့စရာနဲ့မှ ခံတွင်းတွေ့တာ...
ဒီနေ့ စားလာသမျှ Set Menu ကို စာဖတ်သူတွေအတွက်လည်း ပါဆယ်ဆွဲလာခဲ့တယ်... လုတော့ မစားနဲ့နော်... ဖြည်းဖြည်းချင်း သုံးဆောင်သွားနော်...
ဒါလေးက တူနာနဲ့ လုပ်ထားတဲ့ ဖယောင်းတိုင်ပါ... သူတို့ကတော့ Romatic ဆန်ဆန်ပါပဲ ဖယောင်းတိုင်က အလယ်က အတိုင်တိုလေးပါပဲ... ဘေးက တူနာနဲ့ ဆော့စ်တွေနဲ့ကို ဖယောင်းတိုင်ပုံဖော်ထားတာ... မီးမှုတ်ပြီးရင် စားလို့ရပါပြီ...
ဒါလေးကတော့ main food ပါ... ဘာတွေမှန်းတော့ မသိဘူး စိမ်းစိမ်းတွေ စုံနေတာပဲ...
ရွှေဖရုံသီး soupပါ...
ဒါကတော့ ငါးပေါင်းစုံနဲ့ လုပ်ထားတဲ့ အရှေ့တိုင်း အစားအစာပေါ့... နှာခေါင်းထဲမှာတော့ ပူစီနံ့အနံ့ အတော်ရတယ်...
ကဲ...စားလို့ ၀ပြီဆိုရင်တော့ အချိုပွဲအနေနဲ့ ပထမဆုံး ရေခဲမုန့်
ပြီးတော့ စပါကလင်ဝိုင်ပါ ပါသေးတယ်... ပြီးရင် ချောကလက်နဲ့ ရေခဲချောင်း ဒါးလှီးမုန့် ပုံစံမျိုးနဲ့ ပန်းနဲ့ ချောကလက်တို့ပဲ ဖြစ်ပါတယ်...
ပြီးတော့ ကြွားလက်စနဲ့ ဆက်ကြွားလိုက်ဦးမယ်... ဒီနေ့ရထားတဲ့ လက်ဆောင်တွေက (ယူတော့ ယူတွားနဲ့နော်... :p)
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း...
Labels:
ဆောင်းပါး
ICT Exhibition 2009
ပြည်ထောင်စုနေ့က ICT Exhibition 2009 ကို Myanmar Info-Tech ၀င်းထဲမှာ ကျင်းပခဲ့ပါတယ်... အဲဒီ့ပွဲမှာ ပြထားတဲ့ ပစ္စည်းတွေကို စာရေးသူ သွားရည်ပဲကျနိုင်ခဲ့ပါတယ်... အရင်လက ပစ္စည်းတွေ ၀ယ်တာနဲ့ ခုနဲ့ တအား ဈေးတွေကလည်း ဟကုန်တော့ စာရေးသူတို့ ရင်ခံနေတာပေါ့... စာဖတ်ပရိတ်သတ်ကြီးလည်း သွားရည် ကျနိုင်အောင် ဓာတ်ပုံတွေ တင်ပေးလိုက်ပါတယ်... အော် လိုချင်တာရှိလည်း အလကား ယူသွားလို့ ရတယ်နော်...
ဒီပုံကတော့ ဂိမ်းပြိုင်ပွဲမှာ ဆုပေးမယ့် ဆုတွေပေါ့... အဲ့ဒီထဲမှာ မီးလေးအတွက် တခုမှ မပါတာတော့ သေချာတယ်... ဟီး
Labels:
ဆောင်းပါး
Friday, January 30, 2009
လွတ်လပ်ရေးနေ့
ဒီပို့စ်လေးက လွတ်လပ်ရေးနေ့ထဲက တင်ပို့ရေးထားတဲ့ပို့စ်လေးပါ... ရေးပြီးတင်မရလို့ သိမ်းထားပြီး ခုမှတင်ရတာ ရက်တွေကို ရှေ့ပြန်လှည့်လိုက်တာပေါ့ ဟီ ဟိ... လွတ်လပ်ရေးနေ့ဆို ကလေးတွေအားလုံး ပျော်ရွှင်ကြရပါတယ်။ ဒီတခေါက် လွတ်လပ်ရေးနေ့မှာ ကစားတောင် မကစားလိုက်ရဘူး။ လွတ်လပ်ရေးနေ့ဆို မီးလေး အရင်တုန်းက နှစ်တွေကို အရမ်း သတိရမိပါတယ်။ အရင်ကဆို မီးလေးတို့ အဘိုး(အမေရဲ့ အဖေ)က လွတ်လပ်ရေးနေ့ မရောက်ခင် တရက်အလိုမှာ မြန်မာနိုင်ငံအလံကို ၀ါးလုံးမှာချီနေတဲ့ အဘိုးကို စပ်စုတဲ့မီးလေးက ဘိုးဘိုး ဘာလုပ်ဖို့တုန်း မေးတော့ မနက်ဖြန် လွတ်လပ်ရေးနေ့ အိမ်မှာ ထောင်ထားဖို့တဲ့လေ။ နောက်နေ့ လွတ်လပ်ရေးနေ့မှာတော့ ရပ်ကွက်ထဲက အိမ်တိုင်းအိမ်တိုင်း အလံတွေ လွှင့်ထူထားကြပါတယ်။ လမ်းပေါ်မှာလည်း ကားခေါင်းတွေမှာ လွှင့်ထူထားကြတာကို တွေ့ရပါတယ်။ အလံတွေ မြင်တိုင်းမြင်တိုင်း ဘာမှန်းမသိ စိတ်ထဲမှာ အရမ်းပဲ ဂုဏ်ယူနေမိပါတယ်။ ခုနောက်ပိုင်းတော့ အိမ်တွေမှာ အလံတွေ လွှင့်ထူတာ မတွေ့ရတော့ပါဘူး။ လွတ်လပ်ရေးနေ့ရောက်တိုင်း တခုတခုလိုနေသလို ခံစားရပါတယ်။
အဲ... နောက်တခုက လွတ်လပ်ရေးနေ့ ရောက်တိုင်း လမ်းတိုင်းလမ်းတိုင်း ပြိုင်ပွဲတွေ ကျင်းပပေးရတာပါပဲ။ မီးလေးတို့က ရွာဆော်လေ ထစ်ခနဲဆို မီးလေး မပါတာမရှိဘူး။ အော်... ကြုံတုန်းလေး ကြွားရဦးမယ် (ကြွားချင်နေတာ ကြာပြီ) ။ မီးလေး မူလတန်းအရွယ်က အပြေးချန်ပီယံလေ ကျောင်းပေါင်းစုံ ၂၄ကျောင်းပြိုင်တာ ပထမရတယ်၊ နောက်တော့ မြို့နယ်၊ မြို့နယ်အဆင့်မှာလဲ ပထမ၊ နောက် တိုင်းအဆင့်ပြိုင်ပွဲမှာ ဒုတိယ၊ နောက်ခရိုင်အဆင့်မှာမှ ပြုတ်သွားတော့တယ်... ဟီးးးး ။ ပြုတ်ဆိုလို့ ပြုတ်ရတဲ့ အကြောင်းအရင်း အတင်းတုတ်ရဦးမယ်။ အရင်ပွဲတွေမှာက မီးလေးတို့အသက်နဲ့ရွေးတယ်။ မီးလေးက အရွယ်ထက် ပိုပြီးထွားတယ်လေ အရပ်အမောင်းကောပေါ့။ အဲဒီ့တုန်းက မီးလေးက သုံးတန်း၊ နောက်ပြီး မီးလေးက အသက်မပြည့်ဘဲ ကျောင်းတက်တာဆိုတော့ လေးတန်းကလေးတွေနဲ့ ပြိုင်ရတာများတယ်။ ခရိုင်အဆင့်မှာ အရပ်နဲ့ ရွေးတယ် လူကလည်း ပိုစုံလာတယ်လေ။ အရပ်နဲ့ရွေးတော့ ပြဿနာက အဲဒီ့မှာစတာ။ မီးလေးနဲ့ ပြိုင်ရမယ့် သူတွေက လေးတန်း၊ ငါးတန်းတွေ၊ ပထမတော့ နည်းနည်းဖြုံသွားတယ်။ နောက်ယှဉ်ပြိုင်ချင်းသာ အဓိကပါပဲလေဆိုပြီး ပြိုင်ဖို့ နေရာအသင့်ယူလိုက်တယ်။
ဒိုင်လူကြီးရဲ့ ၀ီစီမှုတ်သံကြားပြီးနောက်မှာတော့ မီးလေးတို့ အသားကုန်ပြေးတော့တာပေါ့။ ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းထက်တောင် မြန်သေး (ကပ်ကြွားတာ)။ မီးလေးက ဒုတိယနေရာက ပြေးနေတယ်။ ပန်းဝင်ခါနီး ခြေနှစ်လှမ်းလောက်အလိုမှာ ရှေ့က တယောက်နဲ့ ယှဉ်လျက်ဖြစ်ပြီး ကျော်တက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာ မီးလေး လေထဲကို မြှောက်တက်သွားတယ်။ ပွဲကြည့်စင်က လူတွေကလည်း ဟင်ခနဲ၊ ဟာခနဲပေါ့။ မီးလေးတင်မဟုတ်ပါဘူး မီးလေးနဲ့ယှဉ်လျက်ကောင်မလေးပါ မြှောက်တက်သွားတာ။ နောက်မှာ သိလိုက်ရတာက ဒိုင်လူကြီးက မီးလေးတို့နောက်ကနေ ဂုတ်ကနေလှမ်းဆွဲထားတာပါ။ ဘယ်သူမှ ဘာမှန်း မသိဘဲနဲ့ ဒိုင်လူကြီးရဲ့ မညီမျှမှုကို ခါးဆီးခံလိုက်ရတာပါ။ အကုန်ပြန်ပြေးရမယ်တဲ့ ဘာအကြောင်းပြချက်မှ မပေးခဲ့ပါဘူး။
ပွဲကြည့်စင်မှာလည်း အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီ မီးလေးကလည်း အားကုန်ထုတ် သုံးထားတော့ နောက်တကြိမ် ၀ီစီမှုတ်တဲ့အချိန်မှာ ခြေကကျနေပြီလေ။ အဲတော့ တတိယနဲ့ ရှုံးခဲ့ရတယ်။ ပထမနဲ့ ဒုတိယရတဲ့သူကိုပဲ ခရိုင်က ရွေးချယ်ပါတယ်။ ရသွားတဲ့သူနှစ်ဦးက ဒိုင်လူကြီးရဲ့ ကျောင်းကဆိုတာ အားလုံးသိနေကြပါတယ်။ ဆရာ၊ ဆရာမတွေလည်း ကျောင်းက အားလုံးပါလာကြတော့ အကုန်ရုန်းရင်း ဆန်ခတ် ဖြစ်ကုန်တယ်။ မီးလေးအမေက ဆရာမတွေကို ထိန်းပြီး တော်ပါတော့ မပါသွားတော့လည်း ကျွန်မတို့ မပင်ပန်းတော့ဘူးပေါ့ လာပါဆိုပြီး ဆွဲခေါ်လာတယ်။ မီးလေးနဲ့အတူ ဂုတ်ဆွဲခံရတဲ့ ကောင်မလေး ကျောင်းကလည်း မကျေနပ်ကြဘူးပေါ့။ အဲတော့ မီးလေးတို့ကျောင်းက ဆရာမတွေကပဲ ၀င်ဆွဲပြီး ပြိုင်ပွဲလည်း တခန်းရပ်သွားပါတော့တယ်။ မာရသွန်ပြေးပွဲ ၀င်ပြိုင်ဖို့လုပ်တုန်းက ဖောင်တင်တာ နောက်ကျလို့ ၀င်မပြိုင်ခဲ့ ရဘူး။ နောက်နှစ်မှာ ၀င်ပြိုင်မယ်ဆိုပြီးလည်း အားခဲထားရော မီးလေး ဒီအရွယ်ရောက်တဲ့အထိ မာရသွန်ပြေးပွဲ မကျင်းပတော့ပါ။ အဲလောက်ထိ ပြေးတဲ့နေရာမှာ တော့ပ်ဖြစ်တာ။
အဲ... လွတ်လပ်ရေးနေ့ လမ်းကပြေးပွဲတွေမှာဆိုရင် ပရိသတ်က ဒိုင်လူကြီးတွေကို သွားပြီး ခုလိုသြဘာ ပေးကြပါတယ်။ မီးလေးကို ၀င်မပြိုင်ခိုင်းပါနဲ့ သူပါရင် ကျွန်တော်တို့တွေ ဆုရမှာ မဟုတ်တော့ဘူးလို့ ပြောကြတဲ့ အထဲမှာ ရှေ့ဆုံးကို မီးလေးအစ်ကိုပါပဲ။ မီးလေးကို အတော်ချစ်တာ ပြောပုံကိုလည်း ကြည့်ဦး။ မီးလေးပါမယ်ဆိုရင် သူ့ကို ကျွန်တော်တို့နဲ့ ယှဉ်မထားနဲ့ နောက်မှာထားပေးပါတဲ့ ... ဟွန်း။ ပြိုင်ပွဲစည်းရဲ့ ခြေငါးလှမ်းအကွာကနေပဲ ၀င်ပြိုင်ခွင့်ရပါတယ်။ သူတို့ပြောလည်း ပြောစရာပင် မီးလေးက သူတို့ကို ဘယ်လိုပင် အကြောပေးထားစေကာမူ ပထမချဉ်း ဆွတ်ခူးရရှိစမြဲပင်။ ထုတ်ဆီးတိုးပွဲဆိုရင်တော့ ဟိုဘက်ကလည်း မီးလေးခေါ်ချင်တယ်၊ ဒီဘက်ကလည်း မီးလေးခေါ်ချင်တယ်။ မီးလေးကို လုနေကြရောပဲ မီးလေးက လျင်လည်းလျင်တော့ မီးလေးပဲ အောာင်သူအောင် ကစားနိုင်တယ်။ မီးလေးပါတဲ့ဘက်က အမြဲနိုင်တယ် ဒါကြောင့် သူတို့လုနေကြတာလေ။
ခုတော့လည်း အလုပ်တွေဝင် မအားတာရယ်ကြောင့် လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့်မရတော့တာ ခုဆို လေးနှစ်ရှိပါပြီ။ လွတ်လပ်ရေးရအောင် ကြိုးပမ်းထမ်းဆောင် သွားကြတဲ့ ခေါင်းဆောင်ကြီးများနဲ့ ရဲဘော်တွေကြောင့် လွတ်လပ်ရေးရဲ့ အရသာကို မီးလေးတို့ အပြည့်အ၀ခံစားကြရပါတယ်... ခုလို လွတ်လပ်ရေး ရချိန်မှာ လွတ်လပ်ရေးအတွက် အသေခံ တိုက်ပွဲဝင်သွားကြတဲ့ ရဲဘော်များအားလုံးကို အတူရှိစေချင်ပါတယ်... ကိုယ်ကျိုးမဖက်ဘဲ လွတ်လပ်ရေးရအောင် အသက်စွန့်သွားကြတဲ့ နိုင်ငံခေါင်းဆောင်ကြီးများနှင့်တကွ ရဲဘော်များအား ပြန်ပြောင်း အောက်မေ့ရင်း ဂုဏ်ပြုလျက်....
Labels:
ဆောင်းပါး
Tuesday, January 27, 2009
မီးလေး ပြန်ရောက်ပီ
မီးလေးခုတလော ပျောက်ချက်သားကောင်းဆို ဇန်န၀ါရီလ ၄ရက်နေ့ထဲက စီပုံးတွေကော ပို့စ်တွေကော တင်မရ၊ ရိုက်မရဖြစ်နေတယ်လေ... လွတ်လပ်ရေး နေ့အတွက် ရေးထားတဲ့ပို့စ်တောင် မတင်လိုက်ရဘူး။ Publish post လုပ်လိုက်တာနဲ့ ERROR 403 ပဲ တက်တက်လာပြီး ဘာမှ လုပ်မရခဲ့ဘူး။ စီပုံးမှာ ရေးပြီး post လုပ်ပြန်တော့ ERROR 403ပဲ နှစ်ရက်သုံးရက်ဆက်တိုက် ပို့စ်ကြိုးစားပြီး တင်ကြည့်သေးတယ်။ ဒါပေမဲ့ ထူးမလာဘူး။ ဒါနဲ့ မီးလေးလည်း ပစ်ထားလိုက်တယ်။ သူငယ်ချင်းတွေရဲ့ အိမ်ကို ရောက်ပါတယ်။ ဒါပေမဲ့ စီပုံးမှာ ရိုက်မရလို့ အသံမပေးဘဲ ပြန်လာခဲ့ရတာပါ။ ဦးလေး နာရေးကိစ္စနဲ့ အောင်လံကို သွားပြီးပြန်ရောက်တော့ ရမရ ၀င်ကြည့်လိုက်ပါဦးမယ်ဆိုပြီး ကွန်ပျူတာရှေ့ထိုင်ပြီး မီးလေးရဲ့ စီပုံးမှာ စာရိုက်ကြည့်တယ်။ post ခလုတ်ကို နှိပ်ပြီးချိန်ကစပြီး ဘုရားစာတွေ တောက်လျှောက်ရွှတ်နေမိတယ်။ posting ဆိုတာမြင်နေရင်းပေါ့ ကံကောင်းစွာနဲ့ စီပုံးမှာ စာလေးတက်သွားတော့ ပို့စ်တင်ဖို့ ကြိုးစားကြည့်မယ်ဆိုပြီး ဒီပို့စ်လေးနဲ့ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ “အားလုံး မင်္ဂလာပါ”
ပို့စ်ပြန်တင်လို့ရပြီဆိုတော့ ပို့စ်တွေ ပုံမှန်အတိုင်း ပြန်တင်သွားဖို့ရှိပါတယ်။ မတင်ဖြစ်သေးတဲ့ ပို့စ်တွေရောပေါ့။ အားလုံးက သတိတရနဲ့ လာလည်ကြလို့ ၀မ်းသာကြည်နူးမိသလို အားလုံးကို ကျေးဇူးတင်ပါတယ်။ မီးလေးကို စိုးရိမ်တကြီး နေမကောင်းဘူးလားလို့ မေးတဲ့သူတွေအတွက် မီးလေးနေကောင်းပါတယ်။ နေမကောင်းတာက Web Browser လို့ ပြောရမလိုဖြစ်နေတယ်... connection ကောင်းကောင်းနဲ့ error မတက်ဘဲ အဆင်ပြေပြေ ပို့စ်တင်နိုင်ဖို့ ဆုတောင်းရင်း.....
Labels:
တွေးမိတွေးရာ
Subscribe to:
Posts (Atom)









