Pages

Monday, February 11, 2008

မီးလေးခရီးသွားမှတ်တမ်း-၂

ကားလမ်းအတိုင်း လူခုနှစ်ဦး ပြည့်သိပ်ပြီးလိုက်လာတဲ့ကားလေးဟာ လူးလှိမ့်လို့ နေပါတော့တယ်။ ကားနောက်ဖုံး တွင်းပါလာတဲ့ ပစ္စည်းတွေဟာ ဆိုရင်ဖြင့် စည်းချက်တီးနေသလား ထင်မှတ်မှားလောက်အောင် ခလုန်း၊ ခလွတ်ဖြစ် နေပါတော့တယ်။ လမ်းဆိုးဆုံးကာနီးမှာ လမ်းကောင်းကို အဝေးက လှမ်းမြင်ရပါတယ်။ လမ်းကောင်း ရောက်တော့မှာဆိုတော့ ၀မ်းသာအားရနဲ့ပေါ့ ။ အနားလည်းရောက်ရော လမ်းကောင်းရဲ့ အဆုံးကို လှမ်းမြင် နေရတယ်။ ဒီလိုနဲ့ပဲ အကောင်းတဖြတ် အဆိုးတဖြတ်ဖြစ်တဲ့လမ်းကို မောင်းလာလိုက်တာ ကျိုက္ကလွန်ဗွန်း ဘုရားနားကို ရောက်ပါရော။ တလမ်းလုံးလည်း ကားမှန်ကို တင်လိုက်၊ ချလိုက်လုပ်ရတာ စာရေးသူရဲ့ လက်မနဲ့ လက်ညှိုးကြားက အသားတွေဆို အထိမခံနိုင်အောင် ရဲတွတ်နေပြီလေ။ မှန်မတင်လို့လည်း မရဘူးလေ။ ကိုယ်ပိုင်ကားလေးတွေ ဖြတ်သွားရင် ကိစ္စမရှိပေမဲ့ ဘုရားဖူး ကားကြီးတွေ ဟိုင်းလတ်ကားတွေ မောင်းသွားရင်တော့ ဖုန်တွေအလိပ်လာတတ်လာပြီး ကားလမ်းတောင် မမြင်ရတော့ဘူး။

စာရေးသူစိတ်ထဲတောင် ကားလမ်းနဲ့ လှည်းလမ်း မှားလာလားတောင် ထင်မိပါတရ်။ လမ်းကောင်းစဉ်က ကျော်တက်လာသမျှကားတွေတောင် စာရေးသူတို့ကားကို ကျော်တက်လို့ သွားကြပါပြီ။ သဲလမ်းပေါ်က ဂျိုင့်ခွက်ကြီးတွေက အပြည့်ပါပဲ။ ဂျိုင့်ခွက်ကြီးတွေမှ ကားပြေပြေဆင်းလို့ရမယ့်နေရာကို ရွေးပြီးမောင်းသွား ရပါတရ်။ နို့်မဟုတ်ရင် ကားဗိုက်နဲ့ ဂျိုင့်ထဲက အချွန်အတက်တွေနဲ့ သွားသွားဆောင့်နေလို့ပါပဲ။ ဂျိုင့်ခွက်ပေါင်းများစွာကို ၄၅မိနစ် တနာရီနီးပါး မောင်းသွားပြီး လောက်မှာတော့ ဂ၀ံလမ်းတလှည့် ကတ္တရာလမ်း တလှည့် လိမ့်လိမ့်သွားရပါတရ်။ ရန်ကုန်ကနေ ဗိုလ်မြတ်ထွန်းတံတားအထိ ၃၆မိုင်ကို ၄၅မိနစ်လောက် မောင်းသွားပေမယ့် ဗိုလ်မြတ်ထွန်းတံတားကနေ ဇလွန်မြို့ထိ ၃၃မိုင်ကို ၂နာရီခွဲ၊ ၃နာရီနီးပါးလောက် မောင်းခဲ့ရပါတယ်။

ဇလွန်မြို့ထဲမှ ပြည်တော်ပြန်ဘုရားထိ ၁မိုင်မောင်းရပါတယ်။ ကား၊ ဆိုက်ကား၊ ဒေါ်လှကြည်(ထော်လာဂျီ)တွေ ရှုပ်ယှက်ခတ်နေပေမဲ့ ကားလမ်းက နှစ်လမ်းသွားပဲဖြစ်လို့ ရောက်ယှက်ခတ်နေပါတော့တယ်။ ဒီကြားထဲ လမ်းတခြမ်းက ပြင်နေတော့ ပိုဆိုးပေါ့။ ကားလမ်းတလျှောက်လုံး ဇလွန်မြို့တွင်း လမ်းပြင်တာ အပါအ၀င် သုံးလေးခုပဲ တွေ့ခဲ့ရပါတရ်။ စာရေးသူတို့ ရန်ကုန်မှာ စီမံကိန်းနဲ့ ပျက်နေတဲ့လမ်းတွေကို နေ့ချင်းပြီး ကတ္တရာလမ်းခင်းတာ တွေ့ရပါတရ်။ ဒီစီမံကိန်းလေးသာ ဇလွန်သွားတဲ့လမ်းကို ခင်းပေးမယ်ဆိုရင် ဘယ်လောက်များ ကောင်းမလဲလို့ တွေးမိပါသေးတယ်။ ပြင်တဲ့နေရာတွေ ပြင်ထားပေမဲ့လည်း ကိုယ်ထူ ကိုယ်ထ လုပ်ကြတယ်ထင်တာပဲ စာရေးသူတွေးမိတာပါ(ပြင်တဲ့နေရာက နည်းတာမို့)။ တချို့နေရာမှာဆို ကားလမ်းကို မြေကြီးပဲ ခင်းတာတွေ့ရတရ်။ ဘုရားရင်ပြင်တော် ရောက်ရောက်ချင်း လမ်းမြန်မြန် ကောင်းပါစေလို့ အပြေးလေး ဆုတောင်းမိပါရဲ့။

ဇလွန်ပြည်တော်ပြန်ဘုရားကို တော်တော်များများ သွားဖူးကြပါတရ်။ အမြဲလည်း စည်ကားနေပါတရ်။ ခုလို လမ်းကြမ်းပုံမျိုးနဲ့ဆို အသက်ကြီးတဲ့သူတွေ ဘုရားဖူးချင်တယ်ဆိုတောင် ဖူးဖို့ မလွယ်ပါဘူး။ ပိုက်ဆံချမ်းသာပြီး ဇိမ်ခံကားစီးနိုင်တဲ့သူလောက်သာ အေးအေးဆေးဆေးသွားနိုင်မှာဖြစ်ပြီး၊ ကားမရှိတဲ့သူဆို ကားဆောင့်တာနဲ့ တင်ခရီးပန်းပြီး ရောဂါရနိုင်ပါတရ်။ ဘုရားဖူးယာဉ်နဲ့သွားဖို့ဆိုတာကလည်း မလွယ်လှပါဘူး။ အခေါက်ရေ ပြည့်ဖို့အတွက် မောင်းလိုက်ကြတာ လေယာဉ်တောင် အရှုံးပေးရမယ်။ ခရီးလမ်း ဘယ်လောက်ကြမ်းကြမ်း၊ ဘယ်လောက်ပင် ဝေးစေကာမူ မြတ်စွာဘုရားရဲ့ ဆင်းတုတော်ကို ဖူးတွေ့လိုက်ရရင်ဖြင့် ရင်ထဲကို အေးပြီး ငြိမ်းချမ်းသွားခဲ့ရပါတရ်။ ဒါကြောင့် ဘုရားရိပ်၊ တရားရိပ် အေးချမ်းတရ်လို့ ပြောကြတာ။

ဘုရားကြီးကို တပတ်ပတ်ပြီး ဘုရားအနောက်ဖက်က ဈေးတန်းလေးမှာ ၀ယ်ချင်တာလေးတွေနဲ့ လက်ဆောင်လေးတွေ ၀ယ်ဖို့ဆင်းလာခဲ့ကြပါတရ်။ စာဖတ်သူတို့အတွက်လည်း လက်ဆောင်တွေ ပါတရ်နော်။ နောက်နေ့မှပုံတွေတင်ပေးတော့မယ်။ ဘုရားဝန်းထဲမှာလည်း ဘုရားဖူးလာကြတဲ့ ဧည့်ပရိတ်သတ်တွေဟာ ဆိုရင်ပဲ ဟိုနားတစု ဒီနားတစု ထမင်းစားတဲ့သူကစား၊ စကားပြောနေတဲ့သူကပြောကြနဲ့ ဘုရားလာဖူးတာထက် ပျော်ပွဲစားထွက်နေကြသလား ထင်မှတ်မှားရအောင်ကို စည်ကားနေပါတော့တရ်။

စာရေးသူတို့လည်း ထမင်းစားပြီးတော့ ဘုရားကို နောက်တခေါက်ထပ်ဖူးပြီး ညနေ ၃နာရီလောက်မှာ ပြန်လာခဲ့ ကြပါတရ်။ လမ်းဆိုးကို ၄၅မိနစ်ကြာအောင်မောင်းပြီး လမ်းကောင်းကို မိနစ် ၂၀လောက်မောင်းလိုက်ပြီးရင်ဖြင့် ကျိုက္ကလွန်ဗွန်းဘုရား သွားတဲ့လမ်းကို ရောက်ပါတရ်။ လမ်းမှာတွေ့ရတာတွေကတော့ သံဝေဂရစရာတွေပါပဲ။ ကျောင်းဆင်းချိန်နဲ့တိုးလို့ လမ်းလျှောက်တဲ့သူကလျှောက် စက်ဘီးစီးပြီး ပြန်တဲ့သူကပြန်နဲ့ ရှုခင်းလေးကို ပို၍ လှပနေစေပါတရ်။ စာရေးသူတို့မှာ ကားဖြတ်သွားရင် ဖုန်တွေဝင်မှာစိုးလို့ ကားမှန်ပိတ်ကျပေမယ့်၊ သူတို့လေးတွေကတော့ ဖုန်တွေကို အံတုပြီး သွားလာနေကြပါတရ်။ စာရေးသူတို့မြို့မှာ မီးအချိန်နဲ့ပေးတာကို ရည်းစားမျှော်သလို မျှော်နေကြရပေမဲ့။ သူတို့လေးတွေ နေထိုင်တဲ့နေရာကျတော့ မီးမရှိကြပါဘူး။ အနည်းငယ်သာ ဘတ္ထရီနဲ့ ထွန်းကြတာ တွေ့ရပါတယ်။ ကျိုက္ကလွန်ဗွန်းဘုရားရောက်ခါနီး အအေးဆိုင်တခုမှာ အအေးရမလားမေးတော့ ကျွန်တော်တို့ဆီမှာ မီးရှိပေမဲ့ မီးကအမြဲမလာတော့ အအေးဆိုတာ မရနိုင်ပါဘူး မမလေးရယ်တဲ့။

ကျိုက္ကလွန်ဗွန်းဘုရားမှာ ရွှေသင်္ကန်းကပ်ကြပါတရ်။ ထိုဘုရားမှာရှိတဲ့ ကျောက်စိမ်းဘုရား၊ စိန်ဘုရား၊ မြဘုရားတို့ဟာလည်း အလွန်တရာမှ ကြည်ညိုဖွယ်ကောင်းလှ ပါတရ်။ ကျိုက္ကလွန်ဗွန်းဘုရားဟာ စပါးကြီး၊ စပါးအုန်းမြွေ ၂၈ကောင် လာရောက်ဖူးမြော်ကြောင်း
ဂျာနယ်ထဲမှာ ထူးခြားဖြစ်စဉ်အနေနဲ့ ပါခဲ့ဖူးပါတရ်။ ထိုမြွေများကိုလည်း တွေ့ခဲ့ရပါတရ်။ မြွေတွေများတဲ့အတွက် သံဇကာနဲ့ အိမ်ဆောက်လုပ်ပေးထားပါတရ်။ မြွှေတွေအထွေးလိုက် နေနေကြတာကလည်း စာရေးသူတို့ အသည်း ယားစရာပင်။ မြွေတကောင် အရေခွံလဲနေတာတောင် တွေ့ခဲ့ရပါတရ်။ ဘုရားက ထွက်လိုက်တယ်ဆိုလျှင်ပဲ အုန်းစိမ်းရည် ရောင်းတဲ့ဆိုင်တွေကို တွေ့ခဲ့ရပြီး အုန်းစိမ်းရည်တွေလည်း သောက်ခဲ့ကြပါတရ်။

ထူးထူးခြားခြား ဆိုင်းဘုတ်လေးကတော့ ငွေသောင်ယံသို့ လှေဖြင့်ပို့သည်တဲ့။ နောက်ကျနေလို့ ငွေသောင်ယံလဲ မသွားခဲ့ရပါဘူး။ “ငွေသောင်ယံ သဲပွင့်လေးထဲမှာ အချစ်ရေ ပြေးကစားမယ်...”ဆိုတဲ့ သီချင်းတောင် နားထဲကြားယောင်မိပါရဲ့။ ထိုဘုရားကထွက်လာတော့ ညနေ ငါးနာရီထိုးနေပါပြီ။ စာရေးသူတိုက အိမ်ပြန်ရောက်တော့ ည၁၀နာရီခွဲနေပါပြီ။ အိမ်ရောက်ရောက်ချင်း မီးကပျက်နေပြန်တော့ အင်ဗက်တာနဲ့ တီဗွီဖွင့်ဖို့ ကမန်းကတန်းပြင်ဆင်ရပြန်ရော။ ဒီနေ့က အကယ်ဒမီပေးတဲ့နေလေ ဘယ်သူတွေ ရသွားကြတရ်ဆိုတာ နောက်နေ့ဆို သူများတွေ ပြောနေကြတာ ကြားနေ၊ သိနေပေမဲ့ ကိုယ်တိုင်ကိုယ်ကျ သိချင်၊ ကြားချင်တာကြောင့်ပါ။ ဖွင့်လိုက်တော့ ဆုရတဲ့သူတွေကို ဆုပေးဖို့ စင်မြင့်ကို ဖိတ်နေပီလေ။ ဒီတော့ ဒီနှစ်အကယ်ဒမီ ဘယ်သူတွေရကြတရ်ဆိုတာတော့ သိသွားတာပေါ့။ ဟီ ဟိ :P

သရုပ်ဆောင်တွေထဲက အကယ်ဒမီများရှင် ရန်အောင်နဲ့ အကယ်ဒမီ နန္ဒာလှိုင်၊ အကယ်ဒမီ မေသဉ္ဇာဦးတို့ပဲ ဖြစ်ကြပါတယ်။ သူတို့ပဲရှိတယ် ထင်ပါရဲ့။ ဇာတ်ပို့သရုပ်ဆောင် ဖိုးကျော်ပဲ အသစ်ပါတရ်ရှင့်။ ဒါရိုက်တာကတော့ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ကြီး ရသွားလေရဲ့။ ဒီမှာမရှိတဲ့ ဘော်ဘော်တွေ အတွက်နော်...

1 comment:

Anonymous said...

တော်ပြီ မြန်မာပြည်ရောက်ရင် ဘုရားဖူး မသွားတော့ဘူး။
မိုးကြိုးပြစ် မှာစိုးလို့.....အဲလေယောင်လို့.......
ဖုန်ရှုရမှာစိုးလို့....