Pages

Friday, December 14, 2007

မီးလေးကြိုက်တဲ့ကဗျာ

မီးလေးက ကဗျာကောင်းကောင်းမရေးတတ်ဘူးရှင့်။ ဒါကြောင့် ကိုကြီးဆိုးသွမ်းဆီက သဘောကျလို့ ကူးယူ ဖော်ပြထားတာပါ။ ကိုဆိုးသွမ်းရေ ချိတ်ချိုးနဲ့နော်။ ခွင့်ပြု၊ မပြုတော့ သိဝူး ရေးပြီးသွားပြီ။ မီးလေးဆီ လာလာလည်ကျတဲ့ ဘော်ဘော်တွေလည်း ဒီကဗျာလေးကို ကြိုက်ကျမယ်ထင်ပါတယ်။ ပြီးတော့ ကိုကြီး ဆိုးသွမ်းဆီမှာ Christmas card လှလှလေး တွေရှိတယ်။ မီးလေးတောင် သွားယူပြီးပြီ။ ယူချင်ရင် ကိုဆိုးသွမ်း ဆီမှာ သွားရောက်တောင်းယူနိုင်ပါတယ်။ အဲ...ခုမှစမှာနော် ကဗျာက။ ကဗျာလေးရဲ့ နာမည်က

စာကြောင်းတခု

သူမ က ကျွန်တော့်ရဲ့ Subject
ကျွန်တော်ကသူမရဲ့  Object
အချစ်ကတော့ Main Verb ပေါ့
သစ္စာနဲ့ မေတ္တာ က Helping Verb
သံယောဇဉ်က Conjection
ကောင်းမွန်သော ကံတရားကသာ Situation ဖြစ်မယ်ဆိုရင်
အနာဂတ် အတွက် လုံလောက်တာမို့  Full Stop....

Thursday, December 13, 2007

မှေးမှိန်ဖျော့တော့နေသော ပိုးစုန်းကြူး...ဇာတ်သိမ်း

“ကဲ ပေးပါကွယ်”
“မပေးဘူး...မပေးဘူး”ဟူ၍ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ပိုက်ထားလေသည်။
“ကဲ..ဆရာမ ပိုက်ဆံအိတ်သူယူထားတာပဲဖြစ်မယ်”ဟု ကျောင်းအုပ်ဆရာမကြီးက ပြောလိုက်စဉ်မှာပင်
“ကျွန်တော် ဆရာမပိုက်ဆံအိတ်ကို မယူပါဘူး ဆရာမ”
“ဒါဆိုရင် မင်းလွယ်အိတ် ဆရာမကို ခဏပြ”ဟု လွယ်အိတ်ကို လှမ်းယူလိုက်စဉ် လူလေးသည် လွယ်အိတ်အား ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အတန်းထဲမှ ထွက်ပြေးလေသည်။
“လိုက်ကြပါဦး။ ဆရာမရဲ့ပိုက်ဆံအိတ်ကိုခိုးထားလို့” ဆရာမကြီးက လှမ်းအော်ပြောလိုက်သောအခါ ဆရာမက
“မအော်ပါနဲ့ဆရာမကြီးရယ်... ကျွန်မတို့ သူ့အိမ်ပဲ လိုက်ကြတာပေါ့”
“အေး...အေး...ကောင်းသားပဲ”

“ဟဲ့..မြေး မောကြီးပန်းကြီးနဲ့ ဘာလို့ပြန်လာတာလဲကွဲ့ ။ ကျောင်းဆင်းချိန်မဟုတ်။ ဘာမဟုတ်။ အဟွတ်... အဟွတ်...ဟွတ်” ဘွားမေစိုးရိမ်တကြီးမေးလိုက်ပေမယ့် လူလေးခင်ဗျာ မောနေ၍ ဘွားမေမေးသမျှ ပြန်မဖြေ နိုင်ရှာပဲ ရှိနေလေသည်။
“အဟွတ်...ဟွတ် လူလေး ဘွားရင်တုန်ပန်းတုန်ဖြစ်လိုက်တာကွယ် ဘာဖြစ်လာတာလဲ...အဟွတ်...ဟွတ် ပြော ပါဦးကွယ်”
“အဟွတ်...အဟွတ်”
“ဒီအိမ်က လူလေးတို့အိမ်ပါလားရှင်”
“ဟုတ်ပါတယ်ကွယ်...ဆရာမတို့ပါလား...ဘာကိစ္စများဖြစ်လို့ပါလဲရှင်...ကျွန်မမြေးကိုလည်း မေးတာမေးလို့ မရဘူး။”
”အဟွတ်...အဟွတ်”
“လူလေးအိမ်ပြန်ရောက်နေပြီလားရှင့်”
“ရောက်နေပါပြီ။ ဘာမှလည်းမေးလို့မရဘူး။ ဆရာမတို့မြင်တာနဲ့ အိမ်ထဲဝင်သွားတာပဲ”

“အဟွတ်...အဟွတ်...လူလေးရေ လူလေး လာပါဦးကွယ် ဒီမှာ မင်းတို့ဆရာမလည်း ရောက်နေတယ်”
“ဒီလိုပါ အဘွားရယ်။ ကျွန်မက လူလေးရဲ့ အတန်းပိုင်ဆရာမပါ။ ကျွန်မပိုက်ဆံအိတ် ဆွဲခြင်းအပေါ်ယံတင်ထား တာ ဧည့်သည်နဲ့စကားပြောပြီး ပြန်လာတော့ ကျွန်မပိုက်ဆံအိတ်မရှိတော့ဘူး။ ဒါနဲ့ အားလုံးရဲ့လွယ်အိတ်ကို ကျွန်မတို့စစ်ဆေးပါတယ်။ လူလေးက သူ့လွယ်အိတ်ကို အစစ်မခံဘဲ ထွက်ပြေးသွားလို့ပါရှင်။ ကျွန်မတခြား ဘာမှ ပြန်မလိုချင်ပါဘူး။ ပိုက်ဆံအိတ်ထဲမှာ လက်စွပ်တကွင်းပါသွားပါတယ်။ အဲဒါပဲ ပြန်လိုချင်တာပါရှင်”

“အဟွတ်...အဟွတ်...လူလေး...မင်း...မင်း...အဟွတ်...အဟွတ်...ဘွားဘာပြောထားလဲ။ ဘွားတို့မှာ ပိုက်ဆံ မချမ်းသာပေမဲ့ ကိုယ့်ကျင့်တရားနဲ့ စာရိတ္တကိုတော့ မပျက်စီးပါစေနဲ့လို့ မှာထားတယ်မှတ်လား။ ကဲဟယ်... ကဲဟယ်” ဘွားမေရှက်ဒေါသမထိန်းနိုင်တော့၍ လူလေးအား ရိုက်ပါတော့သည်။
“ဟီး..ဟီး သားမယူပါဘူး ဘွားရဲ့။ သားမယူဘူး ဟီး...ဟီး”
“ကလေးကို မရိုက်ပါနဲ့တော့ အဘွားရယ် ကျွန်မတို့ အေးအေးဆေးဆေးမေးကြတာပေါ့”ဟု ကျောင်းအုပ် ဆရာမကြီး ၀င်ဆွဲမှ ရိုက်တာရပ်လိုက်ပါသည်။ ဒါပေမဲ့ ရင်ထဲမှာတော့ အတော်ခံစားရပုံပဲ ဘွားမေခင်ဗျာ ငိုလို့ပေါ့။
“လူလေးမင်းမယူဘူးဆိုရင်လည်း လွယ်အိတ်ယူပြီး ဆရာမတွေကိုပြလိုက် သွားယူချေ”
“ဟီး...ဟီး...ဟီး ဟုတ်ကဲ့”

“ရော့ပါ ရှာကြပါကွယ်။ ကျွန်မညံ့လို့၊ ကျွန်မအသုံးမကျလို့ ဖြစ်ရတာပါရှင် အားလုံးကိုတောင်းပန်ပါတယ် အဟွတ်... အဟွတ်...ဟီး” ဘွားမေသည် ပြောရင်းငိုရင်းဖြင့် လွယ်အိတ်ကို ဆရာမထံကမ်းပေးလိုက်လေသည်။
“ဟင်”
“ဘာဖြစ်လို့လဲဆရာမ။ ပိုက်ဆံအိတ်တွေ့လား” ဆရာမကြီး လှမ်းမေးလိုက်ခြင်းပင်။
“မတွေ့ပါဘူး။ ဒါပေမဲ့...ဒီ...ဒီ”
“ဒါကျွန်မဆရာမကို သမီးနဲ့ပေးခိုင်းလိုက်တဲ့ ပန်းသီးမဟုတ်လား”
“လူလေး...မင်း”
“ဟီး...ဟီး...သား ဆရာမပိုက်ဆံအိတ်ကို မယူပါဘူး။ ဒါပေမဲ့ ဘွားက နေမကောင်းလို့ ဆရာဝန်တောင်မပြနိုင် ပါဘူး။ မနက်က ဘွားက ပန်းသီးစားချင်တယ်ပြောလို့ပါ။ သားတို့အနေနဲ့ ပန်းသီးဝယ်မစားနိုင်လို့ ဒီလိုလုပ် လိုက်မိတာပါ။ သားတောင်းပန်ပါတယ် ဘွားရယ်...ဟီး..ဟီး နောက်ကို သားဒီလိုမလုပ်တော့ပါဘူး။”
ကျွန်မရင်ထဲစို့နင့်စွာခံစားရလိုက်ပါသည်။ မြေးအဘွားနှစ်ယောက်ပင် မဟုတ်ပါဘူး။ ကျွန်မတို့ အားလုံးလည်း ထိုမြေးအဘွားကို ကြည့်ပြီး မျက်ရည်ကိုစီနဲ့ စကားမပြောနိုင်အောင် ခံစားကြရပါတယ်။ ကျွန်မတောင်းပန် ရမယ်။ မြေနိမ့်သူလှံစိုက်ဆိုတဲ့စကားလို ကျွန်မမြေနိမ့်ရာကို လှံစိုက်မိပြီလား။ ကျွန်မဘ၀မှာ ခုလို နောင်တမရ ဘူးသလို။ ခံလည်း မခံစားခဲ့ရဘူးပါ။

“ကျွန်မတောင်းပန်ပါတယ် အဘွားရယ် ကျွန်မလေ ဒီပန်းသီးကို အဘွားကို လှူခဲ့ချင်ပါတယ်။ ကျွန်မတို့ မဆင် ခြင်ဘဲ ပြောလိုက်မိတဲ့ စကားတွေအတွက်လည်း တောင်းပန်ပါတယ်။ ကျွန်မကို ခွင့်လွတ်ပါ”
“အဟွတ်....အဟွတ်...ရပါတယ်ကွယ် ဘွားတို့ကသာ မှားတာပါ။ ဘယ်ပစ္စည်းဖြစ်ဖြစ် သူများပစ္စည်းကို မသိဘဲ ယူရင် ခိုးတာပါပဲ။ သူခိုးပဲပေါ့...ဟင့်...ဟင့်”“ကျွန်မတို့ကို သွားခွင့်ပြုပါဦးရှင်”
ထိုအိမ်ကထွက်လာစဉ်မှာတော့ လူတိုင်းရင်ထဲမှာ စကားမပြောနိုင်အောင် အတွေးကိုယ်စီနဲ့ ပြန်လာကြပါတော့ တယ်။ ကျွန်မတို့အတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့ အဖြစ်အပျက်လေးပါ။ အလင်းရောင်ဖျော့တော့နေတဲ့ ပိုးစုန်းကြူးကိုမှ ထပ်ပြီးမှေးမှိန်စေခဲ့မိပါလားဟု စဉ်းစားရင်း ၀မ်းနည်းကြေကွဲစွာဖြင့် ပြန်လာခဲ့ပါတယ်။

“ဆရာမ...ဆရာမ...ဆရာမပိုက်ဆံအိတ်
ကျောင်းအိမ်သာထဲမှာ ပြန်တွေ့ပြီ။”
“ဆရာမ...ဆရာမ”
“ဆရာမဘာဖြစ်သွားတာလဲကွ” “မသိဘူးလေကွာ”
ကျွန်မနားထဲတွင် ထိုအသံများသည် ပဲ့တင်ထပ်လို့ နေပါပြီ။ ကျွန်မလုပ်ခဲ့တဲ့ အပြုအမူဟာ သိပ်ကိုမှားသွားပြီ ဆိုတာ အချိန်လွန်ပြီးမှ သိလိုက်ရသောကြောင့်လည်း ကျွန်မကိုယ်ကျွန်မ သိပ်ကို ရွံ့မုန်းမိပါသည်။ ကျွန်မ ထိုအပြစ်အတွက် ကျွန်မပေးဆပ်ရဦးမည်။ ယခုဆိုလျှင် ကျောင်းတွင်သာမက သူတို့လေး၏ ပတ်ဝန်းကျင်တွင် သူတို့ကို ကဲ့ရဲ့ကြမည်၊ အထင်မြင်သေးကြမည်။ ပြီးတော့ သုံးတန်းကျောင်းသားလေးတဦးရဲ့ အဘွားအပေါ် ထားရှိတဲ့ သံယောဇဉ်၊ သိတတ်၊ နားလည်မှု ထိုအရာတွေအားလုံးသည် ကျွန်မလို ဘွဲ့ရကျောင်းဆရာမ တဦး၏ အသိဥာဏ်ထက်ပင် ပိုမိုမြင့်မြတ်ခဲ့သည်ကို သိရှိရ၍ ကျွန်မကိုယ်ကျွန်မလည်း သိပ်ရှက်မိပါသည်။ ကျွန်မ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချနိုင်ခဲ့ပါသည်။ ကျွန်မသည် ဆင်းရဲချို့တဲ့ပြီး ပညာရေးအခက်အခဲရှိနေသော ရွာများတွင် ဆရာမအဖြစ် သွားရောက်လုပ်ကိုင်ပြီး ကိုယ်တတ်နိုင်သလောက် ပံ့ပိုးကူညီမည်ဟု သံဓိဌာန်ချ လိုက်ပါသည်။ ဖျော့ပေမယ့်လည်း လင်းနေသော ပိုးစုန်းကြူးလည်းက ကျွန်မအား အလင်းရောင်တစ်ခုကို ကောင်းကောင်းပေးနိုင်ခဲ့ပါသည်။

စောင့်မျှော်ဖတ်ရှုပေးကြသော စာဖတ်သူများအားလုံးကို ကျေးဇူးတင်လျက်....

Wednesday, December 12, 2007

မှေးမှိန်ဖျော့တော့နေသော ပိုးစုန်းကြူး...၁

“အဟွတ်...အဟွတ်...အဟွတ်”
“ဘွားမေ...နေမကောင်းဘူးလား။ ကျွန်မဈေးသွားမို့ ဘာမှာဦးမလဲ”
“အဟွတ်...အဟွတ်”
“မမှာတော့ပါဘူးကွယ်။ အသက်ကကြီးလာတော့ ဒီလိုပဲပေါ့ မိအေးရယ်”
“ဘွားမေမြေးလေး မနိုးသေးဘူးလား။ ဒီနေ့သူတို့ကျောင်းမှာ အလှူရှိတယ်တဲ့။ ဆန်ပြုတ် ကျွေးမယ်ဆိုလားပဲ။ ပန်းကန်ယူသွားဖို့မေ့နေဦးမယ်”
“အေးပါကွယ်... ငါသတိပေးလိုက်ပါ့မယ်”
“ဈေးနောက်ကျနေတော့မယ်။ သွားပြီနော်အဘွား”
“အေး...အေး”

“အဟွတ်...အဟွတ်...လူလေး... လူလေး ထတော့ကွဲ့ ကျောင်းချိန်နီးနေပြီ”
“ဟုတ်ကဲ့ သားနိုးနေပါပြီ အဘွားရဲ့”
“အဟွတ်... အဟွတ်”
“ကျောင်းသွားဖို့မြန်မြန်သွက်သွက်လုပ်”
“အဟွတ်...အဟွတ်...ဝေါ့”
“အဘွား...မသက်သာဘူးလား”
“ဒီလိုပါပဲလူလေးရယ်။ အဘွားက အဟွတ်...ဟွတ် အသက်ကကြီးပြီဆိုတော့ ကိစ္စမရှိပေမဲ့ လူလေးကိုတော့ အဘွားစိတ်မချဘူးကွယ့်” “အဟွတ်...အဟွတ်...ဟွတ်...........”
“စိတ်ချပါအဘွားရဲ့ သားလိမ္မာပါတယ်။ သားကို ဆရာမက လိမ္မာတယ်လို့ ပြောတယ်ဘွားရဲ့”
“အဟွတ်...ဟွတ် အေးပါကွယ်... ကဲ ကျောင်းနောက်ကျနေမယ် သွားရေချိုးချေ” ဘွားမေတယောက်က သူ့မြေးလေး ပြေးထွက်သွားတာကို ကြည့်ရင်း မျက်ရည်တွေ ၀ိုင်းလို့နေပါတော့တယ်။ “အင်း...ငါ့မှာလည်း တနေ့နဲ့တနေ့ ရောဂါရဲ့တိုက်စားမှုဒဏ်ကို ခံနေရပြီ။ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတယ်။ ငါသာမရှိတော့ရင် မိဘမရှိ၊ ဆွေမရှိမျိုးမရှိတဲ့ ငါ့မြေးလေးအတွက် ငါဘာလုပ်ရမလဲ။” အတွေးတို့မဆုံးခင်မှာဘဲ မြေးလေးပြန် ရောက်လာတယ်။

“ဘွား မသက်သာလို့လားဟင်၊ နေမကောင်းဘူးဆို ဆေးခန်းပြရအောင်လေ”
“ဘွားဘာမှမဖြစ်ပါဘူး လူလေးရယ်”
“ဘွား ဘာမှမဖြစ်ဘူးသာပြောတယ် ဘွားငိုနေတယ်”
“အသက်ကြီးလာတော့ ဒီလိုပဲ မျက်ရည်လို အရည်ကြည်တွေက အလိုလို ထွက်နေတတ်တယ်ကွယ့်”
“အဟွတ်...ဟွတ်...”
“အင်း ပန်းသီးလေးတလုံးစားရရင် သိပ်ကောင်းမှာပဲ”
“သား ကျောင်းသွားပီနော်ဘွား”
“အဟွတ်...ဟွတ်...”

“ကလောင်...ကလောင်...ကလောင်”
“ကဲ... ကလေးတို့ရေ ဒီနေ့ကျောင်းမှာ မွေးနေ့အလှူအတွက် ကြက်သားဆန်ပြုတ်တိုက်တဲ့ အလှူရှင်တွေ ကတော့ နှင်းပွင့်(ဘလော့ဂ်ဂါမဟုတ်ပါ)တို့မိသားစုပဲဖြစ်တယ်။ သားတို့သမီးတို့က အလှူရှင်တွေအတွက် ဆုတောင်းပြီးမှ စားကြနော်”
“ဟုတ်ကဲ့ပါ ဆရာမ”
“ဆရာမ”
“သြော်...သမီး”
“မေမေက ဆရာမအတွက် ပန်းသီးပေးလိုက်တာပါဆရာမ”
“အေး..အေး ကျေးဇူးတင်ပါတယ်လို့ ဆရာမပြောတဲ့အကြောင်း သမီးအမေကို ပြောလိုက်နော်”
“ဟုတ်ကဲ့ ဆရာမ” ကျောင်းသား/သူများအားလုံး ထုံးစံအတိုင်း စာမသင်ရတော့ လွတ်လွတ်လပ်လပ် ဆော့တဲ့သူက ဆော့၊ စားတဲ့သူက စားနေကြလေသည်။ ထိုအချိန်တွင် နှင်းပွင့်တို့ မိသားစုနှင့် ဆရာမစကား ပြောပြီး အတန်းထဲသို့ ပြန်ဝင်လာသည်။

“ဟင်...ကျွန်မပိုက်ဆံအိတ်မရှိတော့ဘူး”
“ဘာဖြစ်တာလဲဆရာမ”
“ကျွန်မပိုက်ဆံအိတ် ခြင်းတောင်းပေါ်တင်ထားတာ ခုမရှိတော့ဘူး”
“ဘယ်လိုလုပ်မလဲ ဆရာမ”
“ကျွန်မပိုက်ဆံအိတ်ထဲမှာ ကျွန်မအမေပေးထားတဲ့လက်စွပ်တကွင်းပါတယ်။” ပြောနေရင်းနှင့် ဆရာမမျက်နှာ ပြင်တခုလုံး နီမြန်းလျက် မျက်ရည်စတို့တွေ့လိုက်ရလေသည်။
“ဘာဖြစ်ကြတာလဲ”
“ဆရာမပိုက်ဆံအိတ်ပျောက်သွားလို့ပါ ဆရာမကြီး” အတန်းထဲသို့ဝင်လာသော ကျောင်းအုပ်ဆရာမကြီးအား နှင်းပွင့်အမေက ၀င်ပြောလိုက်သည်။ ကျောင်းအုပ်ဆရာမကြီးက
“ကျောင်းသား/သူအားလုံး အပြင်လုံးဝမထွက်ဘဲ ကိုယ့်နေရာမှာကိုနေကြပါ။ မင်းတို့ဆရာမပိုက်ဆံအိတ် ပျောက်သွားလို့ မင်းတို့ပစ္စည်းတွေကိုထုတ်ထားပါ။” တတန်းပြီးတတန်းရှာလာလိုက်တာ လူလေးထိုင်တဲ့ အတန်းကို ရောက်လာပါတယ်။ ဆရာမတွေစစ်လာတာနီးလာလေ လူလေးချွေးပြန်လာလေပါပဲ။ လူလေးတို့ အတန်းကို ဆရာမကြီးက ပစ္စည်းတွေရှာဖို့ရောက်လာတယ်။ လူလေးလည်း ချွေးတွေပြန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။
“လူလေး မင်းလွယ်အိတ် ဆရာမကြီးကိုပေး”
“သားမယူထားပါဘူးဆရာမကြီး”
“ယူယူ၊ မယူယူ ဆရာမကြီးတို့က တာဝန်အရစစ်ရမှာပဲ”


ဆက်ရန်...
သည်းခံပြီးစောင့်မျှော်ပေးကြပါဦးနော်...

Tuesday, December 11, 2007

မေးသင့်တယ်

တနေ့သ၌ သားအဖနှစ်ဦးသည် ခြံထဲတွင် သန့်ရှင်းရေးလုပ်ရင်း အဖေလုပ်သူလုပ်သည်ကို သားဖြစ်သူက သေချာလိုက်ကြည့်ရင်း
သား - ဖေဖေ သားမသိလို့ နည်းနည်း မေးလို့ရမလားဟင်။
ဖေဖေ - မေးလေသားရဲ့။

သား - ဒီမှာကခိုများ အစာကျွေးသည့်နေရာ၊ ဒီမှာကစာကလေးများ အစာကျွေးသည့် နေရာဆိုပြီး ဖေဖေရေးထားတာတွေ့လို့ပါ ဖေဖေ ခိုတွေ၊ စာကလေးတွေက စာဖတ်တတ် လားဟင်။
အဖေခင်ဗျာမှာ ဘာဖြေလို့ဖြေရမှန်းမသိဘဲ ပါးစပ်အဟောင်းသားနဲ့ မတ်တတ်မေ့သွားလေ သတည်း။

Monday, December 10, 2007

မီးလေးနဲ့ ဒုက္ခပေါင်းများစွာ

သြော်...ဒုက္ခ...ဒုက္ခ

မီးလေးမှမဟုတ်ပါဘူး လူတိုင်းလူတိုင်းခံစားရမယ်ထင်ပါတရ်။ မနေ့က Seminar တခုမှာ MC လုပ်ပေးဖို့ရှိလို့ ကမန်းကတန်း အပြေးအလွှား ရေချိုးမယ်လည်း လုပ်ရော အေးစက်နေတဲ့ရေက ကျနေတဲ့ မြူတွေကို ပြောင်နေ သယောင်.... ဒါနဲ့ အချမ်းပြေအောင် ရေတင်ပြီးချိုးမယ်ဆိုပြန်တော့လည်း မီးကပျက် တော်သေးရဲ့ ညက ရေတင်ထားလို့ နို့မဟုတ်ရင် ခ်ျိုးစရာရေတောင်ရှိမှာမဟုတ်ဘူး။ နောက်ဆုံးတော့လည်းရှိတဲ့ ရေပဲချိုးရတော့ တာပေါ့။
ဆောင်းတွင်းနံနက်ခင်းမှာ မီးမလာလို့ ညသိပ်ရေကို ချိုးရတဲ့ဒုက္ခ...

Seminar က ပြန်ထွက်လာတော့ နေ့လည် တစ်နာရီ တီးပြီးပြီလေ။ မနက်ပိုင်းမီးပျက်ရင် နေ့လည် ၁၁နာရီ မီးပြန်လာမှာကိုး။ အိမ်အပြန်မှာ အိမ်ရောက်ရင် ဘယ်ကားကြည့်ရင်ကောင်းမလဲပေါ့။ အိမ်တောင်မ၀င်ရ သေးဘူး တလမ်းလုံးတိတ်ဆိတ်နေတာပဲ။ နို့မဟုတ်ရင် တနင်္ဂနွေနေ့လည်ဆို အိမ်တိုင်းက မြန်မာအသံဖွင့်လို့ ရုပ်ရှင်လာသံကြားနေကြလေ။ အိမ်လည်းရောက်ရော မီးမလာသေးဘူးတဲ့။ မေမေက မီးလေး ရေချိုးသွားတာ ရေကုန်ကာနီးနေပြီမို့ သူတောင် ရေမချိုးရသေးဘူးတဲ့လေ။ ဘယ်လိုဖြစ်တာတုန်း ၁၁နာရီထိုးလာရမှာ။ စိတ်ကိုဒုန်းဒုန်းချပြီး တီဗွီမကြည့်ရလည်း MP3နားထောင်မယ်ဆိုပြီး earphoneကို နားမှာတပ်ပြီး ဖွင့်လိုက် ရင်ပဲ ဘာသံမှ မကြားရဘူး။ ဘာဖြစ်တာလဲပေါ့ သေချာလည်း ကြည့်လိုက်ရော charging ကုန်သွားတော့ ဒေါင်း သွားပြီလေ။ စိတ်ပျက်လက်ပျက်နဲ့ပဲ ကုတင်ပေါ်လှဲချလိုက်တာ အိပ်ပျော်သွားပါလေရော။
မီးမလာရင် သိပ်ပျင်းစရာကောင်းတာပဲ ဘာမှလုပ်လို့မရတဲ့ဒုက္ခ...

အိပ်ရာကနိုးတော့ ၄နာရီထိုးပြီးသွားပြီ မီးလာလားလို့ ကမန်းကတန်း မီးဖွင့်ကြည့်လိုက်တော့ ၀မ်းနည်းစရာ ကောင်းစွာပဲ မီးကလင်းမလာခဲ့။ တီဗွီရှေ့ကိုရောက်တော့ မီးမလာတာ ငါအနားရတယ်ကွလို့ လှောင်နေသ ယောင်။ ဒါနဲ့ မျက်နှာသစ်၊ အပြင်ထွက်ပြီး မုန့်စား၊ လုပ်စရာမရှိတော့ အိမ်လျှောက်လည်တာပေါ့။ ညနေ ၆နာရီ ၁၀မိနစ်မှာမီးပြန်လာတယ်။ ဒါနဲ့ အဒေါ်အိမ်ကနေ အိမ်ကို အပြေးအလွှားပြန်လာတာပေါ့။ မီးလေးတို့အိမ်နဲ့က မျက်စောင်းထိုးပါ။ အိမ်ပေါ်ရောက်ရောက်ချင်း ရေအရင်တင်မယ်ဆိုပြီး ပလတ်ထိုးရုံပဲရှိသေးတယ် မီးပျက်သွား ပါလေရော။ နေ့လည် ၁၁နာရီလာရမှာ ညနေ၆နာရီကျော်မှလာတယ်။ လာတောင်မလာသေးဘူး ပြန်ပျက်သွား တယ် ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလဲ။ အပြင်မှာ ဆူညံဆူညံအသံကြားလို့ထွက်ကြည့်တော့။ မီးလေး တို့နားက အိမ်တွေပဲပျက်တာ တစ်လမ်းလုံးအကုန်လာပြီး မီးလေးတို့နားပဲ ပျက်တာဆိုတော့ ခဏစောင့်ကြည့် လိုက်တယ်။ နောက်မနေနိုင်တဲ့အဆုံး EPC ကို ဖုန်းဆက်ရတော့တာပေါ့။ လေးခါလောက်ဆက်ပြီးမှ ၆နာရီ ၅၀မှာ မီးပြန်လာတယ်။ ဖြူးစ်ပျက်သွားလို့ပါတဲ့ မီးလေးသာ မဆက်ရင် သူတို့လည်း စစ်ဖြစ်မှာ မဟုတ်ဘူး။ ဒါဆို ဘယ်အချိန်ထိအောင် ပျက်မလဲမသိဘူး။ ဒါနဲ့ မီးပြန်လာတော့ EPCရုံးကို ပြန်ဆက်ရတာပေါ့။ ကျေးဇူး တင်ကြောင်း ဘာညာသာတကာပေါ့။
မီးပျက်တိုင်း EPCကို ခဏခဏဆက်ရတဲ့ ဒုက္ခ... မီးလေးကို သူတို့တွေ အသံတောင် မှတ်မိနေလောက်ပြီ... :)

ဒီနေ့မနက် ရုံးသွားဖို့ အိပ်ရာကထတော့ ထုံးစံအတိုင်း မီးကပျက်နေလေရဲ့ အမှန်ဆို ဒီနေ့မနက်က လာရမယ့် အလှည့်ပါ။ ဒါနဲ့ပဲ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး အေးစက်နေတဲ့ရေကို အံတုချိုးပြီး ရုံးကို ထွက်လာခဲ့တယ်။ ရုံးရောက်ရောက်ချင်းပဲ ဘလော့ဂ်ကို သွားမယ်ဆိုပြီး ဖွင့်လိုက်တာ Fail connectတဲ့ ကိုင်း ဘာလုပ်သင့်သလဲ။ တော်ကြာနဲ့ ကွန်နက်ရှင် ပြန်ရပြန်ပြီ ၀င်လိုက် ပြုတ်လိုက်နဲ့ သံသရာလည်နေတာ ခုညနေထိဆိုပါတော့။ ဘလော့ဂ်မရပြန်တော့လည်း တော့ပ်ရတော့ သယ်ရင်းတွေနဲ့ လေပစ်မလားအောက်မေ့တယ်။ စာရိုက်လိုက် စာတွေအနီပြောင်းသွားလိုက် ဘာလဲဟပေါ့ ကျေးဇူးရှင်ကွန်နက်ရှင်က connection ဆိုပြီး ခဏခဏ ပြန်လုပ်နေလေရဲ့။
ကွန်နက်ရှင်ခဏခဏပြုတ်သွားလို့ စိတ်ညစ်ရတဲ့ဒုက္ခ...
ဘလော့ဂ်အိမ်လေးကို မသွားနိုင်တဲ့ဒုက္ခ...

ညလေးက မီးလေးtagထားတာ ဖြေပြီးပြီဆိုလို့ သွားကြည့်ပါတယ်။ သူကော်ဖီစက်ဝယ်ထားတယ် သောက် သွားပါဦးဆိုတော့ ထုံးစံအတိုင်း သောက်တာပေါ့ ပြီးလဲပြီးရော ငိုရမလို၊ ရီရမလို ဖြစ်ပြီးပြန်လာရတာ။ သူဝယ် ထားတဲ့ ကော်ဖီစက်က ဒီမှာ လူတိုင်းသွားသောက်နိုင်တယ်နော်။ အကြွေစေ့မပါမှာစိုးလို့။ အဆင်သင့် လုပ်ပေး ထားတယ်။ သူကပေးထားတာ။ ကြိုက်သလောက် သောက်နိုင်အောင်တဲ့။ နောက်ပြီး ကောင်းမကောင်း ပြောသွားပါဦးတဲ့ ဟင့်ဟင့်ဟင့်။ ကိုအောင်မျိုးကတော့ ပါဆယ်တောင် စွဲသွားတယ်ဆိုပဲ။
ငိုရမှာလား၊ ရီရမှာလား၊ မြိုပဲချရတော့မလား၊ ထွေးပဲထုတ်ရတော့မလားနဲ့ ခံရခက်တဲ့ဒုက္ခ... ချိတ်ချိုးနဲ့နော် နောက်တာ
သယ်ရင်းတွေရဲ့ စီပုံးမှာ ခြေရာချန်မယ်ဆိုပြီး စာရိုက်ထည့်လိုက်ရင်ဖြင့် connectionပြုတ်ပြုတ်သွားလို့ ခြေရာချန်မရတဲ့ဒုက္ခ...
အင်း ဒီဒုက္ခများစွာကို ဘယ်တော့များမှ လွတ်မြောက်နိုင်မှာပါလိမ့်...
ကူညီနိုင်မယ့်သူများရှိရင် ကူညီကြပါဦး........

Friday, December 7, 2007

ပညာရှိဗန်းမော်ဆရာတော်

မနေ့က ပို့စ်ရာပြည့်ကျွေးဖို့ တယောက်တည်းပြင်ဆင်၊ ပြီးတော့ ဧည့်ခံရတာနဲ့ အားလုံးလဲပြီးရော မောမောနဲ့ အိပ်ပျော်သွားလိုက်တာ မျက်လုံးဖွင့်ကြည့်တော့ မိုးတောင်လင်းနေပြီပဲ...

ဒီပို့စ်လေးက မီးလေး ဘာသာပြန်သင်တန်းတက်တုန်းက ဘာသာပြန်ရတဲ့ စာပိုဒ်လေးပါ။ အမှတ်တရအနေနဲ့ ပြန်လည်ရေးသားဖော်ပြခြင်းပဲဖြစ်ပါတယ်။ ကဲ... စပြီနော်

မင်းတုန်းမင်းလက်ထက်မှာ ကိုးကွယ်တော်မူတဲ့ ဆရာတော်တပါးရှိလေသည်။ ထိုဆရာတော်သည် စကားအရာ ၌ လိမ္မာပါးနပ်ပြီး တရားဟောလည်းကောင်းလေသည်။ ထိုဆရာတော်မှာ ဗန်းမော်ဆရာတော် ဖြစ်လေသည်။ ထိုခေတ်က ဗန်းမော်ဆရာတော်အပြင် ထိုနည်းတူဆရာတော်တပါးလည်းရှိလေရာ ထိုဆရာတော်မှာ ထွဋ်ခေါင် ဆရာတော်ဖြစ်လေသည်။ ထိုဆရာတော်နှစ်ပါးတို့သည် စကားပရိယာယ်ကြွယ်ဝကြသဖြင့် တပါးနှင့်တပါး စကားနာထိုးတက်ကြလေသည်။


တနေ့သ၌ ဗန်းမော်ဆရာတော် သီတင်းသုံးရာ ကျောင်းပေါ်သို့ ဖွတ်ကြီးတကောင်တက်လာလေသည်။ ဒါနဲ့ ကပ္ပိယကြီးကို ဤသို့လှမ်းခေါ်သောအခါ
ဗန်းမော် ။ ကျောင်းပေါ်ကို ဖွတ်ကြီးတကောင်တက်လာလို့ မသတ်ကြနဲ့နော် မီးဖိုထဲမှာ ဟင်းခတ်အမွှေး အကြိုင်အကုန်ရှိတယ်။ မသတ်ကြနဲ့နော် မီးဖိုထဲမှာ ဟင်းခတ်အမွှေး အကြိုင်အကုန်ရှိတယ်။ မသတ်ကြနဲ့နော် မီးဖိုထဲမှာ ဟင်းခတ်အမွှေး အကြိုင်အကုန်ရှိတယ်။
ဗန်းမော်ဆရာတော်၏ အကြောင်းကို သိပြီးသားဖြစ်သော ကပ္ပိယကြီးက ဖွတ်ကြီးကိုသတ်ပြီး ဆွမ်းစားဆောင် တွင် သွားချက်လေသည်။ ဖွတ်သားဟင်း ချက်နေစဉ်မှာပင် ဆရာတော်သည် ဟင်းနံ့ရရုံဖြင့်ပင် စားချင်နေ လေသည်။ ဖွတ်သားဟင်းကျက်တာနှင့် ဆွမ်းစားချိန်တောင် မစောင့်နိုင်ဘဲ ဆွမ်းဘုဉ်းပေးလေသည်။

ထိုအခြင်းအရာကို သိသူမှာကား ထွဋ်ခေါင်ဆရာတော်ဖြစ်လေသည်။
ထွဋ်ခေါင် ။ ဆရာတော်တို့များ ဖွတ်သားဟင်း ကြိုက်သလားဆို ဆွမ်းဘုဉ်းချိန်တောင် မစောင့်နိုင်အောင် ကြိုက်တာပဲကိုး
ဟု ပြောလိုက်သောအခါ
ဗန်းမော် ။ တို့များက လတ်ဆတ်တဲ့ ဖွတ်သားဟင်းကိုပဲ ကြိုက်တာ သူများလို သီလရှင်သားတော့ မကြိုက်ပေါင်
ဟု ချေပပြောဆိုလိုက်လေသည်။

(ထိုစဉ်အခါက ထွဋ်ခေါင်ဆရာတော်သည် သီလရှင်စာသင်တိုက်ဖွင့်ထားလေသည်။)

Thursday, December 6, 2007

ပို့စ်တရာပြည့် အထိမ်းအမှတ်

မီးလေးဘလော့ဂ် ပို့စ်၁၀၀ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ဘာလုပ်ရမလဲဆိုပြီး စဉ်းစားနေတာကြာပြီ။ နောက်ဆုံး တရုတ်အစားအစာနဲ့ကျွေးမယ်လို့စီစဉ်ပြီး ခုလိုအပြေးအလွှားစီစဉ်လိုက်ရတယ်။ တယောက်တည်းဆိုတော့ သိတယ်ဟုတ် စုံစုံလင်လင် သိပ်မဖြစ်တာတော့ခွင့်လွတ်နော်။ အ၀စားရုံမက ပါဆယ်ထုပ်သွားလည်း ရတယ်နော်။

အီသွားပီလား အချိုပွဲစားလိုက်ဦးနော်...

Monday, December 3, 2007

မီးလေးနဲ့ ဘလော့ဂ်

ကိုပီကေက လက်ဦးမှုယူပြီး tag ထားလေရဲ့... အကြောင်းအရာလေးကတော့ ကျွန်တော့်နှင့် ဘလော့ဂ်တဲ့...
မီးလေးရဲ့ ဘလော့ဂ်လေးကို ၂၀၀၇ခုနှစ် သြဂုတ်လ ၂၁နေ့မှာ စတင်ဖန်တီးခဲ့ပါတရ်... ရေးချင်တရ်... ဒါပေမဲ့ ဘယ်လိုရေးရမှန်းမသိဘဲ ရောင်လည်လည်နဲ့ ဘလော့ဂ်တွေကို လျှောက်သွားဖြစ်ခဲ့ပါတရ်... မီးလေး ဘလော့ဂ် အဖွင့် ပို့စ်လေးက အင်္ဂလိပ်ဘာသာနဲ့ ဟာသပို့စ်လေးတခု စရေးဖြစ်ပါတရ် (အမှန်က မြန်မာလို မရေးတတ်လို့ပါ)

မီးလေး ဘလော့ဂ်လုပ်ဖို့ စဉ်းစားဖြစ်လိုက်တာကတော့ သြဂုတ်လ ၃ရက်နေ့ထုတ် ကုမုဒြာဂျာနယ်မှာ “ဖြူစင် ရိုးသားစွာ ဘလော့ဂ်တွေနဲ့ ရင်းနှီးကြမည်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆရာဦးကျော်ရင်မြင့် ရေးသားထားတဲ့ ဆောင်းပါးလေးကို ဖတ်မိထဲက ဘလော့ဂ်ဆိုတာကို စိတ်ဝင်စားခဲ့တရ်... ရင်းနှီးချင်ခဲ့တရ်... ကိုယ်လည်း ရေးမရ် ဆိုတဲ့ စိတ်ဝင်ခဲ့ပါတရ်... ဒီလိုနဲ့ ဂျာနယ်မှာ ပါတဲ့ မမမြလွှာရဲ့ လင့်ကိုသွားရောက် လည်ပတ်ခဲ့ပါတရ်... စီပုံးထဲမှာ လာအော်ထားတဲ့ သူတွေဆီကို သွားရောက်လည်ပတ်ရင်း ဘလော့ဂ်လေးနဲ့ ရင်းနှီးကျွမ်းဝင်စပြု လာပါတရ်... အမှန်တိုင်း ၀န်ခံရရင် လူငယ်တွေ ဘလော့ဂ်ကို ဒီလိုတွေရေးနေကြတရ်... ကိုယ်ဖန်တီးချင်တဲ့ အရာတွေ... ကိုယ်ချပြချင်တဲ့အရာတွေ... စိတ်ကူးရင် ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ရေးသားနိုင်တဲ့ ဒီလိုဘလော့ဂ်မျိုးရှိတရ်ဆိုတာ မသိရိုးအမှန်ပါ...


ဒီလိုနဲ့ မီးလေးရဲ့ မေးလ်အကောင့်ကနေ ဘလော့ဂ်လေးတစ်ခုဖန်တီးလိုက်တရ်ဆိုပါတော့... အဲမှာ စတွေ့ တာပဲ... အခက်အခဲကို ပြောတာပါ... မီးလေးလုပ်မရ်ဆိုတော့လည်း မြန်မာလို ဘယ်လိုရေးရမရ်ဆိုတာ မသိခဲ့ဘူး... ဒီတော့ ကိုယ်ကလည်း ခုမှစလုပ်တာဆိုတော့ အကူအညီမတောင်းရဲခဲ့ဘူးဆိုပါတော့... ဘယ်သူ့ အကူအညီတောင်းရမှန်း မသိတာလဲပါတရ်... မြန်မာစာကို Word ထဲမှာ ရိုက်ပြီးတင်ကြည့်တရ်... ဒါပေမယ့် လေးထောင့်တုံးတွေပဲ ပေါ်တရ်... ဒါနဲ့ လွဲနေပြီဆိုတာ သိတရ် ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး... နောက်စီပုံးကို သူများလိုလုပ်ချင်တရ်... ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး... ဒါနဲ့ မမမြလွှာဆီကို သွားပြီး စီပုံးအောက်က Get a Cboxကနေ သွားကြည့်တရ်... Account ဖွင့်တရ်... ရသွားပေမဲ့ ဘယ်လိုထည့်ရမှန်းမသိဘူး... ဒါနဲ့ စမ်းကြည့် တရ် ကြည့်ရင်းနဲ့ ရသွားတရ်ဆိုပါတော့... ရပြီးပြီးချင်းပဲ စီနီယာတွေကို လာကြည့်ဖို့ ဖိတ်ခဲ့တရ်... မီးလေး ဘလော့ဂ်အတွက် အမှတ်တရလေးအဖြစ် ကူညီခဲ့တာကတော့ ကိုလီယိုဂျက်ပဲဖြစ်ပါတရ်... သူက မီးလေးကို မြန်မာဖောင့် ဘယ်လိုလုပ်ရမယ်ဆိုတာမျိုး ပြောပြတရ်... လင့်တွေပေးတရ်... လိုအပ်တာ သိချင်တာတွေ မေးဖို့ အီးမေးလ်ပေးခဲ့တရ်... ဒီလိုနဲ့ မြန်မာစာ အဆင်ပြေစပြုလာတရ်ဆိုပါတော့... ဒါပေမဲ့ စာဖတ်သူတွေ အနေနဲ့ မြန်မာစာ ဖတ်မရတဲ့ ပြဿနာ ခဏခဏကြုံနေရဆဲပါပဲ... မလုပ်တတ်တော့ အခက်အခဲ အများကြီးနဲ့ ကြုံခဲ့ရပါတရ်... ဒါပေမဲ့ စိတ်မပျက်ခဲ့ပါဘူး... စိတ်ရှည်လက်ရှည်နဲ့ မီးလေးရဲ့ ဘလော့ဂ်လေးကို တဖြည်းဖြည်း ပြင်ယူခဲ့ပါတရ်...

နောက်ပိုင်းမှာတော့ ကိုရန်အောင်က ဘလော့ဂ်အတွက် အကူအညီပေးနေတရ်လို့ တခြား ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်ရပါတရ်... ဒါနဲ့ ကိုရန်ဆီကလည်း ကိုယ်လုပ်ချင်တာလေးတွေ ရှာပီး ပြင်ကြည့်ခဲ့ပါတရ်... တခြား ဘလော့ဂ်တွေ သွားလည်ရင်းနဲ့လည်း ကိုယ်လိုချင်တာလေးတွေရှိရင် လင့်တွေယူပြီး ပြင်ခဲ့ရပါတရ်... မီးလေး အတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေက အများကြီးဆိုပါတော့... ဒီလိုနဲ့ Why do we blog? Seminar လုပ်မရ်ဆိုပြီး အစည်းအဝေးလုပ်ကြတရ်... ပြင်ဆင်ကြတရ်... မီးလေးလည်း seminar တက်ချင်ပေမဲ့ တက်ဖို့ အခွင့်အရေး၊ အချိန်မရခဲ့တာတွေကြောင့် မတက်ဖြစ်ခဲ့ဘူး... စိတ်ကတော့ တအား တက်ချင်ခဲ့တရ်... ဒါနဲ့ပဲ တက်တဲ့သူတွေတင်တဲ့ ပို့စ်၊ ဓာတ်ပုံတွေကိုကြည့်ပြီး အားကျခဲ့ရတရ်ဆိုပါတော့... နောက်ပိုင်းဘာစဖြစ်လဲ ဆိုတော့... seminar နဲ့ ပတ်သက်ပြီး မႏၱေလးဘေလာ့ဂ္ဂါ၊ ရန္ကုန္ဘေလာ့ဂ္ဂါဆိုၿပီး ဖြစ်ကြပြန်ရော... မီးလေး အဲဒီ့အထိ ရန်ကုန်ဘလော့ဂ်ဂါတွေနဲ့မရင်းနှီးခဲ့သေးပါ... ခွဲခြားခြင်းမဟုတ်ပါ... မမမြလွှာက မန္တလေးက ဆိုတော့ သူမဘလော့ဂ်ကို လာတဲ့သူတွေ အများစုက အဲနယ်က ဖြစ်နေတာကြောင့် မီးလေးသွားလည်တဲ့ သူတွေမှာ ရန်ကုန်ကရေးတဲ့သူတွေနဲ့ မသိခဲ့ပါဘူး... ရန်ကုန်မှာနေတဲ့သူတွေက သိပ်မရေးကြဘူးလို့ ထင်နေခဲ့တာ... မႏၱေလးဘေလာ့ဂ္ဂါ၊ ရန္ကုန္ဘေလာ့ဂ္ဂါဆိုၿပီး ပြဿနာဖြစ်ကြတော့မှာ ရန်ကုန်မှာ seminar လုပ်မှန်းသိခဲ့ရတရ်၊ လင့်ရခဲ့တရ်၊ ဒီလိုနဲ့ ရန်ကုန်က စာရေးသူ ဘလော့ဂ်ဂါတွေနဲ့ ရင်းနှီးခဲ့တရ်ဆိုပါတော့... မီးလေးက ဘယ်ကဘလော့ဂ်ဂါဆိုတာမျိုး ခွဲခြားတာ မဟုတ်ပါဘူး... ဘယ်ကဘလော့ဂ်ဂါဖြစ်ဖြစ် အားလုံး ဒီဘလော့ဂ်ကိုပဲ ရေးကြသူမို့ ဘလော့ဂ်ဂါကို ဘလော့ဂ်ဂါလို့ပဲ မြင်ပါတရ်...

မီးလေးရဲ့ အချိန်တွေအကုန်လုံးကို ဘလော့ဂ်လေးက သိမ်းပိုက်သွားခဲ့ပါတရ်... တလောကတောင် ရောဂါပိုး စစ်ကြည့်ကြသေးတရ်လေ... တဦးနဲ့တဦး မမြင်မတွေဖူးကြပေမဲ့ အချင်းချင်း ၀ိုင်းဝန်းကူညီတတ်တဲ့ ချစ်စရာ စိတ်ထားလေးတွေက နွေးထွေးမှုကို ကိုယ်တိုင်ခံစားခဲ့ရလို့ ဒီဘလော့ဂ်လေးကို မီးလေး ဒီတသက်ခွဲနိုင်မှာ မဟုတ်တော့ပါ... အခြေအနေအရပ်ရပ်ကြောင့် မရေးဖြစ်တော့သည်ပဲဖြစ်စေ၊ ဘလော့ဂ်လေးကို ဖျက်လိုက် ရသည်ဖြစ်စေ၊ မီးလေးဘ၀အတွက် ဒီအချိန်တွေဟာ တသက်လုံးအတွက် အမှတ်ရစရာလေးတွေ ဖြစ်နေမှာတော့ အမှန်ပါပဲ... မီးလေး ဘလော့ဂ်ဖြစ်မြောက်အောင် အဖက်ဖက်က ၀ိုင်းဝန်းကူညီကြသော ညီအစ်ကို မောင်နှမများ၊ မီးလေးဒီပို့စ်မှာ နံမည်မပါသော်လည်း ကူညီပံ့ပိုးပေးခဲ့ကြသော ညီအစ်ကို မောင်နှမများ(နံမည်ရေးရင် ရှည်နေမည်ဆိုး၍)၊ မီးလေးကို အမြဲထောက်ခံအားပေးနေတဲ့ ချစ်ရတဲ့သူ၊ အရေးကြီးဆုံးနဲ့ ကျေးဇူးအတင်ဆုံးကတော့ မီးလေးရဲ့ဆရာ(တနည်းအားဖြင့် ဘော့စ်)ကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း၊ အချိန်ပြည့်ဘလော့ဂ်နှင့် အချိန်ကုန်နေပေမဲ့လည်း ဘာမျှမပြောဘဲ လက်ခံပေးခဲ့တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတရ်...

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးနှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်း ကျေးဇူးတင်လျက် ဒီပို့စ်နဲ့ ဂါရ၀ပြုလိုက်ပါတရ်...

Saturday, December 1, 2007

ပျားရည်ဆမ်းခရီးသွားချင်လား...


ဟန်းနီးမွန်း ထွက်ရင်သတိထားနော်...