Pages

Thursday, December 13, 2007

မှေးမှိန်ဖျော့တော့နေသော ပိုးစုန်းကြူး...ဇာတ်သိမ်း

“ကဲ ပေးပါကွယ်”
“မပေးဘူး...မပေးဘူး”ဟူ၍ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ပိုက်ထားလေသည်။
“ကဲ..ဆရာမ ပိုက်ဆံအိတ်သူယူထားတာပဲဖြစ်မယ်”ဟု ကျောင်းအုပ်ဆရာမကြီးက ပြောလိုက်စဉ်မှာပင်
“ကျွန်တော် ဆရာမပိုက်ဆံအိတ်ကို မယူပါဘူး ဆရာမ”
“ဒါဆိုရင် မင်းလွယ်အိတ် ဆရာမကို ခဏပြ”ဟု လွယ်အိတ်ကို လှမ်းယူလိုက်စဉ် လူလေးသည် လွယ်အိတ်အား ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အတန်းထဲမှ ထွက်ပြေးလေသည်။
“လိုက်ကြပါဦး။ ဆရာမရဲ့ပိုက်ဆံအိတ်ကိုခိုးထားလို့” ဆရာမကြီးက လှမ်းအော်ပြောလိုက်သောအခါ ဆရာမက
“မအော်ပါနဲ့ဆရာမကြီးရယ်... ကျွန်မတို့ သူ့အိမ်ပဲ လိုက်ကြတာပေါ့”
“အေး...အေး...ကောင်းသားပဲ”

“ဟဲ့..မြေး မောကြီးပန်းကြီးနဲ့ ဘာလို့ပြန်လာတာလဲကွဲ့ ။ ကျောင်းဆင်းချိန်မဟုတ်။ ဘာမဟုတ်။ အဟွတ်... အဟွတ်...ဟွတ်” ဘွားမေစိုးရိမ်တကြီးမေးလိုက်ပေမယ့် လူလေးခင်ဗျာ မောနေ၍ ဘွားမေမေးသမျှ ပြန်မဖြေ နိုင်ရှာပဲ ရှိနေလေသည်။
“အဟွတ်...ဟွတ် လူလေး ဘွားရင်တုန်ပန်းတုန်ဖြစ်လိုက်တာကွယ် ဘာဖြစ်လာတာလဲ...အဟွတ်...ဟွတ် ပြော ပါဦးကွယ်”
“အဟွတ်...အဟွတ်”
“ဒီအိမ်က လူလေးတို့အိမ်ပါလားရှင်”
“ဟုတ်ပါတယ်ကွယ်...ဆရာမတို့ပါလား...ဘာကိစ္စများဖြစ်လို့ပါလဲရှင်...ကျွန်မမြေးကိုလည်း မေးတာမေးလို့ မရဘူး။”
”အဟွတ်...အဟွတ်”
“လူလေးအိမ်ပြန်ရောက်နေပြီလားရှင့်”
“ရောက်နေပါပြီ။ ဘာမှလည်းမေးလို့မရဘူး။ ဆရာမတို့မြင်တာနဲ့ အိမ်ထဲဝင်သွားတာပဲ”

“အဟွတ်...အဟွတ်...လူလေးရေ လူလေး လာပါဦးကွယ် ဒီမှာ မင်းတို့ဆရာမလည်း ရောက်နေတယ်”
“ဒီလိုပါ အဘွားရယ်။ ကျွန်မက လူလေးရဲ့ အတန်းပိုင်ဆရာမပါ။ ကျွန်မပိုက်ဆံအိတ် ဆွဲခြင်းအပေါ်ယံတင်ထား တာ ဧည့်သည်နဲ့စကားပြောပြီး ပြန်လာတော့ ကျွန်မပိုက်ဆံအိတ်မရှိတော့ဘူး။ ဒါနဲ့ အားလုံးရဲ့လွယ်အိတ်ကို ကျွန်မတို့စစ်ဆေးပါတယ်။ လူလေးက သူ့လွယ်အိတ်ကို အစစ်မခံဘဲ ထွက်ပြေးသွားလို့ပါရှင်။ ကျွန်မတခြား ဘာမှ ပြန်မလိုချင်ပါဘူး။ ပိုက်ဆံအိတ်ထဲမှာ လက်စွပ်တကွင်းပါသွားပါတယ်။ အဲဒါပဲ ပြန်လိုချင်တာပါရှင်”

“အဟွတ်...အဟွတ်...လူလေး...မင်း...မင်း...အဟွတ်...အဟွတ်...ဘွားဘာပြောထားလဲ။ ဘွားတို့မှာ ပိုက်ဆံ မချမ်းသာပေမဲ့ ကိုယ့်ကျင့်တရားနဲ့ စာရိတ္တကိုတော့ မပျက်စီးပါစေနဲ့လို့ မှာထားတယ်မှတ်လား။ ကဲဟယ်... ကဲဟယ်” ဘွားမေရှက်ဒေါသမထိန်းနိုင်တော့၍ လူလေးအား ရိုက်ပါတော့သည်။
“ဟီး..ဟီး သားမယူပါဘူး ဘွားရဲ့။ သားမယူဘူး ဟီး...ဟီး”
“ကလေးကို မရိုက်ပါနဲ့တော့ အဘွားရယ် ကျွန်မတို့ အေးအေးဆေးဆေးမေးကြတာပေါ့”ဟု ကျောင်းအုပ် ဆရာမကြီး ၀င်ဆွဲမှ ရိုက်တာရပ်လိုက်ပါသည်။ ဒါပေမဲ့ ရင်ထဲမှာတော့ အတော်ခံစားရပုံပဲ ဘွားမေခင်ဗျာ ငိုလို့ပေါ့။
“လူလေးမင်းမယူဘူးဆိုရင်လည်း လွယ်အိတ်ယူပြီး ဆရာမတွေကိုပြလိုက် သွားယူချေ”
“ဟီး...ဟီး...ဟီး ဟုတ်ကဲ့”

“ရော့ပါ ရှာကြပါကွယ်။ ကျွန်မညံ့လို့၊ ကျွန်မအသုံးမကျလို့ ဖြစ်ရတာပါရှင် အားလုံးကိုတောင်းပန်ပါတယ် အဟွတ်... အဟွတ်...ဟီး” ဘွားမေသည် ပြောရင်းငိုရင်းဖြင့် လွယ်အိတ်ကို ဆရာမထံကမ်းပေးလိုက်လေသည်။
“ဟင်”
“ဘာဖြစ်လို့လဲဆရာမ။ ပိုက်ဆံအိတ်တွေ့လား” ဆရာမကြီး လှမ်းမေးလိုက်ခြင်းပင်။
“မတွေ့ပါဘူး။ ဒါပေမဲ့...ဒီ...ဒီ”
“ဒါကျွန်မဆရာမကို သမီးနဲ့ပေးခိုင်းလိုက်တဲ့ ပန်းသီးမဟုတ်လား”
“လူလေး...မင်း”
“ဟီး...ဟီး...သား ဆရာမပိုက်ဆံအိတ်ကို မယူပါဘူး။ ဒါပေမဲ့ ဘွားက နေမကောင်းလို့ ဆရာဝန်တောင်မပြနိုင် ပါဘူး။ မနက်က ဘွားက ပန်းသီးစားချင်တယ်ပြောလို့ပါ။ သားတို့အနေနဲ့ ပန်းသီးဝယ်မစားနိုင်လို့ ဒီလိုလုပ် လိုက်မိတာပါ။ သားတောင်းပန်ပါတယ် ဘွားရယ်...ဟီး..ဟီး နောက်ကို သားဒီလိုမလုပ်တော့ပါဘူး။”
ကျွန်မရင်ထဲစို့နင့်စွာခံစားရလိုက်ပါသည်။ မြေးအဘွားနှစ်ယောက်ပင် မဟုတ်ပါဘူး။ ကျွန်မတို့ အားလုံးလည်း ထိုမြေးအဘွားကို ကြည့်ပြီး မျက်ရည်ကိုစီနဲ့ စကားမပြောနိုင်အောင် ခံစားကြရပါတယ်။ ကျွန်မတောင်းပန် ရမယ်။ မြေနိမ့်သူလှံစိုက်ဆိုတဲ့စကားလို ကျွန်မမြေနိမ့်ရာကို လှံစိုက်မိပြီလား။ ကျွန်မဘ၀မှာ ခုလို နောင်တမရ ဘူးသလို။ ခံလည်း မခံစားခဲ့ရဘူးပါ။

“ကျွန်မတောင်းပန်ပါတယ် အဘွားရယ် ကျွန်မလေ ဒီပန်းသီးကို အဘွားကို လှူခဲ့ချင်ပါတယ်။ ကျွန်မတို့ မဆင် ခြင်ဘဲ ပြောလိုက်မိတဲ့ စကားတွေအတွက်လည်း တောင်းပန်ပါတယ်။ ကျွန်မကို ခွင့်လွတ်ပါ”
“အဟွတ်....အဟွတ်...ရပါတယ်ကွယ် ဘွားတို့ကသာ မှားတာပါ။ ဘယ်ပစ္စည်းဖြစ်ဖြစ် သူများပစ္စည်းကို မသိဘဲ ယူရင် ခိုးတာပါပဲ။ သူခိုးပဲပေါ့...ဟင့်...ဟင့်”“ကျွန်မတို့ကို သွားခွင့်ပြုပါဦးရှင်”
ထိုအိမ်ကထွက်လာစဉ်မှာတော့ လူတိုင်းရင်ထဲမှာ စကားမပြောနိုင်အောင် အတွေးကိုယ်စီနဲ့ ပြန်လာကြပါတော့ တယ်။ ကျွန်မတို့အတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့ အဖြစ်အပျက်လေးပါ။ အလင်းရောင်ဖျော့တော့နေတဲ့ ပိုးစုန်းကြူးကိုမှ ထပ်ပြီးမှေးမှိန်စေခဲ့မိပါလားဟု စဉ်းစားရင်း ၀မ်းနည်းကြေကွဲစွာဖြင့် ပြန်လာခဲ့ပါတယ်။

“ဆရာမ...ဆရာမ...ဆရာမပိုက်ဆံအိတ်
ကျောင်းအိမ်သာထဲမှာ ပြန်တွေ့ပြီ။”
“ဆရာမ...ဆရာမ”
“ဆရာမဘာဖြစ်သွားတာလဲကွ” “မသိဘူးလေကွာ”
ကျွန်မနားထဲတွင် ထိုအသံများသည် ပဲ့တင်ထပ်လို့ နေပါပြီ။ ကျွန်မလုပ်ခဲ့တဲ့ အပြုအမူဟာ သိပ်ကိုမှားသွားပြီ ဆိုတာ အချိန်လွန်ပြီးမှ သိလိုက်ရသောကြောင့်လည်း ကျွန်မကိုယ်ကျွန်မ သိပ်ကို ရွံ့မုန်းမိပါသည်။ ကျွန်မ ထိုအပြစ်အတွက် ကျွန်မပေးဆပ်ရဦးမည်။ ယခုဆိုလျှင် ကျောင်းတွင်သာမက သူတို့လေး၏ ပတ်ဝန်းကျင်တွင် သူတို့ကို ကဲ့ရဲ့ကြမည်၊ အထင်မြင်သေးကြမည်။ ပြီးတော့ သုံးတန်းကျောင်းသားလေးတဦးရဲ့ အဘွားအပေါ် ထားရှိတဲ့ သံယောဇဉ်၊ သိတတ်၊ နားလည်မှု ထိုအရာတွေအားလုံးသည် ကျွန်မလို ဘွဲ့ရကျောင်းဆရာမ တဦး၏ အသိဥာဏ်ထက်ပင် ပိုမိုမြင့်မြတ်ခဲ့သည်ကို သိရှိရ၍ ကျွန်မကိုယ်ကျွန်မလည်း သိပ်ရှက်မိပါသည်။ ကျွန်မ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချနိုင်ခဲ့ပါသည်။ ကျွန်မသည် ဆင်းရဲချို့တဲ့ပြီး ပညာရေးအခက်အခဲရှိနေသော ရွာများတွင် ဆရာမအဖြစ် သွားရောက်လုပ်ကိုင်ပြီး ကိုယ်တတ်နိုင်သလောက် ပံ့ပိုးကူညီမည်ဟု သံဓိဌာန်ချ လိုက်ပါသည်။ ဖျော့ပေမယ့်လည်း လင်းနေသော ပိုးစုန်းကြူးလည်းက ကျွန်မအား အလင်းရောင်တစ်ခုကို ကောင်းကောင်းပေးနိုင်ခဲ့ပါသည်။

စောင့်မျှော်ဖတ်ရှုပေးကြသော စာဖတ်သူများအားလုံးကို ကျေးဇူးတင်လျက်....

4 comments:

လင်းဦး(စိတ်ပညာ) said...

အရေးအသားကောင်းပါတယ်.. ကြိုက်ပါတယ်
ဆက်ပြီး လာဖတ်ပါဦးမယ်..

သဇင်ဏီ said...

သနားပါတယ်နော်.. တကယ်ပဲ စိတ်မကောင်းဘူး..
မြေနိမ့်ရာကို လှံစိုက်ကြတဲ့လူတွေကတော့အများသား...
စိတ်မကောင်းစရာပို့စ်လေးပါ... ကျွန်မ လူလေးနေရာ ကနေ
ဝင်ပြီးခံစားသွားတယ်

Chaos said...

မီးလေး
ကျွန်မရင်ထဲနင့်သွားအောင်
ခံစားလိုက်ရတယ်
တကယ်ပါ
မြေနိမ့်ရာ လှံစိုက်တဲ့လူတွေကိုလဲ
တစ်ခါတစ်လေ အပြစ်တင် မုန်းတီးမိတယ်

khunaung said...

တပည့်တွေကို အသိလိမ္မာရှိအောင် သင်ပြဆုံးမပေးတာ ဆရာဆိုတဲ့ ဂုဏ်ကို ခံယူပေမယ့်... ရှေးက ဆိုဆုံးမ စကားလိုမျိုး (သတိမမူ ဂူမမြင်... ပညာရှိ သတိဖြစ်ခဲ့) ဆိုတဲ့ စကားလိုမျိုး.... ကိုယ့်မြတ်နိုးတဲ့ အရာ ပျောက်ဆုံးသွားတော့ ပျိုးပင်ကနေ ကြီးထွားလာအောင် ရေလောင်းပေါင်းသင်ပေးတဲ့ ပန်းရိုင်းတပွင့်ကိုတောင်မှ အဆိပ်ပင်လေလားလို့ ထင်ယောင်မြင်မှား တွေးမိတတ်တဲ့ ဆရာတွေလည်း ရှိတတ်ကြပါလားလို့ မြင်မိသလို...

ကိုယ့်မှာ မရှိတာ သိပေမယ့် စေတနာရဲ့ လှုံ့ဆော်ချက်နဲ့ လူမမာ အဘွားအိုကို စားစေချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ မလုပ်သင့်တာကို လုပ်မိလို့ နောင်တရတဲ့ လူလေးဘ၀ဟာ ကိုယ့်ဆရာမရဲ့ ပိုက်ဆံအိပ်ခိုးသူပါလို့ စွပ်စွဲခံရတဲ့ အဖြစ်ကနေ ဘယ်သူက လွတ်အောင် ဘယ်လို ကယ်တင်နိုင်မလဲလို့ မေးခွန်းထုတ်မိသလို...

လူဆင်းရဲပေမယ့် အကျင့်စာရိတ္တ မဆင်းရဲဘူးဆိုတဲ့ အသိနဲ့ ဘ၀ကို သိက္ခာနဲ့ အရင်းတည်ပြီး ချစ်မြေးလေးကို လူလားမြောက်အောင် မြေထောင်မြောက်ပေးတဲ့ အဘွားရဲ့ ရင်ထဲမှာ ချစ်မြေး လူလေးက ဘွားဘွား စားချင်တဲ့ ပန်းသီးတလုံးကို သူငယ်ချင်းဆီက ခိုးယူခဲ့တာ ဘ၀တခုလုံး အမည်းစက် ထင်ကျန်အောင် မြင်နေမလား... ပတ်ဝန်းကျင်က မြေးအဘွားအပေါ်မှာ ဘယ်လိုများ ထင်နေကြမလဲ... အတွေးတွေ အတွေးတွေ .... ဝေနေမိသလို...

ဆရာမ... လူကလေး... ဘွားဘွားတို့ရဲ့ ရင်ထဲကို ၀င်ရောက်ခံစားပြီး နှလုံးသားနဲ့ အားပေးသွားပါတယ်... မျက်လုံးအိမ်က မျက်ရည်မထွက်ပေမယ့် နှလုံးအိမ်က ပင်လယ်ပြင်ကြီး လှိုင်းခတ်သွားသလို ခံစားရတယ်လို့ ပြောမယ်ဆိုရင် မီးလေ ဒီဆောင်းပါးကို ရေးရ ကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်...

ခွန်လင်းချစ်သူ