Pages

Monday, December 24, 2007

အိမ်ရှင်မများ WARNING!!!

ဈေးထဲဝင်လိုက်တာနဲ့ အိမ်ရှင်မတွေဟာ ဘာချက်စားရရင်ကောင်းမလဲဆိုပြီး ခေါင်းရှုပ်ကြတတ်ပါတယ်။ အိမ်ရှင်မတွေအတွက် အခက်အခဲအဆုံးအလုပ်က ဟင်းလျာစီမံရခြင်းပဲဖြစ်ပါတယ်။ အကြိုက်ခြင်းမတူတဲ့အခါ တမျိုးမျိုးစီချက်မနေရအောင် အားလုံးသင့်လျော်အောင် စီမံချက်ပြုတ်ရပါတယ်။ အဲလိုစီမံကြရာတွင် ကိုယ့်ရဲ့ ရွေးချယ်မှုဟာ မိသားစုရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ မိမိ၏ မိသားစုကျန်းမာရေးသည် အိမ်ရှင်မတို့၏ မီးဖိုချောင်စီမံမှုအပေါ် များစွာတည်မှီပါတယ်။ ခေတ်မှီတိုးတက်လာသည့်အလျောက် လူတို့၏ ကျန်းမာရေးသည်လည်း ဆုတ်ယုတ်လျက်ရှိပါတယ်။


အိမ်ရှင်မတွေအများစု ဈေးဝယ်တဲ့အခါမှာ အသီးအရွက်ဆို စိမ်းစိုနေမှ၊ ခရမ်းချဉ်သီးဆိုလည်း နီရဲနေမှ ၀ယ်ချင်၊ ချက်ချင်ကြပါတယ်။ ကြီးပေ့၊ လှပေ့ဆိုမှ ၀ယ်ချင်ကြတဲ့ အိမ်ရှင်မတွေကို လှည့်စားတာကတော့ ဓာတ်မြေသြဇာနဲ့ စိုက်ပျိုးကြီးထွားလာတာတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတော့တယ်။ ယခင်က စိုက်ခင်းတွေမှာ နွားချေးနဲ့ ကောက်ရိုး၊ နှမ်းဖတ်စတာတွေ အသုံးပြုကြပေမဲ့ ယခုအခါမှာတော့ နွားချေး၊ ကောက်ရိုးသုံးမည့်အစား ဓာတ်မြေသြဇာ အမျိုးမျိုးတို့ကို အစားထိုးသုံးစွဲလာကြပါတယ်။ ပစ္စည်းတွေ အရည်အသွေးမြှင့်ဖို့နဲ့ ဈေးကွက်ဝင်နိုင်ဖို့ စိုက်ပျိုးသူတွေကလည်း သူ့ထက်ငါ ဓာတ်မြေသြဇာတွေ သုံးလာကြတဲ့အတွက် စားသုံးသူ လူထုအတွက် ရောဂါတွေ တိုးပွားလာစေပါတယ်။
စိုက်ပျိုးတဲ့သူတွေက ဓာတ်မြေသြဇာမသုံးထားခဲ့ပြန်လျှင် ရောင်းပန်းမလှတဲ့အတွက် အိမ်ရှင်မတွေကလည်း မ၀ယ်ကြပါဘူး။ အပင်ကြီးထွားဖို့၊ အသီးအထွက်ကောင်းဖို့ ဓာတ်မြေသြဇာသုံးစွဲလာကြခြင်းမှာ စားသုံးသူလူထု၏ ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်လာစေပါတယ်။ ဈေးထဲကို ၀င်လိုက်သည်နှင့် မြင်နေရသည့် ဟင်းသီးဟင်းရွက်အစားစုဟာ ဓာတ်မြေသြဇာတွေ သုံးစွဲထားကြတဲ့အတွက် ဓာတ်မြေသြဇာ မသုံးထားတဲ့ ဟင်းသီးဟင်းရွက်ကို ရွေးချယ်ဝယ်ယူကြဖို့ မလွယ်ကူလှပါဘူး။ ယခင်ရာသီပေါ်သီးဟာ ရာသီအလိုက်သာပေါ်ပြီး စားသုံးကြရပေမဲ့ ယခုဆိုလျှင် ရာသီပေါ်သီးအများစုကို ၁
၂ရာသီဝယ်ယူ စားသုံးနိုင်သည့်အလျောက် လူတို့၏ကျန်းမာရေးအတွက် ဆုတ်ယုတ်လာနိုင်ဖွယ်ရှိပါတယ်။မြို့နေလူထုအများစု၏ကျန်းမာရေးသည် တောရွာတွင်နေသော လူထု၏ကျန်းမာရေးထက် ရောဂါဘယ ပိုမိုထူပြောကြပါတယ်။ မိသားစု၏ကျန်းမာရေးကို အိမ်ရှင်မတို့လက်ထဲထည့်ထားကြရသည့်အလျောက် ဟင်းသီးဟင်းရွက်များ ၀ယ်ယူစားသုံးကြရာတွင် ရောဂါဘယကင်းဝေးစေရန် ဟင်းသီးဟင်းရွက်များကို ရေဆေးရာတွင် ရေဇလုံးထဲသို့ ဆားအနည်းငယ်ထည့်၍ အနည်းဆုံးလေးကြိမ် ရေဆေးသင့်ပါသည်။ အိမ်ရှင်မတိုင်း လက်အိတ်နှင့်သာ ကိုင်တွယ်အသုံးပြုသင့်ပါသည်။ အချို့အိမ်ရှင်များက အရင်လည်း ဒီလိုပဲလုပ်နေကြပဲလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အရင်ကကျန်းမာရေးနဲ့ ယခုကျန်းမာရေး နှိုင်းယှဉ်ကြည့်ကြမယ်ဆိုရင် လုပ်သင့်လား မလုပ်သင့်လား ခွဲခြားနိုင်ကြပါလိမ့်မယ်။

မိသားစု၏ကျန်းမာရေးသည် အိမ်ရှင်မတိုင်း၏တာဝန်ဖြစ်သည်။
ရောဂါဘယကင်းဝေးဖို့ သနု့်သန့်ရှင်းရှင်းချက်ပြုတ်ကြပါစို့...

2 comments:

Gu Gu said...

အသီးအရွက် တွေကို ဆားရေနှင့် လေးကြိမ်လောက် ဆေးကြောရမယ် ဆိုတာ သိရတဲ့ အတွက် ကျေးဇူးပါပဲ... (ကျနော် အိမ်ရှင်မတော့ မဟုတ်ပါ... :P )

တစ်ခြား တစ်ဖက်မှာလဲ တွေးမိတာ တစ်ခု ရှိပါတယ်... အဲဒါကတော့ အိမ်ရှင်မတွေ ဝယ်ချင်လာအောင် စီးပွားရေး လုပ်ငန်းရှင်တွေက ဓါတ်မြေသြဇာ သုံးတာလား.. အသီးအရွက်တွေ အလေးချိန် ပိုစီးလာမှ စီးပွားရေး တွက်ခြေကိုက်မှာမို့ မြေသြဇာ သုံးပြီး သာမန် လိုအပ်တာထက် ပိုကြီးထွားအောင် လုပ်နေကြတာလား ဆိုတာပါပဲ... အဲဒီအကြောင်းကို စဉ်းစားမိနေတာ ကြာပါပြီ... ကြက်ဥ အစ ရှာနေရ သလိုပါပဲ...

Anonymous said...

အခုလိုပြောပြတာ ကျေးဇူးတင်ပါတယ် သူငယ်ချင်းရေ။ အခုက ပိုးသတ်ဆေးတွေကို တော်တော်ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာလာကြလို့ တောရွာက လူတွေပါ ပိုးသတ်ဆေးကို သုံးလာကြပြီလေ။ တစ်ချို့ပိုးသတ်ဆေးတွေက တော်တော့်ကို ဆိုးတာပါ။ သူ့ရဲ့ ဓါတ်ကြွင်းအာနိသင်က နှစ်ပါတ်လောက် ကြာပြီးမှ ကုန်တာဆိုတော့ မမီးလေး ပြောသလို ဆေးတာ အကောင်းဆုံးပါပဲ။